ဦးဂမ္ဘီရ အပေါ် အရေးယူဖို့ အာဏာပိုင်တွေ ပြင်ဆင်

တနင်္ဂနွေ, 19 ဖေဖော်ဝါရီ 2012
သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လွတ်လာတဲ့ အရှင်ဂမ္ဘီရဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ဓမ္မစက်နဲ့ အရေးယူလို့ မရနိုင်တော့တာကြောင့် အာဏာစက်နဲ့ အရေးယူတော့မှာ ဖြစ်တဲ့အကြောင်း မနေ့က သတင်းစာထဲမှာ တရားဝင် ထည့်သွင်း သတိပေးလိုက်ပါတယ်။ အရှင်ဂမ္ဘီရနဲ့ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ အကြား ဖြစ်ပေါ်နေတဲ့ မပြေလည်မှုတွေနဲ့ ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အရှင်ဂမ္ဘီရဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ လာချင်းပဲ သင်္ကန်း ချက်ချင်း ပြန်ဝတ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့က မဂ္ဂင်ကျောင်းတိုက်မှာ သတင်းသုံးနေခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို သင်္ကန်း ပြန်ဝတ်တဲ့နေရာမှာ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့ခြင်း မရှိတာနဲ့ ခွင့်ပြုချက်မရဘဲ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်မှာ ၀င်ရောက် သီတင်းသုံးတာတွေဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး အာဏာပိုင်တွေဘက်က ယူဆပြီး အရှင်ဂမ္ဘီရကို အာဏာစက်နဲ့ အရေးယူမယ့်အကြောင်း သတင်းစာထဲမှာ တရားဝင် ထုတ်ဖော် ရေးသားလာတာပါ။
ဒီကိစ္စနဲ့ပတ်လို့ အရှင်ဂမ္ဘီရကို ဗွီအိုအေက တိုက်ရိုက် ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရနိုင်တဲ့အတွက် အစ်ကိုဖြစ်သူ ဦးအောင်ကျော်ကျော်ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
“ကျနော်တို့ ပြောချင်တာကတော့ သူတို့ ပြန်လွတ်လာတဲ့အခါမှာ သံဃာတွေ သီတင်းသုံးစရာကျောင်း မရှိတဲ့အတွက် ကျောင်းတိုက်ကို ဖွင့်ပြီးတော့ နေလိုက်ကြတာပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီး သူတို့ ပြဿနာ ရှိတာပေါ့။ ပြဿနာရှိတော့ တဘက်နဲ့ တဘက်က သည်းခံရမယ့် အတိုင်းအတာတွေ ရှိတယ်လို့ ကျနော် ယူဆပါတယ်။ တဘက်နဲ့ တဘက်က သည်းခံပြီး သွားရမယ်လို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ လက်နက်မကိုင်တဲ့ ပဋိပက္ခတွေ။ ပဋိပက္ခပေါင်း မျိုးစုံဟာ အခုချိန်မှာ ထိန်းသိမ်းသင့်ပါပြီ။ အဲဒီတော့ တဘက်နဲ့တဘက် ရင့်သည်းမိတာတွေ ပြောဆိုမိတာတွေ အစရှိသဖြင့်ပေါ့လေ ရှိကြပါလိမ့်မယ်။ သူတို့ကလည်း လွန်ချင်လွန်မယ်။ ဒီဘက်ကလည်း လွန်ချင်လွန်မယ်ပေါ့။ အဲဒါတွေကို အာဃာတမယူဘဲနဲ့ အပြစ်မယူဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် သည်းခံပြီးတော့မှ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ သွားကြမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ကောင်းကောင်း ရလာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်ဗျ။”
အာဏာပိုင်တွေက အရှင်ဂမ္ဘီရကို အခုလ ၁၀ ရက်နေ့တုန်းက ထိန်းသိမ်းသွားခဲ့ပြီး နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့နဲ့ တွေ့ဆုံပေးတဲ့ အချိန်မှာလည်း ဆရာတော်ကြီးတွေနဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း အရှင်ဂမ္ဘီရက ၀န်ခံလက်မှတ် ရေးထိုးခဲ့တယ် ဆိုတာကိုလည်း ဦးအောင်ကျော်ကျော်က ဆက်ပြောပြပါတယ်။
“၁၀ ရက်နေ့ည ၂ နာရီလောက်က ခေါ်သွားတုန်းက နောက်တစ်နေ့ ညနေမှာ မဟန ဆရာတော်ကြီးတွေနဲ့ တွေ့ပေးတယ်လို့ ပြောပါတယ်။ တွေ့ပေးတဲ့အခါမှာ မဟန ဆရာတော်ဘုရားကြီးတွေက ရဟန်းက ၀ိနည်းနဲ့အညီ နေရမယ်ဆိုတဲ့အချက်ကို လက်မှတ်ထိုးခိုင်းပါတယ်တဲ့။ အဲဒါကို ဆရာတော် ဦးဂမ္ဘီရက လက်မှတ်ထိုးခဲ့ပါတယ်။ အခြား ဥပဒေအညီ ဘာညာ ဆိုတဲ့ကိစ္စတွေ မပါပါဘူးတဲ့။ လူ ဥပဒေကိစ္စတွေ မပါပါဘူးတဲ့။ ရဟန်းဟာ ၀ိနည်းနဲ့အညီ နေရမယ်ဆိုတဲ့အချက်ကိုပဲ လက်မှတ်ထိုးခဲ့တာလို့ ပြောပါတယ်။ နောက်တစ်ချက် လက်မှတ်ထိုးခိုင်းတာက ရဟန်းဝတ်ခွင့် ပြန်လည် လျှောက်ထားဖို့ဆိုတဲ့ အချက်ကိုတော့ လက်မှတ် မထိုးခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီလို မထိုးခဲ့ရတာကလည်း သူတို့ဟာ ထောင်ထဲကိုဝင်မသွားခင် တုန်းကလည်း ရဟန်းတွေဖြစ်တယ်၊ ၀င်သွားတော့လည်း ရဟန်းတွေပဲ။ ထောင်ထဲက ပြန်ထွက်လာတော့လည်း ရဟန်းတွေပဲလေ။ နောက် သူ မှတ်မှတ်ရရ ပြောတာကတော့ ရဟန်းဆိုတာဟာ စိတ်ထဲမှာ ရဟန်းဝတ်ချင်တဲ့ ရဟန်းဖြစ်နေတဲ့ အာသရ မပျက်သေးဘူးဆိုရင် ရဟန်းပါပဲလို့ သူ ပြောဖူးပါတယ်။ ဆရာတော်ကြီးတွေကလည်း အဲဒါကို လက်ခံပါတယ်။ ဒီ မဟန ဆရာတော်ဘုရားကြီးတွေ ကလည်း သူ့ရဲ့ လျှောက်ထားချက်ကို လက်ခံပါတယ်။ အဲဒီမှာ အခု သတင်းစာကနေမှ ဒီ ရဟန်းဝတ်ခွင့်ကို လက်မှတ်မထိုးလို့ ဆိုပြီး ဒါကို ပြဿနာတစ်ခု အနေနဲ့ ကျနော်တို့ ဖတ်ရတာပါ။”
နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ ဆရာတော်ကြီးတွေရဲ့ သြ၀ါဒကို ခံယူခဲ့ပေမဲ့ သံဃာ့နာယက အဖွဲ့က သူ့ထံ အကြောင်းကြားတဲ့ စာထဲမှာ “ခွင့်ပြုချက်မရှိဘဲ ပြစ်မှု ကျူးလွန်နေသော” ဆိုတဲ့အချက်ကို အရှင်ဂမ္ဘီရက ကန့်ကွက်ကြောင်း ပြန်လည် လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာကြတဲ့ အကျဉ်းသား ၄၁၅ ဦးထဲမှာ ပါလာတဲ့ သံဃာ ၄၃ ပါး ပြန်လည် လွတ်မြောက်ရေး အတွက် သံဃာ့နာယက အဖွဲ့က တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိခဲ့တာ၊ ရွှေည၀ါဆရာတော် ဦးပညာသီဟ သီတင်းသုံးနေတဲ့ သာဓု ဗုဒ္ဓတက္ကသိုလ် ကျောင်းတိုက်ကနေ တစ်လအတွင်း ထွက်ခွာသွားဖို့ သံဃာ့နာယကအဖွဲ့က အမိန့်ထုတ်ခဲ့တဲ့ အပေါ် ကန့်ကွက်တာ အပါအ၀င် ကန့်ကွက်ချက် ၁၀ ချက်ကို သံဃာထုတစ်ရပ်လုံး ကိုယ်စား အရှင်ဂမ္ဘီရက တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
အရှင် ဂမ္ဘီရဘက်က အခုလို ကန့်ကွက်စာ တင်သွင်းခဲ့တာနဲ့ သံဃာ့နာယက ဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်ကို လိုက်နာခြင်း မရှိတာတွေက သံဃာထုတစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်တာ ဆိုတဲ့ စွပ်စွဲချက်နဲ့ ဓမ္မစက်နဲ့ အရေးယူလို့ မရနိုင်တော့တာကြောင့် အာဏာစက်နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တဲ့အကြောင်း သတင်းစာထဲမှာ အတိအလင်း ဖော်ပြထားပါတယ်။

လိမ်ညာတတ်တဲ့ မိဘ

(ဆောင်းပါး)

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဒေါ်စုနဲ့ တွေ့ဆုံ

စနေ, 18 ဖေဖော်ဝါရီ 2012
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံ အားပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဂျာဂျီဝ (Abhisit Vejjajiva) ကပြောသလို ဒါဟာ မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ် အတွက်သာမက အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေ အတွက်ပါ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဟာ ဒီကနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအကြောင်းကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဂျာဂျီဝ ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက် စနေနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁ နာရီ နီးပါးကြာ တွေဆုံခဲ့ပါတယ်။ ဒါဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် ဖြစ်သလို မစ္စတာ အဘီဆစ်နဲ့အတူ အရင်က နိုင်ငံခြားရေး ၀န်ကြီးဌာနက ၀န်ကြီးဟောင်းတစ်ဦး၊ ထိုင်းဝန်ကြီးချုပ်ရုံးက  ၀န်ကြီးဟောင်းတစ်ဦးနဲ့ လက်ရှိ ထိုင်းသံရုံးက တာဝန်ရှိသူတွေနဲ့ပါဆိုရင် ဧည့်သည် ၇ ဦး လာခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရုံးက တာဝန်ခံ ဦးထင်ကျော်က ပြောပါတယ်။
ဒီတွေ့ဆုံအပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို ထွက်တွေ့ရာမှာတော့ မြန်မာနိုင်ငံထဲက ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို သူ့အနေနဲ့ ထောက်ခံ အားပေးသွားမှာ ဖြစ်သလို မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ  နိုင်ငံတွင်းမှာသာမက ဒေသတွင်းအတွက်ပါ အရေးကြီးတဲ့အကြောင်း သတင်းထောက်တစ်ဦးရဲ့ အမေးကို အခုလို ဖြေသွားပါတယ်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေကို ထောက်ခံပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အတွက်ရော ဒေသအတွက်ပါ အရေးကြီးတဲ့ ကိစ္စရပ်ပါ။ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တော့ မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး အလားအလာ ကောင်းတဲ့ ဒီမိုကရေစီ အနာဂတ်ကို မျှော်ကြည့်ရပါတယ်။ အခြား ကမ္ဘာ့နိုင်ငံတွေလိုပါပဲ၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံတွင်းက ဖြစ်ထွန်း တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့် အကဲခတ်နေပါတယ်။ ပြီးခဲ့တဲ့ ဖြစ်ထွန်းမှုတွေ အတွက်လည်း ကျေနပ်အားရမိပါတယ်။ ဒီလို တိုးတက်မှုတွေ ဆက်ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”
ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နေထိုင်နေကြရတဲ့ မြန်မာဒုက္ခသည်အရေးနဲ့ ပတ်သက်လို့လည်း ၀န်ကြီးချုပ်ဟောင်း အဘီဆစ် က ပျော်ရွှင်မှုတွေနဲ့အတူ အာမခံချက်ရှိတဲ့ ဘ၀တွေနဲ့ ကိုယ့် ဒေသရင်းကို ပြန်နိုင်မယ့်နေ့ တနေ့ ရှိမယ်ဆိုတာကို သူ မျှော်လင့်ထားတယ် လို့လည်း ပြောပါတယ်။
“ထိုင်းနိုင်ငံတွင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တွေ အတော်များများ နှစ်ရှည်လများ ကတည်းက ရှိနေပါတယ်။ သူတို့တွေ တနေ့ အိမ်ကို ပြန်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း ပြန်တယ်ဆိုတဲ့ နေရာမှာလည်း ဒီလူတွေအနေနဲ့ သူတို့နေရာမှာ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင် ဘ၀ရပ်တည်နေနိုင်တဲ့ အခွင့်အလမ်းတွေ ရှိဖို့လိုပါတယ်။”
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဂျာဂျီဝ က သတင်းထောက်တွေကို ဖြေသွားတဲ့ မြန်မာပြည် ဆိုင်ရာ သူ့သဘောထားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ရှိ မြန်မာနိုင်ငံ အခြေအနေတချို့ နဲ့အတူ ထိုင်းနဲ့ မြန်မာနိုင်ငံ တို့ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေထဲက သူတို့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆွေးနွေး ဖလှယ်ဖြစ်တယ်လို့လည်း ပြောပါတယ်။
မစ္စတာ အဘီဆစ်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ထိုင်းနိုင်ငံမှာ တာဝန်ယူ လုပ်ဆောင်ခဲ့သလို မြန်မာနိုင်ငံကို သူ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူချိန်တွင်း ၂၀၁၀ ခုနှစ်ထဲမှာ တစ်ရက်တာခရီးစဉ် လာရောက်ခဲ့ဖူးပါတယ်။

ငမိုက်သားများ၏ ထင်သလို စိတ်ကြိုက်သုံးဖြုန်းခဲ့သည့် တင်နေတဲ့အကြွေးများ ပြန်ဆပ်ကြမည်.....လော။


ကိုဆောင်းဦးလှိုင်ရဲ့ ပွဲမှ ဖြစ်ရပ်မှန်ကိစ္စ

တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီလ ၁၉၊ ၂၀၁၂

Photo..shwethanzin
ကျွန်တော့် နံမည် ဖြိုးကိုကိုပါ. ကျွန်တော်က နာရေးကူညီမှုအသင်းက အသင်းသားတစ်ယောက်ပါ. ကျွန်တော်တို့ အသင်းသား ကိုဆောင်းဦးလှိုင်ရဲ့ ပွဲကိုသွားရောက်ကူညီဖို့ အမျိုးသားကဇာတ်ရုံကိုေ စာစောသွားခဲ့ပါတယ်.
ကျွန်တော်တို့အသင်းသားစုစုပေါင်း(၅)ယောက် နာရေးကူညီမှုအသင်းပိုင် ဆန်နီပစ်ကပ်ကားလေးနဲ့ ရုံရဲ့ အနောက်ဖက်ကဆိုင်လေးမှာ အသင်းယူနီဖောင်းကိုယ်စီနဲ့ ထမင်းသုပ်စားရင်း ကိုဆောင်းဦးလှိုင်ကို ထိုင်စောင့်နေခဲ့ကြပါတယ်. အဲဒီအချိန်မှာ ကိုဆောင်းဦးလှိုင်ဆီက ဖုန်းဝင်လာခဲ့ပါတယ်.

(ကိုဖြိုးတို့ရောက်နေကြပြီလား. အသင်းယူနီဖောင်းနဲ့လား. ကားရောပါလားလို့မေးပါတယ်. ကျွန်တော်တို့ကလည်းအမှန်အတိုင်းပဲပြန်ဖြေခဲ့ကြပါတယ်.အဲဒီမှာ ပြဿနာကစတက်တော့တာပါပဲ.

အဲဒီကဇာတ်ရုံက တာဝန်ခံ S.B က ကိုဆောင်းဦးဆီကိုဖုန်းဆက်ပါတယ်. အဲဒီယူနီဖောင်းတွေချွတ်ပေးပါ. အဲဒီကားကိုအပြင်ထုတ်ပေးပါလို့ ပြောတယ်ဆိုပြီး ကိုဆောင်းဦးဆီက ဖုန်းဝင်လာပါတယ်. ဒီထက်ပိုဆိုးလာတဲ့ ခြိမ်းခြောက်မှုကတော့ သီချင်းအပုဒ်ပေါင်းများစွာကိုသီဆိုဖျော်ဖြေမဲ့ အနုပညာရှင်တစ်ယောက်ကို ပွဲစဖို့နာရီပိုင်းအလိုမှာ ဒီပွဲကိုတာဝန်ယူမလား. အခုချက်ခြင်း ဒီပွဲကိုဖျက်ပစ်မလား ဆိုပြီးခြိမ်းခြောက်ခံရပါတယ်.)

ကျွန်တော်တို့ကြောင့်တော့ ပွဲပျက်မှာဆိုးလို့ ရတယ် ကိုဆောင်းဦး ကျွန်တော်တို့လဲပေးခဲ့ပါတယ် ကားကိုလည်းအပြင်မှာရပ်ပေးခဲ့ပါတယ်.

ကျွန်တော်တို့သိချင်တာက ဒီလိုအာဏာရှင်ဆန်တဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်သူတွေက အမိန့်ပေးခိုင်းထားတာလဲ. ကျွန်တော်တို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေလား. ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုလား. နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ကို ခြိမ်းခြောက်နေပါတယ်. ကျွန်တော်တို့က သရုပ်ပျက်ဝတ်စားထားတာလည်းမဟုတ်ပါဘူး.

ကျွန်တော်တို့အသင်းကယူနီဖောင်းကိုဝတ်ထားတာပါ. ဒီယူနီဖောင်းကိုချွတ်ခိုင်းတယ် လဲခိုင်းတယ်ဆိုတော့ ကျွန်တော်တို့သိချင်တာ ဒီယူနီဖောင်းကဘာများမှားနေလို့လဲ ဒီယူနီဖောင်းက ဘာများခြိမ်းခြောက်နေလို့လဲ သိချင်ပါတယ်. ပြီးတော့ ပြည်ထောင်စုအစိုးရက ပြောပြောနေတယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ အချိန်မှာ ဒီလိုအာဏာရှင်ဆန်တဲ့ခြိမ်းခြောက်မှုတွေ ရှိသင့်သေးပါသလား ပြည်သူတွေက အားကိုးချင်တဲ့ ယုံကြည်ချင်တဲ့ အရပ်သားအစိုးရကို အထူးသတင်းတပ်ဖွဲ့လိုမျိုး အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်က ယုံကြည်မှုပျက်ပြားအောင်လုပ်မှာလား ယုံကြည်မှုတည်ဆောက်ပေးမှာလား ဆိုတာကို နိုင်ငံသားတစ်ယောက်အနေနဲ့သိချင်ပါတယ်

ဖြိုးကိုကို
နာရေးကူညီမှုအသင်း(ရန်ကုန်)

ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်



Published On: Sat, Feb 18th, 2012
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကို မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရှပ်ပြေး
ရေယာဉ်နဲ့ သွားတဲ့ လမ်းတစ်လျှောက်မှာ မြို့ရွာတွေက ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်သွားရာ တွံတေးတူးမြောင်း
ကမ်းနံဘေးမှာ ဝိုင်းဝန်းကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျိုက်ထော်  အားကစားကွင်းနဲ့ ဖျာပုံမြို့နယ် သဲကွင်းမှာ လာရောက် ကြိုဆိုကြတဲ့
သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေကို မိန့်ခွန်း ပြောသွား ခဲ့ပါတယ်။ တစ်ဆက်ထဲမှာပဲ သူ့အနေနဲ့ နိုင်ငံရေး ဘာကြောင့် လုပ်ရတယ် ဆိုတာကိုလည်း ပြည်သူတွေကို
ပြောဆို သွားခဲ့ပါတယ်။

ထွက်ပေါက်တွေ မပိတ်နဲ့  ရိုက်ချိုးလိုက်မယ် - - -

လူနေမှုစရိုက်ကို ထိန်းချုပ်ခြင်း စိတ်ဖိစီးမှုကို ကိုင်တွယ်ခြင်း

စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ဘဝလူနေမှု အကျင့်စရိုက်ကို ပြောင်းလဲတဲ့အခါ အောက်ပါအချက်များ အတိုင်း လိုက်နာ ဆောင်ရွက်ပါ -
(၁) သင်နှစ်သက်သော အလုပ်များစာရင်းကို နေ့စဉ် သို့မဟုတ် တစ်ပတ်စာအစီအစဉ် ဇယားရေးဆွဲပါ။ သင်၏ နေ့စဉ်လုပ်ငန်းများထဲတွင် သင်လုပ်ချင်သော အလုပ်တစ်ခုကို မဖြစ်မနေထည့်သွင်းပါ။ (နမူနာအားဖြင့် သီချင်းဆိုခြင်း နှစ်သက်သည်ဆိုလျှင် နေ့စဉ်လုပ်ရမည့် အလုပ်တစ်ခုအဖြစ် သီချင်းဆိုခြင်းကို ထည့်သွင်းပါ။)
(၂) အနာဂတ်အတွက် အစီအစဉ်များရေးဆွဲပါ။ အတိတ်က အမှားများ၊ မကျေမနပ်ဖြစ်ခဲ့မှုများ၊ စိတ်ပျက်စရာ အဖြစ်အပျက်များကို ပြန်လည်တွေးတော နောက်ကြောင်းမပြန်ပါနှင့်။
(၃) သင်၏အောင်မြင်မှုများ အတွက် သင့်ကိုယ်သင်ဆုချပါ။ သင့်အား ဝေဖန်မှုများကို စိန်ခေါ်ပါ။ သင့်ကို ဝေဖန်ခြင်းနှင့် ပတ်သက်၍ သင့်ရဲ့ တုံ့ပြန်မှုကို မျက်နှာပေါ်တွင် ဖော်ပြခြင်းဖြင့် လက်ခံခြင်း မပြုလုပ်ပါနှင့်။ ( အပြုံးမပျက် ဝေဖန်ခံနိုင်ခြင်းကို ဆိုလိုသည်။)
(၄) အနားယူရန်နှင့် ပြေလျော့မှု ရရှိရန် နေ့စဉ်အချိန်ပေးပါ။ တစ်နေ့တာအတွင်း အနားယူရန် အချိန်တစ်ခုခု ရအောင်ရှာပါ။ (နမူနာအားဖြင့် ရေချိုးကန်ထဲတွင် စိမ်နေရင်းဖြစ်စေ၊ ဇိမ်ခံကုလားထိုင် တစ်လုံးပေါ်တွင် ငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်ရင်း မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရင်း ဖြစ်စေ ၁၀မိနစ်ခန့် အနားယူသော အလုပ်များ လုပ်နိုင်ပါတယ်။)
(၅) မိသားစုနှင့် ရင်းနှီးစွာ ပါဝင်ပတ်သက် ဆက်ဆံပါ။ (သင်၏ သားငယ်၊ သမီးငယ်များ၊ ရင်းနှီးသည့် သူငယ်ချင်း မိတ်ဆွေများနှင့် ရင်နှီးစွာပြောဆို နေထိုင်ပေးပါ။ သင်၏ လူနေမှုစရိုက်ကို ပြောင်းလဲရာတွင် အကူအညီပေးသော မိတ်ဆွေများနှင့်ဆိုလျှင် ပိုကောင်းပါတယ်။ ကလေးများက သင့်အား ပြေလျော့စွာ နေနိုင်ရန် တွန်းအားပေးပါလိမ့်မည် သို့မဟုတ် အနားယူရန် သတိပေးကြပါလိမ့်မည်။)
စားသောက်မှုပုံစံ
ဘယ်လိုစားသောက်သလဲ ဆိုသောအချက်ကလည်း စိတ်ဖိစီးမှုကို ကိုင်တွယ်ရာတွင် ကူညီပေးနိုင်ပါသည်။ နှံစားသီးနှံများ (ဥပမာ- ပေါင်မုန့်ညိုများ၊ ပေါင်မုန့်အကြမ်းများ၊ ထမင်း၊ စီရီယယ်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ) များစွာ ပါဝင်သော အစားအသောက်များက စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် ကူညီပေးပါသည်။ ထိုနည်းတူ ဖြူဖွေးနူးညံ့အောင် ပြုလုပ်ထားသော ကစီဓာတ်ပါသည့် အစားအစာများ (ဥပမာ- နူးညံ့ဖြူဖွေးသောကိတ်မုန့်များ၊ ပေါင်မုန့်များ)၊ ချိုသောအစားအစာများ၊ ကဖင်းဓာတ်ပါဝင်သော အစားအစာများနှင့် အဆီဓာတ်ပါဝင်သော အစားအစာများကို လျှော့၍ စားသောက်ခြင်းကလည်း စိတ်ဖိစီးမှုကို ရင်ဆိုင်ရာတွင် ကူညီပေးနိုင်ပါတယ်။

မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း

Tuesday, 14 February 2012 23:14 | Written by ဘာတေးလ် လစ်တနာ

ဖေ့စ်ဘွတ်တည်ထောင်သူမှာ အသက်အရွယ်ကြောင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်

Category: မောက္ခနိုင်ငံတကာသတင်းPublished on Thursday, 16 February 2012 07:09Written by ၀င့်ထန်း


Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဖေ့စ်ဘွတ် တည်ထောင်သူ မခ် ဇာကာဘက်ခ် ရဲ့ ကြွယ်ဝမှုမှာ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၁၃.၅ ဘီလီယံရှိပြီး၊ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းတွင် ၅၂ နေရာမှာ ရှိသည်။
မကြာခင်က ဖေ့စ်ဘွတ်ကို ဒေါ်လာ ၁၀၀ ဘီလီယံနဲ့ ဈေးတင်သတ်မှတ်ခဲ့တာကြာင့်၊ သူ့ရှယ်ယာစုက ၂၈.၄ ရာခိုင်နှုန်းရှိတဲ့အတွက် ဇာကာဘက်ခ်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၂၈.၄ ဘီလီယံ အထိ ရှိလာနိုင်သည်။ ဒါ့အပြင် သူ့ကို ကမ္ဘာ့အချမ်းသာဆုံးသူအဖြစ် မြင်ကြဖို့ ရှိနေသည်။ 
ယခု ဇာကာဘက်ခ်ရဲ့ အသက်က ၂၇ နှစ်သာ ရှိသေးတာမို့၊ အခြား ဘီလျံနာအိုကြီးတွေနဲ့ယှဉ်ရင် ထိပ်ဆုံးရောက်ဖို့ သူ့မှာ  အလားအလာ အများကြီးရှိနေသည်။ ကမ္ဘာ့ထိပ်တန်း ဘီလျံနာ ၁၀၀ စာရင်းဝင် ဂူဂဲလ် ကုမ္ပဏီ ပူးတွဲထူထောင်သူ Larry Page နဲ့ Sergey Brin တို့ရဲ့ အသက်ကလည်း ၄၀ အောက်တွေ ဖြစ်သည်။ သို့သော် လက်ရှိ အသက်အရွယ်နဲ့ ပိုင်ဆိုင်ထားတဲ့ဓနကို တွက်ရင်၊ ဇာကာဘတ်ခ် က အငယ်ဆုံးမို့ ကမ္ဘာ့ အချမ်းသာဆုံးဟုပင် ဆိုနိုင်သည်။

အောက်မှာ ဖေ့စ်ဘွတ် လူဦးရေကို ရုရှား၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ၊ အမေရိက တို့က လူဦးရေနဲ့ ဘီလီယံအားဖြင့် နှိုင်းယှဉ်ဖော်ပြထားသည်။ ဈေးကွက်ကြွယ်ဝမှု ဒေါ်လာ ဘီလီယံကိုလည်း Boeing, McDonald, Amazon,Google, Toyota, Apple ကမ္ပဏီတို့နှင့်လည်း ဖေ့စ်ဘွတ်ကို နှိုင်းယှဉ်ထားသည်။ နောက် ဖ့စ်ဘွတ်လုပ်ငန်းက ကြွယ်ဝချမ်းသာပေမဲ့ အခြားကုမ္ပဏီများလို လုပ်သားအင်အား သောင်းဂဏန်း၊ သိန်းဂဏန်းမရှိဘဲ၊ နည်းပညာလုပ်သား ၃ ထောင်ကျော်နှင့် ရုံးနှစ်ရုံးသာ ရှိတာက ထူးခြားသည်။

ဝင့်ထန်း
Source: The Economist

ဥပဒေ စိုးမိုးရေးအတွက် ရွေးကောက်ပွဲ ဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြေညာ

2012-02-16

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက် သုံးခုနဲ့ ၀င်ပြိုင်မှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လှည်းကူးမြို့နယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။
တရားဥပဒေ စိုးမိုးမှသာ ဥပဒေရဲ့ အကာအကွယ်ကို အမှန်တကယ်ရနိုင်ပြီး လွတ်လပ်မှုအရသာကို ပြည်သူတွေ အမှန်တကယ် ခံစားနိုင်မှာဖြစ်တယ်လို့ အန်အယ်လ်ဒီအနေနဲ့ လက်ခံယုံကြည်ကြောင်း ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုံးကြိုင်က ပြောပါတယ်။ ဒါအပြင် ပြည်တွင်းစစ် အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းအောင်လုပ်နိုင်မှသာ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မယ်လို့ အန်အယ်လ်ဒီက ယုံကြည်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်း ညှိနှိုင်းအဖြေရှာပြီး ပြင်ဆင်နိုင်ဖို့ အန်အယ်လ်ဒီ အနေနဲ့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဦးအုံးကြိုင်ကပြောပါတယ်။ လွှတ်တော်ပြင်ပသာမက လွှတ်တော်တွင်း ဒီမိုကရေစ တည်ဆောက်ရေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်သွားနိုင်ဖို့ အန်အယ်လ်ဒီအနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး အခု ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရတာဖြစ်တယ်လို့ ဒီကနေ့ရရှိတဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လူမျက်နှာနှင့်တူသော ငါး

လူမျက်နှာနှင့်တူသော ငါးကို အမေရိကန်တွင်ဖမ်းမိခဲ့။

ဤအခြင်းအရာကို သင်တွေ့လိုက်ရတဲ့အချိန်မှာ သင့်ကို ရုတ်တရက် ထိတ်လန့်စေမှာလား ။ ဒါမှမဟုတ် မယုံနိုင်အောင် အံ့အားသင့်စေမှာလား ဆိုတာသင်ကိုယ်တိုင်ပဲ သိလိမ့်မယ်။
အမေရိကန်နိုင်ငံ HARTSVILLE South Carolina ရေကန် မှာ ရှစ်နှစ်အရွယ်ကောင်လေးနဲ့ သူ့အဖိုးဖြစ်သူတို့ဟာ ရာစုနှစ်အတွင်း မည်သူမျှတွေ့မြင်ဖူးခြင်းမရှိသော လူမျက်နှာနှင့်တူတဲ့ ငါးတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဏ္ဏဝါဗေဒ ပညာရှင်ကတော့ တော်တော်ကြောက်ဖို့ကောင်းတဲ့ ဖန်ဆင်းမှုပဲလို့ဆိုပါတယ်။
ဒီလို အံ့သြဖွယ်ရာ နှာခေါင်း၊ပါးစပ်၊သွားတွေ အပြင် လူမျက်နှာနဲ့ တူတဲ့ငါးကို အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ဘူးလို့ သူက ဆိုပါတယ်။ပြီးခဲ့တဲ့ရာစုနှစ်အတွင်း ဒီ တောင်အမေရိက နိုင်ငံမှာ မျိုးရိုးဗီဇ
ပြောင်းလဲမှုနဲ့ သဘာဝမဟုတ်တဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာဖြစ်ရပ်တွေမတွေ့ဖူးခဲ့ပါဘူးလို့ နာမည်ကျော် ပုံမှန်မဟုတ်တဲ့ သားရိုင်းတိရစ္ဆာန် နဲ့ အဏ္ဏဝါဗေဒ ပညာဆိုင်ရာသိပ္ပံပညာရှင် ဒေါက်တာ Gregory Hickens ကပြောဆိုခဲ့ပါတယ်။ ဒီလို ထူးဆန်းပြီးဘယ်သူမှမတွေ့ဖူးတဲ့ ငါးကိုဖမ်းမိတာကတော့ အဖိုးအဖွားတွေဆီကို ခေတ္တအလည်ရောက်လာတဲ့ Aaron Krendell ဆိုတဲ့ကောင်လေးငယ်
တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုငါးမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ဖူးပါဘူးလို့ကောင်လေးက
ဆိုပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိတဲ့ အဖိုးဖြစ်သူ Clayton က ၇ လက်မခွဲ အရွယ်အစားရှိတဲ့ ငါးကို သူ့ရဲ့ငါးမျှားတံကနေ ကူညီပြီး ဆွဲပေးခဲ့ရပါတယ်။ သူတစ်ယောက်တည်း ငါးကို ကူညီပြီးတော့
ဆွဲပေးခဲ့တဲ့အချိန်မှာ ငါးရဲ့အရွယ်အစားကို ငါးအရွယ်အစား အနည်းငယ်ကြီးမယ်ဆိုတာ သိလိုက်လို့ သူ့ကိုတောင် မင်း တော်တော် တော်တဲ့ တံငါသည် လေးပဲ လို့တောင် ပြောခဲ့သေးတယ်လို့ အဖိုးဖြစ်သူက ဆိုပါတယ်။ Aaron က ငါးကို မြှောက်ပြီး အဖိုးရေ....ကြည့်ပါဦး ။ ဒီငါးက အန်ကယ် Steve နဲ့တောင်တူတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက တော်တော်နောက်တဲ့ကလေးပဲလို့ သူ့ကိုထင်လိုက်သေးတယ်။ အဲဒီနောက် ငါးကို ကျွန်တော့ဘက်ဆွဲလှဲ့လိုက်တဲ့ အချိန်မှာ အသက်ရှူမှားမတတ်ဖြစ်ပြီး ကြောက်ဖို့ကောင်းတဲ့ငါးကို လန့်ပြီးပစ်ချမိလိုက်ပါတယ်။
ကျွန်တော့ကို နှလုံးရောဂါရမတတ်ဖြစ်စေတဲ့အချက်ကတော့ အဲဒီငါးနှုတ်ခမ်းက စကားပြောတော့မလို လှုပ်ရှားနေတာပါပဲ။ အဲဒီငါးကို ခြင်းထဲထည့်လိုက်တဲ့အချိန်
ရင်တုန်ပန်းတုန်ဖြစ်ပြီးနောက်ဒီလို
ငါးမျိုးဘယ်တော့မှ မတွေ့ပါစေနဲ့လို့ဆုတောင်းမိလိုက်တယ်။ ပြီးတော့ ငါးကို ပြန်ယူသွားပြီး
နားလည်တတ်ကျွမ်းတဲ့ သူတွေကို ပြသချင်တယ်။
ဖြစ်ချင်တော့ သူတို့မြို့က တက္ကသိုလ်မှာ ငါးနဲ့သားရိုင်းတိရစ္ဆာန် ပညာရှင် ပရော်ဖက်ဆာ Pal နဲ့ ဆက်သွယ်မိတယ်။ အဲဒီလို လူမျက်နှာနဲ့တူတဲ့ငါးမျိုးဖမ်းမိတယ်လို့ပြောရင် သူများတွေက ကောလဟာလ လို့ ပြောမှာစိုးလို့ ယူလာပြရတာပါလို့ Gregory Hickens ကဆိုပါတယ်။
တစ်ခုဖြစ်နိုင်ခြေရှိတာကတော့ နြူးကလီးယားစမ်းသပ်မှုတွေနဲ့ ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကြောင့်
ဒီငါး မျိုးရိုးဗီဇပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
Translate by Saw Krasu Reshare from Multiviamin blog.
By: Venerablekonda La

ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီ သတင်းစာရှင်းလင်းပွဲ(အသံဖိုင်)နှင့် ဇေကမ္ဘာကုမ္ပဏီကို တရားစွဲမည့် ဦးနေမျိုးဝေ နှင်မေးမြန်းခြင်း(အသံဖိုင်)

အမျိုးသားလွတ်တော်အမတ် ဇေကမ္ဘာဦးခင်ရွှေ၏ မင်္ဂလာဒုံ စက်မှုဇုန်အပိုင်း ၄ မြေယာသိမ်းပြသာနာ သတင်းစာ ရှင်းလင်းပွဲကို ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲဟု ခေါင်းစဉ် တပ်ဖိတ်ကြားခဲ့ပြီး Orchid ဟိုတယ်တွင်ကျင်းပခဲ့ပုံ။
ဦးခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီ သတင်းစာရှင်းလင်းပွဲ(အသံဖိုင်)
14.2.2012 မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏
`မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးနှ
င့် ပတ်သက်သော ထောက်ထားဆင်ခြင်စရာများ
မေးမြန်းဆွေးနွေးခြင်း´ သတင်းစာရှင်းလင်းပွဲနှင့် အပြိုင် ဦးခင်ရွှေ၏
ဇေကမ္ဘာကုမ္ပဏီမှ `ရန်ကုန်စက်မှုဇုန် အပိုင်း(၄) နှင့်ပတ်သက်၍
သတင်းအမှန်များ ရှင်းလင်း တင်ပြပွဲ ပြုလုပ်သွားသည်။


ဇေကမ္ဘာကုမ္ပဏီကို လယ်သမားတွေဘက်ကနေ တရားစွဲမဲ့ ဦးနေမျိုးဝေ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ နှင့် မေးမြန်းခြင်း (အသံဖိုင်)


Myanmar News Now

ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆို ဘဏ္ဍာရေးဝန်ကြီး ငြင်း

မျိုးသန့် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် သူရဦးရွှေမန်း၏ အဆိုကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း က ငြင်းဆိုလိုက်ပြီး ဝေးလံခေါင်သီသည့် ဒေသများမှ ဝန်ထမ်းသုံးသောင်းကျော်ကိုသာ ဒေသတွင်း အသုံးစရိတ်
နှုန်းထားများ တိုးမြှင့်ပေးရန်ရှိသည်ဟု လွှတ်တော်တက် အမတ်များက ပြောသည်။

"ဝန်ကြီးကတော့ ပေးရမယ့်လူဆိုတော့ ငြင်းတာပေါ့ဗျာ။ သူက တခုပဲ ပြောတယ်ဗျ ဝေးလံသီခေါင်သော ဒေသများတွင် သွားရောက်လုပ်ကိုင်နေသော ဝန်ထမ်းများကိုတော့ ဒီနှစ်ထဲမှာ ရှိတယ်ပေါ့။ ဒီ ဦးရွှေမန်းတင်ပြတဲ့ ဝန်ထမ်းအားလုံး လစာတိုးဖို့ကိစ္စကတော့ ၂ဝ၁၃-၂ဝ၁၄ ကျမှပဲ စဉ်းစားပါရစေဆိုပြီး ပြောတယ်" ဟု လသာမြို့နယ်မှ
အောက်လွှတ်တော် အမတ် ဦးကြည်မြင့်က မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင်
အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက  အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့ပြီးနောက် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးက တုန့်ပြန် ငြင်းဆိုလိုက်ခြင်း
ဖြစ်သည်။

လွှတ်တော်လုပ်ထုံးလုပ်နည်းအရ ဦးရွှေမန်း၏ အဆိုသည် ယခုကဲ့သို့ ဝန်ကြီး၏ ငြင်းဆိုမှုကြောင့် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် သို့မဟုတ် အဆိုရှင်မှ ပြန်လည်ရုပ်သိမ်းရန်သာ ရှိသည်ဟုလည်း ဦးကြည်မြင့်က
ပြောသည်။

ထို့အပြင် မဲခွဲဆုံးဖြတ်ပါက ဤအဆို အောင်မြင်နိုင်သည်ဟုလည်း "တောင်းတဲ့လူကတော့ မပိုင်ဘဲနဲ့ ဘယ်တောင်းမလဲ ဗျ။ နောက် ဒီဟာက ဖြစ်လည်း ဖြစ်သင့်တဲ့ဟာလေ။ ထောက်ခံမယ့်လူ များနိုင်တယ်။ ဖြစ်လာနိုင်တယ်" ဟု ဦးကြည်မြင့် က မဇ္ဈိမကို ပြောသည်။

သူရဦးရွှေမန်း၏ အဆိုတွင် "ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေထိုင် စားသောက်နိုင်ဖို့နှင့် သန့်ရှင်းသော အစိုးရ၊
ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို လာမည့် ဘတ်ဂျတ် နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်‌ပေးရေး" ဟု ပါရှိသည်။

ဦးရွှေမန်းက သူ၏ အဆိုတွင် နိုင်ငံဝန်ထမ်းများ လစာရရှိမှုနည်းပါးခြင်းကြောင့် အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေ သည်ကို "ဝန်ထမ်းများကလည်း လုပ်ခ၊ လစာနည်းတာကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက် စာတမ်းကြေးများ တောင်းယူခြင်းနှင့် အခြား မလျော်ကန်သော  လာဘ်ပေးလာဘ်ယူ ဆန်သည့် ပြုမူဆောင်ရွက်
ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို  ဝမ်းနည်းစွာ ကြားသိနေရပါတယ်" ဟုလည်း ထည့်သွင်းပြောသွားသည်။

ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ ၂ဝ၁ဝ ခုနှစ် မတ်လ ၁၁ ရက်နေ့ အောက်လွှတ်တော် အစည်းအဝေးတွင်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုများအတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းကပင် "ဝန်ထမ်းလစာနှင့် အငြိမ်းစားလစာ တိုးမြှင့် ဆောင်ရွက်လိုသည့်အခါတိုင်း ငွေကြေး ဖေါင်းပွမှုနှုန်း၊
နိုင်ငံအတွင်း လှည့်ပတ် သုံးစွဲငွေ ပမာဏ၊ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး စသည်တို့ကို ထည့်သွင်း တွက်ချက်ရပြီး ထိုအချက်များကို သုံးသပ်ကာ သင့်လျော်သော အချိန်တွင် ဆောင်ရွက်ပေးမည်" ဖြစ်ကြောင်းသာ
ပြောကြားသွားသည်။

ထိုနေ့ လွှတ်တော်ဆွေးနွေးပွဲတွင်လည်း လဲချားမြို့နယ် မဲဆန္ဒနယ်မှ စိုင်းမောင်တင်က ဝန်ထမ်းများ လာဘ်ပေးလာဘ် ယူမှုများ ရှိနေမှုအပေါ် ထောက်ပြပြောဆိုသွားပြီး ထိုပြဿနာများကို မည်သို့ ဖြေရှင်းရန်ရှိကြောင်းကိုလည်း ဝန်ကြီး ဦးလှထွန်းကို မေးမြန်းခဲ့သည်။

ဦးလှထွန်းက လာဘ်ပေးလာတ်ယူ ကိစ္စများ ဖြေရှင်းပေးနိုင်ရေးအတွက် လစာတိုးပေးသည့် နည်းလမ်းတခုတည်းဖြင့် လုံလောက်မည်မဟုတ်ဘဲ ဝန်ထမ်းများကို ပညာပေးခြင်း၊ အရေးယူခြင်းနှင့် ပြည်သူများမှ အသိပေးတိုင်ကြားနိုင်ရန် ဌာနများ သတ်မှတ်၍ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားသည်။

ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍လည်း ယခုလ ၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် သူရဦးရွှေမန်းက "အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလမစောင့်လျှင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာဖြစ်ပါတယ်" ဟု ပြောဆိုသွားသည်။

နိုင်ငံ့ဝန်ထမ်းလစာများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၈၉၊ ၁၉၉၃၊ ၂ဝဝဝ၊ ၂ဝဝ၆၊ ၂ဝ၁ဝ ခုနှစ်တို့တွင် အကြိမ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လစာတိုးမြှင့်မှု အမိန့်ကြော်ငြာစာအမှတ် (၁၈၄/၂ဝဝ၉) အရ အစိုးရဝန်ထမ်းအသီးသီးကို ကျပ် ၂ဝ,ဝဝဝ စီ တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ လစာတိုးမြှင့်မှုမတိုင်ခင် ဝန်ထမ်းတဦး၏ လစာမှာ အနည်းဆုံး ၂ဝ,ဝဝဝ ကျပ်ဖြစ်သည်။

ယင်းအပြင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာကိုလည်း ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် တိုးမြှင့်ပေးခဲ့သည်။ အဆိုပါ ကြေညာချက်အရ ဝန်ထမ်းများ အငြိမ်းစား ယူခဲ့သော နောက်ဆုံးရာထူး လစာအတိုင်း ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံရေး ပင်စင်စားများ၏ လစာမှာ ၁၁ဝ,ဝဝဝ ထက်ပိုနေပါက ၂၀,၀၀၀ ထပ်မံမတိုးမြှင့်ဘဲ လက်ရှိအတိုင်း သာ ခံစားသွားရန် သတ်မှတ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လှည်းကူးမြို့နယ်သို့ သွားရောက်၍ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အား အဆုံးသတ်ကာ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

လှည်းကူးမြို့ ရန်ကုန်-မန္တလေး ကားလမ်းမကြီး အနီးရှိ ဘောလုံး အားကစားကွင်းအတွင်း ၅ သောင်းခန့်ရှိသော လူထုပရိတ်သတ် အား မိန့်ခွန်ပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးကို အဓိကထား ပြောကြားခဲ့သည်။ ထိုအတူ လှည်းကူးမြို့နယ်၏ NLD ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းကို လည်း လူထုနှင့် မိတ်ဆက်ပေးခဲ့သည်။

အပြန်လမ်းတွင်လည်း လှည်းကူးမြို့ခံများက လမ်းခရီးတလျှောက် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆုတောင်းပေးကြ၍ NLD အမှတ်တံဆိပ်ပါ အလံများ ဝှေ့ယမ်း နှုတ်ဆက်ကြကြောင်း ခရီးစဉ်တွင် လိုက်ပါသွားကြ သည့် မဇ္ဈိမ သတင်းထောက်က ပြောသည်။

လယ်သမား​က ​ဇေကမ္ဘာဦး​ခင်​ရွှေကို တရား​စွဲ​တော့​မည်

Published on February 15, 2012 by ​အေး​နိုင်

ရန်ကုန်တိုင်း ​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေက ​ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦး​ခင်​ရွှေကို နိုင်ငံ​တော် အခွင့်​အာဏာ အလွဲသုံး​စား​မှုနဲ့​ တရား​စွဲဆိုဖို့​ ပြင်ဆင်​နေပါတယ်။
 ဇေကမ္ဘာ ကုမ္ပဏီက ​ရွှေနံ့​သာ​ကျေး​ရွာလယ်သမား​တွေရဲ့​ ​မြေ​တွေ​ပေါ်မှာ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပြီး​ လတ်တ​လောမှာ ရပ်နား​ထား​ပါတယ်။
လယ်​တွေသိမ်း​ တုန်း​က အစိုး​ရသိမ်း​မှာမို့​လို့​ ​ဇေကမ္ဘာကုမ္ပဏီက ကြား​ဝင် ကရုဏာ​ကြေး​ ​ပေး​တယ်လို့​ ​ပြောပြီး​ တဧကကို သုံး​သိန်း​ပေး​လို့​ ဒီအ​ပြောကို လယ်သမား​တွေက ယုံကြည်ပြီး​ လယ်​တွေဆုံး​ခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ ​ဇေကမ္ဘာကုမ္ပဏီရဲ့​ လှည့်​ဖြား​တာခံရတယ်လို့​ လယ်သမား​တွေက ယူဆပြီး​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ကို တိုင်လို့​ စိမံကိန်း​ကို ရပ်ခိုင်း​ထား​ပါတယ်။
အခု​တော့​ လယ်သမား​တွေက မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေကို ကိုယ်စား​လှယ်လွှဲပြီး​ ဦး​ခင်​ရွှေနဲ့​ ဦး​ဘိုကြီး​ဆိုသူကို တရား​စွဲခိုင်း​တယ်လို့​ ဦး​နေမျိုး​ဝေက ​ပြောပါတယ်။
“အ​ရောင်း​ အဝယ်လည်း​ မရှိသလို လယ်သမား​တွေကို ​ငွေ​ပေး​တယ်ဆိုတာလည်း​ ဟုတ်တယ်။ ဒါ​ပေမယ့်​ အဲဒီမှာ အမှုအ​ကြောင်း​ကို ​ပေါ်​ပေါက်​အောင် လုပ်ထား​တာက ​တောင်သူလယ်သမား​တွေက မိမိတို့​လယ်ကို မလုပ်စား​ချင်​တော့​လို့​ တခြား​စီး​ပွား​ရေး​ လုပ်ငန်း​တွေကို ​ပြောင်း​လဲ လုပ်ကိုင်ချင်တဲ့​အတွက် ​ကျေး​ရွာ​မြေယာ​ကော်မတီကို သွား​ပြီး​တော့​ ​မြေအပ်နှံမယ် ဆိုတဲ့​ဟာကို လုပ်ထား​တယ်။ တကယ်က အဲဒီမှာ အရင်က ရယက အဖွဲ့​ဝင် ဦး​ဘိုကြီး​က ဓမ္မဝိဟာရ ဓမ္မာရုံကို အကြိမ်ကြိမ် ​ခေါ်​တွေ့​ပြီး​တော့​ ​တောင်သူလယ်သမား​တွေကို နိုင်ငံ​တော်က သိမ်း​ပြီဆိုတဲ့​အ​ကြောင်း​ အကြိမ်ကြိမ် ခြိမ်း​ခြောက် ​ပြောဆို​နေတာ။ အဲဒါနဲ့​ ဦး​ခင်​ရွှေ ကိုယ်တိုင်ကလည်း​ သူက နိုင်ငံ​တော်က သိမ်း​ပြီလို့​ လိမ်လည် လှည့်​ဖြား​ပြီး​ ​ပြောတာ။ အဲ​တော့​ ဦး​ဘိုကြီး​နဲ့​ ဦး​ခင်​ရွှေတို့​ကို ကျ​နော်တို့​က တရား​စွဲမှာပါ။ နိုင်ငံ​တော် အခွင့်​အာဏာကို အလွဲသုံး​စား​ လုပ်တဲ့​အမှုနဲ့​ တရား​စွဲမယ်။ ​ရှေ့​တပတ်ထဲမှာ ဖြစ်မယ်။ ”
တရား​စွဲပြီး​ တဲ့​အခါ ​ဒေသခံ​တောင်သူ​တွေကို သီး​စား​ ပြန်လည်ချထား​ပေး​ဖို့​ ​ကျေး​ရွာ ​မြေယာ​ကော်မတီမှာ ​လျှောက်မယ်လို့​လည်း​ ဆိုပါတယ်။
“ရန်ကုန်တိုင်း ​ ​ဒေသကြီး​အစိုး​ရအဖွဲ့​ ကိုယ်တိုင် စာထုတ်တာ ​ဇေကမ္ဘာကို လယ်ပဲစိုက်ခိုင်း​ထား​တာ။ ​ဇေကမ္ဘာကိုပဲ လယ်စိုက်ခိုင်း​တာကိုက ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက မှား​နေပြီ။ ​နောက်ပြီး​ ဒီမှာရှိတဲ့​ ​ဒေသခံ​တောင်သူ​တွေကို သီး​စား​ပြန်ချထား​ပေး​ရမယ်။ ၁၉၅၃ ခုနှစ် လယ်ယာစိုက်ပျိုး​ရေး​ ဥပ​ဒေအရ၊​ ၁၉၆၂ ခုနှစ် သီး​စား​ချထား​ရေး​ ဥပ​ဒေအရ ​တောင်သူလယ်သမား​တွေက လယ်လုပ်ဖို့​ ဥပ​ဒေနဲ့​ ညီတယ်။ ဒါက​တော့​ ကျ​နော်တို့​က ဥပ​ဒေ​ကြောင်း​အရ ရင်ဆိုင်ရမှာပဲ။”
လယ် ၁၃ ဧက ပါသွား​တဲ့​ ​ဒေါ်တင်စိန်က သူတို့​ လှည့်​ဖြား​ခံခဲ့​ရတယ်လို့​ ​ပြောပါတယ်။
“လက်မှတ်ထိုး​ ခိုင်း​တာက​တော့​ သူအတင်း​ထိုး​ခိုင်း​တာ။ နိုင်ငံ​တော် သိမ်း​တယ်ဆိုပြီး​ ​ပြောတယ်။ အမှန်က​တော့​ နိုင်ငံ​တော် မဟုတ်ရင် ​ရောင်း​ကို မ​ရောင်း​ဘူး​။ အဲ့​မှာ ဦး​ခင်​ရွှေက မ​ရောင်း​ရင်လည်း​ တပြား​မှ မရဘူး​။ နိုင်ငံ​တော်က သိမ်း​တယ်ဆိုပြီး​တော့​ ​ပြောတယ်။ မင်း​တို့​ တင်တဲ့​စာလည်း​ အမှိုက်ခြင်း​ထဲ ​ရောက်သွား​မယ်ဆို​တော့​ လယ်သမား​တွေက ​ကြောက်လန့်​ပြီး​ လက်ခံရတယ်။ ”
လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်ကလည်း​ “အဲဒါဆိုရင် သူ​ဌေး​ ကျ​နော်တို့​ သား​သမီး​တွေက လယ်သမား​ဘဝနဲ့​ပဲ ပညာ​ရေး​၊​ စား​ဝတ်​နေ​ရေး​ လည်ပတ်​နေရတာ။ အခုလို အသိမ်း​ခံရမယ်ဆိုရင် ကျ​နော်တို့​ စာတင်မယ်လို့​ ​ပြော​တော့​ ဦး​ခင်​ရွှေက ခင်ဗျား​တို့​ စာတင်လည်း​ အမှိုက်ပုံး​ထဲပဲ ​ရောက်မယ်လို့​ ငြိမ်း​ခြောက်တဲ့​စကား​ ​ပြောတယ်”လို့​ ဆိုပါတယ်။
အစိုး​ရနဲ့​ နီး​စပ်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​တွေကို တရား​စွဲဆိုတဲ့​ကိစ္စမှာ တရား​ရုံး​၊​ မီဒီယာ စသဖြင့်​ အချိန်ယူပြင်ဆင် ချိန်ဆ​နေတယ်လို့​ ​ပြောဆိုပါတယ်။

ကိုလာ ဆိုဒါ ရှောင်ကြင်ပါ - - -

 နေ့စဉ် ကိုလာတစ်လီတာခန့် သောက်တာကြောင့် ဝမ်းဗိုက်ထဲက အင်္ဂါအစိတ်အပိုင်း တစ်ဝိုက်ရှိ အသည်းနဲ့ ကြွက်သားတွေမှာ အဆီတိုးစေနိုင်တယ်လို့ နယူးဒန်းနစ်ရှ် လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ ဒီအဆီစုပုံတာဟာ Metabolic Syndrome ဖြစ်နိုင်ခြေကို တိုးစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုထားပါတယ်။ Metabolic Syndrome ဆိုတာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာတို့ ဖြစ်နှုန်းကို တိုးစေတဲ့ ရောဂါစုပါ။ လေ့လာမှုမှာပါဝင်တဲ့ ပုံမှန်ထက် ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူ၄၇ ဦးကို ရေ၊ နွားနို့၊ Diet လုပ်ထားတဲ့ကိုလာနဲ့ ပုံမှန်ကိုလာတို့ကို သောက်သုံးစေခဲ့ပါတယ်။ လေ့လာမှုအပြီးမှာ ပုံမှန်ကိုလာ သောက်သူတွေက သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်း တစ်ဝိုက်မှာ အဆီ၂၅ရာခိုင်နှုန်း စုနေတာကို တွေ့ရပြီး ဒါဟာ အသည်းနဲ့ ကြွက်သားတွေမှာရှိတဲ့ အဆီပမာဏကို နှစ်ဆတိုးစေတာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ''ဒီအဆီတွေက အရေပြားအောက်မှာ ရှိနေတဲ့ အဆီတွေထက် ပိုအန္တရာယ်များပါတယ်''လို့ ဒေါက်တာရစ်ချယ်လ်ဆန်က ရှင်းပြပါတယ်။

ပြည်ပရောက်မြန်မာများ နိုင်ငံမဲ့မဖြစ်စေရဟု သူရဦးရွှေမန်း ပြောကြား

Wednesday, February 15, 2012

 ၁၅-၂-၂၀၁၂
ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်၊ ဒုတိယအတွင်းရေးမှူး ချုပ်မစ္စတာ ဗီဂျေနမ်ဘီးယား အား ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
''မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ရောက်နေတဲ့ သူတွေကို ပြန်လာ နိုင်ရေး ကိုလုပ်ပေး မယ်။ မြန်မာတွေ နိုင်ငံမဲ့ မဖြစ်စေရဘူးလို့ ဥက္ကဋ္ဌက ပြောပါတယ်။ ပြီးတော့ sanction က အစိုးရ ကို ကန့်သတ်တာလား။ ပြည်သူကို ကန့်သတ်တာလား ဆိုတဲ့ အချက်တွေကို အပြန် အလှန် ဆွေးနွေးဖြစ်ပါတယ်'' ဟု ဆွေး နွေးပွဲသို့ ဝင်ရောက်ခွင့် ရရှိသော ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ကန့်သတ်ထား သောပိတ်ဆို့မှု များသည် မြန်မာအစိုး ရထက် ပြည်သူ တို့၏ စားဝတ် နေရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို ပိုမိုထိခိုက်နေကြောင်း ၊ ပြည်သူများအတွက် တကယ်တမ်း ကူညီမည် ဆိုပါက မြန်မြန်ဆန်ဆန် ပြုလုပ်နိုင် ရန် အတွက် စဉ်းစားရန် လိုအပ်နေကြောင်း ၄င်းက ဆွေး နွေးပွဲ ရလဒ်ကို အကျဉ်းချုပ် ပြော ကြားသည်။
''ဒီမိုကရေစီ ပြောင်းလဲတဲ့နေ ရာမှာ နိုင်ငံရေးတစ်ခု တည်းပြောင်းလို့ မရဘူး။ လူမှုရေး၊ စီးပွားရေးပါ ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် သူတို့ ကရော ဘယ်လိုကူညီနိုင်မလဲ။ အပေါ်ကချည်းပဲသွားပြီး အောက်က မလိုက်နိုင်လို့လဲ မဖြစ်ဘူးဆိုတာ တွေ ပြောဖြစ် ပါတယ်''ဟု ၄င်းက ဆိုသည်။
၎င်း၏အဆိုအရ မြန်မာနိုင်ငံ သည် စိုက်ပျိုးရေး၊ သားငါးထုတ် လုပ်ရေး စသည့် အချက်များသည် ပြည်တွင်းတွင် ဖူလုံမှုအပြည့်အဝ ရှိနေပြီး ပြည်ပနိုင်ငံများသို့ ပံ့ပိုးလိုပါ က ကုလအနေဖြင့် ဝိုင်းဝန်း ကူညီ ပေးသွားရန်လိုအပ်သည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။

ရင်လေးတယ် - - -

မပြောမဖြစ်လို့ ပြောရပြီ

မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့နေရာ အဖြစ်လောက် တရုတ် မကြည့်သင့်

2012-02-14
တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ဖို့နေရာ တစ်ခုအဖြစ်လောက်သာ မကြည့်မြင်သင့်ပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ ကွမ်တုံပြည်နယ်အခြေစိုက် Southern People Weekly ခေါ် ဒက္ခိဏ လူထုမဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောဆိုခဲ့ကြောင်း The Wall Street Journal သတင်းစာကြီးက ဖော်ပြလိုက်တာပါ။ မြန်မာနိုင်ငံဟာ အနာဂတ်မှာ တရုတ်နဲ့ရော အမေရိကန်နဲ့ပါ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ အားထုတ်သွားမှာ ဖြစ်ကြောင်း၊ တရုတ်ပြည်သူတွေအနေနဲ့ မိမိတို့အပေါ် ပိုမို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါ ကုမ္ပဏီတွေဟာ နှစ်နိုင်ငံ ပြည်သူတွေရဲ့ဆက်ဆံရေးကိုလည်း ထည့်သွင်း စဉ်းစားမယ်လို့ မျှော်လင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အခုအခါ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ မဟာဗျူဟာမြောက် လွန်ဆွဲပွဲ အလယ်မှာ ရှိနေပါတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုကနေ လွတ်ကင်းအောင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်လည်း ဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေကြောင့်ပဲ တရုတ်ပြည်ဟာ မြန်မာအစိုးရရဲ့ ဘဏ္ဍာရေး၊ နိုင်ငံရေး ကျောထောက်နောက်ခံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေက မြန်မာ့ သယံဇာတတွေကို လောဘတကြီး ၀ါးမျိုနေတဲ့အပေါ် အတိုက်အခံ အင်အားစုတွေက မခံမရပ်နိုင် ဖြစ်လာကြသလို၊ မြန်မာလူထုအတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားတွေ ကြီးထွား လာနေတာကြောင့် နိုင်ငံရေး မငြိမ်မသက် ဖြစ်လာမှာကို မြန်မာအစိုးရကလည်း စိုးရိမ်လာနေတယ်လို့ အဲဒီသတင်းစာက ဖော်ပြထားပါတယ်။ အခုလို ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေချိန်အတွင်း တရုတ်မဂ္ဂဇင်း တစ်စောင်မှာပါဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေဟာ လာမယ့် လွှတ်တော်အနေနဲ့ အနာဂတ်မှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိုမို တင်းကျပ်လာတော့မယ့် နိမိတ် လက္ခဏာပါပဲလို့ The Wall Street Journal က ရေးသားလိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မရမ်းကုန်း-လှည်းကူး အစီအစဉ်

၁၅-၂-၂၀၁၂ ဒေါ်အောင်ဆန်းစုကြည်၏ မရမ်းကုန်း-လှည်းကူး မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့နံနက် ကိုးနာရီ လေးဆယ်မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှ ကားများ စတင်ထွက်ခွာမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။   ၁၂နာရီတွင် ထောက်ကြန့်လမ်းဆုံသို့ရောက်ရှိကာ ကားပေါ်မှပင်နှုတ်ဆက်စကားပြောမည်ဖြစ်သည်။   ထို့နောက် လှည်းကူးမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကာ မြို့နယ်အားကစားကွင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ရန်ကုန်သို့ ညနေ လေးနာရီအရောက် ပြန်လာမည်ဖြစ်ကာ ညနေ ငါးနာရီခွဲတွင် ဂျာမန်နိုင်ငံလွှတ်တော်အမတ် ရှစ်ဦးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လှည်းကူးမြို့နယ်အားကစားကွင်းကို ပြည်ထောင်စုအားကစားဝန်ကြီးမှ အသုံးပြုခွင့်မပေးနိုင်ကြောင်း ယနေ့နံနက်က ပြောဆိုခဲ့သော်လည်း ယနေ့ညနေ ငါးနာရီခွဲခန့်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးမှ အသုံးပြုခွင့်ပေးရန် ပြန်လည်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်ရုပ်ရှင်ထုတ်လုပ်ရေး ရုံးခန်းဖွင့်ပွဲမှဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်တို့ရဲ့မိန့်ခွန်း(ရုပ်/သံ)

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင် (ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူ)



၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့
ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။

ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့
အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး "ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်"လို့ဆိုတယ်။

အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။

"ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေ
သွားလိမ့်မယ်"လို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။

"ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်"လို့ နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။

သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ "တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်" လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။

"သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်" လို့ ကောင်လေးက ဆက်ပြောပါတယ်။

ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။
ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။

ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။

ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း ကောင်လေး
ကူညီခဲ့တော့တယ်။

(Luiz Inacio Lula da Silva)

နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမား
အခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။


(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ "ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်"
ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။

သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို "မြက်စားတဲ့ ဒိုင်နိုဆော"ဘဝကနေ "အမေရိကားတိုက်ရဲ့ ခြင်္သေ့"အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတဟောင်း
Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။


ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။

တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေးအတွက်ပါ။
သူတစ်ပါးကို ကူညီနေစဉ်အတောအတွင်းမှာ သင် ဘုရားဖြစ်လာလို့ပါပဲ။

သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ ---- Dalai Lamaက ဟောခဲ့ပါတယ်။



http://en.wikipedia.org/wiki/Luiz_In%C3%A1cio_Lula_da_Silva

မူရင်း -- http://www.5719.cn/html/xinling/zheligushi/201201/liangmeiyingbidefenpei_7822.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ဝန်ကြီးတားမြစ်သော ဒေါ်စုဟောပြောပွဲ ကော်မရှင်မှ ပြန်လည်ခွင့်ပြု

မျိုးသန့် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၀၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစား ဝန်ကြီးမှ တားမြစ်
သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက်သည်။

အားကစားဝန်ကြီး ဦးတင့်ဆန်း ကိုယ်စား ရုံးအဖွဲ့မှူး လက်မှတ် ရေးထိုးထားသည့် ဖေဖေါ်ဝါရီ ၁၄ ရက်စွဲပါ တားမြစ်စာ တွင် “အားကစားကိစ္စမှ လွဲ၍ အခြားကိစ္စများကို အသုံးပြုခွင့် မပြု” ဟု ပါရှိကြောင်း NLD လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ တားမြစ်မှုနှင့် ပတ်သက်၍ NLD က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြား အကူအညီ
တောင်းခံရာမှ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီး အားကစားဝန်ကြီး၏ တားမြစ်မှုကိုလည်း ပယ်ဖျက်ပေး လိုက်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

“အဲဒါကို ရုပ်သိမ်းလိုက်ပြီလို့ မြို့နယ်၊ တိုင်း ကော်မရှင် အဖွဲ့ခွဲတွေ၊ တိုင်း အားကစား ညွှန်ကြားရေးမှူးတွေကို အကြောင်းကြားပြီး ဒါ မလိုအပ်တော့ဘူးဆိုပြီးတော့ ကျနော်တို့ကို ဆက်လက် ဆောင်ရွက်ခွင့် ပြုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဘောလုံးအားကစားကွင်းအတွင်း ဖေဖေါ်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်း၌ ဟောပြောပွဲ ပြုလုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်များ၊ မြို့နယ် အားကစားအဖွဲ့ချုပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများသို့ NLD ၏ လှည်းကူး မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီမှ တင်ပြထားခဲ့ပြီး ခွင့်ပြုချက် ရရှိပြီးနောက် အားကစား ဝန်ကြီး၏ ကန့်ကွက်မှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဖေဖေါ်ဝါရီ ၅ ရက်နေ့က မန္တလေးမြို့ ဗထူးကွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် စီစဉ်ထားသော်လည်း အဆိုပါကွင်းအတွင်း “ အားကစားဖွံ့ဖြိုးရေး လုပ်ငန်းများသာ လုပ်ဆောင်ရန်” မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တားမြစ်ခဲ့သည်ဟု NLD မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးမျိုးနိုင်က ပြောသည်။

သို့သော် ပြီးခဲ့သည့် ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် အဆိုပါ ဗထူးကွင်းအတွင်း ဌာနဆိုင်ရာများမှ ဝန်ထမ်း ၅၀၀ ခန့် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်းလည်း ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

လှည်းကူးမြို့နယ်မှ ပြည်သူလူထု အခြေအနေနှင့် ပတ်သက်၍ “ဆိုက္ကားတွေ၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေမှာဗျာ အလံလေးတွေ၊ ဒေါ်စုပုံတွေ၊ ခွပ်ဒေါင်းနဲ့ ကြယ်ပါတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်တွေကို ဆိုင်ကယ်
တွေမှာ ကပ်ပြီး သွားလာနေကြတယ်။ တီရှပ်တွေ ဝတ်ထားကြတယ် ဦးထုပ်တွေ ဆောင်းထားကြတယ်” ဟု လူထု အခြေအနေကို ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေး ခရီးစဉ်များ အဖြစ် ထားဝယ်၊ ပုသိမ်၊ ကော့မှူးမြို့နယ်များ သို့ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများအတွင်း သွားရောက်ခဲ့ပြီး ဖြစ်သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားမျှတရန် စီစဉ်ထားသည်ဟု ဥရောပသမဂ္ဂ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ကိုယ်စားလှယ် Andris Piebalgs အား တနင်္လာနေ့က နေပြည်တော်၌ တွေ့ဆုံစဉ်
ပြောကြားခဲ့သည်ဟုလည်း သိရသည်။

စီးပွားရေးဝိညာဉ်၏ လွှမ်းမိုးမှုကို သတိထားကြရန် အာဆီယံ အတွင်းရေးမှူးချုပ်သတိပေး

Category: မြန်မာ့ပညာရေးသတင်းPublished on Monday, 13 February 2012 03:22Written by မြတ်ပန်းရှင်

အာဆီယံအထွေအထွေအတွင်းရေးမှူးချုပ်က မြန်မာပြည်သူများအပေါ် စီးပွားရေးလုပ်ငန်းများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်နေမှုအပေါ် စိုးရိမ်မိပါကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။
သမ္မတဦးသိန်းစိန်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်
"ဘန်ကောက်နဲ့ စင်္ကာပူမှာ စုဝေးနေကြပြီး မြန်မာ့ သယံဇာတနဲ့ အခွင့်အလမ်းအပေါ်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ကြံရွယ်နေကြတဲ့ ဒီလူတွေနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်မိတယ်" ဆူရင်ပစ်ဆူဝန်က Myanmar Times နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
၁၉၆၂ ခုနှစ်မှ ၂၀၁၀ အထိ စစ်တပ်အုပ်ချုပ်ရေးအောက်တွင် ရှိခဲ့သော မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်အစိုးရ ဖွဲ့စည်းပြီးသည့်နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိသည်။ နှစ်ပေါင်းများစွာ တံခါးပိတ်မူဝါဒ ကျင့်သုံးခဲ့သည့်တိုင်းပြည်တွင် ဒီမိုကရေစီစနစ်နှင့် တံခါးဖွင့် ဈေးကွက်စီးပွားရေးစနစ်သို့ ဦးတည်လျက်ရှိသည့်အတွက် အကောင်းမြင်မှုများရှိနေပါသည်။
 ၁၉၈၈ ခုနှစ်ကတည်းက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများကို ကျင့်သုံးခဲ့သည့် အနောက်တိုင်းအစိုးရများအနေဖြင့်လည်း ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများအပေါ်တွင် ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းဖြင့် ဆုပေးစနစ်ကို ပြန်လည်ကျင့်သုံးရန် စဉ်းစားနေကြပြီဖြစ်သည်။
ဖေဖေါ်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လည်ပတ်မည့် ဆူရင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလျင်စလို ၀င်ရောက်နေခြင်းသည် အကျိုးစီးပွား မညီမျှမှုများသို့ ဦးတည်နေကြောင်းဖြင့် စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။
"မြန်မာရဲ့ မိတ်ဆွေတွေအနေနဲ့ လုပ်ဖို့လိုအပ်တာကတော့ ပြည်သူလူထုရဲ့ သက်သာချောင်ချိရေးဟာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို မြန်မာခေါင်းဆောင်တွေကို သတိပေးသင့်တာပါ။" သူက ဆွေးနွေးခဲ့သည်။
"စီးပွားရေးစိတ်ဝိညာဉ်ဟာ ကျောင်းတွေ၊ ဆေးရုံတွေ၊ ၀န်ဆောင်မှုတွေ၊ ရေသန့်ရရှိမှု စတဲ့အရာတွေအပေါ်မှာ လွှမ်းမိုးမသွားဖို့ပါ။ ဒီပွင့်လင်းလာမှုဟာ မညီမျှမှုတွေနဲ့ အဖျက်အဆီးတွေ ပိုဖြစ်လာမှာကို ကျနော်တို့ မလိုလားပါဘူး။"
ရွေးကောက်တင်မြှောက်ထားသည်ဆိုသော အစိုးရမှာ စစ်တပ်နောက်ခံဖြစ်ပြီး စစ်အရာရှိဟောင်းများ ပါဝင်နေပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်ခဲ့ခြင်းကြောင့် တဖွဲဖွဲ ၀င်ရောက်နေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးစီးပွားကို စစ်တပ်ကသာ ခံစားခွင့်ရရှိမည့် အနေအထားဖြစ်နေသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ဆူရင်၏ အာဆီယံအတွင်းရေးမှူးချုပ် ငါးနှစ် ရာထူးသက်တမ်းမှာ ယခုနှစ်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ တည်မြဲခိုင်မာမှုအပေါ်တွင် သူက မေးခွန်းထုတ်ထားသည်။
"ထိပ်ပိုင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အောက်ခြေအဆင့် အစိုးရဌာနတိုင်းကို သက်ရောက်မှုရှိနေတယ်ဆိုတဲ့ အထင်ကရ ပြောင်းလဲမှု မြင်ကွင်းကို ကျနော်တို့ တွေ့မြင်ချင်တာဖြစ်တယ်။ ဒီအချက်ကို ခိုင်မြဲစေသင့်တယ်၊ ဖွံ့ဖြိုးစေသင့်တယ်။ ထင်သာမြင်သာဖြစ်သင့်တယ်။" ဆူရင်က ပြောပြခဲ့သည်။
၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့သည့် မြန်မာသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခွင့်ရရှိထားသည်။ အာဆီယံ ၁၀ နိုင်ငံတွင် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ဘရူးနိုင်း၊ စင်္ကာပူနှင့် မလေးရှားတို့ ပါဝင်ကြသည်။
မြတ်ပန်းရှင်
Source: DPA/ Asia-Pacific News

ရင်မောစရာ Valentine’s Day


ဆောင်းပါး » ရင်မောစရာ Valentine’s Day

နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုက ကျွန်တော့်ကို လှမ်းဆက်သွယ်ပြီး မေးမြန်းပါရစေလို့ ခွင့်တောင်းလာပါတယ်။ မေးလိုတဲ့အကြောင်းအရာကတော့ Valentine’s Dayလို့ ခေါ်တဲ့ ချစ်သူများနေ့နဲ့ ပတ်သက်လို့ပါတဲ့။

ပြောချင်နေတာကြာပြီဖြစ်တာမို့ ပြောဖြစ်ခဲ့ပေမယ့် လက်တန်းပြောတာမို့ အချက်အလက်အပြည့်အစုံ ပါမသွားဘူး။ အချိန်ကလည်းတိုတာကိုး။ ဒါနဲ့ကျွန်တော့်ရဲ့ မန္တလေးအက်(ဖ်)အယ်(မ်)က ရေဒီယိုအစီအစဉ်မှာ တင်ဆက်ဖို့ရည်ရွယ်ပြီး စာမူရေးဖြစ်ခဲ့ပါတယ်။ အဲဒီ့စာမူလေးကိုပဲ ရေဒီယိုနားမထောင်ဖြစ်သူ ဂျာနယ်ပရိသတ်များအတွက် အနည်းငယ်တည်းဖြတ် တင်ဆက်ပေးပါရစေလားခင်ဗျာ။

ပထမဆုံးက အဲဒီ့ Valentine’s Day ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ အရင်တင်ပြချင်ပါတယ်။ ခရစ်ယာန်အာဇာနည်တွေထဲမှာဆိုတဲ့ ဗှယ်လင်ထိုင်းနာမည်နဲ့ သူတွေ မရေမတွက်နိုင်အောင် များပြားလှတယ်။ အဲဒီ့ထဲကမှ ဒဏ္ဍာရီလာ ဗှယ်လင် ထိုင်းဘွဲ့ ခံသူတော်စင်တစ်ပါးကတော့ စစ်တပ်ကို ချဲ့ထွင်ချင်တာမို့ အရွယ်ရောက်သူ အမျိုးသားတွေကို အိမ်ထောင်ပြုခွင့် ပိတ်ပင်ထားတဲ့ ရောမ ဧကရာဇ် ဒုတိယမြောက် ခလောဒစ်ယပ်(စ်)ရဲ့အမိန့်ကို ဖီဆန်ပြီး လူငယ်လေးတွေကို လျို့ဝှက်လက်ထပ်ပေးခဲ့ဖူးတယ်လို့ အဆိုရှိပါတယ်။ ဒါကို ဘုရင်ကြီးသိသွားတော့ သူ့ကိုဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထား လိုက်ပါတော့တယ်။ ဒါကသိပ်မခိုင်လုံလှတဲ့ ပါးစပ်ရာဇ၀င်ပါ။သူ့ထက် နည်းနည်းလေးပိုခိုင်လုံတဲ့ ဒဏ္ဍာရီမှာကျတော့ ဘုရင် ခလောဒစ်ယပ်(စ်)က ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းကို ခရစ်ယာန်ဘာသာဝင်ဖြစ်လို့မို့ တရားစွဲဆိုပြီး ကိုယ်တော်တိုင် အမှုစစ်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အမှုစစ်ရင်းက ဘုန်းတော်ကြီးကို ဘုရင်ကအထင်ကြီးသွားပြီး Paganism လို့ ခရစ် ယာန်ဘာသာဝင်တွေကခေါ်တဲ့ ဗာဟီရ၀ါဒကို ကူးပြောင်းမယ်ဆိုရင်ဖြင့် အသက်ကိုချမ်းသာပေးမယ်လို့ ကမ်းလှမ်းခဲ့ပါသတဲ့။ ဘုန်းတော်ကြီး ဗှယ်လင်ထိုင်းက အဲလိုကမ်းလှမ်းတာကို ငြင်းပယ်ပြီး ဘုရင်ကိုသာ ခရစ်ယာန်ဘာသာပြောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲနောက် ဆုံးမှာသူ့ကိုဘုရင်က ကွပ်မျက်လိုက်ပါတယ်။ မကွယ်လွန်ခင်မှာ ဘုန်းတော်ကြီးဗှယ်လင်ထိုင်းဟာ ထောင်မှူးရဲ့သမီးလေး မျက်စိကွယ်နေတာကို သူ့တန်ခိုးနဲ့စက္ခုနှစ်ကွင်း အလင်းရအောင် ကုသပေးခဲ့ပါသေးသတဲ့။
အဲဒါကိုပဲ သမိုင်းအခြေခံ တစ်စက်မှမပါတဲ့ စီးပွားရေးသမားများက ၀ါးဖြန့်လိုက်တဲ့အခါ ဇာတ်က နည်းနည်းပိုနာသွားတယ်။ အဲဒီ့ ဘုန်းကြီး ဗှယ်လင်ထိုင်းကို မကွပ်မျက်ခင် ညဦးပိုင်းမှာသူက သူချစ်တဲ့ မိန်းကလေးလို့ လည်းဆိုရဲ့၊ တချို့ကလည်း သူနဲ့ခင်သွားပြီး သူကပဲ မျက်စိမြင်အောင်ကုပေးခဲ့တဲ့ ထောင်မှူးရဲ့သမီးလေးလို့လည်း ဆိုရဲ့၊ တချို့ကလည်း အဲဒီ့နှစ်ယောက်စလုံးပါလို့ ပြောကြရဲ့၊ အဲ... အဲဒီ့မိန်းကလေးတွေဆီကို ကမ္ဘာ့ပထမဆုံး ဗှယ်လင်ထိုင်းကတ်ပြားလေးကို ဘုန်းတော်ကြီးက စရေးခဲ့တာဖြစ်သွားတယ်။ သေခါနီးမှာ တမ်းစာလေးပေါ့ခင်ဗျာ။ စာရဲ့အဆုံးမှာတော့ မင့်ရဲ့ဗှယ်လင်ထိုင်းထံမှ၊ အင်္ဂလိပ်လိုတော့ From your Valentine ပေါ့၊ အဲလိုလေး ရေးထားပါသတဲ့။ ဘာသမိုင်းအထောက်အထားမှ မရှိဘဲ လိုရာတွေးကာ ချဲ့လိုက်ကြတာပါ။

၁၈ ရာစု ကုန်လုနီး သုံးနှစ်အလို ၁၇၉၇ ခုနှစ်မှာတော့ ဗြိတိသျှ ထုတ်ဝေသူတစ်ယောက်က ကိုယ်တိုင်အချစ်ကဗျာမရေးတတ်ကြသူ လူငယ်အမျိုးသားများအတွက် ခံစားချက်ကဗျာတွေ အပြည့်ပါတဲ့စာအုပ် တစ်အုပ်ကို ကိုလူပျိုရဲ့ Valentine  စာရေးဆရာ (The Young Man’s Valentine Writer)ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ သည်မှာတင် တခြားထုတ်ဝေသူတွေကလည်း အချစ်ကဗျာတွေ၊ သရုပ်ဖော်ပုံတွေနဲ့ ကတ်ပြားတွေ ရိုက်နှိပ်ထုတ်ဝေကြပါတော့တယ်။
နှစ်ဆယ်ရာစုရဲ့ ဒုတိယတစ်ဝက်ကာလမှာတော့ ကတ်ပြားတွေ အပြန်အလှန် ပေးပို့ကြရာကနေ တခြားလက်ဆောင်တွေပါ ပေးပို့ကြတဲ့ အလေ့အထက အမေရိကန်နိုင်ငံမှာ တွင်ကျယ်လာပါတော့တယ်။ အဓိကကတော့ နှင်းဆီပန်းတွေ၊ အသည်းပုံအနီရောင်ဖဲသားဘူးနဲ့ ထည့်ထားတဲ့ ချောကလက်တွေ ပို့ကြ၊ ပေးကြတာပါ။ ဘယ်သူက ဘယ်လိုထွင်လိုက်တယ်ဆိုတာ အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ ၁၉၈၀ ပြည့် လွန်နှစ်တွေမှာတော့ စိန်အရောင်း အ၀ယ်လုပ်ငန်းရှင်တွေကလည်း လာဘ်မြင်လာပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ချစ်သူတွေအချင်းချင်း စိန်ရွှေ ရတနာတွေပေးတဲ့ အလေ့အထလေးပါတွင် ကျယ်လာအောင် လုပ်ကြပါတော့တယ်။ ဈေးသည်ဆိုတာကတော့ သူပစ္စည်းတွေများများ အစွံထုတ်နိုင်ဖို့ နည်းလမ်းရှာရတာပေါ့ခင်ဗျာ။ သည်လောက်ဆိုရင် ချစ်သူများနေ့လို့ အတော်လေး တွင်ကျယ်နေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် Valentine’s Day ရဲ့ ရာဇ၀င်အကျဉ်းကို မှန်းဆနိုင်ကြပြီ ထင်ပါတယ်ခင်ဗျာ။ အဲဒီ့နေ့ဟာ ခရစ်ယာန်တို့ရဲ့ ဘာသာရေး အထွတ်အမြတ် ပွဲတော်နေ့တစ်ခုမဟုတ်တာမို့ ရုံးပိတ်ရက်၊ အားရက်၊ နားရက်အဖြစ် ဘယ်ခရစ်ယာန် နိုင်ငံကမှ သတ်မှတ်ပေးမထားပါဘူး။ ခရစ်တော်ဖွားတဲ့ ခရစ္စမတ်လို၊ ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ် အီစတာပွဲတော်လို မျိုးကျင်းပကြတာ မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ဈေးကွက်ချဲ့ထွင်လိုမှုကြောင့် ပေါ်ပေါက်လာတဲ့ နေ့တစ်နေ့သာ ဖြစ်ပါတယ်။
စီးပွားရေးသမားတွေရဲ့ ကျေးဇူးကြောင့် အင်္ဂလန်နဲ့ အမေရိကန်မှာ စတင်ခဲ့တဲ့ အဲဒီ့အလေ့အထဟာ စင်ကာပူနိုင်ငံသားတွေ၊ ဂျပန်တွေ၊ တရုတ်တွေ၊ တောင်ကိုးရီးယားလူမျိုးတွေကြားမှာလည်း ကျွန်တော်တို့ထက်တောင် စောပြီး တွင်ကျယ်ခဲ့ပါတယ်။ အဲဒီ့က လူငယ်လူရွယ်တွေဟာလည်း ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ လက်ဆောင်အတွက် ပိုက်ဆံတွေနင်းကန် အကုန်ခံကြပေတာပဲပေါ့။

ဆင်ခြင်တုံတရားလေးရှေ့ထားပြီးတခြားမွန်မြတ်တဲ့ နည်း တစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာလက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဥာဏ်ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် ...

ကျွန်တော်တို့ဆီမှာတွင် ကျယ်လာတာကတော့ ဈေးကွက်စီးပွားရေး စတင်ခါစကာလက မြို့ပြတွေမှာ အပြိုင်းအရိုင်း ပေါ်ထွန်းလာတဲ့ ဟိုတယ်တွေနဲ့ ညဘက်ကပွဲ ခန်းမတွေက စလိုက်တာပဲလို့ ယူဆရပါတယ်။ ဟိုတယ်တွေကလည်း သူတို့ရဲ့ ချောကလက်တွေ ရောင်းကောင်းရေး၊ ညဘက်ကပွဲခန်းမတွေကလည်း သူတို့ခန်းမတွေမှာ လူစည်ရေးအတွက် သည်နေ့ကို မြန်မာတွေကြားမှာ မိတ်ဆက်လိုက်တဲ့အခါ ဇစ်မြစ်ကို ဂဃနဏ မသိသော်ငြား အများညီရင် ဤကို ကျွဲဖတ်ဖို့ ၀န်မလေးတဲ့ အထုံဝါသနာနဲ့ လူအများက အလွယ်တကူ နားယောင်သွားပြီးသည်နေ့ကို တခမ်းတနား လုပ်လာကြတော့တာပဲလို့ မြင်မိရပါတယ်။ မြန်မာရာဇ၀င်မှာလည်း နတ်ရှင်နောင်နဲ့ ရာဇဓာတုကလျာ၊ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာ၊ သုဓနုနဲ့ ဒွေးမယ်နော် အစရှိသဖြင့် အချစ်သူရဲ ကောင်းတွေ တစ်ပုံတစ်ပင်ရှိခဲ့ပေမယ့် အမှတ်အသားကောင်းတဲ့ အနောက်တိုင်း ရာဇ၀င်လိုနေ့စွဲ၊ ရက်စွဲနဲ့ အတိအကျ မဟုတ်လေတော့ကာ မြန်မာလူငယ်တို့အတွက် ရက်သတ်ဆင်နွှဲစရာ ချစ်သူများနေ့က မယ်မယ်ရရ မရှိဘူး။ ဒါကို အခွင့်ကောင်းယူတတ်တဲ့ စီးပွားရေးသမားတွေက ရောမဒဏ္ဍာရီထဲက ယုံတမ်းစကား ပလီပလာကို တင်သွင်းလာလိုက်တဲ့အခါမှာတော့ နားယောင်လွယ်သူများကြားမှာ ရေပန်းတွေ တအားစားကုန်တော့တာပါပဲ။
အဓိကကတော့ ဆင်ခြင်တုံတရားလို့ပဲ မြင်မိပါတယ်။ ဆင်ခြင်တုံတရားရှိမယ်ဆိုရင် သည်နေ့ဟာ ဘာနေ့လဲ၊ ဘယ်လိုကြောင့် ပေါ်လာရတာလဲဆိုတာ စူးစမ်းကြဖို့ သိပ်ကောင်းလှပါတယ်။ အနောက်တိုင်းကဟာမို့ ပစ်ပယ်ရမယ်၊ အရှေ့တိုင်း ကသာ ပိုမြတ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်မျိုးနဲ့ ပြောတာမျိုးမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ ရွာတစ်ရွာလို အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် လွယ်လင့်တကူ ကူးလူးဆက်ဆံလာနိုင်တဲ့ ကနေ့လို ကာလမျိုးမှာ ယဉ်ကျေးမှုတွေ အပြန် အလှန် ကူးလူးယှက်နွယ်နေတဲ့ ရေစီးကိုလည်း ဘယ်သူမှ တားဆီးလို့ မရစကောင်းပါဘူး။

ကတာ၊ ခုန်တာ၊ ဆိုတာ၊ တီးတာ၊ ၀တ်စားဆင်ယင်တာလို၊ စာပေ၊ အနုသုခုမသဘင်လိုယဉ်ကျေးမှုတွေ ကူးလူးယှက်နွယ်နေတာ အင်မတန်မှ ချစ်စရာ၊ နှစ်လိုစရာကောင်းပါတယ်။ လူသားတိုင်းရဲ့ မူလအခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ် လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တခြားဘာသာဝင် အသီးသီးရဲ့ ဘာသာရေးပွဲတော်တွေဟာလည်း ပျော်စရာ၊ ကြည်နူးစရာပွဲတော် များသာဖြစ်တာမို့ တရုတ်နှစ်သစ်ကူးဆိုလည်း တရုတ်နှစ်သစ်ကူး အလျောက်၊ ခရစ္စမတ်ဆိုလည်း ခရစ္စမတ်အလျောက်၊ အစ္စလာမ်တို့ရဲ့ အစ်ပွဲတော်ဆိုလည်း အစ်ပွဲတော်အလျောက် ကျွန်တော်တို့မြန်မာတွေလည်း တစ်နည်းတစ်ဖုံ ပါဝင်ဆင်နွှဲ ပျော်ပွဲဆင်နေကြတာကို သဘောမတူစရာ အကြောင်းမရှိပါဘူး။

သည်ချစ်သူများနေ့ကတော့ဗျာ၊ ကျွန်တော့်စိတ်ထဲတယ်လည်း ဘ၀င်မကျမိဘူး။ မကြာသေးခင်ကမှ အလားတူတွင်ကျယ်လာတဲ့ အမေနေ့၊ အဖေနေ့ဆိုတာများလိုပဲ ခံစားရပါတယ်။ အမေ၊ အဖေကို တစ်နှစ်မှာ ၃၆၄ ရက်လုံးလုံး ဂရုမစိုက်၊ ပစ်ပယ်ထားပြီး အမေနေ့၊ အဖေနေ့ကျတော့မှ သတိတရနဲ့ သွားကန်တော့မယ်ဆိုရင် ဘယ်အမေ၊ ဘယ်အဖေက ကြည်နူးနိုင်ပါလိမ့် မလဲနော်လို့ ပြောရင် ကျွန်တော်က ခွကျတယ်ဖြစ်ဦးမယ်။
ဒါပေမယ့် သေချာစဉ်းစား ကြည့်တော်မူပါခင်ဗျာ။ အမေနေ့ကျမှ အမေ့ကိုကန်တော့၊ အဖေနေ့ကျမှ အဖေ့ကို ကန်တော့မယ့်အစား မိခင်၊ ဖခင်များ အသက်ရှင်နေခိုက်၊ သူတို့အတွက် လူ့လောကကြီးမှာ နေရမယ့်ရက် နည်းသထက်နည်းလာခိုက်မှာ နေ့တိုင်းမတတ်နိုင်ဘူး ဆိုရင်တောင် တစ်လတစ်ကြိမ်၊ နှစ်ကြိမ်၊သုံး၊လေးကြိမ်သတိလေးထားပြီး သူတို့ကြိုက်တတ်တဲ့ စားစရာလေးနဲ့ဖြစ်ဖြစ်၊ စားစရာမတတ်နိုင်ရင်တောင် သူတို့နားမှာနေပြီး သူတို့ပြောတဲ့ စကားလေးတွေကို အဖန်ဖန်ကြားပြီးဖြစ်သည့်တိုင် စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့ နည်းလေးနဲ့ဖြစ်ဖြစ် အလုပ်အကျွေးပြုဖြစ်ကြတာက ပိုမကောင်းပေဘူးလားခင်ဗျာ။ ချစ်သူများနေ့ဆိုတာလည်း အလားတူပါပဲ။ ချိန်တန်ရွယ်ရောက် လူလားမြောက်လာတဲ့အခါမှာ တခြားတစ်မိသားအပေါ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးတဲ့ စိတ်ဆိုတာ ပေါ်ပေါက်လာစမြဲပါပဲ။ အဲဒီ့ကမှ အိမ်ရာထူထောင်ကြရမယ်၊ ဘ၀ကို အတူယှဉ်တွဲ ရုန်းကန်ဖြတ်ကျော်ကြရပါမယ်။
ဆင်ခြင်တုံတရားလေး ရှေ့ထားပြီး မောင်တို့မယ်တို့သာ ဥာဏ်ကလေးနဲ့ ချစ်ကြမယ်ဆိုရင် ချစ်သူများနေ့က အထူးလိုအပ်စရာ ဘာအကြောင်းမှမရှိပါဘူး။ သည်နေ့ကျတော့မှ ချစ်နေပြီး ကျန်တဲ့နေ့ တွေကျရင် တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်။ မမြင်ချင် အောင်ဖြစ်နေကြမှာမှ မဟုတ်တာပဲလေ။ အဲတော့သည်နေ့ကို ဆင်နွှဲမယ်ဆိုလည်း လူငယ်လူရွယ်တို့ ဘာသာ ဘာဝအများနဲ့ညီမှ ခေတ်မီမယ်ဆိုတဲ့အတွေးနဲ့ ဆင်နွှဲတာကို မတားချင်ပါဘူး။ ဒါပေမယ့် ဆင် ခြင်တုံတရားလေး ရှေ့ထားပြီး တခြားမွန်မြတ်တဲ့ နည်းတစ်နည်းနည်း၊ ကိုယ်ချစ်တဲ့ခင်တဲ့သူနဲ့ တစ်ဘ၀တာ လက်တွဲကြရေးမှာ ပိုမိုတင့်တယ်သာယာစေမယ့် နည်းတစ်နည်းနည်းကို ကိုယ်ပိုင်ဥာဏ်ကလေးများနဲ့ ကြံဆဆင်နွှဲသွားမယ်ဆိုရင် စီးပွားရေးသမားတွေရဲ့ သားကောင် ဘ၀က လွတ်မြောက်သွားနိုင်မှာလည်း မလွဲပါဘူးခင်ဗျား။
အဲ... သည်ကြားထဲမှာ သည်နေ့အတွက် အင်မတန်ထူးခြားတဲ့ အချက်အလက်သစ်တစ်ခုကိုလည်း သည်နှစ်မှာမှ ကြားရမြင်လိုက်ရ ပြန်ပါသေးတယ်။ ကျွန်တော့်ကို မေးသွားတဲ့ နိုင်ငံခြား အသံလွှင့်ဌာနက မေးခွန်းထဲမှာပါလာလို့ စတင်သတိထားမိခဲ့သလို အင်တာနက်ပေါ်က မြန်မာတို့ရဲ့ လူမှုရေးကွန်ရက်ပေါ်မှာလည်းပဲ သည်အချက်ကို ဖျတ်ခနဲတွေ့လိုက်မိပါတယ်။ အဲဒါကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မြို့ကြီးများပေါ်က တည်းခိုခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေမှာ နေရာမရလောက်အောင်တောင် ပြည့်နှက်နေတယ်ဆိုတဲ့ သတင်းမဟာပါပဲ။ စီးပွားရေးသမားတွေရဲ့ လက်ချက်ကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ကွပ်မျက်ခံရတဲ့နေ့ကနေ ချစ်သူများနေ့ရယ်လို့ ဖြစ်လာ၊ မြန်မာပြည်ကို ရောက်လာတော့ တချို့သော ယောက်ျားပျိုလေးများရဲ့ အသွင်ပြောင်းမှုကြောင့် ချစ်သူများနေ့ကနေ သွေးသားကိစ္စနေ့ အဖြစ် ပြောင်းသွားပါပေါ့လားလို့ ရင်မောစွာတွေးလိုက်မိရပါတယ်။ အဲဒီ့နေ့မှာ အကာအကွယ်မဲ့ ချစ်တင်းနှောကြမယ့်သူက အများသားဆိုတာလည်း တွေးမိသွားရ ပြန်တာမို့ ချစ်သူများနေ့ဟာ သွေးသားကိစ္စနေ့မှသည် HIV ပိုး အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ ပြန့်ပွားရေး နေ့တစ်နေ့အဖြစ် ပြောင်းလဲသွားနိုင်တာကို မြင်လာရင်း စိတ်မောသွားမိပါတယ်။
အချစ်ကို ကိုးကွယ်လိုကြတဲ့၊ နှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ခေတ်အဆက်ဆက် အပြောခံခဲ့ကြရတဲ့ သမီးငယ်လေးများ သတိထားသင့်တဲ့နေ့လို့တောင်မှ သည်နေ့ကို ပြောင်းလဲ ခေါ်ဝေါ်သင့်ကြပြီ ထင်ပါတယ်။ သည်လောက်ဆိုရင် ကျွန်တော်တို့ ကိုးကွယ်ရာ ဘာသာနဲ့ လည်း ဘယ်လိုမှမသက်ဆိုင်၊ ရိုးရာဓလေ့ထုံးတမ်းလည်း မဟုတ်သလို သက်ဆိုင်တဲ့ ခရစ်ယာန် ဘာသာဝင်တွေရဲ့ တကယ့်နေ့ထူး နေ့မြတ်အစစ်လည်း မဟုတ်ဘဲ စီးပွားရေးသမားများရဲ့ ထွင်လုံးကြောင့် ကမ္ဘာမှာ တွင်ကျယ်လာနေတဲ့ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့ဆိုတာရဲ့ သဘောသဘာဝ အစစ်အမှန်ကို မှန်းဆနိုင်ကြပြီလို့ မျှော်လင့်မိရပါတယ်ခင်ဗျား။ အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။

Written by အတ္တကျော်   
(၀၂၀၂၁၂)စာညွှန်း
Encyclopedia Britannica, 2007http://en.wikipedia.org/wiki/Valentine's_Day

ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

2012-02-13

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး လိုအပ်ချက်တွေဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု အားကောင်းလာဖို့ လိုတယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။

နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းလမ်းများ နှီးနှောဖလှယ်ပွဲ ညီလာခံမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar က ခုလို ပြောခဲ့တာပါ။

ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ခုနစ်ထောင်ရှိလာပြီဖြစ်ပြီး လာမယ့် ငါးနှစ်အတွင်းမှာ သန်း ၅၀၀ လောက် လူဦးရေ တိုးလာဖွယ်ရှိတယ်လို့ မစ္စတာ နမ်ဘီးယားက ဆိုပါတယ်။ ကမ္ဘာကြီးမှာ လူဦးရေ များပြားလာတာနဲ့အမျှ စားနပ်ရိက္ခာ ဖူလုံမှု၊ အလုပ်အကိုင် ရရှိရေး၊ လူသားတွေရဲ့လုံခြုံမှုနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှုစတဲ့ အခက်အခဲတွေနဲ့ တစ်ကမ္ဘာလုံး ရင်ဆိုင်လာရဖွယ် ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာလည်း ဒီလို အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံရဲ့ ပညာရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေ ကောင်းမွန်လာဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်း ပြီးခဲ့တဲ့နှစ်က ကတိပေး ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်တွေ အထမြောက်ဖို့ဆိုရင် အစိုးရ တစ်ခုတည်းတင် လုပ်ဆောင်လို့မရဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ လူမှုအဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကိုလည်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

အဆိုတော် Whitney Houston ကွယ်လွန်

ဂရမ်မီ (Grammy) တေးဂီတဆုတွေ ရရှိခဲ့ပြီးတော့ ၁၉၉၂ က ရိုက်ကူးခဲ့တဲ့ The Body Guard ရုပ်ရှင်နဲ့ ကမ္ဘာကျော်ခဲ့သူ အဆိုတော် ရုပ်ရှင်မင်းသမီး အသက် (၄၈) နှစ်အရွယ် Whitney Houston ဟာ ဒီကနေ့ မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မနက်စောစောပိုင်းက ကွယ်လွန်သွားခဲ့ပါပြီ။ Whitney Houston ဟာ စနေနေ့ ဒေသစံတော်ချိန် သုံးနာရီ ငါးဆယ့်ငါးမိနစ်မှာ၊ လော့စ်အိန်ဂျဲလိစ် (Los Angeles) မြို့က Biverly Hill Hilton Hotel က သူမတည်းခို နေတဲ့အခန်းမှာ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ လော့စ်အိန်ဂျဲလိစ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီနေ့ တနင်္ဂနွေနေ့ညမှာ ကျင်းပမယ့် ဒီနှစ်ရဲ့ Grammy တေးဂီတဆု ပေးပွဲကို တက်ရောက်ဖို့ Whitney Houston ဟာ လော့စ်အိန်ဂျဲလိစ် မြို့ကို ရောက်ရှိနေတာပါ။ တယ်လီဖုန်းနဲ့ အရေးပေါ် အကူအညီ တောင်းခံတာကို ရရှိပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာ ရဲနဲ့သူနာပြုတွေ ရောက်ရှိလာခဲ့ပြီး Whitney Houston ကို ကုသပြုစုမှု ပေးခဲ့ပေမဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘယ်လိုအကြောင်းကြောင့် ကွယ်လွန်ရတယ် ဆိုတာကို ဆုံးဖြတ်သတ်မှတ်လို့ မရသေးဘူးလို့ ရဲက ပြောဆိုပေမဲ့ သတင်းတွေထဲမှာတော့ Whitney Houston ဟာ ကာလကြာရှည် ခံစားနေရတဲ့ အဆုပ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ဖော်ပြကြပါတယ်။
Whitney Houston ဟာ ဂရမ်မီ ဂီတဆု ခြောက်ကြိမ် ရရှိခဲ့ပါတယ်။ Whitney Houston ရဲ့ Single နဲ့ အယ်လ်ဘမ် ဓါတ်ပြားချပ်ရေ စုစုပေါင်း သန်းပေါင်း ၁၇၀ ရောင်းချခဲ့ရပြီးတော့ ၁၉၈၅ ခုနှစ်မှာ စပြီးထွက်ရှိတဲ့ သူ့ရဲ့ အယ်လ်ဘမ် ဟာ တကမ္ဘာလုံးမှာ ဓါတ်ပြား ချပ်ရေ ၂၅ သန်း ရောင်းချခဲ့ရပါတယ်။

‘နောက်ကြည့်မှန်’၊ ‘ငယ်ချစ်’ နဲ့ ‘ဒေါင်းအလံ’

ကိုပေါက် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၅၇ မိနစ်

(မင်းကိုနိုင်နှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။         ။ “နေစောင်းရင် ဖေသောင်းတို့ အရေတောင်းပြီ…” ဟု စာငတ်သော ဝရမ်းပြေး
ကျောင်းသား ခေါင်းဆောင်နှင့် တောသူမလေး ညို တို့၏ သံယောဇဉ်...။ အရေးတော်ပုံ နောက်ခံကား၊ သပိတ်တပ်သားတို့၏ အောင်ပွဲ…

“ရှင့်အတွက် မှန်တချပ် လှူချင်လိုက်တာ”

“ရှင့်ရုပ်ကို ပြန်ကြည့်ဖို့ မဟုတ်ဘူး။ ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ရစ်မှန်း မသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ”

ခေတ်က ဖြတ်သန်းဆဲပင်…။

သမိုင်းခေတ်တခုကို အမှတ်မဲ့ မဖြတ်သန်း။ အနုပညာဖြင့် မှတ်တမ်းတင်လေ့ရှိသူမှာ စာရေးဆရာပင် ဖြစ်တော့ သည်။ ကျောင်းသားခေါင်းဆောင် ‘မင်းကိုနိုင်’ ကား တအုပ်တည်းနှင့် စာရေးဆရာ မည်ထိုက်စွာ။

သူ့ကဗျာ၊ သူ့ပန်းချီ၊ သူ့ဝတ္ထု၊ နောက် သူ့မိန့်ခွန်းမှာပင် အနုပညာ ပါသည်။ ကျောင်းရယ်၊ ဒေါင်းရယ်၊ ရင်ခွင်ရယ်… တွင်တွင်သုံးသည်။ သို့သော် လူထုကို အိပ်ငွေ့ချသော အနုပညာမဟုတ်။

အနုပညာကို ‘ငယ်ချစ်’တဲ့။ သို့သော် မိဘများက ‘ဒေါင်းအလံ’ နဲ့ ပေးစားလိုက်သတဲ့။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် စာရေးဆရာ မင်းကိုနိုင်တို့၏ ငယ်ချစ်အပေါ် သံယောဇဉ်နှင့် အိမ်သူအပေါ် သစ္စာတို့ကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။ မအားလပ်သည့်ကြားမှ အချိန်လု၍ ဖြေကြားပေးထားသည်။

backmirrar
ကိုမင်းကိုနိုင် က သံချပ်လည်း ထိုးတယ်၊ ကဗျာလည်း ရေးတယ်၊ ဝတ္ထုလည်း ရေးတယ်။ ဆိုတော့ဗျာ…

ပန်းချီလည်း ဆွဲတယ်လေဗျာ။

ဟုတ်သားပဲ။ ပန်းချီလည်း ရေးတယ်။ ဝတ္ထုလည်း ရေးတယ်။ ‘နောက်ကြည့်မှန်’ဝတ္ထုက နောက်ပိုင်းခေတ်တွေ ဆက်ရေးလို့ ရသေးတဲ့သဘော တွေ့ရတယ်။ ဆက်ရေးဖို့ စိတ်ကူးရှိလားဗျ။

ဒီလိုပါဗျာ။ ‘နောက်ကြည့်မှန်’ ဆက်ရန်ရှိသေးတဲ့သဘောက စာဖတ်သူရဲ့ခံစားမှု ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ ကျနော်က အဲဒီလောက်နဲ့ပဲ တော်ရင် ပိုပြီးတော့ သင့်မယ်လို့တောင် တွေးတယ်ဗျ။ ကျနော်ကိုယ်တိုင် သံယောဇဉ်
ဖြစ်နေတဲ့ ကိစ္စကြီးဆိုတော့၊ ကျနော်တို့ကို သံယောဇဉ်က ပေးတာတွေက ကြည်နူးစရာတွေထက် ဆွေးမြေ့စရာတွေ
က ပိုများနေလို့ပါဗျာ။

ဒီစာအုပ် ရေးခဲ့တုန်းက ဘယ်လိုစိတ်စေတနာမျိုးနဲ့ ရေးခဲ့လဲဗျ။

၈၈ အာဏာသိမ်းပြီးကာစမှာ ရေးတာပါ။ အဲတုန်းက ကျနော်တို့က ကျောင်းသားဘဝ ၂ဝ ကျော်ပဲ ရှိကြသေးတော့ ငယ်သူအတွေးနဲ့ ငယ်သူအရေးတွေပါပဲ။ နောက်ဆုံးတခန်းကျမှ ကျနော် ပထမဆုံးအကြိမ် ထောင်ကလွတ်လာတဲ့ ၂ဝဝ၅ လောက်ကျမှ နောက်ဆုံးတမျက်နှာကို ရေးတာ။ မခင်အေး က ကလေး နှစ်ယောက် ရပြီးတော့ ရထားပေါ် ကနေ ရေအိုးစင်လေးတွေ လိုက်ရှာနေစဉ်မှာ ရေသန့်ဗူးတွေ ပေါ်လာပြီ ဆိုတာလေးကို ရေးလိုက်တာလေ။

အကြောင်းအရာ ရွေးချယ်တာ၊ တင်ပြတာက ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ရဲ့ ပုံစံမျိုးတွေ့ရ ပါတယ်။ ဒီဆရာတွေရဲ့စာပေသြဇာရော ဘယ်လောက်ရှိခဲ့လဲဗျ။

သူတို့တင် မကဘူးဗျ။ ကျန်တဲ့ရသစာပေနယ်က ဆရာတွေရဲ့သြဇာတွေလည်း ကျနော့်အပေါ် သက်ဝင်ကောင်း သက်ဝင်နေပါလိမ့်မယ်။ ခုနက ခင်ဗျား ရွေးမေးသွားတဲ့ ဆရာနှစ်ပါးရဲ့သြဇာလည်း မကင်းဘူးဆိုတာ ဝန်ခံပါတယ်။ ကျနော်ကတော့ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် တွေးပြီး၊ လွတ်လွတ်လပ်လပ် ရေးလိုက်တာပါပဲ။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ်ပေါ့ အရင်ဆုံးလက်ရာ ဆိုတာမျိုးကတော့ ရှေးရှေ့က ရှိခဲ့တဲ့ အစဉ်အလာတွေပေါ်မှာတော့
ဖောက်ထွက်ဖို့ဆိုတာ အင်မတန်ခက်ပါလိမ့်မယ်။ တခုတော့ ရှိတယ်ဗျ။ ကျနော် ဒီစာကို ရေးတာက အသက် ၂၆ နှစ် အရွယ်မှာ ရေးလိုက်တာ။ တလုံးတပါဒမှ ပြန်ပြင်ထားခြင်းမရှိဘူးဗျာ။ ပထမဆုံး အကြမ်းစရေးတဲ့ လက်ရေးမူ ကိုပဲ ရိုက်ဖြစ်သွားတာဗျ။ တခါတည်း ပုံနှိပ်ခံလိုက်ရတာမျိုးဆိုတော့ ကျနော့်အတွက်တော့ အရိုးခံ အတိုင်းပဲ ဖြစ်နေတာ
တော့ အမှန်ပဲလေ။
MKNopennldoffice
ဗိုလ်ချုပ်အောင်ဆန်းလည်း တိုင်းပြည်လွတ်လပ်ရေးရပြီးရင် စာရေးဆရာပဲ လုပ်မယ်လို့ စိတ်ကူးခဲ့ဖူးပါတယ်။ ဒီလိုပဲ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းခဲ့ကြတဲ့ သိန်းဖေမြင့်၊ သခင်ဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်း၊ ဦးနု၊ မြသန်းတင့် စသဖြင့် စာရေးကောင်းကြပါတယ်။ ကိုမင်းကိုနိုင်တို့ရော စာပေဆက်လက်ရေးသားနေဖို့ရော စိတ်ကူးရှိလားဗျ။

အနုပညာက ကျနော့်ရဲ့ ငယ်ချစ်ပဲလေဗျာ။ အနုပညာထဲကနေ ထွက်လာပြီးတော့သာ ဒေါင်းအလံ ကိုင်မိလျက်သား
ဖြစ်သွားပြီးတော့ တလျှောက်လုံး ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါလာတာကိုး။ ကျနော့်ရဲ့ မူရင်းဖြစ်တဲ့ အနုပညာကို တနေ့မဟုတ်တနေ့မှာ အရောက်ပြန်သွားမှာ။ လောလောဆယ်လည်း အချိန်များရရင် ရသလောက် လုပ်ဖို့ စိတ်ကူးရှိ တယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အချိန်မရဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ဒီ နိုင်ငံရေးလှုပ်ရှားတယ်ဆိုတာ အင်မတန် ဖိဆီးပါတယ်ဗျာ။ လူတယောက်ရဲ့ ဘဝတခုလုံးနီးပါးလောက် ပေးရတာကိုးဗျ။ အနုပညာဆိုတာ ကျနော့် ငယ်ချစ်ပါ။ ငယ်ချစ်ကို မပေါင်းခဲ့ရဘဲ ‘ဦးနှောက်’ ဆိုတဲ့ မိဘတွေက ပေးစားလိုက်တဲ့ နိုင်ငံရေးခေါ်ခေါ်၊ ဒီမိုကရေစီ အရေးခေါ်ခေါ် လှုပ်ရှားမှုကြီးနဲ့ ညားပြီးတော့ ဒီနေ့ထိ ခရီးသွားနေရတာကိုး။ ကျနော့်အဖြစ်က အဲဒါပါပဲ။ တချိန်မှာ
တော့ ငယ်ချစ်ဆိုတဲ့ အနုပညာနဲ့ ပြန်တွေ့ချင်တယ်ဆိုတာ အဲဒါကို ပြောတာပါ။

ဒီလို အနုပညာသမားတယောက်လည်းဖြစ်တယ်၊ နိုင်ငံရေးဦးဆောင်မှုလည်း ပေးနေရတယ်။ စာပေဝေဖန်ရေးတွေ မှာ စံနှစ်ရပ်ဖြစ်တဲ့ နိုင်ငံရေးစံနဲ့ အနုပညာစံ တိုင်းထွာအကဲဖြတ်ကြတော့ ကိုမင်းကိုနိုင်ရော ဒီစံနှစ်ရပ်အပေါ် ဘယ်လိုသဘောထားလဲ။

စာတပုဒ်၊ အနုပညာတရပ်ဟာ လူသားတွေရဲ့ စာရိတ္တပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာကို အဆိပ်အတောက် မဖြစ်ဘူးဆိုရင် ရတယ်။ ကျနော်ကတော့ တခြားပေတံနဲ့ မတိုင်းတော့ဘူး။ အနာဂတ်အတွက် လူတွေရဲ့ အသိတရား ဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အဆိပ်အတောက်ဖြစ်တယ်ဆိုရင်တော့ နိုင်ငံရေး ပါပါ/မပါပါ ကျနော် လက်မခံနိုင်ဘူး။ အဆိပ်အတောက် မဖြစ်ဘူးဆိုရင်တော့ အနုပညာကိုပဲ ကြည့်မှာပါ။ အနုပညာသမားတယောက်အနေနဲ့ တွေးရင်တော့ ဒီအတိုင်းပဲ ကျနော် အမြဲအဖြေပေါ်ပါတယ်။

သံချပ်တွေ ထိုးခဲ့တုန်းက ဘယ်လိုစတိုင်နဲ့ ထိုးခဲ့လဲဗျ။

ရန်ကုန်၊ အောက်ပိုင်းဟန်မျိုးလို့ပဲ ပြောရပါလိမ့်မယ်။ အဲဒီတုန်းက ကျနော်တို့ရဲ့ မြင်ဆရာတွေ ရှိပါတယ်။ ပြောရင် လည်း မကုန်လို့ပါ။ သင်္ကြန်ကို တကယ်ချစ်ပြီးတော့ တနှစ်တာ ရှာဖွေထားတာလေးတွေကို အကုန်ခံ၊ အပြုတ်ခံ ပြီးတော့ တကယ်ထိုးခဲ့ကြတဲ့ သင်္ကြန်ဆရာသမားတွေ ရှိပါတယ်။ ဥပမာပြောရရင် ဆရာမောင်စိမ်းနီ တို့ရဲ့ကားဆိုရင်
ရောက်ရာအရပ်မှာ ကျနော်တို့ကားကို ရပ်ပြီးတော့ ကြည့်ခဲ့ရတဲ့ ကျနော်တို့ရဲ့ မြင်ဆရာ၊ ကြားဆရာတွေပေါ့ဗျာ။ အဲလို အများကြီးရှိပါတယ်။ နာမည်တွေ ဆက်ပြောရင် ကျန်သွားမှာစိုးလို့ပါ။ သူတို့တတွေ ရှေ့ကနေ အစပြုခဲ့တဲ့ ဟန်တွေ အတိုင်း လိုက်ကြတာပါ။ လောကကြီးတခုလုံးကို သရော်တဲ့အမြင်၊ ဟာသရှုဒေါင့်က ကြည့်တာမျိုးတော့ ပါတာပေါ့။ ကျနော်တို့ တကယ်ကြိုက်တာကတော့ လောကကို ငြိမ်းချမ်းရေးအမြင်၊ တရားမျှတရေးအမြင်နဲ့ကြည့်ပြီးတော့မှ အဲဒီအပေါ်မှာ တိုက်ပွဲဝင်ရဲတဲ့ သံချပ်မျိုးကို ကျနော်တို့ ပိုကြိုက်ပါတယ်။
MKNopennldoffice1
ဒီနှစ်အတွက် သံချပ်တွေ ထိုးဖို့ စိတ်ကူး စီစဉ်ထားတာ ရှိလားဗျ။

အရင် သံချပ်လောကကနေ ဒီနေ့ စာပေ၊ ရုပ်ရှင်လောကတွေထဲကို ရောက်လာတဲ့ပုဂ္ဂိုလ်တွေကတော့ သင်္ကြန်ပိုးတွေ
တော်တော်ထနေပြီလို့ သိရတယ်ဗျ။ အနည်းဆုံးတော့ ကျနော့်မှာရှိတဲ့ အတွေးတွေ၊ အမြင်တွေကို ကိုယ်တိုင် ထုတ်ပြခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အဲဒီဆရာတွေ ထုတ်ပြမယ်ဆိုရင်တော့ ကျနော် သွားပြီး အားပေးရမှာပဲ။ ကျနော် သွားမျှော်ပြီးတော့ စိတ်ကြိုက် လွင့်ပါခံစားဦးမှာပေါ့ဗျာ။

သံချပ်အပေါ် သဘောထားရောဗျာ။ ဒီသံချပ်က သင်္ကြန်နဲ့ ပွဲလမ်းတွေမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ။

ဒါက ရှိကိုရှိရမှာဗျ။ တိုင်းပြည်တပြည်မှာ သံချပ်ဆိုတာ ရိုးရိုးလေး၊ ပြည်သူလူထုရဲ့ အော်သံပဲ၊ ပြည်သူလူထုရဲ့ ရင်ဖွင့်သံပဲ။ ပြည်သူ့ဘဝတွေက ဘယ်လိုရှိနေတယ်၊ ပြည်သူတွေ ဘာဖြစ်ချင်တယ် ဆိုတာကို သံချပ်နဲ့ ဖော်ထုတ် တာက နှစ်ပေါင်းများစွာ ကျနော်တို့ မြန်မာ့ယဉ်ကျေးမှုမှာ ရှိလာခဲ့တဲ့ အစဉ်အလာကောင်းပေါ့ဗျာ။ အဲဒါကို ဒီအမှောင်ခေတ်ကြီးတလျှောက်လုံးမှာ (အထူးသဖြင့်ဗျာ) စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ၁၉၈၉ ကနေ အပိတ်ခံရတာပဲဗျ။ ဒီနေ့ ဒီမိုကရေစီကို သွားပြီ၊ ချီတက်ပြီဆိုတဲ့ အချိန်မျိုးမှာတော့ ဖွင့်ကို ဖွင့်ပေးရမယ်ဗျာ။ ခွင့်ကို ခွင့်ပြုရမယ်ဗျာ။ ကျနော်တို့ သံချပ်သမားတွေဘက်ကလည်း ပြည်သူ့ကိုယ်စား အော်နိုင်ဟစ်နိုင် သီကြွေးနိုင်ဖို့၊
ပြည်သူ့ကိုယ်စား ငြိမ်းချမ်းရေးစကားတွေ ပြောနိုင်ဖို့အတွက် ကိုယ်တိုင်လည်း ဖန်တီးယူရမယ်။ သူများပေးမှ ရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ၊ မိမိရဲ့ မူလအခွင့်အရေးအဖြစ်နဲ့ သင်္ကြန်သံချပ်တွေကို ဖန်တီးကြဖို့ လိုတယ်လို့
မြင်ပါတယ်ဗျာ။

အခုရော ရေးထားတဲ့စာတွေ ရှိလားဗျ။ မထုတ်ရသေးတာတွေ။

မရှိသေးဘူးဗျ။ ကဗျာတွေပဲ အဟောင်းတွေ ပြန်ရှာနေတာ။

ဖြည့်စွက်ပြောချင်တာများ ရှိသေးလားခင်ဗျ။

ကျနော်အခု Facebook တခု လုပ်မယ်။ အဲဒီမှာ ကျနော့်ရဲ့ ဘဝတခုလုံးဆိုတဲ့ အိမ်ကြီးတော့ မဟုတ်ဘဲနဲ့ အနုပညာ ဆိုတဲ့ အခန်းလေးတခန်းပဲ ဖြစ်လိမ့်မယ်။ တခြားအကြောင်းတွေ မပါဘဲနဲ့ ကျနော့်ရဲ့ ပန်းချီလက်ရာ၊ ကဗျာလက်ရာ၊ အတွေးလေး၊ ကာတွန်းလေး၊ ဓါတ်ပုံလေး ဖြစ်လိမ့်မယ်။ အနုပညာသပ်သပ် အခန်းလေးတခန်းကိုတော့ ကျန်တဲ့သူတွေ ဝင်ပြီးတော့ မျှဝေခံစားနိုင်လိမ့်မယ်။ သို့သော် ကျနော့်ဘဝတခုလုံး၊ အိမ်တခုလုံး ဖော်ပြနိုင်မှာမဟုတ်ဘူး။

Facebook နာမည် ဘာဖြစ်မလဲဗျ။

၈၈ မင်းကိုနိုင်ပဲ ဖြစ်လိမ့်မယ်။ ၈၈၈၈ မင်းကိုနိုင် ဖြစ်လိမ့်မယ်။ စမ်းတော့ စမ်းကြည့်ထားပြီးပြီ။ အကုန်မတင်ရသေးဘူး။

ရွေးကောက်ပွဲ နိုင်ငံတကာ လေ့လာသူများ ခွင့်ပြုဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ တိုက်တွန်း

2012-02-12

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတဖို့အတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူ တွေကို ခွင့်ပြုပေးဖို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုဆန်နီက RFA ကို အခုလို ပြောပါတယ်။
(Photo: AFP)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲမှာ နိုင်ငံခြားမှ သတင်းသမားများနှင့် စောင့်ကြည့် လေ့လာသူများကို လက်ခံမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရှင်းလင်း ပြောကြားသည်ကို နားထောင်နေသော နိုင်ငံခြား သံတမန်များ ဖြစ်ပါသည်။ (Photo: AFP)
ဒီကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုဆန်နီက RFA ကို အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း အစိုးရ ကျောထောက်နောက်ခံပြုတဲ့ ပါတီတွေက မဲမသမာမှုတွေ လုပ်လာတာတွေ၊ စည်းမျဉ်းဥပဒေ ကျော်တာတွေ ရှိခဲ့တယ်။ အဲဒီဟာမျိုးတွေ နောက်တကြိမ် မဖြစ်အောင် အခု ရွေးကောက်ပွဲမှာတော့ တရားမျှတမှု ရှိရှိနဲ့ ဆောင်ရွက်နိုင်အောင် နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့တွေကို အစိုးရကရော ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကရော လေ့လာစောင့်ကြည့်ခွင့် ပြုစေချင်တယ်”

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာအသီးသီးက ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကော်မရှင်ခွဲတွေ၊ ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားလှယ်တွေ၊ အောင်နိုင်ရေးအဖွဲ့တွေကို သတ်မှတ်ထားတဲ့ ဥပဒေစည်းကမ်းတွေ ကျော်ပြီး ဆောင်ရွက်တာတွေ၊ ဘက်လိုက်စည်းရုံးတာတွေ မရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ ဥပဒေချိုးဖောက်မှုတွေ ရှိရင်လည်း အရေးယူပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

သူတို့ အဖွဲ့ဝင်တွေ အနေနဲ့လည်း ရွေးကောက်ပွဲ ကျင်းပတဲ့နေရာတွေမှာ လေ့လာ စောင့်ကြည့်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုဆန်နီက ပြောပါတယ်။

သူ့ ရဲ့အဓိကရည်မှန်ချက်

ကျနော့် မွေးနေ့နှင့် (၁)ရက်၊ (၁)လ (၁၉_ _) ခုနှစ်ဖွားများ


ဝန်ထမ်းကောင်မလေးက ကွန်ပြူတာကြည့်ရင်း “What’s his name?” ဟုဆိုတော့ ကျနော်က မောင်မောင့်ကို “ခင်ဗျားနံ မည်မေးတာ” ဟု ဘာသာပြန်ပေး၏။ သူက “မောင်မောင်ပါ” ဆိုတော့ “Maung Maung” ဖြစ် ကြောင်း ကျနော် ပြန်ဖြေ လိုက်၏။ တခါထပ်ပြီး “How to spell?”ဆိုတော့ မောင်မောင့်ကို မေးမနေတော့ဘဲ “Maung” ဟု ကျနော်ကပဲ ဖြေလိုက် ၏။ “Last Name?” ဟုထပ်မေးတော့ ကျနော်က “Maung” ဟုဆိုပြီး “First name?” ဟုဆို တော့လည်း ကျနော်က “Maung” ဟုသာ ထပ်ပြော၏။ ဤတွင် သည်အဖြူမက မျက် လုံးလှန်ပြီး ကျနော်တို့ကို တလှည့်စီကြည့်၏။ ဘာမှတော့ မပြော။ သူ့မျက်လုံးတွင်ထင်လာသည့် ဘယ်နှယ်ပါ လိမ့်ဆိုသည့်အရိပ်ကလေးကို ဖျတ်ကနဲမြင်လိုက်ရ၏။ ကျနော် သိ လိုက်ပြီ။ သူ ဒီ အေဂျင်စီမှာ ခုမှ အလုပ်ဝင် လာသည့် လူသစ်မှန်း။ သူ ဤသို့ဖြစ်ရ ခြင်းမှာ သူ့အဖို့ဆန်းသော်လည်း ကျနော့်အဖို့မဆန်း။ သို့သော် ရှင်းပြနေစရာ ဘာအကြောင်းမှမရှိ။ နောက်တော့ “Date of Birth?” ဟုမေးပြန်၏၏ မောင်မောင်က (၁)ရက် (၁)လ ၁၉၈၀ ဆိုတော့ ဒီတကြိမ်မျက်လုံးပြူးရတာက အဖြူမ မဟုတ်။ ကျနော်ဖြစ်၏။ (၁)ရက် (၁)လကြောင့်မဟုတ်။ (၁၉၈၀)ကြောင့်။ မျက်နှာကြည့်လိုက်ရုံနှင့် သူ့အသက် (၃၂) မဟုတ်မှန်း မြန်မာပြည်သားတိုင်း ခန့်မှန်းနိုင်၏။ အမေရိကန်တွေကတော့ မြန်မာပြည်သား ဒီအရွယ်တွေကို မျက်နှာကြည့်ရုံဖြင့် အသက်မမှန်းတတ်ကြ။
ကျနော့်သံသယစိတ်ကို ချက်ခြင်းဖျောက်ပြီး “Junuary first, 1980″ ဟုဆိုတော့ အဖြူမမျက်လုံးက လှန်လာပြန်၏။ ဒီ တခေါက် လှန်လာသည့်သူ့မျက်လုံးက (၁)ရက် (၁)လ ကိစ္စကြောင့်ပဲဖြစ်ရမည်။ သေချာပြီ။ ဒီမိန်းကလေး သည်အေဂျင်စီ ၏ ဝန်ထမ်းအသစ်ကျပ်ချွတ်ဖြစ်မှန်း ကျနော် အတတ်ပြောလို့ရပြီ။ မောင်မောင်ကတော့ ဘာမှမသိ။ ဘယ်သူ့ကိုမှ ဘာမှ ရှင်းပြနေစရာမလိုသော်လည်း ကျနော်က အဖြူမကို ဒီလိုပါပဲဆိုသည့်သဘော မျက်ရိပ်ပြမိလိုက်၏။ ကျနော်မှားသွားပြီ။ အမှန်က ဘာမှ လုပ်ပြစရာမလို။ မေးတာကို ပြန်ဖြေပြီးခတ်တည်တည် နေလိုက်ရုံသာ။ ခုတော့ သူ့မှာ အရစ်ရှည်စရာ ရ သွားပြီ။ သည်တွင် သူက “Are you Burmese?” ဟု မေး၏။ “Yes” ဆိုတော့ ဒီမနက်လာတဲ့ ဒုက္ခသည် ၁၂ ယောက်မှာ ၅ ယောက်က ဇန်နဝါရီ (၁) ရက်မွေးတွေ ချည်းပါလား၊ တိုက်တိုက်ဆိုင်ဆိုင်နော်ဟု မေးပြောပြောလာ၏။ ကျနော်က အင်း..အဲ..Well ..Umm တွေနှင့် စပါးရောဖွဲရောလုပ်ပစ်လိုက်၏။ သူလည်း ဘာမှဆက်မမေးတော့။ ကျနော်လည်း ဘာ မှဆက်မပြောတော့။ မောင်မောင်ကတော့ ဘာမှမသိ။ မသိသဖြင့်လည်း ဘာမှမမေး။ မမေးတာပဲခတ်ကောင်းကောင်း။
ဖို့ဝိန်းမြို့ကလေးတွင် ဒုက္ခသည်အဆင့်အနေဖြင့် ရောက်ရှိမြန်မာပြည်သားအတော်များ၏။ ရောက်လာသူတွေအတွက် လိုအပ်မည့်အကူအညီတွေ ဖြည့်ဆည်းပေးသည့် အေဂျင်စီတွေလည်းများ၏။ ထိုအေဂျင်စီများတွင် စေတနာ့ ဝန်ထမ်း လုပ်အားပေးသူတွေလည်းရှိ၏။ ကျနော်လည်း ထိုသူများထဲမှ တဦးဖြစ်၏။ ထို့ကြောင့် မြန်မာပြည်သားဒုက္ခသည်တွေကို ရော အေဂျင်စီတွေကသူတွေကိုပါ အထိုက်အလျှောက် သိကျွမ်းနေ၏။ သူတို့ကိုကူရင်း သူတို့နှင့်အတူ ရုံးပေါင်းစုံ၊ ဋ္ဌာန ပေါင်းစုံ၊ ဆေးရုံဆေးခန်း၊ တရားရုံးတွေလည်း အကြိမ်ကြိမ်သွားရ၏။ သို့ဖြင့် ၂ ဘက်စလုံး၏ အခက်အခဲများကိုလည်း ထိုက်သလောက်သိ၏။ ရောက်ခါစသူများ ကြုံရသည့်အခက်ပေါင်းစုံတွင် ဘာသာစကားပြဿနာက အကြီးဆုံးကိစ္စ။ အ များစုကြီးက အင်္ဂလိပ်စာ/စကားလုံးလုံးမတတ်။ တချို့က ဗမာစာ/စကားပင်မတတ်။ ဆိုတော့ စကားပြန်တွေက ၂ ဆင့် ပြန် ပြန်ရတာတွေလည်းရှိ၏။ ဘာသာပြန်/စကားပြန်တွေထဲမှာလည်း ဗမာစကားသာတတ်ပြီး ဗမာစာမတတ်သူတွေရှိ ပြန်၏။ ဗမာစကားပင် ပုံကျပန်းကျမတတ်သူတွေလည်း ရှိသေး၏။ စကားပြန်မှားသဖြင့် ကြုံရသည့်အခက်တွေလည်း တခါတခါထွက်ထွက်လာတတ်ပြန်၏။ အေဂျင်စီတွေက အစကတော့မသိ။ သူတို့ထင်တာက ဗမာပြည်သားစကားပြန်ဆို လျှင် စာရောစကားပါ ကျွမ်းကျွမ်းကျင်ကျင်တတ်သည်ဟုမှတ်ပြီး ငှားရမ်းကြ၏။ နောက်တော့ တဖြည်းဖြည်းသဘော ပေါက်လာကြပြီး စကားသာတတ်ပြီး စာမတတ်သူတို့ကို အလုပ်မခန့်တော့။
ဒုက္ခသည်အဖြစ်ရောက်လာပြီး အင်္ဂလိပ်စကားမတတ်သည့် မြန်မာပြည်သားလူကြီးတွေအတွက် အင်္ဂလိပ်စာကို ဒုတိယ ဘာသာစကားအဖြစ် အိမ်တိုင်ယာရောက် ဒါမှမဟုတ် နေထိုင်ရာရပ်ကွက်တွေအထိလိုက်ပြီး သင်ပေးဖွင့်ပေးသည့် ကျောင်းလေးတွေတော့ နေရာတကာလိုလိုရှိ၏။ ထိုကျောင်းလေးတွေမှာ ကျောင်းကြီးတွေမှာသင်သလို Academic Teaching မဟုတ်။ Survival English (ထမင်းစားရေသောက်အင်္ဂလိပ်စကား)။ ခက်သည်က တချို့ လူကြီးတွေက မ တက်ချင်ကြ။ ရှက်နေတာလည်းပါသလို သင်လည်းတတ်မှာမဟုတ်တော့ပါဘူးဆိုကာ လုံ့လနှင့် ကိုယ့်ကိုယ်ကို ယုံကြည် မှုကို လျှော့ချတာလည်းပါ၏။ တချို့ကျတော့ ဒီမြို့မှာ ဗမာပြည်သားတွေလည်း အများကြီး၊ ရုံးတိုင်းလိုလိုမှာလည်း ဗမာ စကားပြန်တွေရှိနေတာပဲ၊ မတတ်လည်းဘာမှမဖြစ်ဆိုကာ နေသာသလိုနေလိုက်ကြ၏။ နောက်ပိုင်းကျတော့ ထိုသူတွေ ပိုအခက်တွေ့ရ၏။ ဒုက္ခသည်အဖြစ်ရောက်လာကြသူ အများစုကြီး ဗမာစာ/အင်္ဂလိပ်စာ မတတ်ကြ။ မတတ်တာ သူတို့ အပြစ်မဟုတ်။ ဘဝတလျှောက်လုံး စာသင်ဖို့နေနေသာသာ ထမင်းပင် ဖြောင့်ဖြောင့် မစားခဲ့ကြရသူများ။ ဘယ်အချိန် ဘာဖြစ်မလဲဆိုကာ ရင်တမမ၊ အထုတ်တပြင်ပြင်နှင့် တောထဲဝင်ပုန်းခိုရန် စိတ်စော နေခဲ့ကြရရှာသူများ။ တဘဝစာလုံး စစ်မက်ဖြင့်ကြီးပြင်းလာခဲ့ကြရရှာသူများ။ ကျောင်းမရှိ။ ဆေးခန်းဆေးရုံမရှိ။ မွေးစာရင်းမရှိ။ မွေးသက္ကရာဇ်မသိခဲ့ကြသည့် ဘဝများ။ ထားတော့။ ပြောစရာတွေလည်းများလှ၏။
သူတို့တွေ ဒီရောက်မလာခင် ဆိုင်ရာဒုက္ခသည်စခန်းတွေတွင် ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းတွေဖြည့်ချိန်မှာ အမည် စာရင်းသွင်းတာကစ၍ ပြဿနာရှိလာ၏။ ဒီမှာက First name, Last name တွေနှင့်အမည်မှည့်သည့်လူ့ အဝန်းအဝိုင်း ကျနော်တို့ဆီမှာက အဲသလိုမဟုတ်ခဲ့။ နေ့နံနှင့်တွက်ချက်ပြီးမှည့်တာရှိသလို အဆင်ပြေသလိုမှည့်တာ တွေလည်းရှိ၏။ ဗမာ့ဓလေ့အမည်မှည့်ပုံများမှာ ချစ်စရာကောင်းသလောက် စိတ်ဝင်စားစရာလည်းဖြစ်၏။ သို့သော် အစနံမည်နှင့် အဆုံးနံ မည်ဟူ၍ မရှိ။ မျိုးရိုးနံမည်ဆိုတာလည်း မရှိတတ်ကြ။ တတိယနိုင်ငံတွေသွားဖို့ စာရင်းသွင်းတော့ အမည်တွေပြောင်းပြန် သွင်းသည်ကိုကြည့်ပြီး ဟိုကျရင် ငါတို့နံမည်ကို ပြောင်းပြန်ခေါ်တော့မှာပဲဟုထင်ကာ အမည်မေးလျှင် ပြောင်းပြန်ပြောသူ တွေလည်း ရှိကြပြန်၏။ မောင်မောင်လို ကျော်ကျော်လိုအမည်မျိုးတွေနှင့်တိုးတော့ အမေရိကန်တွေမျက်စေ့လည်ကြ၏။ ရယ်စရာပြုံးစရာလိုလည်း ဖြစ်ရပြန်၏။ ဒုက္ခသည်တွေနှင့် ဆက်ဆံရေးအပါးဝပြီး အတွေ့အကြုံရှိသည့် အေဂျင်စီဝန်ထမ်း ဟောင်း အမေရိကန်တွေက နားလည်၏။ ကိစ္စမရှိ။ ကိစ္စရှိတာက လူသစ်တွေ။ နားမလည်သဖြင့် အူလည်လည်။ နား မလည်လို့မေးလာရင် ပြန်ဖြေရတာကောင်းသေး၏။ သူတို့ဘဝတွေအပေါ် ပိုစာနာနားလည် လာဖို့ အထောက်အကူပင် ဖြစ်သေး၏။ တချို့ကြတော့ ထိုသို့မဟုတ်။
နောက်တခုက အမေရိကန်၏ ရက်စွဲတပ်စနစ်။ ဒီမှာက ရက်စွဲရေးလျှင် လ၊ ရက်၊ ခုနှစ်ဟု စဉ်၏။ နယ်စပ်က ဖြည့်ပေး လိုက်တာတွေက ရက်၊ လ၊ ခုနှစ်အလိုက်ဖြစ်၏။ ဖြည့်ပေးလိုက်သည့် ဖေါင်တွေကိုပြန်ပြင်လို့မဖြစ်သဖြင့် မွေးနေ့ သက္က ရာဇ် မေးတိုင်း သတိထားပြီး ရှေ့နောက်ပြန်ပြင်ပြောမှဖြစ်၏။ I-94 ဟုဆိုသည့် လူဝင်မှုပုံစံကဒ်ပြားလေး တွေမှာပါသည့် မွေးနေ့ရက်စွဲစဉ်ထားတာက ဒီကနှင့်ပြောင်းပြန်။ မွေးနေ့သက္ကရာဇ်တွေကြည့်ပြန်တော့လည်း ခုန ကျနော်ပြောခဲ့သလို (၁)ရက် (၁)လတွေ အတော်တော်များများထပ်နေကြပြန်၏။ တချို့ကျတော့ ဤ (၁)ရက် (၁)ကိုတော့ မှတ်မိပြီး ခုနှစ်ကို တော့ မမှတ်မိတတ်ကြပြန်။ ဤတွင်လည်း ပြုံးစရာလေးတခုဖြစ်ဖူး၏။ တရက် အသက် (၇၀)ကျော် တိုင်းရင်းသူအဖွားအို တယောက်အား ကျနော် ဆေးရုံစကားပြန်လိုက်လုပ်ပေး၏။ ဟိုက မွေးနေ့မေးတော့ အဖွားက I-94 ကဒ်ကလေးကို သူ့ အိပ်ထဲစမ်း၏။ အိပ်ထဲတွင်လည်း အခြားစာရွက်တွေကတထပ်ကြီး။ တော်တော်နှင့် ရှာမတွေ့။ ကျနော်လည်း “အချိန်တွေ ပုတ်လိုက်တာ” ဟုတွေးမိသလို မေးသူကလည်းစိတ်မရှည်ဟန်ပြ၏။ ဤတွင် ကျနော်က “အဖွားမွေးနေ့ မမှတ်မိဘူးလား” ဟုမေးမိ၏။ အဖွားက “ငါဘယ့်နှယ်လို့သိနိုင်မှာလဲ၊ ငါ့အမေပဲသိမှာပေါ့၊ သူ ငါ့ကို မွေးတာလေ၊ ငါက ငယ်ငယ်လေးပဲဟာ၊ ဘယ်လိုလုပ်မှတ်မိပါ့မလဲ”ဟုပြန်ဖြေ၏။ ထိုအဖွားလည်း (၁)ရက် (၁)လ ဖွားပင်ဖြစ်၏။
နယ်စပ်ကဒုက္ခသည်စခန်းမှာ ဖေါင်တွေဖြည့်တော့ မွေးသက္ကရာဇ်ပေးရ၏။ ကိုယ့်မွေးရက်၊ မွေးလကို မသိကြသဖြင့် အ ခက်ကြုံရ၏။ တချို့ဆိုလျှင် ခုနှစ်လောက်ပင်မသိကြ။ ဤတွင် သက်ဆိုင်ရာစာရေးများက အမှတ်ရလွယ်အောင်ဆိုကာ (၁)ရက် (၁)လကို ထည့်ပေးလိုက်ကြ၏။ (၁)ရက် (၁)လဖွား ဖြစ်ကြောင်းလည်း သင်ပေးလိုက်ရ သေး၏။ ခုနှစ်ကျတော့ ရုပ်ကိုကြည့်၊ အသက်ခန့်မှန်းပြီး မွေးနှစ်ကိုဖြည့်ပေးလိုက်၏။ သည်တွင် ရှိရင်းစွဲအသက် ထက်ကြီးသူတွေကြီးသွားပြီး ငယ်သူတွေလည်းငယ်ကုန်ကြတော့၏။ သို့ဖြင့် မောင်မောင်တယောက် ၃၂ နှစ်သားဖြစ် သွားဟန်ရှိ၏။ သူရုပ်က ရှိလှမှ ၂၅ နှစ်ခန့်။ ခုတော့ ၃၂ နှစ်။ (၁၉၈၇) ထက်စာလျှင် (၁၉၈၀) က မှတ်ရပိုလွယ်မယ် တွေးကာ စာရေးက (၁၉၈၀) ဟု ထည့်လိုက်တာလည်း ဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ် ရုပ်ကြည့်ပြီး မွေးနှစ်မှန်းတာမှာ မကျွမ်းသူနှင့်တိုးလာခဲ့လို့လည်း ဖြစ် ချင်ဖြစ်မည်။ မပြောတတ်။
ထိုသို့ဖြစ်နေသည်က ဗမာပြည်သားတွေကြားထဲတွင်မဟုတ်သေး။ ကွန်ဂိုတို့ ဆိုမာလီတို့ကလို တိုင်းပြည်တွေက ရောက် လာကြသည့် ဒုက္ခသည်တွေထဲမှာလည်း တပုံတခေါင်း။ ထိုသူတွေနှင့် ကျနော်တို့ဗမာပြည်သား ဒုက္ခသည်တွေ ဘဝ နောက်ခံဇာတ်ကြောင်းတွေက မနီးရိုးစွဲ။
ကိုယ့်မွေးနေ့ခုနှစ်သက္ကလေးတောင် အမှန်အတိုင်း မသိရကောင်းလားဟု သူတို့ကို ငြိုငြင်လို့မရ။ အပြစ်ပြောလို့လည်း မဖြစ်။ သူတို့ဘဝတွေကို စာနာတတ်မှ သူတို့ဒုက္ခတွေကို နားလည်ခံစားလို့ဖြစ်မည်ထင်၏။ ဖြတ်သန်းမှုမတူ သည့်ဘဝ တွေက ပြဋ္ဌာန်းပေးလိုက်သည့် အသိတွေလည်း ဘယ်လိုမှမတူကြတာက သဘာဝဖြစ်။ ထိုသို့ဖြစ်ရသည်မှာလည်း သ ဘာဝကြသည့် ကိစ္စပင်ဖြစ်မည်တွေးမိ၏။
ဤတွင် မြေနု (မြစ်ဝကျွန်းပေါ်) ၏ “ဗေဒါရောင်တမ်းခြင်း” ကဗျာထဲက
… ယုံကြည်ပါ ဆရာ
လိုရာကိုဖြည့်စွမ်းမယ်
ကျနော်တို့တတွေဟာ
မင်္ဂလသုတ်တဝက်တပျက်
စစ်မက်နဲ့ကြီးပြင်း
ပြေးလွှားရင်းစာငတ် ဘာတတ်လို့လဲ ဆရာရယ်..
ဆိုသည့် အပိုဒ်ကလေးအား ခတ်ဖွဖွရွတ်မိတော့၏။ ရင်ထဲတွင် ကျင်ကနဲ။ စိတ်တွင် နင့်ကနဲ။ အတွေးတို့ ကစဥ့်ကရဲ။
မျိုးမြင့်ချို
ဖေဖေါ်ဝါရီ၊ ၁၀။ ၂၀၁၂

Someone Like You

GRAMMY ဆုရသွားတဲ့တေးတပုဒ်ပါ