မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ





မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြီး ရှိနေသည်။ ရှိခဲ့သည်မှာလည်းကြာပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် နိုင်ငံတခု၏ တည်ထောင်ရာ အုတ်မြစ်။ အုတ်မြစ်က အစ ပြဿနာဖြစ်နေတော့ မည်သည့် နိုင်ငံရေးအဆောက်အအုံမှ ခိုင်ခိုင်မာမာ တည်ဆောက်၍မရပဲ ဖြစ်လာတော့သည်။

အဆိုပါ ပြဿနာကြီးက ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ တဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ အားနည်းခဲ့သောကြောင့် ပြည်သူ အများမှာ ဆင်းရဲတွင်းသို့ နစ်ခဲ့ရသည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူထုလူတန်းစားအလွှာအသီးသီးတို့၏ ဘ၀ပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။ တိုင်းရင်းသား လူမျိုး ပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။

တရားခံသည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ်မမှန်မှုကြောင့် ခေါင်းထောင်ထလာသည့် စစ်အာဏာရှင်စနစ်။

မြန်မာလူ့ဘောင်တွင် လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်ပြီး၊ လယ်သမားနှင့် အလုပ်သမားလူတန်းစားမှာ အများစုဖြစ်သည်။ ဤအခြေအနေက လူတဦးချင်းစီ၏ ပုဂ္ဂလိကအခွင့်အရေးများ (individual rights) ကိုသာမက၊ လူထုလူတန်းစားအလွှာအသီးသီးအလိုက် အများစုဘုံပိုင်အခွင့်အရေးများ (collective rights) များကို အာမခံချက်ပေးမည့် ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တောင်းဆိုထားသည်။   ယင်းသို့ အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းပါက တိုင်းပြည်ထဲတွင် လူတန်းစားတိုက်ပွဲများနှင့် လူထုလူတန်းစား အလွှာအသီးသီးပါဝင်သော လူထုတိုက်ပွဲများ ပေါ်ထွက်လာမည်မှာ ဧကန်မုချ။

ထိုမျှနှင့် မကသေး။ မြန်မာနိုင်ငံသည် ရှေးယခင် အစဉ်အဆက်ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော တိုင်းပြည်ဖြစ်သည်။ ဤအခြေအနေက လူမျိုးအလိုက် အခွင့်အရေးများ (ethnic rights) ကို အာမခံချက်ပေးမည့်၊ တနည်းဆိုလျှင် လူမျိုးများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ကို အာမခံချက်ပေးမည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို တောင်းဆိုထားသည်။ ယင်းသို့ အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းပါက တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်တတ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်တည်မှု ပကတိအခြေအနေက တောင်းဆိုထားချက်သည် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး၊ မြန်မာ့သမိုင်းအဆက်ဆက်တွင် ယင်းသို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ထွန်းခဲ့ခြင်းကြောင့်၊  လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ် နှင့် ရွေးကောက်ခံအာဏာရှင်စနစ်တို့ ထွန်းကားလာခဲ့ရခြင်းသာ ဖြစ်သည်။

(၁၉၄၇) ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ အခွင့်အရေးများစွာကို ထည့်သွင်းဖော်ပြထားခဲ့ သော်လည်း (စာကြွင်း။   ။ ကာကွယ်စောင့်ရှောက် ပေးခဲ့သည်ဟု၊ ကျွန်ုပ်မဆိုလိုပါ) တပြည်ထောင် စနစ် ကိုသာ အခြေခံခဲ့သောကြောင့် တိုင်းပြည်တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။ လက်နက်ကိုင်ပဋိပက္ခများ ရှည်ကြာခဲ့ရသည်။ စစ်အာဏာရှင်စနစ်ဆိုး ပေါ်ထွက်လာခဲ့သည်။

(၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဟုဆိုကာ လူထုလူတန်းစား အခွင့်အရေးများကို အပေါ်ယံဖော်ပြပြီး၊ စစ်ဗျူရိုကရက် အခွင့်အရေးများနှင့် အာဏာရှင်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခဲ့သောကြောင့် တိုင်းပြည်တွင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၊ ပေါ်ထွက်လာပြီး၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြေမြှုပ်သဂြိုလ်ခဲ့ရသည်။

လက်ရှိကျင့်သုံးနေသော (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ကား တဦးချင်းအခွင့်အရေးများ၊ လူထု လူတန်းစားအခွင့်အရေးများကို အပေါ်ယံဖော်ပြပြီး၊ စစ်ဗျူရိုကရက် အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ထားခဲ့သည်။  ရွေးကောက်ခံအာဏာရှင်စနစ် (electoral authoritarianism) ကို ဒီမိုကရေစီယောင်ယောင် ဗန်းပြပြီး ပေါ်ထွက်လာခြင်း ဖြစ်သဖြင့်၊ ရွှေတုအထုပ်ကြီးကို လမ်းပေါ်ချပြီးမှ ရွှေထုပ်ကောက်ရသည့်နှယ် ဂွင်ဖန်သည်ကို ရွှေထုပ်အစစ်မှတ်ပြီး၊ လုကြယက်ကြနှင့် အတော်ပင် ပွဲစည်လိုက်သေးသည်။

သို့ပေမယ့် ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အ၀ အကာအကွယ်ပေးထားခြင်းမရှိသည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးသာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အသက်ဝင်လာပြီး နောက်ပိုင်းဖြစ်ရပ်များက သက်သေထူလာခဲ့သည်။ မြန်မာနိုင်ငံ တနံတလျားက ရဲစခန်းများမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်များကို လိုက်လံပိတ်ပင် အရေးယူနေရသည်နှင့်ပင် အလုပ်ရှုပ်နေကြရပြီး၊ တရားဥပဒေ စိုးမိုးရေးကို အာရုံ မစိုက်နိုင်သောကြောင့် လူသတ်မှုများ၊ မုဒိမ်းမှုများက တနိုင်ငံလုံးမှာ စည်စည်ကားကား ဖြစ်လာ သည်ကိုသာ ပမာထား ကြည့်ပါလော့။

လူ့အဖွဲ့အစည်းအတွင်းမှာလဲ စစ်တပ်လူတန်းစားတရပ်က ထပ်မံ ပေါ်ထွက်နေခဲ့ပြီး၊ အဆိုပါ တပ်ဟောင်း၊ တပ်သစ် လူတန်းစားများ၏ စီးပွားရေးအခွင့်အရေးများ၊ အုပ်ချုပ်ရေးအခွင့်အရေးများကိုသာ နိုင်ငံတော် ယန္တရားများက ကာကွယ်စောင့်ရှောက်နေခဲ့ရာမှ၊ အခြား လယ်သမား၊ အလုပ်သမား လူထုလူတန်းစား အလွှာအသီးသီးတို့၏ အခွင့်အရေးများမှာ ထိခိုက်ဆုံးရှုံး နစ်နာခဲ့ကြရတော့သည်။ တပ်ဟောင်း၊ တပ်သစ် လူတန်းစားများနှင့် ခေတ်ပျက်သူဌေးအမည်ခံ အကြီးစားဓားပြသူခိုးတို့၏ သွေးစုပ်ခြယ်လှယ်မှုတို့ အလယ်မှာ ပြည်သူတို့ရဲ့ အနာဂတ်က စမ်းတ၀ါးဝါး။
ထိုမျှနှင့် မကသေး။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အသက်ဝင်လာပြီး၊ လသားပင်မကြာသေး။ သေနတ်သံများက ထပေါက်တော့သည်။ ပေါက်ပေမည်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးသည် လူမျိုးအလိုက် အခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးသော ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေမှ မဟုတ်သည်ပဲ။

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် လွှတ်တော်များ ရှိသဖြင့် ပြည်ထောင်စုစနစ်ကို အခြေခံထားသည်ဟု အချို့က ဆိုကြသည်။ ဤသည်မှာ ပြည်ထောင်စုစနစ်ကဲ့သို့ ပုံမှားရိုက်ခြင်းသာဖြစ်ပြီး၊ ပြည်ထောင်စုစနစ်၏ အဓိက အသက်သွေးကြောဖြစ်သော အာဏာခွဲဝေမှု ပျောက်ကွယ်နေခဲ့သည်။

စဉ်းစားကြည့်စေလိုပါသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့် အုပ်ချုပ်သူများကို လူထုက ရွေးသည်လား၊ အထက်မှ ခန့်အပ်သည်လား။ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများကို ဗဟိုအစိုးရက ခန့်သည်လား၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက ခန့်သည်လား။ အခွန်အတုပ်များကို ဗဟိုအစိုးရကို ပေးရသည်လား၊ ပြည်နယ်အစိုးရကို ပေးရသည်လား။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများတွင် ဗဟိုအစိုးရသို့ တင်ပြခြင်း မရှိပဲ မည်သည့်ကဏ္ဍကို မိမိတို့ဘာသာ စီမံခန့်ခွဲပိုင်ခွင့်ရှိသနည်း။ စစ်မှန်သော ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ထားခြင်း ရှိမရှိ ဆိုသည်ကို တိုင်းတာနိုင်သည့် စံနှုန်းများကား အများအပြားမို့ အသေးစိတ် မဖော်ပြတော့ပါ။ ဖော်ပြလျှင်လဲ စံနှုန်းနှင့် ကိုက်ညီသည့် အချက်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ထဲမှာ ပါဝင်သည်မှ မဟုတ်သည်ပဲ။

သို့ဖြစ်ရာ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာလဲ ယင်းနောင်တော်များဖြစ်သည့် (၁၉၄၇) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ကဲ့သို့ပင် မြန်မာနိုင်ငံ၏ နိုင်ငံဖြစ်တည်မှု အခြေအနေက တောင်းဆိုထားသည့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး မဟုတ်သည်ကား အထင်အရှားပင် ဖြစ်တော့သည်။

ထိုဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်မည်လား (သို့တည်းမဟုတ်) အသစ်ရေးဆွဲမည်လား။ ဤသည်ကား လမ်းစဉ်ရေးရာ။ ဒီထက် ပိုပြီး အရေးကြီးသည်က ပန်းတိုင်။

ကားနဲ့သွားမည်လား၊ ရထားနဲ့ သွားမည်လား၊ လေယာဉ်နဲ့ သွားမည်လား ဆိုသည်ထက် ဘယ်ကို သွားမှာလဲ ဆိုသည်က ပို၍ အရေးကြီးသည်။ အဆုံးသတ်ပန်းတိုင်က ဘယ်သို့ ဦးတည်သနည်း။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပေါ်ထွန်းလာရေးကို ဦးတည်သည် ဆိုလျှင်တော့ ပြင် / သစ် နှင့် အငြင်းမပွားကြစေလိုပါ။

ပြင်လိုသူများက ပြင်နိုင်မည့်နည်းလမ်းများကို ရှာဖွေပြီး၊ တပြည်ထောင်စနစ် ကျောရိုးပေါ်တွင် အခြေခံထားသည်ကို မည်သို့မည်ပုံ ပြည်ထောင်စုနစ် ကျောရိုးဖြစ်အောင် ပွတ်တိုက်ဆေးကြောရမည်၊ တပ်သစ်တပ်ဟောင်း လူတန်းစားအခွင့်အရေးအား ကာကွယ်စောင့်ရှောက်ပေးထားသည်ကို မည်သို့မည်ပုံ လူထုလူတန်းစားအလွှာအသီးသီး၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်လာအောင် လုပ်ယူကြမည်နည်း ဆိုသည်ကိုသာ အာရုံစိုက်သင့်သည်။ အခြေခံသဏ္ဍာန် မပြောင်းပဲ နှုတ်ခမ်းနီ၊ ပါးနီဆိုးလိုက်ရုံနဲ့ ဘီလူးရုပ်က လူရုပ်ဖြစ်မလာနိုင်ပါ။

အသစ်ရေးဆွဲလိုသူများကလဲ ရေးဆွဲပြီးပါက မည်သို့မည်ပုံ အသက်သွင်းရမည်ကိုသာ အာရုံစိုက်သင့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် အသက်မ၀င်သေးသမျှ နိုင်ငံတော်တည်ထောင်မှု အုတ်မြစ်မဖြစ်၊ စာအုပ် တအုပ်သာ ဖြစ်သဖြင့် မည်သို့ အသက်သွင်းမည်နည်း ဆိုသည်မှာ အလွန်အရေးကြီးပါသည်။

မည်သို့ပင်ဆိုစေ၊ မြန်မာနိုင်ငံ၏ အဓိက ပြဿနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်ပြီး၊ ပကတိအခြေအနေက တောင်းဆိုထားသည့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပေါ်ထွက်မလာမချင်း၊ ထာဝရငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်မည် မဟုတ်ပါ။

သို့ဖြစ်ရာ လူမျိုးကြီးဝါဒ ပပျောက်ရေး၊ စစ်အာဏာရှင်စနစ် ကျင့်သုံးမှု ထာဝရ ရပ်စဲရေး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ အာမခံချက်ရှိရေး၊ တဦးချင်းအခွင့်အရေးများနှင့် လူထုလူတန်းစားအလွှာ အသီးသီးအလိုက် အခွင့်အရေးများ အပြည့်အ၀ ရရှိရေးတို့သည် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပေါ်ထွန်းလာစေရေး အပေါ်တွင်သာ အဓိက တည်မှီနေပါသဖြင့် ပန်းတိုင်ကိုသာ အာရုံစိုက်ပြီး၊ လမ်းစဉ်များနှင့် သဘောထားမကွဲကြစေလိုကြောင်း ရေးသားတင်ပြအပ်ပါသည်။

ခင်မမမျိုး (၁၄၊ ၅၊ ၂၀၁၄)

မြန်မာ့သမိုင်းမှာ မသေတော့ဘူး


တလ ပြည့်ခဲ့ပြီ အဘ၊
သေသောသူ ကြာရင်မေ့တဲ့လား၊
ဒါဆိုရင် အဘကတော့
သေဆုံးသူ မဟုတ်ဘူးပေါ့၊
အဘရဲ့ ပုံရိပ်တွေက
ကျွန်မတို့ရင်ထဲမှာ စွဲထင်ဆဲ၊
အဘရဲ့ စာနဲ့စကားတွေက
ကျွန်မတို့နှလုံးသားမှာ ထင်ကျန်ဆဲ၊
အဘဟာ ဘယ်တော့မှ မသေဘူး၊
ဟုတ်တယ်- ရုပ်ခန္ဓာ ချုပ်ငြိမ်းသွားပေမယ့်
ဦးဝင်းတင်ဆိုသော အဘရဲ့နာမည်
မြန်မာ့သမိုင်းမှာ မသေတော့ဘူး။

"ဖောက်လွဲဖောက်ပြန်ရှိတတ်တဲ့
လူ့လောကမှာ
လူတစ်ယောက်ကို
သေဆုံးပြီးမှသာ ချီးကျူးပါတဲ့၊
လူတယောက်ဟာ
သူ့ယုံကြည်ချက်ကို
မဖောက်မပြန်
ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ
သေဆုံးပြီးမှသာ သိနိုင်တယ် "တဲ့၊
ပြည်သူလူထုကြီးရဲ့ကြားက၊
လူထုလူတန်းစားအလွှာအသီးသီးကြားကေ
ရင်ဘတ်နဲ့ခံစားရင်း ပေါ်ထွက်လာခဲ့တဲ့
အဘရဲ့ ယုံကြည်ချက်တွေ
ပြည်သူ့ဆန္ဒနဲ့
သွေဖည်သွားတယ်ဆိုတာ
ဘယ်တုန်းကရှိခဲ့လို့လဲ။

အဘဟာ
ပြည်သူ့ဘ၀ကိုသိတယ်၊
နှလုံးသားနဲ့ မျှဝေခံစားခဲ့တယ်။

အဘဟာ
ပြည်သူ့ဆန္ဒကိုသိတယ်၊
အရိုးကျေကျေ၊ အရေခမ်းချိန်ထိ
ဆန္ဒတွေဖြည့်နိုင်ဖို့ ကြိုးစားခဲ့တယ်။

အဘဟာ
လူထုလူတန်းစား အလွှာအသီးသီးရဲ့
သဘောသဘာဝကို နားလည်တယ်၊
ရေပေါ်ဆီပေါ်ပင်နိုင်ငံရေးထက်
ပြည်သူ့နိုင်ငံရေးကို
ဦးစားပေးခဲ့တယ်။

အဘဟာ
တိုင်းရင်းသားလူမျိုးပေါင်းစုံအရေးကို
အာရုံစိုက်တယ်၊
ကျန်းမာရေးမကောင်းတာတောင်
ဆေးရုံကုတင်ပေါ်ကနေ
အားခဲခေါင်းထောင်ထရင်း
တိုင်းရင်းသားအရေး၊
ဆွေးနွေးခဲ့တဲ့
အဘရဲ့ပုံရိပ်ကို
ကျွန်မဘယ်လိုမေ့နိုင်မှာတဲ့လဲ။

အဘဟာ
အလင်းနဲ့အမှောင်ကိုခွဲခြားပြတတ်တယ်၊
အမှောင်မှန်းသိရက်နဲ့
လင်းသယောင်ရှုမြင်ခိုင်းတတ်တဲ့
ကိုယ်ကျိုးရှာအတ္တတွေ
အဘမှာမရှိခဲ့ဘူး။

အဘဟာ
ရန်သူရဲ့ သဘောသဘာဝကို
နားလည်တယ်၊
နှင်းမကွဲခင်၊ အာရုဏ်ဦးရဲ့
ရောပြွန်းရှုပ်ထွေးမှုတွေအကြားက
မက်လုံးတွေနဲ့ ချိုမြိန်တဲ့အဆိပ်တွေကို
ရှင်းရှင်းလင်းလင်း
မီးမောင်းထိုးပြပေးခဲ့တယ်။

အဘဟာ
ပညာအသိကို သတိနဲ့တွဲခဲ့တယ်၊
ရာထူး၊ စည်းစိမ်နဲ့ မက်လုံးတွေကြားမှာ
ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို
ရေစုံမျောမခံခဲ့ဘူး။

တလပြည့်ခဲ့ပြီ-အဘ၊
အဘရဲ့ရုပ်ခန္ဓာ
ချုပ်ငြိမ်းသွားတာ
တလပြည့်ခဲ့ပြီ၊
ဒါပေမယ့်
အဘမသေသေးဘူး၊
ဟုတ်တယ်-
ဦးဝင်းတင်ဆိုသော အဘရဲ့နာမည်
မြန်မာ့သမိုင်းမှာ မသေတော့ဘူး။

                                                  ခင်မမမျိုး (၂၀၊ ၅၊ ၂၀၁၄)

ပြည်ပရောက် နိုင်ငံသားတွေအင်အား နိုင်ငံ့ပြုပြင်ရေးမှာ အရေးပါ



ဦးစံမိုဝေ            21.10.2013
၈၈ မျိုးဆက် ခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ အမျိုးသမီးစွမ်းရည်မြှင့်ရေး ဆောင်ရွက်နေသူ မခင်လေး၊ New Myanmar Foundation အဖွဲ့က ဒေါ်မြနန္ဒာတို့ဟာထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ မြန်မာဒီမိုကရက်
တစ်အင်အားစုအဖွဲ့က ကိုစိုးအောင်နဲ့အတူ အာရှဒီမိုကရေစီကွန်ယက်နဲ့ Soul Democracy Fourm စတာတွေကို တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဖူချွန်းမြို့မှာ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့  ၃ နာရီကြာ တွေ့ဆုံခဲ့ရာမှာ ကိုမင်းကိုနိုင်က ပြည်ပမှာရောက်နေတဲ့ မြန်မာအင်အားစုတွေအပေါ် နားလည် တန်ဖိုးထားကြဖို့အရေး ပြောကြားခဲ့ပါတယ်။

“ပြည်ပမှာရောက်နေတဲ့ အင်အားစုတွေအပေါ်မှာ သူတို့ရဲ့တန်ဖိုးကို ကျနော်တို့ မမေ့လျော့ကြဖို့ပဲဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့အခန်းကဏ္ဍပြီးသွားပြီဆိုပြီးတော့ ကျနော်တို့ ဘယ်လိုမှ ပြောလို့မရဘူး။ ဒါပေမဲ့ ပြည်တွင်းမှာ အပြောင်းအလဲက တာစူတဲ့လက္ခဏာမျိုးပြထားတယ်အခါကျတော့ ပြည်ပရောက်တွေရဲ့ အရေးပါမှု အခန်းကဏ္ဍကို ကျနော်တို့က ထည့်မစဉ်းစားကြဘူးဆိုလို့ရှိရင် ပြည့်စုံမှာမဟုတ်ဘူး။ သူတို့မှာ လုပ်နိုင်စွမ်းတွေ ရှိသေးတယ်။ နောက်တစ်ခုက သူတို့တန်ဖိုးနဲ့သူတို့ရှိတယ်။ ကျနော်တို့က ဟန်ချက်ညီဖို့ပါပဲ။”

အခုလတ်တလော ပြည်တွင်းမှာ ကျယ်ကျယ်လောင်လောင်ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အသစ် ပြန်လည်ရေးဆွဲရေး စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း မေးမြန်းမှုတွေရှိခဲ့ရာမှာ သူဘယ်လို ရှင်းပြခဲ့တာပါလဲ။

“ပြင်မလား၊ အသစ်ဆွဲမလားဆိုတဲ့ ကိစ္စမျိုး အဲဒါမျိုးကျတော့ ကျနော်တို့က လိုချင်တဲ့ အနှစ်သာရကိုပဲ ကျနော်တို့ ပြောတယ်။ ဖိနှိပ်တာတွေရှိမယ်၊ အခွင့်ထူးခံတာတွေ ရှိမယ်။ အဲဒါတွေ ပယ်ဖျက်ပေးနိုင်မယ်ဆိုရင် ပြင်ပြင်- အသစ်ဆွဲဆွဲ ရတယ်။ တူဖို့ပဲလိုတယ်။ တူဖို့ဆိုတာက အဓိကအင်အားစုကြီးတွေ ဦးဆောင်နေတဲ့ Decision Maker ဆိုတဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေကသာ တူလိုက်၊ အထဲက အနှစ်သာရတွေ ပြောင်းတယ်ဆိုလို့ရှိရင် ကျနော်တို့အားလုံး ညီညီညာညာလိုက်လို့ရတယ်။ အဲဒါ ကွဲပြားနေလို့မရဘူးဆိုတာ ကျနော်တို့အားလုံး သဘောတူကြပါတယ်။”

ပြည်ပနိုင်ငံတွေမှာ ရောက်နေကြသူတွေဟ မြန်မာပြည်ရဲ့ အနာဂတ်ကို ကောင်းမွန်အောင် ဆောင်ကျဉ်းလိုတဲ့ စိတ်ဓာတ်ကောင်းတွေရှိနေသူတွေ ဖြစ်ကြသလို ဒါတွေကို စုစည်းပြီး ဟန်ချက် ညီညီ လုပ်ကိုင်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမြန်ဆုံးတိုးတက်သာယာ ဖွံ့ဖြိုးလာမှာဖြစ်တယ်လို့လည်း ကိုမင်းကိုနိုင်က ဗွီအိုအေကိုပြောပြခဲ့ပါတယ်။  ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်က အခုလိုပြောပါတယ်။

“ဒီအလုပ်တွေအားလုံးဟာ အစိုးရတစ်ခုတည်းကလည်း လုပ်လို့မရဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေကပဲလည်း လုပ်လို့မရဘူး။ လွှတ်တော်ချည်းကလည်းပဲ မတတ်နိုင်ဘူး။ ဒီမိုကရေစီအဖွဲ့အစည်း ခေါင်းဆောင်တွေချည့်ပဲလည်း မရဘူး။ ဘာလဲဆိုတော့ အကုန်လုံးကသာ တကယ် ငြိမ်းချမ်းရေးလိုချင်ကြမယ်၊ တကယ်ပြည်တွင်းစစ်ရပ်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ နံပါတ် တစ် - လုံးဝ ယုံကြည်ရမယ်၊ ယုံကြည်ချင်ယောင် ဆောင်တာမဟုတ်ဘူး၊ အခြေအနေအရ အသံကောင်း ဟစ်ရတာမျိုး မဟုတ်ဘူး။ ဟုတ်ပြီ၊ ယုံကြည်တဲ့နောက်မှာ အလုပ် အကောင်အထည်ဖော်တဲ့နေရာမှာ ဘာလဲဆိုတော့ ဒီ အဖွဲ့အစည်းတိုင်းဟာ အစိုးရလည်း အစိုးရအလျှောက်၊ လွှတ်တော်လည်း လွှတ်တော် အလျှောက်၊ တိုင်းရင်းသားအဖွဲ့တွေကလည်း တိုင်းရင်းသား အဖွဲ့တွေအလျှောက် ဘာလဲဆိုတော့ အဲဒီအလုပ်ကို အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်လိုတယ်။ အဲဒါဟာ တဘက်သတ် တစု တဖွဲ့တည်းက ရေးဆွဲပြီးတော့-
‘ဟေ့- ဒီတိုင်းလုပ်ရမယ်၊ လိုက်ချင်လိုက်၊ မလိုက်ချင်နေ၊ ဒီအတိုင်းသွားမယ်’-ဆိုလို့ကတော့ မရဘူး။
ဦးမင်းကိုနိုင်။ဦးမင်းကိုနိုင်။

"ကျနော်တို့မှာ သိပ်ခါးသည်းတဲ့၊ သိပ်ဆိုးရွားနစ်နာတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးပြီ။ အဲဒါမျိုး မဖြစ်အောင်လို့ အားလုံးသဘောတူတဲ့ လုပ်ငန်းစဉ်တခုကိုတော့ ကျနော်တို့ ချရလိမ့်မယ်။ အဲဒါဟာ တစုတဖွဲ့တည်းသဘောနဲ့ မရပါ။ အများစုကြေညက်အောင် လုပ်နိုင်ရမယ်။ အဲဒီအထဲမှာမှ အားလုံးသဘောတူပြီးတော့ -

"ကဲ- ဒီလုပ်ငန်းစဉ်အတိုင်း သွားမယ်ဆိုရင်တော့ ကျန်တဲ့ တောင်းဆိုတာတွေ၊ လိုက်လျောတာတွေက ဒုတိယ အဲဒီအထဲမှာ ဝင်ပါလို့ရမယ်၊ ဒါကိုလည်း ကျနော်တို့ ဆွေးနွေးကြတဲ့အခါမှာ နောက်ဆုံး သဘောတူကြပါတယ်။ ကျနော် အားရပါတယ်။ ဒီက ပြည်ပရောက်နေတဲ့အဖွဲ့တွေနဲ့ ကျနော်တို့ တကယ့်တကယ် ဆွေးနွေးတဲ့အခါမှာ အမြင်တွေ မကွာဘဲနဲ့ စိတ်အားထက်သန်မှုတွေ တူနေတယ်ဆိုတာ အင်မတန် အားရဖို့ ကောင်းပါတယ်။”

ဒီကနေ့ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေနဲ့  တောင်ကိုရီးယာ နိုင်ငံရောက် မြန်မာမိသားစုတွေ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး  တောင်ကိုရီးယားမှာ  မြန်မာ့အရေးလှုပ်ရှားသူ ကိုရန်နိုင်ထွန်းကတော့-

“အားရကျေနပ်ကြတာပေါ့ဗျာ။ ကျောင်းသားခေါင်းဆောင်တွေလည်း ပါလာသလို အမျိုးသမီး အသိုင်းအဝိုင်းကလည်း အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ ဒေါ်ခင်လေးကလည်းပါတယ်။ နောက်ပြီးတော့
 ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၂၀၁၅ အတွက် ဗဟုသုတလိုချင်တဲ့ ပုဂ္ဂိုလ်တွေအတွက်ကလည်း ဒေါ်မြနန္ဒာကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
 ဖြစ်နိုင်တဲ့အခြေအနေတွေ၊ အဖွဲ့အစည်းအသီးသီးက သုံးသပ်ချက်တွေကိုလည်းတင်ပြသွားတယ်ပေါ့။ အဲဒီတော့ အဖက်ဖက်ကနေပြီးတော့ ဗဟုသုတလည်းရတယ်၊ မှတ်သားစရာလည်းရတယ်ပေါ့။ အားလုံးကတော့ ဝမ်းသာကြည်နူးမိပါတယ်ပေါ့ဗျာ။”

၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဒေါ်ခင်လေး၊ ဒေါ်မြနန္ဒာနဲ့ ကိုစိုးအောင်တို့ဟာ  အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ဆိုလ်းမြို့မှာကျင်းပမယ့် အာရှဒီမိုကရေစီကွန်ယက်နဲ့ ဆိုလ်းဒီမိုကရေညီလာခံမှာ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

နေမိသားစုအပြင်ထွက်သွားတဲ့ Voyager 1




ဒေါ်ခင်မျိုးသက်          11.10.2013

လူလုပ်ယဉ်တစီး နေမိသားစုရဲ့ အပြင်ဘက်ကို ပထမဆုံးထွက်သွားနိုင်တာကို နက္ခတ္တဗေဒ ပညာရှင်ဒေါက်တာဝင်းသာထွေးက ပြောပြထားပါတယ်။

Voyager 1 နဲ့ 2 ၂ စင်းကို နာဆာက လွှတ်တင်ထားတဲ့ထဲက Voyager 1 ဟာ နက်ရှိုင်းတဲ့ အာကာသ ဟင်းလင်းပြင်ရှိရာကို ထွက်သွားနိုင်ပြီဖြစ်ပါတယ်။

ဒီယဉ်ထဲမှာ ကမ္ဘာကြီးရဲ့တည်နေရာပြမြေပုံ၊ လူနဲ့  တိရိစ္ဆာန်မျိုးစုံရဲ့ ပုံတွေ၊ အသံတွေ၊ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ အသံ၊ ခေတ်ပေါ်နဲ့ ခေတ်ဟောင်းဂီတတွေ သာမက  ပင်လယ်ကမ်းခြေက ရေလှိုင်းပုတ်သံတွေ အပါအဝင်၊ ကမ္ဘာမြေပြင်ဆိုင်ရာ အချက်အလက်မျိုးစုံကို ရွှေဓါတ်ပြားလေးနဲ့ ထည့်ပေးလိုက်တာပါ။  နေစင်္ကြဝဋာ အပြင်ဘက်မှာ လွင့်မျောရင်း တစုံတယောက်က တွေ့သွားရင် ဆက်သွယ်နိုင်အောင် စီစဉ်ပေးလိုက်တာလို့ ဆိုပါတယ်။

အမေရိကန်အစိုးရ ဘာကြောင့်ရပ်

Written by  အောင်ငြိမ်းချမ်း (The Voice)


အမေရိကန် ဗဟိုအစိုးရအဖွဲ့၏ လုပ်ငန်းလည်ပတ်မှု အချို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရပ်ဆိုင်းသွားခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ လွှတ်တော်အတွင်း ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ရပ်၏ မည်ကဲ့သို့သော အားပြိုင်မှုများကြောင့် ဖြစ်ပွားသည်၊ မည်သည့်အတွက် ရီပတ်ဘလစ်ကန်များက ဒီမိုကရက်တစ်သမ္မတ အိုဘားမားအစီအစဉ်ကို ကန့်ကွက်သည်၊ မည်သည့်ရလဒ်များ ပေါ်ထွက်လာနိုင်သည်ကို Reuters သတင်းတွင် သုံးသပ် ဖော်ပြထားသည်ကို ဘာသာပြန်ဆို ဖော်ပြထားပါသည်။
အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှု များမှာ အောက်တိုဘာ ၁ ရက်နေ့အတွင်း ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ ယင်းကဲ့သို့သော ရပ်ဆိုင်းမှု နိဂုံးချုပ်လိုပါက အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဂိုမာ လုပ်ဆောင်ရန် လိုအပ်သည်မှာ လွှတ်တော်အတွင်း ဘတ်ဂျက်မဲခွဲခွင့် ပြုရန်သာ ဖြစ်သည်။ မိနစ် ၃၀ အချိန်တွင်း မဲခွဲမှု ပြီးဆုံးမည်ဖြစ်သည်။ အောက်လွှတ်တော်တွင်းရှိ ဒီမိုကရက်တစ် အမတ် ၂၀၀ လုံး ကလည်း အစိုးရအဖွဲ့ ပြန်လည်ဖွင့်လှစ်နိုင်ရေး မျှော်လင့်နေသလို ရီပတ်ဘလစ်ကန် အမတ် ၅၀ ခန့်ကလည်း လိုလားမည် ဖြစ်သည်။ အလွန်လွယ်ကူသည့် ကိစ္စဖြစ်သည်။
သို့သော်လည်း ယင်းသို့ ဖြစ်မလာပေ။ ဂျွန်ဘိုမာနှင့် အခြားသော ရီပတ်ဘလစ်ကန် ပါတီ ထိပ်တန်းခေါင်းဆောင်များမှာ တီးပါတီ (Tea Party) ကွန်ဆာဗေးတစ် များ၏ လွှမ်းမိုးမှု အကြီးအကျယ် ခံနေသောကြောင့် လွယ်ကူလွန်းသည့် ကိစ္စများ လုပ်ဆောင်ရန်ပင် ငြင်းဆန်လျက် ရှိသည်။ အောက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ် ၂၃၂ ဦးအနက် အယောက် ၅၀ ခန့်မှာ အလွန်ခေါင်းမာသော ကွန်ဆာဗေးတစ်များ ဖြစ်သည်။ ဘတ်ဂျက် မဲခွဲမှုကို ခွင့်ပြုပေး လိုက်ပါက ပါတီခေါင်းဆောင်မှုကို ပြန်လည်တော်လှန်မည်ဟု ခေါင်းမာသော ကွန်ဆာဗေးတစ် များက ခြိမ်းခြောက်ထားသည်။ ထို့ကြောင့်ပင် တီးပါတီဝင်များ သဘောအတိုင်း မလိုက်လျောပါက လက်ယာဘက်မှ လာသော ပြင်းထန်သည့် စိန်ခေါ်ချက်များနှင့် ကြုံတွေ့နိုင်သည်ဟု ရီပတ်ဘလစ်ကန် များက ကြောက်ရွံ့နေကြသည်။
ခေါင်းမာသော ကွန်ဆာဗေးတစ်များ က မိမိတို့အလိုရှိသည်ကို ရရှိနိုင်ရန် လူများစု ဆုံးဖြတ်ချက်ကို ပိတ်ဆို့ထားခြင်းကြောင့် လက်ရှိအခြေအနေများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော်လည်း မိမိတို့လုပ် ဆောင်နေခြင်းမှာ အခြေခံမူများနှင့်အညီ ရပ်တည်နေခြင်း ဖြစ်သည်ဟု ကွန်ဆာဗေးတစ် များက ဆိုသည်။ "မှန်ကန်တာ လုပ်တဲ့အတွက် ကျွန်တော်တို့မှန်တယ်။ ရိုးရိုးရှင်းရှင်းလေး ပါပဲ" ဟု ခေါင်းမာသော ကွန်ဆာဗေးတစ်တစ်ဦးက New York Times ကို ပြောကြားလိုက်သည်။
ကွန်ဆာဗေးတစ်များ ရည်မှန်းနေသည့် အခြေခံမူများမှာ မည်သည့်အရာများ ဖြစ်သနည်း။ လူများစု လက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေမှာ အခြေခံဥပဒေနှင့် မညီသော အစိုးရအာဏာ ချဲ့ထွင်မှု ဖြစ်သည်။ ထို့ကြောင့် သမ္မတ အိုဘားမားသည် တရားဝင်မှုရှိသော သမ္မတ တစ်ဦး မဟုတ်တော့ဟု ကွန်ဆာဗေးတစ် များက ထောက်ပြသည်။
ယင်းကဲ့သို့ဆိုလျှင် အိုဘားမား စောင့်ရှောက်ရေးစနစ်ကို အခြေခံဥပဒေနှင့် မညီဘူးဟု အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းရှိ မရှိ ကြည့်ရမည်ဖြစ်သည်။ တရားရုံးချက်က အခြေခံဥပဒေနှင့် မညီဟု မဆုံးဖြတ်ခဲ့ပါ။ "တရားရုံးချုပ်က အခြေခံ ဥပဒေနဲ့ ညီတယ်လို့ ဆုံးဖြတ်ရုံနဲ့ လက်တွေ့မှာ အဲဒီလို အဓိပ္ပာယ် မထွက်ပါဘူး" ဟု ကွန်ဆာဗေးတစ်များက ဝေဖန်ခဲ့သည်။
ဒါမှမဟုတ် အိုဘားမားကို မဲဆန္ဒရှင်တွေက ပြီးခဲ့တဲ့နှစ်အတွင်း ပြန်လည်ရွေး ကောက်ခဲ့ခြင်း မရှိသည့် အတွက်လောဟု မေးရန် လိုလာသည်။ အိုဘားမားကို ပြည်သူများက ပြန်လည်ရွေးချယ်ခဲ့သည်။ သို့သော်လည်း ယင်းကဲ့သို့ ပြန်လည် ရွေးချယ်ခံရခြင်းမှာ ရီပတ်ဘလစ်ကန် ပါတီက အစစ်အမှန် ကွန်ဆာဗေးတစ် မဟုတ်သူတစ်ဦးကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့်ဟု ၄င်းတို့က ဆိုပြန်သည်။
ကွန်ဆာဗေးတစ်များမှာ အချက်အလက် များကို ငြင်းပယ်ရာတွင် ပါရမီ ထူးသူများဖြစ်သည်။ "အမေရိကန် ပြည်သူတွေက အိုဘားမားရဲ့ စောင့်ရှောက်ရေးစနစ်ကို ပြတ်ပြတ်သားသားကို ငြင်းပယ်ကြ ပါတယ်။ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး" ဟု အထက်လွှတ်တော်အမတ် တက်ခရူ (ရီ-တက္ကဆက်) က သတင်းထောက်များကို ပြောကြားလိုက်သည်။
တကယ်ဟုတ်မဟုတ် စစ်ဆေးကြည့် ရန်လိုလားပါသည်။ အမေရိကန်ပြည်သူ အများစု လက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို အမြဲတမ်းသံသယ ရှိခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်ပြီး အမေရိကန် ပြည်သူများ ကြားတွင် သဘောကွဲလွဲမှုများ ပေါ်ပေါက်နေသည်။ ၄၅ ရာခိုင်နှုန်းက ထောက်ခံပြီး ၄၇ ရာခိုင်နှုန်းက ငြင်းပယ် ထားသည်ကို ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်း ကောက်ယူထားသည့် ကွီနီပီရတ် တက္ကသိုလ်စစ်တမ်းတွင် ဖော်ပြထားသည်။
ဥပဒေနှင့် ပတ်သက်ပြီး အစိုးရရန်ပုံငွေ လျှော့ချရမည် ဆိုသည့်အချက်ကို ပြည်သူများ သဘောတူခြင်း ရှိမရှိ ကြည့်ရမည် ဖြစ်သည်။ ၅၈ ရာခိုင်နှုန်းက မတူပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေရပ်တန့် နိုင်ရေးအတွက် ဗဟိုအစိုးရ အဓိကလုပ်ငန်းများ ရပ်ဆိုင်းခြင်းကို ပြည်သူများလက်ခံ မခံ မေးခွန်းထုတ်ကြည့်ရာ ၇၂ ရာခိုင်နှုန်းက လက်မခံကြောင်း ဖြေကြားခဲ့သည်။ ထို့အပြင် အိုဘားမားစောင့်ရှောက်မှု ဝက်ဘ်ဆိုက် အတွင်း ပြည်သူပေါင်း တစ်သန်းကျော် တနင်္လာနေ့ မနက်ပိုင်းတွင် ဝင်ရောက် ကြည့်ရှုခဲ့ခြင်းကြောင့် ဝက်ဘ်ဆိုက်အလုပ် လုပ်မှုများ ရပ်ဆိုင်းသွားရသည်။ ယင်း အချက်များကို ကြည့်ခြင်းဖြင့် ရီပတ်ဘလစ်ကန်များ၏ လုပ်ဆောင်ချက်များကို ပြည်သူများ လက်မခံနိုင်ကြောင်း သိသာစေသည်။
ထို့ကြောင့်လည်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲတွင် ရီပတ်ဘလစ်ကန်များ အနိုင်ရနိုင်သည့် လမ်းမမြင်ရချေ။ ကွန်ဂရက် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထား စစ်တမ်းများ တွင်လည်း ပြည်သူ အများစုက ဒီမိုကရက်တစ်ပါတီ ကိုသာ ထောက်ခံနေကြပြီး ရီပတ်ဘလစ်ကန် ပါတီ အပေါ် ထောက်ခံမှုများ လျော့ကျလျက် ရှိသည်။ ကွီနီပီရတ် စစ်တမ်းအရ ဒီမိုကရက် တစ်များက ၉ မှတ်အသာဖြင့် ဦးဆောင်နေပြီး အကြီးမားဆုံး ကွာဟချက်တစ်ရပ် ဖြစ်သည်။
ထို့ကြောင့်ပင် လွှတ်တော်၌ ရီပတ် ဘလစ်ကန်ပါတီဝင် အများစု မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြပြီး လူထုအကြိုက် လုပ်ငန်းများဖြစ်သော စစ်မှုထမ်းဟောင်း သက်သာချောင်ချိရေးနှင့် အမျိုးသား ပန်းခြံလုပ်ငန်း များတွင် အသုံးစရိတ်များ ခွင့်ပြုပေးနိုင်ရန် ကြိုးပမ်းလာကြသည်။ သို့သော်လည်း အိုဘားမားနှင့် ဒီမိုကရက်များက မြန်မြန်ပြေးနေကြသည်။ သူတို့တွင် အသာစီး ရရှိထားပြီကို ဒီမိုကရက်တစ်များ ကောင်းကောင်း သိနားလည်ထားသည်။
လက်ရှိအချိန်တွင် သာမဟုတ်၊ ၁၉၉၆ ခုနှစ် အတွင်းကလည်း ရီပတ်ဘလစ် ကန် အမတ်များက အစိုးရလုပ်ငန်း လည်ပတ်မှုများကို ရပ်ဆိုင်းခဲ့ သည့်အတွက် ပြည်သူများ၏ ဒဏ်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရ သော်လည်း သင်ခန်းစာယူခြင်း မရှိခဲ့ပေ။ ယင်း ကာလအတွင်း ရီပတ်ဘလစ်ကန်များ ပြည်သူ့ထောက်ခံမှု ဆုံးရှုံးခဲ့ပြီး ဒီမိုကရက်တစ်သမ္မတ ဘီလ်ကလင်တန်ကို ပြည်သူများက ရွေးချယ်ခဲ့သည်။
သို့သော်လည်း ရီပတ်ဘလစ်ကန် များကို ၁၉၉၆ ခုနှစ်တွင်း အထိနာခဲ့စေ သည်မှာ အစိုးရရပ်ဆိုင်းမှု မဟုတ်ဟု ကွန်ဆာဗေးတစ်များက ငြင်းဆိုထားသည်။ အစိုးရအဖွဲ့ ရပ်ဆိုင်းထားခြင်းကို ဆက်လက် ပြုလုပ်ရမည့်အစား လက်မြှောက်အရှုံးပေး ခဲ့ခြင်းကြောင့် အရေးနိမ့်မှုများ ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ကွန်ဆာဗေးတစ်များက ထောက်ပြထားသည်။
မိမိတို့တိုက်ပွဲမှာ မွန်မြတ်ကောင်းမွန်သော ဖြစ်ရပ်များအတွက် ဆင်နွှဲနေခြင်း ဖြစ်သည်ဟု ရီပတ်ဘလစ်ကန် ပါတီဝင်များက သုံးနှုန်း ပြောဆိုနေသော်လည်း လက်ရှိ အရေးမှာ ပြည်ထောင်စု ဘတ်ဂျက်အသုံး စရိတ်အရေး သာဖြစ်ပြီး ငွေကြေးသုံးစွဲမှု အပေါ် ငြင်းခုံနေခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးရာ၊ သဘောတရားရေးရာ ရှုမြင်ချက်များ မဟုတ်ကြောင်း အထက်လွှတ်တော်အမတ် မိုက်ကူစကီ(ဒီ-မတ်)က ထောက်ပြထားသည်။
ရီပတ်ဘလစ်ကန်များ အခိုင်အမာ ဆုပ်ကိုင်ထား သည်မှာလည်း ယင်းအရာများသာ ဖြစ်သည်။ "အဲဒီတွေက အဓိက မူဝါဒကိစ္စတွေပါ"ဟု ရီပတ်ဘလစ်ကန် အမတ်တစ်ဦးက ပြောကြားသည်။ ဘတ်ဂျက် ဆိုသည်မှာ အကျိုးစီးပွားနှင့် သက်ဆိုင်နေသည့် တိုက်ပွဲပင်ဖြစ်သည်။ အကျိုးစီးပွား များမှာ ဆွေးနွေးနိုင်သည်။ ညှိနှိုင်းနိုင်သည်။
ကွန်ဆာဗေးတစ်များ ထုတ်ဖော် ပြောကြားနေသကဲ့သို့ တန်ဖိုး၊ စံများနှင့် ပတ်သက်နေသည့် တိုက်ပွဲတစ်ခု ဆိုပါက သဘောတူညီချက်များ ရရှိနိုင်ရေးမှာ ခက်ခဲမည်ဖြစ်သည်။ တန်ဖိုးထားမှုစံများမှာ မှန်ခြင်း၊ မှားခြင်း ကိစ္စများဖြစ်သည်။ ဆွေး နွေးမှုများအတွက် နေရာမရှိနိုင်ပေ။
တစ်နှစ်တာ ကျန်းမာရေး အာမခံကို လူပုဂ္ဂိုလ်တစ်ဦးချင်း မဖြစ်မနေဝယ်ယူရ မည်ဟု သတ်မှတ်ထားခြင်းကို အိုဘားမားက ပယ်ဖျက်ပေးရန် ကွန်ဆာဗေးတစ်များက တောင်းဆိုထားသည်။ မည်သည့်အတွက်ကြောင့် ကြီးမားခက်ခဲသည့် ညှိနှိုင်းမှုကြီး ဖြစ်နေရသနည်း။ အဖြေမှာ ယင်းကဲ့သို့ လုပ်ဆောင်လိုက်ပါက ကျန်းမာရေးစောင့် ရှောက်မှု အစီအစဉ်ကြီးတစ်ခုလုံးကို သတ် ပစ်လိုက်သလို ဖြစ်သွားမည်။ မဖြစ်မနေ လုပ်ဆောင်ရမည့် သတ်မှတ်ချက်များကို ဆိုင်းငံ့လိုက်ပါက အာမခံကုမ္ပဏီများ အနေ နှင့် ယခင်သတ်မှတ်ချက် များနှင့် ညီသည့် လူဟောင်းများ ကိုသာ အာမခံပေးကြတော့မည် ဖြစ်ပြီး လူသစ်များ ပါဝင်တော့မည် မဟုတ်ပေ။ အာမခံရရှိရန် အသည်းအသန် လိုအပ်နေသည့် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ ပါဝင်နိုင်တော့မည် မဟုတ်ပေ။ ရလဒ်အနေနှင့် အာမခံ ဈေးနှုန်းများမှာ အလွန်အကျွံ မြင့်တက်သွားမည် ဖြစ်သည်။ အမေရိကန် တစ်နိုင်ငံလုံးတွင် ဆန္ဒပြမှု လိုင်းလှုံးများ ရိုက်ခတ်တော့မည် ဖြစ်သည်။
သမ္မတ အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို အချို့သော ကွန်ဆာဗေးတစ်များက တစ်နှစ်ဆိုင်းငံ့ ထားလိုသည်။ ၄င်းတို့တွင် ဖုံးကွယ်ထား သော ရည်ရွယ်ချက်များရှိခြင်းကြောင့် ဆိုင်းငံ့လိုခြင်းဖြစ်သည်။ လာမည့်နှစ်လယ် ပိုင်းတွင်ကျင်းပမည့် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်များ အနိုင်ရမည်ဟု ကွန်ဆာဗေးတစ်များက မျှော်လင့်နေကြပြီး သမ္မတအိမ်ဖြူတော်ကို လည်း ၂ဝ၁၆ခုနှစ်ရွေးကောက်ပွဲတွင် ထိန်းချုပ် နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
ယင်းကဲ့သို့ ဖြစ်လာပါက အိုဘားမား စောင့်ရှောက်ရေး အစီအစဉ်ကို ရပ်ဆိုင်းနိုင်မည် ဖြစ်ပြီး ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ်ရွန်နီကလည်း ရွေးကောက်ပွဲ အနိုင်ရပါက ကျန်းမာရေး စောင့်ရှောက်ရေး စနစ် ရပ်ဆိုင်းမည်ဟု ကတိပြုထားသည်။ အိုဘားမား၏ စောင့်ရှောက်ရေးစနစ်သာ အတည်ဖြစ်သွားပါက ရပ်ဆိုင်းနိုင်ရန် ပိုမို ခက်ခဲမည် ဖြစ်ခြင်းကြောင့် အတည်မပြုနိုင်ခင် ကတည်းက ဆိုင်းငံ့နိုင်ရန် ရီပတ်ဘလစ်ကန်များက ကြိုးပမ်းနေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သဘောထား တင်းမာခြင်းမရှိသည့် ရီပတ်ဘလစ်ကန် များကလည်း လာမည့်ရွေးကောက်ပွဲ များတွင် ကြုံတွေ့နိုင်သည့် ပြည်သူများ၏ ဒဏ်ခတ်မှုများကို စိုးရိမ်နေကြသည်။ ယင်းကဲ့သို့ စိုးရိမ်နေကြသည် မှာလည်း အကြောင်းရှိသည်။ အိုဘားမား၏ စောင့်ရှောက်ရေးစနစ်ကို ဆန့်ကျင်သည့် ဖြစ်ရပ်အပြင် ကွန်ဂရက်တွင်း ဖြစ်ပျက်နေသည် များနှင့် ပတ်သက်၍လည်း မဲဆန္ဒရှင်များက စိတ်ဆိုး ဒေါသထွက်လျက် ရှိသည်။
ကွန်ဂရက်လွှတ်တော်ကို မထီမဲ့မြင် ပြုခြင်းမှာ ရာဇဝတ်မှုပင်ဖြစ်သည်။ ယင်းသို့ ဆိုပါက သန်းနှင့်ချီသော အမေရိကန် ပြည်သူများ မိနစ်ပိုင်းအတွင်း ထိန်းသိမ်းခံရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်ပြည်သူများ ထုတ်ဖော်ပြသနေသည့် သဘောထားကို အတိအကျ ဖော်ပြရလျှင် အခြေခံလုပ်ငန်း များကိုပင် လည်ပတ်နိုင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသည့် လွှတ်တော်အပေါ် အထင်အမြင်သေး နေသည့် သဘောထားပင်ဖြစ်သည်။
ကိုးကား - Reuters

အစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးနေချိန် အစိုးရတပ်များ အင်အားတိုးချ၊ စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်ဟုဆို


အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မြစ်ကြီးနားတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနေချိန် ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း အစိုးရဘက်မှ စစ်အင်အား တိုးမြှင့်ချလာမှုများရှိသဖြင့် စစ်ပြေးဒုက္ခသည်များထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတို့က ပြောသည်။

၂၀၁၃ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆု



ဗွီအိုအေ (မြန်မာပိုင်း)
၂၀၁၃ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို  ဘယ်လ်ဂျီယံ နိုင်ငံသား Francois Englert နဲ့  ဗြိတိသျှနိုင်ငံသား Peter Higgs တို့ကို ချီးမြှင့်လိုက်ပါတယ်။ နိုဘဲလ်ဆု ရွေးချယ်ရေးကော်မတီက ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆုကို အင်္ဂါနေ့မှာ ဆွီဒင်နိုင်ငံ Stockholm မှာ ကြေညာလိုက်တာပါ။

Englert နဲ့ Higgs တို့ဟာ ကမ္ဘာအပါအဝင် စကြဝဠာကြီး ဖြစ်လာစေတဲ့ အခြေခံအကျဆုံး အမှုန်လေးတွေ ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဖြစ်စဉ်ကို နားလည်အောင် ဖော်ထုတ် ရှင်းပြနိုင်တာမို့  သူတို့ကို ဆုပေးဖို့ ကော်မတီက ရွေးချယ်လိုက်တာဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ Higgs particle လို့ခေါ်တဲ့ အခြေခံအကျဆုံး အမှုန်ကို စတင် ဖော်ထုတ်နိုင်သူတွေအဖြစ် ကျော်ကြားပါတယ်။  ဒီအမှုန်ကို ကမ္ဘာအပါအဝင် စကြဝဠာကြီး ဖြစ်လာစေတဲ့ God particle  “ဖန်ဆင်းရှင်အမှုန်” လို့လည်း ခေါ်ဆိုကြပြီး  အမှုန်ဆိုင်ရာ ရူပဗေဒ ဘာသာရပ်အတွက် အခြေခံအကျဆုံး သဘောတရား တခုလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့ နိုဘဲလ်ဆု ကြေညာရာမှာ  သတ်မှတ်ချိန်ထက် တစ်နာရီလောက် နောက်ကျခဲ့ပေမဲ့ ဘာကြောင့် နောက်ကျရတယ် ဆိုတာတော့ ထုတ်မပြောပါဘူး။
တီထွင်ပညာရှင်တဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Alfred Nobel ကို အစွဲပြုပြီး နိုဘဲလ်ဆု ပေးအပ်တာကို ၁၉၀၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆုတွေကို နှစ်စဉ် ပေးအပ်နေတာ ဖြစ်ပါတယ်။

စိတ်ချမ်းသာချင်ရင်



* လူတိုင်းမှာ အခက်အခဲ အကြပ်အတည်း၊ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ
ဆိုတာ ရှိနေတတ်တာပါပဲ။ မွေးလာကတည်းက ပျော်ရွှင်ပြီး ခုန်ပေါက်
ထွက်လာတာမှ မဟုတ်တာ။

* အူဝဲ အူဝဲဆိုပြီး ငိုပြီးထွက်လာရတာပဲ။ အခက်အခဲ အကြပ်အတည်းကို
ထိုင်ငြီးနေလို့လည်း ပြီးသွားမှာမှ မဟုတ်တာ။ ဘယ်လို၊ ဘယ်ပုံ နည်းနဲ့
ဖြေရှင်းလို့ ရနိုင်မလဲ။ ဖြေရှင်းသင့်သလဲဆိုတာ နည်းလမ်းရှာရမယ်။ စဉ်း
စားရမယ်။

* လူတိုင်းမှာ အနည်းနဲ့အများဆိုသလို စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာဆို
တာလည်း ရှိမှာပါပဲ။ ချမ်းသာတဲ့သူလည်း ချမ်းသာခြင်းအလျောက်၊ ဆင်း
ရဲတဲ့သူလည်း ဆင်းရဲခြင်းအလျောက်၊ အရာရာတိုင်းကို သင့်တင့်မျှတစွာ
နှလုံးမသွင်းတတ်တဲ့သူဆို ပိုပြီးစိတ်ပင်ပန်းရတယ်။ စိတ်ဆင်းရဲရတယ်။

-“ဌေး”သာမဏေကျော်ဆရာတော်

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်ပြီး Mr.Jelson Garcia ပြောကြားခဲ့သော အသံဖိုင်

BIC (Bank Information Center) ၏ Asia Program မန်နေဂျာ Mr.Jelson Garcia က မြန်မာနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ရှိသော ငွေစာရင်းငါးခု ပြည်ပတွင် ရှိနေကြောင်း စက်တင်ဘာ ၁၀ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်း ပြောကြားမှုနှင့် ဘာသာပြန်ပေးခဲ့သူ၏ အသံဖိုင်ကို ဖော်ပြအပ်ပါသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အဆိုပါ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲကို နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ - See more at: http://www.dawnmanhon.com