ကားလ်မာ့က်စ် မိတ်ဆက်



ကားလ်မာ့က်စ် မိတ်ဆက် (ဘာသာပြန်) (အပိုင်း-၁)

အခန်း (၁)

ကားလ်မာ့က်စ်၏ ဘ၀နှင့် လွှမ်းမိုးနိုင်စွမ်းရည်

ကားလ်မာ့က်စ်ဆိုသူရဲ့ လူသားတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရည်ဟာ ဘာသာရေး figure တွေရဲ့ လွှမ်းမိုးနိုင်တဲ့ စွမ်းပကားလိုပဲ အင်အားအလွန်ကြီးမားခဲ့ပါတယ်။ (၂၀) ရာစုခေတ်ကာလရဲ့ တ၀က် ကျော်မှာ လူဆယ်ယောက်အနက် လေးယောက်ဟာ မာ့က်စ်ဝါဒီလို့ ကိုယ့်ဘာသာကိုယ် သတ်မှတ် ခဲ့ကြပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် မာ့က်စ်ရဲ့ ရေးသားချက်တွေကို အမှန်တရားနဲ့ လုပ်ပိုင်ခွင့် အာဏာ တို့ရဲ့ အဆုံးစွန်မြစ်ဖျားခံတဲ့ အရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ မာ့က်စ်ရဲ့ ပုံရိပ်တွေက နေရာတိုင်းမှာ ရှိနေခဲ့ပါတယ်။ လူသန်းပေါင်းများစွာရဲ့ ဘ၀တွေကို ကားလ်မာ့က်စ်က လွှမ်းမိုး သက်ရောက်နိုင်စွမ်း ရှိခဲ့ပါတယ်။

ကွန်မြူနစ်လူ့အဖွဲ့အစည်းတွေကိုပဲ ကားလ်မာ့က်စ်က လွှမ်းမိုးနိုင်ခဲ့တာ မဟုတ်ပါဘူး။ မာ့က်စ်ဝါဒီ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ကွန်ဆာဗေးတစ် အစိုးရတွေဟာလဲ သူတို့ ယုံကြည်တဲ့ လမ်းစဉ်အတိုင်း အတိအကျ မလျှောက်လှမ်းနိုင်တော့ပဲ လူမှုဘ၀ ပြုပြင်ပြောင်းလဲရေး တွေကို လုပ်ဆောင်ပေးလာကြရပါတယ်။ တခါတရံမှာ ကွန်ဆာဗေးတစ်များရဲ့ မာ့က်စ်ဝါဒကို ကြောက်လန့်တကြား တုန့်ပြန်မှုတွေကြောင့် ဆိုးကျိုးတွေ ဖြစ်စေခဲ့ပါတယ်။ မူဆိုလီနီနဲ့ ဟစ်တလာကို အာဏာရအောင် တွန်းတင်ပေးခဲ့ကြတာက ကွန်ဆာဗေးတစ်တွေပဲ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ်တွေက အမျိုးသားရေးဝါဒကို ဇောင်းပေးခြင်းအားဖြင့် မာ့က်စ်ဝါဒီတွေရဲ့ ခြိမ်းချောက်မှုတွေကို တွန်းလှန်နိုင်မယ် လို့ ယူဆခဲ့ကြပါတယ်။ ပြည်တွင်းမှာ တော်လှန်မယ့် အနေအထား မရှိရင်တောင် ပြည်ပမှာ မာ့က်စ်ဝါဒီ ရန်သူရှိနေခဲ့ရင် အစိုးရတွေက ဒါကိုအကြောင်းပြပြီး စစ်အသုံးစရိတ် တိုးမြှင့်တာတွေ၊ အမျိုးသား လုံခြုံရေးကို အကြောင်းပြပြီး တဦးချင်းအခွင့်အရေးတွေကို ကန့်သတ်ထိန်းချုပ်တာတွေ ပြုလုပ်တတ် ကြပါတယ်။

လက်တွေ့နိုင်ငံရေးမှာ အသာထားလို့ နိုင်ငံရေးအတွေးအခေါ် ကဏ္ဍတခုကိုပဲ ကြည့်မယ်ဆိုရင်တောင် မာ့က်စ်ရဲ့ လွှမ်းမိုးနိုင်စွမ်းရည်က ကြီးမားလှပါတယ်။ မာ့က်စ်ရဲ့ စီးပွားရေးနဲ့ လူမှုရေး အတွေးအခေါ် တွေကို တစုံတရာ မှီငြမ်းကိုးကားထားခြင်းမရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာကို စဉ်းစားပြီး လက်ညှိုး ထိုးပြနိုင်သူ ရှိပါသလားလို့ မေးရမလိုဖြစ်ကြောင်း ပညာရှင်တွေက ဆိုထားကြပါတယ်။

မာ့က်စ်ရဲ့အတွေးအခေါ်တွေဟာ ခေတ်သစ်လူမှုဗေဒပညာရပ်ကို ထွန်းကားစေခဲ့ပါတယ်။ သမိုင်းပညာ လေ့လာရေးကို ပြောင်းလဲစေခဲ့တယ်။ ဒဿနိကဗေဒ၊ စာပေယဉ်ကျေးမှုနဲ့ အနုပညာကိုလဲ လွှမ်းမိုး ထားခဲ့ပါတယ်။ ဒီလိုရှုထောင့်က ကြည့်မယ်ဆိုရင် မလွဲမသွေ လက်ခံကြရမယ့်အချက်က ကျွန်ုပ်တို့ အားလုံးဟာ မာ့က်စ်ဝါဒီတွေလို့တောင် ဆိုရမလိုပဲ ဖြစ်နေပါတယ်။ ဒီလောက်ထိ သက်ရောက်မှု ကြီးမားခဲ့တဲ့ အတွေးအခေါ်တွေဟာ ဘာတွေလဲ။ ဒါတွေကို ဒီစာအုပ်မှာ ရေးသားဖော်ပြသွားပါမယ်။ ပထမဦးဆုံးအနေနဲ့ ဒီအတွေးအခေါ်တွေ ရှိခဲ့တဲ့ လူတယောက်အကြောင်းကို လေ့လာကြည့်ကြ ရအောင်ပါ။

ကားလ်မာ့က်စ်ကို (၁၈၁၈) ခုနှစ်မှာ ဂျာမဏီနိုင်ငံ၊ ရိုင်းလန်ဒေသက Trier မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ မိဘတွေဖြစ်တဲ့ Heinrich နဲ့ Henrietto တို့ဟာ ဂျူးလူမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Heinrich ရဲ့ ရှေ့နေအသက်မွေးဝမ်းကျောင်းမှုကို ပိုမိုလွယ်ကူစေတဲ့ ပရိုတက်စတင့်ဘာသာကို ကိုးကွယ်ခဲ့ပါတယ်။ မိသားစုဟာ အရမ်းချမ်းသာကြွယ်ဝသူတွေ မဟုတ်ပေမယ့် ချောင်ချောင် လည်လည်နဲ့ ပြည့်ပြည့်စုံစုံ ရှိခဲ့ပါတယ်။ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ လစ်ဘရယ် အမြင် ရှိခဲ့ပါတယ်။

အသက် (၁၇)နှစ်မှာ Bonn တက္ကသိုလ်မှာ ဥပေဒေပညာရပ်ကို သွားရောက်သင်ယူချိန်မှာတော့ မာ့က်စ်ရဲ့ ပညာရေးဘ၀ခရီးက စတင်ဆိုးရွားလာခဲ့ပါတယ်။ တနှစ်အတွင်းမှာတင် အရက်သေစာ လွန်ကျွံစွာ သောက်သုံးမှုနဲ့ ထောင်ကျခဲ့ပါတယ်။ သူ့ရဲ့ ငယ်ရည်စားဖြစ်တဲ့ Jenny Von Westphalen ကို အချစ်ကဗျာတွေ ရေးသားပေးပို့ခဲ့ပါတယ်။ သူ့အဖေကတော့ ဒီလိုဖြစ်ပျက်နေတာတွေကို နှစ်သက်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပိုပြီးစည်းကမ်းကြီးတဲ့ ဘာလင်တက္ကသိုလ်ကို ကျောင်းပြောင်းတက် စေခဲ့ပါတယ်။

ဘာလင်ရောက်တော့ မာ့က်စ်ရဲ့ စိတ်ဝင်စားမှုတွေက ပိုပြီးပညာရှင်ဆန်လာပါတယ်။ သူ့ရဲ့လေ့လာမှု နယ်ပယ်က ဥပဒေဘက်ကနေ ဒဿနိကဗေဒကို ပြောင်းလဲသွားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူ့ဖခင်က အထင်ကြီးခြင်း မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သူ့ဖခင်သေဆုံးသွားချိန်မှာတော့ မိသားစုမှာ ဖခင်ရဲ့ ၀င်ငွေ မရှိတော့တာကြောင့် မာ့က်စ်ရဲ့ ပညာရေးခရီးအတွက် အခက်အခဲတွေ ဖြစ်လာပါတယ်။ မာ့က်စ်အနေနဲ့ သူ့ဘ၀ရှေ့ရေးကို လေးလေးနက်နက် စတင်စဉ်းစားလာရပါတော့တယ်။ တက္ကသိုလ်မှာ ကထိက အလုပ်ရဖို့အတွက် ဒေါက်တာဘွဲ့စာတမ်းကို စတင်ပြုစုလာခဲ့ပါတယ်။

မာ့က်စ်ရဲ့ စာတမ်းက Democritus နဲ့ Epicurus ဒဿနိကဗေဒတွေထဲက ကွဲလွဲချက်တွေကို လေ့လာခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီရှေးပဝေသဏီ အငြင်းပွားမှုတွေနဲ့ Hegel ရဲ့ ဒဿနိကဗေဒ ဖွင့်ဆိုချက် အငြင်းပွားမှုတွေအကြားက ပြိုင်ဆိုင်မှုတွေကို တွေ့ရှိလာခဲ့ပါတယ်။ ဒီအချိန်ကာလတွေမှာတုန်းက Hegel ရဲ့ ဒဿနိကဗေဒဟာ ဂျာမန်အတွေးအခေါ်တွေထဲက ကွဲပြားခြားနားနေတဲ့ နိုင်ငံရေးအမြင်တွေရဲ့ ဆုံမှတ်နယ်ပယ်ဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့ဒေါက်တာဘွဲ့ စာတမ်းကို (၁၈၄၁) ခုနှစ်မှာ တင်ခဲ့ပြီး၊ လက်ခံခဲ့ကြပေမယ့် ဘယ်တက္ကသိုလ်ကမှ ကထိက အလုပ်ကို ပေးအပ်ခြင်းမရှိခဲ့ပါဘူး။ ဒီအချိန်မှာပဲ မတ်စ်ကလဲ ဂျာနယ်လစ်ဇင်ကို စတင် စိတ်ဝင်စားလာခဲ့ပါတယ်။ အသစ်ထုတ်ဝေလာတဲ့ Rheinische Zeitung ဆိုတဲ့ လစ်ဘရယ် သတင်းစာတစောင်မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ ဒဿနိကရေးရာ ဆောင်းပါးများကို စတင်ရေးသားလာ ခဲ့ပါတယ်။ သူ့ရဲ့ ဆောင်းပါးတွေကို လူအများက ဖတ်ရှုအားပေးခဲ့ကြပြီး၊ သတင်းစာတိုက်နဲ့ မာ့က်စ်တို့အကြားမှာ ဆက်ဆံရေးပိုပြီး ခိုင်မာလာခဲ့ပါတယ်။ (၁၈၄၂) ခုနှစ်မှာ သတင်းစာအယ်ဒီတာ နှုတ်ထွက်သွားချိန်မှာတော့ မာ့က်စ်က အယ်ဒီတာ ဖြစ်လာပါတော့တယ်။

ဒါပေမယ့်လဲ မာ့က်စ်ရဲ့ အယ်ဒီတာဘ၀က သက်တမ်းမရှည်ခဲ့ပါဘူး။ သတင်းစာကို လူတွေရဲ့ စိတ်ဝင်စားမှု ကြီးထွားလာတာနဲ့အမျှ ပါရှန်းအစိုးရရဲ့ ဆင်ဆာကလဲ ကြီးမားလာခဲ့ပါတယ်။ Mosella Valley က wine-growers တွေရဲ့ ဆင်းရဲနွမ်းပါးမှုတွေအကြောင်း ရေးသားထားတဲ့ မာ့က်စ်ရဲ့ ဆောင်းပါးတွေက သက်ရောက်မှုကြီးမားကြောင်း စဉ်းစားလာကြပြီး၊ သတင်းစာကို ဖိနှိပ်မှုတွေ လုပ်လာကြပါတယ်။

အာဏာပိုင်တွေက ဒီလိုလုပ်လာတာကို မတ်စ်ကတော့ ၀မ်းနည်းခြင်းမရှိခဲ့ပါဘူး။ အလုပ်မရှိတော့ချိန်မှာ အာဏာပိုင်တွေက သူ့ရဲ့လွတ်လပ်ခွင့်ကို ပြန်လည်ပေးအပ်လိုက်ခြင်းဖြစ်တယ်လို့တောင် သူငယ်ချင်း ဖြစ်သူဆီ စာရေးသားခဲ့ပါသေးတယ်။ အယ်ဒီတာတာဝန်တွေ မထမ်းဆောင်ရတော့တဲ့အတွက် Hegel ရဲ့ နိုင်ငံရေးဒဿနိကဗေဒကို critical study စတင်ပြုလုပ်ခဲ့ပါတယ်။ နောက်ထပ်သူတွေးနေတာ တခုကလဲ ရှိခဲ့ပါသေးတယ်။ ခုနစ်နှစ်ကြာစေ့စပ်ထားတဲ့ သူ့ချစ်သူ Jenny ကို လက်ထပ်ဖို့အရေးပါ။ ပြီးတော့ သူ့ရဲ့အတွေးအခေါ်တွေကို လွတ်လပ်စွာဖော်ပြခွင့်မပေးတဲ့ ဂျာမဏီနိုင်ငံကနေ သူထွက်ခွာလိုပါတယ်။

ဒါပေမယ့်လဲ ပြဿနာက လက်ထပ်ဖို့အတွက် ငွေလိုပါတယ်။ ဒီလိုအခြေအနေမှာပဲ လူငယ်စာရေးဆရာ တယောက်အဖြစ် နာမည်ကောင်းရှိနေတဲ့ သူ့ကို German-French Annals က တွဲဖက်အယ်ဒီတာအဖြစ် လုပ်ဆောင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီအလုပ်ကနေ လက်ထပ်ဖို့လုံလောက်တဲ့ ငွေကြေးကို ရရှိခဲ့ရုံမက ဘယ်ကိုသွားမလဲဆိုတဲ့ အဖြေကိုပါ ရရှိသွားခဲ့ပါတယ်။ စာစောင်သစ်ထုတ်ဝေရန် ပြင်ဆင်မှုက ပြင်သစ်နဲ့ ဂျာမန်ဟာစာရေးဆရာတွေကိုသာမက စာဖတ်ပရိသတ်တွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

(၁၈၄၃) ခုနှစ်မာ ကားလ်မတ်စ်နဲ့ Jenny တို့ ပြင်သစ်ကို ရောက်ရှိသွားခဲ့ပါတယ်။ ရောက်ပြီးမကြာမီမှာပဲ တိုးတက်တဲ့အတွေးအခေါ်ကို လက်ခံကြတဲ့ radical တွေ၊ ဆိုရှယ်လစ်တွေနဲ့ ရင်းနှီးကျွမ်းကျင် သွားခဲ့ပါတယ်။ Annals မှာ မတ်စ်က ဆောင်းပါးနှစ်ပုဒ် ရေးခဲ့ပါတယ်။ သို့ပေမယ့်လဲ စာစောင် သက်တမ်းက သတင်းစာသက်တမ်းထက်တောင် ပိုပြီးသက်တမ်းတိုခဲ့ပါသေးတယ်။ ပထမစာစောင် ထုတ်လိုက်စဉ်မှာပဲ ပြင်သစ်က စာရေးဆရာတွေ စတင်ပြီး ရှောင်တိမ်းရပါတော့တယ်။ Prussia ကိုပို့တဲ့ စာစောင်တွေကိုလဲ အစိုးရက သိမ်းဆည်းလိုက်ပါတယ်။ ပထမစာစောင်ထဲမှာပါတဲ့ ကွန်မြူနစ်နဲ့ တော်လှန်ရေး အတွေးအခေါ်တွေကြောင့် ပါရှန်းအစိုးရက အယ်ဒီတာတွေကို ဖမ်းဝရမ်း ထုတ်ပါတော့ တယ်။

ဒါကြောင့် မာ့က်စ် ဂျာမဏီကို ပြန်သွားလို့ မရတော့ပါဘူး။ နိုင်ငံရေးဒုက္ခသည် ဖြစ်သွားပါတယ်။ ကံအားလျော်စွာပဲ Rhenish Gazette ရဲ့ ရှယ်ယာဝင်တွေဆီက ငွေကြေးများစွာ ရခဲ့တဲ့အတွက် အလုပ် လုပ်ရန်မလိုပဲ နေနိုင်ခဲ့ပါတယ်။

(၁၈၄၄) ခုနှစ်တလျှောက်လုံးမှာ သူ့ရဲ့ ဒဿနိက ရပ်တည်ချက်အတွက် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ မာ့က်စ်ရဲ့ ဒဿနိကဗေဒက နိုင်ငံရေး၊ ဘောဂဗေဒနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အလုပ်အကိုင်တွေက သမိုင်းကြောင်းဆိုင်ရာ processes သဘောတရားတွေ ပါဝင်နေတာကြောင့် အလွန်ကျယ်ပြန့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ မာ့က်စ်က သူ့ဘာသာသူ ကွန်မြူနစ်လို့ သတ်မှတ်ခေါ်တွင်နေနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီခေတ်ကာလ ပဲရစ်မှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အများအပြားရှိနေတာ ဖြစ်တဲ့အတွက် ဒါကလဲ သိပ်ပြီး ထူးခြားဆန်းကျယ်မှု မဟုတ်ခဲ့ပါဘူး။

ဒီအချိန်မှာပဲ မာ့က်စ်နဲ့အိန်ဂယ်တို့အကြားက ခင်မင်ရင်းနှီးမှုက စတင်လာခဲ့ပါတယ်။ Friedrich Engels ဆိုသူက အင်္ဂလန်၊ မန်ချက်စတာမှာ ချည်ထည်စက်ရုံ ပိုင်ဆိုင်ထားတဲ့ ဂျာမန်စက်မှု လုပ်ငန်းရှင် တဦးရဲ့သား ဖြစ်ပါတယ်။ ဒါပေမယ့် မာ့က်စ်ပါဝင်ပတ်သက်ခဲ့တဲ့ German Intellectual Circles နဲ့ အတူတူပဲ ဆက်နွယ်မှုတွေ ရှိခဲ့တဲ့ အိန်ဂယ်ကတော့ revolutionary socialist ဖြစ်နေခဲ့ပါတယ်။

မာ့က်စ်ရဲ့ ဘောဂဗေဒ အတွေးအခေါ်တွေ အပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိခဲ့တဲ့ Annals ထဲမှာ အိန်ဂယ်ရဲ့ ဆောင်းပါးတခု ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အိန်ဂယ် ပါရီမြို့ကို အလည်ရောက်သွားချိန်မှာ မာ့က်စ်နဲ့တွေ့ဆုံဖြစ်သွားတာဟာ အံ့သြဖွယ်ရာတော့ မဟုတ်ပါဘူး။ မကြာခင်မှာပဲ လက်ကမ်းစာစောင် တခုကို ပူးတွဲလုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ အိန်ဂယ်က လမ်းကမ်းစာစောင်ပဲဖြစ်မယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် (၁၅) မျက်နှာရှိတဲ့ စာတမ်းကိုရေးပြီး၊ ပဲရစ်က မထွက်ခွာခင်မှာ မာ့က်စ်ရဲ့ လက်ထဲမှာ ထားခဲ့ပါတယ်။ ဒီလက်ကမ်းစာစောင်ဟာ The Holy Family ဆိုတဲ့ အမည်နဲ့ (၁၈၄၅) ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ စာမျက်နှာ (၃၀၀) ကျော်ရှိပြီး၊ ဒါဟာ မာ့က်စ်ရဲ့ ပထမဆုံး စာအုပ်ဖြစ်လာ ခဲ့ပါတယ်။

အဲဒီအချိန်မှာ ပါရှန်းအစိုးရဟာ ပဲရစ်မှာ ရောက်နေတဲ့ ဂျာမန်ကွန်မြူနစ်တွေနဲ့ ပတ်သက်ပြီး တစုံတရာ လုပ်ဆောင်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့် expulsion order ထွက်လာပြီး၊ မာ့က်စ်ရဲ့ မိသားစု (ဇနီးနဲ့ သမီးဖြစ်သူ) တို့ဟာ ဘရပ်ဆဲလ်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ဘရပ်ဆဲလ်မှာ နေထိုင်ခွင့်ရဖို့အတွက် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မပြုကြောင်း ကတိပေး ခဲ့ရပါတယ်။ ဒါပေမယ့်လဲ သိပ်မကြာပါဘူး။ နိုင်ငံတကာက ကွန်မြူနစ်တွေအကြား ရင်းနှီးဆက်နွယ်မှုတွေ ရှိလာရေးအတွက် communist correspondence committee ကို စည်းရုံးဖွဲ့စည်းခဲ့တာကြောင့် ကတိကို ချိုးဖောက်လိုက်သလို ဖြစ်သွားပါတယ်။ ဒါပေမယ့်လဲ ဘရပ်ဆဲလ်မှာ သုံးနှစ်ကြာအောင် နေထိုင်နိုင်ခဲ့ပါတယ်။ ဘောဂဗေဒနဲ့ နိုင်ငံရေးကို critical analysis လုပ်တဲ့ စာအုပ်တအုပ် ရေးသားဖို့ အတွက် ထုတ်ဝေသူနဲ့ စာချုပ်ချုပ်ပါတယ်။ စာချုပ်အရ (၁၈၄၅) ခုနှစ်၊ နွေရာသီမှာ စာအုပ်ကို အပြီး ရေးရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ နောက်ပိုင်းမှာ အရင်းကျမ်း (Capital) အဖြစ် ပေါ်ထွက်လာမယ့် စာအုပ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အချိန်မှီ မပြီးတာကြောင့် စာချုပ်ပျက်ပြယ်သွားခဲ့ပါတယ်။ စာအုပ်ရေးသားစဉ် ကာလတလျှောက်မှာ မာ့က်စ်မိသားစုရဲ့ စားဝတ်နေရေးအတွက် အိန်ဂယ်က ငွေရေးကြေးရေး အကူအညီများစွာ ပေးအပ်ခဲ့ပါတယ်။

မာ့က်စ်နဲ့ အိန်ဂယ်တို့ နှစ်ယောက်အကြားက ရင်းနှီးမှုကလဲ ကြီးထွားလာခဲ့ပါတယ်။ အိန်ဂယ်က ဘရပ်ဆဲလ်ကို ရောက်လာခဲ့ပြီး၊ အင်္ဂလန်ကို နှစ်ယောက်အတူ သွားခဲ့ကြပါတယ်။ စက်မှုခေတ်သစ်ရဲ့ ဗဟိုချက်မ ဖြစ်နေတဲ့ မန်ချက်စတာမှာ ဘောဂဗေဒကို ခြောက်ပတ်ခန့် လေ့လာခဲ့ကြပါတယ်။ (ဒီအချိန်မှာ မာ့က်စ်ရဲ့ဇနီး Jenny ကတော့ ဒုတိယသမီးငယ် လော်ရာကို မွေးဖွားနေပါပြီ။)

မန်ချက်စတာက ပြန်ရောက်ချိန်မှာ ဘောဂဗေဒနဲ့ ပတ်သက်တဲ့ စာအုပ်ရေးသားမှုကို မာ့က်စ်က ရွှေ့ဆိုင်းခဲ့ပါတယ်။ သူ့ရဲ့ positive theory ကို မချမှတ်ခင်မှာ ဂျာမန်ဒဿနိကဗေဒနဲ့ ဆိုရှယ်လစ် အသိုင်းအ၀ိုင်းအတွင်းက အတွေးအခေါ်တွေကို demolish လုပ်ဖို့ လိုအပ်ကြောင်း မာ့က်စ်က ယူဆ ခဲ့ပါတယ်။ ဒါကြောင့် The German Ideology ကို ရေးသားပြုစုခဲ့ပါတယ်။ ဒီစာအုပ်ကို ထုတ်ဝေသူ ခုနစ်ယောက်က ထုတ်ဝေဖို့ ငြင်းဆိုခဲ့ပြီး၊ နောက်ဆုံးမှာ ထုတ်ဝေဖို့ စိတ်ကူးကို စွန့်လွှတ်ခဲ့ရပါတယ်။

ဒီနှစ်ကာလတွေမှာ The German Ideology ကိုရေးသားခြင်း အပြင်၊ အခြားအတွေးအခေါ်များကို တိုက်ခိုက်ရေးသားမှုတွေလဲ ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်ဆိုရှယ်လစ် Proudhon ကို တိုက်ခိုက်တဲ့ စာတွေကိုလဲ ရေးသားခဲ့ပါတယ်။ သီအိုရီအရ "superstitious attitude to authority” ကို ဆန့်ကျင်ခဲ့ပေမယ့် မာ့က်စ်ဟာ သူ့အတွေးအခေါ်တွေရဲ့ အရေးကြီးမှုကို တန်ဖိုးထားပြီး၊ ကွဲပြားတဲ့ အတွေးအခေါ်တွေကို လက်ခံနိုင်စွမ်း သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် communist correspondence committee နဲ့ နောင်မှာပေါ်ပေါက်လာတဲ့ communist league တို့အတွင်းမှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

(၁၈၄၇) ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပတဲ့ communist league ရဲ့ ကွန်ဂရက်ကို လန်ဒန်မှာ သွားတက်ချိန်မှာတော့ မာ့က်စ်ဟာ သူ့ရဲ့ အတွေးအခေါ်တွေကို ကွန်မြူနစ်လှုပ်ရှားမှုတွေရဲ့ အခြေခံ ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့ အခွင့်အရေး ရသွားခဲ့ပါတယ်။ ရှည်လျားထွေပြားတဲ့ ဆွေးနွေးမှုတွေ အပြီးမှာ ကွန်မြူနစ်ဝါဒအရှိန်မြင့်လာအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ သူ့ရဲ့ အမြင်တွေကို အများ လက်ခံလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ communist league ရဲ့ doctrines တွေကို ရိုးရှင်းတဲ့ ဘာသာစကားနဲ့ ရေးသားဖို့ တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ ရလဒ်ကတော့ (၁၈၄၈) ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပေါ်ထွက်လာခဲ့တဲ့ The Communist Manifesto ပါပဲ။ ဒါဟာ မာ့က်စ်ဝါဒ ပေါ်ထွက်လာခြင်းရဲ့ ကနဦးအစ ဆိုရင်လဲ မမှားပါဘူး။

(ဆက်လက်ဖော်ပြပါမည်)

မူရင်းစာအုပ်အမည် - Marx: A Very Short Introduction
စာအုပ်ရေးသားသူ - Peter Singer
စာအုပ်ထုတ်ဝေနှစ် - ၁၉၈၀ (ပထမအကြိမ်)၊ ၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
ဘာသာပြန်သူ - ခင်မမမျိုး (၂၆၊ ၁၁၊ ၂၀၁၂)

ဒုတိယပိုင်းသို့ 

ကားလ်မာ့က်စ် မိတ်ဆက် (ဘာသာပြန်)အခန်း (၂)



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: