အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့လာဆန်းစစ်ချက်

ခင်မမမျိုး

-------------------------------------------------------------------------------

Myanmar Institute of Peace and Security Studies (MIPSS)
လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၁)
စက်တင်ဘာလ၊ ၂၀၁၂ ခုနှစ်
အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့လာဆန်းစစ်ချက်

(က) အကြမ်းဖက်မှုများအား စုံစမ်းထောက်လှမ်းခြင်း

အကြမ်းဖက်သမားများအား စုံစမ်းထောက်လှမ်းရာဝယ်

အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်းအချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ရေးဟာ အဓိက အကျဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ကာကွယ်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေနဲ့ ဖြစ်ပွားပြီး နောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ်နိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ အကြမ်းဖက်မှုများ နှိမ်နင်းရေး တာဝန်ရှိသူတွေအနေနဲ့ ထိရောက်မယ့် မူဝါဒတွေ ချမှတ်နိုင်ရေးနဲ့ အကြမ်းဖက်သမားများ၊ အကြမ်းဖက်မှုပြုလုပ်သော အဖွဲ့အစည်းများနဲ့ ထောက်ခံအားပေးသူများကို ဖော်ထုတ်နိုင်ရေးအတွက် အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ Terrorist Intelligence Analysts များရဲ့ အခန်းကဏ္ဍဟာ အရေးကြီး လှပါတယ်။ ဒါကြောင့်လဲ ကမ္ဘာတ၀ှမ်းက နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ လုံခြုံရေး အဖွဲ့အစည်းတွေတိုင်းမှာ Terrorist Intelligence Analysis သင်တန်းတွေ ဖွင့်လှစ်ပြီး သက်ဆိုင်ရာ ပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများကို တက္ကသိုလ်တွေ၊ သုတေသန စင်တာတွေကနေ ခေါ်ယူ သင်တန်းပေးကြပါတယ်။
လက်တွေ့ လုပ်ငန်းဆောင်တာများကိုလဲ အတွေ့အကြုံရှိသူများက လက်ဆင့်ကမ်းသင်ကြား ပို့ချပေးကြပါတယ်။ အဲဒီကနေ တဆင့် Terrorist Intelligence Unit တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ တိုးချဲ့ ဖွဲ့စည်းနေကြပါတယ်။ ၂၁ ရာစုကမ္ဘာ့ လုံခြုံရေးကို အခြိမ်းချောက်နိုင်ဆုံး အရာဟာ စစ်ပွဲတွေ မဟုတ်တော့ပဲ အကြမ်းဖက်မှုတွေဆိုတာကို ပညာရှင်တော်တော်များများက လက်ခံလာကြပါတယ်။ ဒါကြောင့်လဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လက်တွေ့အသုံးချမှုမှာ လွယ်ကူစေရေးအတွက် အသုံးချနည်းလမ်း process တွေကို ဖော်ထုတ်ပေးကြပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့လာဆန်းစစ်ချက်

ပုံ (က-၁)
ပုံ (က-၁) မှာ ဖော်ပြထားတာကတော့ ထောက်လှမ်းရေးနည်းလမ်း ဖြစ်စဉ် ဖြစ်ပါတယ်။ အဲဒီမှာ ယူနစ်တခုရဲ့ ထမ်းဆောင်ရမယ့် ရည်မှန်းချက်တာဝန်တွေကို ဖော်ပြထားပါတယ်။

ပုံ (က-၂)
ပုံ (က-၂) မှာ ဖော်ပြထားတာကတော့ ထောက်လှမ်းရေး ဆန်းစစ်မှု ဖြစ်စဉ် ဖြစ်ပါတယ်။ သတင်းအချက်အလက်တခု ထွက်ပေါ်လာတဲ့အခါမှာ သတင်းသမားတွေက သုံးသပ်တင်ပြမှုပုံစံနဲ့ ဒီသတင်းကိုလေ့လာဆန်းစစ်ချက် ပြုလုပ်ရတဲ့ ပုံစံနဲ့ မတူညီပါဘူး။ သတင်းသမားတွေ တာဝန်က သတင်းကို လူအများကြားကို တင်ပြရတာ ဖြစ်ပြီး၊ ထောက်လှမ်းရေးဆန်းစစ်ချက်က ကျတော့ ဒီသတင်းနဲ့ ဆက်စပ် သတင်းအချက်အလက်တွေကို စုစည်းခြင်း၊ လေ့လာဆန်းစစ်ခြင်းတွေ ပြုလုပ်ပြီးမှ Information input ကို Intelligence output အနေနဲ့ ဖော်ထုတ်ရတာ ဖြစ်ပါတယ်။

သတင်းအချက်အလက်များ ရယူစုဆောင်းခြင်း

• လျှို့ဝှက်အရင်းအမြစ်များ၊ သတင်းပေးများ
• မြှုပ်နှံလှုပ်ရှားမှုများ
•အင်တာဗျူးများ
• စစ်ချက်များ
• ဥပဒေ
• အင်တာနက်ကဲ့သို့သော အချက်အလက် အရင်းအမြစ်များ
• ထောက်လှမ်းရေး မှတ်တမ်းဟောင်းများ
• နောက်ယောင်ခံလိုက်မှုများ
• ပစ္စည်းကိရိယာများ
• ပညာရှင် သုံးသပ်ချက်များ
• သတင်းအချက်အလက် ဆန်းစစ်ချက်များ
သတင်းရယူမှု
• သတင်းရရှိသည့် source
• သတင်းတင်ပြပုံ
•ပါဝင်သည့်အကြောင်းအရာ
• မည်သို့ ရရှိသနည်း (အီးမေးလ်၊ တယ်လီဖုန်း၊ စာ)
• သတင်းရယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ
• အချိန်ကြန့်ကြာမှုအခြေအနေ

အကြမ်းဖက်သမားဟု သံသယရှိနိုင်သူများနှင့် ထောက်ခံအားပေးသူများ
• အမည်
• လက်ရှိလိပ်စာ
• တယ်လီဖုန်းနံပါတ်များ
• မွေးသက္ကရာဇ်
• အလုပ်အကိုင်၊ ၀င်ငွေ
• မိသားစု
• ယာဉ်
• ယာဉ်မောင်းလိုင်စင်
• ပညာအရည်အချင်း
• လိပ်စာဟောင်းများ
• လူပုံသဏ္ဍာန်
• ဓာတ်ပုံ

အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နိုင်သည့် အဖွဲ့အစည်းများနှင့် ထောက်ခံအားပေးသည့် အဖွဲ့အစည်းများ
• အမည်
• လိပ်စာ
• တယ်လီဖုန်းနံပါတ်များ
• ကြိုးဆွဲလုပ်ကိုင်နေသူများ
•ခေါင်းဆောင်များ
• ချိတ်ဆက်အဖွဲ့အစည်းများ
• ပိုင်ဆိုင်မှု
• အမြတ်အစွန်း
• ရပ်တည်မှု အချိန်ကာလ
• နောက်ကြောင်းရာဇ၀င်
• အရေးပါသော အဖွဲ့ဝင်များ
• အဖွဲ့ဝင်အရေအတွက်
• နယ်မြေစိုးမိုးမှု
• နာမည်ကောင်းရမှုနဲ့ ထောက်ခံမှု အခြေအနေ
• အဖွဲ့ဝင်ငွေ ရရှိမှု

သတင်းအချက်အလက်များအား ဆန်းစစ်ချက် နည်းလမ်းများ
•Association charting (ဆက်နွယ်ချိတ်ဆက်မှု ရုပ်ပုံကားချပ်)
•Event-time charting (ဖြစ်စဉ်- အချိန် ဆက်နွယ်မှု ရုပ်ပုံကားချပ်)
•Link analysis (ဆက်စပ်မှု ဆန်းစစ်ချက်)
•Visual investigative analysis (မြင်ကွင်း စုံစမ်းဆန်းစစ်ချက်)
•Financial analysis (ဘဏ္ဍာရေးဆန်းစစ်ချက်)
•Content analysis (အကြောင်းအရာ ဆန်းစစ်ချက်)
•Statistical analysis (စာရင်းအင်း ဆန်းစစ်ချက်)
•Laboratory analysis (ဓာတ်ခွဲခန်း ဆန်းစစ်ချက်)
•Cryptographic analysis (Cryptographic ဆန်းစစ်ချက်)
•Analysis through gaming (ဂိမ်းများ အသုံးပြု၍ ဆန်းစစ်ချက်)
ဒီလို ဆန်းစစ်ချက်တွေ ပြုလုပ်တဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့ မော်ဒယ်လ်တွေ အများအပြား ရှိပါတယ်။ အသုံးများတဲ့ မော်ဒယ်လ်ကို ပုံ (၃) မှာ ဖော်ပြထားပါတယ်။

ပုံ (က-၃)
ပုံ (က-၃) မှာ ဖော်ပြထားတာက အကြမ်းဖက်အဖွဲ့အစည်းလို့ သံသယဖြစ်နိုင်ဖွယ် ရှိတဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဆန်းစစ်ရတာပါ။ အဲဒီမှာ command element နဲ့ operational capability ကို ခွဲခြား ဆန်းစစ်ဖို့ လိုပါတယ်။ ဘယ်သူတွေက ဆုံးဖြတ်ချက်ချနေတယ်၊ ထောက်လှမ်းရေးသတင်းအချက်တွေ စုံစမ်းထောက်လှမ်းနေတယ်၊ ဘယ်လို ဆက်သွယ်နေကြတယ်ဆိုတာကို သိဖို့ လိုပါတယ်။ အဲဒီကနေမှ ဘယ်လို သဏ္ဍာန်နဲ့ လူတွေကို ခေါ်ယူစုဆောင်းတယ်၊ ထောက်ပံ့ ပို့ဆောင်ရေး ဘယ်လိုလုပ်တယ်၊ သင်တန်း ဘယ်လိုပေးတယ်ဆိုတာကို ထပ်မံ လေ့လာရပါမယ်။ နောက်ထပ်အရေးကြီးတာကတော့ ဘဏ္ဍာရေးပဲဖြစ်ပါတယ်။ ဘယ်လိုခေါင်းဆောင်တွေနဲ့ ဘယ်လို လုပ်ဆောင်နိုင်စွမ်းတွေပဲ ရှိရှိငွေမရှိရင် လုပ်လို့ မရပါဘူး။ ဒါကြောင့် ငွေထောက်ပံ့နေတဲ့ လမ်းကြောင်းတွေ၊ လူတွေ၊ အဖွဲ့အစည်းတွေကို ဖော်ထုတ်ဖို့ လိုပါတယ်။ ဒါတွေ အားလုံး ပေါင်းစပ်သွာြး့ပီးမှ အက်ရှင် လုပ်ဆောင်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

(ခ) အကြမ်းဖက်မှု မဖြစ်ပွားမီ PRE-INCIDENT INDICATORS များ
• အကြမ်းဖက်မှုတွေတိုင်းမှာ Pre-incident indicators တွေ ရှိတတ်ပါတယ်။
• အကြမ်းဖက်မှုဆိုတာ ကောက်ခါငင်ခါ ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတစုဟာ ဒါကို ကြိုတင်ပြင်ဆင်ပြီးမှ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်တာမှာ အကြမ်းဖက်မှုရဲ့ ဖြစ်ပွားမှု ပုံစံ၊ ပစ်မှတ်ရွေးချယ်မှု၊ လူအင်အား အသုံးပြုမှု၊ လက်နက်အင်အားနဲ့ အကြမ်းဖက်သမားတွေရဲ့ ပြုမူတဲ့ ပုံစံတွေကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းပေါ်မှာ မူတည်ပြီး သိသာပါတယ်။ အကြမ်းဖက်ထောက်လှမ်းရေး ဆန်းစစ်သူတွေဟာ ဘယ်လို အဖွဲ့အစည်းတွေ၊ ဘယ်လိုလူတွေက ဘယ်လို သဏ္ဍာန်မျိုးတွေနဲ့ အကြမ်းဖက်မှုကို ကျူးလွန်တတ်တယ်ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် သိနေရင် အကြမ်းဖက်သမားတွေကို မြန်မြန်ဆန်ဆန် ဖော်ထုတ်ဖို့ လွယ်ကူပါတယ်။
• အကြမ်းဖက်သမားတွေဟာ ပစ်မှတ်ကို ရွေးချယ်ပြီးတဲ့အခါ အသုံးပြုမယ့် လက်နက်အင်အား၊ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူ၊ လိုအပ်မယ့် လူအင်အား စတာတွေကို ရွေးချယ် ပြင်ဆင်တတ်လေ့ရှိပါတယ်။

PRE-INCIDENT INDICATORS
ယေဘုယျအားဖြင့် အမျိုးအစား (၃) မျိုးရှိပါတယ်။
• အကြမ်းဖက်အုပ်စုနှင့် ဆိုင်သော အမျိုးအစား
• ပစ်မှတ်နှင့် ဆိုင်သော အမျိုးအစား
• အကြမ်းဖက်မှုနဲ့ ဆိုင်သော အမျိုးအစား
(၁) အုပ်စုနှင့် ဆိုင်သော Pre-incident indicators များ
• အကြမ်းဖက်မှုနှင့် ပတ်သက်၍ သိသိသာသာ ထောက်ခံအားပေးမှု သဏ္ဍာန်များ
• သံသယဖြစ်ဖွယ် လှုပ်ရှားဆောင်ရွက်မှုများ
• အချိန်ကာလ တခုကို လိုအပ်သည်ထက် ပို၍ ဇောင်းပေး ပြောဆိုမှုများ
(၂) ပစ်မှတ်နှင့် ဆိုင်သော Indicators များ
မည်သည့် အကြမ်းဖက်အုပ်စုမှန်း မသိသာ မထင်ရှားပါက ပစ်မှတ်နှင့် ပတ်သက်သော Pre-incident indicators ကို ဆက်နွယ် ဖော်ထုတ်သင့်ပါတယ်။
• ပစ်မှတ်နေရာများ၊ လူပုဂ္ဂိုလ်များအား ခြိမ်းချောက်မှုများ
• ပစ်မှတ်ဝန်းကျင်မှ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများ
(၃) ဖြစ်စဉ်နှင့် ဆိုင်သော Indicators များ
• နိုင်ငံရေး အကျပ်အတည်း ဆိုက်မှုများ
• အကြမ်းဖက်မှုကို ထောက်ခံအားပေးသော ၀ါဒဖြန့်ချိမှုများ ပျံ့နှံ့နေခြင်း
• ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ
• ပစ်မှတ်အနေဖြင့် မူမမှန်သော လှုပ်ရှားမှုများကို ကြိုတင်သတိပြုမိနိုင်သော်လည်း သေချာစွာ မဆန်းစစ်ချက်၊ လျစ်လှူရှုခြင်း (ဥပမာ- ဒိုမီနီကန် ရီပတ်ဘလစ် သံရုံးအား အမ်- ၁၉ အဖွဲ့က မတိုက်ခိုက်မီက ခွေးများ အသတ်ခံရခြင်း)

သုံးသပ်ဆန်းစစ်ချက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း
• indicators များအား ဖော်ထုတ်ခြင်း
• ဖြစ်ပွားမှု ပုံစံများအား ဖော်ထုတ်ခြင်း
• မည်သည့် အက်ရှင်မှ မစတင်မီ ကြိုတင်ဆန်းစစ်ခြင်း
• indicators များအား သံသယဖြစ်ဖွယ် အုပ်စုများနှင့် ချိန်ဆ ဆန်းစစ်ခြင်း
• သတင်းအချက်အလက်များအား ပြန်လှန်စစ်ဆေးခြင်း
• ဒေသအလိုက်ပျံ့နှံ့နေသော အကြမ်းဖက်အုပ်စုများနှင့် ယှဉ်တွဲလေ့လာခြင်း
• အုပ်စုများ၏ ယခင်လုပ်ကိုင်ဆောင်ရွက်မှုပုံစံများနှင့် ယှဉ်တွဲလေ့လာခြင်း
• သံသယဖြစ်ဖွယ် အုပ်စုများ၏ လုပ်ကိုင်နိုင်စွမ်းကို စစ်ဆေးခြင်း
• သုံးသပ်ချက်ထုတ်ခြင်း၊ လိုအပ်သလို ပြင်ဆင်ညှိနှိုင်းခြင်း
(ဂ) အကြမ်းဖက်မှု ဆိုင်ရာ Database တည်ဆောက်ခြင်း
(၁) အကြမ်းဖက်မှုအား ဖြစ်ပွားမှုဖြစ်စဉ်များအနေဖြင့် စုစည်းခြင်း
(၁၉၄၆) ခုနှစ်ကနေ (၁၉၈၀) ခုနှစ်အတွင်းက နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ပညာရှင်တွေက လေ့လာကြည့်ကြရမှာ အကြမ်းဖက်မှုတွေဖြစ်စဉ်တွေရဲ့ သဘောသဘာဝတွေဟာ သာမန်မှုခင်းဖြစ်စဉ်တွေနဲ့ ကွဲပြားနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီသဘောသဘာဝတွေကတော့
အကြမ်းဖက်မှု ဖြစ်ပွားတဲ့ အချိန်ဟာ တိုတောင်းပါတယ်
အကြမ်းဖက်မှုတွေ မဖြစ်ပွားခင်မှာ အာဏာပိုင်တွေဘက်က လှုပ်ရှားမှုတွေက သာမန်လုပ်ရိုးလုပ်စဉ်ပဲ ရှိပါတယ်
အကြမ်းဖက်မှုတွေ မဖြစ်ပွားခင်မှာ သတိပြုမိနိုင်ဖို့ ခဲယဉ်းပါတယ်
အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေက သာမန်မှုခင်းကျူးလွန် တတ်သူတွေထက် ပိုပြီး ပိရိ သေသပ်ပါတယ်
အကြမ်းဖက်သမားတွေဟာ လူထုအတွင်းမှာ မြှုပ်ပြီး နေထိုင်လေ့ ရှိပါတယ်
သာမန်ရာဇ၀တ်မှုခင်းတွေလို စုံစမ်းစစ်ဆေးရတာ မလွယ်ကူပါဘူး
အကြမ်းဖက်အဖွဲ့အစည်းတွေဟာ များသောအားဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ နိုင်ငံတော်အကြမ်းဖက်မှုနဲ့ နိုင်ငံတော်က ပံ့ပိုးတဲ့ အကြမ်းဖက်မှုတွေမှာသာ အကြမ်းဖက် အဖွဲ့အစည်း တွေဟာ အစိုးရတွေ ဖြစ်နေတတ်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပါအ၀င် အတိုက်အခံ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေးပါတီတွေ အားလုံးက ထောက်ခံအားပေးမှု လိုအပ်ပါတယ်။ ထောက်လှမ်းရေး၊ ထောက်ပို့၊ စိတ်ဓာတ်စစ်ဆင်ရေး ဌာနတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးဆုံးပါပဲ။

(၂) အကြမ်းဖက်မှုများအား ပြုမူဆောင်ရွက်မှု သဏ္ဍာန်များဖြင့် စုစည်းခြင်း
အကြမ်းဖက်မှု လေ့လာတဲ့ ပညာရှင်တွေနဲ့ လေ့လာဆန်းစစ်ရေး တာဝန်ရှိသူတွေအတွက် အကြမ်းဖက်မှုကို ကျူးလွန်တတ်တဲ့ သဏ္ဍာန်တွေနဲ့ ကြိုးကိုင်တတ်တဲ့ အဖွဲ့အစည်းတွေ၊ လူတွေရဲ့အကြောင်းကို တွဲစပ် လေ့လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတွဲစပ်လေ့လာမှုတွေကနေ အကြမ်းဖက်သမားတွေကို ဖော်ထုတ် အရေးယူနိုင်သလို အကြမ်းဖက်မှုနဲ့ ဆက်စပ်အဖွဲ့အစည်းတွေ၊ လှုပ်ရှားသူတွေကို စောင့်ကြည့် စုံစမ်းနိုင်ပါတယ်။ အုပ်စုလိုက်ကျူးလွန်လေ့ရှိတဲ့ မှုခင်းတိုင်းမှာ အုပ်စုတခုချင်းစီအလိုက် သီးခြားသဏ္ဍာန်တွေ ရှိတတ်ပါတယ်။ ဖောက်ထွင်းမှုတွေ ဖြစ်တဲ့အခါမှာ ကျူးလွန်တဲ့ သဏ္ဍာန်နဲ့ ခြေရာလက်ရာတွေကို ကြည့်ပြီး အပိုင်ရဲစခန်းတွေနဲ့ နယ်ထိန်းတွေက တရားခံကို ခြေရာခံလေ့ရှိပါတယ်။ အကြမ်းဖက်မှုတွေမှာလဲ ဒီအတိုင်းပါပဲ။ ပစ်မှတ်ရွေးချယ်မှု၊ ဗျူဟာအခင်းအကျင်း၊ သင်တန်းပို့ချမှု၊ လက်နက်ရွေးချယ်မှု၊ ရယူမှုနဲ့ အသုံးပြုမှု၊ ပူးတွဲချိတ်ဆက်မှု၊ ပြစ်မှု ကျူးလွန်တတ်တဲ့ အချိန်အခါ စတာတွေကို လေ့လာပြီး ဆက်စပ်မယ့် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခြေရာ လက်ရာကို ဖော်ထုတ်နိုင်ပါတယ်။
အော်ပရေးရှင်းတခုချင်းစီမှာ အသုံးပြုတတ်တဲ့ အဖွဲ့ငယ်တွေရဲ့ အရွယ်အစားကို လေ့လာပြီးတော့လဲ ကြိုးကိုင်အဖွဲ့တွေကို လေ့လာဆန်းစစ်လို့ရပါတယ်။ ဥပမာ- Italian Red Brigades ရဲ့ လုပ်ကြံသတ်ဖြတ်ရေး
အော်ပရေးရှင်းတွေမှာ သုံးယောက်အသုံးပြုလေ့ရှိပါတယ်။ နှစ်ယောက်က လုပ်ကြံသူတွေဖြစ်ပြီး၊ တယောက်က ကာဗာပေးဖို့ ဖြစ်ပါတယ်။ ဂျာမန် အာအေအက်ဖ်ကတော့ ဗုံးခွဲမှုတွေမှာ လေးယောက်သုံးပြီး၊ ပြန်ပေးဆွဲတဲ့အခါမှာ အနည်းဆုံးငါးယောက်သုံးတတ်ပါတယ်။ ပါလက်စတိုင်းလုပ်ကြံသတ်ဖြတ်ရေးအဖွဲ့မှာတော့ လူငါးဦးပါပါတယ်။ တယောက်က စောင့်ကြည့်လေ့လာသူ၊ တယောက်က ဆက်သွယ်ရေးတာဝန်ခံဖြစ်ပြီး ကျန်သုံးဦးကပဲ လုပ်ကြံမှုမှာ ပါဝင်ပါတယ်။ ဒီသဏ္ဍာန်ကို ဂျော်ဒန်ဝန်ကြီးချုပ် လုပ်ကြံမှုနဲ့ ရောမက အစ္စရေးသံအမတ်အိမ်ကို ဗုံးခွဲ တိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။
အဖွဲ့အရွယ်အစားနဲ့ ပတ်သက်ပြီး အမှားအယွင်းတွေကနေ သင်ခန်းစာယူသွားတာတွေလဲ ရှိပါတယ်။ ဥပမာ- Japanese Red Army ဟာ လူကိုးဦးပါတဲ့ အဖွဲ့ငယ်ကို အသုံးပြုပြီး လေယာဉ်ပြန်ပေးဆွဲခဲ့ဖူးပါတယ်။ လေယာဉ်ရဲ့ နောက်ဆုံး ခရီးဆိုက်ရာနေရာမှာ သူတို့အားလုံး အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ သတင်းအစအန ပျောက်သွားခဲ့ ပါတယ်။ ဒီနောက်ပိုင်းကတည်းက ဂျောအာအေ အဖွဲ့ဟာ အော်ပရေးရှင်းတခုမှာ လူငါးဦးထက် ပိုပြီး အသုံးမပြုတော့ပါဘူး။
တခါတလေကျတော့ အဖွဲ့တွေကို ပူးတွဲလေ့ကျင့်ပေးတဲ့အခါ လေ့ကျင့်တဲ့ စခန်းပေါ်မူတည်ပြီး သဏ္ဍာန် ကွဲပြားတတ်ပါတယ်။ ပါလက်စတိုင်းနဲ့ ဂျပန်တွေ ပါဝင်တဲ့ အဖွဲ့ငယ်တခုဟာ အမ်စတာဒမ်အထွက်မှာ လေယာဉ် ပြန်ပေးဆွဲပြီး၊ လေယာဉ်ကို လစ်ဗျား Benghazi မှာ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီဖျက်ဆီးမိန့်ကို ဆွစ်ဇလန်ကနေ အကြမ်းဖက်တာဝန်ခံတွေက အမိန့်ပေးခဲ့ကြတာပါ။ ၁၉၇၆ ခုနှစ်တုန်းက ဂျာမန်နဲ့ ပါလက်စတိုင်း တွေ ပါဝင်တဲ့ အကြမ်းဖက်အဖွဲ့တခုဟာ ပြင်သစ်လေကြောင်းပိုင် လေယာဉ်တစင်းကို ပြန်ပေးဆွဲဖူးပါတယ်။ ဒီအဖွဲ့ဟာ ဆိုမားလီးယားမှာ အခြေစိုက်တဲ့ PFLP leader Wadi Hadad နဲ့ တိုက်ရိုက်ဆက်သွယ်ခဲ့ကြပါတယ်။ ပြန်ပေးဆွဲမှုမှာ BSO, PFLP, JRA, and RAF စတဲ့ အဖွဲ့အစည်းတွေ ပါဝင်ခဲ့ကြပြီး၊ အဖွဲ့ဝင်တွေကို လက်ဘနွန်၊ ဂျော်ဒန်နဲ့ ရေမင်တောင်ပိုင်းက တော်လှန်ရေးစခန်းတွေမှာ သင်တန်းပေးခဲ့ကြတာပါ။ ဒါကြောင့် အကြမ်းဖက် နှိမ်နင်းရေးမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်ပဲ အရေးကြီးပါတယ်။
အကြမ်းဖက်သမားတွေဆီမှာ အိုင်ဒီယိုလော်ဂျီ မတူညီမှုတွေ၊ နည်းဗျူဟာ ချမှတ်မှု ကွဲပြားတာတွေ၊ ပူးပေါင်းဆောင်ရွက်မှုနည်းပါးတာတွေ ရှိနေတယ်ဆိုပေမယ့် လေ့ကျင့်သင်ကြားပုံတွေ၊ လှုပ်ရှားမှုတွေမှာ တူညီတဲ့
သဏ္ဍာန်တွေ ရှိနေတတ်ပါတယ်။ တဖွဲ့နဲ့တဖွဲ့ ပုံတူကူးချမှုတွေ ရှိတတ်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေ အကြားမှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ သတင်းဖလှယ်မှုရှိသလို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာလဲ နိုင်ငံတကာ ဆက်ဆံရေးနဲ့ သတင်းအချက်အလက် ဖလှယ်ရေးတွေ ရှိပါတယ်။ အပြန်အလှန် ပံ့ပိုးထောက်ခံမှုတွေ ရှိပါတယ်။ ပါလက်စတိုင်း လေယာဉ်ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားပြီး နောက်ပိုင်းမှာ တခြားအဖွဲ့အစည်းတချို့ရဲ့ ပုံတူကူးချပြီး လေယာဉ်ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့ဖူးပါတယ်။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြားက ဆက်နွယ်မှုတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ပြီး၊ ပုံစံတူအကြမ်းဖက်မှုတွေ မဖြစ်ပွားအောင် ကာကွယ်လို့ ရနိုင်ပါတယ်။
(၃) ဆန်းစစ်မှု ယူနစ်အား ပြောင်းလဲခြင်း
ကနဦးအကြမ်းဖက်မှုလေ့လာရေး ပရိုဂရမ်တွေမှာ ဖြစ်ပွားမှုဖြစ်စဉ်တွေကို အဓိကထားပြီး လေ့လာဆန်းစစ် တတ်ကြပါတယ်။ အကြမ်းဖက်သမားတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကို အကြမ်းဖက်လုပ်ရပ်တွေကို လေ့လာ ကြည့်ပြီး နားလည်သိနိုင်မယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ဖြစ်ပွားမှုဖြစ်စဉ်တွေဟာ အကြမ်းဖက်မှုရဲ့ အဓိက အကြောင်းရင်းမဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာရခြင်းဟာ သက်ဆိုင်ရာ အကြမ်းဖက် အုပ်စုရဲ့ ရည်မှန်းချက်ပန်းတိုင်၊ စွမ်းရည်၊ တောင့်တမှုတွေနဲ့ လှုံ့ဆော်မှုတွေကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေဟာ ကောက်ခါငင်ခါ ပေါ်ထွက်လာတာမဟုတ်ပါဘူး။ လူတဦးတယောက် (သို့မဟုတ်) လူတစုကနေ ကြိုတင်ပြင်ဆင် စုစည်းပြီးမှ အကောင်အထည်ပေါ်လာတာဖြစ်ပါတယ်။ ဖြစ်ပွားပုံ၊ ပစ်မှတ်၊ လက်နက်ရွေးချယ်မှု၊ လူအင်အားနဲ့ လှုပ်ရှားအဖွဲ့ငယ်တွေရဲ့ ပြုမူဆောင်ရွက်ပုံတွေဟာ သက်ဆိုင်ရာ အဖွဲ့ရဲ့ သဘောသဘာဝပေါ်မှာ မူတည်ပါတယ်။ ပစ်မှတ်ကို ရွေးချယ်ပြီးတဲ့အခါမှာ လက်နက်ရွေးချယ်မှုနဲ့ လူအင်အား ဟာ ပစ်မှတ်ပေါ်မှာ မူတည်လာလေ့ရှိပါတယ်။ အတိတ်က ဖြစ်ပွားပုံတွေကို ကြည့်ပြီး ထပ်တူဖြစ် လာမယ်လို့တော့ ယူဆလို့ မရပါဘူး။ ပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လုံခြုံရေး စနစ်မြှင့်တင်ရေး၊ ပစ်မှတ်တွေရဲ့ တိုက်ခိုက်ခံရနိုင်မှု အခွင့်အလမ်းလျော့ပါးစေရေးနဲ့ အကြမ်းဖက်မှုရဲ့သားကောင်တွေ မဖြစ်အောင် လူထုအနေနဲ့ ရှောင်ရှားသတိထားနိုင်မယ့် နည်းလမ်းတွေကို ပညာပေး ထားခြင်းတွေဟာ အနာဂတ်အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် အကျိုးရှိပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်မှုကို ထောက်ခံအားပေးနိုင်ဖွယ်ရှိသူတွေကို လေ့လာ ဆန်းစစ်တဲ့အခါ စွမ်းရည်နဲ့ စေ့ဆော်မှု နှစ်ခု ဘက်ညီမှုရှိနိုင်လား ဆိုတာကို သုံးသပ်ရမှာ ဖြစ်ပါတယ်။ တချို့အဖွဲ့အစည်းတွေမှာ အကြမ်းဖက်မှုကို ထောက်ခံလိုတဲ့၊ အကြမ်းဖက်မှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုလိုတဲ့ စေ့ဆော်မှုတွေ ရှိနေတတ်ပေမယ့် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်မရှိပါဘူး။ ဒါကြောင့် စွမ်းရည်နဲ့ စေ့ဆော်မှု ဘက်မညီတဲ့ အဖွဲ့အစည်းတွေကို အချိန်ကုန်၊ ငွေကုန်ခံပြီး စုံစမ်းနေဖို့ မလိုအပ်ပါဘူး။ ဆကာတင်ရွေးချယ်ပြီး စုံစမ်း ထောက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်။
အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် ဖြစ်ပွားပြီးခဲ့တဲ့ ဖြစ်စဉ်တွေက အကျိုးပိုရှိပေမယ့်၊ အကြမ်းဖက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ကျတော့ ကျူးလွန်နိုင်မယ့် အလားအလာရှိသူတွေကို မကျူးလွန်ခင် တားဆီးနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒီလို ခွဲခြားသိနိုင်ဖို့က ဆန်းစစ်မှုယူနစ်ကို ဖြစ်စဉ်ဆန်းစစ်ချက်ကနေ ပြုမှုဆောင်ရွက်မှု သဏ္ဍာန်ဆန်းစစ်ချက်ကို ပြောင်းလဲမှ ရပါမယ်။ လေ့လာဆန်းစစ်သူတွေအနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက်မှုကို ထောက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ အရွယ်အစား၊ လုပ်ဆောင်နိုင်စွမ်း၊ စေ့ဆောင်ချက်၊ ပန်းတိုင်၊ နိုင်ငံတကာအစိုးရနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး၊ ဘဏ္ဍာရေးထောက်ပံ့နေတဲ့ နိုင်ငံတွေ၊ လှုပ်ရှားမှု ကွန်ယက်တွေကို ဂရုပြုစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
ဒီလို ဆန်းစစ်လေ့လာတဲ့အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကတော့
လုပ်ကိုင်ဆောင်ရွက်မှုစွမ်းရည်နှင့် အိုင်ဒီယိုလော်ဂျီ
လေ့ကျင့်သင်ကြားပေးမှုနှင့် သင်တန်းပြီးကာလ ဖြစ်ပွားမှုဖြစ်စဉ်များ၊ ပစ်မှတ်ရွေးချယ်မှုသဏ္ဍာန်၊ ကြိုတင်စီမံချက်နှင့် ပြင်ဆင်ခြင်းတို့အတွက် ပေးသော အချိန်
အောင်မြင်မှုနှင့် ဆုံးရှုံးမှုများအတွက် အဖွဲ့အစည်းဆိုင်ရာ သဘောထား
အကြမ်းဖက်အုပ်စုများအတွင်းမှ အကွဲအပြဲများ
စွမ်းရည်သစ်များကို အသုံးပြုနိုင်သည့် အမြန်နှုန်း
မြေအောက်ဖွဲ့စည်းမှုသဏ္ဍာန်၊ လုံခြုံရေးအခြေအနေ၊ အမိန့်ပေးမှု၊ မြေအောက်အဖွဲ့များအကြားမှ ဆက်သွယ်ရေး
အဖွဲ့အစည်းနှင့် ထောက်ခံအားပေးသူများ အကြားမှ ဆက်နွယ်မှုများနှင့် ပြင်ဆင်လှုပ်ရှား အကောင် အထည်ဖော်မှုများအပေါ် သက်ရောက်မှုများ
စတာတွေပဲ ဖြစ်ပါတယ်။

(၄) Database တည်ဆောက်ခြင်း
အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး Database တည်ဆောက်နိုင်မှုဟာ အကြမ်းဖက်မှု နှိမ်နင်းရေး အောင်မြင်နိုင်စေမယ့် သော့ချက်ပါပဲ။ Database ရှိခြင်းအားဖြင့် ကွဲပြားခြားနားနေတဲ့ သတင်း အပိုင်းအစ လေးတွေကို စုစည်းထားနိုင်ခြင်း၊ လေ့လာဆန်းစစ်ချက်များအတွက် အလွယ်တကူ ပြန်လည် အသုံးပြုနိုင်ခြင်း၊ သတင်းအချက်အလက်များအား သဏ္ဍာန်ချမှတ် စုစည်းထားခြင်းဖြင့် ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် စီမံချက်များအတွက် အထောက်အကူပြုခြင်း၊ ပြစ်မှုကျူးလွန်တတ်သူများ၊ ပြစ်မှုကျုးလွန်ရန် အလားအလာ ရှိသူများ၏ ကိုယ်ရေး အချက်အလက်များကို သိုလှောင်ထိန်းသိမ်းထားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
တချို့ database တွေမှာတော့ ဆန်းစစ်ချက် framework တွေ ချမှတ်ပေးမှုနဲ့ ကနဦးသတင်းအချက်အလက် ဆွဲထုတ်ယူနိုင်မှု တွေကိုပါ လုပ်ဆောင်လို့ ရပါတယ်။ တည်ဆောက်ထားတဲ့ database မှာ သတင်း အချက်အလက်များ ထပ်မံထည့်သွင်းနိုင်မှု၊ ကမ္ဘာသုံးဘာသာစကားညွှန်ကြားချက်တွေ ထည့်သွင်းထားရင် နိုင်ငံ တကာ အကြမ်းဖက်မှုတွေ ဖော်ထုတ်ရေးအတွက် အကျိုးရှိပါတယ်။
(၅) Data ဒီဇိုင်း
နိုင်ငံတကာအကြမ်းဖက်မှု နှိမ်နင်းရေးတွေမှာ အများဆုံးအသုံးပြုလေ့ရှိတဲ့ သတင်းအချက်အလက် ဒီဇိုင်းတွေမှာ
အဖွဲ့အစည်းဖိုင်များ (အဖွဲ့အစည်းသဘောသဘာဝ၊ ခေါင်းဆောင်မှု၊ အိုင်ဒီယော်လော်ဂျီ၊ ပန်းတိုင်၊ လုပ်ဆောင်မှုစွမ်းရည်နှင့် ဆိုင်သော သတင်းအချက်အလက်များ)
ဖြစ်စဉ်ဖိုင်များ (အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်သွားသော သားကောင်အရေအတွက်၊ အသုံးပြုလက်နက်ခဲယမ်း၊ အချိန်၊ နေရာ၊ အကြမ်းဖက်မှုမဖြစ်ပွားမီ သံသယဖြစ်ဖွယ်များ)
ကိုယ်ရေးအချက်အလက်ဖိုင်များ (အကြမ်းဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်တဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များ၊ လူမှုပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာ အချက်အလက်များ)
နိုင်ငံဖိုင်များ (အကြမ်းဖက်အဖွဲ့အစည်းအား သက်ဆိုင်ရာနိုင်ငံများမှ ထောက်ခံအားပေးမှုများ၊ ဆန့်ကျင်မှုများနှင့် နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးတွင် ပူးပေါင်းပါဝင်မှု အခြေအနေ)
စတာတွေ ဖြစ်ပါတယ်။

(၅.၁) GROUP PROFILE/CODEBOOK
အဖွဲ့အစည်းတွေကို လေ့လာရာမှာ နိုင်ငံတကာစံနှုန်းအရ အောက်ပါ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းဖို့ လိုအပ်ပါတယ်။
■နိုင်ငံရေးအတွေးအခေါ်နှင့် ပန်းတိုင်
■လှုပ်ရှားနိုင်ငံများ
■အစိုးရများနှင့် ဆက်နွယ်မှုများ
■အခြေချစခန်းများ
■အခြားအုပ်စုများနှင့် ဆက်နွယ်မှုများ
■ဌာနချုပ်နှင့် သင်တန်းပေးသော နေရာများ
■အဖွဲ့ဝင်အင်အား
■ထောက်ခံ သူအင်အားနှင့် လူသစ်စုဆောင်းမှု
■ခေါင်းဆောင်မှု
■ပါဝင်ဆောင်ရွက်ခဲ့သော အကြမ်းဖက်လုပ်ရပ်များ
■အသုံးပြုလေ့ရှိသော လက်နက်များ
■အသုံးပြုလေ့ရှိသော ဖောက်ခွဲရေးပစ္စည်းများ
■ဆက်သွယ်ရေးကိရိယာများ
■အချက်ပေးစနစ်
■လုံခြုံရေး
■အသုံးပြုလေ့ရှိသော ယာဉ်များ
■၀ါဒဖြန့်ချိရေး
■ထောက်လှမ်းရေး
■ဌာနဆိုင်ရာ ထိုးဖောက်စည်းရုံးနိုင်မှု
■ယောင်ပြအလုပ်အကိုင်
■ဘဏ္ဍာရေးအခြေအနေ
■ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှု
■ပစ္စည်းခဲယမ်း ပံ့ပိုးမှု
■အပေးအယူလုပ်မှုသဏ္ဍာန်။
(၅-၂) INCIDENT PROFILE/CODEBOOK
အကြမ်းဖက်မှုခင်းဖြစ်စဉ်တွေကို လေ့လာရာမှာ နိုင်ငံတကာစံနှုန်းအရ အောက်ပါ
သတင်းအချက်အလက်များကို လေ့လာစုဆောင်းဖို့ လိုအပ်ပါတယ်။
■ဖြစ်စဉ်အမျိုးအစား
■နေ့စွဲ၊ အချိန်
■နေရာ
■ပါဝင်သောအဖွဲ့အစည်း
■လှုပ်ရှားအဖွဲ့ငယ်အင်အား
■အကြမ်းဖက်မှု ဖြစ်ပွားပုံ
■သားကောင်အရေအတွက်နှင့် အခြေအနေ
■သားကောင်များ၏ အလုပ်အကိုင်၊ နိုင်ငံသား၊ လူမျိုးစု
■ဖြစ်ပွားချိန် လုံခြုံရေး အခြေအနေ
■ပျက်စီးဆုံးရှုံးမှု အတိုင်းအာ
■အသုံးပြုလက်နက်
■အသုံးပြုဖောက်ခွဲရေး ပစ္စည်း
■သက်ဆိုင်ရာအစိုးရ၏ တုန့်ပြန်မှု
■မှုခင်း မဖြစ်ပွားမီ သံသယဖြစ်ဖွယ်များ
■အနှစ်ချုပ်
(၅-၃) BIOGRAPHICAL PROFILE/CODEBOOK
ပြစ်မှုကျူးလွန်သူတွေနဲ့ ကြိုးကိုင်တဲ့ အဖွဲ့အစည်းတွေ၊ ထောက်ခံပံ့ပိုးပေးတဲ့ အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တဦးချင်းကို လေ့လာရာမှာ နိုင်ငံတကာစံနှုန်းအရ အောက်ပါသတင်းအချက်အလက်များ
ကို လေ့လာစုဆောင်းဖို့ လိုအပ်ပါတယ်။
■အမည်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာဇာတိ
■သွင်ပြင်ရုပ်လက္ခဏာ
■အသုံးပြုစာရွက်စာတမ်း
■ပါဝင်သော အဖွဲ့အစည်းများ
■ကျင်လည်ရာနေရာဒေသများ
■ယာဉ်
■ထင်ရှားအမှတ်အသား
■ကျန်းမာရေးနောက်ကြောင်းရာဇ၀င်
■စိတ်ပိုင်းဆိုင်ရာ အခြေအနေ
■အလုပ်အကိုင်နှင့် အဖွဲ့တွင်းတာဝန်
■တက်ရောက်ထားသော သင်တန်းများနှင့် ကျွမ်းကျင်မှု
■ခရီးသွားလာမှုအခြေအနေ
■ဖမ်းဆီးခံရဖူးခြင်း ရှိပါက အမှုဖြစ်စဉ်နောက်ကြောင်းရာဇ၀င်နှင့် အဆက်အသွယ်များ

(၅-၄) COUNTRY PROFILE/CODEBOOK
နိုင်ငံတွေကို လေ့လာရာမှာ နိုင်ငံတကာစံနှုန်းအရ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အောက်ပါသတင်း အချက်အလက် များကို လေ့လာစုဆောင်းဖို့ လိုအပ်ပါတယ်။
■လှုပ်ရှားလက်နက်ကိုင်အဖွဲ့အစည်းများ
■သက်ဆိုင်ရာနိုင်ငံမှ အကြမ်းဖက်မှုဖြစ်စဉ်များ
■အဖွဲ့အစည်းများ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်
■အကြမ်းဖက်နှိမ်နင်းရေး အခြေအနေ
■အကြမ်းဖက်မှုများအား ထောက်ခံခြင်း ရှိမရှိ
■အကြမ်းဖက်အဖွဲ့အစည်းများအပေါ် လူထုသဘောထား
(ဃ) လေ့လာဆန်းစစ်ရာတွင် အသုံးပြုသော နည်းလမ်းများ
အချိန်နဲ့ သတင်းအချက်အလက်ဟာ အကြမ်းဖက်မှုကို လေ့လာဆန်းစစ်သူများအတွက် တန်ဖိုးအကြီးဆုံး အရာများ ဖြစ်ပါတယ်။ ဒါပေမယ့် rules of game သဘောသဘာဝအရ စုံစမ်းထောက်လှမ်းသူများဟာ အချိန်အနည်းငယ်အတွင်းမှာ ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ ကြိုးစားနိုင်ရပါမယ်။ ဒါမှလဲ အကြမ်းဖက်သမားတွေကို ဖော်ထုတ်အရေးယူနိုင်ခြင်းနဲ့ နောက်ထပ်
အကြမ်းဖက်မှုတွေ မဖြစ်ပွားလာအောင် ကြိုတင်ကာကွယ်နိုင်မှာပါ။
ဒီအတွက် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို လေ့လာစုံစမ်းရာမှာ အသုံးဝင်တဲ့ လေ့လာ ဆန်းစစ်ချက် နည်းလမ်းများကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ အသုံးများတဲ့ နည်းလမ်းတွေကတော့ Matrix manipulation, Link analysis ,Time charting, VIA (Visual Investigative Analysis) charting ,PERT (Program Evaluation Review Technique) charting စတာတွေပဲ ဖြစ်ပါတယ်။ Terrorist intelligence analysis နဲ့ ပတ်သက်ပြီး တာဝန်ယူရှိတဲ့ အရပ်သားပညာရှင်တွေနဲ့ လုံခြုံရေး အဖွဲ့အစည်းတာဝန်ရှိသူတွေဟာ ဒီနည်းလမ်းတွေကို စနစ်တကျ နားလည်တတ်မြောက်ထားမှသာ အကြမ်းဖက်မှု တွေကို ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် ဖော်ထုတ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအားလုံးမှာ သတင်းအချက်အလက်တွေကို ရှင်းရှင်းလင်းလင်း ဆက်စပ်နားလည်နိုင်တဲ့ ကားချပ်တွေ၊ ဂရပ်ပုံတွေဖြစ်လာအောင် ပြောင်းလဲ အသုံးပြုမှုတွေ ပါဝင်ပါတယ်။
(၁) Matrix Manipulation
သတင်းအစအနလေးတွေအကြားက ဆက်စပ်မှုတွေကို မက်ထရစ်ပုံတွေ တည်ဆောက်ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီသတင်းအစအနလေးတွေမှာ ဆန်းစစ်မှုအတွက် အထောက်အကူဖြစ်စေမယ့် လူပုဂ္ဂိုလ်၊ နေရာဒေသ၊ ယာဉ်လိုင်စင်၊ လက်နက်ခဲယမ်း၊ ဖုန်းနံပါတ် စတာတွေ ပါဝင်နိုင်ပါတယ်။ အကြမ်းဖက်မှု လေ့လာဆန်းစစ်ရေးမှာ ဘယ်သူက ဘယ်သူ့ကို သိသလဲ၊ ဘယ်သူဘယ်နေရာမှာ ရှိနေခဲ့လဲ ဆိုတဲ့ သတင်းအချက်အလက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်ဖို့ မက်ထရစ်ပုံတွေ တည်ဆောက် အသုံးပြုပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ရိုးရှင်းတဲ့ သင်္ချာသဘောတရားတွေကို အခြေခံတည်ဆောက်ထားတာဖြစ်တဲ့အတွက် စုံစမ်းထောက်လှမ်းသူတွေ အတွက် သင်္ချာဘာသာရပ်ကို အသေးစိတ် တတ်မြောက်ထားစရာ မလိုအပ်ပါဘူး။ ဥပမာ- လမ်းခရီးပြမြေပုံတွေမှာ ခရီးအကွာအဝေးနဲ့ ခရီးသွားကြာချိန်ကို ပြသထားတဲ့ mileage charts တွေဟာလဲ မက်ထရစ်ပုံ တည်ဆောက်မှုပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

ပုံ (ဃ-၁)

ပုံ (ဃ-၂)
မက်ထရစ်ဆိုတာ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေကို ကိန်းဂဏန်းတွေနဲ့ သင်္ကေတတွေပါတဲ့ ထောင့်မှန်စတုဂံကွက်လေးတွေနဲ့ အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ ထည့်သွင်းဖော်ပြတာဖြစ်ပါတယ်။ ပါဝင်တဲ့အရေအတွက်ကတော့ သတင်းအချက်အလက်ရဲ့ သဘောသဘာဝနဲ့ အရည်အသွေးပေါ်မှာပဲ မူတည် ပါတယ်။ မက်ထရစ်ပုံသဏ္ဍာန်တွေကလဲ အမျိုးမျိုး ရှိနိုင်ပါတယ်။ ပုံ (ဃ-၁) မှာဖော်ပြထားတဲ့ မက်ထရစ်ပုံစံကို column vector လို့ ခေါ်ဆိုနိုင်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတခုရဲ့ လှုပ်ရှားမှုတွေနဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ၊ သံသယဖြစ်ဖွယ်လူတွေကို ဒီသဏ္ဍာန်သုံးပြီး စနစ်တကျ မှတ်တမ်းတင်နိုင်ပါတယ်။ ပုံ (ဃ-၂) မှာ ဖော်ပြထားတာကတော့ ဒေါင်လိုက်ဖော်ပြထားတဲ့ row vector ဖြစ်ပါတယ်။ ဆန်းစစ်လေ့လာသူတွေဆီမှာ ပုံ (ဃ-၁) နဲ့ ပုံ (ဃ-၂) မှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေနဲ့ ဆက်စပ်သတင်းတွေကို ရရှိလာတဲ့အခါ မက်ထရစ်အသစ်တခုကို ထပ်မံ တည်ဆောက်လို့ ရလာပါတယ်။
 
ပုံ (ဃ-၃)

ပုံ (ဃ-၃) မှာ ဖော်ပြထားတဲ့ မက်ထရစ်ထဲမှာ အော်ပရေးရှင်းလေးခုကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်အုပ်စုရဲ့ လှုပ်ရှားအစုအဖွဲ့လေးတွေကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ အလျားလိုက်မှာ သံသယဖြစ်ဖွယ် တရားခံတွေ ပါဝင်ပြီး၊ ဒေါင်လိုက်မှာ အကြမ်းဖက်အော်ပရေးရှင်းတွေ ပါဝင်ပါတယ်။ သံသယဖြစ်ဖွယ်တရားခံဟာ ဆက်စပ်အော်ပရေးရှင်းမှာ ပါဝင်ခဲ့မှုတွေကို အလျားလိုက်နဲ့ ဒေါင်လိုက်ဆုံမှတ် အကွက်ငယ်တွေမှာ စက်ဝိုင်းမဲ သဏ္ဍာန်နဲ့ ဖော်ပြထားပြီး၊ ပါဝင်ခဲ့ခြင်း မရှိရင်တော့ သုညဂဏာန်းနဲ့ ဖော်ပြထားပါတယ်။
ဒီမက်ထရစ်ထဲမှာ အရေးကြီးတဲ့ ဆက်စပ်သတင်း အချက်အလက်တွေကို တွေ့မြင်နိုင်ပါတယ်။ ပထမ အချက်ကတော့ David ကလွဲရင် ကျန်တဲ့ လူတွေအားလုံးဟာ အော်ပရေးရှင်း တခုမှာ အနည်းဆုံး ပါဝင်ခဲ့ကြပြီး၊ Baker, Charley, Edward နဲ့ Frank ကတော့ အနည်းဆုံး နှစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ ဒုတိယအချက်ကတော့ ဒေါင်လိုက်ကြည့်လိုက်တဲ့အခါမှာ အဖွဲ့အစည်းရဲ့ အော်ပရေးရှင်းလေးခုစလုံးမှာ အနည်းဆုံး လူနှစ်ယောက်ကို အသုံးပြုခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ အော်ပရေးရှင်းနှစ်ခုမှာတော့ လူသုံးယောက်ပါတဲ့ အစုအဖွဲ့ကို သုံးထားပါတယ်။ တတိယအချက်ကတော့ လှုပ်ရှားအစုအဖွဲ့လေးတွေ ဖွဲ့စည်းတဲ့အခါ အော်ပရေးရှင်းတွေမှာ တကြိမ်ထက် ပိုပြီး ပါဝင်ခဲ့သူတွေကို ပြန်သုံးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အတူတူ အလုပ်တွဲမလုပ်ဖူးသူတွေကို အော်ပရေးရှင်းတခုစီအတွက် ပြန်လည်တွဲဖက်သုံးထားပါတယ်။
ဒီလို သံသယဖြစ်ဖွယ်တရားခံတွေရဲ့ စာရင်းတွေကို သိပြီးတဲ့အခါ သူတို့အကြားက ဆက်စပ်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး နောက်ထပ် မက်ထရစ်တခုကို တည်ဆောက်နိုင်ပါတယ်။ ဒီမက်ထရစ်ကိုတော့ "Association Matrix" လို့ ခေါ်ပါတယ်။ အတူတူ တကြိမ်တခါ အလုပ်လုပ်ဖူးတွေအနေနဲ့ တယောက်ကိုတယောက်သိတယ်လို့ ယူဆပြီး၊ ဒီအုပ်စုထဲမှာ ဘယ်သူက ဘယ်သူကို သိနိုင်သလဲဆိုတာကို မက်ထရစ်တည်ဆောက်ပြီး ဖော်ထုတ်လို့ ရပါတယ်။ ဒီမက်ထရစ်အမျိုးအစားမှာ အလျားလိုက်ဖော်ပြထားတဲ့ အချက်နဲ့ ဒေါင်လိုက်ဖော်ပြထားတဲ့ အချက်အလက်ဟာ အတူတူပဲ ဖြစ်ပါတယ်။
ပုံ (ဃ-၄) မှာ ဖော်ပြထားတဲ့ မက်ထရစ်ကိုကြည့်ပြီး၊ အော်ပရေးရှင်းလေးခုကို အကောင်အထည်ဖော်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ သတင်းအချက်အလက်တွေကို စုစည်းရယူနိုင်ပါတယ်။ ပထမတချက်အနေနဲ့ David က လွဲရင် ကျန်သူတွေအားလုံးဟာ အုပ်စုထဲက အနည်းဆုံး လူနှစ်ယောက်ကို သိပါတယ်။ ဥပမာ-
Edward က လူလေးဦးကို သိပြီး၊ Frank က လူသုံးဦးကို သိပါတယ်။ ဒါကြောင့် ဒီလှုပ်ရှားမှု ကွန်ယက်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းက ရှင်းရှင်းလင်းလင်း စီးဆင်းမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်သူမှ လှုပ်ရှားမှု ကွန်ယက်နဲ့ ပြတ်တောက်မှု ရှိမနေပါဘူး။ လိုအပ်လာတဲ့အခါမှာ Able ဟာ Charley ကို မသိပေမယ့် Frank ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။ Frank ကလည်း Baker ကို မသိပေမယ့် Edwards (သို့မဟုတ်) Charley ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။ ဒီလို လူခြောက်ယောက်ပါတဲ့ အဖွဲ့မှာ Frank နဲ့ Edwards ကိုသာ ဖမ်းဆီးအရေးယူနိုင်ခဲ့ရင် ဒီအဖွဲ့ငယ်ရဲ့ လှုပ်ရှားမှုတွေကို ယာယီထိန်းချုပ်နိုင်သွားပါမယ်။ Charley နဲ့ Baker အကြားမှာ ရှိတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတခုပဲ ကျန်မှာ ဖြစ်ပါတယ်။
ပုံ (ဃ-၄)
ဒီမက်ထရစ် တည်ဆောက်မှုကနေ ဖော်ထုတ်နိုင်လိုက်တာကတော့ လှုပ်ရှားအဖွဲ့ငယ်ရဲ့ ဆဲလ်တည်ဆောက်မှု သဏ္ဍာန်ပဲ ဖြစ်ပါတယ်။ ဆက်စပ်မှုမရှိတဲ့ အော်ပရေးရှင်းလေးခုကနေ ရရှိလာတဲ့ အစီရင်ခံစာ လေးခုကို အသုံးပြုပြီး၊ ကျွမ်းကျင်တဲ့ လေ့လာဆန်းစစ်သူ တယောက်ဟာ မက်ထရစ်ပုံတွေကို အလွယ်တကူ တည်ဆောက် နိုင်ပါတယ်။ ဒီလိုတည်ဆောက်မှုတွေကနေတဆင့် အကြမ်းဖက်အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ၊ အဖွဲ့ အရွယ်အစားနဲ့ ဆက်သွယ်ရေးကွန်ယက်တွေကို ဖော်ထုတ်နိုင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မက်ထရစ်တွေဟာ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရမယ့် သံသယဖြစ်ဖွယ်တရားခံတွေကို ဖော်ထုတ်ရေး၊ အရေးကြီး ခေါင်းဆောင်တွေကို ခွဲခြားဖော်ထုတ်နိုင်ရေးနဲ့ အဖွဲ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို သိရှိနိုင်ရေးတွေ အတွက် အလွန်ပဲ အသုံးဝင်ပါတယ်။
မက်ထရစ်တည်ဆောက်ခြင်း နည်းလမ်းတွေကို အထက်လူကြီးတွေဆီ တင်ပြတဲ့ အစီရင်ခံစာတွေ၊ သက်ဆိုင်ရာ ထောက်လှမ်းရေးအရာရှိတွေကို ညွှန်ကြားချက်ပေးမှုတွေနဲ့ တရားလိုရှေ့နေတွေကို အချက်အလက်ပေးမှုတွေမှာ လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း ဖြစ်စေရေးအတွက်လဲ အသုံးပြုလေ့ရှိကြပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ဥပမာကတော့ ရိုးရိုးလေးဖြစ်ပါတယ်။ လက်တွေ့မှာတော့ စုံစမ်းထောက်လှမ်းမှုတွေမှာ သံသယဖြစ်ဖွယ် တရားခံ တရာကျော်၊ နှစ်ရာ ပါဝင်တဲ့ ဖြစ်ရပ် ခြောက်ဆယ်၊ ခုနစ်ဆယ်ကျော်ကို လေ့လာမှုတွေလဲ ပါဝင်လာနိုင်ပါတယ်။ ဒါကြောင့် မက်ထရစ်တည်ဆောက်ခြင်း နည်းလမ်းတခုတည်းကိုပဲ သုံးပြီး လေ့လာဆန်းစစ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ နည်းလမ်းပေါင်းစုံကို အချိန်တိုအတွင်းမှာ အသုံးပြုနိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
(၂) Link Analysis
သတင်းအချက်အလက်တွေ ဆန်းစစ်တဲ့ နေရာမှာ အသုံးပြုလေ့ရှိတဲ့ နောက်ထပ်နည်းလမ်းတခုကတော့ ဆက်စပ်မှု ဆန်းစစ်ချက်ပဲ ဖြစ်ပါတယ်။ လူနဲ့ အဖွဲ့အစည်းတွေအကြား ဆက်နွယ်မှုတွေကို ဆက်စပ်မှု ဆန်းစစ်ချက်ကို အသုံးပြုပြီး လေ့လာတဲ့အခါမှာ သင်္ကေတနဲ့ ပုံတွေကို အသုံးပြုတတ်ကြပါတယ်။ ကွဲပြားခြားနားတဲ့ သင်္ကေတမျိုးစုံကို ဒီဆန်းစစ်ချက်မှာ အသုံးပြုနိုင်ပါတယ်။ သွယ်ဝိုက်ဆက်စပ်မှုတွေနဲ့ သံသယဖြစ်ဖွယ် ဆက်နွယ်မှုတွေကို သေသေချာချာနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ပါတယ်။

(ဃ-၅ အခြေခံဆက်နွယ်မှုဆန်းစစ်ချက် သင်္ကေတများ)

ဆက်နွယ်မှု ဆန်းစစ်ချက်မှာ အသုံးပြုတဲ့ သင်္ကေတတွေဟာ ရှင်းလင်းဖော်ပြဖို့ လွယ်ကူပါတယ်။ လူပုဂ္ဂိုလ်တွေကို စက်ဝိုင်းတွေအနေနဲ့ ဖော်ပြလေ့ရှိပါတယ်။ သံသယဖြစ်ဖွယ် လူတွေကို စက်ဝိုင်းတွေနဲ့ ဖော်ပြပြီး၊ ဒီလူတွေအကြားက ဆက်နွယ်မှုတွေကို လိုင်းတွေနဲ့ ဆက်စပ်ဖော်ပြရပါတယ်။ လိုင်း အပြည့်က သေချာတဲ့ ဆက်နွယ်မှုကို ဖော်ပြပြီး၊ အစက်အပြောက်လေးတွေနဲ့ လိုင်းကတော့ ဆက်နွယ်မှု မသေချာပေမယ့် သံသယရှိကြောင်း ညွှန်ပြပါတယ်။
ပုံ ( ဃ- ၆) Mike နှင့် Joe သည် တဦးတည်း ဖြစ်မည်ဟူသော သံသယကို ပြသောပုံ
တခါတရံမှာ မှုခင်းဖြစ်စဉ်မှာ ပါဝင်တဲ့ အမည်ကွဲ လူနှစ်ယောက်ဟာ သွင်ပြင်လက္ခဏာ၊ လှုပ်ရှားပုံတွေ တူနေ တာကြောင့် တဦးတည်းလို့ သံသယရှိတဲ့အခါ ပုံ (၆) မှာ ဖော်ပြထားတဲ့ intersecting circles ကို အသုံးပြုပြီး ဆန်းစစ်နိုင်ပါတယ်။
ပုံ (ဃ- ၇)- Link Diagram နမူနာပြပုံ
ပုံ (ဃ- ၄) မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ပုံ (ဃ- ၇) မှာ ရှိတဲ့ link diagram ကို ရေးဆွဲနိုင်ပါတယ်။ ဒီပုံကို ကြည့်ခြင်းအားဖြင့် Edward ဟာ သံသယရှိသူတွေနဲ့ အများဆုံး ဆက်နွယ်မှုရှိသူပါ။ Frank က သုံးဦးနဲ့ ဆက်စပ်မှုရှိနေပြီး၊ David ရဲ့ ဆက်နွယ်မှုတွေကိုတော့ သေချာမတွေ့ရပါဘူး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် Frank နဲ့ Edward ဟာ ဒီကလာပ်စည်းရဲ့ အဓိက တာဝန်ခံတွေဆိုတာ ထင်ရှားလာပါတယ်။ သူတို့နှစ်ယောက်ကို ဖယ်ရှားလိုက်တာနဲ့ Able, Charley, Baker နဲ့ David တို့ဆီမှာ lines of communication ရှင်းရှင်းလင်းလင်း မရှိနိုင်တော့ပါဘူး။
 
ပုံ (ဃ- ၈)- မှားယွင်းသော ဆက်နွယ်မှု ပုံပြ တည်ဆောက်မှုသဏ္ဍာန်
အကြမ်းဖက်လေ့လာဆန်းစစ်ရေးနဲ့ ပတ်သက်တဲ့ ဌာနတိုင်းမှာ ပုံ (ဃ- ၈) မှာ ဖော်ပြထားတဲ့ crossing lines ရေးဆွဲမှုတွေကို in house rule တခုအနေနဲ့ ရှောင်ကြဉ်ကြရပါတယ်။

ပုံ (ဃ- ၉)- အဖွဲ့အစည်း (သို့မဟုတ်) ကလပ်စည်း ဆက်နွယ်မှု သင်္ကေတ
အဖွဲ့အစည်းတွေ၊ ကလာပ်စည်းတွေ၊ လှုပ်ရှားအဖွဲ့ငယ်တွေကို ပြသရာမှာလဲ Link diagrams တွေကို အသုံးပြုနိုင်ပါတယ်။ သံသယဖြစ်ဖွယ် လူတွေရဲ့ အမည်ကို သက်ဆိုင်ရာ အဖွဲ့အစည်း သင်္ကေတမှာ ထည့်သွင်း ဖော်ပြနိုင်ပါတယ်။ လူတယောက်တည်းက အဖွဲ့အစည်းနှစ်ခုနဲ့ ပတ်သက်နေရင်တော့ လေးထောင့် သင်္ကေတ နှစ်ခုဆက်စပ်မှုမှာ စက်ဝိုင်းသင်္ကေတနဲ့ တွဲဖက်ထည့်သွင်းပြီး ဖော်ပြရပါတယ်။ ဒီလို အဖွဲ့အစည်းနဲ့ လူတွေ အကြား ဆက်နွယ်မှုတွေကို ပုံ (ဃ- ၁၀) မှာ တင်ပြထားပါတယ်။
ပုံ (ဃ- ၁၀) လူနှင့် အဖွဲ့အစည်းများအကြား ဆက်နွယ်မှု သင်္ကေတ
နမူနာပြပုံတွေအရ အဖွဲ့အစည်းနဲ့ လူတွေအကြား ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ရတာ လွယ်ကူသယောင် ရှိပေမယ့် လက်တွေ့မှာကျတော့ အဖွဲ့အစည်းအများအပြား ပြန့်ကျဲမှုရှိပြီး၊ အဖွဲ့ဝင် အများအပြား ရှိနေတတ် တာကြောင့် ပြစ်မှုကျူးလွန်တဲ့ တရားခံကို ဖော်ထုတ်နိုင်ဖို့က အထူးကြိုးပမ်း အာရုံစိုက်ကြရပါတယ်။

(၃) Time Event Charting (TEC)
TEC chart ဆိုတာက အချိန်ကာလကို ဖော်ပြတာ ဖြစ်ပါတယ်။ အုပ်စုတခုရဲ့ လှုပ်ရှားမှုတွေကို စတင်ဖွဲ့စည်းချိန်ကစပြီး စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ချက်ပါ။ TEC chart မှာလဲ အချိန်ကာလ၊ မှုခင်း ကျူးလွန်မှုအဖြစ်အပျက် စတာတွေကို ကိုယ်စားပြုတဲ့ သင်္ကေတတွေကို အသုံးပြုထားပါတယ်။ မှုခင်းဖြစ်ရပ် တွေကို စက်ဝိုင်းတွေနဲ့ ကိုယ်စားပြုဖော်ပြပါတယ်။ စက်ဝိုင်းတွေထဲမှာ ရက်စွဲနဲ့ ဖြစ်ပွားပုံတွေကို အတိုကောက် ထည့်သွင်းပြီး ဗယ်ဘက်ကနေ ညာဘက်၊ အထက်ကနေ အောက်ကို စက်ဝိုင်းတွေအချင်းချင်း မြှားနဲ့ ဆက်သွယ်လိုက်တဲ့အခါ flow of time ကို သတိပြုမိလာနိုင်ပါတယ်။ အဖွဲ့အစည်းတခုချင်းစီရဲ့ လှုပ်ရှားမှု၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု၊ မြေအောက်ကလာပ်စည်း ဖွဲ့စည်းမှု သဏ္ဍာန်တွေကို ဖော်ထုတ်လေ့လာ နိုင်တဲ့အတွက် Time Event Charting (TEC) ကို အသုံးများပါတယ်။ TRAP/TARGIT ဆိုတဲ့ ကွန်ပျူတာစနစ်ကို အသုံးပြုပြီး Time Event Charting (TEC) တွေ ရေးဆွဲနိုင်တာကြောင့် လက်တွေ့မှာ အလွန်ပဲ အသုံးဝင်ပါတယ်။
(၄) VISUAL INVESTIGATIVE ANALYSIS (VIA) နှင့် PERT (Program Evaluation Review Technique)
ဒီနည်းလမ်း နှစ်ခုကိုတော့ မှုခင်းဖြစ်ပွားမှု ဖြစ်စဉ် တခုချင်းစီကို အသေးစိတ် လေ့လာဆန်းစစ်ရာမှာ အသုံးပြုပါတယ်။ ဒီနည်းလမ်းနှစ်ခုကို အသုံးပြုပြီး၊ မှုခင်းကျူးလွန်သူတွေအနေနဲ့ ဘယ်လိုပြင်ဆင် ကျူးလွန်ခဲ့ တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရှိနိုင်ပါတယ်။ စုံစမ်းဖော်ထုတ်မှု အခြေအနေကို စီမံခန့်ခွဲပြီး၊ သက်ဆိုင်ရာ တရားရုံးမှာ ထွက်ဆိုချက်ပေးတာ၊ grand jury testimony ပေးတာတွေ လုပ်နိုင်ပါတယ်။
ဒီနည်းလမ်းနှစ်ခုက လှုပ်ရှားမှုတွေကို အသေးစိတ်ခွဲခြား ဆန်းစစ်တာ ဖြစ်ပါတယ်။ လူတွေဟာ မိမိတို့ရဲ့ လှုပ်ရှားမှုတွေကို လုပ်နေကျဖြစ်တာကြောင့် အသေးစိတ်သတိမထားမိပေမယ့် လှုပ်ရှားမှုတိုင်းမှာ အလုပ်တာဝန် ငယ်လေးတွေ ပေါင်းစပ်ပါဝင်နေတတ်ပါတယ်။ ဥပမာ- အလုပ်ကို ကားမောင်းသွားတယ်လို့ အလွယ်တကူ ပြောလိုက်ပေမယ့် အဲဒီလှုပ်ရှားမှုမှာတင် လုပ်ငန်းတာဝန်လေးတွေ ပါဝင်နေပါတယ်။
အိပ်ယာက နိုးပါတယ်
အိပ်ယာက ထရပါတယ်
အ၀တ်ဝတ်ရပါတယ်
နံနက်စာ စားရပါတယ်
အလုပ်ထဲယူသွားရမယ့် ပစ္စည်းတွေ ပြင်ဆင်ရပါတယ်
ကားသော့ကို ယူရပါတယ်
အိမ်ထဲကနေ ကားဆီကို လျှောက်သွားရပါတယ်
ဂိုဒေါင်ထဲမှာ ကားရှိနေရင် ဂိုဒေါင်တံခါးကို ဖွင့်ရပါတယ်။
ကားသော့ကို ထုတ်ရပါတယ်
ကားတံခါးကို ဖွင့်ရပါတယ်
ကားစက်နှိုးရပါတယ်
ဂီယာချိန်းရပါတယ်။
ဂိုဒေါင်ထဲကနေ ကားကို ထုတ်ပြီးရင် ဂိုဒေါင်တံခါး ပြန်ဆင်းပိတ်ရပါတယ်။
ဒီအတိုင်းပါပဲ။ လူတယောက်က တယောက်ကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တဲ့အခါ လုပ်ကြံသူဘက်မှာ တာဝန်တွေအများအပြား ရှိပါတယ်။ သေနတ်ရအောင်လုပ်ရပါမယ်။ ကျည်ဆံရှိဖို့ လိုပါမယ်။ သေနတ်ကို မောင်းတင်ရပါမယ်။ သေနတ်ကို ပစ်ရပါမယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိရမှာ သေချာပါတယ်။ တပြိုင်နက်တည်းမှာပဲ လုပ်ကြံသတ်ဖြတ်ခံရမယ့်သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလဲ လေ့လာရ ပါဦးမယ်။ လုပ်ကြံမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်၊ အလေ့အထ၊ လုပ်ကြံဖို့ လွယ်ကူုမယ့်နေရာ၊ ထွက်ပေါက်၊ အဖော်ခေါ်သွားရမည့် သူ အရေအတွက် စတာတွေ ဖြစ်ပါတယ်။
ဒီလို လုပ်ကြံသတ်ဖြတ်မှုကို စုံစမ်းဖော်ထုတ်တော့မယ်ဆိုရင် စုံစမ်းထောက်လှမ်းသူများဘက်မှာလဲ တာဝန်ကြီး နှစ်ရပ်ထွက်လာပါတယ်။ ပထမတာဝန်က စုံစမ်းထောက်လှမ်းရေး အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ခွဲခြားသတ်မှတ်ခြင်း ဖြစ်ပါတယ်။
ဒီမှုခင်းကို ဘယ်သူတွေက စုံစမ်းဖို့ တာဝန်ပေးခံရလဲ
ဘယ်အချိန်မှာ တရားခံကို ဖော်ထုတ်ပေးရမလဲ
တယောက်ချင်းစီက ဘာတာဝန်တွေ ထမ်းဆောင်မလဲ
ဘယ်လိုအလုပ်တွေကို တခုပြီးမှ တခုလုပ်ရမလဲ
ဘယ်လိုအလုပ်တွေကို တပြိုင်နက်တည်း ဆောင်ရွက်ရမလဲ
ဒီလုပ်ငန်းတာဝန်တွေ ပြီးမြောက်မှုနဲ့ အောင်မြင်မှုနဲ့ ဘယ်လို ဆက်စပ်သလဲ
စတဲ့ အချက်တွေကို ဖြစ်ပါတယ်။ ဒါတွေကို forward planning tool တခုဖြစ်တဲ့ PERT analysis ကို အသုံးပြုပြီး ရေးဆွဲနိုင်ပါတယ်။
နောက်ထပ်တာဝန်တခုကတော့ အမှုကို တည်ဆောက်ရပါမယ်။ အမှုနဲ့ ဆက်စပ်တာမှန်သမျှကို လေ့လာ ဖော်ထုတ်ရပါမယ်။ ဘယ်သူတွေက ဘယ်လို တာဝန်တွေ (စောင့်ကြည့်ရေးတာဝန်၊ ကြိုးကိုင်လှုပ်ရှားသူတာဝန်၊ အမှန်တကယ် ကျူးလွန်သူတာဝန်) ယူပြီး မှုခင်းကျူးလွန်တယ်ဆိုတဲ့ သက်သေတွေကို စုဆောင်းရပါမယ်။ ပြင်ဆင်မှုတွေကို ဘယ်လို ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ စုဆောင်းရပါမယ်။ နောက်ဆုံး ပြစ်မှုကို ဘယ်လိုကျူးလွန်သွားတယ်ဆိုတာ လေ့လာရပါမယ်။ VIAနည်းလမ်းက ဒီလို retrospective analysis ပြုလုပ်ရာမှာ အသုံးဝင်ပါတယ်။

(င) နိဂုံး
၂၀ ရာစုနှောင်းပိုင်းက အစပြုပြီး စစ်ဆင်ရေးများ ဆင်နွှဲနိုင်မှုနဲ့ ခေတ်မီလက်နက်များ အသုံးချနိုင်မှု စွမ်းရည်တွေဟာ အစိုးရအဖွဲ့အစည်းတွေရဲ့ လက်ထဲမှာတင် ရှိတာ မဟုတ်တော့ပါဘူး။ နည်းပညာတွေက ကမ္ဘာတ၀ှမ်းကို ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီနည်းပညာတွေကို ရေရှည်တော်လှန်ရေး ဆင်နွှဲနေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်း အချို့က တလွဲဆံပင်ကောင်းပြီး အကြမ်းဖက်လုပ်ငန်းတွေမှာ အသုံးပြုလာတာတွေလဲ ရှိပါတယ်။ တော်လှန်ရေးဆိုတာ ရေရှည်ဆင်နွှဲရတာ ဖြစ်ပေမယ့် မလိုအပ်ပဲ အချိန်ဆွဲမှု၊ အချိန်ယူမှုတွေ ဖြစ်လာရင် ရှေ့မတိုး၊ နောက်မဆုတ်အခြေအနေမှာ political frustration ဖြစ်လာတတ်ပါတယ်။
အဲဒီအခြေအနေကို စနစ်တကျ လမ်းကြောင်းမှန်ပေါ်ရောက်အောင် နိုင်ငံရေးခေါင်းဆောင်တွေက divert မလုပ်ပေးတတ်ရင် frustration ကနေ political extremism ကို လက်ခံသွားပြီး အကြမ်းဖက်မှုဆီကို ဦးတည် သွားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဟာ ကမ္ဘာ့လူသား အားလုံးရဲ့ တာဝန် တရပ်ဖြစ်ပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေသူများ အနေနဲ့ကတော့ စနစ်တကျ လေ့လာဆန်းစစ်ပြီး မှုခင်းမှန် ဖော်ထုတ်နိုင်ဖို့ကို အဓိကအာရုံစိုက်ဖို့ လိုအပ်လှပါတယ်။

အပိုင်း ၂ ကိုဒီမှာယူပါ
ခင်မမမျိုး (၁၅၊ ၁၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။ ။
BALDWIN, M. (1975) Portraits of Complexity, Columbus, Ohio: Battelle Memorial Institute.
Boba, R. (2005) Crime Analysis and Crime Mapping, Thousand Oaks, California: SAGE Publications.
CACI (1977) Research Caps is the Crisis Man- Management of Terrorist Incidents, Arlington, Virginia: CACI, Inc. Federal.
Europol Guidelines on Intelligence
Federal Bureau of Investigation, Counterterrorism Division (2006) Terrorism: 2002–2005. Washington, D.C.: Federal Bureau of Investigation
MICKOLUS, E. (1976) Statistical Approaches to the Study of Terrorism, Paper prepared for the Conference on international Terrorism, New York City.
WARFIELD, J. (1974). Structuring Complex Systems. Columbus., Ohio: Battelle Memorial Institute.
Sullivan, J.P. (2005) Terrorism Early Warning and Co-Production of Counterterrorism Intelligence. A paper presented at the Canadian Association of Security and Intelligence Studies. Montreal, Canada
UNDCP Intelligence Policy and Training Manual (2000)

စာရေးသူ၏ ကိုယ်ရေးအကျဉ်း
ကလောင်အမည်-ခင်မမမျိုး
မွေးဖွားရာဇာတိ-တောင်ကြီးမြို့၊ မြန်မာနိုင်ငံ
လက်ရှိနေရပ်-အဘာဒင်းမြို့၊ ယူကေနိုင်ငံ
ပညာအရည်အချင်း-နိုင်ငံရေးနှင့် အစိုးရရေးရာ ဒီပလိုမာ၊ နိုင်ငံတကာလေ့လာရေး ဘီအေဂုဏ်ထူးဘွဲ့၊
နိုင်ငံရေးဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊
စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊
နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့။
လက်ရှိ-နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသူ၊ ဘုရင့်ကောလိပ်
အဘာဒင်းတက္ကသိုလ်။
တွဲဖက်သုတေသီ၊ ကောဘက်စင်တာ၊
စစ်ဦးစီး တက္ကသိုလ်။
ပရော်ဖက်ရှင်နယ်အဖွဲ့ဝင်-နိုင်ငံတကာ လုံခြုံရေးအဖွဲ့၊ နိုင်ငံတကာ လေ့လာရေးအသင်း၊ အမေရိကန်ပြည်ထောင်စု။
လုံခြုံရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့၊ နိုင်ငံရေးရာ လေ့လာရေးအသင်း၊ ဗြိတိန်နိုင်ငံ။
အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေး ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အစည်းအရုံး၊ အမေရိကန် ပြည်ထောင်စု။
ယဉ်ကျေးမှုရေးရာသံတမန်သိပ္ပံ၊ ဂျာမဏီ။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: