သပ်လျှိုဖြိုခွဲအုပ်ချုပ်ရေးလမ်းစဉ် အစိုးရသစ် ဆက်လက်ကျင့်သုံးနေဟု တိုင်းရင်းသားခေါင်းဆောင်ပြော

ရွာဘုန်းကြီးပျံပွဲမှာ ဆိုင်ကယ်အစောင့်လုပ်ပြီး စာသင်ခုံဖိုး ရှာဖွေနေရသော ကျောင်းဆရာများ

မြန်မာ့နိုင်ငံရေး ပိုမိုပြောင်းလဲဖို့ လိုသေး ကိုဇာဂနာ ပြော

ဒေါ်စု မကွေးတိုင်းကျေးရွာတွေ ဖွံ့ဖြိုးရေးလေ့လာ

အင်္ဂါ, 31 ဇန်နဝါရီ 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာဖွံဖြိုးရေး စီမံကိန်းတွေကို ဒီကနေ့ သွားလေ့လာခဲ့ပါတယ်၊
မြန်မာနိုင်ငံအတွက်  ဖွံဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေကို နိုင်ငံတကာ အစိုးရတွေက  အကူအညီတွေ ပေးလာတဲ့အခါ ထိရောက်တဲ့ ပူးပေါင်းကူညီမှုတွေလုပ်နိုင်အောင်နဲ့  လိုအပ်တာတွေကို အကြံပေး တောင်းဆိုနိုင်အောင်ဆိုတဲ့  ရည်ရွယ်ချက်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာဖွံဖြိုးရေး စီမံကိန်းတွေကို ဒီကနေ့ သွားလေ့လာခဲ့ပါတယ်၊  နေ့ချင်းပြန်သွားခဲ့တဲ့ ဒီခရီးစဉ်လမ်းတလျှောက်အတွင်း ဒေသခံခလူထုအများအပြား ကြိုဆို နှုတ်ဆက် ခဲ့ကြတယ်ဆိုတော့ မသင်းသီရိရေ ဒီသတင်းအပြည့်အစုံဆက်ပြောပြပေးပါ ၊
မကွေးတိုင်း မြိုင်မြို့နယ်ထဲက ပဲပင်တိုက်နဲ့  ကျစ်ကြီး ကျေးရွာ ၂ခုမှာ ဗြိတိသျှအစိုးရ လက်အောက်မှာ ရှိတဲ့  DFID အဖွဲ့က ကူညီလုပ်ဆောင်ပေးနေတဲ့ ကျေးရွာ ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းတွေကို ဒီကနေ့ ဇန်န၀ါရီ ၃၁  အင်္ဂါနေ့မှာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာခဲ့တာပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗြိတိသျှ သံအမတ်ကြီးလည်း  လိုက်ပါသွားသလို နေ့ချင်းပြန် သွားခဲ့ကြတာ ဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုံးက တာဝန်ခံ တဦး ဖြစ်တဲ့ ဦးခွန်သာက ပြောပါတယ်၊
ဦးခွန်သာမြင့်။ “ဒီကနေ့ကတော့ ဗြိတိသျှအစိုးရရဲ့ Department For International Development ဆိုတဲ့ ဌာနက မြန်မာပြည်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းလေးတွေပေါ့။ အဲဒီထဲမှာ မြိုင်မြို့နယ် ထဲမှာ ရှိတဲ့ ရွာနှစ်ရွာက စခန်းလေးတွေနဲ့ လုပ်ငန်းစဉ်လေးတွေကို သွားကြည့်ပါတယ်။ လိုအပ်တာလေးတွေကို ဆွေးနွေးကြတာပေါ့။ မနက်က ရန်ကုန်ကထွက်လာပြီး ပုဂံ ညောင်ဦး ရောက်ပါတယ်။ ပြီးတော့ ပခုက္ကူ၊ ပခုက္ကူကနေမှ ရွာတွေ သွားပါတယ်။ ခု အပြန်ခရီးပါ။ နေ့ချင်းပြန်ခရီးပါ။”
ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို နိုင်ငံတကာက ပေးလာကြမယ့် ဖွံဖြိုးရေးဆိုင်ရာ အကုအညီတွေမှာ ထိရောက်တဲ့ ပူးပေါင်းမှုနဲ့အကူအညီတွေဖြစ်အောင် ကြိုတင်လေ့လာတာဖြစ်တယ်လို့ ပြောပါတယ်၊
အခု မြိုင်မြို့နယ်ထဲက အဲဒီကျေးရွာ ၂ခုမှာ ဗြိတိသျှအစိုးရရဲ့ DFID အဖွဲ့က ရေရရှိရေး စီမံကိန်းတွေ အပါအ၀င် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တွေဖြစ်တဲ့ အပ်ချုပ်လုပ်ငန်း၊ ယက္ကန်းလုပ်ငန်း မုန့်မျိုးစုံ လုပ်ငန်း နဲ့  ဆိုင်ကယ်ပြင်လုပ်ငန်းလိုမျိုးတွေမှာလည်း နည်းပညာပိုင်းဆိုင်ရာတွေနဲ့ အကူအညီ ပေးနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီစံမံကိန်းတွေဟာ ဘယ်လောက်ထိကျေးရွာလူထုဖွံဖြိုးမှုကို အထောက်အကူဖြစ်စေတယ်၊ ဘယ်လိုအခက်အခဲတွေတော့ ရှိနေသေးတယ်ဆိုတာတွေကို သိဖို့အတွက် ကျေးရွာလူထုနဲ့လည်း တွေ့ဆုံ မေးမြန်း တာတွေ လုပ်ခဲ့ပါတယ်။
ဦးခွန်သာမြင့်။ “ အပြည်ပြည်ဆိုင်ရာအစိုးရတွေက မြန်မာပြည်ကို အကူအညီပေးတဲ့အခါကျတော့ ခုဒါတွေကတော့ သိပ်မကြီးသေးဘူးပေါ့။ ဒါပေမဲ့ အများကြီးဝင်လာတဲ့အခါကျတော့ ဘာတွေ လုပ်ပေးသင့်တယ်၊ ဘယ်လိုပုံစံတွေဖြစ်သင့်တယ်ဆိုတာကို အကြံပေးလို့ ရအောင် တောင်းဆိုလို့ ရအောင် ပူးပေါင်းလို့ ရအောင်ပေါ့။ အဲဒီတော့ ဒါလေး သွားလေ့လာတာပေါ့။ တွေ့ကြတဲ့အခါကျတော့ ထိရောက်မှုရှိအောင်ရယ်၊ မှန်ကန်မှုရှိအောင်ရယ်၊ အဲဒါက အရေးကြီးပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုပြီးတော့ လုပ်ကြတဲ့အခါမှာ မှန်ကန်ဖို့လည်း လိုသေးတာကို။ ရတဲ့ ပိုက်ဆံတွေ အလဟဿဖြစ်မသွားဖို့လည်း လိုပါတယ်။ တကယ်တမ်းလက်တွေ့လုပ်နေတာတွေကို သွားဆင်းကြည့်တော့လည်း လိုအပ်တဲ့အရာတွေနဲ့ ဖြည့်ဆည်းပေးရမှာတွေ တွေ့တာပေါ့။ နောက်ပိုင်းအတွက် အထောက်အကူဖြစ်တာပေါ့။”
အခု ဦးခွန်သာမြင့်ကို ဆက်သွယ်မေးမြန်းချိန်မှာ ပခုက္ကူမြို့ထဲကို  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားတန်း ဖြတ်နေတဲ့အချိန်ဖြစ်နေတာမို့ မြို့ခံလူထုတွေ ဒေါ်အောင်ဆန်းစုကြည်ကို အော်ဟစ်ကြိုဆို နှုတ်ဆက် နေကြတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်၊
ဦးခွန်သာမြင့် ။ “ မြိုင်မြို့နယ်က စခန်းလေးတွေမှာပါပဲ၊ လာကြိုကြတဲ့ လူတွေကို စကားပြောပါတယ်။ ပြန်ကာနီးကျတော့လည်း အကျိုးအကြောင်းပေါ့။ ရှေ့လျှောက်ပြီး ဘာလုပ်မလဲ၊ လိုအပ်တာတွေကို ဖြည့်ဆည်းဖို့ရယ် ပြည်သူတွေကိုယ်တိုင်ကလည်း တက်တက်ကြွကြွ ပါဝင်ဖို့ရယ်၊ ကိုယ့်အားကိုယ်ကိုးကြ ဖို့ရယ်၊ အများကြီးပြောပါတယ်။ လာတာကတော့ စည်းရုံးရေးခရီးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အစ်မ သွားတော့လည်း တမြို့လုံးထွက်ကြတာပါပဲ။ မနက်ကဆိုရင် ပခုက္ကူမြို့ထဲကို တနာရီကျော် ဖြတ်ယူရ ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မကွေးတိုင်း ခရီးစဉ်အတွင်းမှာ လိုက်ပါသွားတဲ့   ဦးခွန်သာမြင့် ကို ဆက်သွယ်မေးမြန်းထားတာပါ၊ ဒီခရီးးစဉ်တလျှောက် ဒေသခံအာဏာပိုင်တွေဘက်လည်း လုံခြုံရေးတွေမှာ ၀ိုင်းဝန်းကူညီခဲ့တယ်လို့ မြို့ခံတဦးကလည်း အခုလို ပြောပြပါတယ်။
“ ကူညီပါတယ်ခင်ဗျ၊ ရဲအရာရှိတွေ၊ နယ်ထိန်းတွေ လုံခြုံရေးမှူးတွေ၊ အရာရှိတွေ လိုက်ပါပြီးတော့ ကူညီကြပါတယ်။ ၂နာရီခွဲလောက်က ထွက်လာတာ၊ ခု ပခုက္ကူတံတားကြီးကို ရောက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကားတန်းနောက်မှာ ကျွန်တော်တို့ ပါလာပါတယ်။”
ပခုက္ကူမြိုခံပါရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစူကြည်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက် တနင်္ဂနွေနေ့ကလည်း ထားဝယ်မြို့ကို ပါတီစည်းရူံးရေးခရီးစဉ်အဖြစ်  သွားခဲ့သလို လာမယ့် ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးတိုင်း၊ တခါ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပုသိမ်မြို့ကိုလည်း သွားမှာ ဖြစ်သလို ကချင်နဲ့ရှမ်းပြည်နယ်ဘက်တွေကိုလည်း စည်းရုံးရေးခရီးတွေထွက်ဖိှု့ရှိတယ်လို့လည်း NLD ပါင်္တိက ပြောပါတယ်၊၊

မျက်နှာကြည့်ပြီး ရောဂါရှာမယ် - - - -


တချို့  ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေဟာ လူတို့ ရဲ့ မျက်နှာပြင်ပေါ်မှာ ပေါ်လွင်နေတတ်တာကြောင့် သင့်မျက်နှာကို မှန်ပေါ်မှာကြည့်ပြီး ဘာရောဂါရှိလည်း ဆိုတာကို အောက်ပါအတိုင်းရှာဖွေပါ ။
မျက်ခုံးမွှေးပါးပြီးကျဲနေခြင်း
ဖြစ်နိုင်သည့်ပြဿနာ = သိုင်းရွိုတ်ကလင်း အလုပ်နည်းခြင်း
သိုင်းရွိုတ်ကလင်း အလုပ်နည်းခြင်းကြောင့် မောပန်းလွယ်တာ အအေးဒါဏ်မခံနိုင်တာ ဆံပင်ကြမ်းတာ (သို့ ) ကိုယ်အလေးချိန်တိုးလာတာ တွေဖြစ်တတ်ပါတယ်။ သွေးစစ် အဖြေရှာပြီး သိုင်းရွိုက် ဟော်မုန်းဆေးဝါးနဲ့  ကုသနိုင်ပါတယ် ။
နှုတ်ခမ်းထောင့်တွင် ကွဲအက်နေခြင်း
ဖြစ်နိုင်သည့်ပြဿနာ = အဟာရဓါတ်ချို့ တဲ့ခြင်း
နှုတ်ခမ်းထောင့်တွင် ကွဲအက်နေခြင်း ဟာ သံဓါတ် ဗီတာမင်ဘီ နဲ့  သွပ်ဓါတ် ချို့ တဲ့မှုနဲ့ ဆက်စပ်မှုရှိပါတယ် ။ နှုတ်ခမ်းထောင့်ကို လျှာနှင့် မလျက်သင့်ပါ ။ ပါးစပ်အတွင်းမှ ဘက်တီးယီးယားနှင့် မှိုပိုးတွေဝင်ရောက်ပြီး အနာပိုဆိုးနိုင်ပါတယ်။ မှိုပိုးသတ်ဆေး (Antifungal Cream) အသုံးပြုနိုင်ပါတယ်။

မျက်ခွံတွင် အဝါရောင်အဖုတွေ့ ရှိခြင်း
ဖြစ်နိုင်သည့်ပြဿနာ = ကိုလက်စထ်ရောမြင့်မားခြင်း
မျက်ခွံပေါ်မှာရှိနေတတ်တဲ့ အဝါရောင်အဖတ်တွေဟာ ကိုလက်စထ်ရော တွေစုဝေးနေတာကြောင့်ုဖြစ်လို့ ခန္တာကိုယ်အတွင်း ကိုလက်စထ်ရောမြင့်မားမှုကိုပြနေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်မှု (အဆီပါသော အစားအစာလျှောစားခြင်း ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်း) ပြုလုပ်ပြီး လိုအပ်လျှင် ဆရာဝန်နှင့်ပြပြီး ကုသမှုခံယူပါ။

မျက်ကွင့်ညိုခြင်း
ဖြစ်နိုင်သည့်ပြဿနာ = နှာပိတ်ခြင်း၊ ဓါတ်မတည့်ခြင်း (သို့ မဟုတ်) နှင်းခူဖြစ်ခြင်း
နှာပိတ်ခြင်း အတွက်နှာပွင့်ဆေး (Nasal Decongestant) ကိုအသုံးပြုနိုင်သလို ဓါတ်မတည့်ခြင်း (သို့ မဟုတ်) နှင်းခူဖြစ်ခြင်း အတွက်Antihistamine ဆေးကိုအသုံးပြုပါ။ နေရောင်ခြည်နဲ့ ထိတွေ့ မှုများတာကြောင့်လည်းဖြစ်နိုင်တာ ကြောင့် နေရောင်ကာလိမ်းဆေး (SPF) ကို နေ့ စဉ်လူးပေးပါ ။

ဒေါက်တာ ခင်မိုးမိုး

၇ိုးရာလေး.com မှယူပါတယ်

မီဒီယာ ခေတ်ပြောင်းချိန်ရောက်ပြီလား

ထက်အာင်ကျော်  (၃၁-၀၁-၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ဒေသ စည်းရုံးရေးခရီးစဉ်အပေါ် သတင်းဌာနအသီးသီးရဲ့ သတင်းတင်ပြပုံတွေကိုကြည့်ရင်း နားထောင်ရင်းနဲ့ လွန်ခဲ့တဲ့ ၁၀-နှစ်နီးပါးခန့်က ကျနော်တို့ တင်ပြခဲ့ဖူး တဲ့ ဒီပဲယင်းခရီးစဉ်တင်ပြပုံနဲ့ အတော်ကွာခြားသွားပီဆိုတာကို သတိထားလိုက် မိပါတယ်။

 
၂၀၀၃ မေလ ဒီပဲယင်းခရီးစဉ်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဘယ်နေ့ ဘယ်ကို သွားမယ်။ ဘယ်နေရာမှ ဟောပြောပွဲလုပ်မယ်။ ဒေသခံလူထုအခြေနေက ဘယ်လိုရှိတယ် စသဖြင့် ကြို သိနိုင်ဖို့ တယ်လီဖုန်းကိုဘဲ့အားကိုးပီး တချိန်လုံးဆက်နေရပါတယ်။ နော်ဝေး ကနေ မြန်မာနိုင်ငံဆီဖုန်းခေါ်ရ တာကလဲ ခက်သလားမမေးနဲ့။ ဆယ်ခါခေါ် တခါလောက်ဘဲ့ ၀င်ပီး ဈေးကလဲ အင်မတန်ကြီးပါတယ်။

အဲဒီလိုခဲရာခဲဆစ်မေးထားရတဲ့သတင်းတွေကို ည ၈-နာရီ ၉-နာရီဝန်းကျင်မှာ ကျနော်တို့ ပြည် ပအခြေစိုက် ရေဒီယိုတွေက ပြန်လွင့်တော့မှ တပြည်လုံးက လူထုက သိခွင့်ရတဲ့အခြေနေ မျီုးပါ။ တယ် လီဖုန်းဆက်လို့မရတဲ့နေ့ဆိုရင် ကျနော်တို့လဲ ဘာမှကိုလွင့်စရာမရှိတော့ သလိုဖြစ်နေတတ်ပါတယ်။


ဒါပေမဲ့ အခုတော့ သတင်းလိုက်ရတာက ဒီပဲယင်းခေတ်ကလိုမဟုတ်တော့။ တယ်လီဖုန်းခ ကုန်စရာမလိုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဘယ်နေ့ ထားဝယ်ကိုရောက်မယ်။ ဘယ်နေရာတွေ ကိုသွားမယ်။ ဒေသခံလူထုက ကြိုဆိုဖို့ဘယ်လိုပြင်ဆင်နေတယ် ဆိုတဲ့သတင်းတွေ။ အထူးသဖြင့် ဓါတ်ပုံ တွေကို Face book မှာ မီနစ်ပိုင်းအလိုက်  တက်လာနေတာကို တွေ့နေရပါတယ်။


နည်းပညာက မီဒီယာကို ခေတ်ပြောင်းစေသလား

ဒီမေးခွန်းက မေးစရမလိုလောက်အောင် ရှင်းနေတဲ့မေးခွန်းဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် ဒီပဲယင်းခေတ်နဲ့ ဒီနေ့ခေတ် သတင်းတင်ပြပုံကွာတဲ့ အပြင် ၂၀၀၇-ရွေဝါရောင် တော်လှန်ရေးကာ လနဲ့ ဒီနေ့ကာလ ကြားမှာတောင် သတင်းတင်ပြပုံတွေ က အတော်ကွာခြားသွားလို့ဖြစ်ပါတယ်။


၂၀၀၇ ၀န်းကျင်က မြန်မာနိုင်ငံမှာ အင်တာနက်ဖွင့်ပေးကာစဖြစ်ပီး သတင်းဓါတ်ပုံတွေ အင်တာနက်ပေါ်တင် ရင် အီလက်ထရောနစ်ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချနေဆဲဖြစ်ပါတယ်။ အီးမေးလ်ပိုမှုနဲ့ ထောင်ဒဏ် ၆၅-နှစ်စီကျသွားခဲ့တဲ့ မင်းကိုနိုင် အပါဝင် ၈၈-မျိုးဆက်ကျောင်း သားတွေ။ ဘလော့ဂါ နေဘုန်းလတ်လို ပုဂိုလ်တွေကိုကြည့်ရင် သိသာနိုင်ပါတယ်။

ဒါပေမဲ့ အခုတော့ အခြေနေက ဒီလိုမဟုတ်တော့။ အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံရသူတွေ အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံးနီးပါးကို ပြန်လွတ်ပေးထားတဲ့အချိန်။ အင်တာနက်တွေကို အ ယင်လိုသိပ်မထိမ်းချုပ်ဘဲ အတိုင်းတာတခုအထိ လွတ်ပေးထားတဲ့အချိန်ဆိုတော့ အင်တာနက်သုံးသူ တွေဟာ ကြောက်ရွံ့စရာမလိုဘဲ အမည်ရင်းတွေနဲ့ကို Face book ပေါ် ပေါ်တင် တင်နေကြတာဟာ တ ကယ့်အားရစရာ အပြောင်းလဲတခုအဖြစ် ကျနော်မြင်မိပါတယ်။

ဒါက Social media အပိုင်းပါ။ ဂျာနယ်တွေကိုကြည့်မယ်ဆိုရင်လဲ ၂၀၀၃။ ၂၀၀၇ နဲ့ အခု ၂၀၁၂ အကြား လုံးဝ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ၂၀၀၃ ဒီပဲယင်းဖြစ်စဉ်တုန်းကဆိုရင် ဘယ် ဂျာနယ်ကမှ မရေးရဲတဲ့အပြင် ရေးခွင့်လဲမရှိပါဘူး။ ၂၀၀၇ မှာလဲ အလားတူ ခပ်ဆင်ဆင်ပါဘဲ့။ ထူးထူး ခြားခြား ဂျာနယ်တွေရဲ့အခန်းကန်ဒကို ကျနော်မတွေ့မိပါဘူး။

ဒါပေမဲ့ အခု ၂၀၁၁ နှောင်းပိုင်း နိုင်ငံရေး အကျဉ်းသားတွေလွတ်ပေးတဲ့သတင်းကနေစ ဂျာနယ်တွေရဲ့အခန်းကန်ဒ အတော်အရေးပါလာပီး သူတို့ရဲ့ အင်တာနက် ၀က်ဆိုက်ပေါ်မှာ ထူးခြားသတင်းတွေကို မီနစ်ပိုင်းအလိုက်ဖေါ်ပြလာနိုင်တာဟာ ဒီနေ ဂျာနယ်မီဒီယာခေါတ်ရဲ့ထူးခြားမှုဖြစ်ပါတယ်။

ပြည်ပမီဒီယာတွေကိုကြည့်မယ်ဆိုရင်လဲ ၂၀၀၃ ဒီပဲယင်းခေါတ်ကနဲ့ ဘာမှမဆိုင်တော့။ တယ် လီဖုန်းအခြေခံ မီဒီယာကနေ သတင်းထောက်ကိုယ်တိုင် ကွင်းဆင်းပေးပို့တဲ့သတင်းတွေအဖြစ်သို့ အ သွင်ပြောင်းလာနိုင်ခဲ့ပါတယ်။ နည်းပညာပိုင်းပြောင်းလဲမှုရဲ့ နောက်ထပ်ထူးခြားချက်ကတော့ DVB, VOA, RFA TV တွေပေါ်လာတဲ့အချက်ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀-နှစ်ဝန်းကျင် ၂၀၀၃- ဒီပဲယင်း ကာလတုန်းက ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေဖြစ်ပါတယ်။


နိုင်ငံရေးအမြင်။ သဘောတရားအယူအဆအပြောင်းအလဲနဲ့ မီဒီယာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ဒေသခရီးစဉ် သတင်းတင်ပြပုံ အပြောင်းလဲနဲ့ပါတ်သက်ပီး ကျနော်စဉ်းစားနေစဉ်မှာ တိုက်ဆိုင်စွာထွက်ပေါ်လာတဲ့သတင်းတပုဒ်ကတော့ ပြည်ပက မီဒီယာသမား တွေပါ ပါဝင်တဲ့ မီဒီယာ စီမီနာကြီးတခု ရန်ကုန်မှာ ကျင်းပနေတယ်ဆိုတဲ့သတင်းပါ။


ဒီ စီမီနာ ဘယ် လောက်အလုပ်ဖြစ်မလဲဆိုပီး စောဒကတက်သူတွေရှိကောင်းရှိနေ နိုင်ပေမဲ့ ပြည်ပမီဒီယာနဲ့ ပြည်တွင်း မီဒီယာသမားတွေ။ အစိုးရအရာရှိတွေအပါဝင် အားလုံးစားပွဲတခုတည်းထိုင်ပီး မီဒီယာအကြောင်း ဆွေးနွေးနိုင်တာကိုက မီဒီယာ ခေတ် အပြောင်းလဲတခုအဖြစ် ကျနော်က မြင်ပါတယ်။

"ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ"
"BBC, VOA ရန်တိုက်ပေးနေသည်။"
"RFA, DVB သွေးထိုးနေသည်။"
"ခလောက်ဆံ အကောက်ကြံ။ လေလှိုင်းသံ လူသတ်သမား။ နားမယောင်လေနဲ့ သတိထား"


ဆိုတဲ့ ကြွေးကြော်သံတွေကို နေ့စဉ်ထုတ် အစိုးရသတင်းစာနောက်ကျောဖုံးကနေ ဖယ်ပီးလို့ သိပ်မကြာ သေး ခင်မှာ အဲဒီသတင်းဌာနက ဌာနမှုးတွေကိုယ်တိုင် ရန်ကုန်က မီဒီယာ စီမီနာမှာ အစိုးရပြန်ကြားရေး အရာရှိတွေနဲ့ စကားတခုတည်းထိုင်ပီး ဆွေးနွေးနေတယ်ဆိုတာဟာ လွန်ခဲ့တဲ့ လပိုင်းတွေအထိ ဘယ် လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေဖြစ်ပါတယ်။

ဒါဟာ လက်ရှိအစိုးရအပါဝင် နိုင်ငံရေးနယ်ပယ်အသီးသီးမှာပါဝင်ပါတ်သက်နေသူတွေရဲ့ နိုင်ငံ ရေးအမြင်။ သဘောတရားအမြင်တွေပြောင်းလဲလာတာကြောင့်လို့ ကျနော်ကမြင်ပါတယ်။ လက်ရှိ အစိုးရကသွားနေတဲ့ လွတ်တော်အခင်းအကျင်းသစ်။ နိုင်ငံရေးပါတီတွေနဲ့ဆက်ဆံမှုပုံစံသစ်။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးမှုပုံစံသစ်။ နိုင်ငံတကာဆက်ဆံရေးပုံစံသစ်တွေပြောင်းလာရာကနေ Sate Holder တွေရဲ့ စဉ်းစားပုံတွေ။ Mindset တွေ။ သဘောတရားခံယူချက်တွေပြောင်းလဲလာတယ် လို့ ယူဆမိပါတယ်။

ဆရာကြီး ဒဂုံတာရာရဲ့ စကားလုံးကို ငှားသုံးရမယ်ဆိုရင်တော့ "ရန်သူမရှိ မိတ်ဆွေသာရှိ။ နိုင်ငံ ရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်ခြင်းဖြစ်တယ်" ဆိုတဲ့ ဒသာနသစ်ကို မြန်မာနိုင် ငံသားတွေလက်ခံလာတဲ့သဘော။ အမြင်မတူ တို့ရန်သူဆိုပြီး နှစ် ၆၀။ နှစ် ၄၀။ နှစ် ၂၀- တိုက်လာတာ တွေကိုရပ်တန့်ပီး အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှ ငါတို့တိုင်းပြည်နဲ့လူမျိုး သူများတိုင်းပြည်တွေ သူများနိုင်ငံတွေနောက် အမှိလိုက်နိုင်လိမ့်မယ်လို့ အမြင်မှန်ရလာတဲ့သဘောလို့ ကျနော်က မြင်မိပါ တယ်။


အရေတွက်မှ အရည်ချင်းသို့ မီဒီယာသမားတွေကိုယ်တိုင်ပြောင်းလဲရေး

နည်းပညာအရအပြောင်းအလဲ။ သဘောတရားအရ အပြောင်းလဲတွေပီးတဲ့အခါမှာတော့ မီဒီ ယာ သမားတွေကိုယ်တိုင်အပြောင်းအလဲလုပ်ဖို့လိုနေပီဆိုတာကို ဆွေးနွေးချင်ပါတယ်။ ဆိုလိုတာက တော့ ၂၀၀၃ ဒီပဲယင်းခေါတ်ကလို တယ်လီဖုန်းဆက်မရလို့။ တယ်လီဖုန်းလိုင်းမကြည်လို့ "သီးခံပါခင် ဗျား" ဆိုပီး ကျနော်တို့ ဆက်လက် ဆင်ခြေပေးနေလို့မရတော့။ "ဒီသတင်းနဲ့ပါတ်သက်ပီး အစိုးရတာ ၀န်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူးခင်ဗျား" ဆိုပီးလဲ ကျနော်တို့ ဆက်လက် ဆင်ခြေပေးမနေသင့်တော့ပါ။


နောက်တခါ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးခေါတ် ကလို လုံခြုံရေးအကြောင်းပြပီး "လုံခြုံရေး အခြေနေအရ ပုံတွေကိုခိုးရိုက်ရလို့ တုန်-မှုန်ခြင်း သီးခံပါခင်ဗျား" ဆိုပီး ကျနော်တို့ ဆက်လက် ဆင် ခြေပေးနေရင်လဲ ပရိတ်သတ်က လက်ခံမှာမဟုတ်တော့။ အင်တာနက်နှေးလို့ပါလို့ အကြောင်းပြပီး ကိုယ်သတင်းထောက်ဆီကပုံမရဘဲ့ Face book ပေါ်က ပုံတွေချည်းစွတ်တင်ပြသနေတာမျိုးကိုလဲ ပရိ သတ်က လက်ခံမှာမဟုတ်တော့။ ကျနော်တို့အားလုံး သတင်းထောက်ပီပီ ကွင်းထဲဆင်းပီး အလုပ်လုပ် ကြ ရပါတော့မယ်။

ပြည်တွင်း ပြည်ပ ဝေးကွာမှု။ ဆက်သွယ်ရေးအားနဲမှု။ နည်းပညာအားနဲမှု။ လုံခြုံရေးစိတ်မချရမှု စသဖြင့် စသဖြင့် အယင်ကရှိခဲ့ဖူးတဲ့ အကန့်အသတ်တွေကို ကျနော်တို့ ကျော်ဖြတ်ဖို့အချိန်ရောက်နေပါ ပီ။ ဒီအတွက် ကျနော်တို့ မီဒီယာ သမားတွေအားလုံး အလုပ်ကျိုးစားရပါလိမ့်မယ်။

တနာရီစာ သတင်းပြည့်ရေး။ နာရီဝက်စာ သတင်းပြည့်ရေးကို ဦးစားပေးခဲ့တဲ့ ခေတ်က နေ အဲ ဒီတနာရီစာလွင့်တဲ့သတင်းတွေက ပရိတ်သတ်အတွက် ဘယ်လောက်အကျိုးရှိနိုင်သလဲ။ လွင့်တဲ့သ တင်းတွေအားလုံး စံချိန-စံညွန်းမှီရဲ့လား။ သတင်းကျင့်ဝတ်နဲ့ညီရဲ့လား။ စသဖြင့် အရေတွက်ခေတ်က အရည်ချင်းခေတ်ကို ကျနော်တို့ပြောင်းရပါလိမ့်မယ်။ တက်လှမ်းရပါလိမ့်မယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက လွတ်လပ်တဲ့ မီဒီယာတွေလိုမျီုးဖြစ်လာအောင် ကျနော်တို့ မီဒီယာသမားတွေ ကြိုးစားရပါလိမ့်မယ်။ နိုင် ငံတကာနဲ့ယှဉ်နိုင်တဲ့သတင်းတင်ပြမှုတွေဖြစ်လာအောင် ကျနော်တို့ ကျိုးစားရပါလိမ့်မယ်။

ဒါတွေ ဒါတွေဟာ ဒီနေ့ပြောင်းလဲဖြစ်ပေါ်နေတဲ့ မီဒီယာ ရေစီးကြောင်းအပေါ် ရှုမြင်ချက်ဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ့ လက်ရှိတိုးတက်ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးလမ်းကြောင်းကနေ နောက်ပြန်ကျ မသွားအောင်။ လူသုံးများနေတဲ့စကားလုံအရဆိုရင်တော့ "နောက်ပြန်ဆုတ်လို့မရတော့တဲ့ ခိုင်မာတဲ့ အ ပြောင်းလဲ" ဖြစ်သွားအောင် ကျနော်တို့အားလုံး ၀ိုင်းဝန်းကျိုးပန်းဖို့ အချိန်ရောက်နေပီဖြစ်ကြောင်း တင် ပြလိုက်ရပါတယ်။
 http://www.thithtoolwin.com/2012/01/blog-post_1607.html

ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ပညာရည်ချွန် ဆုပေးပွဲ

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာရည်ချွန် ဆုပေးပွဲ
သာသနာ့ဟိတကာရီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရဲ့ ၂၀၁၀/၂၀၁၁ ပညာသင်နှစ် အတွက် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ
၂၉ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဒီအခမ်းအနားကို အင်းစိန်မြို့နယ် မြို့သစ် ရပ်ကွက်မှာရှိတဲ့ သာသနာ့ဟိတကာရီ ဘုန်းတော်ကြီးကျောင်းမှာ
ကျင်းပ ပြုလုပ်တာ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်တွေ၊ ကျောင်းသား မိဘတွေ၊ အလှူရှင်တွေနဲ့ ရပ်မိရပ်ဖ
တွေ စုံညီစွာ တက်ရောက် ခဲ့ကြပါတယ်။ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားမှာ ကျောင်းသား ကလေးငယ်တွေက
တက်ရောက်လာသူတွေကို အဆို အကတွေဖြင့် ဖျော်ဖြေ ခဲ့ကြပါတယ်။ ဒီကျောင်းမှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ ကလေးငယ် အယောက်
၇၀၀ ကျော်ကို သူငယ်တန်းကနေ ၈တန်းအထိ အခမဲ့ပညာ သင်ကြား ပေးနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana မြန်မာနိုင်ငံသို့ လာရောက်

Tuesday, January 31, 2012


 Mr.Tomás Ojea Quintana
မြန်မာအစိုးရ၏ ဖိတ်ကြားချက အရ လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ်ရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၃၁ ရက်နေ့က ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။

“မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို ကျွန်တော်တို့ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။ အခုလာတဲ့အဖွဲ့က မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အရေးကြီးတဲ့အချိန်မှာ လာရောက်တာပါ။ ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ သွားရောက်ခဲ့တဲ့ ခရီးစဉ်နောက်ဆက်တွဲ အနေနဲ့ရော ယခု တိုးတက်မှုတွေအရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အကဲဖြတ်ဖို့ပါ”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana က ဇန်န၀ါရီလ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana ၏ ခြောက်ရက်ကြာမြင့်မည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း တာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သိရှိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှ စ၍ စတင်ဆောင်ရွက်နေသည်။ ၎င်းနောက်ဆုံး လာရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်မှာ ၂၀၁၁ ခုနှစ် သြဂုတ်လက ဖြစ်သည်။

ပြုပြင်ပြောင်းလဲ ရေးတွေ ဆက်လုပ်မည် ဟု မြန်မာ ကိုယ်စားလှယ် ဒါဗိုစ် မှာ ပြော

97625d43d3a89402050f6a7067001590_original

မြန်မာ နိုင်ငံ မှာ ဒီမိုကရေစီ ရေး ကို ရှေးရှု တဲ့ ပြုပြင်ပြောင်းလဲ မှု တွေ ဆက် လုပ် မယ် လို့ ဆွစ်
ဇာလန် နိုင်ငံ မှာ ဒါဗိုစ် မြို့  မှာ ကျင်းပ နေတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ ယခင်  ရေတပ် ဦးစီးချုပ် ဒု-
ဗိုလ်ချုပ်ကြီး ဟောင်း ဖြစ်တဲ့ မြန်မာ စက်မှု ၀န်ကြီး ဦးစိုးသိန်း က ကတိပေး ပြောကြား လိုက်ပါတယ်။
မြန်မာ အစိုးရ စက်မှု  ၀န်ကြီး ဦးစိုးသန်း ဟာ့ စီးပွားရေး ဖိုရမ် ကို မြန်မာ အစိုးရ အရာ ရှိ တစ်ဦး အနေ
နဲ့  ပထမ ဦးဆုံး သွားရောက် ခဲ့ တဲ့ ကိုယ်စားလှယ် တစ်ဦး ဖြစ်ပါတယ်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒါဗိုစ် မှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး
ဖိုရမ် ကို ဗီဒီယို မိန့် ခွန်း ခွေ ပေး ပို့ ထား ပါတယ်။
မြန်မာ နိုင်ငံ အနေနဲ့  အိမ်နီးချင်း နိုင်ငံ တွေ အနောက် နိုင်ငံ တွေ နဲ့  ပါ ဆက် ဆံ ရေး ကောင်းဖို့ 
အတွက် တိုးမြှင့် လုပ် ဆောင် သွား မှာ ဖြစ်ပြီး နိုင်ငံ တွင်း က ဆင်းရဲ မွဲ တေမှု ပပျောက် ရေး နဲ့ 
စီးပွား ရေး ဖွံ့ ဖြိုးတိုးတက် မှု တွေ ကို ဦးစား ပေး ဆောင် ရွက် မယ် လို့  ဆို ပါတယ်။
 by FNG on January 29, 2012

မဲဆွယ်စည်းရုံးခြင်း ကိစ္စများအတွက် ကော်မရှင် သတိပေး

မျိုးသန့် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအတွက် စည်းရုံးမှုပြုကြရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် တားမြစ်ချက်များကို တိကျစွာလိုက်နာရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်မှ အင်္ဂါနေ့တွင် ကြေညာချက်ထုတ်၍ နိုင်ငံပိုင် သတင်းစာများမှတဆင့် ထပ်မံသတိပေးလိုက်သည်။

၂ဝ၁ဝ ခုနှစ် သြဂုတ်လထုတ် ကော်မရှင် ကြေညာချက်အမှတ် ၉၁/၂ဝ၁ဝ အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး "နိုင်ငံတော်ကို အကြည်ညို ပျက်စေမည့်၊ တပ်မတော် ဂုဏ်သိက္ခာကို ထိခိုက်စေမည့် စသည့် ရေးသား၊ စည်းရုံး
ဟောပြောမှုမျိုး မပြုလုပ်ရန်"  ပါဝင်သည်။ "တပ်မတော် ပြိုကွဲမှုကို ဖြစ်ပေါ်စေရန်နှင့် ပညာသင်ကြားရေးကို ထိခိုက် ပျက်ပြားစေမည့် သွေးထိုးလှုံ့ဆော်ဟောပြောခြင်း"များ မပြုလုပ်ရန်လည်း ညွှန်ကြားချက်တွင် ဖေါ်ပြထားသည်။

စည်းရုံး ဟောပြောလိုပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သို့ ၇ ရက် ကြိုတင်၍ ခွင်ြ့ပုမိန့် လျှောက်ရမည်
ဖြစ်သည်။
dsdawai5
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား နားထောင်နေကြသည့် ထားဝယ်မြို့ ဘေဘီစတိုးရှေ့လမ်းပေါ်မှ လူထုပရိသတ်များကို တွေ့ရစဉ် (ဓါတ်ပုံ - မဇ္ဈိမ)

ဟောပြောစည်းရုံးပွဲသို့ တက်ရောက်မည့် ခန့်မှန်းလူအင်အားကိုလည်း တင်ပြရန်လိုအပ်ပြီး အဆောက်အအုံများ၊ ခန်းမများအတွင်းနှင့် ကွင်းတခုခုဖြစ်ပါက ဝင်ဆံ့သည့် အရေအတွက်ထက် မကျော်လွန်စေရန် တာဝန်ယူရမည် ဖြစ်ပြီး
ပြင်ပတွင် လူစုလူဝေး ရှိမနေစေရန်လည်း တာဝန်ယူရမည်ဟု ကြေညာချက် ၉၁/၂ဝ၁ဝ တွင် ဖေါ်ပြထားသည်။

ဟောပြောပွဲ လာရောက်သူများအနေဖြင့်လည်း ဟောပြောပွဲပြီးဆုံးပါက စီတန်းလှည့်လည် ကြွေးကြော်ခြင်းများ မပြုလုပ်ရ ဟုလည်း ကော်မရှင်က စည်းကမ်း သတ်မှတ်ထားသည်။ ယင်းအပြင် ယာဉ်များသွားလာခြင်းနှင့် လမ်းပိတ်ဆို့ခြင်းများ မဖြစ်စေရန်နှင့် ဟောပြောရာတွင်လည်း ခန်းမအတွင်း (သို့မဟုတ်) ကွင်းအတွင်း ကြားနိုင်ရုံသာ Sound Box ကို အသုံးပြုရန်လည်း ညွှန်ကြားထားသည်။

ကော်မရှင်၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရနိုင်သည်ဟုလည်း
ကြေညာချက် ၉၁/၂ဝ၁ဝ တွင် ဖေါ်ပြထားသည်။

၂ဝ၁၁ ဒီဇင်ဘာ ၂ ရက်နေ့တွင် အတည်ပြုလိုက်သည့် "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့် ဆိုင်ရာ ဥပဒေ" တွင်လည်း ဟောပြောလိုသူများအနေဖြင့် "မမှန်ကန်သော သတင်းများ၊ မမှန်ကန်သော အချက်အလက်များ ဟောပြောခြင်းမပြုရ" ဟု ပြဋ္ဌာန်းထားပြီး "ယာဉ်များနှင့် ပြည်သူများကို အနှောက်အယှက် ဖြစ်စေသော တားဆီး ပိတ်ဆို့ခြင်းကို မပြုလုပ်ရ" ဟုလည်း ပြဋ္ဌာန်းထားသည်။ အဆိုပါ တည်ဆဲဥပဒေ တရပ်ရပ်ကို ချိုးဖေါက်ပါက ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမည်ဖြစ်သည်။
dawai17
ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်အား လမ်းခရီးတွင် စောင့်မျှော်နှုတ်ဆက်နေသည့် မူလတန်းကျောင်းသားများကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

ရွေးကောက်ပွဲ ကော်မရှင်၏ အထက်ပါ ညွှန်ကြားချက်များသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ကာလအတွင်း အခြေအနေများ
နှင့် နှိုင်းယှဉ်ပါက ကိုက်ညီမှုမရှိဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးဟန်ရွှေက မဇ္ဈိမကို
ပြောသည်။

"တောင်သူလယ်သမားတွေ စပါးရိတ်တဲ့အချိန်လည်းဖြစ်နေတယ်။ မြေပဲစိုက်တဲ့အချိန်လည်း ဖြစ်နေတယ်။ ဒီကြားထဲ မိုးကလည်း ရွာဆိုတော့ ရွေးကောက်ပွဲ မဲဆွယ်ရတာ သိပ်ပြီးတော့ လွယ်ကူတာ မဟုတ်ဘူး။ အဲဒီတော့ အချိန် ကန့်သတ်ချက် တမိနစ် မယွင်းဆိုပြီးတော့ လုပ်လို့မရဘူး။ တောင်သူလယ်သမားတွေ အားတဲ့အချိန်မှသာ လုပ်ရတာ
ဖြစ်တယ်။ တိတိကျကျကြီးကျတော့ ကျနော်တို့ လုပ်လို့မရဘူး" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDသည်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ပြီး မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွား မည်ဟုလည်း ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။

"ကျနော်တို့ကတော့ ပါတီစည်းရုံးရေးလုပ်ငန်းကော ရွေးကောက်ပွဲ လုပ်ငန်းကော၊ မဲဆွယ်လုပ်ငန်းတွေကော သက်ဆိုင်ရာ ကော်မရှင်ကသတ်မှတ်ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်သူလူထုနဲ့အတူ ညှိနှိုင်းပြီးတော့ ဆောင်ရွက်
နေတာပါ။ အာဏာပိုင်တွေနဲ့ ပူးပေါင်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပါတီအသီးသီးမှ တင်ပြလာသည့် ရွေးကောက်ပွဲဝင် အမတ်လောင်းများကို ရွေးကောက်ပွဲကော်မရှင်မှ ယခုလ ၁ဝ ရက်နေ့တွင် စိစစ်အတည်ပြုပေးမည်ဖြစ်သည်။ ကော်မရှင်မှ စိစစ်ပြီးပါက ကိုယ်စားလှယ်လောင်းများ အနေဖြင့်
ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးနိုင်မည် ဖြစ်သည်။

အနာဂတ်ရင်သွေးများနှင့် ပညာရေး

by Ko Baloi on Saturday, January 28, 2012 at 11:34am
အတန်းပညာသည်    အနာဂတ်ရင်သွေးများအတွက်     မဖြစ်မနေ ဆည်းပူး     သင်ယူတတ်မြောက်ရမည့်   ဘာသာရပ်ဖြစ်သည်။
ပညာရွှေအိုး လူမခိုး၊   ပညာရဲရင့် ပွဲလယ်တင့်၊  ပညာမတတ်လျှင်   အကန်းနှင့်တူ၏  စတဲ့ ပညာနှင့်ပတ်သက်ပြီး    အမျိုးမျိုးတင်
စားပြောဆိုတာတွေရှိကြသည်၊
ကျနော်တို့မြန်မာနိုင်ငံတွင်ရှေ့လူကြီးများပြောဆိုခဲ့သည့် အရွယ်၃ ပါးရှိသည်။ ပထမအရွယ်မှာ- ပညာရှာ၊ ဒု-တိယအရွယ်မှာ- ဥစ္စာရှာ၊
တတိယ အရွယ်မှာ-  ကြင်ယာနဲ့ တရားရှာဆိုပြီး    အရွယ် ၃ ပိုင်းခွဲခြားထားပါတယ်၊ ပညာရှာနေတဲ့အရွယ်တွင်   ဥစ္စာရှာနေခြင်း- ကြင်ယာရှာခြင်းပြုခဲ့ရင် မှားမည်ဖြစ်ကြောင်း...ဆိုစကားဖြင့် ဆုံးမခဲ့ကြပြန်ပါသည်။    ဥစ္စာရှာတဲ့အခါမှာလည်း     ကြင်ရာရှာလျှင်
တူနှစ်ကိုယ် ဘဝခရီး လျှောက်လမ်းသည့်အခါ    မပြည့်မစုံပဲ ဒုက္ခတွေ တွေ့ရှိနိုင်ပါသည်။ ပညာနှင့် ဥစ္စာရှာပြီးမှသာ    ကြင်ယာရှာ
ပါကဘဝခရီးကိုဖြတ်သန်းတဲ့အခါ-မိမ၏ဘဝခရီးတလျှောက် ပူပင်ကြောက်ကျမှုများ ကင်းဝေးပြီး သာယာအေးချမ်းတဲ့    မိသားစု
ဘဝကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။

ဒါကြောင့်- မိဘတိုင်းက မိမိ၏ သား၊ သ္မီးများကို     ပညာတတ်ကြီးဖြစ်စေချင်ကြသည်၊  တချို့- မိဘများသည် မိမိ၏ သား၊ သမီးများ
ပညာတတ်မြောက်စေရေးအတွက်  မိမိ၏  ချွေးနည်းစာများကို    ချွေတာစုဆောင်းကာ မစားရက်၊ မသောက်ရက်နဲ့ ချွေတာစုဆောင်း
ထားသောငွေများဖြင့် မိမိ၏သား၊ သမီးများကို ဘွဲ့ရပညာတတ်ကြီးဖြစ်မြောက်စေရန် ပြုစုပျိုးထောင်ပေးခဲ့ကြသည်။
ပညာမတတ်မြောက်သောမိဘများသည်  မိမိ၏သား၊ သမီးများလူ့အောက်မကျို့စေရန် ပညာတတ်ကြီး ဖြစ်စေချင်ကြသည်၊ ပညာ၏
တန်ဖိုးသည်     လွန်စွာမှ ကြီးမားပေသည်။    ကျနော်တို့ မြန်မာနိုင်ငံတွင်ရှိကြသည့်    အမြို့မြို့- အနယ်နယ်ရှိ   လူငယ်- လူရွယ်
အများသည်- ခေတ်စနစ်ဆိုး၏ ရိုက်ပုတ်မှုဒဏ်ကြောင့်    နှစ်ပေါင်းများစွာ   ပညာနို့ရည်ကို    ပြည့်ဝလုံလောက်စွာ  မသောက်သုံး
ခဲ့ကြရချေ။ တိုင်းပြည်၏ အနာဂတ်ရင်သွေးများသည်    ပညာနို့ရည်ပြည့်ဝစွာ    သောက်သုံးခွင့်မရလျှင်-  တိုင်းပြည်၏  အနာဂတ်
သည်လည်း မည်သို့ပင်ကောင်းမည်မဟုတ်၊ တိုင်းပြည်၏အနာဂတ်လှပစေချင်ရင်... လူငယ်တို့၏ အနာဂတ် ပညာရေးကို   အစိုး
ရမှ  ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်ရမည်။    လူငယ်များ၏ အနာဂတ်      ကောင်းမွန်စွာပြုစုပျိုးထောင်သည့်     နေရာတွင် အစိုးရတစ်ရပ်အနေနဲ့ ပညာရေးအဆောက်အဦးကို     မဖြစ်မနေ တိုးတက်ကောင်းမွန်လာအောင် ပြုပြင်မွန်းမံပြင်ဆင်ပေးရမည်၊
အဆင့်မြင့်- အဆင့်မှီ       ပညာရေးစနစ်ကို    လူငယ်- လူရွယ်များက    သင်ကြားတတ်မြောက်နိုင်ခွင့်ရှိမှသာ-   နိုင်ငံသည်လည်း ကမ္ဘာနိုင်ငံများနှင့်ယှဉ်ပြီး ရင်ဘောင်တန်းနိုင်မည်ဖြစ်သည်။
ခေတ်စနစ်ဆိုး၏   ရိုက်ပုတ်မှုဒဏ်ကြောင့်    မြန်မာနိုင်ငံ၏   ပညာရေးအဆောက်အဦးသည်  ဘုန်းဘုန်းလဲ၍   ယိုယွင်းပျက်ဆီးကာ
နိုင်ငံသည်လည်း        ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းသို့   ဝင်ခဲ့ရသည်မှာလည်း    ပြည်သူလူထုတစ်ရပ်လုံးအသိပင်ဖြစ်သည်။  
ထို့ကြောင့်....( အနာဂတ်ရင်သွေးနှင့် ပညာ )  ရေးသည်...   တိုင်းပြည်၏   အနာဂတ်အတွက်  ဘယ်လိုမှ    အဖိုးဖြတ်၍မရသော
အရာပင်.....မဟုတ်ပါလော..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှတ်ချက်။  ။ အာဏာရှင်များသည် ၎င်းတို့ - သား၊ သမီးများနှင့် မြေးမြစ်များကို ပညာတတ်ကြီးဖြစ်စေချင်တဲ့ ကြီးမားတဲ့
                ရည်ရွယ်ချက်များရှိခဲ့သော်ငြားလည်း....မိဘ- ပြည်သူများ၏ သား/သမီးများကိုမှု     ပညာမတတ်စေချင်တဲ့
               ညစ်ပတ်- စုတ်ပဲ့သည့် အောက်တန်းကျသော စိတ်ဓါတ်များရှိကြသည်။

ကာလဝိဘက် နောက်ပိုးတက် ဖို့ စောင့်နေတယ် - - -

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)


ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေ လွတ်လာတော့ ၀မ်းသားအားရ ကြိုဆိုသူတွေ ရိုသေလေးစားသူတွေ မြင်တော့၊ မုဒိတာပွါးပါသည်။ ထို့အတူ ကျနော်က  ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူး ကုသိုလ်။
မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေ ဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူး ရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့တာကို အများပြည်သူ မျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထု တို့ကို သာဓုခေါ်နိုင်ပေမည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချလိုက်သည့်အတွက်၊ သံဃာတော် အရှင်သူမြတ်များမှာ ထောင်တွင်း ကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံဘုန်းရခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့ သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။
ဦးခင်ညွှန့်နှင့် အတူအားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန်...........

နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်

ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ်(၁) ဒု-ဗိုလ်မှူးကြီးလှရွှေ(ကြည်း)၊ ဗိုလ်မှူးအောင်ရင်(လေ) ၊ ဗိုလ်မှူးအေးကို(ရေ) တို့က ကျနော့်အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင်(လသာ) ကို လက်နက်ကိုင် စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို...." ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ်
ဝန်ခံလိုက်ရင် မင်းကို ငါးနှစ် ၊ ညီမလေးကို လေးနှစ်ပဲချမှာလို့ " စေတနာ ဗလပွနဲ့  လာသင်ပေးတယ်ဗျ။
ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ  ဘာမှကို ပြန်မပြောဘဲ  ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ်လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။  ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော်ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေ ၀တ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက်တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့  ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကို ကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ ဆန္ဒပါ။
သူတို့ထဲက အသက်ကြီးကြီး (၂)ရစ်နှင့် တပ်ကြပ်ကြီးက " ကောင်လေးတို့ မင်းတို့ကို အမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘကြီးတွေက သနားမှာပါ ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့" လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ ရယ်လိုက်တာ မှတ်မိပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ် ထုတ်ပြီး မီးညှိုပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့်ပန်နှင့် ရှိုက်ဖွါတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။
အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး( နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့် လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။  အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး   ၀င်ခဲ့ရတဲ့ အရသာလေး မှတ်မိသေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ.... ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင် လုပ်ရတယ်ဟ ဆိုပြီး ကြံဖန်ပြီး ဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာတွေကလည်း စုံလို့ ။ တခုပဲ တဦးစီ ဖြောင့်ချက်ယူ မျှပုံက
"ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သော လှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ  အပြစ်ရှိသလား" တဲ့။
ကျနော်က "မရှိပါ" လို့ ဖြေတော့........" ဟေ" တဲ့ ။
နောက် မရင်ရင် အလှည့်လည်း   မရင်ရင်က "မရှိပါ "လို့ဖြေတယ်။
တရားလိုလုပ်သူက ထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီး ထွက်ပြေးသည်မှ စ၍ ကိုဘိုနီအောင်နှင့် အတူပေါင်းသင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး "အပြစ်ရှိပါသလား" မေးပြန်တယ်။
ကျနော်ကလည်း  "မရှိပါ" ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။

ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့ လူက လာပြီး "မင်းပေးထားတဲ့ ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေး ပြန်သွားမလား" လို့ ချိမ်းခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ "ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ ၊ ဘာအပြစ်လဲ"  လို့ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံး ပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့.....ကျနော်တို့က  "မရှိပါ" မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ)မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က "မရှိပါ" ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့် စီရင်တာလည်း မဟုတ်ဘဲနဲ့။  တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင် မသိတဲ့ တဖက်သတ် စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖေါက်ဖတ်ပြီး အမိန့်ကို ချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်း ပြချင်တဲ့ အထာနှင့် ရုပ်ရှင်ရိုတ်ပြတာပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ(ကြည်း) မျက်ထောင့်ကြီးနီလို့ "ကောင်လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ် စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။  မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ" လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့် ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်က ထိုင်ရင် လိုက်ထိုင်တယ်။  ထရင် လိုက်ထတယ်။ ။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲ လုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်းကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ "မရှိပါ "ထပ်ဖြေတယ်။ တိုက်ပုံအမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီး ဆိုလား သဘာပတိကြီး ဆိုလား အစချီလိုက်ပြီး

"ယခုရုံးရှေ့ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၄င်းတို့၏ လွဲမှားသော အယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ် စီမံချက်ပုဒ်မ ၅(ည) နှင့် မတရားအသင်းဆက်သွယ်မှု ဆိုင်ရာ ပုဒ်မ ၁၇(၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်" လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချမှတ်ပေးမည်ဟု ဆိုကာခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅(ည) ၁၇(၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍ လည်းကောင်း၊ မရင်ရင်ကို ၅(ည) ၁၇(၁) ဖြင့် ထောင်ဒဏ် (၆) နှစ် ကျခံစေဟူ၍ လည်းကောင်း ချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက် တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး(၁၀) နှစ်လို့  ထင်ကြေးပေးထားကြတာ။

(စစ်ခုံရုံးအပြင်ဆင် ပြောပြတာက ဦးခင်ညွှန့်ရဲ့ စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင်(ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော် တို့ကိုလည်း ငုတ်တုပ်ကလေးတွေ ထိုင်လျက် တွေ့ရပါတယ်။  ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေ ထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့် တဦးပါပဲ။ သူက ကျနော့်ကိုဒီလိုပြောတယ်ဗျ။

"မိုက်လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာ အလုပ်ဆိုတာ ဘာလဲ" တဲ့။

"အရွေ့" လို့ ကျနော်ပြန်ဖြေတော့ " အေး မင်းဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးက လုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်" "တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲကျမယ်လို့ ငါတို့ထင်တယ်ကွ"
"ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့ အတွက် ချီးကျူးပါတယ်" " မင်းယုံကြည်ချက်တွေ မင်းစိတ်ဓါတ်တွေကို မေ့လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံ ထိန်းသိမ်းပေးရတဲ့ ဌာန" " မင်းအနေနဲ့ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ" "ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်" လို့ အစချီကာဆုံးမ စကားကို  ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။
 ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း  အဖအမည်-ဦးတင်ထွန်းဝေ  ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။
(မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။)

ဒီလိုဆက်ဆံမှု အပြင်ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေ ဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ


(၃)ဆောင်နှင့် ထောင်မှူးသိန်းမြင့်

အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ  ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေး ဆက်ဆံမှု မပြုပါ)


(အမှတ်သုံးဆောင်ကို Google မှတွေ့ရပုံ။)

ကျနော့်ကို အမှတ်(၃)ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃)ဆောင်ကို ကျနော် ရောက်သွားတာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ " ထောင်ကျသွားပြီဖြစ်တဲ့ မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာမင်းနဲ့ဆိုင်တယ် မင်းအကြောင်းမင်းပြောရမယ်၊ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့် ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက်(စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး ( အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်းရှေ့ မြေပြင်မှာ ပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)
ပုံစံအော်ရင် ခေါင်းငုံထားရမယ့် အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့ အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့ အကျဉ်းဦးစီးက အုပ်ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ... ဟုတ်ပြီလား" စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကို မိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကို ၀တ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း ကိုပါ သတိပေးပါတယ်။
ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ်(၄)ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီသက်ဝင်း(ခ)သံမဏိစိန်လှ တို့နဲ့အတူ ကိုမိုးမြင့်(မဆလဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့်(မွန်ကြီး)၊  ကိုဗညား၊ ကိုစည်သူဝင်း(သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင်(ပြည်)၊ ကိုခင်အောင်(ပြည်) မျောက်ညို(စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီဟ(ပြည်)၊ ကိုအေးကြည်(မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ(အရေးတော်ပုံပါတီ) ၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ရပါတော့တယ်။
(ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်
း၊ ဖဆပလခေတ် သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ်(၃)ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက် သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင်တွေပါလို့ ပြန်ချေပ အုန်းမှာလား။


ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ

အဲဒီ(၃)ဆောင်မှာပဲပေါ့ဗျာ......

အကျဉ်းသားဝတ်စုံ အဖြူကို  အထက်အောက်ဝတ်ဆင် ထားရသော်လည်း မျက်လွှာချပြီး ပုတီးစိပ်ရင်း ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃)ဦးကို အားလုံးထဲမှာ ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော် တော်တော့်ကို တုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲမှာလည်း ဝမ်းနည်းသလိုလို ကတုန်ကယင်ကြီး ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလည်း ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲ။ အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့ ဆရာတော်သံဃာတော်ကြီးတွေ ဖြစ်နေတယ်ဗျာ.............
တပါးက အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီးတွေဖြစ်သော အင်းစိန်ရွာမစာသင်တိုက်က ဆရာတော်ဦးတိလောကဘိဝံသ၊ နောက်တပါးက  ပါဌိကာရီ စာသင်တိုက်(သာကေတ) ဆရာတော်ကြီး ဦးအဂိင်္တ။  နောက်တပါးက ရွှေဘုန်းပွင့်ဆရာတော် ဘွဲ့တော် ကျနော်မေ့နေပါသည်။  ဆရာတော်ကြီးများဟာ ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း  သီလ၊သိက္ခာတော်တို့ကြောင့် ရာဇ၀တ်အကျဉ်းသားနဲ့မတူဘဲ သိသိသာသာကြီးကို ကွဲပြားနေပါတယ်။
(ကျောက်ကုန်းမေဒိနီကျောင်းတိုက်က အိနြေ္ဒ သိက္ခာကြီးမားသည့် ဆရာတော်ကြီး ဦးဥာဏ္ဏဝံသ အမှတ်(၅) ဆောင်မှာ ဖြစ်သည်)


(ကွယ်လွန်သွားသော ကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)

ဆရာတော်ကြီးများတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပြိုတဲ့ ဦးဇင်းလေးများလည်း ရှိကြနေတယ်။(ဘွဲ့တော်တွေ မမှတ်မိတာ ခွင့်လွှတ်ကြပါ)။ ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင် သံဃာအပါးနှစ်ဆယ်ကျော် ဖမ်းဆီးအကျဉ်းချခံရပါသည်။ ရန်ကုန်တတိုင်းလုံးနှင့် မန္တလေးတိုင်း အကုန်အပါဝင် မြန်မာပြည် အနှံ့ ဆရာတော် သံဃာတွေ ဘယ်လောက်လဲ။ ကျနော် အမှတ်သုံးဆောင်ကို ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့် ဆရာတော်ကြီးများနှင့် သံယာများမနည်းဘူးလို့သိရတယ်။ လူရှင်သင်္ချိုင်းကိုရေးတဲ့ ကိုနေလင်းတို့ထောင်ပြောင်းပါသွားတဲ့ အသုတ်ပေါ့။  ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို ကျနော်တို့ ထမင်းဝိုင်းမှာ ဘုဉ်းပေးပါတယ်။ တကယ့်ကို ငယ်ရွယ်ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅ နှစ်ခန့် ပါ။  ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့ ခေါ်ပါတယ်။ ရဟန်းမို့ကျနော်တို့က ဦးစားပေးဆွမ်းဟင်းပိုထည့်ရင် ဘုဉ်းမပေးတော့ဘူး။ ကျနော်တို့နှင့် တန်းတူသာ ဘုဉ်းပါတယ်။

ဆွမ်းဟင်းဆိုလို့လည်း အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာလာတွေ့ခံရ မှန်သူတဦးနှင့် ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာမလာသူ သုံးဦးလေးဦးခန့်က  တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ ခေါ်တဲ့
( အထားခံအောင် ကြော်ထားသည့် ငပိကြော်၊ ငါးခြောက်ကြော်၊ သရပ်သီးသနပ်နှင့် အသားကြော် တခုခုကို တဦး ဇွန်းတ၀က်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို ထည့်ပေးတာပါ။ (၃)ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်က လွဲရင် အခြားအချိန်တွေမှာ ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့် မရှိဘူး။ ထောင်ဥပဒေအတိုင်း ကျွေးချိန်မှာ အခန်းအပြင်ဖက် စင်္ကြန်မှာ စားရပါတယ်။

အဲသည့်စနစ်ဟာ ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှ အခက်အခဲ မရှိပေမယ့် မွန်းတည့်နောက်ပိုင်းမှာ ဘုဉ်းမပေးရတဲ့ သံဃာတော်တွေအဖို့မှာ အတော်ဒုက္ခရောက်ကြရပါတယ်။ အဲဒီတော့ ကျနော်တို့က  ညနေစာလာကျွေးတဲ့ ထောင်ထမင်း ၀ါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ အ၀တ်ပိုင်းစ( အကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။ အဲဒါကို မနက်ထောင်ဖွင့်ချိန်မှာ အာရုံဆွမ်းအဖြစ် သံဃာတော်တွေကို ထောင်ထမင်း ၀ါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။
ရေချိုးသည့်အခါ အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ တန်းစီရပါသည်။ ရေကန်စောင့်က "တတန်းလာ" လို့အော်လိုက်ရင် ထပြီးရေကန်ဘေးမှာ ရပ်ပြီး ဒန်ပန်ကန်ပြားကိုင်ကာ "ခပ်" ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့ ရေချိုးရတဲ့ စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။


ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များကို သတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ န၀တ ကပ်တဲ့ ဆွမ်းကွမ်းအလှူဒါနမို့ လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို ထောင်တွင်းမှာ လူမြင်သူမြင် တရားဝင် ဦးချခွင့် မရှိပါ။  လူမြင်သူမြင် ဆွမ်းကပ်ခွင့် မရှိပါ။ ဒါတွေကို  မြန်မာပြည်သူပြည်သားအပေါင်း သေသေချာချာမှ သိကြပါ့မလား။

မနက်တခါ ညနေတခါ ထိုင်ပြီး "ပုံစံ" လိုအော်ရင် ဦးခေါင်းငုံထားရသည့် ဆရာတော် သံဃာတော်တွေ အဖြစ်။ ရာဇ၀တ်သား အကျဉ်းသားများနှင့် ကြမ်းတပြေးထိုင် သီတင်းသုံးကာ။ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော အဖြစ်။ ညအချိန်မှာ ကြမ်းပေါ်မှာအကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူ ကြိမ်းတော်မူရသည့် အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင် ဘယ်လိုခံစားမလဲ။

ငါ×မသားတွေ နားထောင်ကြစမ်းလို့ အော်ဟစ် ပြောဆိုနေတဲ့ ထောင်အကျဉ်းခန်းထဲမှာ သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ စိတ်နှလုံးကို တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့ ထောင်အာဏာပိုင်တွေနင်းနေတဲ့ ကြမ်းပြင်တပြေးထဲမှာပဲ ထိုင်ပြီး ခေါင်းငုံအရိုသေပေးနေရတဲ့ သာသနာပိုင်ဆရာတော်တွေ အဖြစ် သံဃာတော်တွေ အဖြစ်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်သွားလေရာမှာ လူတကာကို လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။ သူလိုသာမန်လူတယောက်တောင် လက်အုပ်ချီခရီးဦးကြိုပြုခံနေတဲ့ အချိန်မှာ သာသနာပိုင် ဆရာတော်တွေ ထောင်ထဲမှာ သီတင်းသုံးနေသည်။

ထောင်ဥပဒေအတိုင်း အမည်ကို ဦး ကို တပ်မခေါ်တဲ့ အတွက်ဆရာတော်ကြီးတွေ အမည်ကိုခေါ်တဲ့ အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။ အကျဉ်းသားအချင်းချင်းနှင့် ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့ အကျဉ်းသားတောင် ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေး အနားလာပြီး ဘုန်းဘုန်းဘုရားလို့ ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။ သို့သော်လည်း တရားမ၀င်ဘူးလေ။

တပတ်တခါ ထောင်ပိုင်တန်းစီတဲ့ အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့ အခါ ဆရာတော်တွေမှာ အကျဉ်းသားတွေ ကြားထဲ တောင့်တောင့်ထိုင်ပြီး ဦးခေါင်းချိုး အရိုသေပေးရတာကို ဘာသာတရား ကြည်ညိုလှပါသည် ဆိုသော ဦးခင်ညွှန့် ဘာလုပ်ဖို့ သံဃာတွေ ထောင်ချသေးသလဲ။

 ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင် အကျဉ်းသားပဲဆိုပြီး တောင်ယာရေလောင်းဖို့ လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား ကျနော်တို့ လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ၀ိုင်းထမ်းပြီး လောင်းရတဲ့ အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေတွေကို သံစည်ပိုင်းပြတ်နှင့် နွားထမ်းတဲ့ တံဘိုးကို တပ်ထမ်းနေရတဲ့ အချိန်မှာတော့။

ဦးခင်ညွှန့် တယောက် နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ရွှေသက္ကင်္န်း ကပ်တဲ့ ဝေါယဉ်ကြိုးကို ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူတွေကို လုပ်ပြနေတာ ဦးခင်ညွှန် ကိုယ့် လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။ သံဃာကိုသတ်တဲ့ အသင်းအဖွဲ့၏ တာဝန်ရှိသူ သံဃာကို ညှင်းဆဲတဲ့ အသင်းအဖွဲ့ တာဝန်ရှိသူ အမိန့်ပေးသူ ဦးခင်ညွှန့် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက် အဖြစ် ရဲရဲကြီး ကြွေးကြော် ရဲပါသလား။

အရှက်သိက္ခာကြီးလှတဲ့ ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ် တောင်မစွန့်ဝံ့တာတဲ့ အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာ ရှိလှတဲ့ အချိန်။  ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွှန့် ထိုင်ရင်းနှင့်  တွေးမိလား သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲ ဆိုတာမျိုးလေးပေါ့။

အဲဒီ ၁၉၉၁ ထောင်ပြောင်းကာလမှာ  သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချထားချိန်၊ဆရာတော်တွေကို ခေါင်းစွပ်စွပ်ပြီး ခြေကျဉ်းခတ်ကာ ထောင်ပြောင်းနေတဲ့ အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင် ဦးခင်ညွှန့်တယောက် စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ ယောဂီပတ်ကလေးပတ်လိုက် ၊အဖြုရောင်ပတ်လေးပတ်လိုက်နှင့် ဘုရားဒကာ ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော ပီတိဖြစ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေ ဒီကိစ္စတွေ အကုန်သိကြပါ့မလား။ အဲသည့်အချိန်မှာ ထောင်ထဲမှာ ဒဏ်မခံနိုင်လွန်းလို့ ပျံလွန်တော်မူရှာရတဲ့ ဆရာတော်တွေ ရှိနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သိကြပါ့မလား။   ထောင်ပြောင်း သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့ သရက်တောကျောင်းတိုက် (လမ်းမတော်)ဆရာတော် ဦးအာစရ(သရက်ထောင်မှာ)ပါ။ ရွေဘုန်းပွင့်ကျောင်းတိုက်က ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်) အင်းစိန်ထောင် အမှတ်(၅)ဆောင်မှ ပျံလွန်တော်မူသည်။ 

ကျနော် ၀တ္တုရေးနေတာ မဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့က ပုံရိပ်တွေကို လှည့်စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။ အခုကျနော်ရေးသည့် အချက်အလက်များကို ကျနော်တယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။ ထိုအချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက်များကို ဖြန့်ဝေပေးတဲ့ သဲတပွင့်သာ ဖြစ်သည်။ အစဉ်လာကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့ အရတြရ တိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို မြင်လိုက် ရသည့်ဖက်ကနေ သိသမျှကို ရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏ ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။

ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ

၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာတော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရရှောင်ဖယ်လို့မရဘူးဆိုပြီး မိန့်ကာ ဆွမ်းခံကြွလေတော့ ရုတ်ပျက်ဆင်းပျတ် ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲချွတ် သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေ ဖက်မှ မခံနိုင်သော ရဟန်းပျိုများက ပြန်လည်တုန့်ပြန် ရိုတ်ပွဲဖြစ်ရာ။ န၀တ ဖက်မှ ပစ်ခတ်နိုမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော်အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။

ရန်ကုန်မြို့မှ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ အမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့ စာမေးပွဲပြီးတဲ့ အချိန်ဆိုတော့ န၀တ စစ်အစိုးရ အုပ်စုမှ အဓိကမင်းသားကြီး ဦးခင်ညွှန့် ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်းပလေ့ရှိသော သံဃာစာမေးပွဲဆု ဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကို ခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လို ကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာ ပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့် တီဗီများဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာ တွေ့ပေမည်။

ကမ္ဘာအေးသို့ န၀တ စစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုက်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင်လာလ ၅ ရက်နေ့ညမှ စတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြောရေးသို့ ပို့ဆောင် စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သက္ကင်္န်းတော်များ အတင်းဆွဲချွတ်ခြင်း အမှုကို ဦးခင်ညွှန်၏ အမိန့်ကြောင့် မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန်ဘ၀က ဟန်များမာန်များကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။

ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရား ကြီးစွာနှင့် ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး(၁) စစ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။
ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့် တယောက်ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲ ဆိုတာကို သိခြင်သည် မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန် ပြောတာကို  ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်းဖြေရှင်းစရာ မရှိဘူးလား တကယ်ပဲလား။


--------------------------------------------------
အချက် အလက်အချို့ကို ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်းသားဖြစ်သည့်တိုင်  ပြည်သူဖက်က ရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ ကျေးဇူးတော်ကို ဦးတင်လိုက်ရပါသည်။
အင်းစိန်ထောင် အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့် ဦးဇင်းဘုရားကိုလည်း ဦးတင်လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး(အမှတ်သုံးဆောင်)။  အမေရိကန်ပြည်ထောင်စုရှိ  သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း  တို့ နှင့်အတူ ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York) တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
----------------------------------------------------
ရေးပေးဖို့ ပြည်သူတွေကိုယ်စား တောင်းဆိုတာကတော့ အကိုချိုတူးဇော် ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။ တခုပြောချင်တာ ဒီစာလုံးတွေကို ရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့် မျက်ရည်ပေါက်တွေရှိပါတယ်။

ရဲမင်းထွန်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့် ခွန်း (ထားဝယ်မြို့ )

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်

သတင်းထုပ်ပြန်ချက်

ပြက္ခဒိန် ပုံပြင်

ရောမတို့ ၏ ရှေးပြက္ခဒိန်စံနစ်တွင် တစ်နှစ်လျင် ၃၅၅ ရက်သာ ရှိခဲ့သည်။ ၂ နှစ် သို့မဟုတ် ၄ နှစ်လျင် တစ်ကြိမ် လတစ်လကို ထည့်ပေါင်းပါသည်။ ထိုသို့ ပြုလုပ် ခြင်းဖြင့် တစ်နှစ်လျှင် ရှိသည့် ရက်ပေါင်း ၃၆၅ ရက်နှင့် ကိုက်ညီမှု ရှိအောင် ချိန်ညှိခဲ့ပါသည်။ ရောမတို့ ၏ ပြက္ခဒိန်စံနစ်သည် ကမ္ဘာက နေကို တစ်ပတ်ပတ်မိသည့် အချိန် (တစ်နည်း နေသွားလမ်းကြောင်း တစ်ပတ်ပြည့် သည့် အချိန်) ကို သာ အဓိက အခြေပြု သတ်မှတ်ထားသည်။ ထို့သို့ နေကို အခြေပြုသတ်မှတ်သည့် စံနစ်ကို solar calendar စံနစ်ဟု ခေါ်ပါသည်။ BC ၄၆ ခု မှာတော့ ရောမ ဘုရင် ဂျူးလိယက် ဆီဇာ (Julius Caesar) ဟာ ပြက္ခဒိန် စံနစ်တစ်ခုကို သတ်မှတ်ပါ သည်။ ထိုစံနစ်အရ ၃၀ နှင့် ၃၁ ရက်စီ အသီးသီး ရှိကြသော လပေါင်း ၁၂ လပါဝင် ပြီး လေးနှစ် တစ်ကြိမ် ဒုတိယမြောက် လကို ၁ ရက်ပေါင်းကာ နေသွားလမ်းကြောင်း နှင့် ကိုညီစေရန် လုပ်ခဲ့သည်။ သတ်မှတ်ခဲ့သည့် လများအနက် ၅ လမြောက် လဖြစ်သည့် ဂျူလိုင်လသည် ဆီဇာ အားအစွဲပြုပြီး သူ့အမည် ပေးခဲ့သည့် လဖြစ်သည်။
ဆီဇာ ကွယ်လွန်ပြီးသည့် နောက် သူ့အရိုက် အရာကို ဆက်ခံသည့် ဩဂုစတတ် (Augustus Caesar) သည် ဆီဇာ့လ (ဂျူလိုင်) လနောက်မှ လကို သူ၏ အမည်ပေးခဲ့သည်။ ရက်ပေါင်း ၃၀ သာ ရှိသည့် ဩဂုတ်လကို ဂျူလိုင် ကဲ့သို့ ၃၁ ရက်ဖြစ်ချင်သဖြင့် ဒုတိယမြောက် ဖေဖေါ်ဝါရီ လမှ တစ်ရက်ကို ထုတ်နှုတ်ပြီး ဂျူလိုင် လအတွင်း ထည့်သွင်း လိုက်သည်။ ထို့ကြောင့် ဖေဖေါ်ဝါရီလသည် ၂၉ ရက်ဖြစ်သွားရ လေသည်။ ဆီဇာ သတ်မှတ်ပြဌာန်းခဲ့သော ထိုပြက္ခဒိန် စံနစ်ကို ဂျူလီယန် ပြက္ခဒိန် (Julian Calendar) ဟု ခေါ်ပါသည်။ ထိုပြက္ခဒိန်သည့် တစ်နှစ်လျှင် ရှိသည့် ရက်ပေါင်း ၃၆၅.၂၅ ရက်နှင့် ကိုက်ညီစေရန် စီစဉ်ခဲ့ သည့် စံနစ်ဖြစ်သည်။
ကမ္ဘာ မှ နေကို တစ်ပတ်ပြည့် အောင် ပတ်ရသည့် အချိန်သည် ၃၆၅.၂၄၂၁၉၉ ကြာသည် ဖြစ်ရာ အနီးစပ်ဆုံးယူထားသည့် ဂျူလီယန် ပြက္ခဒိန်သည်။ ၀.၀၀၇၈၀၁ ရက်ပိုများနေသည်။ ကနဦးတွင် သိသာသည့် ကွာခြားမှု မဟုတ်သော်လည်း နှစ်ပေါင်း ၁၂၈ နှစ်ကြာလျှင် ကွာခြားမှုမှာ ၁ ရက်နှုံးဖြစ်ရာ အေဒီ ၁၅၈၂ ခု ရောက်သည့်အခါ ၏နှစ်ပတ်ကျော်ခန့် ပိုကြာ လာပါ တော့သည် ။ ရောမသာသနာ ပိုင်ဖြစ်သူ ပုပ်ရဟန်း မင်းကြီး ၁၃ ယောက်မြောက် ဂရီဂိုရီ (Pope Gregory the 13th) သည် ထိုကွာဟမှု ကို ချိန်ညှိပြီး အားနည်းချက်ကို ပြုပြင်ပေးခဲ့ပါသည်။
ဂရီဂိုရီက ရက်ထပ်နှစ်ကို လေးနှစ် တစ်ကြိမ် သတ်မှတ်သော်လည်း နောက်တွင် သုညနှစ်လုံးနှင့် ဆုံးသည့် နှစ်များ (၁၇၀၀... ၁၈၀၀... ၁၉၀၀.... စသည့်) နှစ်များ ဖြစ်ခဲ့ပါက ရက်ထပ်နှစ်ကို တစ်ရက် မတိုးရတော့ပါ။ သို့သော် သက္ကရာဇ် ၂၀၀၀ ကဲ့သို့ ရာစု ပြည့်နှစ်များ မှာမူ အကျုံးမဝင်ပါ။ ဤနည်းဖြင့် အနှစ် ၄၀၀ ကြာတိုင်း ပိုထွက်လာမည့် ရက် ထပ်ရပ် ၃ ရက်ကို လျော့ချပစ်နိုင် ခဲ့သည်။ ထိုပြက္ခဒိန် စံနစ်သည် ကျွန်တော်တို့ ယ္ခုသုံးနေသည့် ဂရီဂိုရီယမ် ပြက္ခဒိန် စံနစ် (Gregorian Calendar) ပင် ဖြစ်ပါတော့သည်။
ဂရီဂိုရီယမ် အရ သက္ကရာဇ်သည့် ခရစ်တော် ဖွားမြင်သည့် နှစ်မှ စတင် ရေတွက်ခဲ့ သည့် ခရစ် သက္ကရာဇ် ခုနစ်ဖြစ်သည်။ သည့်နောက်ပိုင်းတွင်လည်း ပြက္ခဒိန်ရက်များကို ချိန်ညှိမှုများ ရှိခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာ အဝှမ်း ပြက္ခဒိန် ရက်များကို ပြောင်းလဲ သတ်မှတ်ခဲ့မှုကြောင့် အမေရိကန် သမ္မတ ဂျော့ချ် ဝါရှင်တန်၏ မွေးနေ့ မှာ ဖေဖေါ်ဝါရီ ၁၁ ရက်မှ ဖေဖေါ်ဝါရီ ၂၂ ရက်ဖြစ်သွားခဲ့ ရသည်။
အနောက်တိုင်းသုံး ပြက္ခဒိန် စံနစ်သည် နေသွားလမ်းကြောင်း တစ်ပတ်ပြည့်သည့်ကာလကို တစ်နှစ်အဖြစ်စံထားပြီး လများကို စိတ်ပိုင်းသတ်မှတ် ခဲ့သော်လည်း  တရုတ် လူမျိုး များ သည် လတစ်လ ကာလကို လသွားလမ်းကြောင်း တစ်ပတ်ပြည့်မှု အဓိက ထား သတ်မှတ် ကြသည်။ ထိုသို လနှင့် သတ်မှတ်သည့် စံနှစ်ကို  Luna Calendar ဟုခေါ်သည် ။ အခြား အာရှ နိုင်ငံများဖြစ်သည့် အိန္ဒိယ  ၊ မြန်မာ ၊ ထိုင်း၊ လော စသည့် နိုင်ငံများနှင့် နှင့် ဂျူးလူမျိုး များမှာမူ လတစ်လကို လပတ်လမ်းကြောင်း တစ်ပတ်ပြည့်မှုနှင့် သတ်မှတ်ပြီး နှစ်တစ်နှစ်ကို မူ နေပတ်လမ်းကြောင်း နှင့် သတ်မှတ် ကြသည်။ ထို သို့ပေါင်းစပ် သတ်မှတ်သည့် ပြက္ခဒိန် စံနစ်ကို Luni-Solar Claendar စံနစ်ဟု ခေါ်ပါသည်။

အမျက်ဒေါသ ထိန်းချုပ်နည်းသင်ခန်းစာ သင်ကြားမည့် ဗြိတိန်စာသင်ကျောင်း

Category: မောက္ခနိုင်ငံတကာသတင်းPublished on Saturday, 28 January 2012 10:53

 Written by မြတ်ပန်းရှင်

အပြုအမူ လွဲမှား ဆိုးရွားစွာ ပြုမူခဲ့လို့ ကျောင်းသား ၄၀ ကို ကျောင်းက ထုတ်လိုက်ရပြီးတဲ့နောက်မှာတော့ ဒီဗြိတိန် စာသင်ကျောင်းဟာ အမျက်ဒေါသ ထိန်းချုပ်နည်း သင်ခန်းစာတွေကို အသက် ငါးနှစ်အရွယ် ကလေးတွေက စပြီး သင်ကြားပေးသွားဖို့ကို ဆုံးဖြတ်လိုက်ရပါတယ်။
စိတ်ပညာရှင်များနဲ့ စိတ်ကျန်းမာရေး ပညာရှင်များက Hillcrest မူလတန်းကျောင်းက တပည့်လေးတွေကို သင်ကြားမယ့် သင်ခန်းစာတွေကို ကူညီ ရေးဆွဲပေးနေကြပါတယ်။
ကျောင်းစစ်ဆေးရေးမှူးတွေက ကျောင်းကို လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်ပိုင်း ဒီ Yorkshire နယ်က ကျောင်းရဲ့ အခြေအနေကို လက်မခံနိုင်ဘူးလို့ မှတ်ချက် ပြုခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အခုလိုမျိုး ဒေါသထိန်းချုပ်နည်း သင်ခန်းစာကို ထည့်သွင်းရတော့တာပါ။ ကျောင်းသား ၄၀ ကို ကျောင်းက ထုတ်ပစ်ခဲ့ရတာလေ။
Leeds မြို့ကောင်စီရုံးကလည်း -အပြုအမူအတွက် ပံ့ပိုးကူညီမှု- တွေ အကောင်းဆုံး ပေးနေပါတယ်။
ကျောင်းစစ်ဆေးရေးမှူး John Yong က အခုလို ပြောပြခဲ့ပါတယ်။ "ဒီ အပြုအမူ ပြဿနာကို ကြီးကြပ်နေတဲ့ ဒုကျောင်းအုပ်ဟာ ပြဿနာဖြစ်နိုင်ချေ ရှိတဲ့ အမျက်ဒေါသရဲ့ အစ ဘယ်လို ဖွဲ့တည်လာသလဲဆိုတာကို ကောင်းကောင်း နားလည်ထားတဲ့သူလေ။"
"တပည့်တချို့ကိုတော့ -ကူညီစောင့်ရှောက်တဲ့ အုပ်စု- ထဲမှာ ထည့်သွင်းပြီး သင်ကြားပါတယ်။ အချို့ကတော့ အမျက်ဒေါသ ထိန်းချုပ်နည်းနဲ့ လူမှုဆက်ဆံရေး တိုးတက်လာစေဖို့အတွက် အကြံပေး ကောင်းဆယ်လင်းတွေနဲ့ တွေ့ဆုံကြရပါတယ်။ ရံခါမှာ ကျောင်းသားအချို့ဟာ ဒီအပြုအမူ ချောက်ကပါးထဲ ကျ ကျသွားတဲ့ မဖွယ်မရာ ပြုမူဆက်ဆံရေးဆိုး သံသရာစက်ဝိုင်းကို ချိုးဖျက်နိုင်ကြဖို့ရာ စာသင်ကြားအစုနဲ့ ပညာရေး စိတ်ပညာရှင်တစ်ဦးနဲ့ ပူးပေါင်း လုပ်ဆောင်ကြပါပြီ"
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
Source: IANS/ London

အရပ်သားစကား


လူတွေကဧရာဝတီဝိုင်းအော်တော့ နိုင်ငံတကာကြားကောင်းအောင်ရှော့ပေးလိုက်တယ် ။ နိုင်ငံရေးအကျဉ်းသား နိုင်ငံရေးအကျဉ်းသား ဝိုင်းအော်တော့ ဟော ရှော့လိုက်ရပြန်ရော ။ ရှင်တို့  သန်းရွှေကို မကြိုက်ဘူးမို့ လား - သန်းရွှေကို ဖမ်းလို့ အော်ကြလေ - - (ကျနော် အူတက်မတတ်ရယ်ခဲ့ရတယ်)

နောက်တယောက်ကပြောတယ်
စေတနာပါလို့ လုပ်တာမှ မဟုတ်တာ လူကြားကောင်အောင်လုပ်နေတာ စောင့်ကြည့် မဲခိုးလိမ့်မယ် ။

(ဟောဒါကတော့ နိုင်ငံရေးသမာ.တယောက်စကား )
စောင့်ကြည့်ပါဗျာ ပြောင်းတော့မှာပါ - - -

(အထက်ကပြောတဲ့သူတွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလေးစားနေသူတွေပါ)

ငှဲ ငှဲ တနှစ်စာကို တရက်ထဲ ပြောပြလိုက်မယ် - - - -

ဆည်းပူးလေ့လာ၊ နိုင်ငံရေး ပညာ


သင်ကောင်းလျှင်ကျွနုပ် မဆိုးတဲ့ နော်ဝေးဝန်ကြီး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကြေညာချက်

အာဏာရအင်အားစုအတွင်း NLD ကို လက်မခံသူများရှိနိုင်

SSA-S ခေါင်းဆောင်များ မြို့ကြီးသုံးမြို့တွင် စီးပွားရေး လေ့လာမှုပြုလုပ်

ဦးခင်ညွှန့်ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ရသလဲ?

ဖြေသိမ့်လိုက်

Published on Wednesday, 25 January 2012 09:27
Written by လှရွှေ

“ဖြေသိမ့်လိုက် သူငယ်ချင်း ရှေ့ဆက် မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ ဟိုအရင်အချိန်ကကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ”

ကျောင်းသူ၊ ကျောင်းသား တရာကျော်ရဲ့ သံပြိုင်ဆိုလိုက်တဲ့ အသံက လူမနီး သူမနီးမှာ တည်ရှိတဲ့ စီဒီစီ ကျောင်းက ထွက်ပေါ်လာတဲ့ သီချင်းသံဖြစ်ပါတယ်။ အဆိုတော် ၀ိုင်းဝိုင်းရဲ့ “ဖြေသိမ့်လိုက်” သီချင်းကို ဆရာ ဒေါက်တာဘသိန်းဝင်းနှင့် ကျောင်းသားတွေက တယောလေး တစ်လုံးနဲ့ ခံစားမှုအပြည့်နဲ့ သီဆိုလိုက်ခြင်း ဖြစ်ပါတယ်။

အဲဒီနေ့က ကျနော့်အတွက် အမှတ်ရစရာလေး ဖြစ်ခဲ့ပါတယ်။ အိမ်မပြန်ဘဲ ကျောင်းအောက်မှာ အလုပ်လုပ်နေတဲ့ ဆရာတွေလည်း အဲဒီသီချင်းသံကို ကြားတာနဲ့ ကျောင်းအပေါ်ထပ်ကို အပြေးအလွှား တက်လာပြီး အားပေးကြပါတော့တယ်။ အဲဒီသီချင်းလေးကို ကျောင်းသားတွေနဲ့ ရောပြီး သံပြိုင်ဆိုလိုက်ကြပါတော့တယ်။ ကျောင်းသားတွေရော ဆရာတွေပါ ဘ၀တူတွေမို့လားမသိ ဒီသီချင်းလေးကို တော်တော့ကို သဘောကျကြပါတယ်။

ကျနော် စိဒီစီ ကျောင်းမှာ ဆရာလုပ်လာတာ တနှစ်နီးပါးရှိနေပါပြီ။ ကျနော်သင်ရတဲ့ အတန်းက Grade 11 နှင့် Grade 12 တွေဖြစ်ပါတယ်။ အဲဒီနေ့က ကျနော်နဲ့ဆရာ ဦးဝင်းမြင့် နှစ်ယောက်တွဲပြီး သင်ရမယ့် နိုင်ငံရေးသိပ္ပံ အချိန်ကို တယောဆရာ ဒေါက်တာဘသိန်းဝင်းက သူ့ရဲ့ကိုယ်ပွား တယောလေးနဲ့ ပျော်ရွင်မှုတွေ ကင်းဝေပြီး အနိဌာရုံနဲ့သာ အမြဲတွေ့ခဲ့ရတဲ့ ကလေးတွေကို မိတ်ဆက်ပေးလိုက်တာပါ။

ဒေါက်တာဘသိန်းဝင်းကလည်း ဘယ်အချိန်ကတည်းက ပြင်ဆင်ထားမှန်းမသိတဲ့ “ဖြေသိမ့်လိုက်” သီချင်းက ကလေးတွေရဲ့ ကြေမွနေတဲ့ ဘ၀ကို အားပေးလိုက်တဲ့ သီချင်းလေး ဖြစ်နေပြန်တယ်။ ကလေးတွေရဲ့ ပျော်ရွင်မှုက ကျနော်ဆီကို ကူးစက်ပြီး မျက်ရည်စို့ခဲ့ရပါတယ်။

ကျနော်နဲ့ ဆရာဘသိန်းဝင်းရဲ့ အမြင်က တထပ်တည်းကျနေပြန်တယ်။ ကျနော်တို့ရဲ့ နေ့စဉ်သင်ကြားမှုက ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ဘောဂဗေဒ၊ သမိုင်း စတဲ့ အမှန်တကယ် ငြီးငွေ့ဖွယ်ရာ အတိတွေပါပဲ။ အဲဒီလို ငြီးေွေ့ဖွယ်ရာတွေ ကြားမှာ တယောသင်တန်းလေး တခုပေးရင် ပိုကောင်းမယ် ပြောတော့ ဒေါက်တာ ဘသိန်းဝင်းက ကောင်းတာပေါ့ဗျာတဲ့။ အဲဒီတော့ ဒီသင်တန်းလေး စဖြစ်ဖို့ ကျေင်းသားတွေကို စည်းရုံးတဲ့ အနေနဲ့ တယောရဲ့ ရာဇ၀င်၊ တယောဆိုတာ ဂီတ အားလုံးရဲ့ ဘုရင်ဖြစ်ပုံတွေကို မိတ်ဆက်ပြီးတော့ “ဖြေသိမ့်လိုက်” နဲ့စည်းရုံးလိုက်ပါတော့တယ်။

ကျနော် သင်နေတဲ့ စီဒီိစီ ကျောင်းက မဲဆောက်မြို့ အနီးတ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာရွေ့ပြောင်းကလေးတွေ အတွက် ဖွင့်ထားတဲ့ အထက်တန်းကျောင်း ဖြစ်ပါတယ်။ ကျောင်းသားစုစုပေါင်း ၁၃၀၀ ရှိတဲ့ အထက်တန်းကျောင်းပါ။ မြန်မာပြည်က တိုင်းရင်းသား ပေါင်းစုံကို ကြည့်ချင်တယ် ဆိုရင် စီဒီဒီ ကိုသာလာခဲ့ပါ။ တိုင်းရင်းသား ပေါင်းစုံ ဖြစ်သလို ဘ၀နောက်ခံတွေကလည်း ရင်နာစရာတွေ၊ ၀မ်းနည်းစရာတွေနဲ့ ပြည့်နေတတ်ပါတယ်။

အချို့ကလေးတွေက မိဘနှစ်ပါးလုံး ဘယ်ဆီဘယ်ဝယ် မသိတဲ့ကလေးတွေ၊ အချို့ကလေးတွေက အမိမြန်မာပြည်ရဲ့ စီးပွားရေး အခက်ခဲကြောင့် ရေကြည်ရာ မြက်နုရာ လှည့်လည်လာတဲ့သူတွေရဲ့ ကလေးတွေ၊ အချို့ကလေးတွေက ပြည်တွင်းစစ်မီးကြောင့် ပြေးလာကြတဲ့ ကလေးတွေ စုံလို့ပါပဲ။

ရေရာ သေချာမှု မရှိတဲ့ သူတို့လေးတွေရဲ့ ဘ၀ကလည်း ဖြေသိမ့်တတ်တဲ့ အကျင့်မရှိရင် ရူးချင်စရာ ကောင်းတဲ့ အဖြစ်မျိုးပါ။ အဲဒီလို ကလေးတွေကို ဒေါက်တာ ဘသိန်းဝင်းရဲ့ တယောလေးက လက်ရှိဘ၀ရဲ့ အခြားတဘက်ဆီကို ခေါ်သွားနိုင်ခဲ့ပါတယ်။

ကျနော်တို့ရဲ့ မြန်မာ့ ပညာရေး ယဉ်ကျေးမှုမှာ ကျောင်းသားတွေ အနုရသနဲ့ အထိအတွေ့မရှိခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပါပြီး။ မျိုးဆက် သုံးဆက်လောက်က ကျောင်းပညာရေးမှာ အနုရသနဲ့ထိတွေ့ခံစားမှု မရှိတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အင်မတန်မှ နုနယ်လှတဲ့ ကလေးဘ၀မှာ ဂီတအနုပညာကို ခံစားခွင့် မရရှိခဲ့တာ ရင်နာစရာကောင်းလှပါတယ်။

ကျောင်းတွေမှာ စစ်သူကြီးတွေရဲ့ အောင်မြင်မှုတွေ၊ ဘယ်စစ်ပွဲမှာ ရဲမက်စစ်သည် ဘယ်လောက်ပါခဲ့တယ်၊ ဘယ်လောက် ကျဆုံးတယ် စတဲ့အရာတွေကသာ ကလေးတွေရဲ့ ဘ၀ကို လွမ်းမိုးခဲ့တယ်။ အခုအချိန်မှာ မြန်မာ့နိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ ဦးဆောင်ဦးရွက် ပြုနေတဲ့ အသက်ခြောက်ဆယ်တန်း တွေက ကျောင်းသားဘ၀တွေတုန်းက ဂီတအနုပညာနဲ့ ဝေးခဲ့တဲ့သူတွေပါ။ ဂီတ အနုပညာနဲ့ဝေးခဲ့တဲ့ ဒီပုဂ္ဂိုလ်တွေက အင်မတန်မှ သာယာကြည်နူးဖွယ် ကောင်းတဲ့ ငြိမ်းချမ်းတေးသံကို ခံစားတတ်ပါလေစ လို့တွေးမိတယ်။

ဒေါက်တာဘသိန်းဝင်းရဲ့ တယောသင်တန်း စည်းရုံးရေးက မှန်းထားတာထက် အောင်မြင်ပါတယ်။ ကျောင်းသား၂၀ ကျော် တယောသင်တန်းတက်ဖို့ စာရင်းပေးခဲ့ကြတယ်။ သင်တန်းသား အရေအတွက်နဲ့ တယောအရေ အတွက်က ၁း ၂၀ ဖြစ်ပေမယ့် သင်တန်းလေးကို စလိုက်ပါတော့တယ်။ အခုအချိန်မှာတော့ ဆရာရဲ့ တယောသင်တန်းလေးက အတော်လေး ခရီး ပေါက်နေပါပြီ။

တယောလေး တစ်လုံးနဲ့ စခဲ့တဲ့သင်တန်းဟာ ခုတော့ ဒေါက်တာကြီးက ဘယ်ကနေ မလာမှန်းမသိတဲ့ တယောငါးလုံးနဲ့ တော်တော်လေး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေပါပြီ။ “ အေးဗျာ ကျနော်ကြိုးစားအုံးမယ် မစ်ရှင်တွေလာရင် တယောဆယ်လုံးလောက် ရအောင် အလှူခံအုံးမယ်” လို့ပြောပါတယ်။

ကျောင်းသားတွေရဲ့ ဘ၀တွေနဲ့ အပြိုင် ဆရာဘသိန်းဝင်းရဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆရာက အမေရိကားက ပင်စင်ယူပြီး ထိုင်းမြန်မာနယ်စပ် တလျှောက်က ပညာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ စေတနာ့ ၀န်ထမ်း လုပ်နေတာ ရှစ်နှစ်နီးပါးလောက်ကြာနေပါပြီ။ “ ဆရာလှရွှေရေ့ ကျနော်ကတော့ နေရာမှန်နေပြီဗျာ” တဲ့။ ဆရာသင်တာက Biology၊ အခုတော့ “တယောအဘိုး”လို့ ကလေးတွေက ချစ်ခင်လေးစားတဲ့ စိတ်နဲ့ ခေါ်နေကြပါပြီ။

တယောသင်တန်းစည်းရုံးရေး ပြီးကတည်းက ဆရာရဲ့ ဂီတသင်တန်းလေးကို မရောက်ဖြစ်တာ တလလောက် ရှိမယ်ထင်တယ်။ ဒီနေ့တော့ ဆရာ့ရဲ့ တယောသံလေးကိုနားထောင်အုံးမှာဘဲလို့ စိတ်ပိုင်းဖြတ်ပြီး အောက်ထပ်မှာရှိတဲ့ ဆရာတွေ ရုံးခန်းကနေ စာလေးဖတ်ပြီးနားထောင်ဖြစ်ခဲ့ပါတယ်။ ဆရာက သူရဲ့ အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ တယောသံလေးကို နားထောင်ချင်ရင် မျက်စိမှိတ်၊ စိတ်ကိုတည်ငြိမ်စွာထားပြီး နားထောင်ပါသတဲ့။

သင်တန်းပြီးခါနီး အပေါ်ထပ် သင်တန်းခန်းလေးဆီသွားပြီး ကြည့်လိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျောင်းအပေါ်ထပ်ကိုတက်ခဲ့ပါတယ်။ အခန်းကို ကြည့်လိုက်ချိန်မှာတော့ တယောအစစ်က ငါးလုံး၊ တုတ်ချောင်းလေးကို တယောအဖြစ် ထိုးနေကြတဲ့ ကျောင်းသူလေး ငါးဦးကို တဒင်္ကမြင်ရတဲ့ မြင်ကွင်းက အဆိုတော် ၀ိုင်းဝိုင်းရဲ့ သီချင်းလို “ဖြေသိမ့်လိုက်” ပေါ့ကလေးတို့ရယ်လို့ စိတ်ထဲမှာ ရေရွတ်မိပါတယ်။

ကျနော်တို့တွေ ဘယ်အချိန်ထိ ဖြေသိမ့်ပြီး နေထိုင်ကြရတော့မှာလဲ တွေးရင်း သီချင်းရဲ့ နောက်ဆုံးအပိုဒ်လို “အားတင်းကာ လျှောက်လိုက်ပေါ့” လို့ စိတ်ထဲက သီဆိုမိပါတော့တယ်။

လေးစားရသော ဒေါက်တာဘသိန်းဝင်းနှင့် ကျနော်ချစ်ရသော သင်တန်းသားများသို့

လှရွှေ

(မောက္ခ မဂ္ဂဇင်းမှ ယူပါတယ်)

ပဒိုမန်းငြိမ်းမောင် လွတ်မြောက်လာရန် KNU မှ ထပ်မံတောင်းဆိုသွားမည်

ဇန်န၀ါရီလ ၂၄ရက်၊ ၂၀၁၂။ နန်းသူးလေ (ကေအိုင်စီ)

အစိုးရ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီ ၀င်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင် ပြန်လည်လွတ်မြောက်လာရေးအတွက် ဆက်လက် တောင်းဆိုသွားမည်ဟု KNU က ပြောသည်။

KNU ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက “သူ လွတ်မြောက်ဖို့အတွက် တော့ အစိုးရနဲ့ နောက်တကြိမ် ထပ်တွေ့တဲ့အခါမှာ တောင်းဆိုသွားမှာပါ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ပဒိုမန်းငြိမ်းမောင် အရေးကိစ္စ တိတိကျကျ မသိရှိရသေးသည့်အပြင် စီရင်ချက်ချမှုနှင့် ပတ်သက်၍ လည်း သေချာစွာ မသိရှိရသေးကြောင်း ပဒိုစောဒေးဗစ်ထောက ဆက်လက် ပြောဆိုသွားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခဲ့သော် လည်း ပဒိုမန်းငြိမ်းမောင်မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိခဲ့ပေ။

ထို့အပြင် ပဒိုမန်းငြိမ်းမောင် မလွတ်မြောက်သေးသည့်အတွက် အစိုးရနှင့် လက်မှတ်ထိုးပြီးနောက် ၄၅ရက်အတွင်း ထပ်မံ တွေ့ ဆုံမည့် ဆွေးနွေးပွဲတွင် ပဒိုမန်းငြိမ်းမောင်အရေး အပါအ၀င် တောင်းဆိုဆွေးနွေးမည့် အကြောင်းအရာများကို ပြင်ဆင်နေပြီဟု ပဒိုစောဒေးဗစ်ထောက ယခုလို ပြောသည်။

“အဖွဲ့အစည်းအတွက် အလုပ်လုပ်နေတဲ့သူပဲ တောင်းရမှာပေါ့။ သူနဲ့တင် မကပါဘူး။ တို့တွေကို ထမင်းကျွေးလို့ အဖမ်းခံရတဲ့ လူတွေ၊ အထုပ်ထမ်းလို့ အဖမ်းခံရတဲ့လူတွေ၊ ရေတိုက်လို့ အဖမ်းခံရတဲ့လူတွေပါ လွတ်အောင် တောင်းရလိမ့်မယ်”ဟု ပြော သည်။

လာမည့်အပတ်တွင် ပဒိုမန်းငြိမ်းမောင်အား ရုံးထုတ်စစ်ဆေးရာ၌ ရှေ့နေခေါ်ယူသွားပေးမည်ဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်ဟောင်းဖြစ်သူ ကရင်အမျိုးသမီး နော်အုန်းလှကလည်း ယမန်နေ့က ကေအိုင်စီသို့ ပြောဆိုသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့က မဟာမိတ်အဖွဲ့အချို့နှင့် သွားရောက်တွေ့ဆုံရန် ထိုင်းနိုင်ငံမှတဆင့် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပျောက်ဆုံးသွားခဲ့သူ ပဒိုမန်းငြိမ်းမောင်သည် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရ ကာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ စသည်ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၇နှစ် အကျဉ်းကျခံနေရသည်။

ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တွင် ဗဟိုကော်မတီဝင်တဦးဖြစ်သည့်အပြင် KNU အပါအ၀င် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

THE LADY က အပိုင်းတခုပါ

ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့ မူပိုင်


"မေမေ ဘာလို့ ငိုတာလဲ"
"မေမေဟာ မိန်းမသားမို့ပေါ့ကွယ်"
"သား နားမလည်ဘူး မေမေ"
"သား တစ်သက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ်"

"ဖေဖေ... အကြောင်းမရှိဘဲ မေမေ ဘာလို့ ငိုရတာလဲဟင်"
"မိန်းမတွေက ဒီလိုပဲ သားရာ"
ကြီးပြင်းလာတဲ့ အထိ မိန်းမတွေ ဘာလို့ငိုတယ်ဆိုတာကို သား နားမလည်ခဲ့ဘူး။
နောက်တော့ သူဟာ ဘုရားသခင်ကို ဖုန်းဆက် မေးမြန်းပါတော့တယ်။
"မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင်"
"မိန်းမတွေကို စတင်ဖန်တီးလိုက် ကတည်းက သူတို့ကို ထူးခြားအောင်
ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ ပုခုံးနဲ့ ကမ္ဘာကြီးကို ထမ်းပိုးနိုင်အောင်
ဖန်တီးခဲ့သလို ရေလို့ ပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ၀မ်းနည်းမှု၊
နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင်
သူတို့ရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်"

"တစ်ခြားသူတွေ လက်လွတ် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ဇွဲနဲ့
တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့်မိသားစုအပေါ် နောင်တ တရားမရဘဲ
ပြုစုစောင့်ရှောက်ပေးနိုင်ဖို့
လည်း ဖန်တီးခဲ့တယ်"

"ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို
ထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း
ဖန်တီးခဲ့တယ်"

"ခင်ပွန်းရဲ့ ပျော့ကွက်နဲ့ အသုံးမ၀င်မှုတွေကို ခွင့်လွတ်သည်းခံပြီး
ကာကွယ်ပေး တတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှ ကိုယ့်ဇနီးကို နာကျင်အောင်
မလုပ်ဘူးဆိုတဲ့ အသိဥာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်"

"တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို
ထောက်ခံ အားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"

"နောက်ဆုံး သူ အလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ
သူပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်"

"မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ ခန္ဓာကိုယ်
အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊
မိန်းကလေးတွေရဲ့ အလှကို သူတို့ရဲ့ မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ
စိတ်ရဲ့ တံခါးပေါက်ပဲ"

ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။ မိန်းကလေးတိုင်းကို
ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ
သူတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။
မိန်းမသားတိုင်း လှကြပါတယ်။

အင်တာနက်ပေါ်မှာ အင်္ဂလိပ်ဗားရှင်း၊ တရုတ်ဗားရှင်း နှစ်မျိုးရှိပါတယ်။ ဒါက
တရုတ်ဗားရှင်းကနေ ဘာသာပြန်ထားတာပါ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်

အင်္ဂါ, 24 ဇန်နဝါရီ 2012

ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ ပါကစ္စတန် သမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါပြီ။ သူ့ကိုကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင်နဲ့ ပညာရေးဝန်ကြီး ဦးမြအေးတို့က လေဆိပ်မှာကြိုဆိုခဲ့ကြပါတယ်။ အခုညပိုင်းမှာပဲ သမ္မတ အိမ်တော်မှာ ညစာစားဖို့ ရှိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးမယ်လို့ ပါကစ္စတန်သမ္မတရဲ့ရုံးက ကြိုပြီးသတင်းထုတ် ပြန်ထားတာရှိပါတယ်။ ပါကစ္စတန် နိုင်ငံကို အာစီယံအသင်းနဲ့ အပြည့်အ၀ ဆွေးနွေးဖက်နိုင်ငံအဖြစ် သတ်မှတ်ရေးကိစ္စကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။ မနက်ဖြန်ကျရင်တော့ ပါကစ္စတန်သမ္မတ ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပါလိမ့်မယ်။ ပြီးရင် သတင်းစာရှင်းလငးပွဲလည်း လုပ်ပါလိမ့်မယ်။
ပါကစ္စတန်သမ္မတနဲ့အတူ သူ့ရဲ့ သားနဲ့သမီးလည်း မြန်မာပြည်ကို လိုက်ပါလာခဲ့ကြတာပါ။ သမ္မတ Zardari ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီမှာ သူ့ရဲ့သား Bilawal Zardari Bhutto က ဥက္ကဋ္ဌ ပါ။ ၂၀၀၇ ခုနှစ် မှာ လုပ်ကြံခံရလို့ သေဆုံးခဲ့ရတဲ့ သမ္မတ Zardari ရဲ့ ဇနီး ၀န်ကြီးချုပ်ဟောင်း ဘနီဇီယာဘူတိုဟာလည်း ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့သူတဦးပါ။ ပါကစ္စတန်ပြည်သူ့ပါတီက ဘနီဇီယာဘူတိုရဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့ ၂၀၁၀ပြည့်နှစ် ဇွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုကို မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာပါ။
ပါကစ္စတန် သမ္မတ Zardari ဟာ ရန်ကုန်မြို့မှာရှိတဲ့ မဂိုဘုရင် စပါးရှားရဲ့ အုတ်ဂူကိုလည်း သွားပြီး ဂါရ၀ပြုဖို့ ရှိပါတယ်။

ကိုကိုကြီးရဲ့ မိန့် ခွန်း

မန္တလေး NLD ကာတွန်းပြပွဲ

နိုင်/ကျဉ်း မှ ထုပ်ပြန်ကြေညာချက်

နိုင် - ကျဉ်း မှ ထုပ်ပြန်ကြေညာချက်

ဘာဘာညာညာ ဇာဂနာ

ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..

ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..

ကိုသက်နွယ်(ခ)ညိမ်းလူဟာ ၂၀၀၂ခုနှစ် မှာဗုံးဖောက်ခွဲမှုဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပါတယ်..။ ထောင်တွင်းမှာ သွားများတချောင်းမှ မကျန်အောင် အပြင်းအထန် နှိပ်စက်ခံခဲရပါတယ်...။ အာဏာရှင် ဗိုလ်သန်းရွှေ အာဏာတည်တံ့ခိုင်မြဲဘို့အတွက် အဓိက ဒေါက်တိုင်ဟာ ဗိုလ်ခင်ညွှန့်ပါ..။ မိမိသားသမီးတွေနဲ့ ခွဲခွါနေရတာကိုကြတော့ ကိုယ်တိုင်ခံစားတတ်တယ်..။ ပြီးခဲ့တဲ့ သတင်းတွေမှာ ထောင်ကထွက်လာမယ့် သားကို မျှော်ပြီး လွတ်မလာတဲ့ အတွက် မျှော်လင့်ချက်မဲ့ပြီး သေဆုံးခဲ့ရတဲ့ မိခင်တွေ၊ သားဖြစ်သူ လွတ်လာတဲ့နေ့မှာ ဝမ်းသာလုံးစို့ပြီး သေဆုံးခဲ့ရတဲ့မိခင်တွေကို ဗိုလ်ခင်ညွှန့် ကိုယ်ချင်းစာကြည့်ပါ။

၁၉၈၈ကနေ ၂၀၁၁ခုနှစ်အထိ ထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ သူတွေ သေရာပါ ဒဏ်ရာနဲ့ ဒုက္ခိတဖြစ်ခဲ့ရတဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသား သား၊သမီးတွေကို တွေ့မြင်ခွင့် မရလိုက်ပဲ အသေမဖြောင့်ခဲ့ရတဲ့ မိခင်၊ ဖခင်တွေအတွက်.. သားသမီးချင်း၊ မိဘချင်း ဗိုလ်ခင်ညွန့် ကိုယ်ချင်းစာကြည့်ပါ..။

ပြန်ထွက်လာတဲ့အချိန်မှာ ခေတ်ကာလအကြိုက်ကို ကြိုသိနေပြီး ထောက်လှမ်းရေး အကွက်အတိုင်း ဒေါ်အောင်ဆန်းကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ စကားတခုထဲနဲ့ အမြင်မှန်ရသွားပြီဆိုပြီး ခွင့်လွှတ် လွယ်ကြတဲ့သူတွေ စဉ်းစားကြည့်ကြပါ...။ နာစရာကို လွမ်းစရာနဲ့ ဖြေစရာ တကွက်မှ မရှိသလို.. လွမ်းလောက်လို့လားဗျာ.. ဘုရား၊ တရားပဲလုပ်မယ်ဆိုပြီး တရားသိနေတယ် ဆိုလည်း ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ အကုသိုလ်တွေကို နောင်ဘဝအတွက် မပါအောင် ယောင်္ကျားပီပီ ဝန်ခံတောင်းပန်ပေါ့..။

ပေဖြစ်လည်းခံ တူဖြစ်လည်းခံနေရတဲ့ ကျွန်တော်တို့ မြန်မာတွေ တခြားနေရာမှာခွင့်လွှတ်လွယ်တာ မပြောလိုပေမယ့်.. ကျားက သက်သက်လွတ် စားပြီဆိုပြီး ခွင့်လွှတ် လွယ်လွန်းတာကတော့ ခံခဲ့ရတဲ့သူတွေကို မညှာတာရာ ရောက်ပါတယ်..။ တောင်းပန်ပါတယ်ဆိုတဲ့ နောင်တတရားရတဲ့ စကားတလုံး မထွက်လာသ၍ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိလို့ မြင်ပါတယ်။ ထောင်ထဲမှာ ပေးဆပ်ခဲ့ရတဲ့သူတွေနဲ့ အာဏာစာခွက်လုရင်း မြောင်းထဲရောက်ခဲ့တဲသူ နှိုင်းယှဉ်စရာမရှိပါ..။ မစင်ပုံထဲက လောက်ကို ကျွန်တော်တို့ ဆင်းမဆယ်မိဖို့ ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ်လွယ် သူများအား လွမ်းလောက်လို့လားလို့  မေးပါရစေ၊ ပြောပါရစေဗျာ။

ဒီမိုဝေယံ

ပြုသူအသစ် ဖြစ်သူအဟောင်းလို့ ဆိုပေမယ့် ဗိုလ်ခင်ညွန့်လက်ထက်မှာ မတရားခံရသူ အတွက်ကတော့ အသစ်တွေပါပဲဗျာ..

နဝတ၊ နအဖလက်ထက် မြန်မာပြည်ရဲ့ ဗုံးပေါက်ကွဲမှုတွေမှာ တရားခံကို ဖမ်းမိရိုးထုံးစံရှိလား..။ နဝတ၊ နအဖလက်ထက် တန်ခိုးလက်စောင်းထက်ခဲ့တာ ဗိုလ်ခင်ညွန့်နဲ့ အပေါင်းအပါတွေပါ.. နအဖအတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးကို အချင်းချင်း ခွက်စောင်းခုတ် ဖြုတ်ထုတ်သတ် ဗုံးခွဲလုပ်ကြံကြတာ မှတ်မိကြမှာပါ..။ အမှုမှန်ပေါ်ပေါက်ရဲ့လား... နောက်ဆုံးခံရတာတော့ တက်ကြွတဲ့နိုင်ငံရေး လှုပ်ရှားသူတွေလေ..။ တံတွေးလက်ညှိုးဆွတ် ခါးထိုးပြီး မကောင်းသူ ထိပ်ကောင်းသူထိပ်ပေါ့.. အခုတော့ တရားခံက အပြုံးမပျက် ပြည်တွင်းဂျာနယ်တွေမှာ သူရဲကောင်း ယောင်ယောင် နေရာဝင်ယူ နေပါတယ်..။

ခံခဲ့ရတဲ့ ကိုသက်နွယ်(ခ) ကိုညိမ်းလူ ကတော့ ကိုယ်မလုပ်ခဲ့ရတဲ့ ကျူးလွန်ခြင်းမရှိတဲ့ ပြစ်မှုအတွက် နောက်ဆုံးအချိန်မှာ ဒုက္ခမျိုးစုံ ခံစားရင်း အခန်းကျဉ်းလေး တခုထဲက ဖျာကြမ်းပေါ်မှာ ခေါင်းအုံးတလုံး၊ ဆောင်လေး တစ်ထည်.. ပတ်ဝန်းကျင်က ကူညီသူ အနည်းငယ်နဲ့ လောကကြီးကို ကျောခိုင်း ထွက်ခွာသွားပါပြီ..။

အောက်မှာတော့  ယခုသတင်း ဆောင်းပါးမှာ လာရောက်ကွန်မာန့်ပေးသွားတဲ့ ကိုငယ်ရဲ့ ကွန်မာန့်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်..

ကိုသက်နွယ်(ခ)ညိမ်းလူ အနှိပ်စက်ခံခဲ့ရတဲ့နည်းတွေထဲက တခုကိုတော့ ကျွန်တော်ပြောပြချင်တယ်၊ ရိုင်းသွာရင်ခွင့်လွှတ်ပါ၊ အမှန်တရားကို သိစေချင်တာကြောင့်ပါ၊ ဗုံးခွဲတယ်ဆိုပြီးစွပ်စွဲပြီးတော့ လူ့ရဲ့မစင်ကိုအတင်းအကြပ် ကျွေးပါတယ်၊ မစားလို့စေ့ထားတဲ့ သွားကိုရိုက်ချိုးပြီး လူ့မစင်ကိုပါးစပ်ထဲ အဓမ္မ သိပ်ထည့်ပြီး မျိုချခိုင်းပါတယ်၊ နောက်ထပ်အလုပ်မခံချင်ရင် ပြစ်မှုကိုကျူးလွန် မိခဲ့ပါတယ်ဆိုပြီး မမှန်မကန်တဲ့ဖြောင့်ချက်ကိုယူဘို့ ချိန်းခြောက်ပါတယ်၊ အစပိုင်း တော့အဲဒီလို အမှန်အတိုင်း မလုပ်ဘူးကြီး ဖြေနေလိုက်တာ လေးခါလောက်လဲ စစ်လိုက်ရော ပါးစပ်မှာ အံသွားလောက်ဘဲကျန်တဲ့ အခြေအနေ ဖြစ်သွားပါတယ်၊ နောက်ဆုံး စစ်ဆေးရေးအလိုကျ ပြောပါ့မယ်လို့ ကတိပေးမှ ယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးတဲ့ပုံစံကို ဗီဒီယိုရိုက်ထားပါတယ်၊ ထုံးစံအတိုင်း ဘယ်သူ့ချိန်းခြောက်မှုမှ မပါဘဲ မိမိသဘောအတိုင်း အဖြစ်မှန်ကို ထွက်ဆိုခဲ့တဲ့ ပုံစံဖြစ်အောင် သက်သေအဖြစ် မှတ်တမ်းတင်ထားပါတယ်၊ နောက်ဆုံးတော့ ဝန်ခံဖြောင်ချက်ပေးတဲ့အတွက် သေဒါဏ်အစား ထောင်ဒါဏ် တသက်တကျွန်း တံခါးပိတ် အမိန့်ချလိုက်တယ်။ သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့ သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး ပါးစပ်ထဲမှာ အနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ သဘောထားကြပါလို့ ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ သွေးတွေ ဆူလာပါတယ်ဗျာ။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့ ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။

 ကိုယ်မကျူးလွန်တဲ့ ပြစ်ဒဏ်အတွက် ဗိုလ်ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေရဲ့ မြေဇာပင်ဖြစ်ခဲ့ရတဲ့ ကိုသက်နွယ်(ခ)ညိမ်းလူ ကောင်းရာ သုဂတိလားပါစေ...။

ငရဲပွက်ပမာ သေဆုံးသူတို့၏ AB မြောက်ပိုင်းမှ အရိုးတွန်သံများ


သင်တို့၏ မင်းမဲ့စရိုက်ဆန်စွာ အမိန့်အာဏာတို့ဖြင့်
ပါးကွက်သားဆန်ဆန် သတ်ဖြတ်ခဲ့သော
AB မြောက်ပိုင်းမှ တော်လှန်သူတို့၏ အရိုးတွန်သံများသည်
ငရဲပွက်ကဲ့ပမာ ပဲ့တင်ရိုက်ခပ်
ညပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး
သင်တို့အား ညစဉ်လိုလို ခြောက်လှန့်စေမည်ဖြစ်သည်။
ပြေးလို့လွတ်မည်မဟုတ်သည့် ထို- ရာဇဝင်သွေးကြွေးတို့ကို
သင်နှင့် ပြုသူအပေါင်းတို့က
ပြန်လည် လည်စဉ်းခံ၍ ပေးဆပ်ကြရမည်ဖြစ်သည်။
သင်တို့၏  အာဏာရမက်ဇောတွေကြောင့်
အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုစနစ်ဆိုးအောက်
များစွာသော AB ရဲဘော်အပေါင်းတို့သည်
ဒုက္ခမျိုးစုံတို့ကို ကြုံဆုံစေခဲ့ပြီး
ဌက်ဖျားမိလို့အခြေမလှ ပြန်ကြသူတွေလည်း ရှိ၊
တစ်ရက်ဆေးမကူ သေသူတွေလည်း ရှိ၊
ခေါင်းဆောင်ပိုင်းတချို့  ရွှေရ  ငွေရ
ဟန်ကျနေသူတွေလည်းရှိ၊
အဲဒီခေါင်းဆောင်တွေပဲ
ရေငတ်လျှင်ဘီယာသောက် သရဲကြောက်လို့ အဖော်ခေါ်အိပ့်
နောင်ရေးစိတ်အေးဖို့ အိမ်မြေ- ခြံ- ကားတွေလည်း
တိတ်တစိတ် ဝယ်ယူထားကြလေရဲ့။
မြောက်ပိုင်း အေဘီမှ ငရဲပွက်ပမာ
သေဆုံးသူတို့၏  တောက်ခေါက်သံ ပြင်းပြင်းတို့သည်
နေ့ပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး
နေ့စဉ်လိုလို သင်တို့အား
အရိပ့်မဲ့တစ္ဆေကဲ့သို့ ခြောက်လှန့်နေဦးမည်ဖြစ်သည်။
ထိုသူတို့၏ ရာဇဝင်သွေးကြွေးကို ငါတို့ဆပ် အံ့၊
ငါတို့၏ ချွန်မြသော ကလောင်သွားဖြင့်
ရာဇဝင်သမိုင်းမှန်များကို ရေးဖော်ကြ၊
ငါတို့၏ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှအားတို့ဖြင့်
အမှန်တရားကို တူးဖော်ကြ၊
ကမ္ဘာကုန်တည်သ၍ ငါတို့၏ စိတ်အစဉ်ဝယ်
ရက်စက်သူတို့အပေါ်
ဖြေသော် မပြေ- ချေသော်- မကြေ ကမ္ဘာမကြေပဲဟေ့းးးးးးးးးးးးးးးး။
( အမေ့သား ) ဒိန်းမတ်
ABSDF တွင် မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ လူမဆန်စွာ ရက်ရက်စက်စက်
အမိန့်ပေးသတ်ဖြတ်ခဲ့သော    လူသတ်တရားခံများကို        ဤ- ကဗျာဖြင့်
ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။
ကိုဗလိုင် ( ခ) အောင်စိုး ABSDF ( ၁၀၁ ) ( ၁၀၂ ) တပ်ရင်း ဘုရားသုံးဆူဒေသ။