ဆန္ဒပြလယ်သမားကို အာဏာပိုင်က အကြမ်းဖက်ဖြိုခွဲ

2012-07-31

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့တွင် လယ်သမား ဆန္ဒပြနေကြစဉ်။
လယ်သမားတွေက ဆန္ဒပြဖို့ ဇူလိုင်လ (၂၄) ရက်နေ့က ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။ လယ်သမား အများစုဟာ ခွင့်ပြုချက် ရရှိထားပြီးပြီလို့ ယူဆပြီး မြို့နယ်ခန်းမကို စုရုံးသွားရောက်ရာမှာ အခုလို အကြမ်းဖက် ဖမ်းဆီးခံရတာလို့ လယ်သမားတဦးက RFA ကိုအခုလို ပြောပါတယ်။
"ကျွန်တော်တို့ လူဦးရေ အယောက်၂၀၀ နီးပါးလောက်လေ။ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်လာတာပါ။ ဘာကြွေးကြော်သံမှလည်း မထုတ်ရသေးပါဘူး။ ၂၉ ရက်ညက စထွက်လာပြီး မြို့လယ်ခန်းမ အလွန်လေးမှာ ကျွန်တော်တို့ကို မြို့နယ်ရဲမှူး ဦးထွန်းလွင် သူက ဦးဆောင်ပြီးတော့ အကြမ်းဖက် ဖြိုခွဲတာ ခံရပါတယ်။  သေနတ်တွေနဲ့ အတင်းထိုးကြိတ်၊ တုတ်တွေနဲ့ အတင်းရိုက်။ ဟေ့ကောင်တွေ နေအုံး၊ ပစ်မယ်၊ မင်းတို့ကောင်တွေကို၊ ဥပဒေအရ မင်းတို့ကို မဟုတ်တဲ့အတွက် ခွင့်မပြုနိုင်ဘူး။ ဘာဘူး၊ ညာဘူးနဲ့  ခြိမ်းခြောက်ပြီး အတင်းရိုက်တာပါ။ အဲတာနဲ့ လယ်သမားတွေလည်း ကြောက်လန့် တကြားနဲ့ အကုန်လုံး ထွက်ပြေးရတဲ့ အနေအထား ဖြစ်ပါတယ်။ အဖမ်းခံရတာ ၅ ယောက်ပါဗျ။ ဦးဆောင်တဲ့လူ ကိုအုန်းဟန်ကို အရင်ဆုံး ဖမ်းသွားပါတယ်။ ကိုအုန်းဟန်ကို နံပါတ်တုတ်နဲ့ လည်ပင်းကို ညစ်ပြီးတော့ သူတို့ ဖမ်းသွားတယ်။ ကိုဝင်းလှိုင်ကို ထိုးကြိတ်ပြီး လက်ထိပ်ခတ်ပြီး ခေါ်သွားပါတယ်။ ကျောက်ဆုံကြီး ကျေးရွာက ကိုဝင်းစိုးတို့၊ ကိုကြည်ဝင်းတို့  ကိုအောင်မြိုင်တို့ကိုလည်း သူတို့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်"
အဲဒီလို ဆန္ဒပြ လယ်သမားတွေကို သဲကုန်းမြို့အဝင် မြို့တော်ခန်းမနားမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးဦးစီးတဲ့ အာဏာပိုင်အဖွဲ့က နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး လမ်းတွေပေါ် ဒရွတ်တိုက် ဆွဲခေါ်ဖမ်းဆီးသွားပုံကို မိမိကိုယ်တိုင် မြင်ခဲ့ရပါတယ်လို့ သဲကုန်းမြို့ခံ ကိုမင်းလွင်ကလည်း RFA ကို ပြောပါတယ်။
"တန်းစီပြီး လာတဲ့အချိန်မှာ ရဲတွေက ဝင်ပြီးဖမ်းပေါ့။ ရိုက်တဲ့လူက ရိုက်ပေါ့။ အဲဒီလို လုပ်တာ။ လုပ်ရင်းနဲ့တချို့ ဆိုလို့ရှိရင် ကျွန်တော် မြင်တာကတော့ဗျာ၊ ရဲတစ်ယောက်က လယ်သမား တစ်ယောက်ကို သူ့လက်ထဲမှာရှိတဲ့ နံပါတ်တုတ်နဲ့ လည်ပင်းကို ညစ်ပြီး တရွတ်တိုက် ခေါ်လာတာ။ အဲဒီ ရဲမှူးတစ်ယောက်က ဆိုလို့ရှိရင် ဆဲဆိုပြီး ရိုက်ကွာ အဲဒီလိုပြောတာ။ အဲဒီသုံးပွင့်နဲ့ "
ဆန္ဒပြမယ့် လယ်သမားအများစုဟာ သဲကုန်းမြို့ အနီးတ၀ိုက် ကျေးရွာတွေက ဖြစ်ပြီး ခလရ (၈၀)၊ ခမရ (၄)၊ ခမရ (၅) စတဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်တွေနဲ့ အမှတ်-၃ ကုမ္ပဏီ လီမိတက်က သိမ်းယူထားတဲ့ လယ်မြေဧက (၁၆၀၀) ကျော်ကို ပြန်လည်ရရှိရေးအတွက် တောင်းဆိုဖို့ ရည်ရွယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းမ တမံကြောင့် လယ်မြေတွေ ရေနစ်မြှုပ်တာကို ကူညီဆောင်ရွက်ပေးဖို့နဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ရရှိရေး စတာတွေကို တောင်းဆိုဖို့လည်း စီစဉ်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ အဖမ်းခံရသူတွေကို နောက်ပိုင်းမှာ ခံဝန်ချက် လက်မှတ်တွေထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ သမ္မတထံ တင်ပြရမည်

မျိုးသန့် | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။

“ဟုတ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၁၀၁ အရ စာရင်းပြုစုပြီး ပေးပို့ပေးဖို့ ညွှန်ကြားတာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။
  

၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တွင် “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော် သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်” ဟု ဖေါ်ပြပါရှိသည်။

သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု
ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ တရားသူကြီးချုပ်များ တရားသူကြီးများ စသည့် ပုဂ္ဂိုလ် ၇ မျိုး ပါဝင်သည်။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းကို မှတ်တမ်းတင်ထားရန် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၄ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့သေးသည်။

“Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်းနှင့် အကျိုးစီးပွား များကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်” ဟု ဦးဝင်းမြင့်က သူ၏ အဆိုအတွင်း ထည့်သွင်းဆွေးနွေး ခဲ့သည်။

အဆိုကို မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း ထောက်ခံခဲ့ပြီး ဆက်လက်ဆွေးနွေးရန် လွှတ်တော်မှ သဘောတူခဲ့သည်။

“နိုင်ငံတော် သမ္မတနှင့် ဒု-သမ္မတများသည် မိမိတို့ဦးစီးသည့် တစီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး
ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်” ဟူ၍လည်း အခြေခံဥပဒေ ပုဒ်မ ၆၈ တွင် ဖော်ပြပါရှိသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား

2012-07-30
မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သေဖို့ တောင် စဉ်းစားရမလွယ်



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အောင်သိန်းလင်းကိုအမတ်အဖြစ်မှရုတ်သိမ်းရေး နှိုးဆော်မှုများ ရှိနေ

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မဲဆန္ဒရှင်များက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးရေး စုပေါင်းလက်မှတ်ရေးထိုးကာ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရန် နှိုးဆော်မှုများ ရှိနေသည်။

ဦးအောင်သိန်းလင်း၏ Southern Weekend China သတင်းစာသို့ ဖြေဆိုခဲ့သည့် စကားများနှင့် ပတ်သက်ပြီး ဒေါသ ထွက်နေသော ဒေသခံ အချို့က ၎င်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ရန် ကြိုးစားလာခြင်း ဖြစ်သည်ဟု တနင်္ဂနွေနေ့မှ စတင်ခဲ့သော လက်မှတ်ရေးထိုးမှုကို ဦးဆောင်သူ တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်မှ ဦးမင်းအောင် က ဆိုသည်။

သဘောတူ လက်မှတ်ထိုးသူ ၂ဝဝ ခန့် ရှိပြီဖြစ်ပြီး ၂ဝဝဝ ခန့် ကောက်ခံရန် ရှိနေသည်ဟုလည်း သိရသည်။

တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် ၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲအတွင်း မဲပေးခွင့်ရှိသူ ၈ဝ,ဝဝဝ ကျော်ရှိသည်။  ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၉၆ ပုဒ်မခွဲ (ခ)အရ လွှတ်တော် ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ရေးထိုးရမည် ဖြစ်သည်။

အခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ နိုင်ငံတော် ကျေးဇူးသစ္စာ ဖောက်ဖျက်
ခြင်း၊ ကိုယ်ကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းနှင့် အမတ်ဖြစ်ထိုက်သော အရည် အချင်း ပျက်ယွင်းခြင်းတို့သည် လွှတ်တော်အမတ်တဦးကို တာဝန်မှ ပြန်လည်ရုတ်သိမ်းနိုင်သော အကြောင်းတရားများ
ဖြစ်သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ဦးအောင်သိန်းလင်း၏ ပြောကြားချက်များအား သတင်းစာက တရုတ်ဘာသာဖြင့် ဖော်ပြချက်ကို Burmanet က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားချက်အရ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းခြင်းကို သူ့အနေဖြင့် သဘောမတူဘဲ သမ္မတ တဦးတည်းကသာ ဆုံးဖြတ် လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သို့ မဲပေးခဲ့
သော မဲဆန္ဒရှင်များကို "They are crazy" ဟု အပြစ်ဖို့ ပြောကြားချက်များ ပါရှိသည်။

တရုတ်နိုင်ငံပိုင် CPI ကုမ္ဗဏီက တည်ဆောက်ခဲ့သော အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်းကို ပြည်သူအများက အုတ်အော်သောင်းတင်း ကန့်ကွက်ခဲ့ကြသည်။

လက်မှတ်ထိုးရေး နှိုးဆော်သူတဦးဖြစ်သော တောင်ဥက္ကလာဒေသခံ ဦးမင်းအောင် က “ဦးတို့ရဲ့ ကိုယ်စားလှယ်အဖြစ် ဦးတို့က သူတို့ကို တင်ပေးထားပြီးပြီ။ တင်ပေးထားတဲ့ အချိန်မှာ ကိုယ်စားလှယ်တွေက ဦးတို့ကိုယ်စား ကောင်းရာ
ကောင်းကြောင်းတွေ ပြောရမယ် ဆိုရမယ်၊ လုပ်ရမယ်လေ။ အဲတော့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ လုပ်တယ်ဆိုတာကတော့ ဒါတို့ ကိုယ်စားလှယ် မဖြစ်ထိုက်တော့ဘူးပေါ့။ ပုဂ္ဂိုလ်ရေးအရ မုန်းတီးလို့လုပ်တာ မဟုတ်ဘူး” ဟု ပြောသည်။

၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင် ဦးအောင်သိန်းလင်းကို မဲပေးခဲ့သူ တောင်ဥက္ကလာပ ၁ဝ ရပ်ကွက်မှ ဦးနိုင်ကိုလင်း ကလည်း “ကိုယ့်ပြည်သူကို ကာကွယ်ရမယ့်နေရာမှာ မကာကွယ်ဘဲနဲ့ ဒီလိုမျိုးကြီး ပြောတယ်ဆိုတော့ ခေါင်းဆောင်က အဲလိုမျိုးကြီးလားဆိုတဲ့ အတွေးမျိုး ဝင်လာတဲ့အခါ ဘယ်လိုမှ မခံစားနိုင်ဘူး” ဟု ပြောသည်။

ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဦးအောင်သိန်းလင်းက တရုတ်သတင်းစာအား သူ၏ ဖြေကြားမှုများမှာ ဘာသာပြန် မှားယွင်းကြောင်း ပြည်တွင်းဂျာနယ်များသို့ ပြန်လည် ဖြေရှင်းခဲ့သည်။ သို့သော်လည်း  မယုံကြည်နိုင်ကြသူများကလည်း ရှိနေသေးသည်။

တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်မှ မဲဆန္ဒရှင်တဦးဖြစ်သူ ဒေါက်တာစောနိုင်က “Cat ဆိုတာ ကြောင်ကို ခွေးလို့မှ ဘာသာပြန်လို့ မရတာ။ တခုတော့ ရှိတာပေါ့ တောကြောင် ဖြစ်ရင် ဖြစ်မယ်။ အိမ်မှာနေတဲ့ကြောင် ဖြစ်ချင်ဖြစ်မယ်ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ဦးအောင်သိန်းလင်း၏ ဖြေကြားမှုများနှင့် ပတ်သက်၍ ၎င်း၏ပါတီ ကြံ့ခိုင်ရေးပါတီက စိစစ်လျက်ရှိနေပြီး သူ၏
ဖြေကြားမှုများ မှန်ကန်ပါက ပါတီ၏ စည်းမျဉ်းစည်းကမ်းများအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ဦးအောင်သိန်းလင်း အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက်များသာ
ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ” ဟုလည်း ကြေညာချက်ထဲတွင်ဖေါ်ပြထားသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လူထုကိုဗဟိုပြုပြီးနိုင်ငံအပြောင်းအလဲ

လူထုကိုဗဟိုပြုပြီးနိုင်ငံအပြောင်းအလဲ ဆောင်ရွက်ရန်

 ဒေါ်သန်းမြင့်အောင် ဆွေးနွေး

2012-07-28
လူငယ်အဖွဲ့တွေ ဦးစီးပြီး အပတ်စဉ် ကျင်းပနေတဲ့ အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆိုတဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ တော်ဝင်နှင်းဆီမှာ ဒီနေ့ကျင်းပခဲ့ပြီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဒုဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင် က ငြိမ်းချမ်းရေးနဲ့ပရဟိတအကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံအပြောင်းအလဲမှာ အစိုးရတဘက်တည်းက ဦးစီးဆောင်ရွက်နေတာထက် လူထုကို ဗဟိုပြုပြီး ဆောင်ရွက်မှ ပိုပြီးထိရောက်မှာ ဖြစ်သလို အကျိုးဖြစ်ထွန်းမယ်လို့ ဆရာမ သန်းမြင့်အောင် က ဆွေးနွေးပါတယ်။
ဒီလို လူထုဗဟိုပြုဖို့ အတွက် လူငယ်အသင်းအဖွဲ့တွေရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ ပိုရဖို့ လိုအပ်သလို၊ ဒီလိုဆောင်ရွက်ခွင့်ရလာမှလည်း ပြည်သူ့အကျိုးအတွက်
 မောင်းနှင်အားတွေ ဖြစ်လာပြီး၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ထူထောင်လာနိုင်လိမ့်မယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲတွေဖြစ်ဖို့ အလင်းစေတမန် စာကြည့် တိုက်၊ အလင်းသစ် ဦးတည်ရာ စာကြည့်တိုက်၊ Generation Wave၊ Safety Net လူငယ်အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်ပြီး အဖွဲ့ ၁၀ ဖွဲ့ကျော်လောက်က ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တရားခံ ဘယ်သူလဲဟေ့

နောင်ရိုးတိုက်ပွဲ

မြန်မာသမိုင်းတွင် နောင်ရိုးတိုက်ပွဲသည် သမိုင်းဝင်တိုက်ပွဲတပွဲ ဖြစ်သည်။ ထိုတိုက်ပွဲနှင့်အတူ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ဂုဏ်သတင်းမှာလည်း အထူးထင်ရှားလာခဲ့သည်။ ဘုရင့်နောင်ကို မင်းကြီးဆွေနှင့် ပင်းယတစီးရှင်အနွယ်တော်၊ တောင်ငူ ကြွယ်စစ်မင်း၏ သမီးတော်အကြီးတို့က သက္ကရာဇ် ၈၇၇-ခုနှစ် (ခရစ်နှစ် ၁၅၁၅-ခုနှစ်)တွင် မွေးဖွားသည်။ ငယ်မည်မှာ ရှင်ရဲထွတ်ဖြစ်သည်။ သက္ကရာဇ် ၈၉၂-ခုနှစ် (ခရစ်နှစ်-၁၅၃၀) တွင် မင်းတရားရွှေထီး နန်းတက်သောအခါ ရှုင်ရဲထွတ်၏ ခမည်းတော်မင်းကြီးဆွေအား မင်းရဲသိင်္ခသူဘွဲ့ အပ်နှင်းသည်။



ရှင်ရဲထွတ်သည် ဘုရင်တပင်ရွှေထီးအထံတော်၌ ကျော်ထင်နော်ရထာအမည်နှင့် အမှုတော်ထမ်းရွက်ရ လေသည်။ ခရစ်နှစ် ၁၅၃၂-ခုနှဏ်တွင် ဟံသာဝတီနေပြည်တော်၊ ရွှေမော်ဓော ဘုရားရင်ပြင်၌ သူရဲကောင်း ၅၀၀-ရွေးချယ်ခြင်းကို ကျော်ထင်နော်ရထာ စီစဉ်ခဲ့သည်။ ထိုအချိန်သည် တောင်ငူနှင့် ဟံသာဝတီ အားပြိုင်သည့်အချိန်ကာလလည်း ဖြစ်သည်။ တောင်ငူတွင် မင်းတရားရွှေထီး နန်းစံပြီး ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ နန်းစံလျက်ရှိသည်။

ခရစ်နှစ် ၁၅၃၇-ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို စစ်သည်အလုံးအရင်းနှင့် ချီတက်တိုက်ရာတွင် မင်းတရားရွှေထီး အနိုင်ရသဖြင့် သူရှင်တကာရွတ်ပိသည် ပြည်မြို့သို့ တိမ်းရှောင်၍ ပြည်ဘုရင် နရပတိနှင့် ပူးပေါင်းခုခံသည်။ သို့ဖြစ်၍ မင်းတရားရွှေထီးသည် ပြည်သို့ ချီတက်ရန် စီစဉ်ခဲ့သည်။ တောင်ငူတပ်ကို ကျော်ထင်နော်ရထာက ဦးဆောင်ချီတက်ရသည်။ မြန်မာရာဇ၀င်များဖြစ်သည့် မှန်နန်းရာဇ၀င်ကြီး၊ တွင်းသင်းတို့တွင် နောင်ရိုးတိုက်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြထားသည်။
နောင်ရိုးတိုက်ပွဲနှင့် ကျော်ထင်နော်ရထာ
ကျော်ထင်နော်ရထာသည် ဟံသာဝတီ၌ သိုဝှက်ထားသော တိုက်လှေများကို ဆုလာဘ်ပေး၍ ယူစေပြီးသော် လှေတပ် ၇-တပ်ဖွဲ့ကာ ရေကြောင်းမှ မင်းတရားကြီးအား ချီတော်မူစေသည်။ ရေတပ်၊ ကြည်းတပ် ကိုယ်မကွာ ချီရမည်ဆို၍ သတိုးဓမ္မရာဇာ အစရှိသူတို့ကို တပ် ၄-တပ်တွင် ဦးစီးစေလျက် လှေတပ်များနှင့် ထက်ကြပ်မကွာ ချီတက်စေလေသည်။ ကျော်ထင်နော်ရထာကိုယ်တိုင်လည်း တိုက်ဆင်-၅၀၊ မြင်း-၅၀၀၊ စစ်သည်သူရဲ-၁၀၀၀၀၊ ဆင်စီးအမတ် ၅-ကျိပ်နှင့် ကုန်းကြောင်းမှပင် ချီတက်လိုက်ပါလာရာ နောင်ရိုးသို့ရောက်၏။ ချောင်းတခု တားဆီးနေသဖြင့် ထိုချောင်းတဖက်၌ ရပ်နားနေရသည်။

ကျော်ထင်နော်ရထာသည် မင်းမှုထမ်းတဦးအား အမြင့်ဆုံးသစ်ပင်ထိပ်သို့ တက်စေ၍ ကြည့်ရှုစေရာ ရန်သူတပ်သည် မိမိတို့တပ်ထက် မှန်းခြေအားဖြင့် ဆယ်ဆမက ကြီးမားလှသည်ဟု လျှောက်တင်ခဲ့သည်။ နောင်ရိုးတဖက်ကမ်း
တွင် ပြည်ဘုရင်ထံသို့ ရေကြောင်း
ဖြင့်ဆုတ်ခွါ ထွက်ပြေးသော သုရှင်တကာ ရွတ်ပိ၏အမတ် ဗညားဒလနှင့် မင်းရဲအောင်နိုင် အစရှိသူတို့သည် တိုက်ဆင် ၂၀၀၊ မြင်း ၈၀၀ နှင့် စစ်သည်သူရဲ ၈၀၀၀-တို့ကို တပ်ကြီး ၅-တပ်ဖွဲ့၍ တပ်ချရပ်နား နေကြသည်။
စစ်တို့၏သဘော
ကျော်ထင်နော်ရထာအနေဖြင့် ရန်သူ၏အင်အားမှာ မိမိတို့အင်အားထက် ၁၀-ဆသာလွန်သော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ဆက်လက်တိုက်ပွဲဝင်ရန်သာ ပြင်ဆင်ခဲ့သည်။ စစ်တို့၏သဘောသည် နည်းသည်များသည် မဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ဆင်ရာ၌ နည်းပရိယာယ်သာ လိုရင်းဖြစ်သည်-ဟူသော ကျော်ထင်နော်ရထာ ပြောကြားခဲ့သော စကားသည် သမိုင်းတွင်သည့် စကားဖြစ်လာခဲ့သည်။

ကျော်ထင်နော်ရထာသည် မိမိတပ်များကို ဖောင်များဖွဲ့စေပြီးလျှင် တဖက်ကမ်းသို့ ချောင်းကိုဖြတ်၍ ဖောင်နှင့်ကူးစေသည်။ တဖက်သို့ရောက်လျှင် မိမိတပ်သားများ နောက်မတွန့်စေဘဲ တိုက်ခိုက်နိုင်စေရန် ဖောင်များကို ဖျက်စေသည်။ ထို့နောက် ငါတို့အောင်မြင်လျှင်  အသက်ရှင်မည်၊ မအောင်မြင်ခဲ့လျှင်လည်း ငါတို့သေရမည်။ သေလေပြီးသည်ကိုလည်း ဘယ်သူ့ကို အပြစ်တော်တင်ရမည်နည်း-ဟု တပ်မှူးစစ်ကဲအပေါင်းအား စိတ်နှစ်ခွမရှိစေရန် ရှင်းလင်းမိန့်တော်မူသည်။ ထို့နောက် စစ်ကြောင်းများခွဲ၍ တိုက်စေသည်။ ကျော်ထင်နော်ရထာ ကိုယ်တိုင် ဆင်စီးအမတ်-၂၀၊ မြင်း-၁၁၀၊ စစ်သူရဲ-၄၀၀၀ နှင့် တိုက်ခိုက်လေသည်။ ကျော်ထင်နော်ရထာ၏ စစ်ဗျူဟာ ကျွမ်းကျင်မှုကြောင့်လည်း နောင်ရိုးတိုက်ပွဲတွင် တောင်ငူတပ်
သားတို့ အောင်ပွဲရရှိခဲ့သည်။

နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသဖြင့် မင်းတရားရွှေထီးသည် ယောက်ဖတော်သူ ကျော်ထင်နော်ရထာ
အား ဘုရင့်နောင်-ဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ ဗျူဟာစက္ကပျို့တွင်လည်း နောင်ရိုးတိုက်ပွဲနှင့် ဘုရင့်နောင်ဘွဲ့ ရပုံအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။

နောင်ရိုးတိုက်ပွဲ တည်နေရာ
နောင်ရိုးတိုက်ပွဲသည် သမိုင်းတွင် ထင်ရှားခဲ့သော်လည်း နောင်ရိုး၏တည်နေရာနှင့်ပတ်သက်၍ တိတိကျကျ မရှိလှချေ။ အချို့လည်း နောင်ရိုးသည် ပြည်မြို့အနီးတွင် ရှိသည်ဟု မှန်းဆကြသည်။ ရာဇ၀င်များတွင် တွေ့ရှိရသော တောင်ငူတပ်များ စစ်ချီလမ်းကြောင်းကို လေ့လာကြည့်သောအခါ သုရှင်တကာရွတ်ပိသည် နောင်ရိုးပျက်သောအခါ ပန်းမတီဝ၌ မနေ၀ံ့သဖြင့် အင်္ဂပူအထိ ဆုတ်ခွါသွားသည်ဟု သိရပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ အနော်ရထာဘက်ခြမ်းတွင် ပုသိမ်နှင့် မြောင်းမြ၏အကြား၌ ပန်းမတီမြစ်ဟုရှိသည်။ ရာဇ၀င်များတွင် ပန်းမ၀တီဟု မှားယွင်ဖော်ပြခြင်းဖြစ်မည်ဟု ယူဆရသည်။ ပန်းမ၀တီနှင့် အိမ်မဲချောင်း နှစ်မြွှာမကွဲမီ ချောင်းတရိုးတည်းရှိ၍ မင်းမနိုင်ချောင်းဟု ခေါ်ကြောင်း သိရပါသည်။ ထို့ကြောင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ ဖောင်ဖွဲ့၍ ကူးသောနေရာသည် ယခု အိမ်မဲဝန်းကျင်၌ ရှိနိုင်သည်။ နောင်ရိုးအရပ်မှာလည်း ဒါးကမြစ်နှင့် မင်းမနိုင်ချောင်းအကြားတွင် တည်ရှိသော နယ်မြေပင် ဖြစ်နိုင်စရာရှိပါသည်။ အိမ်မဲအနောက်ဘက်ကမ်းတွင်ရှိသည်ဟု ဆိုက ပို၍ သင့်တော်မည်ဖြစ်ပါသည်။ ဒါးကမြစ် တောင်ဘက်ကမ်း၌ရှိသော ဒေါင့်ကြီးအနီးဝန်းကျင်၌ ရှိမည်ဟုလည်း မှန်းဆနိုင်ပါသည်။

မင်းတရား ရွှေထီးသည် နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသော
 ကျော်ထင်နော်ရထာအား ၀တ်တော်မူသောလက်စွပ်၊ ပတ္တမြားလက်ကောက်တို့ကို ပေးသနား၍ လှိုင်မြို့ကို စားစေသည်။ အောင်ပွဲရတပ်မတော်သားများကိုလည်း အထိုက်အလျောက် အဆောင်အယောင် စားကျေး၊ စားလတ် ပေးတော်မူ၏။ ထိုနောက်မှ ရေအား၊ ကြည်းအားဖြင့် ပြည်မြို့သို့ ဆက်လက်ချီတက်တော်မူသည်။ မင်းတရားရွှေထီး လုပ်ကြံခံရပြီးနောက် ဘုရင့်နောင်သည် ကောဇာသက္ကရာဇ် ၉၁၅၊ တပို့တွဲလဆန်း ၆-ရက်နေ့ (ခရစ်နှစ် ၁၅၅၃) တွင် နန်းတက်တော်မူသည်။ ဘုရင့်နောင်သည် သက္ကရာဇ် ၉၄၃-ခု၊ တန်ဆောင်မုန်းလပြည့်နေ့ (ခရစ်နှစ် ၁၅၈၁)၊ နန်းသက် ၃၂-နှစ်၊ သက်တော် ၆၆-နှစ်တွင် ကံကုန်သည်။

ကိုးကား

ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)
(မင်္ဂလာမောင်မယ် ၂၀၁၀-ခု မေလ)

“ပြည်သူ တွေ က ရူးနေတာ ပါ” လို့  ပြောတဲ့ အောင်သိန်းလင်း


“ပြည်သူ တွေ က ရူးနေတာ ပါ” လို့  ပြောတဲ့ ဦးအောင်သိန်းလင်း ကို ပြည်သူ လူထုက ဆန္ဒပြ ရန် စီစဉ်

img_2609

တရုတ် နိုင်ငံ ၏ အထင် ကရ သတင်း တစ်စောင် ဖြစ်သော Southern Weekend China
နှင့် မေးမြန်းမှု တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟို
အလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြော ဆို မှု ကို ကန့် ကွက် ရှုံ့ ချ သည့် အနေ ဖြင့်
ပခုက္ကူ မြို့  ၊ မန္တလေး မြို့  ၊ ပြည် မြို့  နှင့် ပေါင်း တည် မြို့  များ တွင် ကန့်  ကွက် ဆန္ဒပြ ပွဲများ
ပြု လုပ် သွား မည် ဟု FNG မှ သိရှိရသည်။

တရုတ် သတင်းစာ နှင့် မေးမြန်းမှု တွင်ဦးအောင်သိန်းလင်း က ” သမ္မတ ဦးသိန်းစိန် ၏
အမိန့် ဖြင့် ရပ်တန့် ထား သည့် မြစ်ဆုံ ရေကာ တာ ကို ပြန်လည် စတင် မည် ဟု ပြော
ကြား မှု ၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို ထောက်ခံ သူများ သည် အရူးများ သာ
ဖြစ် ကြောင်း ပြော ကြား မှု ၊ ပြည်သူ ကို စော်ကား ပြစ်တင် မှု များ ကြောင့် ဆန္ဒပြ ရန်
စီစဉ် ခြင်း ဖြစ် ကြောင်း မန္တလေးမြို့  လျှပ်စစ်မီး ရရှိ ရေး လှုပ်ရှား မှု တွင် ဦးဆောင် ပါ
ဝင် ခဲ့ သူ တစ်ဦး ဖြစ်သည့် ကိုထွန်းသက် ဝေ က ပြောသည်။
ယခင် ရန်ကုန် မြို့  တော်ဝန် ဟောင်း ဖြစ် သည့် ကြံ့ ဖွံ့  ပါတီ ထိပ်တန်းခေါင်းဆောင်
တစ်ဦး ဖြစ်သူ ဦးအောင်သိန်းလင်း အား ဆန္ဒ ပြရန် ပခုက္ကူ မြို့  မှ စတင် ခြင်း ဖြစ် ပြီး
ဇူလိုင် လ ၃၁ ရက်နေ့  စီတန်း လှည့် လည် ဆန္ဒပြရန် အတွင် ဆိုင်ရာ တွင် ခွင့် ပြု မိန့် 
တောင်းခံ ထား ပြီ ဖြစ်သည် ဟု သိရသည်။

ဦးအောင်သိန်းလင်း က တရုတ် သတင်း စာ သည် ဘာသာ ပြန် မှားယွင်း ဖော်ပြ ခြင်းသာ
ဖြစ်ကြောင်း ပြောကြား ခဲ့ သည်။ သူက မိခင် ပါတီ က အပြစ်ပေး လျှင် လည်း ခံမည် ဟု
ပြောကြား ခဲ့ သော်လည်း ကြံ့ ဖွံ့ ပါတီ အထွေထွေ အတွင်း ရေး မှုး ဦးဌေးဦး က မူ တစ်
သီပုဂ္ဂလ သဘောထား အမြင် ဖြစ်သောကြောင့် ပါတီ အာဘော် မဟုတ် သဖြင့် အပြစ်
ပေး အရေး ယူရန် မလို အပ် ဟု ဆိုသည်။
ပေါင်းတည် မြို့ မှ တက်ကြွ လှုပ်ရှား သူ တစ်ဦး က မူ ” သမ္မတ ကြီး ရဲ့  ပြုပြင် ပြောင်းလဲမှု
ကို အတိုက်အခံ ဖြစ်စေတဲ့ ခေါင်းမား သူ တွေ ကို ဖယ်ရှား တဲ့ နေရာ မှာ ပြည်သူ တွေ က
လဲ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက် ရမယ်”  ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည် အား ရန်လို တိုက်ခိုက်မှု များ
ကို ဦးဆောင် ပြု လုပ် လေ့ ရှိသည့် ဦးအောင်သိန်းလင်း ကို စစ်တပ် အတွင်း အရာရှိ
များ က လည်း မနှစ် မြို့  ကြ ဟု သိရသည်။
မန္တလေး တိုင်း တံခွန်တိုင် မြို့ နယ် ရှိ သံချပ် ကာ ယန္တယား တပ်မှ အရာ ရှိ တစ်ဦး က မူ
ဦးအောင်သိန်းလင်း က ဒီတစ်ခါ ပြည်သူ တွေ ကို ပါ စော်ကား တာ ဗျ ၊ ဒီလူ ပါတီ ခေါင်း
ဆောင် ရာထူး နဲ့  မထိုက်တန် ဘူး ဟု ဆိုသည်။
 မူရင်း



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဦးဝင်းတင် ရေးသားလိုက်တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဒီကနေ့ ရွေးကောက်ပွဲကော်မရှင်ကို သရော် လှောင်ပြောင်တဲ့ ရေးသားချက် တခုနဲ့ ပတ်သက်ပြီး ပါတီ တာဝန်ရှိသူတွေကို ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပတ်စဉ် ထုတ်နေတဲ့ ဒီလှိုင်းဂျာနယ်မှာ နာယက အဖွဲ့ဝင် လည်းဖြစ်၊ ၀ါရင့် သတင်းစာ ဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင် ရေးသားလိုက်တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဒီကနေ့ ရွေးကောက်ပွဲကော်မရှင်ကို သရော် လှောင်ပြောင်တဲ့ ရေးသားချက် တခုနဲ့ ပတ်သက်ပြီး ပါတီ တာဝန်ရှိသူတွေကို ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း မဲမသမာမှုတွေရှိခဲ့တယ်။ မဲပြားတွေမှာ ဖယောင်းသုတ် ဆိုပြီး NLD ဘက်က တရားစွဲဆိုလိုက်တာနဲ့ ဆက်စပ်ပြီး တုံ့ပြန်တဲ့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပါတီကို သတိပေးစာ ပေးပို့ပြီးနောက်မှာ သရော်စာဆန်ဆန် ဆောင်းပါတစောင်ကို ဇူလိုင်လ ၉ ရက်နေ့ထုတ် ဒီလှိုင်းဂျာနယ်မှာ ဦးဝင်းတင် က ရေးသားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားတွေ့လာသူ တဦးဖြစ်သူ ဦးအုန်းကြိုင်ကို ဆက်သွယ် မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။


NLD ပါတီနံမည်နဲ့ အပတ်စဉ် တရားဝင် ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်မှာ အခုလို ဆောင်းပါးရေး သားတာဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်ဆိုပြီး ကော်မရှင်က ပါတီ တာဝန်ယူရှိသူတွေကို နေပြည်တော်မှာ ဒီကနေ့ ခေါ်ယူ တွေ့ဆုံခဲ့တာလို့ သွားရောက် တွေ့ဆုံတဲ့အထဲ လိုက်ပါသွားတဲ့ NLD လွှတ်တော်အမတ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ဒီလိုဗျ၊ လွန်ခဲ့တဲ့ နှစ်ပတ်က ဒီလှိုင်းထုတ်မှာပါတဲ့ ဆရာဦးဝင်းတင်ရဲ့ ပိတ်ဟဲ့၊ ဆို့ဟဲ့၊ ပတ်ကြမ်း မတိုက်ပါစေနဲ့ - ဆိုတဲ့ ဆောင်းပါးကို သူတို့သိက္ခာ ထိပါးစေပါတယ်ဆိုပြီး ခေါ်ပြီးတော့ ဆွေးနွေး တာပဲဗျ။ သူတို့ကတော့ အသိပေးတာပါတဲ့၊ သတိပေးတာမဟုတ်ပါဘူးတဲ့။ အဲလိုပြောတယ် ခင်ဗျ။”

ရွေးကောက်ပွဲကာလအတွင်း မဲမသာမှုတွေရှိခဲ့တာနဲ့ မဲပြားတွေမှာ ဖရောင်းသုတ်တာတွေ ရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲပြီး မကြာခင်မှာပဲ NLD ပါတီက တရားစွဲဆိုခဲ့တာပါ။ အဲဒီနောက် မကြာခင်မှာပဲ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲအတွင်း ဥပဒေစည်းကမ်းတွေ ချိုးဖောက်တာတွေ အပါအ၀င် တခြားကျူးလွန်မှုတွေ ပါတီဝင်တွေပြုလုပ်နေတာတွေ့ရတဲ့ အတွက် ကော်မရှင်က ပါတီကို သတိပေးစာ ပေးပို့ခဲ့တာကြောင့် ဦးဝင်းတင်က ဇူလိုင်လ ၉ ရက်နေ့ထုတ် ဒီလှိုင်းဂျာနယ်မှာ “စည်းဟဲ့ ကမ်းဟဲ့ဆိုတာတွေ ပတ်ကြမ်း မတိုက်ပါစေနဲ့” ဆိုတဲ့ သရော်စာ ဆန်ဆန် ဆောင်းပါးတပုဒ်ရေးပြီး ပြန်လည် ချေပခဲ့တာပါ။

“ဆောင်းပါးရဲ့ဖြစ်ပုံက ဒီလိုဗျ၊ NLD ကပေါ့ဗျာ၊ ရွေးကောက်ပွဲကာလမှာ ဥပဒေ စည်းကမ်းတွေ ငြိတယ်ပေါ့။ တချို့ပါတီဝင်တွေ ဘာတွေ ပါတယ်ပေါ့။ သူတို့ရဲ့ ဥပဒေပါ စည်းကမ်းတွေကို ချိုးဖောက်တယ်ပေါ့။ အဲဒီပါတီဝင်တွေကို ထုတ်ပစ်နိုင်တယ်၊ ပါတီဝင်တွေကို ထုတ်မပစ်ဘူးဆိုရင် အဲဒီ ပါတီကိုပါ ရပ်ဆိုင်းပစ်နိုင်တယ်၊ ဘာ ညာနဲ့ ညွှန်ကြားချက်တစောင် ကျနော်တို့ဆီကို ပို့တယ်ဗျ။ သတိပေးတဲ့ ညွှန်ကြားချက်လိုပေါ့ဗျာ။ အဲဒီမှာတင် ဆရာ ဦးဝင်းတင်က အဲဒီဆောင်းပါး ကို ကောက်ပြီး ရေးလိုက်တာ။ ရေးလိုက်တဲ့စာက ဟာသရေးလိုက်တာပေါ့ဗျာ။

သရော်စာရေး လိုက်တော့ သူတို့ နည်းနည်း သူတို့ အခံခက်သွားပုံ ပေါက်ပါတယ်။ ဒါကြောင့် ခေါ်ပြီးတော့ ပြောတာ။ ဒါကြောင့် သွားပြောတယ်။ စာသဘောအရ satire ရေးတာပဲ။ ကျနော်တို့ ဘာမှလည်း မလုပ်ဘဲနဲ့ ခင်ဗျားတို့က လှမ်းသတိပေးတာကိုး-ဆိုတော့ သတိပေးတာ မဟုတ်ပါဘူးတဲ့။ အသိပေးတာပါတဲ့။ သူတို့က -အဲလိုတွေ မလုပ်ရင် အဲလိုတွေ ဖြစ်တတ်တယ် ဆိုပြီး ပြောတယ်ဗျ။ နောက်တခုက ကျနော်တို့ပါတီက ရွေးကောက်ပွဲကာလတုန်းက မဲဆွယ်တဲ့ ကိစ္စတွေ ဘာတွေနဲ့ ပတ်သက်လို့လည်း အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ပြောတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း ကျနော်တို့၊ ဦးဉာဏ်ဝင်းတို့က ဥပဒေအကိုးအကားတွေနဲ့ သူတို့ကို ပြန် ရှင်းပြခဲ့တယ်။ ဒါလောက်ပါပဲ၊ အေးအေးဆေးဆေးပါပဲ၊ အားလုံး ၄၅ မိနစ်လောက် ကြာပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ လွှတ်တော်အမတ်တဦးလည်းဖြစ်သူ ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။

ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကကိုယ်တိုင်က စာရေး အကြောင်းကြားခဲ့ပေမယ့်လည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ပဲ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

NLD ဘက်ကတော့ ဦးအုန်းကြိုင်နဲ့ ဦးဉာဏ်ဝင်းတို့ သွားရောက် တွေ့ဆုံခဲ့ကြတာပါ။

မြန်မာအစိုးရရဲ့ သတင်းမီဒီယာ ဆင်ဆာအဖွဲ့က မဂ္ဂဇင်း ဂျာနယ်တွေမှာ သူတို့ မနှစ်သက်တဲ့ စာတွေပါရင် ခေါ်ယူသတိပေးသလိုပဲ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒီကနေ့ NLD တာဝန် ရှိသူတွေကို ခေါ်ယူသတိပေးခဲ့တာလို့ ဆိုနိုင်ပေမယ့်လည်း ရွေးကောက်ပွဲ ကော်မရှင်ကတော့ သတိပေးတာမဟုတ်ကြောင်းနဲ့ အသိပေး အကြောင်းကြားခြင်းသာ ဖြစ်ကြောင်း ပြန် လည် ပြောကြားခဲ့တယ်လို့ သိရပါတယ် ခင်ဗျား။






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

HAY YOU !


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အသဲရောင် အသားဝါ ဘီပိုးနှင့် ပါတ်သက်၍ - - -

ဘီ) ပိုးဆိုတာ (HBV) ဗိုင်းရပ်စ်ပိုးကို ခေါ်ကြတာပါ။ သူ့ကြောင့်ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသဲ ကူးစက်ရောဂါ အပြင်းစားဖြစ်တယ်။ သမိုင်းကြောင်းပါ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါအသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တနည်းနည်းနဲ့ ရောက်လာပြီး၊ ကိုယ်ထဲက အရည်တွေထဲထိ ဝင်လာတာဖြစ်တယ်။ တကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက် ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်။ “နူရာ ဝဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက မှာ ပိုဖြစ်နေပါတယ်။

ဘယ်လိုလုပ် ကူးသလဲမေးရင် AIDS နဲ့ အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် လက်အိတ် မသုံးတာ)၊ ပိုးသန့် မထားတဲ့ ဆေးထိုးအပ် သုံးတာ၊ အကာကွယ်မဲ့ (ကွန်ဒွန် မသုံးဘဲ) လိင်ဆက်ဆံတာ၊ ကိုယ်မှာရှိတဲ့ အရည် မှန်သမျှမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာ ဖြစ်တယ်။ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးဆီ ကူးတာတွေ ဖြစ်တယ်။ အမေ့သွေးဟာ အချင်း-ချက်ကြိုးကနေ ကလေးဆီ ရောက်ရတာ မဟုတ်လား။

အသေးစိတ် ပြောရရင် လှချင်တဲ့ မိန်းကလေးများ မင်္ဂလာဆောင်သွားမှာမို့ နားကပ် လဲဝတ်တာ၊ ခပ်ပျင်းပျင်း ယောက်ျားလေးများ နုတ်ခမ်းမွှေး ရိတ်တဲ့ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ်၊ ရှယ်တာ။ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်က တခါသုံးဒါး မသုံးရင်လဲ ကူးနိုင်တယ်။ ဆွဲဆောင်မှု ရှိချင်လွန်းလို့ (တက်တူး) အရုပ် ထိုးသူတွေ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်သူတွေ။

ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ ပိုးရှိနေသူက ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲ လမ်းလျောက်လဲ မကူးပါ၊ နှာခြေ၊ ချောင်ဆိုးတာနဲ့ မကူးပါ။ အတူတူ ခြင်ကိုက်လဲ မကူးဘူး။ တဲအိုပျက်မှာ၊ ရွှေဘုံပေါ်မှာ အတူနေတာနဲ့လဲ မကူးပါခင်ဗျား။

ဒီပိုးဝင်လာရင် တခြားပိုးတွေ ဝင်လာတဲ့အခါ လုပ်သလို ခန္ဓာကိုယ်က ခံပြီးတိုက်ထုတ်ပါတယ်။ ကိုယ်က နိုင်ရင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားရော။ ဘာလို့လဲဆိုတော့ (အင်တီဘော်ဒီ) လို့ခေါ်တဲ့ ခံနိုင်စွမ်း (အတွင်းအား ပေါ့ဗျာ) ရလာလို့ပါ။ နောက်ထပ် (ဘီ) ပိုးဝင်လာရင် ဒီဓါတ်ကနေ ပြန်တိုက်ပြစ်ပါမယ်။
  
ဝတ္ထုဇာတ်ကြောင်း ရေးသလို တက်လိုက်-ကျလိုက် ပြောပြရတော့မှာဘဲ။ ၆ လကြာလို့ ကိုယ်ကမနိုင်ရင်တော့ နာတာရှည် အသဲရောဂါ ဖြစ်ပါပြီ။ စိတ်သက်သာရဘို့ တခုကတော့ ၉ဝ% သော ကျန်းမာတဲ့ လူကြီးတွေဟာ နာတာရှည် ဖြစ်မသွားကြဘူး။ ကလေးတွေက ကံမကောင်းကြပါ။ ငယ်လေ မခံနိုင်လေ၊ သိပ်ငယ်လို့ကတော့ ၉ဝ% မခံနိုင်ကြပါ။ နာတာရှည် ဖြစ်တိုင်းလဲ လူက လူကောင်းလို အကြာကြီး နေနိုင်ပါတယ်။ နေနိုင်တယ်ဆိုပြီး ပေါ့လို့တော့ မရပါ။ ရောဂါ လက္ခဏာသာ မရှိတာ ပိုးက အသဲကို တစစနဲ့ ဖျက်ဆီးနေပါပြီ။

သူ့ကြောင့် အသဲခြောက်ရောဂါ၊ ဒါမှမဟုတ် အသဲကင်ဆာ ဆက်ဖြစ်တတ်လို့ ဆိုးလွန်းပါတယ်။ အသဲက လိုသလောက် မလုပ်နိုင်တော့ချိန် ရောက်ရင်တော့ သေရတော့မှာပါ။

အသဲဆိုတာ အတော်အလုပ်လုပ်တဲ့ အင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့ အစာထဲက အဆီ နဲ့ ဆီတွေကို အစာခြေပေးတယ်။ ဒီလိုလုပ်နိုင်ဘို့ (ဘိုင်းလ်) အစာခြေအရည် ထုတ်ပေးတယ်။ စိမ်းစိမ်း၊ နက်နက်၊ ခါးခါး အရည်ကို ပြောတာပါ။ တနေ့တာ စားတာနဲ့ သုံးတာထဲက ပိုတဲ့ အား(အင်နာဂျီ)ကို သိုလှောင်ပေးထားတယ်။ အစာတို့ ဆေးတို့ထဲမှာ အဆိပ်အတောက် ပါလာရင်လဲ ဖယ်ရှားပေးတယ်။ နောက်ပြီး (ကိုလက်စတီရော)၊ သွေးခဲစေတဲ့ပစ္စည်း၊ ပရိုတင်းတွေကိုလဲ ထုတ်လုပ် ပေးပါသေးတယ်။ ဒီလို များလွန်းတဲ့ အလုပ်တွေ ၂ ရက်လောက် အလုပ်မလုပ်တော့ရင် လူဟာ သေရတော့မှာပါ။ အသဲအသက် ၂ ရက်၊ ဇာတ်နာပြီပေါ့ဗျာ။ စိတ်ဓါတ် မကျပါနဲ့ ဇာတ်လိုက်သေတဲ့ ဇာတ်ကား ရှားပါတယ်။

(ဘီ)ပိုး စဝင်လာချိန်မှာ တုပ်ကွေးလိုဘဲ နဲနဲဖျား၊ ကိုက်ခဲ၊ အစာမစားချင် ဆိုတာလောက်သာ ခံစားရပါတယ်။ ရှာရှားပါးပါး ဆိုပါစို့ ၁% လောက်သာ မျက်စိဝါ၊ ဆီးဝါ၊ အန်ချင် ဆိုတဲ့ ခပ်ပြင်းပြင်း ခံစားရတတ်ပါတယ်။

သွေးစစ်ရင် အဖြေ ၃ မျိုးထွက်နိုင်ပါတယ်။
• HBsAb တွေ့ရင် ဒီလူ ကံကောင်းတယ်။ ခံနိုင်အားရှိနေပြီ။ သူများကိုလဲ မကူး၊ ကာကွယ်ဆေးလဲ မလိုဘူး။
• HBsAg တွေ့ရင် သွေးထဲမှာ ပိုးရှိနေပြီ။ ၆ လကြာရင် တခါထပ်စစ်ပါ။ ရောဂါပြီးသွားတာ ဖြစ်လာနိုင်ပါတယ်။
• HBcAb တွေ့တယ် ဆိုရင်တော့ ကူးစက်ခံနေရပြီမို့ အသဲအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။

ဆရာဝန်ဆီရောက်ပြန်တော့ တချို့က ဆေးကုပေးဘို့ မလိုပါ။ ၆ လတခါ ၁ နှစ်တခါတော့ ပြန်ပြပါ။ ဆရာဝန်က အနားခိုင်းမယ်။ အစာကောင်းကောင်း စားခိုင်းမယ်။ အဆီနဲရင် ပိုကောင်းပါတယ်။ အဆီချက်မဲ့စက်က ပျက်နေ မဟုတ်လား။ ရေများများ သောက်ခိုင်းမယ်။ ဆေးလိပ်၊ အရက် ဖြတ်ခိုင်းမယ်။ (အေ) ကာကွယ်ဆေး ထိုးခိုင်းမယ်။ တခြားနေမကောင်း ထိုင်မသာဖြစ်ရင် ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဘို့ သင့်ပါတယ်။ သိတဲ့အတိုင်း ဆေးမှန်သမျှ တိုင်းရင်းဆေးဖြစ်ဖြစ် မကောင်းကျိုးဆိုတာ ရှိတယ်။ မကောင်းတာ မှန်သမျှ ခြေဖျက်ပေးမဲ့ အသဲက မကောင်းဘူး မဟုတ်ပါလား။

(ဘီ)ပိုးဟာ HIV ထက် အဆ ၁ဝဝ ပိုပြီး ကူးစက်တတ်လို့ သိထားရပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးကို အားကိုးကြပါ။ ကာကွယ်ဆေးကို ၃ ကြိမ် ၃ ခါတိတိ ထိုးရပါမယ်။ ပဌမတခါထိုးပြီး နောက် ၁ လမှာ ဒုတိယ၊ နောက် ၅ လ မှာ တတိယ။

မွေးစကနေ အသက် ၁၈ နှစ်အောက်တွေကို ကာကွယ်ဆေး သေခြာပေါက် ထိုးပေးသင့်ပါတယ်။ လူကြီးတွေထဲက ဆိုရင် ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်သူတွေ၊ ထောင်မှာ အလုပ်လုပ်သူနဲ့ ထောင်ကျသူတွေ၊ မူးယစ်ထိုးဆေး သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေ၊ ကျား-မ ဆက်ဆံဘက်များသူတွေ၊ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်ရသူတွေ၊ မိသားစုအတူနေထဲက တယောက် ယောက်မှာ ပိုးရှိနေရင်၊ ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်က ပိုးရှိနေရင် ကလေးကို မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ HBIG ဆိုတဲ့ဆေး ထိုးပါလေ။ ပိုးဝင်ပြီးသူများကတော့ ကာကွယ်ဆေး မထူးတော့ပါ။

(ဘီ)ပိုး ရှိသူကို ဆေးပေးတာဟာ အသဲခြောက်တာနဲ့ ကင်ဆာအဆင့် ရောက်မသွားဘို့သာ ရည်ရွယ်နိုင်တာပါ။ ရိုးရိုးသားသား ပြောရရင် ပျောက်သွားအောင် ကုတဲ့ဆေး မရှိသေးပါ။ အသဲခြောက်တာ ဆိုရင်တော့ လုပ်ပေး နိုင်တာက အသဲအစားထိုးပေးတာပါဘဲ။ သိတဲ့အတိုင်း ဒီလိုလုပ်တာဟာ အင်မတန် ကရိကထများ၊ ငွေကုန် ကြေးကျများ၊ ရာသက်ပန် လူနာဘဝ ရောက်သွားရတာမျိုးပါ။

အသဲကင်ဆာကတော့ ရောဂါနာမယ်တပ်ပြီး ၆ လ ထက် အသက်မရှည်ပါ။ ဒီလိုရေးတာက အတွေ့အကြုံအရ ရေးလိုက်တာပါ။ ဆေးကုသက်က အခုဆို အနှစ် ၃ဝ တော့ ကျော်ပြီပေါ့။ နေရာဒေသလဲ စုံတယ်ပေါ့။ အသဲကင်ဆာ လူနာကတော့ ၁ဝဝ မကျော်ပါ။ ကျွန်တော်သိတဲ့ အသဲကင်ဆာ လူနာတွေထဲမယ် ဆင်းရဲတဲ့လူရော၊ ချမ်းသာသူရော၊ ဆရာဝန်ရော ပါတယ်။ သုတေသန တခုဆိုတာ ဒီလောက်နဲ့ မရပါ။ သေခြောတာက ယောက်ျားက လုံးဝအများစု ဖြစ်တယ်။ ကုသကြတာကလဲ တိုင်းပြည် ၃ ခု(မြန်မာပြည်၊ အိန္ဒိယ နဲ့ ထိုင်း) တွေမှာဖြစ်ပေမဲ့ အားလုံး ၅ နှစ်မခံကြပါ။

သုတေသန စာတွေကို လေ့လာရင် အများကြီးနဲ့ အမျိုးမျိုး တွေ့ပါမယ်။ ၅ နှစ်မက ခံသူတွေ ရှိပါသတဲ့။ ဒါပေမဲ့ “အသဲကင်ဆာ ကုသရေး” ဆိုတာ “ဘီလျံဒေါ်လာ စီးပွါးရေး”ဖြစ်ပါတယ်။ စီးပွါးရေးသမားတွေက အင်မတန် ကြော်ညာ ကောင်းကြတာကလား။

အသဲကောင်းကြပါစေ။
တင့်ဆွေ
၂၇-၈-ဝ၉

August 30, 2009 11:48 AM
ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မည်သည့်ပြင်ဆင်မူ့များ ပြုလုပ်သင့်ပါသနည်း။ ကာကွယ်ဆေး ၃ကြိမ်ထိုးတာနှင့် လုံလောက်ပါသလား သိပါရစေခင်ဗျာ။

• ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မိမိကိုယ်မိမိ ဘီပိုးရှိ-မရှိ စစ်ပါ။
• ရှိနေသူကလဲ ၆ လတခါ ဆရာဝန်ပြပါ။
• လက်ထပ်မဲ့သူဟာ ဘယ်အရွယ်ရှိနေနေ Hepatitis B vaccine ဘီပိုးကာကွယ်ဆေးထိုးပါ။ (အများအားဖြင့် အသက် ၁၈ နှစ်အောက်တွေကိုသာ ကာကွယ်ဆေး ထိုးခိုင်းတာပါ။)
• ကြီးသူတွေကို ကာကွယ်ဆေးထိုးရင် ပဌမတခါနဲ့ ဒုတိယတခါကို ၁ လ ခြားပြီး၊ တတိယတခါကို နောက်ထပ် ၂ လကနေ ၅ လခြားထိုးနိုင်တယ်။ ပေါင်း ၃ ခါ။ တချို့ကလည်း ၁၂ လခြားပြီး၊ စတုတ္ထတခါ ထိုးခိုင်းတတ်တယ်။
• သွေးစစ်ရာမှာ (anti-HBs at least 10 mIU/mL) ရှိနေသူဟာ ကာကွယ်ပြီးဖြစ်နေပြီလို့ သိနိုင်ပါတယ်။
• အတူနေရင် ကွန်ဒွန်သုံးပါ။
• (ကွန်ဒွမ်) မသုံးမိလို့ဖြစ်ဖြစ်၊ ကလေးရချင်လို့ (ကွန်ဒွမ်) မသုံးတာဖြစ်ဖြစ်၊ Hepatitis B immune globulin (HBIG) ဆေးထိုးလိုက်ပါ။ ဒီဆေးက ကာကွယ်ဆေး မဟုတ်ပါ။ ဘီပိုးကို ပြန်တိုက်ဖျက်ပြစ်မဲ့ဆေး ဖြစ်ပါတယ်။ ၂ ပါတ် အတွင်း၊ အကောင်းဆုံးကတော့ ၂၄ နာရီအတွင်း (HBIG) IM 0.06 mL/kg ထိုးပါ။
• အရင်က ကာကွယ်ဆေး ထိုးမထားသူဆိုရင် (HBIG)ကို နောက် ၁ လနေရင် တခါထပ်ထိုးပါ။
• ဘီပိုးရှိသူက အမျိုးသမီးဖြစ်နေရင် မွေးဖွါးလာမဲ့ကလေးတိုင်းကို မွေးမွေးချင်း သို့မဟုတ် ၁၂ နာရီအတွင်း ဘီပိုးကာကွယ်ဆေးနဲ့ ကုသဆေး (HBIG) IM 0.5 mL ဆေးထိုးပါ။
• ကာကွယ်ဆေးနဲ့ ကုသဆေးကို တင်ပါးတဖက်စီမှာ တရက်တည်း ထိုးလို့ရပါတယ်။
• ဘီပိုးကာကွယ်ဆေး Hepatitis B vaccine ကို ကလေး မွေးမွေးချင်း ၁ ခါ၊ နောက် ၁ လ တခါနဲ့ ၆ လတခါ၊ ပေါင်း ၃ ခါ ထိုးရပါမယ်။
• တအိမ်သားလုံး သွားတိုက်တံ၊ ရေဇာ၊ အပ် သီးခြားစီ သုံးပါ။
• ပိုးရှိသူရဲ့ သွေးထွက်တာ၊ အန်တာ၊ ကိုယ်ကထွက်တဲ့အရည်မှန်သမျှကို ဘယ်တော့မှ လက်နဲ့မထိပါနဲ့။
• အိမ်မှာ ပိုးသန့်ဆေး တမျိုးမျိုး အမြဲဆောင်ထားပါ။ ဥပမာ ရေ ၁ ကွာတထဲမှာ အဝတ်ချွတ်ဆေး ခေါ်တဲ့ Bleaching powder မှုံ့ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ (၁ဝ ဆ ၁ ဆ) ဖျော်တာကို သွေး၊ အန်ဖတ်၊ ကိုယ်ကထွက်တဲ့ အရည်မှန်သမျှကို သန့်ရှင်းရေးလုပ်ဘို့ သုံးပါ။
• ထိခိုက်မိတိုင်း ပတ်တီး စည်းထားပါ။ လက်အိတ်သုံးပါ။
• ရေခွက်၊ ထမင်း-ဟင်းပန်းကန်ခွက်ယောက် အတူသုံးနိုင်ပါတယ်။
• ပိုးက သွေးနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေဖြစ်တဲ့ အစာခြေရည် (အန်ဖတ်)၊ ယောက်ျား-မိန်းမကိုယ် အရည် (မဆက်ဆံမီ နှင့် ဆန္ဒပြည့်ဝအပြီး) တွေမှာ ပါနေတာပါ။ ဒါတွေကလွဲရင် မပါပါ။
• အသားချင်းထိယုံနဲ့ ဘာမှမဖြစ်ပါ။ နုတ်ခမ်းစုပ်တာနဲ့ပတ်သက်လို့ သွားရည်မှာတော့ ပိုးပါနိုင်ပေမဲ့ အထောက်အထား မရှိသေးပါ။
• အလားတူ (အိုရယ်-ဆက်က်စ်) ကလဲ အတူတူလို့ ဆရာ့ဆရာတွေက ဆိုပါတယ်။
• ဖခင်က ပိုးရှိနေပေမဲ့ ကလေးကို မိခင်ကနေကူးနည်းမျိုးနဲ့ ဖခင်ကနေမကူးပါ။

Dr. တင့်ဆွေ
၃၁-၈-ဝ၉


ဆရာခင်ဗျား Anti-hepatitis Be antibody (Anti-HBe) ကြောင်းကို သိချင်လို့ အသေးစိတ် ရှင်းပြပေးစေချင်ပါတယ်။ ကျွန်တော့်မှာ 4 .50 ရှိတယ်လို့ ပြောပါတယ်။ ဒီအကြောင်းကို အသေးစိတ် ရှင်းပြပေးစေချင်ပါတယ် ခင်ဗျား။

Hepatitis B Virus ကို ခေါ်တာတွေ အမျိုးမျိုးရှိတယ်။ ဆရာဝန်တွေတောင် ခေါင်းရှုတ်ရတာပေါ့ဗျာ။ HBV; Hep B; anti-HBs; Hepatitis B surface antibody; HBsAg; Hepatitis B surface antigen; HBeAg; Hepatitis B e antigen; anti-HBc; Hepatitis B core antibody; anti-HBc, IgM; anti-HBe; Hepatitis B e antibody; HBV DNA တဲ့၊ ခေါင်းထဲ ထည့်ထားလို့တောင် မရနိုင်ဘူး။

ဘီပိုးကို စမ်းနည်းတွေက မတူကြလို့ နာမယ်လဲ ကွဲလွဲနေတာပါ။ တမျိုးက Antibodies (အင်တီဘော်ဒီ) ဆိုတဲ့ ခံတိုက်နိုင်စွမ်းကို စမ်းတယ်။ တမျိုးက ပိုးကနေထုတ်တဲ့ Antigens (အင်တီဂျင်) ကို စမ်းတာ။ နောက်တမျိုးက DNA ကို စမ်းတာပါ။

(အင်တီဂျင်) ဆိုတာက ရန်သူတပ်သား၊ များတာမကောင်း၊ (အင်တီဘော်ဒီ) ဆိုတာက ကိုယ့်တပ်သား၊ များတာကောင်းလို့ မှတ်ပါဗျား။ Acute လတ်တလော-ရက်တိုရောဂါ ရှိ-မရှိနဲ့ Chronic နာတာရှည်-ရက်ရှည် ဒါမှမဟုတ် Carrier ရောဂါသယ်ပေးသူ ဖြစ်-မဖြစ်ကို စမ်းရတာတွေပါ။

(HBsAg), (anti-HBc), IgM နဲ့ (HBeAg) တို့က Acute hepatitis B infection ရက်တိုရောဂါ ရှိ-မရှိ စမ်းတာ ဖြစ်တယ်။
HBsAg, (HBV) DNA နဲ့ HBeAg က chronic HBV hepatitis ရှိ-မရှိ စမ်းတာ ဖြစ်တယ်။
HBsAg, (HBeAg), (anti-HBs) IgG, (anti-HBe) IgG နဲ့ HBV DNA တို့က chronic hepatitis B infection ရက်ရှည် ဖြစ်နေတာကို ဆေးကုသနေတုံး စောင့်ကြည့်ဘို့ စမ်းတာတွေပါ။
(anti-HBc) total နဲ့ anti-HBs ဆိုတာကတော့ အရင် ဘီပိုးရှိဘူးသူဟာ ခံနိုင်ရည်ရှိနေရာကနေ ပြန်ဖြစ်နိုင်-မဖြစ်နိုင်ကို သိဘို့ ဖြစ်တယ်။

မေးထားတဲ့ Anti-hepatitis Be antibody (Anti-HBe) စမ်းသပ်တာကတော့ hepatitis Be antigen ဆိုတဲ့ ဘီပိုးကနေ ထုတ်နေတဲ့ (အင်တီဂျင်) ကို ဘယ်လောက် တုံ့ပြန်နိုင်စွမ်း ရှိသလဲဆိုတာကို သိဘို့ Antibody (အင်တီဘော်ဒီ) ထုတ်လုပ်နိုင်တာကို စမ်းတာဖြစ်တယ်။

ဒီစမ်းသပ်မှုကြောင့် -
(၁) ရက်တို ဘီပိုး ကူးစက်ခံရပြီး၊ ပြန်လည်နလန်ထလာသူတွေမှာ anti-HBe ဟာ anti-HBc နဲ့ anti-HBs တို့နဲ့အတူ ရှိနေမယ်။
(၂) ရက်ရှည် ဘီပိုးရှိသူတွေမှာဆိုရင် anti-HBe ကိုကြည့်ပြီး ရောဂါအခြေအနေနဲ့ ကုသမှု ထိရောက်ပုံကို သိနိုင်စေတယ်။

Dr. တင့်ဆွေ
၂ဝ-၄-၂ဝ၁ဝ

Mar 18, 2010 at 9:57 PM
ဆရာရှင့် ချွေးကရော ကူးတတ်ပါသလားရှင်၊ ခုဆို ကျမအကိုတစ်ယောက်လဲ ဖြစ်လာပြီမို့ သံသယရှိပြီး၊ အကုန်လုံး အတွက် စိတ်ပူလို့ပါ။ ကျမအကိုမှာ ရှိနေပြီမှန်း ခုရက်ပိုင်းကမှသိလို့ အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ တမိသားစုလုံး အတွက်လဲ စိတ်ပူမိပါတယ်။ အဲဒိ ဘီပိုးက ဆေးသောက်ရင်ရော မပျောက်နိုင်တော့ဘူးလားရှင်။ ကျမတို့ မောင်နှမ ဒီိလို မပျောက်တော့ဘဲ တသက်လုံးသွားတော့မှာလား မသိပါ။ ကျမ ကူးခံခဲ့တဲ့နည်းလမ်းကတော့ လွန်ခဲ့တဲ့ ၃နှစ်က ခွဲစိတ်မှုတခု ခံယူခဲ့ဖူးတော့ အဲဒိကလို့ ထင်မိပါတယ်။ ဒါကထင်မြင်ချက်ပါ။ ကျမအကိုကတော့ အကုန် ကင်းရှင်းရက်နဲ့ သူပါဖြစ်လာတယ်ဆိုတော့ ချွေးကလို့ထင်မိလို့ပါရှင်။ ကျမရ့ပိုးကောင်ရေကိုစစ်ကြည့်တော့ ၁၅၄ဝ ရှိပါတယ်။ သောက်နေတဲ့ ဆေးတွေကတော့ Zincovit မနက်တလုံး။ Natural Assets (formula for liver) မနက်တလုံး ညတလုံး။ Liv-up မနက် ၁ လုံး ည ၁ လုံးပါ။ ပျောက်နိုင်မလားသိချင်လို့ပါ။ သူများတွေ အပြောအရ ဘယ်တော့မှ မပျောက်တော့ဘဲ ပိုးကောင်ရေမတိုးအောင်သာ ထိန်းပေးတယ်လို့ သိရလို့ပါ။ ကျမရဲ့ result ကတော့
Tests Result Reference Unit remarks
SGPT (ALT) 23 9-52 U/L Normal
SGOT (AST) 21 14-36 U/L Normal
Alpha-Foetoprotein 5.98 <7.22 IU/mL Normal HBsAg 5270 <1.0 NS Reactive Anti-HCV 0.04 < 1.0 NS Negative HBeAg Negative - +/- - Anti-HBe Positive - +/- -

A: ဘီပိုးဟာ ချွေးကနေ ကူးတယ်လို့ရေးတာ မရှိသေးပါ။ အစားအသောက်၊ ရေ၊ အလုပ်စခန်းတွေကနေလဲ မကူးပါ။ လက်ဆွဲနုတ်ဆက်တာ၊ ရင်ချင်းအပ်နုတ်ဆက်တာ၊ ကလေးနို့တိုက်တာ၊ နှာခြေ-ချောင်းဆိုးတာကနေလဲ မကူးပါ။ စိတ်သိပ်မပူပါနဲ့။ ၉ဝ-၉၅% က နာတာရှည်အထိ မရောက်ကြပါ။ လူထက်ဝက်မှာ ရောဂါလက္ခဏာတောင် မပေါ်ပါ။ ပိုးရှိနေသူရဲ့ သွေး နဲ့ (လိင်ဆက်ဆံစဉ်၊ ကလေးဖွါးစဉ်ထွက်တဲ့) အရည်က တခြားလူရဲ့ သွေးထဲကို တနည်းနည်းနဲ့ ဝင်မှ ကူးပါတယ်။ လက်ခံသူမှာ မျက်စိနဲ့မမြင်အောင် သေးငယ်တဲ့ အပွန်း-အရှ-အနာ ကနေပါ ဝင်နိုင်တယ်။ ဆရာတို့ဆေးနည်းအပြင် အာယုဗေဒနည်း၊ ဟိုမီယိုပက်သစ်နည်းတွေကလည်း Chronic Hepatitis ရောဂါဖြစ်လာတာကို ထိန်းပေးနိုင်တဲ့ အဆင့်သာ ရှိတယ်။ သုတေသနတွေ အများကြီးလုပ်နေကြတယ်။ ကံထမ်းလာတာမမြင်ရဆိုတာလဲ ရှိတယ် မဟုတ်လား။ ဆရာ့ဆေးခန်းမှာ ကိုယ်ဝန်လာပြနေတဲ့ မိန်းကလေးမှာ သူ့ခင်ပွန်းက ပိုးရှိနေတယ်။ သူ့ကို အခုထိ မကူးသေးပါ။ အသဲအားဆေးကို ပုံမှန်သောက်ပါ။ အသဲကို ထိခိုက်မှာတွေ ရှောင်ပါ။ မိန်းကလေးများက ပိုလွယ်ပါတယ်။ စိတ်ဖိစည်းခံရမှု မဖြစ်အောင် ကျိုးစားပါ။

ဆရာရေးသားတဲ့ Hepatitis B ဘီ ပိုး ဆိုတဲ့ ပို့စ်ကို ဖတ်အပြီးမှာ သိချင်တာလေးတွေ ရှိလာလို့ မေးခွင့်ပြုပါရှင့်။ ကျမရဲ့ အသည်းရောင် အသားဝါ ဘီပိုးဟာ သွေးထဲမှာ ရှိနေဆဲမို့ မနိုင်တော့ဘူးလို့ ပြောလို့ရပါသလားရှင်။

အဲဒီအဖြေ ၃ ခုထဲမှာ ကျမရဲ့အဆင့်က နံပါတ် ၂ ပါရှင့်/ ABsAg သွေးထဲမှာပိုးရှိတဲ့အဆင့်မို့ အသဲခြောက် နှင့် ကင်ဆာ အဆင့်သို့ ကူးနိုင်-မကူးနိုင် သိလိုပါတယ်ရှင်။ ပြီးတော့ ကျမနားမလည်တာလေးကို ပြောပြပေးဖို့ တောင်းဆို လိုပါတယ်ရှင်။ Result မှာ Reactive လို့ ရေးထားပါတယ်။ နောက်ပြီး ရောဂါပြီးသွားတာ ဖြစ်လာနိုင်တယ် ဆိုတာကို သိလိုတာပါရှင့်။ အဲဒါလေးကို ပြောပြပေးဖို့ အားကိုးတကြီး တောင်းဆိုပါတယ် ဆရာရှင့်။

ကျမရဲ့ Result တွေကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်ရှင့်။ ကျမက ပြည်ပရောက်နေသူမို့ ၆ လ တကြိမ် ဆရာဝန်မပြနိုင်လို့ ၁ နှစ်တကြိမ် မြန်မာပြည် ပြန်တိုင်းတော့ ပြပါတယ်။ ဒါကြောင့် သိသင့် သိထိုက်တာတွေ ရှင်းပြပေးတဲ့ ဆရာ့ကို အရမ်းကို လေးစား မေတ္တာပို့မိပါတယ်ရှင့်။ ဆရာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

HBeAg negative နဲ့ anti-HBe positive ဖြစ်သူတွေကို Hepatitis B carriers လို့ ခေါ်တယ်။ ရောဂါပိုးကို သယ်ဆောင် နေသူများ ဖြစ်တယ်။ သူတို့ဟာ low grade of viral activity and infectivity ဗိုင်းရပ်စ် အနည်းငယ် တက်ကြွနေပြီး၊ ကူးစက်နိုင်မှုလည်း အနည်းငယ်ရှိကြတယ်။ HBeAg positive and Anti HBe negative တွေကတော့ high grade of viral activity and infectivity တက်ကြွမှု နဲ့ ကူးစက်နိုင်မှုက ပိုးများရင် များသလောက် ပိုများကြတယ်။

HBeAg-negative/HBV-DNA-positive တွေက နာတာရှည် chronic hepatitis B (pre-core mutant) ခေါ်တယ်။ 12-month course of lamivudine monotherapy ဆေးတမျိုးထဲကို ၁၂ လ ကုသရင် ဆေးကုနေတုံးမှာ အားရစရာ ကောင်းတဲ့ ရလဒ်တွေ ရတယ်။ ဆေးမရှိချိန်မှာတော့ ပြန်ပေါ်တတ်တဲ့ သဘောကြောင့် အဲလောက် မကောင်းပါ။ ဒါ့ကြောင့် ကြာရှည်ဆေးကုသမှု long-term therapy with lamivudine ကို လုပ်သင့်တယ်။ viral replication ဗိုင်းရပ်စ် ဆင်တူဖြစ်မှု နဲ့ control liver disease အသဲရောဂါ မဖြစ်စေအာင် ဖြစ်တယ်။

တခုရှိပြန်တာက လူနာအတော်များများမှာ ဆေးပြီးလာတတ်တယ်။ ဒါ့ကြောင့် အဲလိုလူနာတွေကို combining lamivudine with interferon ဆေး ၂ မျိုးတွဲပေးတယ်။ အသဲလဲရသူတွေမှာ lamivudine ဆေးပြီးသူတွေကို Adefovir ဆေးပေးတယ်။ interferon ကို တချို့နိုင်ငံတွေမှာ ရပ်ထားလိုက်တာမို့ lamivudine ကသာ အားကိုးစရာဖြစ်နေတယ်။ ပဌမ အကြော့မှာ lamivudine ပေးတာ အလုပ် မဖြစ်သူတွေကို ဒုတိယတကြိမ် ထပ်ပေးကြည့်တယ်။

လူနာ စိတ်မရှုတ်အောင်ပြောရရင် ဒီရောဂါကို ဆရာဝန်တွေ အပူတပြင်း စမ်းသပ်-ကုသမှုတွေ လုပ်နေကြပါတယ်။ တိတိကျကျ အဆင့်ထိ မရောက်သေးပါ။ ရောက်လာစရာရှိပါတယ်။

ဗိုင်းရပ်စ် ဆိုတာ ဘယ်အမျိုးအစားကိုမှ ဆရာဝန်တွေ မနိုင်သေးပါ။ အသဲအလုပ်မလုပ်နိုင်တာ၊ အသဲခြောက် နဲ့ ကင်ဆာ ဖြစ်လာ-မလာ ဆရာ အတိအကျ မပြောနိုင်ပါ။ ဒီပိုးရှိမနေသူတွေထက် အဆများပြီး ဖြစ်သွားစေတတ်တယ်လို့ ဆိုတာ သေချာတယ်။ ဘယ် % လို့ ပြောရတာလည်း နေရာ၊ လူ၊ အခြေအနေတွေ မတူရင် မတူဘူး။ သုတေသနတွေက သူများ တိုင်းပြည်တွေက ကိန်းဂဏန်းတွေမို့ ကိုယ့်လူမျိုးတွေအတွက် ဟုတ်ချင်မှ ဟုတ်နိုင်တယ်။

ဆရာလက်လှမ်းမီတဲ့ မြန်မာပြည်က သုတေသန စာတမ်းတခုအရ (HBsAg) carrier လူထုထဲမှာ 10-12% နှုံးရှိတယ်။ သူတို့ထဲက 25% က နာတာရှည် အသဲရောဂါဖြစ်ဘို့ 200 ဆ ပိုတယ်ဆိုတာ ဖတ်ရတယ်။ သုတေသနဆိုတာ ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်လေ တိကျလေဘဲ။

တတ်နိုင်သလောက် ဆေးစစ်၊ ဆေးကုပါ။ ဆရာ မကြာမကြာ ထည့်ရေးသလို ကံတရားဆိုတာလည်း ရှိသေးတယ်။ စိတ်ကို လိုတာထက်ပို မထိခိုက်စေနဲ့။ စိတ်ရဲ့စွမ်းအားက အကောင်းရော အဆိုးပါ ဖြစ်စေတတ်တယ်။ ဆရာ မေတ္တာပို့ပါတယ်။ တခုတော့ သိထားပါ ဆရာက အသဲအထူးကု မဟုတ်ဘူး။

Dr. တင့်ဆွေ
၆-၇-၂ဝ၁ဝ

Hepatitis B ဘီပိုးအကြောင်း သိသင့်တဲ့ အချက် ၁ဝ ချက်
၁။ ကာကွယ်ဆေးတော့ ရှိတယ်၊ ဒါပေမဲ့ ဒီပိုးကြောင့် ၃ဝ-၄၅ စက္ကန့်တိုင်း လူတယောက် သေဆုံးနေရတယ်။
၂။ ပိုးရှိနေပမဲ့ ၃ ပုံ ၂ ပုံလောက်က ရှိနေမှန်း မသိဘူး။ ဒါ့ကြောင့် ပိုပြီးကြီးမာတဲ့ စိုးရိမ်စရာ ဖြစ်နေရတယ်။
၃။ HBV က HIV ထက် ၁ဝ ဆ ပိုပြီး အဖြစ်များနေတယ်။ HIV က အာဖရိက နဲ့ HPV က အာရှမှာ အများဆုံးဘဲ။
၎။ HIV ထက် HPV က အဆ ၁ဝဝ ပိုပြီး ကူစက်နိုင်တယ်။
၅။ သေခြာဂရုစိုက် မကုသရင် ပိုးရှိနေသူထဲက ၂၅% ဟာ အသဲကင်ဆာ၊ အသဲအလုပ်မလုပ်တော့တာတွေ ဆက်ဖြစ်မယ်။
၆။ Hepatitis C ဆိုတာက တခြား ဗိုင်းရပ်စ်ကြောင့် ကူးစက်တယ်။ သန်း ၁၈ဝ မှာ ရှိနေတယ်။ ပျောက်အောင် လုပ်မရဘူး။ ကာကွယ်ဆေးလဲ မရှိသေးဘူး။
၇။ HBV နဲ့ Hepatitis C နှစ်မျိုး ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ ၆ ဘီလီယံထဲက သန်းပေါင်း ၅၃ဝ မှာဖြစ်နေတယ်။
၈။ Hepatitis B infection ရှိနေတဲ့ ကိုယ်ဝန်ဆောင်ကနေ သူ့ဗိုက်ထဲက ကလေးဆီကို မွေးနေတုံးမှာ ကူးစေနိုင်တယ်။
၉။ သူများတွေထက် ပိုဖြစ်လမ်းရှိသူတွေကတော့ တရားမဝင် မူးယစ်ထိုးဆေးသုံးသူ၊ လိင်တူဆက်ဆံသူ၊ လိင်ဆက်ဆံဘက် အဖေါ်များသူ၊ ထောင်ကျနေသူ၊ ကျောက်ကပ် Haemodialysis လုပ်နေရသူ၊ Haemophiliacs ရောဂါရှိသူ၊ ဆးရုံ-ဆေးခန်းမှာ အလုပ်နေရသူများ၊ အရေပြား-ခန္ဓာကိုယ်မှာ ကွင်းတပ်-တက်တူထိုး အလှဆင်သူတွေ၊ ဖြစ်တယ်။
၁ဝ။ Hepatitis B recombinant vaccine ကာကွယ်ဆေးက စိတ်ချရတယ်။ ထိရောက်ပါတယ်။ ၃ ခါထိုးပါ။

၈ လေးလုံး အခန်းအနား ဖိတ်ကြားလွှာ






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မြေသိမ်းခံလယ်သမားများ ထွန်စက်ရှေ့ လှဲပြီး တားဆီးဆန္ဒပြ

ဇာနည်မာန်| July 26, 2012
 ဇူလိုင်လ ၂၅ ရက်နေ့က မြေသိမ်း ကုမ္ပဏီပိုင် လယ်ထွန်စက်ရှေ့လှဲပြီး ဆန္ဒပြနေသော ၀မ်းတွင်းမှ လယ်သမား ၃ ဦး (ဓာတ်ပုံ – မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်)
မန္တလေးတိုင်း မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် အိုးပြွန်ရွာမှ ထွန်တုံးတိုက်ပွဲဝင်နေသော လယ်သိမ်းခံ လယ်သမားများ၏ မြေများတွင် ကောင်းကင် ကုမ္ပဏီက ယမန်နေ့တွင် ခြံစည်းရိုးခတ်ခြင်း၊ ထွန်စက်များဖြင့် လယ်ထွန်ခြင်းများကို ဆန့်ကျင်သည့်အနေဖြင့် ထွန်စက်များရှေ့တွင် တားဆီးဆန္ဒပြမှု လယ်ပိုင်ရှင်များက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“ကိုကျော်ဝင်းရဲ့  အကွက်ကို ထွန်စက်တွေက စ လာထွန်တာ။ ကိုကျော်ဝင်း၊ ကိုသိန်းအောင်နဲ့ ဦးတုတ်ကြီးတို့က ထွန်စက်ရှေ့ လှဲအိပ်လိုက်တယ်။ ထွန်ချင်ရင် ကျနော်တို့ပေါ် နင်းသွား၊ ဖြတ်သွားပြီးမှ ထွန်ဆိုပြီးတော့။ အဲ့ဒီအခါမှာ ကောင်းကင်ကုမ္ပဏီ အစောင့်တဲက ကလေးက သူတို့ရုံးကို ဖုန်းလှမ်းဆက်တော့ သူတို့ရဲ့ တာဝန်ခံက ကိုဌေးလွင်က မောင်းသာဆက်မောင်းလို့ ပြောတာ။ ကားမောင်းတဲ့ ကလေးကတော့ စက်ကို ရပ်လိုက်ပြီးတော့ ကားကနေ သော့ဖြုတ်ပြီး ပြန်သွားတယ်” ဟု လယ်ပိုင်ရှင်တဦးက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများအရေး လယ်သမားများနှင့် ကောင်းကင်ကုမ္ပဏီအကြား သက်ဆိုင်ရာခရိုင်ရုံး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေစဉ် အတောအတွင်း ကုမ္ပဏီဘက်မှ ယခုကဲ့သို့ လုပ်ဆောင်သည့်အပေါ် မကျေနပ်ကြောင်း၊ မိမိပိုင်လယ်မြေများကို ပြန်ရရေးအတွက် ယခုကဲ့သို့ လုပ်ရခြင်းဖြစ်ကြောင်း လယ်ပိုင်ရှင်များက ဆိုသည်။
လယ်မြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေစဉ်က ကောင်းကင်ကုမ္ပဏီမှ အဆိုပါ လယ်မြေအားလုံးနီးပါးကို စွန့်လွှတ်ကြောင်း ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ပြောဆိုချက်အတိုင်း ကတိမတည်ဘဲ သက်ဆိုင်ရာမှ ညှိနှိုင်းဖြေရှင်းပေးမှုကိုလည်း စောင့်ဆိုင်းခြင်းမပြုကြောင်း လယ်ပိုင်ရှင်များက ပြောသည်။
“ညှိနှိုင်းပေးမယ်၊ ဒီလို လယ်တွေ ၀င်ထွန်တာတွေ မလုပ်ပါနဲ့ပြောလို့ လယ်သမားတွေဘက်က ဘာမှ မလုပ်ဘဲ ညှိနှိုင်းပေးတာကို စောင့်နေတာ။ ကုမ္ပဏီက ဒီလိုလုပ်တော့ မခံနိုင်လို့ သူတို့ထွက်သွားတော့ လယ်တွေဝင်ထွန်ပြီးတော့ ၀ါတို့၊ နှမ်းတို့၊ နေကြာတို့ ကြဲခဲ့တယ်” ဟု လယ်ပိုင်ရှင်တဦးဖြစ်သူ ဒေါ်ဌေးဌေးမြင့်က ပြောသည်။
သူကဆက်၍ “ကျမတို့မှာ ဒီမြေတွေပေါ် ဓားမဦးချလုပ်လာတာ။ လယ်သမားအလုပ်ပဲ လုပ်တတ်တာ။ လယ်သမား လယ်ပိုင်မရှိတော့ ဘယ်လိုလုပ်ရမလဲ။ လယ်သမား လယ်မရှိတော့ စားဝတ်နေရေး ကြပ်တည်းနေရတယ်။ လယ်သမား လယ်ပိုင်ရှိမှ ဖြစ်မှာမို့ လယ်သမားတွေကို ကူညီပါလို့ သမ္မတကြီးကို ပြောချင်ပါတယ်” ဟု ဆိုသည်။
လယ်သိမ်းခံ လယ်သမားများအရေး ဖြေရှင်းမှုများတွင် လယ်သမားများ၏ နစ်နာမှုများအတွက် အာဏာပိုင်များနှင့် ကုမ္ပဏီများဘက်မှ ဥပဒေအရ ညှိနှိုင်းဆောင်ရွက်မှုများ မရှိသည့်အတွက် ယခုကဲ့သို့ အဖြစ်အပျက်များ ကြုံတွေ့ရခြင်းဖြစ်ကြောင်း လယ်သမားများအရေး ကူညီပေးနေသူများကဆိုသည်။
“အာဏာပိုင်တွေရော ကုမ္ပဏီ ပိုင်ရှင်တွေကပါ လယ်သိမ်းခံ လယ်သမားတွေရဲ့ နစ်နာမှုအတွက် မလုပ်ခဲ့ကြဘူး။ ဥပဒေကြောင်းအရရော လူမှုရေးအရရော ညှိနှိုင်းဆောင်ရွက်တာ မရှိဘူး။ ဒီလိုဖြစ်တာက မြန်မာနိုင်ငံ တနံတလျားက လယ်သမားတွေ အားလုံးကြုံတွေ့နေရတဲ့ ပြဿနာပဲ။ လယ်သမားအရေးဆိုတာ အရေးကြီးပါတယ်။ ဒီလို ဖြေရှင်းနည်းတွေနဲ့ကတော့ အကျိုးမရှိပါဘူး။ တိုင်းပြည်နစ်နာတာပဲ ရှိပါတယ်” ဟု မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး ထွန်တုံးတိုက်ပွဲဖြင့် ကြိုးပမ်းနေသော လယ်သမားများအနက်မှ မိတ္ထီလာခရိုင်မှ လယ်သမား ၁၉ ဦး၊ ပဲခူးတိုင်း ပြည်ခရိုင်မှ လယ်သမား ၆ ဦးတို့ကို သက်ဆိုင်ရာမှ ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုထားသေးသည်။
လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ၍ စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများ ဖြစ်ပွားပြီး လယ်ယာမြေ ပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်
 ဧရာဝတီ မှ



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မိတ္ထီလာ ထွန်တုံးတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

2012-07-26
မိတ္ထီလာခရိုင်အတွင်း အတင်းအဓမ္မ လယ်ယာမြေ အသိမ်းခံထားရတဲ့ တောင်သူတွေက လယ်ယာမြေတွေမှာ ပြန်လည် စိုက်ပျိုးခွင့် ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆက်လက် ဆင်နွှဲနေကြပါတယ်။

လယ်သမားအရေး ၈၈ တွေဝင်ရောက်ကူညီ

2012-07-26

ရန်ကုန်တိုင်း သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ စစ်တပ်က အဓမ္မသိမ်းထားတဲ့ လယ်တွေကို မူလလယ်သမားတွေ ပြန်ပြီးထွန်ယက်တဲ့အတွက် ဒီနေ့မနက်မှာ စစ်တပ်က လက်နက်နဲ့ဝိုင်းပြီး ခြိမ်းခြောက် တားမြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကြားဝင် ညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ သတင်းရရှိပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်က ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းတွင် လယ်ယာမြေများ အသိမ်းခံရသည့် လယ်သမားများ လာရောက်တွေ့ဆုံ တင်ပြနေစဉ်။
အဲဒီနေရာကို လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်၊ ကိုထွန်းမြင့်အောင်တို့ ရောက်သွားပြီး လယ်သမားတွေရဲ့ အခြေအနေနဲ့ ဆန္ဒတွေ မေးမြန်း စုံစမ်းခဲ့ပါတယ်။ အဲဒီနောက် သိမ်းထားတဲ့ လယ်တွေကို တာဝန်ရှိသူ စစ်တပ်အရာရှိနဲ့ ဆွေးနွေးပေမယ့် အဆင်မပြေတဲ့အတွက် ရန်ကုန်တိုင်းအစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ်ပြီး ဒီပြဿနာဖြေရှင်းဖို့ကြိုးစားခဲ့တဲ့ အကြောင်း ကိုမျိုးသန့်က ပြောပါတယ်။
"အဲဒီမှာ တာဝန်ရှိတဲ့သူထဲက အကြီးဆုံး ဗိုလ်မှူး အောင်နေမျိုးပေါ့ဗျာ။ သူ့ဆီကို ဒီကိစ္စကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းနိုင်မလဲလို့ မေးတဲ့ အခါကျတော့ ကျွန်တော့မှာဘာမှ ပြောပိုင်ခွင့် မရှိဘူးတဲ့။ အဲတာ ကျွန်တော်တို့က ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းဆီကို အကူအညီ တောင်းပါတယ်။ ဗိုလ်မှူးကြီးခင်ဗျား ဒီမှာရေတပ်နဲ့ လယ်သမားတွေနဲ့က ပဋိပက္ခက ပိုပြီးကြီးလာနိုင်တယ်။ လူအင်အားပြပြီး ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးကိုတော့ ရပ်တန်းက ရပ်ပေးနိုင်ဖို့အတွက် ဘယ်လို ညှိနှိုင်း ဆောင်ရွက်ရင် ကောင်းပါမလဲ ဆိုပြီးတော့ အကူအညီ တောင်းတဲ့ အခါမှာ လုံခြုံရေးဝန်ကြီးက ရေတပ်ဌာနချုပ်ကို လှမ်းအကြောင်းကြား ပေးပါမယ်တဲ့။ သူတို့လူကြီး တစ်ယောက်ယောက် စီစဉ်ပေးနိုင်ပါတယ်လို့ ပြောတဲ့ အခါကျတော့ ကျွန်တော်တို့ စောင့်သေးတယ်ဗျ။ နောက်ဆုံး မလာတာနဲ့ ကျွန်တော်တို့  ပြန်လာတယ်ပေါ့ဗျာ"
အဲဒီ အလွမ်းဆွတ်ရွာမှာ လယ်မြေဧက (၂၀၀) ကျော်ကို ခလရ (၉၀) က ၁၉၉၅ ခုနှစ်မှာ သိမ်းခဲ့ပြီး လယ်သမားတွေကို တစ်ဧကစပါး (၁၀) တင်းနှုန်းနဲ့ သီးစားပြန်ချ ထားခဲ့တာပါ။ နောက်ပိုင်းမှာတော့ တပ်အဆင့်ဆင့်ပြောင်းပြီး အခုလက်ရှိ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က ယူထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် မူရင်းလယ်လုပ်ခွင့် ဆုံးရှုံးသွားတဲ့ လယ်သမားတွေက ပြီးခဲ့တဲ့ ၂ လလောက်မှာ သူတို့လယ်တွေ ပြန်လုပ်ခွင့်ပေးဖို့ သမ္မတဆီကို အသနားခံစာ တင်ခဲ့ပြီး လယ်တွေပြန်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီကာလမှာ အခုလိုစစ်တပ်က အင်အားနဲ့ ဆောင်ရွက်တာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမျိုးသန့်က ပြောပါတယ်။
"နံပတ်တုတ်တွေကိုင်ပြီးတော့ လုံခြုံရေး အင်အားအပြည့်အဝနဲ့ လယ်သမားတွေကို ဝိုင်းထားပြီးခါမှ မလုပ်ရဘူးလို့ ပြောတာ။ ကျွန်တော်တို့ကလည်းပဲ လယ်သမားတွေ လယ်ပိုင်တာလား၊ မပိုင်တာလား ကျွန်တော်တို့ မဆုံးဖြတ်ဘူး။ အဲဒီလို လက်နက် အင်အား၊ လူအင်အားနဲ့ ခြိမ်းခြောက်တာမျိုးကတော့ မဖြစ်သင့်ဘူး"
တဆက်တည်းမှာပဲ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်က လယ်သိမ်းခံထားရတဲ့ လယ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ ဒီနေ့ နေ့လည်က ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်က သိမ်းထားတဲ့ အဲဒီမြေတွေမှာ အခြားစီမံကိန်းတွေ ဆောင်ရွက်တာမျိုး မရှိသလို လယ်မြေတွေလည်း ဖြစ်ထွန်းအောင် စိုက်ပျိုးတာ မဟုတ်ဘဲ အရင်အတိုင်းပဲ ဆက်လက်တည်ရှိနေတဲ့အတွက် မူလလယ်သမားတွေကို လယ်လုပ်ခွင့် ပြန်ပေးသင့်တဲ့အကြောင်း လယ်သမားရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မနုနုအောင်က RFA ကိုပြောပါတယ်။
"'ဒီနေ့က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် လယ်သမား ၈၀ ကျော်ရဲ့ လယ်ဧက ၆၀၀ ကျော်လေ၊ လယ်ယာမြေကိစ္စပေါ့။ သတင်းစာ ရှင်းလင်းပွဲလုပ်တာ။ သိမ်းတာက ရန်ကုန်တိုင်း စစ်ဌာနချုပ် ခလရ ၁၆၊ ခလရ ၁၃၉၊ ခလရ ၉၀၊ ခမရ ၄၃၅၊ ခမရ ၄၃၆၊ ခမရ ၇၀၂၊ ခလရ ၈၂၊ နလစ ၆၅၆ အဲတာသိမ်းတာ လျော်ကြေး ဘာမှမရဘူး"
ဒီလယ်တွေကို ၁၉၉၂ ခုနှစ်မှာ အဲဒီ စစ်တပ်တွေက သိမ်းခဲ့ပြီး မူလလယ်သမားတွေကို သီးစားပြန်ချ ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ လယ်သမားတွေက တွက်ချေ မကိုက်တော့တဲ့ အတွက် အဲဒီလယ်တွေကို ဆက်မလုပ်ကြတော့ဘဲ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ တောင်သူ လယ်သမား ပြဿနာတွေ ပြေလည်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ညှိနှိုင်း ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပြောပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မိမိကိုယ်သာ ကိုးကွယ်ရာ၏

ကာလာမသုတ်

ကောသလတိုင်းတွင် အပါအ၀င်ဖြစ်သော ကာလာမမင်းတို.၏အုပ်စိုးရာ ကေသမုတ္တနိဂုံးသည် တောအုပ်တစ်အုပ် ၏ အ၀င်အ၀၌ တည်ရှိသောကြောင့် ထိုတောလမ်းခရီးသွားတို့ ၏ တည်းခိုရာ အရပ်ဖြစ်နေ၏။ အယူဝါဒ အမျိုးမျိုးရှိကြသော ဆရာကြီးတို့သည် ထိုအရပ်ရောက်လျှင် မိမိတို့အယူကို ၀ါဒဖြန့်၍ အခြားဝါဒများကို ဖိနှိပ်ပြောဟောတတ်ကြကုန်၏ ။ ထိုနိဂုံးသားတို့သည် အယူဝါဒ နှင့်စပ်၍ ယောင်ဝါးဝါးဖြစ်ကြစဉ် ဗုဒ္ဓရှင်တော်မြတ်လည်း ထိုအရပ်သို့ရောက်တော်မူလာ၏ ။ထိုနိဂုံးသားတို့သည် "အယူဝါဒ အမျိုးမျိုးကို ကြားနေရသဖြင့် ဟိုသူပြောတာဟုတ်နိုးနိုး ဒီသူပြောတာ ဟုတ်နိုးနိုး တွေးတောနေကြရပါကြောင်း " လျှောက်ကြလေရာ  ဗုဒ္ဓရှင်တော်မြတ်က အမျိုးမျိုးကြားနာနေရသော သင်တို့မှာ ယုံမှားတွေးတောစရာပေဘဲ ဟုမိန့်တော်မူပြီးလျှင် နားထောင်ကြကာလမအမျိုးသားတို့ ဟုကာလာမသုတ်ကို ဟောတော်မူ၏ ။

မစွဲလမ်းရာဆယ်ဌာန

၁။ ကလေးဘ၀မှစ၍ ကြားနာမှတ်သားခဲ့ရခြင်း ဖြင့်လည်း ဟုတ်တယ် ၊မှန်တယ်ဟု အစွဲမယူကြနှင့်။
၂။မိဘဘိုးဘွားစသည်တို့မှဆင်းသက်၍ (ပရံပရ=အဆက်ဆက်)မှတ်ယူ လုပ်ကိုင်ရိုး ဖြစ်၍လည်း အမြဲအစွဲ မှတ်ယူမထားကြနှင့်။
၃။အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြနှင့်။
၎။ဒီအယူအဆသာ ငါတို့သင်ထားသော ကျမ်းစာနှင့်ညီတယ် ဟု မိမိတို့ကျမ်းစာနှင့် ညီရုံမျှဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။
၅။မိမိဘာသာ ကြံစည်ထားသော အရာကိုလည်း ဟုတ်လှပြီ မှန်လှပြီ ဟု အမြဲအစွဲ ယူမထားကြနှင့်။
၆။အခြားနေရာ (အခြားနိုင်ငံ)တို့၌ သူတစ်ပါး တို့လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း ဒီနေရာ၌ သင့်တော်လှပြီ ဟု အမြဲအစွဲယူမထားကြနှင့် ။
၇။ တစုံတခုပြုဖို့ရာ အကြောင်းအထောက်အထားကိုစဉ်းစားရာဝယ် အကြောင်းအထောက်အထားရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲယူမထားကြနှင့် ။
၈။သူပြောသော အယူအဆသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့်ညီသည် ဟု အယူဝါဒခြင်း တူမျှရုံဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။
၉။ ဒီရသေ့ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်း ပုဂ္ဂိုလ်တည်းဟု ဒီလိုပုဂ္ဂိုလ်စကားကို လေးလေးစားစားမှတ်သားထိုက်သည် ဟုလည်း စွဲစွဲမြဲမြဲ
မှတ်ယူမထားကြနှင့် ။
၁၀။ဒီရသေ့ရဟန်းကား ငါတို့ကိုးကွယ်ထားသော ဆရာဖြစ်၏ ။ ငါ့ဆရာစကားကို ငါမှတ်သင့်သည် ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့် ။
ကာလာမ အမျိုးသားတို့ ဒီအကျင့်တွေသည် ကောင်းလည်းမကောင်း  ၊ အပြစ်လည်းမကင်း ၊ပညာရှိကဲ့ရဲ့ စရာလည်း ဖြစ်၏ ။ထိုအကျင့်အကြံအလုပ်အကိုင်ကို
ပြုလိုက်လျှင် (မိမိအတွက် သို့ မဟုတ် လူ့ အသိုင်းအဝန်းအတွက်) စီးပွါးမဲ့ ဖို့ ဒုက္ခရောက်ဖို့ဖြစ်၏ ဟုကိုယ်တိုင်နားလည်သောအခါ ထိုအကျင့်အပြုအမူများကို စွန့်လိုက်ကြ ၊ "စီးပွါးတိုးတက်၍သုခရဖို့ အကျင့်အကြံများ " (ပါတ်ဝန်းကျင့် လူ့ အသိုင်းအဝန်းနှင့်လည်း သဟဇာတဖြစ်ရမည်)
ဟုကိုယ်တိုင်နားလည်ထားသော အကျင့်အကြံအပြုအမူများကိုသာ လိုက်နာပြုကျင့်ကြ ဟု ဟောတော်မူပြီးလျှင် ဒုစရိုက် ၊ သုစရိုက် များကို ခွဲခြား၍မေတ္တာ ၊ ကရုဏာ
စသော တရားများကို ဟောတော်မူလေသည်။

အရှင်ဇနကာဘိဝံသ၏မှတ်ချက်

ကာလာမသုတ်၌ မိမိတို့ငယ်ရွယ်စဉ်ကမှတ်သားထားသောအရာ(မိရိုးဖလာပြုရိုးပြုစဉ်) နှင့် ရသေ့ရဟန်းပြောသမျှ ဆရာသမားပြောသမျှ တွေကိုပင် အကျိုးရှိ-မရှိစဉ်းစား၍ အမှန်အကျိုးရှိကြောင်းကို ကိုယ်ပိုင်ဥာဏ်ဖြင့်သိပြီးမှ မှတ်ယူလိုက်နာရမည် ဟု အမိန့်တော်ရှိ၏ ။ယခုကာလ၌ မိရိုးဖလာအစွဲသန်နေသူတို့သည် ဗုဒ္ဓရှင်တော်၏ တရားတော်ကို လိုက်နာကာ အစွဲသန်သင့်ရာ၌သာ အစွဲသန်ကြ၍ မစွဲလမ်းသင့်ရာတို့၌ကား လွယ်လွယ်လေးနှင့်ပြုပြင်နိုင်မှသာ သာသနာအကျိုး ၊ နိုင်ငံအကျိုး ၊ မိမိအကျိုးပွါးတိုးစေ နိုင်ကြပေလိမ့်မည်။ အသောကမဟာရာဇာသည် မိရိုးဖလာ ကိုးကွယ်ထားသော ဗြဟ္မဏ တွေကိုပင်စွန့်လွှတ်၍ ရဟန်းတော်များကို ကိုးကွယ်ကာ အကြီးအကျယ်သာသနာပြုခဲ့သည်။ အနော်ရထာ မင်းစောလည်း အရည်းကြီးများကို ဖယ်ရှား၍ အရှင်အရဟံ အမှူးထားသော သံဃာစစ်များကို နှစ်နှစ်ကာကာချီးမြှောက်ခဲ့ပါသည်။ယခုအခါ မြန်မာပြည်၌ သာသနာရေးဝယ် ပြုပြင်ဖွယ်တွေရှိသော်လည်း ထိုမင်းများကဲ့သို့ တမျိုးတမည်ပြောင်းလဲပစ်ဖို့မလိုပါ ။ အဆုတ်ဘက် ငဲ့နေသော သာသနာတော်ကို အနည်းငယ် ဦးလှည့် ပေးလိုက်ရုံမျှဖြင့် အတိုးဘက် အတက်ဘက်သို့ ရှေးရှုလျက်ဖြစ်ကာ အမျိုးဘာသာ သာသနာအကျိုးများ တိုးပွါးစေနိုင်ပါလိမ့်မည် ။

ကိုးကား
အရှင်ဇနကာဘိဝံသ ၏ အနာဂါတ်သာသနာရေးစာအုပ်

တဆင့်တင်ပြသူ မှတ်စုစာအုပ်ရှင်အား ကျေးဇူးတင်ပါသည် ။

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု

မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။
မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွန်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။
(ညိုလင်းထွန်း)
 မောက်ခ မှ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပေးရန် ဆွေးနွေး

မျိုးသန့် | အင်္ဂါနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၄ မိနစ်
နေပြည်တော် (မဇ္ဈိမ) ။      ။ တိုင်းရင်းသားဒေသများတွင် တွေ့ကြုံခံစားနေရသည့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရမှုများ၊ တိုင်းရင်းသား ဘာသာများ စာသင်ကျောင်းများတွင် သင်ကြားခွင့် မရမှု၊ ဘာသာစကား ယဉ်ကျေးမှု၊ စာပေတို့ ပျောက်ကွယ်နေသည့် အခြေအနေများကို ထောက်ပြ၍ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲပြဋ္ဌာန်းရေး အဆိုကို အင်္ဂါနေ့ ပြည်သူ့ လွှတ်တော်တွင် တိုင်းရင်းသား လွှတ်တော်အမတ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ၏ အမတ် ဦးတီခွန်မြတ်က အဆိုပါ ဥပဒေ
ပြဋ္ဌာန်းပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုအဆိုကို ချင်းပြည်နယ်၊ ထန်တလန် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းက ထောက်ခံဆွေးနွေး ရာတွင် ပင်လုံစာချုပ်တွင် ပါဝင်သည့် တိုင်းရင်းသားများကို အုပ်ချုပ်ရေးတွင် ကိုယ်တိုင်စီရင် ခွင့်ပေးမည်၊ တန်းတူညီတူ အခွင့်အရေး ရရှိစေရမည်ဟူသည့် အချက်များကို ထောက်ပြပြောဆိုကာ အဆိုပါ အခွင့်အရေးများ ယနေ့အချိန်ထိ မရရှိသေးကြောင်း ထည့်သွင်း ပြောဆိုသွားသည်။
p4
တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲပြဋ္ဌာန်းရေး အဆိုကို တနင်္လာနေ့ ပြည်သူ့ လွှတ်တော်တွင် တိုင်းရင်းသား လွှတ်တော်အမတ်များက ထောက်ခံဆွေးနွေး (ဓါတ်ပုံ မျိုးသန့် / မဇ္ဈိမ)
“အခုအချိန်ထိ တိုင်းရင်းသားများမှာ တန်းတူညီမျှခွင့် မရသေးလို့ ခံစားရပါတယ်။ လွတ်လပ်ရေး အကျိုးအမြတ် မခံစားရသေးပါဘူးရှင့်။ ချင်းတိုင်းရင်းသားများဟာ ဒေသမှာ သယံဇာတ ဘာမှ မထွက်ဘူးဆိုပြီးမှ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းအောင် မလုပ်ပေးဘူး” ဟု ဆွေးနွေးသွားသည်။

ထို့အပြင် “ချင်းတိုင်းရင်းသားနှင့် ခရစ်ယာန်ဘာသာဝင်များမှာ ဗိုလ်မှူးကြီးအဆင့်နှင့် ရာထူးကြီးမားသော အဆင့်များမှ ခွဲခြားမှုများ၊ ဘာသာရေး အခွင့်အလမ်းများ ဘာသာရေး အဆောက်အအုံများ ဆောက်တဲ့အခါများတွင်လည်း လွတ်လပ် မှုမရှိပါဘူး။ နိဂုံးချုပ်အနေနဲ့ စာအုပ်ပေါ်မှာ ရှိတဲ့ ဥပဒေ မဟုတ်ဘဲနဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဆွေးနွေးသွားသည်။

ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးအေးကလည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်း နေထိုင်ကြသည့် တိုင်းလိုင်း(ခေါ်) တိုင်းနိုင် တိုင်းရင်းသားတို့ ကိုယ်ပိုင် စာပေသင်ကြားခွင့်မရခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများတို့ကို ခေတ် အဆက်ဆက် အာဏာပိုင်တို့မှ အားမပေး၍ ပျောက်ကွယ်သွားရကြောင်း ဆွေးနွေးတင်ပြသွားသည်။

“လမ်းစဉ်ပါတီခေတ်မှာ ပြည်နယ်တခု တောင်းဆိုလာမှာ စိုးရိမ်မှုရယ်၊ ရှမ်းပြည်နယ် နည်းတူ အခြားအခွင့်အရေး
တောင်းဆိုမှာ စိုးရိမ်တာကြောင့် ဖိနှိပ်ခံခဲ့ကြရပါတယ်။ မိမိတို့ နှစ်သစ်ကူး ပွဲတော်တောင် ကျင်းပခွင့်မရခဲ့ကြပါဘူး။ ရှမ်းဘာသာစကားကို စာသင်ကျောင်းတွေမှာ ပြောဆိုခွင့် မရခဲ့ကြပါဘူး” ဟု ဆွေးနွေးသွားသည်။

ထို့အပြင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ အာဏာနှင့် လုပ်ပိုင်ခွင့် မရှိခြင်းကိုလည်း “တိုင်းရင်းသားရေးရာ ဝန်ကြီး များကလည်း ဖွဲ့စည်းပုံအ‌ခြေခံဥပဒေရဲ့ ခွင့်ပြုထားတဲ့အတိုင်း အပြည့်အဝ ခံစားရရှိခြင်း မရှိရသေးပါ။ လွှတ်တော်မှာ တိုက်ယူ၊ တောင်းယူနေကြတဲ့အထိ ဖြစ်နေပါသေးတယ်။ ဒါဟာလည်း ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး” ဟု ဦးအေးက ထည့်သွင်း ဆွေးနွေးသွားသည်။

တိုင်းရင်းသားအခွင့်အရေး ဥပဒေပြဋ္ဌာန်းပေးရန် အဆိုကို ဆွေးနွေးရန် လွှတ်တော်အမတ် ၂၇ ဦး စာရင်းပေးသွားထားပြီး တနှစ်ကျော်ကြာ လွှတ်တော်သမိုင်းတလျှောက် အမတ်ဦးရေ အများဆုံး ဆွေးနွေးသည့် အဆိုလည်း ဖြစ်သည်။

ထိုအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ဆွေးနွေးရန် စာရင်းပေးသွင်း ပြီးဖြစ်သည်ဟု သိရသည်။

တိုင်းရင်းသား အခွင့်အရေး ဥပဒေပြဋ္ဌာန်းပေးသင့်ကြောင်း နေပြည်တော် သမ္မတ အိမ်တော်တွင် ဇွန်လ ၃ ရက်နေ့က
ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ နှစ်လ ပြည့်သည့်နေ့ ပထမဆုံး စည်းဝေးမှုတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားသွားခဲ့သေးသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

သခင်ကိုယ်တော်မှိုင်းနှင့် အတူနေခဲ့ရသောရက်များ (ဒဂုန်တာရာ)

Time spent together with Hmine (Dagon Taryar)


ဇူလိုင် ၂၅၊ ၂၀၁၂
၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ် ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။ သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူ များ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ကတ္တရာ စေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာသေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များသည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံ မှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍ ၀ါသော၊ ဖြူသော၊ မဲသော၊ ကွက်သော ဗိုက်သားတို့ကို ဖော် ပေးထားကြ၏။ ဖဲပြားအနက်ကြီးသည် တွန့်ကာ ချိုင့်သွား၏။ သစ်ကိုင်းများသည် ကျနော့်ကို လာ၍ ထိခတ်သည်။ ခြင်္သေ့ကြီး ၂ ကောင်သည် လည်ဆံမွေးထလျက် ကျနော့်ထံ ပြေးလာလေပြီ။ အလို….။
“ဖြေးဖြေးမောင်းပါဗျာ”
ကားမောင်းပို့သူ စစ်ဗိုလ်သည် ပြုံးမြမြလုပ်နေ၏။ ကားအရှိန်သည် အနည်းငယ် လျော့လာသည်။ မဟာရွှေစေတီကြီးမှ ရွှေရောင်သည် မြင်ကွင်းကို လာ၍ ရိုက်လိုက်သည်။ စိမ်းသော သစ်ကိုင်းများသည် ငုံ့မိုးညွတ်ကိုင်းနေရမှ အပေါ်သို့ ပြန် တက်သွားကြလေပြီ။ လမ်း၏ လက်ဝဲဘက်မှ ဆရာကြီး မဟာသခင်ကိုယ်တော်မှိုင်း၏ဂူကို လှမ်းမြင်လိုက်ရသည်။ စော စောက သွေးအားနည်းနေသဖြင့် မူးဝေသော ဝေဒနာသည် လွင့်သွားလေပြီ။ ကျနော့်ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ ဖြူသော ကျောက်ဖြူဂူကြီးသည် မားမားကြီး ရပ်တည်လျက်၊ လေးဒေါင့်တိုင်ကြီးများသည် ကျနော့်အား သူ့လိုမတ်ရန် အားစွမ်းကူးပေးလိုက်သည်။ မျက်နှာစာမှ စာအုပ်၊ ဒေါင်း၊ ချိုးဖြူ၊ တူတံစဉ် အထိမ်းအမှတ် သဏ္ဌာန်ကို ဖျတ်ခနဲမြင်ရင်း၊ ဖျန်းကနဲ၊ ဖျန်းကနဲ မွှေးညင်းတို့ထောင်ကာ၊ သွေးတို့သည် နှလုံးသည်းပွတ်အကြောတလျှောက် စီးဆင်းလာကုန်သည်။ ရင်တဒိတ်ဒိတ် ခုန်လာပြန်သည်။ ကဗျာ၊အမျိုးသား လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ အလုပ်သမား၊ လယ်သမားတို့၏ ပြည်သူ့ အာဏာ ရရေး။ ကျနော်သည် ရင်ခုန်သံဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အလေးပြုရင်း၊ ကားသည် ဆက် မောင်းနှင်သွားသည်။
ရွှေတိဂုံစေတီတော် ပြသဒ်တန်ဆောင်များသည် တရိပ်ရိပ် နောက်တွင် ကျန်ရစ်ခဲ့ကြပေပြီ။ ကျနော့်အာရုံထဲတွင် အလုပ် သမား၊ လယ်သမား လူထုကြီးသည် သိင်္ဂုတ္တရကုန်းမြေသို့ ချီတက် စုဝေးနေကြသည်။ အတိတ်မှ အသံများ ပဲ့တင်ထပ် လာသည်။ ၁၃၀၀ ရာပြည့် အရေးတော်ပုံမှ အသံများ၊ နယ်ချဲ့အစိုးရ ကျဆုံးပါစေ၊ ဓနရှင်စနစ် ပျက်စီးပါစေ၊ သူပုန်သူပုန် ထထ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့၊ အရေးတော်ပုံ အောင်ပါစေ၊ ဗဟန်းမြေမှ သစ်ပင်တို့ကို တရိပ်ရိပ် ဖြတ်သန်းခဲ့သည်။ ကန် တော်ကြီး ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကုန်ကြသည်။ ဖဆပလခေတ်က ပြည်ထောင်စုကလပ် အဆောက်အဦသည် ရိပ်ကနဲ နောက်တွင်ကျန်ရစ်သည်။ ဘိလိယက် ဘောလုံးချင်း ထိသံ၊ မာကျောက်ဖဲမွှေသံ၊ အငြိမ့် မင်းသမီး ညုသံ၊ မူရာသံ၊ ပူဆာသံ၊ ဖန်ခွက်ချင်းထိသံ၊ ရေစီးသံ၊ အော့သံ၊ အံသံ။
ကားသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ ကားသည် ကျိုက္ကစံကို ကွေ့လိုက်သည်။ မြင်းပြေးသံ၊ ဘရင်လေးကွ အော်သံ၊ ဟစ်သံ၊ ကျနော့် နားထဲတွင် အသံဘလံ အားလုံးတို့သည် ရောယှက်စီညံနေသည်။ ဤရာဇ၀င် ကားချပ်များသည် တခု နှင့်တခု ဇောက်ထိုး ပြောင်းပြန်ထပ်ကာ နောက် ကစဥ့်ကလျား ဖြစ်သွားကြသည်။ ကျနော်ကား ရင်တဒိတ်ဒိတ်ခုန်လျက် … ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာတေးသံသည် ရာဇ၀င်အာရုံ အားလုံးကို လွှမ်းမိုးလိုက်သည်။
“ကောင်းကျိုးအထွေထွေရယ်နဲ့
ချွန်စေ မြစေသော
ဒေါင်းအိုးဝေရယ်နဲ့
တွန်စေ ကစေသော…….”
(၂)
ကျနော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတွေ့ကြုံကာ သိကျွမ်းရသောအခါ ကျောင်းသားဘ၀ အသက် (၂၀) အရွယ် က ဖြစ်သည်။ ထိုအခါက ဆရာကြီးမှာ အသက် (၆၅) အရွယ် ဖြစ်လေရာ၊ ကျနော့်ထက်များစွာ ကြီးသည်။ကျနော်သည် ဆရာကြီး ကဗျာ၊ ဋီကာ၊ ဂဏ္ဍိ စသောစာပေများကို ဖတ်ခဲ့သည်မှာ ၇-၈ တန်း ကတည်းကဖြစ်သည်။ ဆရာကြီး၏ စာများ ကို လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ၀တ္ထုများလောက် မစွဲငြိခဲ့။ ထိုအခါက အနုအယဉ်၊ အနွဲ့အပျောင်းတို့ကိုသာ တပ်မက် ခဲ့၏။ ကျနော့်မှာ အိမ်တံစက်မြိတ်မှ မထွက်ခဲ့။ ပန်းပွင့်များသာ အလှဟု ထင်လျက်ရှိသည် ငွေလရောင်သည် ကမ္ဘာကြီးဟု အောက်မေ့ခဲ့၏။ ၁၉၃၆- ကျောင်းသားသပိတ်ပြီးသောအခါမူ ဆရာကြီး၏ ဒေါင်းဋီကာကို ရှာဖွေရမှန်း သိလာပေပြီ။ ဘွိုင်း ကောက်ဋီကာ စာအုပ်ကိုလိုက်ရှာလာပေပြီ။ ကျောင်းသားသပိတ် အတွေ့အကြုံသည် ကျနော့်အား ဆရာကြီးထံပါးသို့ ပို့ ဆောင်လိုက်လေပြီ။
“သြ… ဝေးခရီးကပေမယ့်
အရေးကြီးလျင်ဖြင့်
သွေးနီးရာ ပါစမြဲပေမို့
………………………..
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်မှ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာထားလိုက်ကြပေတော့”
လူထုလှုပ်ရှားမှုထဲမှ ထွက်လာသော ဆရာကြီး၏ တေးသံကို ခံစားရမှန်း သိလာပေပြီ။ဆရာကြီးသည် အခန်းတံခါးကို ပိတ်၍ ကဗျာရေးသူလော၊ မဟုတ်ပေ။ ဗဟန်းကောလိပ် (၀ါ) အမျိုးသားတက္ကသိုလ်၌ မြန်မာစာပေ၊ ရာဇ၀င်ပါမောက္ခ အဖြစ် နယ်ချဲ့ဆန့်ကျင်ရေး၊ ပညာရေးသူပုန် ပါမောက္ခလုပ်နေသည်။ ထို့ကြောင့်သာ မင်းရို့ဆရာကို စာရင်းတို့ကာ ထား လိုက်ဖို့ မှာကြားခဲ့ခြင်း ဖြစ်သည်။ ထိုအခါ ဆရာကြီး စိတ်ကူးရည်မှန်းချက်ထဲ၌ …
“မြှောက်လိုက်မကွယ့်
မောက်လိုက် မဟဲ့လို့
ဆောက်လိုက်မဲ့ ယူနီဗာစီတီတွေအများ”……..စသည်ဖြင့်
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားတက္ကသိုလ်များကို တမ်းတခဲ့ပေသည်။ ထိုအခါက ၁၉၀၀ ကျော် ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်းများ စတင်ဖွဲ့စည်းကာ ညီညွတ်စည်းလုံးလာခဲ့သော အမျိုးသားအင်အားကြီး (၀ံသာနု) သည် ၁၉၂၀ ပထမ ကျောင်းသားသပိတ်၌ တံခွန်စိုက်ခဲ့သည်။ ထိုအခါနယ်ချဲ့သမားက ဒိုင်အာခီအုပ်ချုပ်ရေးဖြင့် ငါးထောင်စား ၀န်ကြီးရာထူး များပေးကာ အမျိုးသားညီညွတ်ရေးအင်အားကို ဖြိုခွဲလိုက်လေသည်။ ဂျီစီဘီအေ ခေါ်သော မြန်မာအသင်းချုပ်ကြီးမှာ ဆက်လက်၍ ရာထူးသပိတ်မှောက်ကာ ကိုလိုနီဆန့်ကျင်သောအပိုင်းနှင့် ရာထူးယူပြီး “အတွင်းဝင်ပူးသတ်ရမည်” ဟုဆို သော စေ့စပ်ရေး အပိုင်းဟူ၍ ၂ ခြမ်းကွဲသွား လေတော့သည်။ (လှိုင် ပု ကျော် ဂိုဏ်းနှင့် ၂၁ ဦး) ယင်းသို့ ညီညွတ်ရေး ပြို ကွဲသောအခါ ဗဟန်းကောလိပ်သည်လည်း ပျက်ရလေတော့သည်။ ထိုအခါ ဆရာကြီးက…..
“လှိုင်-ပု-ကျော် သပိတ်သမားတွေရဲ့အပြင်
ပဋိက္ကရား နှူးကာနှပ်သလိုပ
နှစ်ကျိပ်တပါး မူးလျာမတ်တွေကလဲ
ပူးကာသတ်မယ် ကောင်စီဝင်လို့မို့
အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က
တကောင်တကောင်ထီမထင်
ဇွဲမာမာနဲ့ဝှေ့ကြလေတော့……” ဟု
ညီညွတ်ရေးပျက်ပြားမှုကို ဒေါသဝေဒနာ ခံစားခဲ့ လေသည်။ ၁၉၃၀-၃၁ ၌ ရာဇ၀င်မြောက်သော ဂဠုန်ဆရာစံ၏ တောင် သူလယ်သမား လက်နက်ကိုင်သူပုန်ကြီး ပေါ်ပေါက်လေသည်။ ဆရာကြီးသည် ယင်း လယ်သမားသူပုန်ကြီး အား…
“ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံ အရဟံ သစ္စာဂတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့”
ဟု အလေးပြုခဲ့ပေသည်။လယ်သမားသူပုန်ကြီးပြီးနောက် ဒို့ဗမာအစည်းအရုံး ပေါ်လာရာ၊ ဆရာကြီးသည် ရေနံချောင်း သခင်ညီလာခံသို့ တက်ရောက်ကာ “မစ္စတာမောင်မှိုင်း” အမည်စွန့်၍ “သခင်” အမည် ခံလိုက်လေသည်။
“ဒို့ဗမာတခွင် သခင် ထိုအကျော် အမော်ဂိုဏ်းတွင်ဖြင့်
မျှိ့ ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုတနှိုင်းပေပ ဇမ္ဗူသမိုင်းပျော်စရာအခြေ
အိုကွယ်… သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ…”
၁၃၀၀- ပြည့် အရေးတော်ပုံဟု ထင်ရှားသော ၁၉၃၈-၁၉၃၉ အထွေထွေသပိတ်ကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာရှင်တို့ လက်တွဲသော ပြည်သူ့အာဏာခေတ် သို့ ဦးတည်သော လူထုလှုပ်ရှားမှုကြီးဖြစ်ရာ ဒို့ဗမာအ စည်းအရုံးနှင့် ကျောင်းသားသမဂ္ဂသည် တော်လှန်ရေးတပ်ဦး ဖြစ်လာသည်။ ဆရာကြီးသည် ယင်း နယ်ချဲ့ဆန့်ကျင်ရေး အင်အား ဘက်မှ မားမားမတ်မတ် ရပ်ခဲ့ပေသည်။
“သြော်…. အထက်နဂိုက
ပျက်ပြိုလို့ကျခဲ့တဲ့
ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
………………………………
အိုကွယ် တက်မဟ အတင်းဟေ့လို့
အကွက်ကျကျ နင်းနင်းပြီး
ခက်သမျှရှင်းပေမည့်
သတင်းဒေါင်းအိုးဝေ”
ကျနော်သည် ဆရာကြီး၏ ကဗျာများကို ခံစားရမှန်းသိစ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ အတွင်း၌ ဆရာကြီးနှင့် သိကျွမ်းလာ ခဲ့ရသည်။ ဆရာကြီးမှာ ကျနော်တို့ဘက်က ပါကလား ဟူသော အသိသည် ဆရာကြီး၏ ကဗျာကို ခံစားရမှန်း သိစေ သည်။
(၃)
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေးဘက်ကသာ နေသည်။ ကျနော် တို့မီသော ဒို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။ ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။
ဝံသာနု လှုပ်ရှားမှု တိုးတက်နေစဉ်က…
“သြော်…… ပြေအမှုပေမို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့်……” ဟု
ဘိလပ်သွားအဖွဲ့ကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်း ၀ံသာနုအဖွဲ့ပင် ဒိုင်အာခီရာထူးပေးကာ နယ်ချဲသမားနှင့် စေ့စပ်ပူး ပေါင်းသွားသောအခါ….
“ခွေးရူးပြန် မသာ၏ အလောင်းလိုပ
အခါအလှည့် မကောင်းစေဘို့
အစားချောင်စရာကြံ
မယားတောင်ညာခံတွေနှင့်
စံသည်တကား
အိုကွယ်… ငါးထောင်သပြာစားမာန်ရယ်နှင့်
မာန်ဖီဖီပွါး” ဟူ၍
ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချခဲ့ပေသည်။ဂျပန်ခေတ်၌ကား ကျနော်သည် ဆရာကြီးနှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ ဒို့ဗမာအစည်းအရုံး ဥက္ကဋ္ဌဟောင်း သခင်တင်မောင်နှင့်အတူ သွားတက်နေကာ တခါတရံ ဆရာကြီး၏ အိမ်မှာပင် ညအိပ် ရသည်။ နေ့လယ်နေ့ခင်းတွင် ဆရာကြီး၏ လက်ဖက်ဝိုင်း၌ ထိုင်မိကာ စာပေရေးရာ၊ နိုင်ငံရေးရာ ရှေးဟောင်းနှောင်းဖြစ်များကို ကြားနာခဲ့ရသည်။ ဆရာကြီးမှာ အသက်ထင်ရှားရှိနေသော အမျိုးသားလွတ်မြောက်ရေး ရာဇ၀င် ဂန္ထ၀င် ကျမ်းကြီး တဆူ ဖြစ်ပေသည်။
ဆရာကြီးသည် ဖက်ဆစ်ခေတ် အတွေ့အကြုံကို…
“ကြမ္မာဝေဖန် ကောက်ကျစ်တဲ့ အကျိုးပေထင့်
မဟာရွှေဂျပန် စောက်ကျင့်ဆိုးသော်လဲ
ပဂိုးငရမန် ပုဂံမှာ မှားသလိုပ
သြော်… ရှေးရဲ့အဖို့မှာတော့
ဘုရင် အကျော်အမော် ဧကရာဇ်တပါးပေပေါ့
အို… အဓိပတိကြီးရဲ့
မအေးစဖွဲ့ အရေးနွဲ့ရှာသနဲ့
သြော်… တွေးတဲ့လို့ တင်နော်ဟေကာသနား။
(၀ါ) တနည်းတထွေမှာတော့
နေမျိုး နေမျိုး သဝေထိုးလေပြီတကား”
စသည်ဖြင့် ဟာသဉာဏ်ဖြင့် သရုပ်ဖော်ထားပေသည်။ လွတ်လပ်ရေး ရသောအခါ ဆရာကြီးသည်…
“လောကသမားပီပီ သခင်တပဲ့တွေနဲ့
အတွင်လှဲ့ကာ တောင်ခြေကဆင်းပြီး
အောင်မြေနင်းပါလို့
အပင်းအဆိပ် စားသကဲ့သို့သော
အင်္ဂလိပ်များကို ဂျောင်းလကွ ဂျောင်းလကွာနှင့်
မောင်းကာ ထုတ်လိုက်သမို့
အဟုတ်ပင် တကယ်လွတ်သော်လဲ
ဘယ်ဝဋ်ဖန်သာ ကံကြမ္မာပေးလေဘိ
သြော်… အင်္ဂလန်က၊ ယခင်အဖန်ဖန်
တင်ပြန်တယ်ဆိုတဲ့ ကြွေးတွေရဲ့အပြင်
ငွေမရှိပြန်လျှင်၊ အမေရိကန်ထံချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာဖြင့်
ပြေရွာမှာ သေတာလောက် မကောင်းချိန်မို့” စသည်ဖြင့်….
နိုင်ငံရေး အရ လွတ်လပ်သော်လည်း စီးပွါးရေးအရ မလွတ်လပ်ပုံကို နားလည်ပေသည်။ လွတ်လပ်ရေးရပြီး ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သောအခါ ဆရာကြီးသည် ငြိမ်းချမ်းရေးဗိသုကာ ဖြစ်လာတော့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်း ချမ်းရေး အဖွဲ့အစည်းတို့၌ ဦးစီဦးကိုင် ဖြစ်လာပေသည်။ ပြည်တွင်း မငြိမ်းမချမ်းဖြစ်သည်နှင့်ပတ်သက်၍ ဆရာကြီးက ..
“ဒို့ဗမာ သခင်ဗဟိုဝယ်
ဒို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့
အလိုမငယ် ဆိုရှယ်လစ်ကယ်နှင့်
တံခွန်တလူလူ ကွန်မြူနစ်ကယ်တို့
မချစ်သာ မေတ္တာကင်းပြန်သနဲ့
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး
မင်းပွဲအတုမှာ ထမင်းပွဲလုကာ လယ်မျိုခဲပါလို့
ပွဲချင်ပြီး အသေအကြေ၊ တအူအူအသံဗလံနှင့်
တဆူဆူ တညံညံကိုက်ကြ၊ တိုက်ကြ၊ မိုက်ကြတော့”
စသည်ဖြင့် ဒို့ဗမာ သခင်ခေတ်က တပည့်ကျော်များအား ကရုဏာဒေါသော ဖြစ်ရပြန်လေသည်။
(၄)
၁၃၀၀- ပြည့် အရေးတော်ပုံမှ စ၍ ၁၉၆၃- အထိ အနှစ်အစိတ်လောက်သော ကာလအတွင်း ကျနော်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထွန်းညှိခဲ့သော မီးရှူးတန်ဆောင် လင်းပြရာ လမ်းမ၌ လျှောက်ခဲ့ရပေသည်။ ဆရာကြီး၏ လက်ဖက် ၀ိုင်း၌ စကားနာသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ ဆရာကြီး၏ လက်ထောက်၊ နိုင်ငံခြားသို့ အစည်းအဝေးတက်၊ မိတ်ဆက်ချစ်ကြည်ရေးခရီး အတူသွားရသူ၊ မြစ်ဝကျွန်းပေါ်နှင့် အညာတခွင် ငြိမ်းချမ်းရေး ခရီးစဉ်၌ အတူပါရသူ၊ စသည် အားဖြင့် ဆရာကြီးထံပါး၌ နေခဲ့ရသည်။ ထိုအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကိုနားလည်ကာ ခင်လာ ပါတော့သည်။ ထိုပုဂ္ဂိုလ်ကား ပြည်သူ့ခေါင်းဆောင် ပြည်သူ့ကဗျာဓိုရ်ကြီး ဖြစ်သည်။ ထိုအခါ ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏ ကဗျာတရားတို့ကို မင်လာပါတော့သည်။ ပုဂ္ဂိုလ်နှင့်တရားကို တခြားစီ ခွဲ၍ မရပါ။ ရှင်းပါအံ့။
ကျနော်တို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၌ တော်လှန်ရေးအကွေ့များကို ဖြတ်ကျော်ခဲ့ကြရသည်။ တကွေ့တ ကွေ့တွင် ခေါင်းဆောင်မှုပိုင်း၌ ဖောက်ပြန်ရေး၊ စေ့စပ်ရေးအစုနှင့် တိုးတက်သော တော်လှန်သော အစုတို့ လမ်းခွဲသော အခါတိုင်း ဆရာကြီးသည် တိုးတက်သော တော်လှန်သောဘက်က ရပ်တည်သည်။ ထိုအခါ ဆရာကြီးသည် ကဗျာဖြင့်
ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချကဲ့ရဲ့ကာ တိုးတက်သည့်ဘက်ကို ဂုဏ်ပြုသည်။ ထိုအကွေ့၌ ဖောက်ပြန်ရေးသမားများ ကို ထားရစ်ခဲ့ကာ တော်လှန်ရေးသမားများနှင့် လက်တွဲ၍ ဆက်လက်ချီတက်သွားသည်။
ထို့အတူ နောက်တကွေ့တွင်လည်း ယခင်တကွေ့တုန်းက တိုးတက်ခဲ့သောခေါင်းဆောင်မှုသည် ဖောက်ပြန်လာသောအ ခါ သူတို့ကိုလည်း ထားရစ်ခဲ့ရပြန်ကာ တော်လှန် ရေး အင်အားသစ်ဘက်နှင့် လက်တွဲဆက်လက် ချီတက်သွားပြန်သည်။ ထို့ကြောင့် ဆရာကြီးအား အမြဲတမ်း တိုးတက်သည့် ဘက်၊ တော်လှန်သည့်ဘက်တွင် မြင်နေရခြင်း ဖြစ်သည်။ ထို့ ကြောင့်ပင်လျှင် ဆရာကြီးနှင့် ၀ံသာနုခေတ်က လုပ်ဖော်ကိုင်ဖက် အသက် ၈၀ ကျော်အရွယ် ခေါင်းဆောင်အိုကြီးများမှာ သူတို့၏ရာဇ၀င်ခန်းကုန်၍ နောက်တွင်ကျန်ရစ်ခဲ့စဉ် ဆရာကြီးမှာ အသက် ၁၄-၅ နှစ် တက်သစ်စ တိုးတက်တော်လှန် သော ကျောင်းသားလူငယ်များနှင့် လက်တွဲလျက် ရှိနေပေသည်။
ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်းခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။ ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်း ဖြစ်သည်။ ဖိနှိပ်သောလူတန်းစားဘက်၊ အုပ်စိုးသောဘက်က ဆရာကြီး ဘယ်တော့မှ မနေ။
တချိုက ဆရာကြီးကို
“ခေါ်ရင်လိုက်တာပဲ၊ ခေတ်မမီတော့ဘူး၊ အတိုက်အခံ နိုင်ငံရေးပါတီတွေက အသုံးချနေတာ” ဟု ယူဆကြသည်။ ကျနော်က ဤကဲ့သို့ မမြင်။ ဆရာကြီးသည် အံ့သြဘွယ်ရာ ကောင်းလောက်အောင်ပင် ပါးသည်။ ထက်မြက်သည်။ အ ခြေအနေကို သိမြင်နေသည်။ အဖိနှိပ်ခံဘက်ကခေါ်လျှင်သာ လိုက်သည်။ တိုးတက်သော ဘက်၊ တော်လှန်သောဘက်၌ အမြဲတမ်း တည်ရှိသော ဆရာကြီးထက် မည်သူက ခေတ်မီဦးမည်နည်း။
ဆရာကြီးအား နိုင်ငံရေးပါတီများက အသုံးချသည်ဟူသော ထင်မြင်ချက်နှင့် ပတ်သက်၍ ဆရာကြီး၏ စေတနာမှာ မှတ် သားဖွယ်ကောင်းလှ၏။ တခါက ဆရာကြီးသည် ကွမ်းစားရင်း “ဟေ့ တာရာ၊ ဆရာ့ကို အသုံးချတယ် ဘာတယ် ညာ တယ် ပြောကြတာ ဆရာသိသားပဲ၊ ဒီမယ် တာရာ ရ၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဆရာ့ကို အသုံးချကြစမ်းပါ ဆရာခံပါ့ မယ်”
ကျနော့်မှာ ဆရာကြီး၏ စကားများအတွက် ရင်ထဲတွင် ကြေကွဲထိခိုက် မိလာသည်။ ဆရာကြီးသည် အခြေအနေနှင့် ဘယ်တော့မှ မကင်းကွာ၊ အမြဲတမ်း နောက်ဆုံး အခြေအနေကို သိပြီး ဖြစ်နေသည်။ ဆရာကြီးသည် ရှုပ်ထွေးပွေလီ သော၊ မဲနက်သော နိုင်ငံရေး ၀င်္ကပါများကို သိသည်။ ဆရာကြီး၏ နိုင်ငံရေး အတွေ့အကြုံကား ကျနော်တို့၏ အမျိုးသား လွတ်မြောက်ရေး သမိုင်း လောက် သက်တမ်းရင့်သည် မဟုတ်လော။ ဆရာကြီးသည် တခါတရံ…
“သြော်… သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တခုယုတ်အတွင်းတွင်မှ
သြော်… တက်ခေတ် တက်ခေတ်နှင့်
တဖက်ဖက် ညစ်ချင်တဲ့
ဖက်ဆစ်သဖွယ် ယခုတသုတ်မင်းတွင်ဖြင့်
အပြု ကျွန်ပ်မကင်းသူတွေနဲ့
ဘုရားထဲ တရားပွဲသဘင်
(အိုကွယ်) ဘသူ့အရှုပ်အရှင်းကိုမှ
ကြားလဲ မကြားချင်။
သြော်… ဘုရားအလုပ် တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်” စသည်ဖြင့်
ညည်းမိသည်မှာ ဓမ္မတာပင် ဖြစ်သည်။
ဆရာကြီး၏ ဘ၀အတွေ့အကြုံကား ကုံလုံကြွယ်ဝလှသည်။ ဆရာကြီး၏ ဘ၀ မာတိကာစဉ်ကား များထွေလှသည်။ ဘုန်း ကြီးကျောင်း စာသင်သား၊ အညာခရီးသည်၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ရာဇ၀င်ကျမ်းပြုဆရာ၊ စာပေကျမ်းပြုဆရာ၊ ၀တ္ထုရေးဆရာ၊ ပြဇာတ်ဆရာ၊ မြန်မာစာပါမောက္ခ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဒို့ဗမာအစည်းအ ရုံး နာယက၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဋ္ဌ၊ စတာလင် နိုင်ငံတကာ ငြိမ်းချမ်းရေးဆုရ၊ အင်္လကာကျော်စွာ ဘွဲ့ရ၊ ဂျာမဏီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ။
ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို ခင်ပြီးနောက် ဘာကြောင့် ဆရာကြီး၏ ကဗျာတရားတို့ကို မမင် ဘဲ နေနိုင်မည်နည်း။ ဆရာကြီးသည် သူရေးသည့်အတိုင်း လုပ်သည်။ ဆရာကြီး၏ တရားသည် ဆရာကြီး၏ အလုပ်မှ ထွက်ပေါ်လာသည်။ ဤအချက်မှာ အထူးခြားဆုံးဖြစ်၏။ နိုင်ငံရေးလောက၌ ပြောသလို လုပ်သူ ရှားသည်။ အပြော တ ခြား အလုပ်တခြားက များသည်။ ပုဂ္ဂိုလ်နှင့်တရား ဘာမျှမဆိုင်ကြ။
ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှနေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား အလုပ်သမား တံဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌ နေကာ ပြည်သူတို့၏ ရင်ခုန် သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး ရဲတင်းသံကြောင့် ပြည်သူတို့ အားသစ်လန်းရသည်။ဆရာကြီး၏ ကဗျာများကို လေ့လာခြင်းသည် ပြည်သူ့ စာပေ၏ သဘောတရားကို လေ့လာခြင်း မည်ပေသည်။ ဆရာကြီးသည် ကဗျာအတွက် ကဗျာရေးသူ မဟုတ်ပေ။ ဆရာ ကြီးသည် ပိဋိကတ် စကားများကို မသုံးနှုန်း၊ အရပ်စကား လူထုစကားကိုသာ သုံးသည်။ ကဗျာကို က၀ိ၏ ဥစ္စာဟု ခက် ခဲနက်နဲအောင် ဘယ်တော့မှ မကြီးကျယ်၊ မ၀င့်ဝါ။ ထိုကြောင့် ဆရာကြီးသည် မဟာသခင်ကိုယ်တော်မှိုင်း။ ကျနော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ရဲတင်းသံကို ကြားရင်း ရင်ခုန်လာသည်။ သွေးသစ်တိုးလာသည်။
(၅)
ဒတ်ဆန်းကားလေးသည် ၃ နှစ်ကျော် ကွဲကွာနေခဲ့သော လမ်းကလေးသို့ ချိုးဝင်လိုက်သည်။ စိမ်းသောသစ်ပင်များသည် မြရွက်တို့ဖြင့် မြူးကနေကြသည်။ သစ်ရိပ်ပြောက်ကျားထဲမှ နေ၀န်းနီနီသည် ကျနော့်ထံပြေးလာ၏။
ဒဂုန်တာရာ
ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၇၊ ဇူလိုင်။
ဒဂုန်တာရာ ရဲ့ “စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်”
၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်
Artist; Shwe Kyaw Lin
မြန်မာ့နိုင်ငံရေး နယ်ပယ် မှ ထင်ရှားသော ခေါင်းဆောင် အားလုံးကို
သခင်ကိုယ်တော်မှိုင်း မျက်နှာတွင် ထည့်သွင်းဖော်ပြထားသည် ပန်းချီ
Khaing Soelynn ဖေ့စ်ဘုတ်မှ … 
နေ့သစ်ဝက်ဆိုက်က ထပ်ဆင့်ကူးယူသည် …
မိုးမခမှာ တွေ့ လို့ တင်လိုက်တာ





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။