သဘာဝပတ်ဝန်းကျင် လုံခြုံရေး

 
MyanMar Institute of Peace and Security Studies (MIPSS)
လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၅)
ဇန်န၀ါရီလ၊ ၂၀၁၃ ခုနှစ်



နိဒါန်း
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု (environmental change) ဟာ လုံခြုံရေးအပေါ်သက်ရောက်မှု တစုံတရာရှိကြောင်း ယူဆလာကြပြီး နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်လုံခြုံရေး (environmental security) ဆိုတဲ့ သဘောတရားတခု စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အချို့ပညာရှင်များက သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် စစ်ပွဲနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနိုင်ကြောင်း ဆိုထားကြပြီး၊ အချို့ပညာရှင်များကတော့ စစ်ပွဲများက သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကို ဖြစ်စေနိုင်ကြောင်း ဆိုထားကြပါတယ်။ အချို့ကတော့ သဘာဝပတ်ဝန်းကျင်လုံခြုံရေးနဲ့ ဆင်းရဲနွမ်းပါးမှု၊ လူသားလုံခြုံရေး တို့အကြားက ပတ်သက်ဆက်နွယ်မှုတွေကို ဖော်ထုတ်လေ့လာကြပါတယ်။ ဒီလို သုတေသနပြု လေ့လာချက်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံအချို့အပြင် ကမ္ဘာ့ ကုလသမဂ္ဂနဲ့ နေတိုးစတဲ့ အစိုးရများအကြားက အဖွဲ့အစည်းများ၊ World Conservation Union နဲ့ Greenpeace စတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများရဲ့ မူဝါဒရေးရာများကို လွှမ်းမိုးမှု ရှိလာပါတယ်။
သဘာဝပတ်ဝန်းကျင်လုံခြုံရေး ဆိုရာဝယ်
(၁၉၉၀) ကာလတွေက အစပြုပြီး သဘာဝပတ်ဝန်းကျင်လုံခြုံရေး ဆိုတဲ့ သဘောတရားဟာ လုံခြုံရေးရာ လေ့လာမှုတွေမှာတင်မကပဲ သဘာဝပတ်ဝန်းကျင်ရေးရာ လေ့လာချက်တွေမှာလဲ လွှမ်းမိုး နေရာယူ လာခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်လုံခြုံရေး ဆိုရာမှာ စကားလုံးနှစ်လုံး ပါဝင်ပါတယ်။ ပထမ စကားလုံးကတော့ သဘာဝ ပတ်ဝန်းကျင် (environment) ဖြစ်ပါတယ်။ ပညာရှင် Boyden ဆိုသူက သဘာဝပတ်ဝန်းကျင် ဆိုတာကို Earth system ထဲမှာ ပါဝင်တဲ့ သက်ရှိပိုးမွှားများနဲ့ ရူပဆိုင်ရာ အစိတ်အပိုင်းများ၊ ဓာတုဆိုင်ရာ အစိတ်အပိုင်းများ လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ လုံခြုံရေး ဆိုတာကိုတော့ ပညာရှင် Soroos ဆိုသူက စိတ်ရောလူပါ ကျန်းမာမှုရှိတဲ့ ဘ၀ကို ကြည်နူးပျော်ရွှင်စွာရှင်သန်ရပ်တည်ရေးအတွက် လူသားတွေရဲ့ စိတ်ချယုံကြည်မှုလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီစကားလုံး အဓိပ္ပာယ်တွေဟာ အကြောင်းအရာများစွာနဲ့ ဆက်စပ်နေတဲ့အတွက် သဘာဝပတ်ဝန်းကျင် လုံခြုံရေးဆိုင်ရာ အခြေခံလေ့လာချက်တွေမှာလဲ ရှုမြင်သုံးသပ်ချက်များစွာ ပေါ်ထွက်လာပါတယ်။ ပထမတမျိုးကတော့ သဘာဝပတ်ဝန်းကျင် လုံခြုံရေးဆိုတာကို သဘာဝပတ်ဝန်းကျင်အပေါ် လူသား တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် သက်ရောက်မှုတွေအဖြစ် ရှုမြင်ချက် ဖြစ်ပါတယ်။ ဒါကို ecological security လို့လဲ သတ်မှတ်ကြပါတယ်။ ecosystem နဲ့ ecological processes တွေရဲ့ လုံခြုံရေးကို အဓိကခြိမ်းချောက်နေတဲ့ အရာတွေဟာ လူသားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေလို့ ဒီအမြင်တွေက ယူဆထားပါတယ်။ ဒီရှုမြင်ချက်ဟာ အစိမ်းရောင် ဒဿနိကဗေဒ (Green Philosophy) နဲ့ ecological theory တွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး၊ စနစ်တကျ အမှီသဟဲပြုမှု၊ ရှုပ်ထွေးမှု၊ မသေချာ မရေရာမှု စတဲ့ သဘောတရားတွေ ပေါင်းစပ်ပါဝင်ပါတယ်။
ဒုတိယ ရှုမြင်သုံးသပ်ချက်တရပ်ကတော့ ဘုံလုံခြုံရေး (common security) အဖြစ် ရှုမြင်ချက် ဖြစ်ပါတယ်။ ဒီအမြင်အရ သဘာဝပတ်ဝန်းကျင်ပြဿနာများကို ဖြစ်ပွားစေမှုနဲ့ အကျိုးသက်ရောက်မှု တွေဟာ နိုင်ငံတနိုင်ငံချင်းရဲ့ နယ်နိမိတ်တွေမှာတင် ဖြစ်ပွားနေခြင်း မဟုတ်ပဲ ကမ္ဘာ့အဆင့်ပြဿနာလို့ ယူဆချက်တွေ ရှိပါတယ်။ အိုဇုန်းလွှာပေါက်ပြဲမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ နိုင်ငံပေါင်းစုံက ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့တွေကြောင့် ဖြစ်ပြီး၊ ကမ္ဘာတ၀ှမ်းလုံးရဲ့ လုံခြုံရေးကို ထိခိုက်လာ စေကြောင်း ရှုမြင်သုံးသပ်ကြပါတယ်။ ဒါတွေတင်မကပဲ အခြားပြဿနာတွေဖြစ်တဲ့ အက်ဆစ် မိုးရွာသွန်းမှု၊ မီးခိုးလုံးများ ဖြစ်ပေါ်မှု၊ ရေရှားပါးမှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာတွေဟာလဲ ကမ္ဘာတ၀ှမ်းလုံးရဲ့ ပြဿနာတွေ ဖြစ်ကြောင်း ယူဆလာကြပါတယ်။ ဒီလိုယူဆချက်တွေအရ သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို နိုင်ငံတွေစုပေါင်းဖြေရှင်းရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းနဲ့ စုပေါင်းလုပ်ဆောင်မှု (collective action) အပေါ်မှာ အခြေခံတဲ့ ဘုံအမျိုးသားရေးလုံခြုံရေး အကျိုးစီးပွားများ (common national security interests) ကို ဖော်ထုတ်ဖို့ လိုလာကြောင်း အကြံပြုချက်တွေ ပေါ်ထွက်လာပါတယ်။
ဒီလို အကြံပြုချက်တွေကနေတဆင့် သဘာဝပတ်ဝန်းကျင်နဲ့ အမျိုးသားလုံခြုံရေးတို့အကြားက ဆက်နွယ်မှု တွေကို လေ့လာချက်တွေလဲ ပေါ်ထွက်လာပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံတော်လုံခြုံရေး
သဘာဝပတ်ဝန်းကျင်မှာ တစုံတရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါ တိုင်းပြည်ရဲ့ စစ်အင်အားကို အဆုံးအဖြတ်ပေးတဲ့ စီးပွားရေးအဆောက်အအုံကို အားပျော့လာစေတတ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ဝန်ဆောင်မှုတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်တွေအတွက် အလွန်အရေးကြီးပါတယ်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် အခြေခံကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ သစ်တော၊ ငါးဖမ်း၊ သယံဇာတ တွင်းထွက်ပစ္စည်း ကဏ္ဍတွေသာမက သဘာဝပတ်ဝန်းကျင်ကို မှီခိုရတဲ့ ၀န်ဆောင်မှုတွေဖြစ်တဲ့ ခရီးသွားကဏ္ဍတွေကိုပါ ထိခိုက်လာစေတတ်ပါတယ်။
ဥပမာအားဖြင့် တရုတ်ပြည်ရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တည်ဆောက်ရေး အစီအစဉ်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ တည်မှီနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ecology ပညာရပ် ရှူထောင့်ကနေ ကြည့်ရှုမယ်ဆိုရင်တော့ ရေရှည်တည်တံ့ခိုင်မြဲဖို့ ခဲယဉ်းကြောင်း အချို့ပညာရှင်များက ထောက်ပြပြောဆိုကြပါတယ်။ အဓိကအကြောင်းရင်းကတော့ ရေရှားပါးမှု၊ ညစ်ညမ်းရေများပြားမှုနဲ့ မြေဆီလွှာပျက်သုဉ်းမှု၊ စွမ်းအင်မလုံလောက်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးအဆောက်အအုံရဲ့ သဘာဝအရင်းအမြစ်များ ပျက်စီးလာတဲ့အခါ စစ်တပ်ရဲ့ ရေရှည် စွမ်းရည်ကလဲ ကျဆင်းနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါတင်မကပဲ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုဟာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတာကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကိုလဲ ထိခိုက်စေပါတယ်။ ဒါကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်ရေးရာ ရှုထောင့်အရ ရေရှည်တည်တံ့ခိုင်မြဲမှု မရှိနိုင်ဘူးဆိုရင် အမျိုးသား လုံခြုံရေးကိုလဲ ထိခိုက်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
တိုင်းပြည်တခုမှာ ကြုံတွေ့ရတတ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဟာ အဓိကအားဖြင့် ပြည်တွင်းဖွံ့ဖြိုးရေးနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမယ့် အချို့ပြဿနာတွေကတော့ သက်ဆိုင်ရာ တိုင်းပြည်က ထိန်းချုပ်နိုင်မှုထက် ပိုမိုကျော်လွန်နေပါတယ်။ ထင်ရှားတဲ့ ဥပမာတွေကတော့ လတ္တီကျူတောင်ပိုင်းဒေသမှာ ကမ္ဘာ့အိုဇုန်းလွှာ ပါးလွှာမှုကြောင့် အရေပြားကင်ဆာဖြစ်ပွားမှုနှုန်း အပေါ် သက်ရောက်မှု၊ ပိုလီနီးရှားနဲ့ မာရှယ်လ်ကျွန်းစုတွေမှာ ဖြစ်ပွားခဲ့တဲ့ နယူးကလီးယား လက်နက် စမ်းသပ်မှုများရဲ့ သက်ရောက်မှု၊ (၁၉၈၆) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ chernobyl nuclear reactor မတော်တဆမှုကြောင့် အရှေ့ဥရောပနိုင်ငံများအပေါ် သက်ရောက်မှုများ၊ အင်ဒိုနီးရှားနိုင်ငံမှ တောမီးလောင်မှုများရဲ့ သက်ရောက်မှုကြောင့် ဖြစ်ရတဲ့ မလေးရှားနဲ့ စင်ကာပူမှ လေထုညစ်ညမ်းမှုများ စတာတွေ ဖြစ်ပါတယ်။
နိုင်ငံဖြတ်ကျော်သက်ရောက်မှုတွေဟာ ပြည်ပလုံခြုံရေး ခြိမ်းချောက်မှုများနဲ့ ကွာခြားပါတယ်။ အဓိက ကွာခြားရခြင်း အကြောင်းရင်းကတော့ ထိန်းချုပ်ရန် ခက်ခဲမှုနဲ့ မရည်ရွယ်ပဲ ဖြစ်ပွားရခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လဲ လေ့လာသူပညာရှင်များက သဘာဝပတ်ဝန်းကျင်လုံခြုံရေး ဆိုင်ရာ နိုင်ငံဖြတ်ကျော်သက်ရောက်မှုတွေကို ရန်သူမရှိသော ခြိမ်းချောက်မှုများ (threats without enemies) လို့ အမည်ပေးထားကြပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် လူသားလုံခြုံရေး
သဘာဝပတ်ဝန်းကျင်အရေးဟာ (၁၉၉၄) ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ဖွင့်ဆိုထားတဲ့ လူသားလုံခြုံရေးဆိုင်ရာ ကဏ္ဍခုနစ်မျိုးမှာ ပါဝင်တဲ့ ကဏ္ဍဖြစ်ပါတယ်။ အခြားကဏ္ဍခြောက်မျိုးကတော့ စီးပွားရေး၊ အစားအစာ၊ ကျန်းမာရေး၊ ပုဂ္ဂလိက၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေး စတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်အရေးဟာ နိုင်ငံတကာလုံခြုံရေးနဲ့နိုင်ငံတော်လုံခြုံရေးတို့အပေါ် သက်ရောက်မှုတစုံတရာ ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး အချို့ ပညာရှင်များက ငြင်းဆိုမှုတွေ ရှိတတ်ပေမယ့် လူသားလုံခြုံရေးအပေါ် သက်ရောက်မှုရှိတာကတော့ ဘယ်သူမှ ငြင်းဆိုလို့မရတဲ့ သိသာထင်ရှားမှုတွေ ရှိပါတယ်။
လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်လုံခြုံရေး မရှိမှုတွေဟာ နည်းလမ်းမျိုးစုံ၊ အကြောင်းအရာမျိုးစုံနဲ့ ဖြစ်ပွားနေပါတယ်။ သဘာဝပတ်ဝန်းကျင်လုံခြုံရေးကင်းမဲ့မှု (environmental insecurity) ကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကတော့ လူသားများနေထိုင်တဲ့ နေရာတွေနဲ့ အဆိုပါနေရာများရဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများ၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ဖြစ်ပွားစေတဲ့ ပျက်စီးဆုံးရှုံးမှုများနဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေအပေါ် တုန့်ပြန်နိုင်တဲ့ လူသားတို့ရဲ့ စွမ်းဆောင်ရည် မပြည့်ဝမှု စတာတွေ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အရှေ့တီမောက တောင်တန်းတွေမှာ နေထိုင်ကြတဲ့ ယာသမားကြီးတွေရဲ့ အစားအစာတွေဟာ သူတိုရဲ့ ယာထွက်ကုန်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပိုလျှံမှုတွေကို ရောင်းချမှသာ ငွေအနည်းအကျဉ်း လက်ဝယ်ရှိကြတာ ဖြစ်ပါတယ်။ အဲဒီယာမြေတွေမှာ တစတစနဲ့ မြေဆီလွှာ ပျက်သုဉ်းမှု ဖြစ်လာပါတယ်။ စားသောက်ကုန်တွေကို ရေရှည်သိမ်းဆည်းထားနိုင်တဲ့ အစီအမံတွေ အဲဒီဒေသမှာ မရှိပါဘူး။ ကုန်ပစ္စည်းတွေကို တနေရာကနေ တနေရာကို သယ်ယူပို့ဆောင်ပေးနိုင်မယ့် လမ်းပန်းဆက်သွယ်ရေးစနစ်တွေလဲ မရှိပါဘူး။
တစတစနဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ကျဆင်းလာပါတယ်။ မိုးလေ၀သ အခြေအနေတွေက ဖောက်ပြန်လာပါတယ်။ မိုးခေါင်ရေရှား ဖြစ်လာပါတယ်။ ဒီအခါမှာ ယာခင်းတွေ ပျက်စီးလာပါတယ်။ ယာသမားကြီးတွေအတွက် အခြားအစားအစာတွေ ၀ယ်ယူနိုင်ဖို့ ပိုက်ဆံကလဲ မရှိသလို၊ ပိုက်ဆံအနည်း အကျဉ်းရှိရင်တောင် ၀ယ်ယူနိုင်ဖို့ အခြေအနေကလဲ ခက်ခဲလာပါတယ်။ ရလဒ်ကတော့ အရှေ့တီမောမှာဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှု ပြဿနာတွေ ဖြစ်လာပြီး၊ (၂၀၀၃-၂၀၀၄) ခုနှစ်မှာ လူတသိန်းကျော်ဟာ စားနပ်ရိက္ခာထောက်ပံ့မှု လိုအပ်တဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။
ဒီပြဿနာကို ကြည့်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် လုံခြုံရေးကင်းမဲ့မှုဆိုင်ရာ အကြောင်းရင်းတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ အရှေ့တီမောက ယာသမားကြီးများဟာ သဘာဝပတ်ဝန်းကျင်အပေါ်မှာ မှီခိုပြီး နေထိုင်ရသူများ ဖြစ်ပါတယ်။ သူတို့တတွေဟာ ယာစိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ ဒေသမှာ နေထိုင်ပြီး၊ အသက်ရှင်ရပ်တည်မှုကလဲ ယာထွက်ကုန်များအပေါ်မှာ မှီခိုနေရတာ ဖြစ်ပါတယ်။ အခြား အစားအစာ များကို ၀ယ်ယူဖို့အတွက်လဲ ၀င်ငွေရှိသူများ မဟုတ်ပါဘူး။ မြေဆီလွှာပျက်သုဉ်းမှုနဲ့ ရေပြတ်လပ်မှု တွေကို ကျော်လွှားနိုင်မယ့် စွမ်းဆောင်ရည်တွေလဲ မရှိကြပါဘူး။ မြေဆီလွှာပျက်သုဉ်းမှု ထိန်းချုပ်ရေး အစီအစဉ်များ၊ အစားအစာ ရေရှည်သိုလှောင်ထိန်းသိမ်းမှုများ ဆိုင်ရာ အသိပညာများလဲ မရှိကြပါဘူး။ ဒီလိုအခြေအနေတွေကို ပိုမိုဆိုးရွားစေတာကတော့ ကျေးလက်ဆင်းရဲနွမ်းပါးမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးမှုတွေပဲ ဖြစ်ပါတယ်။
အရှေ့တီမောက ယာသမားများနဲ့ သြစတြေးလျနိုင်ငံက လယ်ယာသမားများနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်လုံခြုံရေးကင်းမဲ့မှု ပြဿနာဟာ သဘာဝရေးရာ အခြေအနေတွေထက် လူမှုရေးရာ အခြေအနေတွေအပေါ် ပိုမိုမူတည်ကြောင်း တွေ့မြင်နိုင်ပါတယ်။ သြစတြေးလျနိုင်ငံက ယာသမားများဟာလဲ အလားတူ သဘာဝပတ်ဝန်းကျင် အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသူများ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စားသောက်နေထိုင်မှုဟာ ထွက်ကုန် ပစ္စည်းတွေ အပေါ်မှာ မူတည်နေခြင်း မရှိပါဘူး။ ထွက်ကုန်များကို ဈေးကွက်ကို ရောင်းချပြီး၊ ရရှိလာတဲ့ ပိုက်ဆံနဲ့ အခြားအစားအစာများကို ၀ယ်ယူစားသောက်ကြပါတယ်။ အစားအစာ သယ်ယူပို့ဆောင်ရေး စနစ်နဲ့ လမ်းပန်းဆက်သွယ်ရေးကလဲ ကောင်းမွန်ပါတယ်။
ဒါတင်မကပဲ ရေရှည်သိမ်းဆည်း ထားနိုင်တဲ့ နည်းပညာနဲ့ ပစ္စည်းပစ္စယများလဲ ရှိပါတယ်။ အစိုးရရဲ့ လယ်ယာစိုက်ပျိုးရေးအပေါ် ထောက်ပံ့မှုအဆင့်ကလဲ မြင့်မားပါတယ်။ လယ်ယာထွက်ကုန် များအပေါ် အခြေမခံတဲ့ အခြား ၀င်ငွေများကို ရရှိနိုင်တဲ့ အခွင့်အလမ်းများလဲ ရှိပါတယ်။သြစတြေးလျ နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ဘေးဆိုးကို ရင်ဆိုင်ရတဲ့အခါ လယ်သမား၊ ယာသမားတွေအနေနဲ့ အစာရေစာ ပြတ်လပ်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို မခံစားကြရပါဘူး။ ဒါကြောင့် လူသားတွေရဲ့ သဘာဝ ပတ်ဝန်းကျင်လုံခြုံရေးကင်းမဲ့မှု ပြဿနာဟာ သဘာဝရေးရာ အခြေအနေတွေထက် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ အစိုးရရဲ့ တာဝန်ယူမှု၊ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးဆိုင်ရာ အခြေအနေတွေအပေါ် ပိုမိုမူတည်တယ်လို့ ဆိုနိုင်ပါတယ်။
ပညာရှင်အချို့က ဒီလို လူမှုရေးဆိုင်ရာ အခြေအနေတွေကို သက်ရောက်နိုင်မှု အတိုင်းအတာကို အဆုံးအဖြတ်ပေးသော လူမှုရေးအချက်အလက်များအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုရဲ့ လူသားလုံခြုံရေးကို သက်ရောက်စေမှု အတိုင်းအတာကို အဆုံးအဖြတ် ပေးတဲ့ အဓိကအချက်များကတော့ ဆင်းရဲနွမ်းပါးမှု၊ အစိုးရရဲ့ ထောက်ကူပံ့ပိုးမှု၊ ဆုံးဖြတ်ချက်များအား ထိရောက်စွာချမှတ်နိုင်မှု၊ လူ့အဖွဲ့အစည်းရဲ့ social cohesion စတာတွေပဲ ဖြစ်ပါတယ်။ ဒီအချက် တွေက လူသားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုအပေါ် တုန့်ပြန်နိုင်စွမ်းရည် ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုရဲ့ လူသားလုံခြုံရေးအပေါ် သက်ရောက်မှုတွေကို ရှုထောင့်နှစ်မျိုး ခွဲခြားပြီး လေ့လာနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ရေးရာ ရှုထောင့်က ကြည့်မယ်ဆိုရင် လေထု ညစ်ညမ်းမှု၊ သစ်ထုတ်လုပ်မှု၊ တွင်းထွက်ပစ္စည်း တူးဖော်ရှာဖွေမှု စတာတွေဟာ လူတဦးချင်းဆီရဲ့ သဘာဝသယံဇာတ အသုံးပြုမှုနဲ့ ၀န်ဆောင်မှုများအပေါ် သက်ရောက်မှုရှိစေပါတယ်။ နိုင်ငံရေးနဲ့လူမှုရေး ရှုထောင့်က ကြည့်မယ်ဆိုရင် တိုင်းပြည်ရဲ့ လူမှုဖူလုံရေးစနစ်၊ လာဘ်ပေးလာဘ်ယူမှု၊ ကုန်သွယ်မှု၊ အစိုးရရဲ့ တာဝန်ယူမှု စတာတွေဟာ လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုအပေါ် တုန့်ပြန်နိုင်စွမ်းရည်ကို သက်ရောက်မှု ရှိစေပါတယ်။ ဒါတွေတင်မကပဲ ကိုလိုနီစနစ်၊ စစ်ပွဲ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ကုန်သွယ်ရေးလွတ်လပ်ခွင့် စတာတွေကလဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူသား လုံခြုံရေး အပေါ် သက်ရောက်စေနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် ပဋိပက္ခ
သဘာဝပတ်ဝန်းကျင်နဲ့ ပဋိပက္ခတို့အကြားက ဆက်နွယ်မှုတွေဟာ သဘာဝပတ်ဝန်းကျင်လုံခြုံရေးနဲ့ ပတ်သက်တဲ့ လေ့လာချက်တွေမှာ အဓိကကျပါတယ်။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ကြမ်းတမ်းတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ထွက်လာစေနိုင်ခြင်းရှိမရှိနဲ့ ပေါ်ထွက်လာပုံနည်းလမ်းတွေကို
တော့ ပညာရှင်များက လေ့လာသုတေသနပြုနေကြဆဲ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ပဋိပက္ခတို့အကြားက ဆက်နွယ်မှုတွေထဲမှာ အများဆုံး အာရုံစိုက်မှုခံရတဲ့ သီအိုရီကတော့ realist international relations theory ကနေ ငှားရမ်းသုံးစွဲပြီး၊ နိုင်ငံများအကြားက ရှားပါးမှုနဲ့ ပဋိပက္ခတွေကို လေ့လာထားတဲ့ သဘောတရားတွေ ဖြစ်ပါတယ်။ Gleick ဆိုသူက သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းမှုနဲ့ ပဋိပက္ခအကြားမှာ ရှင်းလင်းတဲ့ ဆက်နွယ်မှုကြောင်း ရှိကြောင်းနဲ့ အရင်းအမြစ် (resources) တွေကို မဟာဗျူဟာရည်မှန်းချက်များနဲ့ မဟာဗျူဟာ အသုံးချယန္တရားတွေမှာ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အရင်းအမြစ် တန်းတူညီမျှမှု မရှိခြင်းဟာ ပဋိပက္ခကို ဦးတည် စေနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။
ပညာရှင် Ullman နဲ့ Myers တို့ကလဲ နိုင်ငံများအကြားက စစ်ပွဲတွေဟာ အရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်ပွားရတဲ့ စစ်ပွဲအသွင်တွေ ဆောင်လာနိုင်ကြောင်း သုံးသပ်တင်ပြခဲ့ကြပါတယ်။ရေအရင်းအမြစ်ကို ခွဲဝေသုံးစွဲနေကြတဲ့ တိုင်းပြည်များအကြား စစ်ပွဲတွေ ဖြစ်နိုင်ကြောင်းကိုလဲ ပညာရှင်များက ဆိုထားခဲ့ကြပါတယ်။ ပညာရှင် Thomas Naff ဆိုသူက ရေရဲ့ မဟာဗျူဟာ ပကတိ အမှန်တရားကတော့ ရှားပါးမှုရှိလာချိန်တွေမှာ အရမ်းကြီးမားရှုပ်ထွေးတဲ့ ပါဝါရေးရာ ကိစ္စတရပ် ဖြစ်လာပြီး၊ ပဋိပက္ခကို ဦးတည်စေလာနိုင်ကြောင်းနဲ့ ဒီင်္လိုဖြစ်ပွားလာတဲ့အခါမှာလဲ ဖြေရှင်းဖို့ အလွန် ခက်ခဲကြောင်း ဆိုလာခဲ့ပါတယ်။
ဒါပေမယ့်လဲ ကမ္ဘာပေါ်မှာ နိုင်ငံနှစ်ခု (သို့မဟုတ်) အများက ခွဲဝေသုံးစွဲနေရတဲ့ အဓိကမြစ်ကြောင်း စနစ်ကြီး (၂၆၁) ခုရှိတဲ့အနက် ၂၀ ရာစုကာလမှာ ရေအရင်းအမြစ် ခွဲဝေသုံးစွဲရေးဆိုင်ရာ သဘော တူညီချက်စာချုပ် (၁၄၉) ခု ပေါ်ထွက်လာခဲ့ပြီး၊ နိုင်ငံတကာရေခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်တဲ့ ပဋိပက္ခ (၇) ခုသာ ပေါ်ထွက်ခဲ့တဲ့အတွက် ၂၁ ရာစုမှာ ရေကြောင့်ဖြစ်ရတဲ့ ပဋိပက္ခကတော့ နည်းပါးမှုရှိမယ်လို့ ပညာရှင် Aaron Wolf နဲ့ အချို့ပညာရှင်များက ဆိုထားကြပါတယ်။ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံပြီး ရေအရင်းအမြစ် ခွဲဝေ သုံးစွဲရေးကို အားပေးတဲ့ လစ်ဘရယ်သီအိုရီရေးရာ ကျွမ်းကျင်ပညာရှင်များကတော့ ရေအရင်းအမြစ် ဆိုင်ရာ ပြဿနာကြောင့် စစ်ဖြစ်နိုင်တယ်ဆိုတဲ့ အဆိုကို အားပေးထောက်ခံခြင်း မပြုကြပါဘူး။
လူဦးရေတိုးပွားမှုနဲ့ သဘာဝပတ်ဝန်းကျင်အကြားက ဆက်နွယ်မှုတွေကိုလဲ သဘာဝပတ်ဝန်းကျင် လုံခြုံရေးရာမှာ ထည့်သွင်းစဉ်းစားကြပါတယ်။ ဒါပေမယ့်လဲ လူဦးရေတိုးပွားမှုကြောင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခတွေ ဖြစ်ပွားစေနိုင်ခြင်း ရှိမရှိကိုတော့ ပညာရှင်များက ဆန်းစစ်နေကြဆဲပဲ ရှိပါသေးတယ်။ ဆင်းရဲနွမ်းပါးမှုနဲ့ နည်းပညာ စတာတွေကိုလဲ ထည့်သွင်းစဉ်းစားမှုတွေ ရှိလာကြပါတယ်။ ၀င်ငွေနည်းပါးပြီး၊ နည်းပညာတိုးတက်မှုနှေးကွေးတဲ့ တိုင်းပြည်တွေမှာ လူဦးရေ တိုးပွားလာမှုကြောင့် သဘာဝအရင်းအမြစ် ရယူသုံးစွဲမှု ပိုမိုများပြားလာတတ်ပါတယ်။ ဒါပေမယ့်လဲ လုပ်သားအင်အား တိုးပွားလာတာကြောင့် စားသောက်နေထိုင်မှုတွေမှာ ပိုမိုပြီး environmentallysustainable ဖြစ်နိုင်တယ်လို့ အချို့ပညာရှင်များက ထောက်ပြကြပါတယ်။
ဝင်ငွေမြင့်မားပြီး၊ နည်းပညာတိုးတက်တဲ့ တိုင်းပြည်တွေမှာ နေထိုင်သူတွေကတော့ ဖွံ့ဖြိုးဆဲတိုင်းပြည်က လူတွေထက်ပိုပြီး အရင်းအမြစ်နဲ့ စွမ်းအင်ကို အဆတရာ သုံးစွဲကြကြောင်း သုတေသနမှတ်တမ်းများမှာ တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့လူဦးရေရဲ့ (၁၇) ရာခိုင်နှုန်းရှိနေတဲ့ တိုင်းပြည် ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာ့လူဦးရေရဲ့ (၅) ရာခိုင်နှုန်းပဲ ရှိတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ greenhouse gas ထုတ်လွှင့်မှုဟာ (၅) ရာခိုင်နှုန်းသာရှိပြီး၊ အမေရိကန်ပြည်ထောင်စုကတော့ (၂၃) ရာခိုင်နှုန်း ရှိပါတယ်။
လူဦးရေ၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့ ပဋိပက္ခရေးရာတွေကို စနစ်တကျလေ့လာဆန်းစစ်တဲ့ သုတေသနစီမံချက်တခုကိုတော့ ပညာရှင် Homer-Dixon က ဦးဆောင်ပြီး (၁၉၉၄) ခုနှစ်မှာ ကနေဒါနိုင်ငံ၊ တော်ရန်တိုတက္ကသိုလ်က ပြုလုပ်ခဲ့ပါတယ်။ ဒီသုတေသနစီမံချက်အရ လူဦးရေတိုးပွားမှု၊ အရင်းအမြစ်ရှားပါးမှု၊ လူအများ ရွှေ့ပြောင်းနေရာချထားမှု၊ ပဋိပက္ခတွေအကြားက ဆက်နွယ်မှုတွေကို case studies များသုံးပြီး လေ့လာမှုတွေ လုပ်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ပညာရှင် Guenther Baechler ဦးဆောင်တဲ့ ဇူးရစ်အခြေစိုက် သဘာဝပတ်ဝန်းကျင်နှင့် ပဋိပက္ခဆိုတဲ့ သုတေသန စီမံချက်တခုလဲ ထပ်မံပေါ်ထွက် လာခဲ့ပါတယ်။
ဒီစီမံချက်နှစ်ခုရဲ့ တူညီတဲ့ တွေ့ရှိချက်များကတော့ ရှားပါးတဲ့ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ရယူသုံးစွဲရာမှာ တန်းတူညီမျှခွဲဝေခြင်း မရှိတာဟာ ပဋိပက္ခများကို ဖြစ်စေနိုင်ပြီး၊ ဒီလို ပဋိပက္ခတွေကလဲ အရင်းအမြစ်အမှီသဟဲပြု ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ပိုမိုဖြစ်လေ့ရှိကြောင်း တွေ့ရှိရပါတယ်။ သဘာဝ ပတ်ဝန်းကျင် အရင်းအမြစ်ရှားပါးမှုပြဿနာတွေကို စနစ်တကျ ကိုင်တွယ်နိုင်ခြင်း မရှိတဲ့အခါ၊ ပဋိပက္ခ္ခဖြစ်နိုင်ချေတွေ ပိုမိုမြင့်မားပါတယ်။ သုတေသန စီမံချက်နှစ်ခုစလုံးရဲ့ ရလဒ်အရ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုက စစ်ဖြစ်ရခြင်းရဲ့ immediate cause မဟုတ်ပဲ၊ exacerbating factor သာ ဖြစ်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပဋိပက္ခရေးရာ လေ့လာချက်တွေမှာ တိုးတက်မှု သုံးခု ထပ်မံပေါ်ထွက်လာပါတယ်။ ပထမတိုးတက်မှုတခုကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးရာ အချက်အလက်တွေဖြစ်တဲ့ အရင်းအမြစ်ရှားပါးမှု၊ လူဦးရေတိုးပွားမှုနဲ့ ၀င်ငွေမညီမျှမှုတွေအကြား ဆက်နွယ်မှုတွေကို လေ့လာချက်တွေ ဖြစ်ပါတယ်။ ဒီလေ့လာချက်တွေအရ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တွေမှာ အရင်းအမြစ်ကြောင့် ဖြစ်ရတဲ့ ပြည်တွင်းရေးပဋိပက္ခ ဖြစ်ပွားမှု နည်းပါးပြီး၊ စီးပွားရေးနဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ ဖြစ်ပွားနေတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာတော့ အရင်းအမြစ်ကြောင့် ဖြစ်ရတဲ့ ပြည်တွင်းရေးပဋိပက္ခ ဖြစ်ပွားမှုတွေ ပိုမိုများပြားတတ်ပါတယ်။
ဒုတိယတိုးတက်မှုကတော့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကို ငြိမ်းချမ်းစွာဖြေရှင်းခဲ့တဲ့ တုံ့ပြန်မှုများကို လေ့လာချက်တွေ ဖြစ်ပါတယ်။ သုတေသန ရည်မှန်းချက်က ပဋိပက္ခများကို ကာကွယ်ရေး ရည်မှန်းချက် ဖြစ်တယ်ဆိုရင် ဒီလိုလေ့လာချက်နည်းလမ်းက ပိုပြီး အသုံးဝင်တတ်ပါတယ်။ ဒီလို လေ့လာချက်တွေက ပင်လယ်နဲ့ မြစ်ကြောင်းဆိုင်ရာ အရင်းအမြစ်များကို မျှဝေသုံးစွဲနေကြတဲ့ နိုင်ငံများအကြားက ပူးပေါင်း ဆောင်ရွက်ရေးသဏ္ဍာန်တွေကို ပိုမိုအာရုံစိုက်ပြီး လေ့လာကြပါတယ်။ သို့ပေမယ့် ဒီလေ့လာမှုတွေက တဆင့် ကွဲပြားခြားနားတဲ့ အုပ်စုများအကြား အရင်းအမြစ်တွေကို မျှဝေသုံးစွဲပြီး ပဋိပက္ခများကို ကာကွယ်နိုင်ကြောင်း ညွှန်ပြထားတဲ့ နည်းလမ်းသစ်တွေ ပေါ်ထွက်လာပါတယ်။
တတိယတိုးတက်မှုတခုကတော့ သဘာဝပတ်ဝန်းကျင်ပြဿနာတွေနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ နေရာဒေသ တွေကို ကွင်းဆင်းလေ့လာမှုပြုလုပ်တဲ့ field-based studies တွေ ဖြစ်ပါတယ်။ ဒီလေ့လာချက်တွေအရ အရင်းအမြစ် ထုတ်ယူသုံးစွဲမှုကနေ ပေါ်ထွက်လာတဲ့ အကျိုးအမြတ်တွေကို တန်းတူညီမျှ ခွဲဝေသုံးစွဲမှုမရှိခြင်းက West Kalimantan ၊ Niger Delta နဲ့ Bougainville island တို့မှာ စစ်ပွဲများ ဖြစ်ပွားရခြင်းရဲ့ အခြေခံအကြောင်းရင်းတွေဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
နိဂုံး
လုံခြုံရေးဆိုတာ ပါဝါရှိတဲ့ စကားလုံးတရပ်ဖြစ်ပြီး၊ ပြဿနာတရပ်ကို လုံခြုံရေးပြဿနာအဖြစ် သတ်မှတ်လိုက်တာနဲ့ ပြဿနာရဲ့ အဖြေတွေကို ရှာဖွေမှုတွေမှာ နိုင်ငံတော် (The State) က ပါဝင်ပတ်သက်လာပြီး၊ high politics ဖြစ်လာကြောင်း ပညာရှင် Waever ဆိုသူက ဆိုထားခဲ့ဖူးပါတယ်။ သဘာဝပတ်ဝန်းကျင် လုံခြုံရေးဟာ စစ်အေးတိုက်ပွဲအလွန်ကာလမှာ လုံခြုံရေးရာ ပြဿနာတရပ်အဖြစ် ပေါ်ထွက်လာတဲ့ သဘောတရားတခုဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားမှုတွေ၊ လေ့လာချက် တွေကတဆင့် နိုင်ငံတခုချင်းစီရဲ့ အမျိုးသားလုံခြုံရေးရာ ကိစ္စတင် မဟုတ်တော့ပဲ ကမ္ဘာ့လုံခြုံရေးရာ အဖြစ် သတ်မှတ်လာတဲ့အထိ ကျယ်ပြန့်လာတဲ့ သဘောတရား ဖြစ်လာခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ပဋိပက္ခတွေ ဖြစ်ပွားရတယ်လို့ ယူဆချက်တွေ ရှိသလို၊ လူသားတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ဖြစ်ပွားရတယ်လို့ ယူဆချက်တွေလဲ ရှိပါတယ်။ ဒါတွေတင်မကပဲ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေက လူသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ ယူဆချက်တွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စုပေါင်းလုပ်ဆောင်မှု (collective action) အပေါ်မှာ အခြေခံတဲ့ ဘုံအမျိုးသားရေး လုံခြုံရေး အကျိုးစီးပွားများ (common national security interests) ကို ဖော်ထုတ်လာနိုင်ချိန်မှာတော့ လုံခြုံရေးကို ခြိမ်းချောက်တဲ့ အရာများကို ကျော်လွှားလာနိုင်မယ်လို့ ပညာရှင်အများစုက ယူဆထားပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၃၀၊ ၁၊ ၂၀၁၃)

ရည်ညွှန်းကိုးကား-
Barnett, J. (2001) The Meaning of Environmental Security: Ecological Politics and Policy in the New Security Era, London: Zed Books
Collins, A. (ed.) (2007) Contemporary Security Studies, Oxford: Oxford University Press
Conka, K. and Dabelko, G. (eds.) (2002) Environmental Peacemaking, Baltimore: John Hopkins University Press
Dalby, S. (2002) Environmental Security, Minneapolis: University of Minnesota Press
Diehl, P. and Gleditsch, N. (eds.) (2001) Environmental Conflict, Boulder: Westview Press
Homer-Dixon, T. (1999) Environmental Security and Violence, Princeton: Princeton University Press
Peluso, N. and Walts, M. (eds.) (2001) Violent Environments, Ithaca, NY: Cornell University Press








ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: