ကျောက်ဖြူ-ကူမင်း ပိုက်လိုင်း ရှေ့နှစ် အစမ်းလည်ပတ်မည်
တနင်္ဂနွေ, 12 ဖေဖော်ဝါရီ 2012
မြန်မာနိုင်ငံ အနောက်ဘက်ကနေ တရုတ်နိုင်ငံအထိ သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကို ရှေ့နှစ်မှာ စတင်စမ်းသပ် လည်ပတ်နိုင်တော့မယ်လို့ တရုတ် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲအထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့သွားမယ့် စီမံကိန်းဟာ အခုအခါ အတော်ခရီးပေါက်နေပြီလို့လည်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပြသသွားတာပါ။ ဒီအကြောင်း ရိုက်တာစ် သတင်းဌာနရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြထားပါတယ်။
ရှေ့နှစ် ၂၀၁၃ ဒုတိယ နှစ်ဝက်မှာ လုပ်ငန်းတွေ အစမ်းသဘော စတင်လည်ပတ်ဖို့ စီစဉ်ထားတဲ့အတိုင်း အချိန်မီ ပြီးစီးအောင် တက်သုတ်ရိုက် တည်ဆောက်နေတယ်လို့ စီမံကိန်းကို အကောင်အထည် ဖော်နေတဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ရဲ့ လက်အောက်ခံ အရှေ့တောင်အာရှ ပိုက်လိုင်းကုမ္ပဏီက ပြောပါတယ်။ မြန်မာနိုင်ငံတွင်းကနေ တည်ဆောက်ရေး လုပ်ငန်းတွေကို ၂၀၁၀ ပြည့်နှစ် ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မိုင် ၁၉၀ နီးပါး ဆောက်လုပ် ပြီးစီးသွားပြီလို့လည်း တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း နိုင်ငံပိုင် တရုတ် ဗဟိုရုပ်မြင်သံကြား (CCTV) က ပြသသွားတာပါ။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အထိ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကို တင်ပို့သွားမယ့် ဒီစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် စတုတ္ထမြောက် အကြီးဆုံး စွမ်းအင်တင်ပို့ရာ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စီမံကိန်း စတင်ချိန်ကစလို့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ရတယ်ဆိုပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ အုပ်စုတွေက ဝေဖန်ကန့်ကွက်သံတွေလည်း ထွက်ပေါ်ခဲ့တာပါ။ စီမံကိန်း အကောင်အထည် ဖော်နေတဲ့ အရှေ့တောင်အာရှ ပိုက်လိုင်း ကုမ္ပဏီရဲ့ ဘေးကင်းလုံခြုံရေး ကြီးကြပ်စစ်ဆေးသူ အရာရှိဖြစ်တဲ့ Yang Zhengxia ကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွင်း ပတ်ဝန်းကျင် မထိခိုက်ရလေအောင် စနစ်တကျ ဆောင်ရွက်နေတဲ့အကြောင်း ပြောပါတယ်။
“နေ့စဉ်နေ့တိုင်း အလုပ်သိမ်းချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းက အမှိုက်တွေကို ရှင်းလင်းတဲ့ အလုပ်သမားတွေ ရှိပါတယ်။ ဒီအမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့ အတွက်လည်း မန္တလေးမြို့အထိ ပို့ပါတယ်။” လို့ တရုတ်ဘာသာနဲ့ ရှင်းပြသွားတာပါ။
စီမံကိန်းအစ ဆိပ်ကမ်း တည်ဆောက်ရာမှာ စတုရန်းပေ ၁ သောင်း လောက်ရှိတဲ့ မြက်ခင်းတွေ စိုက်ပျိုးခဲ့တာမို့ ရေနဲ့မြေဆီလွှာ ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေတဲ့အကြောင်းလည်း ကုမ္ပဏီက ပြောပါတယ်။ ဒီလိုပဲ ဂေဟဗေဒ စနစ်ကို မထိခိုက်ရလေအောင် မြစ်တွေနဲ့ ရေကြောင်းတွေကို ရှောင်ရှား တည်ဆောက်ထားတယ်လို့လည်း ဆိုပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ Beijing Xingyou Engineering Project Management ကုမ္ပဏီရဲ့ စီမံကိန်းမန်နေဂျာ Wan Long ကတော့ လုပ်ငန်းခွင်အတွင်း ပတ်ဝန်းကျင် မထိခိုက်အောင် အလေးထား ဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရပိုင် CCTV မှာ ပြောသွားခဲ့တာပါ။
“၁၂ မိုင်ကျော်ရှိတဲ့ ဒီအပိုင်းတစ်ခုတည်းမှာပဲ ဂဟေချောင်း ၂ ထောင်ကျော်ကို သုံးပြီး ကျနော်တို့ ဂဟေဆော်ခဲ့တာပါ။ ဒါပေမဲ့လည်း လုပ်ငန်းခွင်က အမှိုက်ဆိုလို့ ဒီနေရာမှာ တစ်ခုမှ မကျန်ခဲ့ပါဘူး။” လို့ တရုတ်ဘာသာနဲ့ ပြောသွားတာပါ။
မိုင်ပေါင်း ၁,၅၀၀ နီးပါး ရှည်လျားတဲ့ ရေနံပိုက်လိုင်းဟာ မြန်မာနိုင်ငံတွင်းမှာ မိုင်ပေါင်း ၄၈၀ နီးပါး ဖြတ်သန်းသွားမှာ ဖြစ်သလို မိုင်ပေါင်း ၁,၆၀၀ လောက် ရှည်လျားမယ့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ မြန်မာနိုင်ငံဘက်မှာ မိုင် ၅၀၀ လောက် ဖြတ်သန်းမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံနဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ရေနံစိမ်းတန်ချိန် ၂၂ သန်းအထိ ကျောက်ဖြူဆိပ်ကမ်းကတဆင့် နှစ်စဉ် တင်ပို့သွားဖို့ ရည်ရွယ်ထားတဲ့ ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းတွေ ပြီးစီးတဲ့ အခါကျရင်တော့ စီမံကိန်းကို ပုံစံထုတ်ခဲ့တဲ့ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီက တာဝန်ယူ လည်ပတ်သွားမှာပါ။ ဒီအတွက် စီမံကိန်းကနေ ဒေသခံတွေ အကျိုးမခံစားရတဲ့အပြင် မြေယာတွေ ဆုံးရှုံးရတာ၊ အဓမ္မ ရွှေ့ပြောင်းခံရတာ၊ အတင်းအကျပ် အလုပ်စေခိုင်း ခံရတာတွေလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ သယ်လာခဲ့တယ်လို့လည်း စီမံကိန်းကို စောင့်ကြည့် အကဲခတ်နေတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
ညီနောင် တိုင်းရင်းသားပါတီများ စုပေါင်း ကျင်းပသည့် (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား
လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ညီနောင် တိုင်းရင်သားပါတီးများ စုပေါင်းကျင်းပသည့် (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၄း၀၀ နာရီတွင် M3 စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သော ညီနောင် တိုင်းရင်းသားပါတီများ စုပေါင်း
ကျင်းပသည့် (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း
တနင်္ဂနွေ, 12 ဖေဖော်ဝါရီ 2012
စစ်မှန်တဲ့ပြည်ထောင်စုကို လက်တွေ့ တည်ဆောက် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေတွေ တွေ့နေရပြီ ဆိုပြီး ဒီကနေ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မြန်မာပြည် တ၀ှမ်းက ပြည်ထောင်စုနေ့ အခမ်းအနားတွေ အပြင် လက်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကေအိုင်အိုက ဘယ်လို တုံ့ပြန် ပြောကြားလိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ လက်တွဲမဖြုတ်ဘဲ မြန်မာ့ နိုင်ငံရေးလောကမှာ အတူလက်တွဲ လုပ်ဆောင်နိုင်ခဲ့တာကို ကြည့်ရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်တယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ယုံကြည်မှု ရှိတယ် ဆိုပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ပြုလုပ်တဲ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပြောသွားပါတယ်။ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေဟာ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပါတီဖျက်သိမ်းခံရတာတွေ ဖမ်းဆီးခံရတာတွေ ရှိနေပေမဲ့ အန်အယ်လ်ဒီနဲ့ တသားတည်း ရပ်တည်ခဲ့ကြတယ်လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ ပြည်ထောင်စုကို ဘယ်လို သွားကြမလဲ ဆိုတာကိုလည်း အခုလို ပြောဆိုလိုက်ပါတယ်။
“ပင်လုံစာချုပ်ကို အခြေခံဟာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးကြားထဲမှာ ယုံကြည် စိတ်ချမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု၊ တစ်ဦးပေါ်တစ်ဦး သစ္စာရှိမှုအပေါ်မှာ အခြေခံတာပါ။ ဒါကြောင့် အခုထိ တိုင်းရင်းသားများက နောင် ပြည်ထောင်စုတစ်ခုကို၊ နောင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို တည်ထောင်ဖို့ ဆိုတာဟာ ပင်လုံစာချုပ်ရဲ့ စိတ်ဓါတ်၊ ပင်လုံစာချုပ်        အပေါ်မှာ အခြေခံရမယ်လို့ ထပ်တလဲလဲ ပြောနေတာ ဒီဟာတွေကြောင့် ဖြစ်တယ်လို့ ကျမတို့ ထင်ပါတယ်။”
တိုင်းရင်းသား ပါတီတွေလည်း ဒီကနေ့ ရန်ကုန်မြို့တော်မှာ ပြည်ထောင်စုနေ့ အထိမ်အမှတ်ပွဲ ကျင်းပခဲ့ကြပါသေးတယ်။ ညနေပိုင်းမှာ ကျင်းပတဲ့ ဒီပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရခိုင်တိုင်းရင်းသား ပါတီက ဒေါက်တာ အေးမောင်က ပြောပါတယ်။
“ပင်လုံညီလာခံက မျှော်မှန်းခဲ့တဲ့အတိုင်း ဒီကနေ့ ရောက်နေသလား၊ မရောက်ဘူးလား ဆိုတာကို ပြန် သုံးသပ်ဖို့လိုတယ် ဆိုတာကို ကိုယ့်အမြင် သူ့အမြင်နဲ့ သုံးသပ် ဝေဖန်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့အခါမှာလည်း စစ်မှန်တဲ့ ပြည်ထောင်စုကို ကျမတို့ တည်ဆောက်ဖို့ လိုပြီဆိုတာကို သူ ညွှန်း ဖော်ပြသွားတာ တော်တော်လည်း တိုင်းရင်းသားတွေ လက်ခုပ်သြဘာ တီးကြပါတယ်။”
နိုင်ငံတော် စစ်တပ် အင်အားကို ခိုင်မာတောင့်တင်းအောင် သားစဉ်မြေးဆက် တည်ဆောက်ထားဖို့ စစ်တပ် အင်အား မကောင်းရင် တိုင်းရင်းသား ပြည်သူတွေ အနေနဲ့ အင်အားကြီး နိုင်ငံတွေရဲ့ အနိုင်အထက် ပြုကျင့်တာကို ခံရမှာ ဖြစ်တယ်၊ ဒါကြောင့် မြန်မာ့ တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်အောင် ဖွဲ့စည်းတာမှာ တိုင်းရင်းသား အားလုံး ပါဝင် လုပ်ဆောင်ရမယ်လို့ ဒီကနေ့ ပြည်ထောင်စုနေ့ သ၀ဏ်လွှာ အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်က ပြောကြားပါတယ်။
ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ကြဖို့လည်း သူက တိုက်တွန်းထားတာပါ။
ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်းကတော့ မြန်မာ အစိုးရက ပြောဆိုနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်လိုတယ် ဆိုတာကို သံသယ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
“မနှစ်တုန်းက မတ်လ ၃၀ ရက်နေ့ကနေ ဒီအစိုးရ တက်လာတယ်။ အဲဒီနေ့ကနေ စပြီးတော့မှ ငြိမ်းချမ်းရေးက သူ ပြောနေတာပဲ။ နောက် တပြည်လုံးက လူတွေကိုလည်း ခေါ်တယ်။ နောက် သူ့ရဲ့စစ်ဗိုလ်ချုပ်တွေကိုလည်း အမိန့်ပေးတယ်။ အပစ်အခတ် ရပ်စဲဖို့ရာ ပြန်ပြီးတော့ ခေါ်ယူဖို့ ဆိုပြီးတော့ အဲဒီ အမိန့်ပေးတဲ့ စစ်တပ်တွေကတော့ ပိုပြီးတော့ ပို့တယ်၊ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျနော်တို့ဘက်မှာ ဘယ်လောက် အချင်းချင်း သတ်ဖြတ်ကြသလဲ။ အဲဒီတော့ သူကတော့ နေပြည်တော်မှာ အော်နေတယ်။ ပြည်ထောင်စု စိတ်ဓါတ် မွေးမြူပြီးတော့မှ ကျနော်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းလာတာကို ကျနော်တို့ မြင်ချင်ပါတယ်။ ငြိမ်းချမ်းလာတာကို ကျနော်ကတော့ ခံစားရတာ မျက်စိအားဖြင့်သော်လည်းကောင်း ခံစားချက်ကို လိုချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က လွန်ခဲ့တဲအချိန်ကို ထားလိုက်ပါ။ အခု ပြည်ထောင်စုနေ့ကစပြီး ရှေ့ရှုပြီးတော့မှ အပြောနဲ့အလုပ် လက်တွေ့ ညီပါစေ။”
ဒီအစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှုတွေ ရရှိထားပေမဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အိုနဲ့တော့ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် ပျက်ပျယ်ခဲ့ပြီး စစ်ရေး တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။(VOA)
၆၅ နှစ်ပြည့် ပြည်ထောင်စုနေ့ ကဗျာ
အမိုးရဲ့စကား 
ကညာရွယ်ပျိုလွန်ပြီး  ဆံဖြူသွားကျိုး
တို့- ပြည်ထောင်စုရဲ့လွတ်လပ်ရေးတောင် ၆၅ နှစ်ထဲရောက်
တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ တို့ ပြည်တွင်းစစ်မီးကြီးက
ပျိုကညာရွယ်လို အားကောင်းလို့မောင်းသန်နေဆဲ....ဖိုးခွါးရေ။ ( လူလေးရေ )
စိတ်မချရတဲ့အနာဂတ်မှာ
အမိုးတို့ဘဝ အိပ့်မရတာလည်း ကြာခဲ့ပြီပေါ့။
အမိုးအကာအစုတ်နဲ့ စစ်ပုန်းစစ်ရှောင်
အမိုးတို့ရဲ့ဒုက္ခ စဉ်းစားသာတွေးကြည့်ပေတော့....ဖိုးခွါးရေ။ ( လူလေးရေ )
အမိုးမလိမ်ဘူး  ကျိန်ဆိုရင် ကျိန်ပြပါ့မယ်
ငါးပိတစ်အိုးနဲ့ စစ်မဲ့ဇုန်ဘဝမှာနေရရင်
အမိုးသေပျော်ပါပြီ....ဖိုးခွါးရေ။ ( လူလေးရေ )
အမိုးရဲ့မြေး အမိုးရဲ့ခွေး
စစ်မီးဟုန်းဟုန်းတောက်လောင်နေဆဲမှာ
ငတ်တလှည့် ပြတ်တလှည့်နဲ့ ပြေးရင်းလွှားရင်း
ထမင်းငတ်ခဲ့တဲ့ရက်တွေလည်း ကြုံခဲ့တယ်....ဖိုးခွါးရေ။ ( လူလေးရေ )
ဖိုးခွါးရေ ( လူလေးရေ ) သတင်းမကြားရရင်နေပါစေ
အစာအိမ်ရောဂါရှိတဲ့ အမိုး
ထမင်းမစားရင် ပြဿနာတော့ရှိတယ်....ဖိုးခွါး။ ( လူလေး )
ကျိန်စာသင့်ထားသလို ပြည်တွင်းစစ်ရဲ့မီး
နှစ်ပေါင်းကြာရှည်  အလျှံညီးညီးတောက်လောင်နေတော့
အမိုးတို့ရွာအကြောင်း တွေးမိလေတိုင်း မျက်ရည်ဝိုင်းခဲ့ရတယ်....ဖိုးခွါးရေ။ ( လူလေးရေ )
အမိုးရဲ့နောက်ဆုံးစကား ဖိုးခွါးတို့ကို (လူလေးတို့ကို) ပြောခဲ့ပါရစေ...
ဒါ- တို့ပြည် ဒါ- တို့မြေ တို့တတွေပိုင်တဲ့မြေထဲ
လူမဆန်တဲ့ အာဏာရှင်အမျိုးယုတ်တွေကို
ကျူပင်ခုတ် ကျူငုတ်မကျန် အမြစ်ပါဖြိုလှဲ
ပြည်ထောင်စုကိုအသက်ပေးလို့
တို့တတွေရဲ့ ညီညွှတ်အားနဲ့ စုပေါင်းကာကွယ်ကြပါ....စို့။
( အမေ့သား ) ကိုဗလိုင် ( ဒိန်းမတ် )
တကယ်ရူးနေတယ်ဆို ဘယ်လိုလုပ်မလဲ - ကဲ- - -
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကော့မှူးခရီးစဉ်
2012-02-11
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ့ ပထမဆုံး သွားရောက်ခဲ့ရာ လမ်းတလျှောက် ပရိသတ် တိုး မပေါက်အောင် ကြိုဆို အားပေးကြကြောင်းသိရပါတယ်။
AFP
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးဒေသခံ ကရင်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ကရင်သင်တိုင်း အဖြူ ဝတ်ထားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါသင်္ခရွာက တဆင့် ညနေ ၅ နာရီခွဲမှာ ငှက်အော်စမ်းရွာကို ရောက်ရှိလာပြီး မိန့်ခွန်းပြောပါတယ်။ ကော့မှူးနဲ့ ဝါသိင်္ခကျေးရွာက လိုက်ပါလာတဲ့ ဒေသခံတွေနဲ့ ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းက လူငယ်တွေ အပါအဝင် လူတထောင်လောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို နားထောင်ကြပါတယ်။ ငှက်အော်စမ်းမှာ အဲဒီလို မိန့်ခွန်းပြောကြားနေစဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်နဲ့ RFA ဆက်သွယ် ပြောဆိုခဲ့တာကိုနားဆင်နိုင်ပါတယ်။
ဆက်သွယ်တင်ပြချက်။
အသံဖိုင်ယူရန်။
(၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာ
စာအမှတ် ။   ။မ/ လ/ အ / ၀၀၇/သပ ၀၀၂/ ၁၂
နေ့စွဲ       ။   ။ ၁၂. ၂ . ၂၀၁၂
ပြည်ထောင်စုဘွားနိုင်သားများထံသို့ မြန်မာနိုင်ငံလူထုလှုပ်ရှားမှုအင်အားစုမှ ပေးပို့သော (၆၅)နှစ်မြောက်  ပြည်ထောင်စုနေ့ သ၀ဏ်လွှာ
ယနေ့ ကျရောက်လာသည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ၆၅ နှစ်ပြည့် ပြည်ထောင်စုနေ့ဖြစ်သည်။  ကျွန်ူပ်တို့အမှီသဟဲပြုပြီးနေထိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံသည် မည်သည့်နိုင်ငံနှင့်မှ မတူညီသည့် ထူးခြားချက်မှာ တိုင်းရင်းသားပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံဖြစ်သည်။  ထို့အပြင် မတူကွဲပြားသည့် ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များ ကွဲပြားခြားနားစွာ ဖြင့်ဖွဲ့စည်းထားပြီး  ရေမြေတောတောင် သဘာဝအနေအထားအရလည်း လှပသာယာ ပျော်ရွှင်ဘွယ်ရာကောင်းပြီး သယံဇာတပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကာတိုင်းရင်းသားခေါင်းဆောင်ကြီးများသည် တောင်ပေါ်မြေပြန့် အတူတကွ လွတ်လပ်ရေးရယူရန် ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်   ရှမ်းပြည်နယ် ပင်လုံမြို့၌ ပင်လုံစာချုပ်ကို  ချုပ်ဆိုခဲ့သည်။ ထို  ပင်လုံစာချုပ်၏ အဓိပ္ပါယ်မှာ မြန်မာ အပါဝင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးကို ရည်ညွန်းပြီး လွတ်လပ်ရေးရအောင်ကြိုးပန်းခဲ့သည့် အဓိပ္ပါယ်ကို ဖေါ်ဆောင်သည်။  ၁၉၄၇ ခုနှစ်တွင် ရည်းမှန်းချက်ကောင်းတွေချမှတ်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ကံအကြောင်းမလှ၍ လုပ်ကြံ ခံလိုက်ရပြီးနောက်ပိုင်း မြန်မာလွတ်လပ်ရေးနှင့်အတူ   ပြည်တွင်းစစ်မီးလည်း ယနေ့ထက်တိုင် တောက်လောင်နေဆဲဖြစ်သည်။
လက်ရှိ- အစိုးရ၏ ပြောင်းလဲမှုများကို ကျွန်ူပ်တို့ (မလအ) မှ ထောက်ခံကြိုဆိုသော်လည်း  ယနေ့ တိုင်းရင်းသားများဒေသများတွင် လိုအပ်နေသည့် စီးပွါးရေး ဖွံ့ဖြိုးမှုများတွင် လိုအပ်သည့်လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်မှု၊
 ပညာရေးစောင့်လျှောက်မှု၊ ကျမ္မာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုများကို လက်ရှိအစိုးရအနေဖြင့် ဖြည့်ဆည်းပေးရန်လိုအပ်သေးသည့်အပြင်- တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်ခတ်ရပ်စဲရေးနှင့်ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမည်။ထို့အပြင်- မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများရပ်တန့် စေရန် အမြန်ဆုံးအကောင်အထည် ဖေါ်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးအဖြေရှာရေးသည်  နှစ်ဘက်စလုံးအနိုင်ရရန် တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။
လက်ရှိ- အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဖြစ်သည့် မြစ်ဆုံရေကာတာတည်ဆောက်ရေးကိစ္စရပ်ဆိုင်းခဲ့ခြင်း။ နိုင်ငံရေးအကျဉ်းသားအများစုလွတ်မြောက်လာခြင်းနှင့်  တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေး လက်မှတ်ထိုးခဲ့သည့်အနေအထားများအပေါ် ကျွန်ပ်တို့ (မလအ)မှ  ကြိုဆိုပါသည်။ သို့ရာတွင်ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပြစ်အခတ်ရပ်ဆိုင်းရေးကြိုးပန်းချက်သည် ကချင်ပြည်နယ်အတွင်း   ထိရောက်စွာ မပြုလုပ်နိုင်သေးသည့်အပေါ် ကျွန်ူပ်တို့ (မလအ)မှ  စိုးရိမ်သံသယကို ဖြစ်စေခဲ့ပါသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် လာသော်လည်း နှောင်ကြိုး မကင်းသည့် အချက်ပါရှိမူကြောင့် ကျွန်ုပ်တို့မှ လွတ်မြောက်လာမှုအပေါ် ကြိုဆိုသော်ငြားလည်း စိတ်အနှောက်အယှက်များစွာ ဖြစ်ရပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည်ဒီမိုကရေစီ လမ်းကြောင်းပေါ်အမှန်လျှောက်လှမ်း လိုပါကဒီမိုကရေစီရေရှည်တည်တန့်ခိုင်မာစေ မည့်အခြေအနေအထားများ  ကိုဖန်တီးဖေါ်ဆောင်နိုင်ရန် မြန်မာအပါအ၀င်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တဆက် တစပ်တည်းဖက်ဒရယ်စနစ်သည်ခွဲထွက်ရေးမဟုတ်ပိုမိုအားကောင်းသည့်ပေါင်းစည်းခြင်းပုံစံကိုမြန်မာနိုင်ငံသားများနှင့်ရင်းနှီးမှုရှိ လာစေရန်ဖက်ဒရယ်နှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရန်လိုအပ်ပါသည်။ သို့မှသာမြန်မာအပါဝင်တိုင်း ရင်းသား အားလုံးပါဝင်သည့်ပင်လုံညီလာခံထက်ကြီးမားပြည့်စုံပြီးအနှစ်သာရရှိသည့်ပြည်ထောင်စုကြီးကိုဖေါ်ဆောင်နိုင် မည်ဟုယုံကြည် ပါသည်။
အနှစ်သာရ မဲ့ခဲ့သည့်ပြည်ထောင်စုနေ့ကို စုစည်းညီညွတ်ခဲ့ကြသည့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပင်လုံစိတ်ဓါတ် တခုကိုဦးထိပ်ထားကာနှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။အနှစ်သာရပြည့်ဝပြီး ပင်လုံစိတ်ဓါတ်ရေရှည် တည်တန့် ခိုင်မာသည့် ပြည်ထောင်စုနေ့ ကိုပြည်ထောင်စုမြန်မာနိုင်ငံ တော်အတွင်းနေထိုင်ကြသောမြန်မာ အပါဝင်တိုင်းရင်းသားများ အားလုံးနှင့်မြန်မာနိုင်ငံသားတို့ကတခဲနက်ကျင်းပနိုင်ရန်တောင်းတမျှော်လင့်ခဲ့တာနှစ်ပေါင်းခြောက်ဆယ်ကျော်ခဲ့ပြီးဖြစ်ပါသည်။ ထိုတောင်းတမျှော်လင့်မှုကို     ဆောင်ရွက်ဖြည့်ဆည်းပေးနိုင်ပါရန်(မလအ)မှအလေးအနက်တိုက်တွန်းတောင်းဆိုအပ်ပါသည်။
ထို့ အပြင် ယနေ့ကျရောက်လာသည့် ၆၅ နှစ်ပြည့် ပြည်ထောင်စုနေ့တွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ  အမြန်ဆုံးလွတ်မြောက်နိုင်စေရေးဆောင်ရွက်ပေးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်ခတ်ရပ်စဲပေးပါရန် ကျွန်ူပ်တို့ မှ တိုင်းရင်းသားများအား သဝဏ်လွှာပေးပို့လိုက်ပြီး လက်ရှိ အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံလူထုလှုပ်ရှားမှု့ အင်အားစုများ
သတင်းနှင့်ပြန်ကြားရေးဌာန
ဖွံ့ဖြိုးရေးလုပ်ရန် ဗဟု ခေါင်းဆောင်တို့ ပြည်တော်ပြန်
မျိုးသန့် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၆ မိနစ်
ချင်းမိုင်(မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ကို တည်ထောင်သူများ ဖြစ်သည့် ဦးဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦးတို့သည် ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန်
မြန်မာနိုင်ငံသို့ သောကြာနေ့တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။
ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများမှအစ နိုင်ငံ၏ စီးပွားရေး မူဝါဒများအထိ လိုအပ်သည်များကို
ပြင်ဆင်ဖြည့်စွက် မြှင့်တင်နိုင်ရန် သင်တန်းများကို မြန်မာနိုင်ငံအတွင်း ပို့ချပေးနိုင်ရန်လည်း ရည်ရွယ်သည်ဟု အဖွဲ့၏ Senior Staff ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။
“မူဝါဒနဲ့ ပါတ်သက်တဲ့ သုတေသန၊ မူဝါဒတွေနဲ့ ပတ်သက်လို့ တိုက်တွန်း၊ စည်းရုံး ပြောဆိုတာပေါ့။ အရည်အသွေး
မြှင့်တင်ရေး သင်တန်းတွေပေါ့။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်ထဲမှာ ကျနော်တို့ ဒီကိစ္စတွေ တိုးပြီးတော့ လုပ်လို့ရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
vahu1
ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ကို တည်ထောင်သူများ ဖြစ်သည့် (ဝဲမှ ယာ) ဦးဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးအောင်သူငြိမ်းနှင့် ဦးတင်မောင်သန်း တို့သည် ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အတွက် ဘန်ကောက်လေဆိပ်မှ မြန်မာနိုင်ငံသို့ မထွက်ခွာမှီ တွေ့ရစဉ် (ဓါတ်ပုံ လှဖုန်း)
ဦးအောင်သူငြိမ်းက ဦးသိန်းစိန် အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်နေသည် ဟု ယူဆပြီး၊ အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အရည်အသွေးများ မြှင့်တင်ရန် လိုအပ်သည်ဟုလည်း
ပြောသည်။
“ဒေသန္တရ အုပ်ချုပ်ရေးပေါ့။ အထူးသဖြင့် အပေါ်မှာ ပြောင်းတာ တပိုင်းပေါ့၊ အောက်ခြေမှာ ကိုယ်တိုင်ကိုယ်က အားကောင်းလာဖို့ လိုတာပေါ့။ အောက်ခြေစနစ် အုပ်ချုပ်ရေးတွေကစလို့ ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်အောင်လို့ အဲဒီလို သင်တန်းတွေ ပေးဖို့ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည့် ဦးအောင်နိုင်ဦးနှင့် ဦးအောင်သူငြိမ်းတို့သည် ၁၉၈၈ အရေးအခင်း အပြီးတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေါင်းဆောင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများလည်းဖြစ်သည်။
သူတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်မရောက်သည်မှာ ၂၃ နှစ်ကျော် ရှိပြီးဖြစ်ပြီး ယခုခရီးသည် ပထမဆုံး ပြည်တော်ပြန် ခရီးဖြစ်သည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် သီတင်းနှစ်ပတ်ကြာနေထိုင်မည့် ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦး တို့သည် ခရီးစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဗဟု မှ မည်သို့ ကူညီနိုင်မည်ကို တိုင်ပင် ဆွေးနွေးသွားမည်ဟုလည်း သိရသည်။
နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း၊ NLD ပါတီကို မှတ်ပုံတင်ခွင့်ရရန် ရွေးကောက်ပွဲ ဥပဒေများ၏ အချို့ အပိုင်းများကို ပြင်ဆင်ပေးခြင်းတို့ကို ရည်ညွှန်း၍ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လမ်းပေါ်သို့ ရောက်ရှိနေပြီ
ဖြစ်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ယုံကြည်သည်ဟုလည်း ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။
“အစိုးရ ကိုယ်တိုင်ကလည်း အားတိုက်အင်တိုက်ပေါ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာပေါ့။ ကျနော် အခု လက်ရှိ သမ္မတ ဦးသိန်းစိန်တို့ တချို့ခေါင်းဆောင်တွေက သူတို့ ပြောင်းချင်တယ်ဆိုတာကို တစိုက်မတ်မတ် လုပ်နေတယ် ဆိုတာတော့ ကျနော်ယုံပါတယ်" ဟု ပြောသည်။
အဆိုပါ အပြောင်းအလဲများအတွက် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များတွင်သာ မူတည်မနေဘဲ တည်ငြိမ်သည့် အပြောင်းအလဲများ ဖြစ်ရန်၊ ယခုထက် ပိုမိုတိုးတက်ရန်တို့အတွက် လူအများ၏ ပညာအရည်အချင်းနှင့် အရည်အသွေး များလည်း မြှင့်တင်ပေးရန်လိုသည်ဟု ဦးအောင်သူငြိမ်းက ယူဆသည်။
ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ပြည်တွင်းမှ သင်တန်းသားများကို ခေါ်ယူ၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာသာရပ်များကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နှင့် ချိတ်ဆက်၍ သင်တန်းများ ပေးနေသည်ဟုလည်း သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် လူမှုဖွံ့ဖြိုးရေး အစီအစဉ် Community Development and Civic Empowerment (CDCE) တွင်လည်း ပြည်တွင်းမှ သင်တန်းသားများ ခေါ်ယူ၍ သင်တန်းများ ဖွင့်လှစ် ပို့ချပေးနေသည်။
ဗဟုအဖွဲ့တွင် ဒေါက်တာဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်း တို့ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။
ပြောဘဲနေရရောဟယ် - - -
သိပ်မလောသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များကို ဒေါ်စု သတိပေး
မြန်မာ့ပညာရေးသတင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးရှင်းတဲ့ မျှော်မှန်းချက်က လာမယ့်ဆယ်စုနှစ်မှာ မြန်မာ့စီးပွားရေးကို အိမ်နီးချင်း နိုင်ငံတွေထက် ကျော်တက် သွားစေချင်တာပါ။ ဒီလိုအောင်မြင်မှုတွေ ဖြစ်ပေါ်စေဖို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အရေးကြီးပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွားရေး ပြောင်းလဲမှုက နောက်ကနေ လိုက်လာမှာပါဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံနှင့် စီးပွားရေး လုပ်ငန်းရှင်တွေပါ နှစ်ဦးနှစ်ဘက် ကောင်းဖို့ ရင်းနှီးမြှုပ်နှံမှု မလုပ်မီ စောင့်ကြည့်တဲ့ မူဝါဒကို သုံးသင့်ကြောင်း အာဆီယံ စီးပွားရေးကောင်စီ လုပ်ငန်းရှင် ၁၂ ဦးကို ပြောဆိုခဲ့ပါသည်။
အာဆီယံလုပ်ငန်းရှင် (၁၂) ဦးဟာ မြန်မာ့စီးပွားရေး အခြေအနေတွေကို လေ့လာဖို့ နေပြည်တော်က တာဝန်ရှိသူတွေ၊ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှုအပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
“ကျေနပ်တယ်လို့ မပြောလိုပါဘူး၊ ကျေနပ်လောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ရဦးမှာပါ၊ ခိုင်မာတဲ့ပြုပြင်ပြောင်းလဲမှုနဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ဖို့ လိုအပ်ပါသေးတယ်” ဟု အာဆီယံ စီးပွားရေးကောင်စီနှင့်အတူ လိုက်ပါသွားသော သတင်းထောက်များကို ပြောဆိုခဲ့သည်။ နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်မှာ ရင်းနှီးမြှုတ်ဖို့ စိတ်ဝင်စားတာကိုကြိုဆိုပေမယ့် ပြောင်းလဲမှုအတွက် အဆင်သင့်မဖြစ်မှာကို ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ပါတယ်။
“ကျမနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတာက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနှင့် တရားဥပဒေ စိုးမိုးရေး အရေးကြီးပုံကို ဆွေးနွေးခဲ့ ကြတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆိုခဲ့တယ်။  တနာရီကြာ ဆွေးနွေးခဲ့ကြတဲ့အထဲမှာ စိုက်ပျိုးရေးအခြေခံ စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ ဆွေးနွေးခဲ့ကြပါတယ်။
“ရင်းနှီးမြှုပ်နှံမှုအတွက် ၀င်လာကြဖို - မလာကြနဲ့ဦး ဆိုတဲ့ကိစ္စ မဟုတ်ပါဘူး၊ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လောက်ဖွင့်ပေးမှာလဲဆိုတဲ့ ကိစ္စလို့ ကျမမြင်တယ်။ ဒါကို ကျမတို့စိုးရိမ်ပါတယ်။ ကျမတို့ လိုချင်တဲ့ပြောင်းလဲမှုအတွက် ဘယ်လိုအကျိုးဖြစ်ထွန်းစေမှာလဲ ကျမတို့သိချင်တယ်။ ရေရှည် ရင်းနှီးမြှုပ်နှံမှုတွေလိုချင်ပါတယ်။ ရေတိုအတွက်လည်း ဒီရင်းနှီးမြှုပ်နှံမှုက ပြုပြင်ပြောင်းလဲရေးအပေါ် အကျိုးရှိစေပြီး ကောင်းရာကောင်းကျိုးတွေ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်မှာလား။ အရှိန်မြန်မြန်နဲ့ လုပ်ကြဖို့လည်း ကျမတို့ စဉ်းစားသင့်ပြီ။ သူများနောက်မှာ ကျန်နေကြရတော့ အမီ လိုက်ဖို့ လိုတယ်။ အားလုံးကောင်းသွားမှာလို့ ကျမတို့ မပြောနိုင်ဘူး။ ဒီလိုပြောနေရုံနဲ့လည်း ဘာအလုပ်မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောဆိုခဲ့ပါတယ်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ နိုင်ငံရေးပြောင်းလဲမှုတွေပါ တချိန်တည်း ဖြစ်ဖို့ အလေးထားပါတယ်။ တရားဥပဒေ စိုးမိုးမှုရှိမှာသာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ရာမှာ ကူညီနိုင်မှာ ဖြစ်ပါတယ်။ တရားရေးစနစ် ပြုပြင်ပြောင်းလဲမှု မရှိဘဲ ကောင်းမွန်တဲ့ စီးပွားရေး ပြောင်းလဲမှု မဖြစ်နိုင်ပါဘူးဟု အာဆီယံ စီးပွားရေး လုပ်ငန်းရှင်များကို ပြောဆိုခဲ့ပါတယ်။
အာဆီယံ စီးပွားရေး လုပ်ငန်းရှင်များဟာ မြန်မာ့အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ မြန်မာ့ အစိုးရဘက်ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေအတွက် ဥပဒေတွေကို လာမယ့်လတွေမှာ ပြောင်းလဲတော့မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အာဆီယံ စီးပွားရေးကောင်စီရဲ့ အဖွဲ့ခေါင်းဆောင် CIMB အုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် Nazir Razak မှ မြန်မာအစိုးရ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေကို ရှင်းလင်းစွာ ပြဌာန်းပေး ဖို့လိုကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။
CIMB ရဲ့ အာဆီယံ သုတေသန အင်စတီကျု အမှုဆောင်အရာရှိချုပ် John Pang မှ မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွက် မဟုတ်ဘဲ ဒေသတခုလုံးအတွက် စီးပွားရေး အခွင့်အလမ်းကောင်းတွေရှိကြောင်း ပြောဆိုခဲ့ပါတယ်။ “မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှအပြင် အိန္ဒိယ သမုဒ္ဒရာနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတွေ အတွက် မီးရထားလမ်းကနေ လမ်းပွင့်နေပါတယ်၊ ရှေ့တောင်အာရှရဲ့ ပထ၀ီ နိုင်ငံရေးအတွက်ပါ အရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်၊ ဒီလိုအခြေအနေမျိုးက အရှေ့တောင်အာရှ အတွက်သာမဟုတ်ဘဲ ဒေသတခုလုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေမှာပါ ” ဟုပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ အာဆီယံ နိုင်ငံတွေထဲမှာ နောက်ကျ ကျန်ခဲ့ပေမယ့် အခြားသော အာဆီယံနိုင်ငံတွေရဲ့ အမှားကို သင်ခန်းစာအဖြစ်ယူနိုင်ကြောင်း ပြောဆိုခဲ့ပြီး “ကျမရဲ့ ရိုးရှင်းတဲ့ မျှော်မှန်းချက်က လာမယ့် ဆယ်စုနှစ်မှာ မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေကို ကျော်တက် သွားစေချင်တာပါ” ဟုပြောဆိုခဲ့ပါတယ်။
စောပြည့်ညို
Source: The Nation
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား UNESCO ဆုချီးမြှင့်
 ၁၀-၂-၂၀၁၂  (ဓါတ်ပုံ AP)
ယနေ့ နံနက် ၁၀း၃၀အချိန်က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်UNESCO-Madanjeet Singh
Price for Promotion of Tolerance &Non-Violence 2002 ဆုအရုပ်ကို Mr. Ryuhei Hosoya, Executive Director,UNESCO,PARIS က ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ပေးအပ်ခဲ့ ပါတယ်။ယင်းဆုနှင့်အတူ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀(US $ 100000) ပါ ၇၇ှိခဲ့ပါတယ်။
ယင်းဆုကြေးငွေကို လူမှုရေး-ကျမ္မာရေး ရံပုံငွေအဖွဲ့အားလုံးကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။
NLD နဲ့ ပူးပေါင်းဖို့ အပစ်ရပ် ကရင်ခေါင်းဆောင် ပြောကြား
2012-02-10
ဗိုလ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ ကရင် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ညနေပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Photo: AFP
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ ခေါင်းဆောင် ဗိုလ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ကြီးစောဌေးမောင် တို့ တွေ့ဆုံအပြီး သတင်းထောက်များကို ရှင်းလင်းနေစဉ်
ဒီတွေ့ဆုံပွဲမှာ ကရင်ငြိမ်းချမ်းရေး ကောင်စီအနေနဲ့ အန်အယ်လ်ဒီပါတီ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ အလေးထား ဆွေးနွေးခဲ့တယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။ ဗိုလ်ချုပ်ကြီး စောဌေးမောင်က အခုတစ်ကြိမ်မှာ အစိုးရဘက်က နားလည်ပွင့်လင်းမှု ရှိလာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရဲရဲတင်းတင်း လာရောက် တွေ့ဆုံတာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ စကားပြန်ကတစ်ဆင့် ကရင်ဘာသာနဲ့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ တစ်စိတ် တစ်ဝမ်းတည်းရှိကြောင်း အလေးထားပြီး ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သွားတိုက်နည်းစနစ် မှန်စေဖို့ 
လူအများစုတွင် သွားတိုက်နည်းစနစ် မမှန်ကန်သည့် အတွက် ခံတွင်းနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနေကြခြင်း ဖြစ်ကြောင်း သွားဆရာဝန်ဒေါက်တာ မိုလာကပြောသည်။
“သွားတိုက်နည်း ပုံမှန်အနေနဲ့ သာတိုက်ရင် သွားရောဂါအတွက် ဆေးခန်းသွားစရာတောင် မလိုတော့ဘူး”ဟု ဒေါက်တာ မိုလာကပြောသည်။
သွားအား ကန့်လန့်ဖြတ်မတိုက်ရန်၊ သွားတိုက်သည့်အကြိမ်ရေ လိုအပ်သည်ထက်မပိုရန်၊ ဆား၊ မီးသွေး စသည့် ကြွေအလွှာကို ပျက်စီးစေသည့် အရာများနှင့် မတိုက်ရန်၊ အိပ်ရာမဝင်ခင် သတိထား၍ သွားတိုက်ရန် လူထုအကြား ပညာပေး၊ သတိပေးနေသော်လည်း လိုက်နာမှုနည်းပါးကြောင်း အဆိုပါဆရာဝန်က ပြောသည်။
တချို့ လူများသည် သွားဖြူစေရန် သွားခဏခဏတိုက်ခြင်း၊ အချိန်အကြာကြီးတိုက်ခြင်း၊ ဖိ၍တိုက်ကြလေ့ရှိပြီး ထိုအရာများသည် သွားမဖြူစေဘဲ ကြွေလွှာများပျက်စီးကာ တဖြည်းဖြည်း ဝါလာလေ့ရှိကြောင်း သိရသည်။
“သွားကန့်လန့်ဖြတ် တိုက်တဲ့အခါ သွားဖုံးနဲ့ သွားနားမှာ သွားပိုးစားတာမဟုတ်ဘဲ အချိုင့်တွေဖြစ်ပြီး အဲဒီချိုင့်တွေ တဖြည်းဖြည်းနက်လာတဲ့ အခါ သွားအတွင်း အသားနုတွေပျက်စီးပြီး သွားမကောင်းတော့ဘူး” ဟု ဒေါက်တာမိုလာ ကပြောသည်။
အချိုဓာတ်သည် သွားအတွက် အကျိုးရှိသည်ဟု ဆိုပြီး အချဉ်များ ငုံထားခြင်းသည် အချဉ်ဓာတ်ပေါက်ပြီး သွားဆွေးနိုင်သည့်အတွက် သတိထားသင့်ကြောင်း သိရသည်။
သွားတိုက်သည့် အခါ ပါးစပ်ပိတ်ပြီး တိုက်ပါက အပေါ်အောက် အညစ်အကြေးများ ပါးစပ်အတွင်း ဝင်ရောက်နိုင်ကြောင်း သိရသည်။ သွားကြားအတွင်းသာမက သွားဖုံးအကြားရှိ အညစ်အကြေးများ မပါရှိစေရန် သွားပွတ်တံအား တစောင်းထား၍ တိုက်သင့်ကြောင်း သိရသည်။
ချိုးကူသံလေးကြားရဖို့ ( Written by လူထုစိန်ဝင်း )
စနေနေ့၊ ဖေဖော်ဝါရီလ ၁၁၊ ၂၀၁၂
နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။
သတင်းသမားတွေ နေရာပေးခံရ
ဒီမေးခွန်းက လွယ်လွယ်ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေရှိသလို မပြောင်းတာတွေလည်း အများကြီးရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။
အကြွေးဝန်ထုပ်ကြီး
ပြောင်းတာတွေက အောက်ခြေကိုမရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှထူးခြားမလာဘူး။ တောင်ပေါ်ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်းကိုးတောင်ရှည် ဖြစ်နေရဆဲပဲ။ ဒီကြားထဲမှာ ဈေးကွက် စီးပွားရေးကို လက်ညှိုးထိုးပြီး ဟိုကဈေးတက်၊ ဒီကဈေးတက်ဆိုတော့ ပိုပြီးပင်ပန်းကြရတယ်။ တောသူ တောင်သားတွေက ပိုပြီးခံရတယ်။ မြို့မှာက တစ်ခုမဟုတ်တစ်ခု ကြံဖန်ရှာဖွေစားသောက်လို့ရတယ်။ ယုတ်စွအဆုံး ပလတ်စတစ်လိုက်ကောက်ရင်တောင် ရသေးတယ်။ တောမှာကျတော့ လယ်ယာအလုပ်ကလွဲပြီး တခြားဘာမှ လုပ်စားစရာမရှိဘူး။ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်ရပြီဆိုရင် ကျောပေါ်က အကြွေးဝန်ထုပ်ကြီး ကြီးသထက်ကြီး လာတော့တာပဲ။
ခွက်တစ်ဆယ်အနည်းဆုံး
မြို့ပေါ်ဆင်းရဲသားတွေရဲ့ကျောပေါ်က ၀န်ထုပ်ဝန်ပိုးကြီး နှစ်ပိဿာခွဲလောက်လေးတယ်ဆိုရင် တောသူ တောင်သားတွေရဲ့ကျောပေါ်မှာ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက ခွက်တစ်ဆယ်တော့ အနည်းဆုံး ရှိလိမ့်မယ်။ ဒီဖိစီးမှုကြီးက အရင့်အရင်အစိုးရ အဆက်ဆက်မှာရှိခဲ့တဲ့အတိုင်း ဘာမှ ပြောင်းလဲမသွားဘူး။ အပေါ်မှာ ကြည့်လိုက်ရင်တော့ ပြောင်းနေပေမယ့် အောက်ခြေမှာတော့ ဘာမှမပြောင်းလဲဘူး။ အဲဒါကြောင့် ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူးလို့ ဖြေလိုက်တာ။ နောက်ဆုံးဖုန်းချခါနီးမှာ ''ပြောင်းရင်ပြန်လာမှာမို့လား''လို့ မေးလိုက်တော့ သူဖြေလိုက်ပုံက ''လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ။ ရေရှည်အတွက်လည်း ကြည့်ရသေးတယ်လေ''တဲ့။
စောင့်ကြည့်ချင်ကြသေး
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်နေသူတွေလည်း ပြန်လာနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မိန့်ခွန်းပြောခါစက အတော်လေး ၀မ်းသာမိတယ်။ ဒီတစ်သက်တော့ ပြန်မတွေ့နိုင်ကြတော့ဘူးလို့ အောက်မေ့ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တပည့်ဟောင်းတွေကို ပြန်တွေ့နိုင်ဦးမှာပါလားဆိုပြီး ပျော်သွားတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ဘယ်သူမှ ပြန်မလာကြသေးဘူး။ အခွင့်အလမ်းကောင်း၊ လုပ်ကွက်ကောင်းရှိ မလားလို့လာပြီး လေ့လာစူးစမ်းသူ တချို့တလေပဲ တွေ့ရတယ်။ အများစုကတော့ အကဲခတ် စောင့်ကြည့်ချင်ကြသေးတယ်။
တိုင်းပြည်ရဲ့ အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုး ခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစု လုပ်ကျွေးဖို့အတွက် မနည်းကြီး သည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်မျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမှ သူတို့ ပြန်လာနိုင်ကြမှာ  . . .
တစ်နေ့တော့ပြန်လာမယ်
ဟုတ်တာပေါ့။ ရေကြည်ရာ မြက်နုရာကိုရောက်နေပြီးမှ သဲကန္တာရထဲကို ဘယ်သူကပြန်သွားချင်မှာလဲ။ စောင့်ကြည့်ဦးမယ်ဆိုသူတွေကို အပြစ်မမြင်ပါဘူး။ တစ်နေ့နေ့မှာတော့ သူတို့ပြန်လာမှာပါ။ ဘယ်လောက်တားတား ပြန်မလာဘဲ သူတို့မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ မြန်မာတွေဖြစ်နေကြလို့ပဲ။ သူများနိုင်ငံတွေ ဘယ်လောက်ချမ်းသာတယ်ပြောပြော မြန်မာပြည်လောက်တော့ နေချင့်စဖွယ်မရှိနိုင်ဘူး။ မြန်မာနိုင်ငံက ဥတုသပ္ပာယ မျှတတယ်။ အပူလွန်ကဲလို့ လူတွေသေတယ်ဆိုတာမျိုး မရှိသလို အေးလွန်းလို့ သေတယ်ဆိုတာမျိုးလည်း မရှိဘူး။ မိုးခေါင်လွန်းလို့ အငတ်ဘေးကျရောက်တယ်ဆိုတာမျိုးမရှိသလို မိုးများလွန်းလို့ လူတွေထောင်သောင်းချီ သေရတယ်ဆိုတာမျိုးလည်း မရှိဘူး။
ရတနာသိုက်ကြီး
ပူပိုင်းဒေသဖြစ်ပေမယ့် အအေးပိုင်းဒေသက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးဝလံတွေလည်း လမ်းဘေးမှာ ပုံတိုက်ပြီး ရောင်းရလောက်အောင် ပေါပေါများများ ထွက်တယ်။ ၀တ်ဖို့အတွက် ၀ါချည်၊ ပိုးချည်တွေလည်း ထွက်တယ်။ နေစရာအတွက် သစ်ဝါးတွေလည်း ပေါတယ်။ မြေကြီးကလည်း ဘယ်နေရာတူးတူး ရေနံထွက်တဲ့နေရာက ထွက်၊ ရွှေထွက်တဲ့နေရာက ထွက်၊ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ ထွက်တဲ့နေရာကထွက်မို့ တစ်နိုင်ငံလုံး ရတနာသိုက်ကြီးလို ဖြစ်နေတယ်။ လူတွေကြောင့်သာ ခုလို ဆင်းရဲတွင်းနက်နေရတာ။
မြန်မာတွေရဲ့ အပြုံး
ဒါတွေအားလုံးထက်ပိုပြီး မြန်မာပြည်ကို စွဲမက်ကြတဲ့အကြောင်းကတော့ မြန်မာတွေရဲ့ နွေးထွေးတဲ့ မေတ္တာတရားနဲ့ မြန်မာတွေရဲ့အပြုံး ဖြစ်တယ်။ မြန်မာတွေက ရန်သူကိုတောင် ဒုက္ခရောက်နေတာတွေ့ရင် ဒါမှမဟုတ် နိမ့်ကျသွားရင် အခွင့်သာပြီဆိုပြီး အနိုင်ယူလေ့မရှိဘူး။ အင်္ဂ လိပ်တွေနဲ့ အိန္ဒိယသားတွေထွက်ပြေးကြတော့ အစာငတ်ရေငတ်ဖြစ်လာသူကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဂျပန်တွေ အသက်လုပြီး ထွက်ပြေးကြရတော့ လည်း တစ်ယောက်တည်း သင်းကွဲထွက်ပြေးလာသူတွေကို အသက်ဘေးက ကယ်ဆယ်ပြီး ၀ှက်ပေးထားခဲ့ကြတယ်။ စစ်ကြီးပြီးဆုံးသွားတာတောင် ဂျပန်ပြည်ကိုမပြန်တော့ဘဲ အသက်ကယ်ထားတဲ့ရွာမှာပဲ အသက်ထက်ဆုံးနေသွားခဲ့သူတွေ ရှိတယ်။
ရေကုသိုလ်
မြန်မာတွေက လူဆင်းရဲပေမယ့် စေတနာမဆင်းရဲဘူး။ ကျောင်းသားဘ၀ မန္တလေးက ရန်ကုန်ကိုရထားနဲ့လာတော့ ရထားရပ်တဲ့ဘူတာတိုင်းမှာ ရေအိုးလေးတွေရွက်ပြီး 'ရေကုသိုလ်၊ ရေကုသိုလ်' နဲ့ တစာစာအော်ရင်း သောက်ရေလိုက်ပေးသူတွေ လေး ငါးဦးထက်မနည်း အမြဲတွေ့ရတယ်။ တချို့ကအသက်ကြီးကြီး အမျိုးသမီးတွေ၊ တချို့ကအသက်ငယ်ငယ် ကလေးမလေးတွေ။ ခုခေတ်လိုရေရောင်းတာတွေ မပေါ်သေးဘူး။ စေတနာ သက်သက်နဲ့ လိုက်ကုသိုလ်ပြုကြတာဖြစ်တယ်။ ရပ်ထဲရွာထဲမှာလည်း တစ်အိမ်က ဟင်းကောင်းကျွေး ကောင်းချက်ရင် ဘေးအိမ်က လူကြီးသူမများအတွက်ဆိုပြီး စားဦးစားဖျား ပို့လေ့ရှိတယ်။ အိမ်နီးချင်းတွေဟာ တစ်အိမ်နဲ့တစ်အိမ် ကူးလူးနေကြတာပဲ။ အလှူမင်္ဂလာဆောင်လိုကိစ္စများဆို တစ်ရပ်ကွက်လုံး ၀ိုင်းကူကြတယ်။ ဘာသိဘာသာ နေလေ့မရှိဘူး။ အင်မ တန်ပျော်စရာကောင်းတာ။
ကန်သမ္မတရဲ့ မှတ်ချက်
ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)က 'မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့ တစ်ခုတည်းသော လူမျိုးဖြစ်တယ်' (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့တာဖြစ်တယ်။ ဟူးဗားက နိုင်ငံရေးနယ်ထဲမရောက်ခင် နမ္မတူဘော်တွင်းမှာ သတ္တုတွင်း အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ခဲ့ဖူးတယ်။
အပျော်တွေစိမ့်ဝင်
ပျော်စရာအလွန်ကောင်းတဲ့ ဒေသမှာ လူဖြစ်လာကြရတဲ့အတွက် မြန်မာလူမျိုးတိုင်းရဲ့ဓာတ်ခံမှာ အပျော်တွေစိမ့်ဝင်နေတယ်။ သူတို့ရဲ့မျက်နှာတွေမှာ အတိုင်းသား ဖော်ပြနေတယ်။ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းမယုံနိုင်လောက် အောင်ကို တအံ့တသြဖြစ်ကြတယ်။ ဒါလောက်ဒုက္ခသုက္ခတွေကြားက ပြုံးနေနိုင်တာကို သူတို့ မစဉ်းစားတတ်ကြဘူး။ ဓာတ်ပုံကိုသာမြင်ရရင်'ဆင်' ပြီးရိုက်ထားတာလို့ ထင်မှာသေချာတယ်။ လူကိုယ်တိုင်မြင်ရလို့သာ ယုံသွားကြရတာ။ မြန်မာလူမျိုးက လည်း အံ့သြမယ်ဆို အံ့သြထိုက်တယ်။ မှတ်ကရောဟဲ့ဆိုပြီး ကိုကိုးကျွန်းပို့ ပစ်လိုက်တာတောင် ကျွန်းပေါ်မှာ ဇာတ်ကဖြစ်အောင် ကခဲ့သူတွေဖြစ်တယ်။ သင်္ကြန်ကျတော့လည်း တီးမှုတ်ကခုန်တာတွေသာမက ဘောလုံးပွဲတွေ၊ ဘောလီဘောပြိုင်ပွဲတွေအပြင် ရခိုင်ရိုးရာ 'ကျင်' ကိုင်ပွဲတွေတောင် လုပ်လိုက်ကြသေးတယ်။
ပြန်ဖြစ်ချင်မှပြန်ဖြစ်မှာ
ပျော်စရာတိုင်းပြည်က ပျော်စရာလူမျိုးတွေကြားမှာနေရတာလောက် ဘယ်နေရာမှ ပျော်စရာကောင်းမှာမဟုတ်ဘူး။ အကြောင်းကြောင်းနဲ့ နိုင်ငံခြားတိုင်းပြည်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေအများစုဟာ တစ်နေ့နေ့မှာ အသေအချာကို ပြန်လာကြမှာပါ။ မပြန်ချင်ပါဘူးဆိုသူက အနည်းစုဖြစ်ပါလိမ့်မယ်။ 'လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ' ဆိုသူမျိုးကတော့ ပြန်ဖြစ်ချင်မှ ပြန်ဖြစ်မှာပေါ့။အဲဒီလူမျိုးတွေ ပြန်မလာလို့လည်း တိုင်းပြည်အတွက် ဘာမှဆုံးရှုံးမသွားပါဘူး။ သူတို့အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်အောင် ဖန်တီးပေးဖို့ ဒီကလူတွေ ရုန်းကန်လှုပ်ရှားနေကြတာမှ မဟုတ်တာ။ သူတို့လို လူမျိုးတွေက ပြန်လာလည်း အခွင့်အရေးရဖို့လောက်သာ ချောင်းနေကြမှာဖြစ်တယ်။ ဘာတစ်ခုမှ လက်ကြောတင်းအောင် လုပ်မယ့်သူတွေမဟုတ်ဘူး။
ချိုးကူးသံလေးကြားရဖို့
နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့နိုင်ငံကို ပြန်ပြီးထူမတ်ပေးဖို့အတွက် လက်ကြောတင်းအောင်လုပ်မယ့်လူတွေ အများကြီးလိုတယ်။ တိုင်းပြည်ရဲ့အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုးခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစုလုပ်ကျွေးဖို့အတွက် မနည်းကြီးသည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူတို့ပြန်လာနိုင်ကြမှာ။ တောင်တန်းပြာကြီးတွေပေါ်မှာ သေနတ်သံတွေ လုံးဝချုပ်ငြိမ်းပြီး ချိုးကူသံလေး ကြားရဖို့လည်း အရေးကြီးပါတယ်။
www.first-11.com/
အရွယ်မရောက်သေးသော ကလေး၏ လုပ်ဆောင်ချက်များကို ရုပ်မြင်သံကြား၌ ကြည့်ရှု၍ရအောင် စက်ရုပ်ဖန်တီး
 မွေးခါစကလေးငယ်၏ လှုပ်ရှားပုံများနှင့် ကွက်တိတူညီသော ကလေးအရွယ် စက်ရုပ်တစ်ရုပ်ကို ဖန်တီးလိုက်ရာ အဆိုပါစက်ရုပ်၌ စိတ်ဖြင့်ထိန်းချုပ်သိရှိ နိုင်စွမ်းမရှိသော အာရုံကြောတုံ့ပြန်မှုများပင်ပါဝင်သည်ဟု ဆိုသည်။ ယင်းအတွက် မူလရည်ရွယ်ချက်မှာ ဗြိတိသျှ ပြဇာတ်တစ်ပုဒ်အတွက်ဖြစ်ပြီး အထူးပြုလုပ်ချက် ပညာရှင် ခရစ်ကလက်က တီထွင်ပေးခဲ့ခြင်းဖြစ်သည်။ စတီဖင် စပီး ဘတ်၏ ရုပ်ရှင်များ၌ အထူးပြုလုပ်ချက်များကို ဖန်တီး ပေးခဲ့သည့် မစ္စတာကလက်၏ အဆိုပါ စက်ရုပ်သည် ဟုဆိုသည်။ အဆိုပါ စက်ရုပ်ကို လုံလောက်သော သုတေသနပြုမှုများပြုလုပ်ပြီး ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာများပါ ထည့် သွင်းနိုင်ရန် ကြိုးပမ်းမည်ဟုဆိုသည်။ ကလေးငယ်၏ ဦးနှောက်သည် ခန္ဓာကိုယ်အခြား အစိတ်အပိုင်းများကို ထိန်းချုပ်ထားသည့် အီလက်ထရစ် သတင်းပို့ချက်များကို တွက်ဆနိုင်ရန် ကြိုးပမ်းဆဲ အနေအထား၌ သာရှိသေးရာ ယင်းအချက်အတိုင်း စက်ရုပ်ကို ပြုလုပ်ထားကြောင်း မစ္စတာကလက်က ပြောကြားခဲ့သည်။ အဆိုပါ စက်ရုပ်ကို အရေပြားအတု ဖုံးအုပ်ကာ တကယ့်ကလေး အစစ်နှင့်တူအောင်လည်း ဖန်တီးနိုင်လိမ့်မည် ဟုဆိုသည်။
စွယ်စုံ မှယူပါတယ်
ဗမာ၊ မြန်မာနှင့် ဗကသ (ဗမာနဲ့ မြန်မာ ဘာကွာသလဲ)
Published on Thursday, 09 February 2012
ဗမာ၊ မြန်မာဆိုတဲ့အခေါ်ဟာ နိုင်ငံရေး ပယောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရပြီး လူမျိုးရေး ခွဲခြားရာတွင်လည်းကောင်း၊ နိုင်ငံရေးအရ ပုတ်ခတ် ပြောဆိုရာတွင်လည်းကောင်း ရည်ရွည်ချက်ရှိရှိ ဖန်တီးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒို့ဗမာ အသင်းကြီးရဲ့ နာမည် ပေးခဲ့မှုအပေါ်မှာ ယနေ့ခေတ် တိုင်းရင်းသားတွေ၊ မြန်မာတွေအကြား အငြင်းပွား၊ အမုန်းထားပြီး လူမျိုးရေး ခွဲခြားမှုပုံစံတွေ ဖြစ်လာအောင် မဆလဦးနေ၀င်းနဲ့ သူ့တပည့်ကျော် ဦးခင်ညွန့်တို့ ဖန်တီးခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတွေဟာ ရန်ကုန်တက္ကသိုလ် ကနေ စတင်ခဲ့ကြတာများပြီး အဆုံးသတ်အောင်ပွဲပေါင်း မြောက်မြားစွာ ရယူကာ သမိုင်းမှတ်တမ်းများလည်း တင်နိုင်ခဲ့ပါတယ်။ ဒီလို တော်လှန်ရေးတွေ စတင်ရာ ရန်ကုန်တက္ကသိုလ် မြေရဲ့ အဓိက ဇာတ်ကောင်များကို မွေးထုတ်ပေးရာ အဖွဲ.အစည်းကတော့ ဗကသ လို့ အများသိတဲ့ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပါပဲ။ မြန်မာ့ သမိုင်းစဉ်တလျှောက်လုံး နယ်ချဲ့ကို တော်လှန်၊ တပါတီစနစ်ကို ဖြုတ်ချ၊ စစ်အာဏာရှင်ကို အမြဲခြိမ်းခြောက်နိုင်ခဲ့တာ ဗကသပါပဲ။ ကိုကြီးနု၊ ကိုအောင်ဆန်းမှသည် မင်းကိုနိုင်၊ မိုးသီးဇွန်အတွဲထိ ဗကသ ကျောင်းသားများသည် အောင်ပွဲများ အလီလီ နွှဲခဲ့ကြပါတယ်။ ဒီလို သမိုင်းအစဉ် အဆက်ကြီးမားသလို ၊ တော်လှန်ရေး သူရဲကောင်းများ မွေးထုတ်ပေးရာ ဗကသ ဆိုသော အဖွဲ့သည် စစ်အာဏာရှင်များအတွက်တော့ စေတန် နတ်ဆိုးတပါးလိုပါပဲ။ စစ်အာဏာမြဲရေးအတွက် အနှောင့်အယှက်ဖြစ်စေသော ဗကသများဟာ ရှင်းထုတ်ရ မဲ့ အမှိုက်တစ ဖြစ်နေပါတယ်။ ဒါကို ဦးနေ၀င်း လက်ထက် ၁၉၆၂ မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်နဲ့ ခွဲပြီး ခြေရာလက်ရာ အစ မကျန်ရလေအောင် ဖျောက်ဖျက်ခဲ့ပါတယ်။
ကျောင်းသားအမြောက်အမြား အဆောက်အဦထဲမှာ သေဆုံးခဲ့ကြရပြီး၊ အသက်ရှင် ကျန်ရှိနေသေးတဲ့ ဗကသတွေဟာလည်း မြေအောက်အနေအထား ရောက်ခဲ့ရပြီး ဦးနေ၀င်းခေတ် တလျှောက်လုံး ဗကသရဲ့အခန်းကဏ္ဍဟာ ပျောက်ကွယ်လု ဖြစ်ခဲ့ရပေမဲ့ ၁၉၈၇၊ ၈၈မှာတော့ ဗကသတွေဟာ မြေအောက်သင်တန်းတွေပေးရင်း တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်သေဆုံးမှုနဲ့အတူ ပြန်လည် နိုးထလာခဲ့ကြပါတယ်။ တပါတီစနစ်နဲ့ အာဏာရှင် ဦးနေ၀င်းကို ပြတ်ပြတ်သားသား အမြစ်ဖြတ်နိုင်ခဲ့ကြပါတယ်။ စစ်အာဏာ ပြန်သိမ်းခံပြီးတဲ့နောက် ဗကသတွေအားလုံး ထောင်ထဲထည့်၊ တချို့ကတော့ ထွက်ပြေးလွတ်မြောက်ပြီး ပြည်ပ တိုင်းပြည်တွေကို ရောက်ကုန်ပါတယ်။ ဒါပေမဲ့ ဗကသ မျိုးဆက်ဟောင်းတွေကိုသာ သုတ်သင်ရှင်းလင်းနိုင်ပေမဲ့ ဗကသရဲ့ သမိုင်းနဲ့ ဗကသ မျိုးဆက်သစ်ကိုတော့ ဘယ်လိုမှ မရှင်းနိုင်ခဲ့ကြပါဘူး။ အကြိမ်ကြိမ် ခေါင်းထောင် အသက်ပြန်ဝင်လေ့ရှိတဲ့ ဗကသကို စစ်အာဏာရှင်များအနေနဲ့ အပြီးသတ် ခြေမှုန်းချင်ကြပါတယ်။ အသေးစိတ် အစီအစဉ်များနဲ့ ဖြိုခွဲပါတော့တယ်။
၁။ ရန်ကုန်တက္ကသိုလ်ကိုပိတ်ပြီး တက္ကသိုလ်များအား မြို့ပြင် ထုတ်ပစ်ရေး
၂။ ကျောင်းသား အများအပြား မစုစည်းနိုင်ရန် တက္ကသိုလ် အရေအတွက် များများ ဖွင့်လှစ်ရေး
၃။ ကျောင်းသားများ တက္ကသိုလ်၌ ကြာကြာ မနေနိုင်ရန် စာသင်နှစ် လျှော့ချရေး
ဗကသ သမိုင်းကြောင်းကို ဦးနေ၀င်းလက်ထက်က ဗကသ အဆောက်အဦးကို ဒိုင်နမိုက်ခွဲ ဖြိုခွင်း လက်စ ဖျောက်ခဲ့ပေမဲ့ ၁၉၈၈ မှာ တဖန် ခေါင်းထောင်ထလာခဲ့တာကြောင့် ဗကသသမိုင်း စတင်ရာ ရန်ကုန် တက္ကသိုလ်ကိုပါ ပိတ်ပစ်သည်အထိ စစ်အာဏာရှင်တို့ ဗကသကို လက်စဖျောက်ပါတယ်။ ပြီးတော့ ဗကသဆိုတဲ့ အခေါ်အဝေါ်ကို လူတွေ မုန်းတီးလာအောင် ဗမာ၊ မြန်မာ ဆိုတဲ့ ရှုပ်ထွေး စေမဲ့ အခေါ်အဝေါ်တွေကို ဖန်တီးပြီး လူမျိုးရေး ခွဲခြားမှု မုန်းတီးမှုများ ဖြစ်ပေါ်လာအောင် ဖန်တီးလိုက်ပါတယ်။ ဗကသ ဆိုတဲ့ အခေါ်ကို သေးသိမ်သွားအောင် ဗမာဆိုတာ လူမျိုးတမျိုးထဲကိုသာ ကိုယ်စားပြုတဲ့ပုံစံ ဖြစ်သွားအောင် ဖန်တီးလိုက်ကြပါတယ်။
ဒီတော့ ဗမာ၊ မြန်မာဆိုတဲ့ အခေါ်အဝေါ်ကို ရှင်းလင်းအောင် လုပ်ဖို့လိုလာပါပြီ။
ဒိုဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ----- ဒို့မြန်မာ အစည်းအရုံးလို့ မခေါ်ပဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလည်းဆိုတာ ဖွင့်ဆိုထားပါတယ် ။
"မြန်မာဆိုတာဟာ ပြည်မ မြေပြန့်မှာ နေထိုင်တဲ့သူတွေကို ခေါ်တာသာဖြစ်တယ်၊ မြန်မာ ပဒေသရာဇ်တွေ ပေးထားတဲ့ နာမည် သာဖြစ်တယ် ။ လူမျိုးကြီးဝါဒ သဘောပါဝင်တယ်။ ဒါကြောင့်လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်း အပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံလို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ်" လို့ အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။
ဘာသာဗေဒ ပညာရှင် ဆရာမောင်သာနိုးရဲ့ အမြင်ကတော့ ------ ဗမာက မူလဗျ၊ ဗမာဆိုတာ ဗြဟမာ (ဗရမာ) က လာတာကိုး။ ဗရမာက နေ ဗမာဖြစ်သွားတာ အဲ့ဒီကမှ တဆင့် ဗရမာကို 'ဗ' နဲ့ 'မ' နဲ့ ပြောင်းပြီး မြန်မာဖြစ်သွားတာ။ ဗရမာလို့ ခေါ်တဲ့ ဗမာ စကားလုံးက ပထမ၊ မြန်မာဆိုတဲ့ စကားလုံးက ဒုတိယလို့ ပညာရှိတွေက ယူဆကြပါတယ်။ အိန္ဒိယမှာ အခုအချိန်ထိ မြန်မာနိုင်ငံကို ဗရမာ ခေါ်နေဆဲပါ ။ မြန်မာစာကို ဗာရမီလို့ခေါ်တယ်။ ဗမာကသာလျှင် တပြည်လုံးကို ခြုံတဲ့ အမည်ဖြစ်တယ်။ မြန်မာဆိုတာက တိုင်းရင်းသားတွေမပါတဲ့ ရန်ကုန်၊ မန္တလေးက လူတွေကိုခေါ်တာ။
အီလီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဦးစောထွန်းက------ပါလိအဘိဓာန်ထဲမှာ ဗရမ ဒေသ၊ ဗရမ လို့ပဲ ပြထားတာရှိတယ်၊ နောက် ရှေးဆရာတော်ကြီးတွေက ဗရမာလို့ ရေးကြတာရှိတယ်။ အဲ့ဒီကနေ အသံပြောင်းပြီးတော့ ဗရမာကနေ ဗမာဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဖြစ်နိုင်ပါတယ်။ ပုဂံခေတ် ကျန်စစ်သားလက်ထက် ကျောက်စာတွေမှာ လူတွေအကြောင်း ပြောတော့ မြေပြန့်နေသူတွေကို မရမာ လို့သုံးခဲ့ပါတယ်။ သမိုင်းကြောင်းအရကတော့ ဗမာ=မြန်မာ မြေပြန့်နေသူတွေကို ခေါ်ကြပေမဲ့ တိုင်းရင်းသားအားလုံးကို ခြုံပြီး မြန်မာလို့ခေါ်တာ မရှိခဲ့ပါဘူး။ ထိုင်းလူမျိုးတွေ ယနေ့ထိ ခေါ်နေဆဲဖြစ်တဲ့ ဖမ (ဗမာ) ဆိုတဲ့ အခေါ်ဟာလည်း နိုင်ငံတခုလုံး တိုင်းရင်းသားအားလုံးကို ခေါ်တာဖြစ်တယ်။
ရေနံချောင်း သခင်ခင်ညွန့် ------ အင်္ဂလိပ်ခေတ်က (Burma ၊ Burman) ဗမာဆိုတာကို တိုင်းရင်းသား အားလုံးကို သတ်မှတ်ပြီး မြန်မာကိုတော့ အလည်ပိုင်းနေ မြန်မာလူမျိုး တမျိုးတည်းကိုပဲ ခေါ်ခဲ့တယ်။ ဒီခေတ်ရောက်မှ ၀ံသာနုခေတ်က အသုံးတွေကို ပြောင်းပြန်လှန်ပစ်တယ်လို့ ပြောပါတယ်။
ဒီလို ဗမာနဲ့ မြန်မာကို ပြောင်းပြန်လှန်ပစ်ခဲ့သူကတော့ မဆလ ဦးနေ၀င်းပဲ ဖြစ်ပါတယ်။ မြန်မာစာပေကို ၀င်ရောက် စွက်ဖက်ခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ရှိရှိ မိုက်မဲစွာ ရှုပ်ထွေးအောင် လုပ်ပစ်ခဲ့တာပါ။ ထိုစဉ်က ကျောင်းသုံး စာအုပ်တွေမှာ ဥပမာ (တကောင် = တစ်ကောင်) (ဗမာ၊ မြန်မာ) စသဖြင့် ပြင်ဆင်စေခဲ့တာဟာ ဗမာနဲ့ မြန်မာ ရှုပ်ထွေးမှုရဲ့ အစပါပဲ။ ဦးနေ၀င်းရဲ့ အမွေကိုသူရဲ့ လက်ရင်းတပည့်ဖြစ်တဲ့ ဦးခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ မှာ ဗကသကို ဖျောက်ဖျက်လိုခြင်း၊ တော်လှန်ရေး စိတ်ဓာတ် မွေးဖွားရာ ကိုလိုနီ အမွေအနှစ်ဖြစ်တဲ့ အမည်များအား ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ဥပမာ
Burma=Myanmar
Irrawaddy = Ayeyarwady
Akyab = Sittwe
Amherst = Kyaikkami
Bassein = Pathein
Henzada = Hinthada
Maymyo = Pyin U Lwin
Moulmein = Mawlamyaing
Myohaung=Mrauk U
Pagan=Bagan
Pegu=Bago
Prome=Pyae
Dagon or Ragoon=Yangon
Sandoway=Thandwe
Syriam=Thanlyin
Tavoy=Dawei
Yaunghwe=Nyaung Shwe
ဒီလို ပြောင်းလဲခဲ့တာတွေဟာ ဘာသာဗေဒတခုကို အဆင့်မြှင့်လိုခြင်းထက်၊ နိုင်ငံရေး ရည်ရွယ်ချက်သက်သက်သာ ဖြစ်ပါတယ်။ နိုင်ငံကို မြန်မာလို့ခေါ်ရန်နှင့် လူမျိုးကို ဗမာလို့ ခေါ်ဆိုရန် အမိန့် ထုတ်ခဲ့ခြင်းဟာ ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ) ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘဲ၊ လူမျိုးစုတစုထဲကို ကိုယ်စားပြုတဲ့ အဖွဲ့အဖြစ် သေးသိမ်အောင် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခဲ့တဲ့ သွေးခွဲတဲ့လုပ်ရပ်အဖြစ် အဲ့ဒီအချိန်က လူသိများခဲ့ပါတယ်။
ရှေးဟောင်းကျမ်းများ၊ ကျောက်စာအထောက်အထားများအရ အမည်မှန် ခေါ်ဆိုမှုသည် အောက်ပါအတိုင်းဖြစ်ပါတယ်။
ဗမာပြည် (ဗမာနိုင်ငံ)
မြန်မာလူမျီုး
ရဲသူရိန်မင်း
Ref: BBC, Wikipedia
တိုက်ပွဲကြောင့် အထက်ညွှန်ကြားချက်မရဘဲ သျှမ်းပြည်တပ်မတော်တပ်ရုပ်မည်မဟုတ်
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 09 ရက် 2012 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း
ဂျန္နဝါရီ လလယ်ပိုင်းက သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရ ကြား ပြည်ထောင်စုအဆင့် သဘော တူညီမှု လက်မှတ် ရေးထိုးပြီးဖြစ်သော်လည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေသည့်အပေါ် သျှမ်းပြည် တပ်မတော် တပ်မှူးတဦးက အထက်ညွှန်ကြား ချက်မပါဘဲ တပ်ရုပ်မည်မဟုတ်ကြောင်း ပြောကြား လိုက်ပါသည်။
သျှမ်းပြည်တပ်မတော်သား (RCSS/SSA)
သျှမ်းပြည်တပ်မတော်သား (RCSS/SSA)
“ဒီကိစ္စက မဖြစ်သင့်တဲ့ကိစ္စလေ။ ကျနော်တို့ နိုဝင် ဘာ သဘောတူညီချက်ထဲမှာ ဗမာစစ်တပ်က ကားလမ်းမ တလျှောက်တာဝန်ယူ၊ SSA က တော ကျေးရွာတွေမှာ တာဝန်ယူ ဆိုတဲ့အချက်တွေပါတယ်။ ဒါပေမယ့် ကျနော်တို့ လှုပ်ရှားနေထိုင်တဲ့ တောတောင်ဘက်ကို ဝင်လာပြီး မွှေနှောက်နေတော့ မလွဲသာမရှောင်သာ တိုက်ပွဲဖြစ်ရတာပါ” - ဟု အမည်မဖေါ်လိုသည့် တပ်မှူးတဦးကပြောပါသည်။
ယမန်နေ့က သျှမ်းပြည်တပ်မတော် RCSS/SSA အမှတ် ၁ ကျိုင်းတုံစစ်ဒေသ နှင့် တာချီလိတ်မြို့နယ် မိုင်းဟိုင်း ကျေး ရွာအုပ်စုဘက်သွားရောက်လှုပ်ရှားသည့် မြန်မာအစိုးရတပ် ခလရ ၂၁၁၊ ခမရ ၅၇၀ နှင့် ၅၇၂ တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
ထို့အတူ ယခုလအစောပိုင်းကလည်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံဘက်လှုပ်ရှားသည့် အစိုးရစစ်တပ် ခလရ ၂၇၇ ၊ ခမရ ၃၁၁၊ ၅၂၈ တို့နှင့်လည်း တိုက်ပွဲ နှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟုဆိုသည်။
“ကျနော်တို့ကို ဌာနချုပ်အဖြစ် ဟိုမိုင်း နဲ့ မုံးထ (မုန်းထား) ကို ပေးထားပြီ ဌာနချုပ်ကို တပ်ရုပ်ပြန်ပါလို့ မြန်မာစစ်တပ် က ပြောတယ်။ ပဏာမ အဆင့်တွေ့ပြီးမကြာခင်ကလည်း မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းယောင်း နဲ့ တာချီလိတ်ဘက် လှုပ်ရှားတဲ့ ကျနော်တို့တပ်ကို ထိုင်းနယ်စပ်မယ့်မော့ဘက်ကို တပ်ရုပ်ပြန်ခိုင်းတယ်။ ကျနော်တို့သဘောတူညီ ချက်ရ တာက ဗမာစစ်ကြောင်းက ကားလမ်းမကနေ အပြင်ထွက်ရင် ကျနော်တို့ကို အကြောင်းကြားရမယ်။ အကြောင်း မကြားဘဲ ထိပ်တိုက်တွေ့ယင် ကျနော်တို့ တာဝန်မဟုတ်ဘူး။ ကျနော်တို့ကတော့ အထက်ညွှန်ကြား ချက်မရရင် ဘယ်နည်းနဲ့မှ  ထွက်ခွါလို့ မရဒါကို စစ်သားအချင်းချင်း နားလည်မှုပေးသင့်တယ်” - ဟု အဆိုပါ  တပ်မှူးက ဆက်လက်ပြောပြပါသည်။
ထို့အတူ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုရပ်တန့်ရန် နိုင်ငံတော် သမ္မတကညွှန်ကြားသော်လည်း တိုက်ပွဲ ဆက် လက်ဖြစ်ပွားနေရသည်မှာ ဘာကြောင့်ဆိုသည်ကို ယခုနားလည်သဘောပေါက်ပြီဟု RCSS/SSA တပ်မှူးကြီးတစ်ဦးက  ဆို၏။
နေပြည်တော်အစိုးရ ကိုယ်စားလှယ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက  စစ်ရေးအခြေအနေ အမြန်ဆုံး ဖြေရှင်းနိုင်ရန် နှစ်ဘက်သဘောတူထားသည့်ကိုယ်စားလှယ်များအမြန်ဆုံး သွားရောက်ရုံး ထိုင်သင့် ကြောင်း၊  သတင်း အချက်အလက်များ ကို အမြန်ဆုံး ပေးပို့ရန်နှင့် အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးထံသို့လည်း ထပ်ဆင့်ပေးပို့သင့် ကြောင်း သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်ထံအကြောင်း ကြားလာသည်ဟုဆို၏။
နောက်ဆုံးသတင်းအရ SSA ကိုယ်စားလှယ် ဗမက အောင်မောင်းက တြိဂံတိုင်းရုံးတွင် တင်ပြဆွေးနွေးနေ သည်ဟု ကြားသိရပါသည်။
ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ABSDF ပဏာမအဆင့် ဆွေးနွေး
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 09 ရက် 2012 ခုနှစ် ဇော်ကြီး သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF တပ်ဖွဲ့ နှစ်ဖက် ကိုယ်စားလှယ်များ ယနေ့ညနေပိုင်းက ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
အသေးစိတ် အချက်အလက်များကို ဆွေးနွေးခြင်း မရှိသေးကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ရှေ့ဆက်လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည် ဖော်ရေးကို ဦးတည်သည့် ပဏာမ တွေ့ဆုံခြင်း ဖြစ်သည်ဟု ဦးဆောင်ဆွေးနွေးခဲ့သူ ABSDF အဖွဲ့ ခေါင်းဆောင် ဦးမျိုးဝင်းက အခုလို ပြောသည်။
“နှစ်ဖက် တူညီတဲ့ အမြင်အပေါ်မှာ အခြေခံပြီးတော့မှ ငြိမ်းချမ်းရေး စားပွဲမှာ တန်းတူရည်တူ နိုင်ငံရေး ပြဿနာများကို ဆက်လက် ဆွေးနွေးသွားမယ် ဆိုတဲ့ သဘောထား ရယူနိုင်ရေးကို အဓိက ဆွေးနွေးတဲ့ပွဲ ဖြစ်ပါတယ်။” 
ထို့အပြင် အစိုးရသစ်မှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ သဘောထား ပြသမှုအပေါ် ကြိုဆိုလိုက်ပြီး ရှေ့ဆက်သွားနိုင်ရန် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျော်လင့်ကြောင်း ဆက်လက် ပြောဆိုသည်။
“အပြန်အလှန် ပွင့်ပွင့်လင်းလင်း ကျနော်တို့ အမြင် သဘောထားတွေ ဖလှယ် နိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဆွေးနွေးပွဲ ဘယ်လောက် အတိုင်းအတာထိ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတာတော့ နောက်တဆင့် ဆွေးနွေးမှု အပေါ်မှာပဲ အခြေခံပြီးတော့ ဆုံးဖြတ်ရမှာပါ။” 
အစိုးရနှင့် အခြားသော လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များအကြား ပြည်နယ်အဆင့် ဆွေးနွေးပွဲ များတွင် အပစ်အခတ်ရပ်စဲရေး အဆင့် ရယူနိုင်ခဲ့သော်လည်း ABSDF တပ်ဖွဲ့ အနေဖြင့် ဒေသတခု အပေါ် အခြေခံခြင်း မဟုတ်ဘဲ တနိုင်ငံလုံးကို ကိုယ်စားပြုထားသည့် အတွက် ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်း တင်ပြခဲ့သည် ဟုလည်း ဆိုသည်။
အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးစောခင်စိုး က အဖွဲ့ကိုယ်စား လာရောက်ဆွေးနွေးခဲ့ပြီး ABSDF အဖွဲ့မှ အတွင်းရေးမှူး ဦးမျိုးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် (၅) ဦးနှင့် နှစ်နာရီကြာ တွေ့ဆုံခဲ့သည်။ 
ပြည်ထာင်စု ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်းက ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သော်လည်း ဦးစောခင်စိုးမှတဆင့်  ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာတစောင် ပေးပို့ခဲ့သည်။
ယနေ့ ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ခဲ့ခြင်း မရှိသော်လည်း နှစ်ဖက်ကိုယ်စားလှယ်များ ရန်ကုန်မြို့တွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီခဲ့သည်။ သို့သော် တွေ့ဆုံမည့် နေ့ရက်ကိုမူ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့မှ လွန်ခဲ့သည့် ဇန္န၀ါရီလ (၁၀) ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာတစောင် ပေးပို့ခဲ့သည့်အပေါ် ABSDF တပ်ဖွဲ့က ဇန္န၀ါရီလ (၁၇) ရက်နေ့က သဘောတူကြောင်း ပြန်ကြားလိုက်ပြီး ယနေ့ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံခြင်း ဖြစ်သည်။
ABSDF တပ်ဖွဲ့အား ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသများ သို့ ထွက်ခွာလာသည့် လူထုလူတန်းစား အလွှာအသီးသီး အပါအ၀င် ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အတူ အစိုးရအား နှစ်ပေါင်း (၂၀) ကျော် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည်။
လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2012-02-09
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပုံ
“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်” အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းခဲ့ရာမှာ ဖေဖေါ်ဝါရီ ၇ ရက်က သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။ တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၇ ရက်က သွားရောက်ခဲ့တဲ့ ပုသိမ် စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်တက္ကသိုလ် ကျောင်းသားတွေ လာရောက် ကြိုဆိုနိုင်ခြင်း မရှိအောင် အဲဒီနေ့မှာ နည်းပြ စာမေးပွဲတွေ စစ်ဆေးခဲ့ပြီိး စာမေးပွဲ မဖြေသူတွေကို နောက်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်မယ်လို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို မိမိတို့ အန်အယ်လ်ဒီက တိုင်ကြားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောဆိုပါတယ်။ “ကောလိပ်မှာလည်း ဒီစာမေးပွဲမဖြေရင် ဖိုင်နယ်မဖြေရဘူး စသည်ဖြင့် လုပ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ထားပါတယ်။ ဒါတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့လက္ခဏာတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်”
နတ်မြစ်တွင် လူသေအလောင်းများ ပေါလောပေါ်နေ
မောင်တောမြို့နယ်၊ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှု ဌာန (နစက) နယ်မြေ အမှတ် ၈ အတွင်း မြင်းလွှတ်ကျေးရွာ အုပ်စုအနီးရှိ နတ်မြတ် တလျှောက်တွင် ၁၀ ဦးထက်များ သော လူသေ အလောင်းများ ပေါလောပေါ်နေသည့်ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မှ စ၍ တွေ့နေရကြောင်း မြင်းလွှတ် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။
၎င်းလူသေအလောင်းများ ကို သယ်ယူခြင်းနှင့် သင်ဂြိုတ်ခြင်းမပြုရန် နစက နယ်မြေ ၈ ၏ နယ်မြေမှူးမှ တားမြစ် ထားကြောင်းသိရသည်။
၎င်း လူသေ အလောင်းများ မှာ လွန်ခဲ့သော လေးရက်နေ့တွင် နယ်မြေ ၈ နစက များမှ လူတဦးလျှင် ငွေ ၅၀၀၀၀ ယူ၍ ခွင့်ပြုထားသော မလေးရှာသွား ရိုဟင်ဂျာ စက်လှေစီးသမားများဖြစ်နိုင်ကြောင်း၊ ၎င်းစက် လှေမှာ ဘင်္ဂါလာ ပင်လယ်အော် တွင် ပျက်စီးနှစ်မြှုပ်သွားသည့်အတွက် သေဆုံးသူများဖြစ်နိုင်ကြောင်း ၎င်းကပင် ပြောပြသည်။
နစကများသည် လှေလူကုန်ကူးမှု တွင် ပါဝင် ပတ်သက် နေသည့်ကို ဖုံးကွယ်ရန် အတွက် နတ်မြစ်ထဲမှ လူသေ အလောင်းများကို သယ်ယူ၊ သင်ဂြိုတ်ခွင့် မပေးခြင်းဖြစ်သည့်ဟု ၎င်း ကျေးရွာနေ ကျောင်းဆရာ တဦး၏ ပြောပြချက်အရ သိရသည်။
လူသေ အလောင်းများ မြစ်ကမ်းနားသို့ကပ်လာပါက မြစ်အတွင်းသို့ တွန်းချပေးရန် နစက မှ ရွာသားများကို ညွန့်ကြား ထားကြောင်း သိရသည်။
နစကများသည် လူသေ အလောင်းများကို  ပျက်စီး ပျောက်ကွယ်ချင်သောလည်း လွန်ခဲ့သောနှစ် နိုဝင်ဘောလ ၂၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော နယ်မြေ ၇ နစကများမှ ငွေယူပြီး မလေးရှာ သွားရန် ခွင့်ပြုမှု၊ လူ ၁၃၈ ပျောက်သွားမှု၊ အလောင်း ပျောက်မှု စသည့်တို့ကို စစ်ဆေးရန် လူကုန်ကူးမှု အဖွဲ့ လာရောက် ခဲ့သည်များကို ကြောက် ၍ မလုပ်ကြောင်း နစက အကျိုးတော်ဆောင် တဦး မှ ပြောပြသည်။
ဘင်္ဂါလာဒေးရှ် နှင့် မြန်မာနိုင်ငံ မှ မလေးရှာသို့သွားသည် ပင်လယ်ခရီးသည် ကြမ်းတမ်း၍ အန္တရာယ်အများ ဆုံး ခရီးဖြစ်ကြောင်း၊ ၎င်းခရီးတွင် စက်လှေ မှောက်ပြီး လူ အမြောက်အများ သေဆုံးသည့် အပြင် ထိုင်း နှင့် မြန်မာ အစိုးရ များ၏ ဖမ်းဆီးခြင်းလည်း ခံရကို မကြောက်၍ ယနေတိုင် ၎င်းခရီးကို ဆက်လက် သွားလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးတို့သည် ယခင်နည်းတူ ဖိနှိပ်ချုပ်ချယ်မှုများသော ခရီးသွား လာမှု၊ ထိမ်းမြားမှု၊ ပညာရေး၊ ကျန်းမာရေး နှင့် အလုပ်အကိုင် ရရှိရေးများ ဆက်လက်ခံနေရကြောင်း သိရသည်။
နစကများသည် ရိုဟင်ဂျာ လူမျိုးများ ထံမှ ငွေယူပြီး နိုင်ငံခြားသို့ ထွက်ခွါ ခွင့်ပြု ခြင်းသည် ခဲတလုံးဖြင့် ငှက် နှစ်ကောင် ပစ်နည်းကို သုံးနေခြင်းဖြစ်ကြောင်း၊ နစက စီမံကိန်းတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ လူဦးရေး လျှော့ချရေး အတွက် အသုံးဝင်သလို ငွေ လည်း ရနေသည်ဟု ဆိုလိုသည်။
ရင်းနှီးမြုပ်နှံမှု ဥပဒေအရ အကာအကွယ်ပေးမှု မြန်မာ အားနည်းလွန်း
ဗုဒ္ဓဟူး, 08 ဖေဖော်ဝါရီ 2012
မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဥပဒေအရ အကာအကွယ်ပေးမှု အနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် Maplecroft စီးပွားရေးလုပ်ငန်းများဆိုင်ရာ သုတေသနအဖွဲ့တခုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိပြီးသားဖြစ်ပြီး၊ ဒီ ဥပဒေတွေကို လက်တွေ့အကောင်အထည်ဖော်မှုပိုင်း အားနည်းချက်သာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ သုံးသပ်ပြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
ကမ္ဘာနိုင်ငံပေါင်း ၁၉၇ ခုနှစ်ကို လေ့လာထားတဲ့ Maplecroft သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာထဲ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအပေါ် အကာအကွယ်ပေးမှု အား အနည်းဆုံး နိုင်ငံတွေထဲမှာ ရေနံနဲ့သဘာဝဓါတ်ငွေပေါကြွယ်တဲ့ မြန်မာ၊ တောင်ဆူဒန်၊ Turkmenistan လစ်ဗျား၊ အင်ဂိုလာနဲ့ အီရတ်နိုင်ငံတို့ စာရင်းထဲ ပါဝင်နေတာတွေ့ရပါတယ်။
စီးပွားရေးလုပ်ငန်းတွေအတွက် အန္တရာယ်များတဲ့ ဥပဒေစိုးမိုးမှုအားနည်းတဲ့အခြေအနေကို အဓိကဇောင်းပေး ဖော်ပြတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မြန်မာအပါအ၀င် အဲဒီလို ဥပဒေစိုးမိုးမှုအားနည်းတဲ့ နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံကြမယ့် အဖွဲ့အစည်းတွေ လုပ်ငန်းတွေအဖို့ အတော်လေး သတိထားရမယ့် အခြေအနေဖြစ်တယ်လို့ အစီရင်ခံစာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နှံမှုဥပဒေရှိပြီးသားဖြစ်ပြီး၊ အဲဒီအပေါ်မှာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတာဟာ အဓိကပြဿနာဖြစ်တယ်လို့ စီးပွားရေးစီမံခန့်ခွဲပညာရပ်ဆိုင်ရာ မဟာဘွဲရ၊ လက်ရှိလည်း လုပ်ငန်းရှင်တဦးဖြစ်သူ ဦးမင်းခင်က ပြောပါတယ်။ လက်ရှိ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းအများစုကို တရားဝင်ဘောင်အတွင်း လုပ်နိုင်ကိုင်နိုင်ခွင့် ယှဉ်ပြိုင်နိုင်ခွင့် ရှိဖို့ အခြေအနေလိုမယ်လို့ သူက ထောက်ပြပါတယ်။
“ရှိထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ တည်ဆဲဥပဒေအရတော့ အထိုက်အလျောက်ကာကွယ်မှုက နဂိုလ်ကတည်းက ရှိပြီးသားပဲ။ အဲဒါတွေကို လက်တွေ့ကျင့်သုံးပြီး အကာအကွယ်မပေးနိုင်တာက တကယ့်ပြဿနာလို့ ထင်တယ်။ တတိုင်းပြည်လုံးမှာလည်း ယေဘူယျ ဥပဒေစိုးမိုးမှု အားနည်းလာတာ တောက်လျှောက်ဖြစ်လာခဲ့တယ်လေ။ အဲဒါတွေရဲ့ သက်ရောက်မှုရှိတယ်။ နောက်တခု လက်တွေ့စီးပွားရေးလုပ်တဲ့အခါမှာ စီးပွားရေးလုပ်ရခက်တဲ့ ကိစ္စတွေပေါ့၊ မလိုလားအပ်တဲ့ စရိတ်စကတွေ အရမ်းများပြီးတော့ လုပ်ငန်းတွေ လုပ်ရကိုင်ရ ခက်လာတာ၊ legally သွားလို့ မရတာတွေ၊ ပိုပြီး များလာတာပေါ့။ အဲဒါတွေက အခက်အခဲတွေဖြစ်လာတယ်။ အဲလိုဖြစ်လာတော့ ဒါတွေကို ရှောင်နိုင်တဲ့ နည်းလမ်းတွေ ရှာလာကြာတာတွေလည်းရှိတယ်။ ပိုပြီးတော့ legally ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ ခက်လာတဲ့ အကြောင်းရပ်တွေလည်း ရှိလာပါတယ်။”
စီးပွားရေးဆောင်းပါးရှင် ခင်မောင်ညို(ဘောဂဗေဒ)ကတော့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်တဲ ဥပဒေပြောရင် အခြေခံကအစ ပြောင်းလဲစရာတွေ အတော်များများရှိနေသေးတယ်လို့ မြင်ပါတယ်။
“အခြေခံကစပြောရမှာပဲ။ တကယ်တမ်း ဒီမှာက ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာလည်း ပြောရမှာခက်တယ်။ အချို့နေရာတွေမှာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကိုက မရှိဘူး။ ဥပမာပြောရရင် စိုက်ပျိုးရေးဆိုရင် ကိုယ်စိုက်ချင်ရာစိုက်မယ် ကိုယ်ရောင်းချင်တဲ့သူကို ရောင်းမယ် ၀ယ်ချင်တဲ့သူ ၀ယ်မယ်ပေါ့ ဒါမျိုးလေးတွေကအစ ဒီမှာတော့မရှိဘူး။ အခြေခံမှာကိုက အတော်လေး လိုသေးတာပေါ့။ လယ်ယာမြေ ပိုင်ဆိုင်ခွင့်တောင် ရှိသေးတာမဟုတ်ဘူးလေ။”
မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူတာတွေ ဖယ်ရှားပြီး၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်ခွင့်ရဖို့အတွက် လက်ရှိ အစိုးရသစ်နဲ့ ပြုပြင်ပြောင်းလဲလိုသူတွေက လိုလားနေတာပါ။ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အခွင့်အရေးတွေ မက်လုံးတွေပေးပြီး စည်းရုံးတာမျိုးရှိပေမယ့်၊ တကယ်တမ်း ကိုယ့်အတွင်းက ပြင်ဆင်စရာတွေကို ဦးစွာဆောင်ရွက်ဖို့လိုမယ်လို့ ဦးမင်းခင်ကတော့ မြင်ပါတယ်။
“ဒီနေ့အထိက ဥပဒေစိုးမိုးရေး ဥပဒေအရ တရားဝင် လုပ်တဲ့ကိုင်တဲ့သူတွေကို အကာအကွယ်ပေးရေး တရားသဖြင့် ယှဉ်ပြိုင်ပြီး လုပ်နိုင်ရေးပေါ့ဗျာ၊ အဲဒါတွေ တဖက်က ရှိဖို့လိုတယ်။ ပြီးတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံတဲ့သူတွေတင် မကဘူးပေါ့၊ စီးပွားရေးကို တရားသဖြင့် မှန်မှန်ကန်ကန် လုပ်တဲ့သူတွေကို သက်ဆိုင်ရာဌာနတွေက တာဝန်ခံနိုင်တဲ့ responsiblity accountability ရှိရှိ ဆောင်ရွက်ပေးနိုင်ဖို့လိုတယ်။ အဲဒါတွေ မရှိပဲ အခုနကလို အခွင့်အရေးတွေ ပေးလည်းပဲ၊ တကယ့် စီးပွားရေးလုပ်ငန်းကြီးတွေ အားကိုးလောက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ လာဖို့ သိပ်မလွယ်သေးဘူး။ အဲဒီအပိုင်းကိုလည်း အခုအထိ ထင်ထင်ရှားရှား မြင်ပုံမရသေးဘူးဗျ။”
Maplecroft အဖွဲ့ရဲ့ နှစ်စဉ်အစီရင်ခံစာ ငါးနှစ်တလျှောက်လုံးမှာ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေအတွက် စိတ်မချရတဲ့ ဥပဒေစိုမိုးမှုအနည်းဆုံး နိုင်ငံစာရင်းထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ မြန်မာအစိုးရဟာ မူဝါဒပိုင်းဆိုင်ရာကို ချုပ်ကိုင်ထားပြီး တရားရေးဆိုင်ရာကိစ္စရပ်တွေမှာ ၀င်ရောက်စွတ်ဖက်မှုရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။
ဒါကြောင့် စီးပွားရေးလုပ်ငန်းအခြေအနေတွေ ရေရှည်တည်တံပြီး အားကောင်းလာဖို့ဆိုရင်တော့ တရားရေးဆိုင်ရာလွတ်လပ်ခွင့်ရှိဖို့၊ လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပိုပြီး ပွင့်လင်းမြင်သာဖို့အပါအ၀င် ဥပဒေစိုးမိုးမှုကိစ္စရပ်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိလာဖို့ လိုမယ်လို့ အစီရင်ခံစာမှာ ထောက်ပြအကြံပေးထားပါတယ်။
ကမ္ဘာကြီးရဲ့ အလေးချိန်တိုးလာသလား လျော့သွားသလား
အချိန်အတိုင်းအတာတွေအတွင်းမှာ ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ တိုးလာနိုင်သလို လျော့သွားနိုင်တယ်လို့ မိုက်ခရိုဇီဝဗေဒပညာရှင် Dr.Chris Smith ဆိုသူက လူတွေနားလည်စေဖို့ သက်သေထုတ် တင်ပြခဲ့ပါတယ်။
ဒေါက်တာ စမစ်သ် ရဲ့ တွက်ထုတ်ပြချက်မှုကို လူတိုင်း အလွယ်တကူနားလည်နိုင်စေဖို့ ဆောင်ရွက်ရာမှာ ကင်းဘရစ်တက္ကသိုလ်က အခြားသိပ္ပံပညာရှင်တွေလည်း ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။
ကမ္ဘာကြီး အလေးချိန်တိုးလာမူတွက်ချက်ခြင်း
 စင်္ကြာဝဠာထဲမှာ အမှုန်တွေ အဆိုင်အခဲတွေဟာ သူ့အရှိန်နဲ့ သူ သွားလာနေကြပါတယ်။ အဲဒီ အမှုန်တွေဟာလည်း ဂြိုဟ်တွေ စဖြစ်တည်ကတည်းက ဂြိုဟ်ဆိုတဲ့အခြေအနေကို မရောက်ရှိခဲ့ဘဲ အမှုန်၊ အဆိုင်၊ အခဲအဖြစ် ပဲ့ကျန်ခဲ့တဲ့ အပိုင်းအစများအဖြစ် ရှိခဲ့ပါတယ်။
ကမ္ဘာ့ဆွဲအားကြောင့် တစ်နှစ်ကို တန်ပေါင်း ၄၀၀၀၀ လောက်ရှိသော အမှုန်တွေဟာ ကမ္ဘာပေါ်ကို ကျနေ တယ်လို့ ဆိုပါတယ်။ ကမ္ဘာဆွဲအားအရှိန်ကြောင့် ဒီအပိုင်းအစများကို ဖုန်စုတ်စက်သဖွယ် ဖမ်းယူထားလိုက်သလိုဖြစ်ကာ ကမ္ဘာပေါ်ကိုရောက်ရှိလာကြတာပါပဲလို့ Dr. Smith က ဆိုပါတယ်။ အခုလို ကျရောက်လာသော အဆိုင်အခဲများကြောင့်ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ ပုံမှန်တိုးနေပါတယ်။
နောက်တစ်ချက် ကမ္ဘာကြီးအလေးချိန် တိုးလာရတဲ့ အကြောင်းအရင်းတစ်ချက်ကတော့ ကမ္ဘာကြီးပူနွေးလာမှု ကြောင့် လို့လည်းဆိုနိုင်ပါတယ်။ နာဆာအဖွဲ့ရဲ့ တွက်ချက်မှုအရ ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ တစ်နှစ်ကို တန် ၁၆၀ ပုံမှန်တိုးနေပါတယ်။  ကမ္ဘာကြီးရဲ့အပူရှိန်ကလည်း တစ်နှစ်ထက် တစ်နှစ် တိုးလာနေပါတယ်။
ကမ္ဘာကြီးမှာ အပူချိန်တိုးတာနဲ့ အလေးချိန်တိုးတာ ဘယ်လိုဆက်စပ်နေတာလည်းဆိုရင် စွမ်းအင်တိုင်းမှာ သူ့ဟာနဲ့သူ အလေးချိန်တွေ ရှိနေကြလို့ပါပဲ။ အဲဒီအလေးချိန်က ထပ်တိုးပြီးကမ္ဘာရဲ့ အလေးချိန်ကို ပုံမှန် ထပ်တိုးစေပါတယ်။
နောက်တစ်ချက် သူတို့ တွေးထင်ကြည့်တာကတော့ လူဦးရေနဲ့ တိုက် အိမ်အဆောက်အဦတွေကြောင့်ကော ကမ္ဘာ့အလေးချိန် တိုးနိုင်ပါသေးလာဆိုတာကိုစဉ်းစားကြပြန်တော့ လူဦးရေတိုးလာမူနဲ့ တိုက် အိမ်အဆောက်အဦးတွေကြောင့်ကမ္ဘာကြီး လေးတာမဟုတ်နိုင်ပါဘူး။ တိုက်အိမ် အဆောက်အဦးဆိုတာလည်း ကမ္ဘာပေါ်က အရာဝတ္ထုတွေနဲ့ ဆောက်လုပ်ထားတဲ့အတွက် မဖြစ်နိုင်ဘူးဆိုတဲ့အဖြေကိုရရှိခဲ့ပါတယ်။
ကမ္ဘာကြီးအလေးချိန် ကျဆင်းမှု တွက်ချက်ခြင်း
ကမ္ဘာကြီးအလေးချိန်တိုးတက်လာမှုကို တွက်ချက်ပြီးနောက် တစ်ဖက်မှာလည်း အလေးချိန် ကျဆင်းမူကို တွက်ချက်ကြည့် ပြန်ပါတယ်။
ဒေါက်တာ စမစ်သ်ရဲ့ တွက်ချက်မှုအရတော့ ပင်လယ်ရေ၊ မြေထုနဲ့ လေထုတွေထဲမှာ  ထုထည်တွေ လျော့နည်းလာတယ်ဆိုတာကို သူတွက်ပြပါတယ်။ ကမ္ဘာ့အလယ်ဗဟိုဟာ နျူကလီးယားဓာတ်ပေါင်းဖိုလိုမျိုး စွမ်းအင်တွေ ရှိနေရာမှ ခုအချိန်အခါမှာ အားအင်တွေဟာ တဖြည်းဖြည်းလျော့နည်းလာနေတယ်လို့ ဆိုပါတယ်။
အဲလို  အားအင်တွေ ကျဆင်းလာတဲ့အတွက် အလေးချိန်ဟာလျော့လာပါတယ်။ နောက် ကမ္ဘာ့အလေးချိန် ကျဆင်းရတဲ့ အကြောင်းအရင်းတစ်ချက်က၊ လေထုထဲကပါဝင်နေတဲ့ အလွန်ပေါ့ပါးတဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့တွေဟာ တစ်စက္ကန့်ကို ၃ ကီလိုဂရမ်လောက် ပုံမှန် ဆုံးရုံးနေပါတယ်။ တစ်နှစ်ကို ၉၅၀၀၀ တန် လောက် လေထုထဲကနေ ပျောက်ဆုံးနေပါတယ်။ ဟိုက်ဒရိုဂျင်လိုမျိုး နောက်ထပ် ပေါ့ပါးတဲ့ ဟီလီယမ် ဓာတ်ငွေ့ဟာလည်း တစ်နှစ်ကို ၁၆၀၀ တန်လောက် ပျောက်ဆုံးနေပါတယ်။
ကမ္ဘာရဲ့ အလေးချိန် တိုးမှုနဲ့ လျော့ကျမှုပမာဏတွေကို နောက်ဆုံးတွက် ချက်ကြည့်လိုက်တဲ့အခါမှာ ကမ္ဘာပေါ်ကို စင်္ကြာဠာထဲက အမှုန်တွေ ဘယ်လိုပဲ ကျနေနေ ကမ္ဘာကြီးထဲကနေ ဆုံးရှုံးနေတဲ့ Energy တွေ ကြောင့် ကမ္ဘာကြီးဟာ တစ်နှစ်ကို ၅၀၀၀၀ တန်လောက် အလေးချိန် လျော့ပါးလာတယ်ဆိုတဲ့ အဖြေတစ်ခုကို ရရှိခဲ့ပါတယ်။ အခုလိုမျိုး အလေးချိန် လျော့ပါးလာရတဲ့ အကြောင်းအရင်းအခြေခံကတော့ ကမ္ဘာကြီးပူနွေးလာမူ ကြောင့်ဆိုတာပါပဲ။
မမေ
ရည်ညွှန်း BBC
ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားချက် အငြင်းပယ်ခံရ
2012-02-08
ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်မှာ စပါးဈေးနဲ့ ပဲဈေးတွေကျလို့ စိုက်ပျိုးစရိတ်ကြွေးတွေ ပြန်မဆပ်နိုင်ဘဲ အကျပ်အတည်း တွေ့နေတဲ့အတွက် လယ်သမားတွေက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခွင့် ဒီကနေ့ လျှောက်ထားခဲ့ရာမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင် အလုပ်လုပ်နေသော တောင်သူလယ်သမားများ ဖြစ်ပါသည်။ (Photo: AFP)
ဒေသခံ လယ်သမားကြီးတစ်ဦးလည်းဖြစ်၊ လယ်သမား အရေး ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်သူ ဦးသန်းဆွေက ခုလို ပြောပြပါတယ်။ “ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုပါမှသာ ကျွန်တော်တို့ရဲ့အခက်အခဲ အဆင်ပြေနိုင်မယ့် အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် စုဝေးဟောပြော ကြွေးကြော်ခွင့် ပြုဖို့ ကျွန်တော်က နေရာကိုလည်း သတ်မှတ် ပေးထားပါတယ်။ ရက်ကိုလည်း ၁၄ ရက် ၂ လ ၂၀၁၂ ရက်နေ့ သတ်မှတ် ပေးထားပါတယ်။ စုဝေးမယ့်အချိန်ကလည်း ကိုးနာရီခွဲကနေ ဆယ့်တစ်နာရီအထိ ဖြစ်ပါတယ်။ နောက် ကြွေးကြော်သံများကလည်း “စပါးဈေး ပဲဈေး မြင့်တက်ရေး ဒို့အရေး”၊ “လယ်ယာ ထွက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဒို့အရေး” ကြွေးကြော်သံတွေနဲ့ ကျွန်တော်တို့ ခုနစ်ဦး ဟောပြောပြီးတော့ လုပ်မယ်ဆိုတဲ့အကြောင်း၊ စီတန်းလှည့်လည်မှာ မဟုတ်တဲ့အကြောင်း၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ခြင်း မဟုတ်တဲ့အကြောင်း၊ အသံချဲ့စက် မသုံးစွဲမယ့်အကြောင်း၊ နောက်ပြီးတော့ သူတို့ သတ်မှတ်တဲ့ စည်းကမ်းတွေ ဝန်ခံချက်ကိုလည်း ပူးတွဲထားတဲ့အကြောင်း ဖော်ပြပြီး ကျွန်တော် ဒီနေ့ လျှောက်ထားလိုက်တယ်။ မနက် ဆယ်နာရီ ဆယ့်ငါးမှာ၊ မြိုနယ်ရဲတပ်ဖွဲ့မှူး၊ ခရမ်းမြို့။ ဆယ်နာရီခွဲမှာ ကျွန်တော့်ဆီကို ရဲတပ်ဖွဲ့မှူးက အကြောင်းပြန်လာတယ်။ လိုအပ်တဲ့ နည်းဥပဒေ ပြဋ္ဌာန်းရမယ့်ကိစ္စ မပြဋ္ဌာန်း ရသေးလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ကို ငြင်းလိုက်တာ ဖြစ်ပါတယ်” ခရမ်းမြို့နယ်မှာ စပါးဈေးတစ်တင်းကို လေးထောင်ကနေ သုံးထောင်ကျပ်ထိ ကျဆင်းတဲ့ ပြင် ပဲတီစိမ်းဈေး ထက်ဝက်ခန့် ကျဆင်းတဲ့အတွက် လယ်သမားတွေ တော်တော်လေး စီးပွားရေးအခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။ ၂၀၀၈ ခု ဖွဲ့ စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူ ပုဒ်မ ၂၃ (ခ) မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ပဲသီးနှံတွေ သင့်တင့် မျှတတဲ့တန်ဖိုး ရရှိရန် ကူညီ ဆောင်ရွက်မည်လို့ ပါရှိပေမယ့် နိုင်ငံတော်က ဘာမှမကူညီတဲ့အတွက် ခုလို ဆန္ဒ ထုတ်ဖော်ပြသဖို့ စီစဉ်ရကြောင်းကိုလည်း လယ်သမားကြီး ဦးသန်းဆွေက ပြောဆိုပါတယ်။ နည်းဥပဒေ မထွက်သေးလို့ ခွင့်မပြုဘူးဆိုတာ ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်ဖြစ်တယ်လို့လည်း ဦးသန်းဆွေက ပြောဆိုပါတယ်၊ ဥပမာအနေနဲ့ ၁၉၆၂ တော်လှန်ရေးကောင်စီက ထုတ်ပြန်တဲ့ ငွေတိုးချစားသူများဥပဒေဟာ ဦးနေဝင်းသက်တမ်း ၂၆ နှစ်လုံးလုံး နည်းဥပဒေ မထုတ်ပြန်ခဲ့တဲ့အကြောင်း ဦးသန်းဆွေက ပြောပြသွားပါတယ်။
ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ ဘန်ကောက်သံရုံးရရှိ
 ဗုဒ္ဓဟူး, 08 ဖေဖော်ဝါရီ 2012
ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့နဲ့ ၉ ရက် ကြာသာပတေးနေ့တွေမှာ ရန်ကုန်လေဆိပ်ကို ဆိုက်ကပ်မယ့် မြန်မာ့လေကြောင်းလိုင်းကိုအသုံးပြုပြီး တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ စာကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက လွန်ခဲ့တဲ့ တပတ်လောက်က ရရှိခဲ့တာပါ။
ပေးပို့သူတွေက သူတို့ကိုယ် သူတို့ Sons of Allah အလာရဲ့ သားတော်များလို့ ဆိုထားပါတယ်။ ဒီစာကို သက်ဆိုင်ရာနဲ့ နိုင်ငံတကာက အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက စုံစမ်း စစ်ဆေးခဲ့ပြီးနောက်မှာ ဒီစာဟာ တကယ့်အကြမ်းဖက်သမားတွေဆီက ပေးပို့တဲ့စာ အစစ်အမှန် မဟုတ်ဘူးလို့ အသိပေးခဲ့တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI ဘန်ကောက်ရုံး အကြီးအကဲက VOA မြန်မာပိုင်းကို ပြောပြပါတယ်။
“သံရုံးကနေ ကျနော်တို့ကို Report လုပ်ထားတာကတော့ ဒါက သက်ဆိုင်ရာ အာဏာပိုင်နဲ့ US ambassary နဲ့ အစ္စရေး Ambassary က သူတို့ကို- သံရုံးကို အကြောင်းကြားထားတယ်၊ အဲဒီစာဟာ တကယ်တော့ မဟုတ်ဘူးဆိုတာ US ambassary နဲ့ အစ္စရေး Ambassary က အတည်ပြုပေးထားပါတယ်”
ဘန်ကောက်မြန်မာသံရုံးမှာ ခြိမ်းခြောက်စာ ရရှိခဲ့ပြီးတဲ့နောက်မှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် အဲဒီရက်တွေမှာ MAI လေကြောင်းလိုင်းက လေယဉ်တွေမစီးဖို့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို ကုလသမဂ္ဂက ရုံးတွင်းအကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ MAI ဘန်ကောက်ရုံး အကြီးအကဲကတော့ လုပ်ကြံခြိမ်းခြောက်စာထဲမှာ အဓိက ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မယ်လို့ ပြောထားတာလို့ ခုလို ရှင်းပါတယ်။
“ကျနော်ပြောနိုင်တာ အဲဒီစာထဲမှာ ရေးထားတဲ့ဟာကတော့ ရန်ကုန်လေဆိပ်ကို attack လုပ်မယ် (တိုက်ခိုက်မယ်) ဆိုပြီးတော့ပဲ ပြောတာပါ။ Myanmar Airway International လို့ မပါဘူး။ ဒါပါပဲ။ အဲဒီဟာကို မြန်မာ အဲယားဝေး ကော်မာရှယ် ဖလိုက် (Myanmar Airway Commercial Flight) နဲ့ သယ်သွားမယ် ဆိုပြီး ရေးထားတယ်။ ဘယ်ကသယ်မယ်လို့လည်း မရေးထားဘူး၊ ဘယ်က လာမယ်လို့လည်း မရေးထားဘူး။ ဘာမှလည်း မပါတဲ့ဟာ တခုပေါ့နော်- ရက်ကတော့ ၈ ရက်နဲ့ ၉ ရက်လို့ ပြောထားတယ်”
မြန်မာသံရုံးကရရှိတဲ့ ခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းစီအိုင်ဒီ (CID) ရဲဌာနကို သံရုံးက အကြောင်းကြားထားတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်ကနေ သိရပါတယ်။ ဒီစာဟာ အစစ်အမှန်မဟုတ်တဲ့အတွက် စိုးရိမ်စရာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက အခုနောက်ဆုံး အသိပေးထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိတာဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သိရသလောက် ပထမဆုံးဖြစ်ပါတယ်။
မြောင်းမြကျောင်းသားများအား မတက်မနေရ ကျောင်းတက်ရန် သတိပေးထာ
မြောင်းမြမြို့ ရှိ စာသင်ကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများအား ဆရာဆရာမများမှ မနက်ဖြန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့်နေ့တွင် ကျောင်းမတက် မနေရ တက်ရမည် ဖြစ်ကြောင်း ကျောင်းသားများအား သတိပေး ပြောကြားထားကြောင်း သိရသည်။ ၎င်းအပြင် စစ်တပ်နေ တပ်မိသားစုများအားလည်း တပ်ဝင်းထဲမှ မနက်ဖြန် တရက်လုံး ပြင်ပသို့ မည်သည့် အကြောင်းနှင့်မှ ထွက်ခွာခြင်း မပြုရဟု အမိန့် များ ထုတ်ပြန်ထားကြောင်းလည်းသိရပါသည်။
ဒေါ်စုကို ပုသိမ် မြောင်းမြ တခဲနက်ကြိုဆို
အင်္ဂါ, 07 ဖေဖော်ဝါရီ 2012
ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက် ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်၊ 
ဧရာဝတီတိုင်း ပုသိမ်နဲ့ မြောင်းမြမြို့တွေဘက်ကို ပါတီစည်းရုံးရေးခရီးထွက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံပြည်သူတွေက ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်၊ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ဒုတိယတကြိမ် ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရဖို့ အနီးအနား ရွာတွေကလူတွေကပါ ရောက်လာကြပြီး ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံ ကြိုဆိုခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတွေကြောင့်လည်း အားတက်ရပါတယ်လို့လည်း ပြောကြတဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က ပြောပြပါမယ်၊
ဒီကနေ့ မနက် ပုသိမ်မြို့မှာ ထောင်ပေါင်းများစွာသော ပြည်သူတွေရဲ့ ကြိုဆို နှုတ်ဆက်တာ ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည့်ဟာ ပုသိမ်ကနေ မြောင်းမြမြို့ဆီကို နေ့ချင်း ခရီးဆက် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ယဉ်တန်းသွားရာ လမ်းတလျှောက်မှာ ပြည်သူလူထုတွေက ဝိုင်းပြီး နှုတ်ဆက် နေကြတဲ့အခြေအနေကို မြောင်းမြမြို့က ကိုမျိုးလွင်က ခုလို ပြောပြပါတယ်၊
“လူတွေက လမ်းမှာ ကြိုနေကြတာ အများကြီးပဲ။ အဲဒီလူတွေက တားထားပြီးတော့ ဒေါ်စုကို ပန်းစည်းတွေပေးတယ် နှုတ်ဆက်တယ်ဆိုတော့ ဒေါ်စုက အဲဒီ လူအုပ်စုတိုင်း အုပ်စုတိုင်းကို စကားပြောပါတယ်ခင်ဗျ။”
ခုလို လမ်းတလျှောက်မှာ ပြည်သူတွေကို နှုတ်ဆက်စကားပြောနေတာကြောင့် မြောင်းမြမြို့ဆီကို ရောက်ရမယ့်အချိန်ထက် နောက်ကျနေတာတောင်မှ စောင့်နေကြတဲ့ မြောင်းမြမြို့နယ်က ပြည်သူတွေဟာ ပူပြင်းတဲ့ နေရောင်ဒဏ်အောက်မှာ စောင့်နေခဲ့ကြတာပါ၊
“တမြို့လုံး ခုကြားရတဲ့အတိုင်းပါပဲ၊ သီချင်းတွေဖွင့်ပြီး လူတွေလည်း လှုပ်လှုပ်ရှားရှားနဲ့ မကရုံတမယ်ပါပဲ၊ အလံလေးတွေ သောင်းဂဏန်းလောက်ချီတယ်၊ လူတိုင်းကိုင်ထားပြီးတော့ ဝှေ့ရမ်းပြီးတော့ အဲလို ပျော်နေကြပါတယ်။ လူတိုင်းရင်ထဲမှာ ပျော်နေကြတယ်။”
မြောင်းမြမြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ရပ်ကွက် ကျေးရွာတွေက ပြည်သူတွေကပါ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ချင်လို့ မြောင်းမြမြို့ပေါ်ကို တက်လာကြတာ ထောင်ချီရှိတယ်လို့ မြို့ခံ ကိုမျိုးလွင်က ပြောပါတယ်၊
“မြောင်းမြမြို့ပေါ်မှာ ရပ်ကွက် ၁၂ခုရှိတယ်၊ မြောင်းမြမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၉၄ အုပ်စု လောက် ရှိတယ်၊ အဲဒီရွာတော်တော်များများက တက်လာတာ၊ ကားတွေ လှည်းတွေ သင်္ဘောတွေနဲ့ လာကြတယ်။  အိမ်မဲတို့ မအူပင်တို့ ပုသိမ်တို့က ကားနဲ့လာကြတယ်။”
ခုလို ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့ဆီကို မလာခင် ပုသိမ်မြို့ကို အရင်သွားပြီး ပြည်သူလူထုနဲ့ တွေ့ဆုံ ဟောပြောခဲ့တာဖြစ်ပါတယ်၊ အဲဒီပွဲမှာလည်း လူတွေ ကျိတ်ကျိတ်တိုးလာအားပေးကြတယ်လို့ ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးအောင်တင်ဦးက ပြောပြပါတယ်၊ အာဏာပိုင် တွေဘက်က တားဆီးနှောင့်ယှက်တာမျိုးမရှိတဲ့အတွက် အားလုံးအဆင်ပြေတယ်လို့ ဆိုပါတယ်၊
“ကျနော်တို့တားမရလောက်အောင်ပဲ တိုးကြတဲ့အထိ။ ကျနော်တို့ ကာရတာပေါ့။ နောက်တော့လည်း စည်းနဲ့ ကမ်းနဲ့ သွားဖို့ ပြောတော့လည်း ကွင်းထဲသွားကြပါတယ်။ ကွင်းထဲမှာက လူ ငါးသောင်း လောက် ရှိမယ်။ အပြင်မှာလည်း မနည်းဘူး။ လမ်းတွေ အတော်များများ အကုန်ပြည့်သွားတာ။ ကွင်းပတ်ပတ်လည်မှာရော ၊ အနောက်ဘက်က ဘုန်းကြီးကျောင်းဝင်းထဲမှာရော။ အားလုံး အဆင်ပြေပါတယ်။ အနှောက်အယှက်လည်း မရှိတော့လေ။ အဆင် တော်တော်ပြေပါတယ်။ ဒီတိုင်းအေးအေးဆေးဆေးဖြစ်သွားပါတယ်။”
၁၉၈၉ ခုနှစ်က နောက်ဆုံး ပုသိမ်မြို့ဆီကို ဒေါ်အောင်ဆန်းစုကြည်လာခဲ့တာဖြစ်လို့ အခုတခေါက် ထပ်လာတဲ့အပေါ်မှာ ဒေသခံတွေက အတိုင်းမသိ ဝမ်းသာကြတာဖြစ်တယ်လို့ မြို့ခံတယောက်က ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ လူထုနဲ့ တွေ့ဆုံ ဟောပြောမယ့် ကိုးသိန်း အားကစားကွင်း ဆီ အသွား အမိုးဖွင့်ကားပေါ်ကနေ ပုသိမ်ထီးဆောင်းပြီးတော့ လမ်းတဘက်တချက်က ပြည်သူတွေ ကို နှုတ်ဆက်ပါတယ်၊
“တော်တော်တော့ ၀မ်းသာဖို့ ကောင်းပါတယ်။ ကျနော်တို့ အမေကို တွေ့ရတာပဲ၊ ကျနော်တို့ မနက် ၆နာရီကတည်းက ရုံးဝင်းထဲမှာ၊ ကလေးတွေဆိုလည်း တက်တက်ကြွကြွနဲ့၊ တချို့ အသက်ကြီးပိုင်း တွေ၊ အသက် တရာကျော်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေတောင်လာပါတယ်။ ကျနော်တို့ ချစ်လည်း ချစ်တယ်၊ ကျနော်တို့က အမေ့ကို နဂိုကတည်းက လေးစားတာကိုး၊ အတိုင်းအဆမရှိ ၀မ်းသာသွားတာပေါ့။ မတွေ့စဖူးတွေ့ရတာလေ၊ ကျနော်တို့မှာ။ တချို့ဆိုရင် စက်လှေတွေနဲ့ လာတယ်၊ ပင်လယ်ပိုင်းကဆိုလည်း သင်္ဘောတွေနဲ့လာတယ်။ ကားလမ်းတွေကလည်း လူထုနဲ့ ပြည့်ကျပ်ညပ် နေတော့လေ တယောက်နဲ့တယောက် ညီအကိုမောင်နှမတွေလို စိတ်ထားတွေ ပြလိုက်တာပေါ့လေ။ ဧရာဝတီတိုင်းက အမေစုကို ဘယ်လို ကြိုဆိုတယ်ဆိုတာကို အမေစုလည်း မျက်မြင်တွေ့သွားတာပေါ့ နော်။”
ပုသိမ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းကတော့ အလုပ်အကိုင်တွေ ဖန်တီးပေး နိုင်ဖို့၊ ပြည်သူ့ တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ နောက် ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရတာဖြစ်တယ် ဆိုတာကို အဓိက ပြောကြားသွားပါတယ်၊ ပြည်သူတွေ စည်းကမ်းရှိဖို့ ကိုယ့်ရဲ့ အစွမ်းအစကို သင့်တော်တဲ့ နေရာမှာ အသုံးချကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်၊ နောက် မြန်မာနိုင်ငံမှာ ရှားရှားပါးပါး လုပ်တဲ့ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ မဲပြားကို ပယ်မဲ မဖြစ်အောင် သတိထားကြဖို့ကိုလဲ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်၊
“မဲနိုင်ရင် မရှိဆင်းရဲသားတွေနဲ့ ပြည်သူလူထုအတွက် လုပ်ပေးဖို့ကို တော်တော်ပြောသွားပါတယ်၊ ပြည်သူလူထုကောင်းစားဖို့ ပြောပါတယ်။ ကျနော်တို့က ၀မ်းသာတယ်၊ ကျနော်တို့နိုင်ငံကောင်းအောင် လုပ်မှာဖြစ်တဲ့အတွက် ကျနော်တို့ တော်တော်ဝမ်းသာတယ်၊ အားလည်းရှိတာပေါ့ဗျာ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကြောင့် အားတက်တယ်ဆိုတဲ့ ပုသိမ်မြို့သားက  မိန်းခွန်းစကား ထဲက သူနှစ်သက်တဲ့အပိုင်းကိုလည်း ခုလို ပြောပြပါတယ်၊
“အမေကတော့ ပညာတတ်တွေပေါပြီး အဲဒီပညာကို အသုံးမချတတ်ရင် အလကားဖြစ်မယ်လို့ ပြောတာကို ကျနော်တော်တော်ကြိုက်တယ်ဗျ”
ဆင်းရဲနေကြတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝတွေအတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ တာဝန်တွေကြီးလာပြီလို့ မြောင်းမြမြို့နယ်အားကစားကွင်းမှာပြောတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားခဲ့ပါတယ်၊ အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်သွားကြပြီဖြစ်ပါတယ်ရှင်၊
အတိတ်က လူ့ အခွင့်အရေးချိုးဖေါက်မှုတွေကို မဖေါ်ထုပ်ဘဲ ရှေ့ ဆက်သွားလို့ မရဘူး
ကိုမင်းကိုနိုင် နဲ့  သက္ကန်းကျွန်း