ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီဆိုက်ရောက်

အပြောင်းအလဲတွေလုပ်ဖို့ လုပ်ပိုင်ခွင့်အာဏာလိုအပ်တဲ့အတွက် လုပ်ချင်တဲ့အပြောင်းအလဲတွေ လုပ်နိုင်ဖို့ အာဏာလိုအပ်တယ်။ (ဒေါ်အောင်ဆန်းစုကြည်နှင့် The Hindu Press)


ဒီကနေ့မှာ အိန္ဒိယနိုင်ငံကို ရောက်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို အိန္ဒိယ နိုင်ငံခြားရေးဌာနက နိုင်ငံခြားရေးအတွင်းဝန် Mr. Ranjan Mathai လာရောက် ကြိုဆိုပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပဲ အိန္ဒိယ နိုင်ငံရောက် မြန်မာမိသားစုတွေ ကလည်း လေဆိပ်မှာ သွားရောက် စောင့်ကြိုခဲ့ကြတယ်လို့ ပြောပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ်အပါအဝင် အစိုးရခေါင်းဆောင်ပိုင်းနဲ့ တော့ ဒေါ်အောင်ဆန်းစုကြည် နက်ဖြန်မှာ စတင်တွေ့ဆုံမှာဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။

ဒီကနေ့ New Delhi မြို့တော်ကို ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်က သွားရောက်ကြိုဆိုခဲ့ပါတယ်။ မြန်မာသံရုံးက တာဝန်ရှိသူတွေလည်း သွားရောက်ကြို ဆိုကြတယ်လို့ လေဆိပ်အပြင်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် နှုတ်ဆက် ကြိုဆိုခဲ့တဲ့ မသင်းသင်းအောင်က VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“အိန္ဒိယနိုင်ငံခြားရေးဌာနက နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရတ်ဂျဲန်မာတီကနေပြီးတော့ လာကြိုတာပါ။ မြန်မာသံရုံးကလည်း လာတယ်ပေါ့နော်။ မြန်မာသံရုံးကားတွေက ကြိုရောက်နေတယ်။ သူတို့ကတော့ မြန်မာသံအမတ်လာတယ်လို့တော့ ပြောတယ်။ မြန်မာသံအမတ်က အထဲမှာ VIP အခန်းမှာ၊ လေဆိပ်ထဲမှာ လာပြီးတော့ နှုတ်ဆက်တယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အပြင်မှာတော့ သံအမတ်ကို မတွေ့လိုက်ရပါဘူး။”

သံရုံးကားတွေ ဝင်သွားတာတော့ ဟုတ်တယ်ပေါ့။

“ဟုတ်တယ်၊ သံရုံးကားတွေ လာတာတော့ တွေ့တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရောက်လာတဲ့အတွက် လေဆိပ်မှာ လုံခြုံရေး အတင်းအကြပ်ချထားတဲ့ကြားက ပဲ အိန္ဒိယရောက် မြန်မာမိသားစုတွေကလည်း လေဆိပ်အပြင်ကနေ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

“လုံခြုံရေးတွေက ဂိတ်အနားကို ပေးပြီးတော့မှ မလာရဘူး၊ သူတို့က ပြောတာ က ဒေါ်အောင်ဆန်း စုကြည်က လူအများထွက်တဲ့အပေါက်က မထွက်ဘူး၊ တကယ့်ကို နိုင်ငံခြား ခေါင်းဆောင်တွေလာတဲ့ VIP ပေါက်ကပဲ ထွက်တယ်။ လုံခြုံရေးအရမ်းကြပ် တယ်။ နောက် ပုလိပ်တွေရော၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက လုံခြုံရေးတွေရော အကုန်လုံး ရှိတာပေါ့နော်။ ကျမတို့ လူတွေကတော့ ကားလမ်း တဖက်ခြမ်းမှာပဲ ခပ်လှမ်းလှမ်းက ရပ်နေရပြီး ကြိုတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ထွက်လာတဲ့ အချိန်မှာ ကြိုတဲ့သူတွေကလည်း ကားပေါ် မတက်ခင်ပေါ့- အန်တီစု ထွက်လာတာနဲ့ ကျန်းမာ ပါစေ-လို့ အော်ကြတော့ ဒေါ်အောင် ဆန်းစုကြည် ကလည်း ကြားသွားတယ်။ ကားက တဖြည်းဖြည်းနဲ့ ဘီးလှိမ့်ပြီးတော့ ကျမတို့ရှေ့က ဖြတ်သွားတဲ့ အချိန်မှာ ကားထဲကနေ ပြုံးပြပြီးတော့မှ လက်ကိုဝှေ့ယမ်းပြီးတော့မှ နှုတ်ဆက်သွားတယ်။”

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို ရောက်လာတဲ့ဒီနေ့ဟာ ဒေဝါလီပွဲတော်နေ့ဖြစ်တာမို့ ဒီနေ့မှာတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ အစီအစဉ် မရှိပါဘူး။ အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ထားတဲ့ သူ့ခရီးစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်ကြေညာချက်အရဆိုရင် မနက်ဖြန်က စပြီး ဝန်ကြီးချုပ် Manmohan Singh အပါအဝင် အစိုးရပိုင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အစီအစဉ်အသေးစိတ်နဲ့သက်လို့ New Delhi ကနေ ဒေါက်တာတင့်ဆွေက ခုလို ပြောပြပါတယ်။

“နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၈ နာရီ၊ ၅၀ မှာ မဟတ္တမဂန္ဒီ ဂူဗိမာန်မှာ အမှတ်တရ ပန်းစည်းချမယ်ပေါ့နော်။ နောက် အဲဒီနေ့ ၉ နာရီ၊ ၁၀ မိနစ်မှာ နေရူးအောက်မေ့ဖွယ်နေရာမှာ ပန်းစည်းပို့မယ့် အစီအစဉ်ရှိပါတယ်။ ဆယ်နာရီခွဲကျတော့ နိုင်ငံခြားရေးအတွင်းဝန်နဲ့ တွေ့မယ်ခင်ဗျ။ ၁၂ နာရီခွဲကျတော့ ဝန်ကြီးချုပ် မက်မိုဟန် ဆင်းဂ်နဲ့ တွေ့ပါလိမ့်မယ်။ ညနေ ၆ နာရီကျတော့ နေရူးအောက်မေ့ဖွယ်လက်ချာကို Vigyan Bhavan မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမှာပါ။”

နိုဝင်ဘာလ ၁၅ ရက်နေ့ ကြာသပတေးနေ့ကျရင်တော့ ဒုတိယသမ္မတ Mohammad Hamid Ansari နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိသလို အောက် လွှတ်တော် Lok Sabha ဥက္ကဋ္ဌ Meira Kumar နဲ့ တွေ့ ဆုံမှာဖြစ်ပါတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို လာရောက်တဲ့ အပေါ် လက်ရှိအာဏာရ Congress ပါတီပြောခွင့်ရသူ Rashid Alvi က ကြိုဆိုပြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမိုကရေစီ င်္သကေတ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူတယောက်ဖြစ်ပါတယ်။ သူ့အတွက် ကျနော်တို့ အကောင်းဆုံး ဆုတွေ တောင်းပေးပါတယ်”-လို့ ပြောသွားတာဖြစ်ပါတယ်။

တကယ်တော့ အိန္ဒိယ နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအတွက် တချိန်က အစွမ်းကုန် အားပေးထောက်ခံခဲ့ တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ အရှေ့မျှော်မူဝါဒအရ စစ်အစိုးရအုပ်ချုပ် တဲ့ မြန် မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်အောင်ကြိုးစားခဲ့တဲ့အတွက် ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီခေါင်းဆောင် တယောက်အဖြစ် ဖော်ပြခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာကို အိန္ဒိယ သတင်း မီဒီယာတွေမှာလည်း အထူးစိတ်ဝင်တစားရှိနေကြပါတယ်။ The Hindu သတင်းစာမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လတ်တလော သီးသန့် မေးမြန်းချက်ကို အကျယ်တဝင့်ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ပြည်သူတွေနဲ့ မြန်မာပြည်သူတွေကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိစေချင်တဲ့အကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ မြင်ရတဲ့အတိုင်း အိန္ဒိယ အစိုးရ ဟာ တခါတရံမှာ အတိုက်အခံနဲ့ လက်ရှိအစိုးရကြား ရွေးချယ်ဆက်ဆံရ တာကို နားလည်တဲ့ အကြောင်းတွေကို ပြောထားသလို မြန်မာနိုင်ငံမှာ ပြည်နယ် အစိုးရတွေ လုပ်ပိုင်ခွင့်အာဏာ တကယ် တမ်းမရှိဘဲ ဗဟိုအစိုးရကသာ အဓိက အုပ်ချုပ်နေဆဲဖြစ်တာမို့ ဒီမိုကရေစီတန်ဖိုးနဲ့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ သဟဇာတဖြစ်အောင် အထောက်အကူ မပြုဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က the Hindu သတင်းစာ သတင်းထောက်ရဲ့ အမေးတွေ ကို ဖြေထားပါတယ်။

အပြောင်းအလဲတွေလုပ်တဲ့နေရာမှာ လုပ်ပိုင်ခွင့်အာဏာလိုအပ်တဲ့အတွက် လုပ်ချင်တဲ့ အပြောင်းအလဲတွေ လုပ်နိုင်ဖို့လည်း အာဏာလိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က The Hindu သတင်းစာမှာ သီးသန့် ဖော်ပြထားပါတယ်ရှင်။

စုမြတ်မွန်

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်

မြန်မာပြည်အလယ်ပိုင်းဒေသမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး ပြင်းပြင်းထန်ထန်လှုပ်ခတ် ပြီးတဲ့နောက် ပြင်းအားအတန်အသင့်ရှိတဲ့ ငလျင်ငယ်တွေဟာ ဒီမနက်ထိ ဆက်လက် လှုပ်ခတ် နေဆဲဖြစ်ပါတယ်။ ဒီလို ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေတာကြောင့် ဒေသခံ ပြည်သူတွေဟာ အထိတ်တလန့်ဖြစ်နေကြပြီး မိုးဇလဌာန ငလျင်ဌာနခွဲက တာဝန်ရှိသူတဦးက ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦးတွေရဲ့ ကြံခိုင်မှုကို သေချာ စစ်ဆေးမှုမလုပ်ဘဲ ဆက်လက် မနေထိုင်ဖို့အတွက် သတိပေးပြောကြားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

တနင်္ဂနွေနေ့ မနက် ၇နာရီ ၄၂မိနစ်ကျော်မှာ စစ်ကိုင်းတိုင်းဒေကြီး  ရွှေဘိုမြို့ မြောက်ဖက် ၄၅မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်မှာ အဲ့ဒီ့နေ့မှာပဲ ပြင်းအား ရစ်ခ်ျတာ စကေး အဆင့် ၅လောက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ၃ခု ဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။

ဒီလိုနောက်ဆက်တွဲ ဆက်လက်ဖြစ်ပေါ်နေတဲ့ငလျင်ငယ်တွေဟာ ဒီကနေ့ အထိလည်း ဆက်လက် လှုပ်ခတ် နေဆဲဖြစ်တယ်လို့ ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲက ဒေသခံ တယောက်က ပြောပါတယ်။

“ငလျင်ကလည်းအခုထိ လှုပ်တုံး။ ဒီနေ့ မနက် ၉နာရီကျော်က အထိလှုပ်သွားသေးတယ်ဗျာ။ လူတွေ ထိတ်လန့်ယုံလောက်ပဲ ဖြစ်တယ်ဗျ။”

အခြားထိခိုက်မှုများပြားခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးက စဉ့်ကူးမြို့က ဒေသခံတဦးကတော့ ညကလည်း ငလျင်ငယ်တွေ အဆက်မပြတ်ဆိုသလို လှုပ်ခတ်နေတာကြောင့် လူတွေ အထိတ်တလန့်နဲ့ ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

“ညပိုင်းကတော့ ၃ခါလောက် ၄ခါလောက် ဆက်တိုက်ပေါ့ဗျာ။ မနေ့ညကတော့ မအိပ်ရဘူးပေါ့ဗျာ။ လူတွေကတော့ အပြင်ဖက်ထွက်အိပ်နေကြတာပေါ့။ ဒါပေမဲ့ မအိပ်ရဘူး။ ခဏလေး နာရီ တနာရီ နှစ်နာရီလောက်ခြားပြီးရင် တခါ လှုပ်လိုက်ပေါ့။ သူက လင်းပိုင်းလောက်ထိ ၄နာရီလောက်ထိ လှုပ်တယ်ဗျ။ လှုပ်တာက ကျနော်တို့ ၁၂ခွဲလောက်က တော်တော်လေး လှုပ်လိုက်သေးတယ်ဗျ။ နောက်တခါ ၂နာရီလောက်က တခါ လှုပ်လိုက်သေးတယ်ဗျ။ ညပိုင်းကိုက ၃ခါ ၄ခါလောက်က အတော်လှုပ်တယ်ဗျ။ အရင်နီးပါးလောက် မပြင်းပေမဲ့လည်း အတော်ကို သိသာတယ်ဗျ။”

မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ်ပြန်တဲ့သတင်းမှာတော့ သန်းခေါင်ကျော် ၁နာရီအချိန်လောက်မှာ ပြင်းအား ၅ဒသမ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။

မိုးဇလဌာန ငလျင်ဌာနခွဲ၊ ဦးစီးအရာရှိ ဦးကျော်ကျော်လင်းကတော့ ငလျင်ကြီးတခုလှုပ်ပြီးတဲ့နောက် ရက်ပိုင်းကနေ လပိုင်းကြာအောင်အထိ ငလျင်ငယ်တွေ ဆက်တိုက်ဆိုလို ဆက်လက်လှုပ်ခတ်တတ်ကြောင်း ပြောပါတယ်။ တချို့ ပြင်းအား ၃လောက်သာ ရှိတဲ့ ငလျင်ငယ်တွေကိုတော့ သက်ဆိုင်ရာဌာနက တိုင်းထွာဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“သူတို့ဒေသမှာတော့ အသေးလေးတွေပေါ့ဗျာ။ အသေးလေးတွေဆိုတာက ၃အဆင့်လောက်ပဲ ရှိတဲ့ ဟာမျိုးတွေပေါ့။ ၃ဆင့်လောက်ရှိတဲ့ဟာကျ ကျနော်တို့ တိုင်းထွာရေးစက်တွေနဲ့ နည်းနည်း ဝေးကွာ နေတဲ့အခါကျ တခါတလေ record မရတတ်ဘဲ ရှိတတ်တယ်။ ကျနော်တို့ရဲ့ တိုင်းထွာရေး စခန်းတွေက ဘယ်မှာရှိလဲဆို အဲဒီဖက်နဲ့ အနီးဆုံးဆို မန္တလေးမှာ ရှိတယ်။ မန္တလေးစက်က အဲဒီနားဆိုရင် ၄ အဆင့်၊ ၅အဆင့်လောက်မှ တိုင်းထွာလို့ ရတာ။ ၃အဆင့်လောက်ကျ ဒီစက်တွေက record မ၀င်ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ၃လောက်ဆိုရင်ကို ဘာပဲ ပြောပြော ငလျင်လှုပ်တယ်ဆိုပြီးတော့ သတိပြုမိတာပေါ့။”

ဒီလိုနောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တတ်တာကြောင့် ငလျင်ကြီးလှုပ်စဉ်က ထိခိုက်ပျက်ဆီးခဲ့တဲ့နေအိမ်တွေကို သေချာစစ်ဆေးမှုမရှိဘဲ မနေထိုင်ဖို့ကိုလည်း ဦးကျော်ကျော်လင်းက အကြံပြုထားပါတယ်။

“ငလျင်ကြီးလှုပ်ခဲ့တဲ့အချိန်တုံးက ကိုယ်အိမ်တွေဘာတွေ ပျက်ဆီးသွားတယ်။ တချို့အိမ်တွေ ပြိုကျသွားတယ်ဆို အဲဒီပြိုကျနေတဲ့အဆောက်အဦးတွေ ပျက်ဆီးနေတဲ့ အဆောက်အဦးတွေကိုတော့ သေချာ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးပြီးမှပဲ ပြန်လည်နေထိုင်တာတော့ ပိုပြီး သင့်တော်ပါတယ်။ အဲ့လို ပြိုပျက်သွားတဲ့ အဆောက်အဦး တွေက နောက်ထပ် ငလျင်ငယ်လေးတွေ လှုပ်လည်း ပြန်ပြီးတော့ နံရံတွေ ပြိုကျတာတို့ ဘာတို့ စသည့်ဖြင့် ပိုပြီးတော့ ပျက်နိုင်ပါတယ်။ ပျက်နိုင်တဲ့ အတွက်ပေါ့လေ။ အဲ့လိုအဆောက်အဦး ဆိုရင်တော့ သေချာ ပြုပြင်ပြီးမှ ပြန်နေတာက ပိုသင့်တော်ပါတယ်။ လောလောဆည်တော့ အဲလို ပျက်ဆီးနေတဲ့ နေအိမ်တွေမှာ မနေဘဲနဲ့ တခြား ဆွေမျိုးသားချင်းအိမ်ပေါ့။ သို့မဟုတ် ယာယီအိမ်တွေမှာ သွားပြီး ရွှေ့ပြောင်းနေတာက ပိုပြီး သင့်တော်ပါတယ်။”

အစိုးရပိုင်သတင်းစာတွေမှာလည်း ငလျင်လှုပ်ချိန်နဲ့ လှုပ်ပြီးနောက် လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဖော်ပြပြီး သတိပေးနိုးဆော်ထားပါတယ်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်မြောင်းနဲ့ စဉ်ကူးမြို့ကို ဆက်သွယ်ဖို့ ဆောက်လုပ်နေတဲ့ ရတနာသိင်္ဃခေါ် ဧရာဝတီ မြစ်ကူးတံတားပျက်ဆီးခဲ့သလို ဘုရားစေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အဆောက်အဦးတွေပျက်ဆီးခဲ့ရပြီး အနည်းဆုံး လူ တဒါဇင်လောက် သေဆုံးခဲ့ပါတယ်။ သမ္မတရုံး Website မှာတော့ ခြောက်ဦးသေဆုံးကြောင်း ဖော်ပြပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်မှာတော့ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့အဖွဲ့ဟာ ငလျင်ဘေးသင့်တဲ့ဒေသကို ချက်ချင်းသွားရောက်ပြီး ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်နေပါတယ်။ လောလောဆယ်မှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လအတွင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုပြီး ပြင်းအားအဆင့် ၇ ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၇၀ကျော်သေဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံတွေကတော့ အနည်းဆုံး လူ ၁၃၀ကျော်လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းပြီး ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာ လနဲ့ချီပြီး ငလျင်ငယ်လေးတွေ မကြာခဏဆိုသလို လှုပ်ခတ်ခဲ့ပါတယ်။

ကိုမိုးဇော်

ဒေါ်စုတင်သွင်းတဲ့အဆို ၂ ရပ် လွှတ်တော် အတည်ပြု


မြန်မာနိင်ငံ တက္ကသိုလ်ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာမှာ တိုးတက် အဆင့်မြင်အောင်လုပ်သင့်တဲ့ အဆို ၂ ခုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မှီအောင်နဲ့ ရန်ကုန်ဆေးရုံကြီး ကို အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်အောင် လုပ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံးအကြိမ် အဆို၂ ရပ် ကို တင်သွင်းခဲ့တာ ဖြစ်သလို အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေးဥပဒေ ပြဌာန်းနိုင်ဖို့ ကျန်းမာရေုး ဒုဝန်ကြီးဟောင်းရဲ့ အဆိုကိုလဲ လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒီကနေ့ သောကြာနေ့မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာ ပထမဆုံး တင်သွင်းတဲ့ ပညာရေး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အဆို ၂ ခုလုံး အောင်မြင်ခဲ့တာဖြစ်ပါတယ်၊ ပညာရေးနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အရေးတကြီးအဆို တင်ခဲ့တာနဲ့ပါတ်သက်လို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုလိုရှင်းပြပါတယ်။

“ရန်ကုန်တက္ကသိုလ်ပေါ့နော်။ ဝိဇ္ဇာနဲ့ သိပံ္ပတက္ကသိုလ် ကို ပြုပြင်မွမ်းမံဖို့ပေါ့နော်။ နိုင်ငံတကာ အဆင့်မှီပညာရေးတက္ကသိုလ်တခုဖြစ်အောင်ပေါ့။ ဥပမာ သင်ကြားနည်းစနစ်ရော၊ သင်ထောက်ကူပစ္စည်းတွေရော၊ ဘာသာရပ်ဆိုင်ရာ ပညာရပ်တွေရော၊ အဲ့တာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအဆင့်မှီ၊ တက္ကသိုလ်ဖြစ်ဖို့ကို ပညာရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေရယ်၊ လွှတ်တော်က ကော်မတီ ကော်မရှင်အဖွဲ့ဝင်တွေရယ်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေရယ်၊ နောက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရယ် ပါဝင်တဲ့ ကြီးကြပ်တဲ့အဖွဲ့တဖွဲ့ ဖွဲ့ပေးပြီးတော့ အဲ့တာကို ဆောင်ရွက်ဖို့ အဆိုတင်တာဗျ။ ဒါက အရေးတကြီးအဆိုဖြစ်တဲ့အခါကျတော့ ဒီနေ့ တခါတည်း ဆွေးနွေးမယ့်သူတွေ ဖိတ်ခေါ်ပြီးတော့ ပညာရေးဝန်ကြီးကလည်း ရောက်နေတဲ့အချိန်မို့လို့ တခါတည်း လုပ်လိုက်တာ။”

ကျန်းမာရေးနဲ့ ပါတ်သက်လို့လဲ ဒေါ်အောင်ဆန်းစုကြည် တနေ့ထဲမှာတင်တဲ့ ဒုတိယမြောက် အဆိုအောင်မြင်ခဲ့ပါတယ်။

“ကျမ်းမာရေးကတော့ အများပြည်သူ မှီခို အားထားနေရတဲ့ ရန်ကုန်ဆေးရုံကြီးပေါ့နော်၊  ရန်ကုန်ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီးတော့ အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်မြောက် ဖို့ ပေါ့နော်။ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတာပေါ့။ အဲ့တာလည်း အောင်မြင် တာပေါ့။ ကျမ်းမာရေးဝန်ကြီးက သဘောတူထောက်ခံပါတယ်။ အဲ့တာကျတော့ မဲတောင်မခွဲရဘူး။ ခုနက ပညာရေးနဲ့ ပတ်သက်တဲ့  ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ၊ သိပံ္ပ ကတော့ မဲခွဲလိုက်ရတယ်။ နောက် ကျမ်းမာရေးကတော့ မဲမခွဲရဘူး။”

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာပဲ ကျန်းမာရေးဒုဝန်ကြီးဟောင်း Dr. မြဦးတင်သွင်းတဲ့ အမျိုးသားပညာရေးဥပဒေပြဌာန်းရေး အဆိုလဲ လက်ခံ အတည်ပြုခဲ့ကြပါတယ်။ ခုလို ပညာရေး ကျန်းမာရေးကိစ္စတွေ တိုးတက်ကောင်းမွန်ရေး အဆိုတွေကို လွှတ်တော်ကိုယ်စားလှယ် အများ လက်ခံအတည်ပြုခဲ့တာကိုကြည့်ရင် ဒီကိစ္စတွေမှာ အမြန်ဆုံး တိုးတက်အောင် ပြင်ဆင်သင့်ပြီ ဆိုတာကို ပြသနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

“အဖွဲ့ချုပ်ဥက္ကဌ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တင်တဲ့အဆို ဆိုလို့ရှိရင် မဲပေးခွင့်ရှိတဲ့သူ ၃၇၆ဦးမှာ၊ ထောက်ခံမဲ ၂၄၈ ဦးရတယ်ဆိုတော့၊ ကျနော်တို့အဖွဲ့ချုပ်က အမှန်က ၄၀လောက်ပဲရှိတာလေ။ ကျန်တဲ့ ၂၀၀ကျော်က ထောက်ခံတယ်ဆိုတော့ ဒီကျန်တဲ့ပုဂ္ဂိုလ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ အဆိုတခု၊ တကယ်လည်း ဒါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာဆိုတာကို အားလုံးက နားလည် သဘောပေါက်ပြီး ထောက်ခံပေးတာ ပေါ်လွင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ပညာရေးကို တိုးတက် အဆင့်မြင့်အောင် အကြံပြု ဆောင်ရွက်နိုင်ဖို့ အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ပညာရှင်တွေပါဝင်တဲ့ ပညာရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ 

စုမြတ်မွန်

သမ္မတ အိုဘားမား မြန်မာပြည်သွားမည်

အမေရိကန်သမ္မတအဖြစ်ပြန်လည် အရွေးခံရတဲ့ သမ္မတ Barack Obama အရှေ့တောင်အာရှကို လာမဲ့ခရီးစဉ်ဟာ သမိုင်းဝင်ဖြစ်တယ်လို့ နိုင်ငံတကာရေးရာပညာရှင်တွေက ပြောလိုက်ပါတယ်။ ASEAN ထိပ်သီးစည်းဝေးပွဲကိုတက်ရောက်ဖို့ သမ္မတ Obama ဟာ Cambodia နိုင်ငံကို လာမှာဖြစ်သလို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကိုလဲ သွားရောက်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန်ပြန့်ထွက်ပေါ်ချိန်မှာ ချုလာလောင်ကောင်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Thitinan Pongsudhirak အခုလို သုံးသပ်တာဖြစ်ပါတယ်။ သမ္မတအဖြစ် ပြန်လည် အရွေးခံရပြီးတဲ့နောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ်နဲ့ အာရှကို ရွေးချယ်တာဟာ ဘယ်လောက်အရေးပါ ပါသလဲ၊ ဘန်ကောက်ရုံးက မစုမြတ်မွန်က သုံးသပ်တင်ပြပါမယ်။

နိုဝင်ဘာလ တတိယပါတ်မှာ အာဆီယံ ထိပ်သီးညီလာခံကိုတက်ရောက်ဖို့ အမေရိကန်သမ္မတ Barack Obama ဟာ Cambodia နိုင်ငံကိုလာရောက်ဖို့ ရှိနေသလို မြန်မာနဲ့ ထိုင်းနိုင်ငံတွေဆီကိုလဲ သွားမှာဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

သမ္မတအိုဘားမားခရီးစဉ်နဲ့ ပါတ်သက်လို့ အိမ်ဖြူတော်ကတော့ ခုချိန်ထိ အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ သမ္မတသက်တမ်း ဒုတိယအကြိမ် ထပ်ပြီး ထမ်းဆောင် ဖို့ ရွေးကောက်ပွဲမှာ လောလောလတ်လတ် အနိုင်ရထားတဲ့ သမ္မတ Obama အတွက် အာရှကို ပထမဆုံး ခရီးထွက်မယ်ဆိုတာဟာ သမိုင်းဝင်ဖြစ်တယ်လို့ ချုလာလောင်ကောင်တက္ကသိုလ် နိင်ငံရေးသိပ္ပံဌာနပါမောက္ခ Thitinan Pongsudhirak ကVOA မြန်မာပိုင်းကို ပြောပါတယ်။

“သမ္မတအိုဘားမား ရွေးကောက်ပွဲမှာ ပြန်ပြီး အနိုင်ရလိုက်တဲ့အတွက် အရှေ့တောင်အာရှဒေသထဲက ကျွန်းနိင်ငံမဟုတ်တဲ့ နိုင်ငံတွေဆီကို လာမဲ့ ခရီးစဉ်ဟာ သမိုင်းဝင်ဖြစ်သွားပါတယ်။ လုပ်ပိုင်ခွင့်အာဏာ သူထပ်ပြီး ရရှိသွားပြီ၊ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလဲ ဒီအတိုင်း ဆက်ထိန်းထားမယ်၊ ပိုပြီး ထိရောက်မှုရှိအောင်လုပ်မဲ့ပုံရတဲ့အပြင် ပိုပြီးကျယ်ပြန့်အောင် ချဲ့ထွင်မဲ့ပုံရပါတယ်။ ဒုတိယအကြိမ် သမ္မတရာထူးတာဝန်ယူဖို့ ရွေးကောက်ပွဲအနိုင်ရပြီးချိန်မှာ ထိုင်း မြန်မာ Cambodia နိုင်ငံတွေကို ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မယ်ဆိုရင် ဒီကိစ္စတွေက ဆက်စပ် စဉ်းစားရမဲ့ ကိစ္စတွေဖြစ်ပါတယ်လို့ Mr. ထီထီနန်က ပြောသွားတာပါ။

သမ္မတအိုဘားမား မြန်မာနိုင်ငံကို သွားရောက်မယ်ဆိုတာကို အစိုးရတာဝန်ရှိသူ တယောက်ရဲ့ အပြောကို ကိုးကားပြီး မြန်မာနိုင်ငံကလာတဲ့သတင်းတွေမှာ ကျယ်ကျယ်ပြန်ပြန့် ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ နှစ်ဘက်အစိုးရကတော့ ခုချိန်ထိ ဒီခရီးစဉ်ကို အတည်ပြုခြင်း မရှိသေးပါဘူး။ Mr. ထီထီနန်ကတော့ အမေရိကန်သမ္မတ မြန်မာနိုင်ငံကို သွားခဲ့ရင် ဒါဟာ ဆက်ဆံရေးအတွက် အရေးပါတဲ့ ပြရုဂ်တခုဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“အမေရိကန် အစိုးရအတွက်က မြန်မာနိုင်ငံဟာ လက်စမသတ်သေးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်၊ မြန်မာနိုင်ငံက ပွင့်လင်းလာမှုတွေ ဒီထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် Obama ကြိုးစားမဲ့ပုံရပါတယ်။ အဓိကကျတဲ့ ခေါင်းဆောင်တွေနဲ့ သူတွေ့မယ်၊ ဆိုတော့ ဒီခရီးစဉ်ကို ပြရဂ်တခုအနေနဲ့ မြင်နိုင်ပါတယ်”လို့ သုံးသပ်သွားတာဖြစ်ပါတယ်။

အမေရိကန်သမ္မတယောက်အနေနဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတိုင်း မြန်မာ၊ ထိုင်းနဲ့ Cambodia နိုင်ငံတွေဆီကို တကယ် သွားမယ်ဆိုရင် ဒါဟာ ဒေသတွင်းအတွက် ဘယ်လောက် ထူးခြားတယ်လို့ ပြောနိုင်ပါသလဲဆိုတဲ့ အမေးကိုတော့ ကမ္ဘာ့ရေးရာ ကျွမ်းကျင်သူ Mr. ထီထီနန်က ခုလိုဖြေပါတယ်။

“အရှေ့တောင်အာရှဒေသထဲက ကုန်းမြေနိုင်ငံတွေဆီကို လာမဲ့ ခရီးစဉ်ဖြစ်လို့ တရုတ်အစိုးရအတွက် စိုးရိမ်စရာဖြစ်မဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အာရှမှာ တရုတ်နဲ့ ချိန်ခွင်လျှာညှိုဖို့ အမေရိကန်က ကြိုးစားနေတဲ့ ဆက်ဆံရေးက ပိုပြီးကျယ်ပြန့်လာတယ်။ ပိုပြီး တိုးမြှင့်လာတယ်။

အမေရိကန်ခေါင်းဆောင် တယောက်အနေနဲ့ ဒေသတွင်းကို ကိုယ်တိုင်ရောက်လာမယ်ဆိုရင် အရှေ့တောင်အာရှ ကုန်းမြေနိုင်ငံတွေမှာ အမေရိကန်ရဲ့ နေရာယူမှုအတွက်  အကြီးအကျယ် အားတခုဖြစ်စေမှာပါ။ မြန်မာနိုင်ငံအတွက်ကတော့ ဒီမိုကရေစီ မီးရှုးတန်ဆောင်လိုဖြစ်နေရုံမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်က  ထောက်ခံမှုတွေပေးတယ်။ ဆက်ဆံရေးမှာ အရေးပါတဲ့ပြရုပ်တခုအနေနဲ့ မြင်သာစေတယ်ဆိုတဲ့အတွက် မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို တွန်းအားပေးရာရောက်မယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့လဲ ဖိအားပေးရာရောက်မယ်၊ တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့ Obama ကိုယ်တိုင် ပြောကြားမှုတွေလဲ ရှိနိုင်တယ်။ ဒီတော့ ခရီးစဉ်တခုလုံးကို ခြုံပြောရင် အင်မတန် ထိရောက်တဲ့ ခရီးစဉ်တခုဖြစ်မယ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား  ၃ နိုင်ငံလုံးအတွက် အကျိုးရှိစေမဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့  ကမ္ဘာ့ရေးရာ ကျွမ်းကျင်သူ ချုလာလောင်ကောင်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ထီထီနန် ဖွန် ဆူ ဟေရတ် က သုံးသပ်သွားတာဖြစ်ပါတယ်။

အိမ်ဖြူတော်ဘက်ကရော အမေရိကန်နိုင်ငံခြားရေးဌာနကပါ အခုအချိန်အထိ သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပါတ်သက်လို့ အတည်ပြုချက် တစုံတရာ မပေးသေးပေမဲ့ အမေရိကန်သမ္မတဟာ မြန်မာနိုင်ငံကို Nov 18 နဲ့ 19 ရက်နေ့တွေမှာ လာရောက်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။


စုမြတ်မွန်

အလုပ် နှင့် ဘ၀ ချိန်ခွင်လျှာ



ကျွန်မတက်ရောက်နေတဲ့ ကွန်ဖရင့်တခုရဲ့ အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်တွေထဲမှာ အလုပ်နှင့် ဘ၀ ချိန်ခွင်လျှာ (work-life balance) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခု ပါဝင်တာမို့ သွားတက်ဖြစ်ခဲ့ပါတယ်။ ကွန်ဖရင့်တက်ရောက်သူ နှစ်ရာကျော်ရှိပေမယ့် အများစုက ဆက်ဆံရေးအရည်အချင်း မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ တင်ပြဆွေးနွေးမှု အရည်အချင်းမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေကိုသာ သွားတက်သူတွေ များတာကြောင့် ကျွန်မသွားတက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ လူသုံးဆယ်လောက်ပဲ ရှိပါတယ်။ လူနည်းတယ်ဆိုပေမယ့်လဲ ဘ၀အတွေ့အကြုံများသူတွေ ပါတာကတကြောင်း၊ ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်သူကလဲ ဆွေးနွေးတင်ပြမှုကောင်းတာတကြောင်းကြောင့် အဖိုးတန်တဲ့ သင်ခန်းစာတချို့ ရရှိခဲ့ပါတယ်။

မွေးဖွားချိန်နဲ့ သေဆုံးချိန်အကြားမှာ လူတွေရဲ့ ဘ၀ဖြစ်တည်ပါတယ်။ ဒီဘ၀ဆိုတာမှာ ကျောင်းသားဘ၀၊ မိသားစုဘ၀၊ လူမှုဆက်ဆံရေးဘ၀ စသဖြင့် ဘ၀မျိုးစုံ ကျင်လည်ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်ကြရတယ် ဆိုတာပါပဲ။ ဒီအခါမှာ အလုပ်နဲ့ ဘ၀တွေကို ညှိယူကြရပါတယ်။ အဲဒီအလုပ်တွေမှာ တချို့အလုပ်တွေက ဘ၀ကို အထောက်အကူပြုပါတယ်။ တချို့အလုပ်တွေက ကိုယ်ဖြစ်လိုတဲ့ ဘ၀နဲ့ တထပ်တည်းကျပါတယ်။ တချို့အလုပ်တွေက ကိုယ်ကျင်လည်တဲ့ ဘ၀အချို့ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ ဘ၀ဟာ တသားတည်းမကျရင်တောင် အလုပ်က ကိုယ်ရဲ့ဘ၀ကို ထောက်ကူပြုနေဖို့လိုအပ်ပါတယ်။ အလုပ်နဲ့ဘ၀ ချိန်ခွင်လျှာညှိနိုင်ဖို့ လိုအပ်ပါတယ်။

ဒီလို အလုပ်နဲ့ ဘ၀ ချိန်ခွင်လျှာညှိမှုတွေမှာ လူတယောက်နဲ့တယောက် မတူညီနိုင်ပါဘူး။ ကွဲပြား ခြားနားမှုတွေ အများအပြားရှိပါတယ်။ ဒီလိုကွဲပြားခြားနားမှုတွေနဲ့ ပတ်သက်ပြီး လူတယောက်က အခြားလူတယောက်ကို ဝေဖန်တိုင်းတာသတ်မှတ်ချက်ပေးလို့မရပါဘူး။ လူတယောက်ရဲ့ ရွေးချယ်မှုနဲ့ တန်ဖိုးထားမှုကို အခြားလူတယောက်က ပြစ်တင်ရှုံချတာ၊ ဝေဖန်တာ၊ တိုင်းတာ သတ်မှတ်တာတွေ လုပ်ခွင့် မရှိပါဘူး။ ဒီလို လုပ်ဆောင်တာတွေကိုလဲ လူတယောက်ရဲ့ ဘ၀မှာ ထည့်သွင်းစဉ်းစားစရာ မလိုအပ်ပါဘူး။ နောက်ဆုံးကျတော့ ဘယ်သူတွေဘာပြောနေနေ၊ ဘယ်သူတွေ ဘာလုပ်နေနေ၊ ကိုယ့်ဘ၀နဲ့ကိုယ်၊ ကိုယ်ရွေးချယ်မှုနဲ့ကိုယ်၊ ကိုယ့်တန်ဖိုးထားမှုနဲ့ကိုယ်ဖြစ်ကြောင်း သင်ခန်းစာတွေကို အလုပ်ရုံဆွေးနွေးပွဲ မှာ ရရှိခဲ့ပါတယ်။ ဒီသင်ခန်းစာတွေကို ကစားနည်းတခုနဲ့ ဆွေးနွေးပွဲ ဦးဆောင်သူက ဥပမာ ပေးသွား ပါတယ်။

ကနဦးအနေနဲ့ လက်တွေကို ခေါင်းမှာပဲတင်တင်၊ နောက်ပစ်တာပဲဖြစ်ဖြစ် လုပ်နိုင်ကြောင်းနဲ့ သူကအကြွေစေ့မြှောက်ပြီး ပြန်ဖမ်းရာမှာ ခေါင်းကျရင် ခေါင်းပေါ်လက်တင် ထားသူတွေ ထိုင်နိုင်ကြောင်း ဆိုပါတယ်။ ပန်းကျရင် လက်နောက်ပစ်ထားသူတွေ ထိုင်နိုင်ကြောင်း ဆိုပါတယ်။ ဒီလိုနဲ့ လိုက်လုပ်ကြရင်း နောက်ဆုံးကျမှ ကိုယ့်လုပ်ရပ်ကို ဒီလိုအကြွေစေ့တခုရဲ့ ခေါင်းနဲ့ ပန်းက ဆုံးဖြတ်တာကို ခံယူသင့်သလားဆိုတဲ့ မေးခွန်းကနေ အစပြုပြီး ဘ၀သင်ခန်းစာတွေကို ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။ သင်ခန်းစာထုတ်ကြည့်ကြတော့ ကိုယ့်ဘ၀ကို ကိုယ်ပဲ့ကိုင်တာ မဟုတ်ပဲ အခြား လူတွေ၊ အဖွဲ့အစည်းတွေ၊ အခြေအနေတွေရဲ့ ဆုံးဖြတ်ချက်ကိုပဲ ခံယူသူတွေဟာ ဘ၀မှာ လူအများ အမြင်အရ အောင်မြင်သူတွေ ဖြစ်လာရင်တောင်၊ သူတို့ရဲ့ ဘ၀တွေကို ကျေနပ် ပျော်ရွှင်နေသူတွေ မဟုတ်ကြကြောင်း အဖြေထွက်လာပါတယ်။

လူတယောက်မှာ လေ့ကျင့်မှုအရ၊ ပညာရေးအရ ကျွမ်းကျင်မှုတွေ ဘယ်လောက်ပဲရှိရှိ ဒီကျွမ်းကျင်မှုတွေကို အသုံးချနေချိန်မှာ ပျော်ရွှင်မှုရှိနေခြင်းရှိမရှိ ကိုယ့်ဘာသာကိုယ် ပြန်မေးဖို့ လိုအပ်ကြောင်းကိုလဲ သင်ခန်းစာ ရရှိခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူက ဥပမာအားဖြင့် တစုံတဦးရဲ့ တိုက်တွန်းမှုကြောင့်ဖြစ်စေ၊ တစုံတဦးကို အားကျလို့ဖြစ်စေ လူတယောက်ဟာ အင်ဂျင်နီယာ ဖြစ်လာခဲ့ပေမယ့် အလုပ်လုပ်နေချိန်မှာ အလုပ်ပြီးမယ့် အချိန်ကိုပဲ စိတ်ထဲရောက်နေတယ်ဆိုရင် အလုပ်က ချက်ချင်းထွက်ရမယ်လို့ မဆိုလိုချင်တောင် အလုပ်သစ်တခုကိုဖြစ်ဖြစ်၊ အလုပ်သစ်တခု ပြောင်းဖို့ လိုအပ်မယ့် သင်တန်းတွေကိုပဲ ဖြစ်ဖြစ် စတင်ခြေလှမ်းသင့်ပြီဖြစ်ကြောင်း ပြောကြားရင်း၊ ကိုယ်လက်ရှိ လုပ်နေတဲ့ အလုပ်၊ လက်ရှိနေထိုင်နေတဲ့ နေရာဒေသမှာ ပျော်ရွှင်မှုကို ခံစားနေရခြင်း ရှိမရှိ အတွေ့အကြုံတွေကို ဖလှယ်ခိုင်းခဲ့ပါတယ်။

ဒီလိုဆွေးနွေးကြရင်းနဲ့ လူတွေကို ပျော်ရွင်စေတဲ့ အရာတွေအကြားက မတူညီမှုတွေကို လက်တွေ့ကျကျ မြင်လာကြရပါတယ်။ တချို့လူတွေကို တည်ငြိမ်တဲ့ ရေရှည်အလုပ်က ဆွဲဆောင်နိုင်ပေမယ့်၊ တချို့က စွန့်စားရတဲ့ ရေတိုအလုပ်ကို လုပ်ချင်ကြပါတယ်။ တချို့က နေရာဒေသ တခုမှာ အထိုင်ချရတဲ့ အလုပ်ကို လုပ်ချင်ပေမယ့်၊ တချို့ကကျတော့လဲ ခဏခဏခရီးသွားနေရတဲ့ အလုပ်မျိုးမှာမှ ပျော်ရွင်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကို ပျော်ရွှင်စေတဲ့ အလုပ်ဟာ ဘယ်အလုပ်ဖြစ်စေမယ်ဆိုတာကို ကိုယ့်ဘာသာကိုယ် ရွေးချယ်ဆုံးဖြတ်ဖို့လိုကြောင်း ပိုပြီးသိသာ ထင်ရှားစွာ မြင်လာရပါတယ်။ တစုံတယောက်အတွက် တန်ဖိုးရှိတိုင်း၊ နောက်တယောက်အတွက် တန်ဖိုးရှိတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

တပြိုင်နက်တည်းမှာပဲ လူတွေရဲ့ တန်ဖိုးထားမှု မတူညီတာကိုလဲ ဆက်စပ်တွေးမိသွားကြပြန်ပါတယ်။ တချို့လူတွေက လုပ်ခလစာများတဲ့အလုပ်ကို တန်ဖိုးထားပါတယ်။ ငွေရရင် ပျော်ရွှင်မှုရှိနိုင်ပါတယ်။ တချို့လူတွေကတော့ လုပ်ခလစာအသင့်အတင့်ရပြီး၊ သူ့ကို ပျော်ရွင်မှုပေးနိုင်တဲ့ အလုပ်ကို တန်ဖိုးထားပါတယ်။ တချို့လူတွေကျတော့လဲ အလုပ်ရွေးချယ်ရာမှာ လုပ်ခလစာတွေကို ထည့်သွင်း စဉ်းစားမှုကို မရှိပါဘူး။ သူလုပ်ချင်တာကို သူလုပ်ရဖို့ပဲ အရေးကြီးပါတယ်။ တချို့ကျတော့လဲ ရာထူးသြဇာကို တန်ဖိုးထားပါတယ်။ သြဇာအာဏာရှိတဲ့အလုပ်ဆိုရင် သူ့ကို ပျော်ရွှင်မှု ပေးနိုင်ပါတယ်။ ဒီလိုတန်ဖိုးတွေအနက် အလုပ်နဲ့ပတ်သက်ပြီး ကိုယ်တန်ဖိုးထားတဲ့ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး ဆိုတာတွေကို ထပ်ခွဲလိုက်ချိန်မှာတော့ ဘယ်လိုအလုပ်မျိုးတွေကို ကိုယ်လုပ်သင့် တယ် ဆိုတာတွေက ပိုပြီး ရုပ်လုံးပေါ်လာပါတယ်။ ဘ၀ အောင်မြင်မှု သတ်မှတ်ချက်တွေမှာလဲ ဒီအတိုင်းပါပဲံ။ တချို့က ဘွဲ့တွေရတာကို အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။ တချို့က တိုက်ကြီးဟိန်းနေတာ၊ ကားကောင်းစီးနေရတာကို အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။ တချို့က ရိုးသားစွာ အသက်ရှင်ရတာကို ဘ၀အောင်မြင်မှုလို့ သတ်မှတ်ပါတယ်။ အချို့က ထင်ပေါ်ကျော်ကြားတာကို အောင်မြင်မှုလို့ သတ်မှတ်ပါတယ်။ အချို့ကျတော့ လူမသိ၊ သူမသိနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်ထားတဲ့ အလုပ်တွေ ဖြစ်မြောက်လာတာကို အောင်မြင်မှုလို့ သတ်မှတ် ပါတယ်။ သူ့အောင်မြင်မှုက ကိုယ်လိုချင်တဲ့ အောင်မြင်မှုလဲ ဖြစ်ချင်မှ ဖြစ်မှာပါ။ ကိုယ့်ကိုကိုယ်သိအောင် လုပ်ဖို့ပဲ လိုအပ်ပါတယ်။

ဒီလိုနဲ့ အခြားဆွေးနွေးမှုတွေ ပြုလုပ်ကြရာမှာ ကျွန်မအတွက် အကျိုးဖြစ်ထွန်းသွားစေတဲ့ ဆွေးနွေးမှုတခု ရှိခဲ့ပါတယ်။ အဲဒါကတော့ လက်ရှိအချိန်မှာ ကိုယ့်ဖြစ်တည်နေတဲ့ အခန်းကဏ္ဍ နဲ့ နောင်ဆယ့်ငါးနှစ်မှာ ကိုယ်ဖြစ်ချင်တဲ့ အခန်းကဏ္ဍတွေ ကို စဉ်းစားခိုင်းတဲ့ ဆွေးနွေးမှုမှာ ဖြစ်ပါတယ်။ လူတိုင်းက အချိန်တခုမှာ အခန်းကဏ္ဍတခုထက်ပိုပြီး ဖြစ်တည်နေတတ်ပါတယ်။ ဥပမာ- အမျိုးသမီး တယောက်ဟာ သမီးတယောက်၊ အမေတယောက်၊ ဇနီးတယောက်၊ ချက်ပြုတ်သူတယောက်၊ ညီမတယောက်၊ အစ်မတယောက်၊ ကျောင်းသူတယောက်၊ အလုပ်သမားတယောက် စသဖြင့် အများအပြားဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်နေတဲ့ အခန်းကဏ္ဍတခုချင်းစီအလိုက်မှာ အချိန်နဲ့ ခွန်အားစိုက်ထုတ်မှု ဘယ်လောက်ရှိနေသလဲ၊ အရေးပါမှု သတ်မှတ်ချက် ဘယ်လောက်ရှိနေသလဲ ဆိုတာတွေကို တခုချင်းခွဲခြားပြီး၊ နောင် ၁၅ နှစ်မှာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့ အခန်းကဏ္ဍတွေနဲ့ ချိန်ထိုးကြည့်တာပါ။ ဒီအခါမှာ ဘယ်အရာတွေကို အာရုံပိုစိုက်ရမယ်၊ ဘယ်အရာတွေကို အာရုံစိုက်မှု လျှော့ရမယ်၊ ဘယ်အရာတွေကိုတော့ ဖယ်ရှားပစ်ရမယ်၊ ဘယ်အလုပ်တွေကို လုပ်ရမယ်၊ ဘ၀နဲ့ အလုပ်ကို ဘယ်လိုညှိယူမယ် ဆိုတာတွေကို သိမြင်လာနိုင်ပါတယ်။

တချို့ကတော့ ထင်တတ်ကြပါတယ်။ နောင် (၁၅) နှစ်မှာ ကိုယ်က အသက်ရှင်ချင်မှ ရှင်မှာပေါ့။ ဘာစဉ်းစားဖို့လိုလဲ။ နောင်ခါလာ နောင်ခါဈေးလို့ ဆိုပါတယ်။ ဒီလို ရှူမြင်သူတွေအတွက်တော့ ဒီစဉ်းစားတွေးခေါ်ချက်နည်းလမ်းက အသုံးဝင်မှာ မဟုတ်ပါဘူး။ တချို့ကကျတော့ ကိုယ်က ဘယ်လောက်ပဲ အနာဂတ်အတွက် ပြင်ဆင်ပေမယ့် ကံစီမံရာခံရတာပဲလို့ ရှုမြင်ပြီး ကံကို ပုံချထား တတ်ပါတယ်။ ဒီလိုရှုမြင်သူတွေအတွက်လဲ ဒီလိုစဉ်းစားတွေးခေါ်မှု နည်းလမ်းတွေ၊ ဘ၀ပန်းတိုင် ချမှတ်မှုတွေက အသုံးဝင်မှာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့တော့ အိပ်ယာဝင်လိုက်ချိန်မှာ နောက်တနေ့နံနက် အသက်ရှင်ပြီး နိုးထလာမယ်ဆိုတာ မသေချာဘူးဆိုပေမယ့်၊ နောက်တနေ့နံနက် စားရမယ့် အစားအစာကိုတော့ လူတွေက ကြိုဝယ်ထားလေ့ရှိတယ်လို့ ယူဆတာကြောင့် ဘ၀အနာဂတ်အတွက် စီမံကိန်းချမှတ်မှုတွေ၊ ရည်မှန်းချက်ထားရှိမှုတွေကို လက်ခံကျင့်သုံးလေ့ ရှိပါတယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေကို အသက်ထွက်ချိန်ကျမှသာ အသက်က ယူဆောင်သွားလိမ့်မယ်လို့ ယူဆထားပြီး၊ အသက်မထွက်ချိန်မှာတော့ ကျွန်မရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေဦးမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ဒီလို အနာဂတ်ဆိုင်ရာ စဉ်းစားတွေးခေါ်မှု နည်းလမ်းတွေက အလွန်ပဲ အသုံးဝင်လှပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ လက်ရှိဖြစ်တည်မှုနဲ့ အနာဂတ်ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို ဆန်းစစ်ချက်တွေကို ပြန်လည်ဆွေးနွေးဖလှယ်ကြရမှာ ရလဒ်ကောင်းတွေ ထွက်လာပါတယ်။ အမျိုးသမီးကထိက တယောက်က သူပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍတွေထဲမှာ သမီးတယောက် ဆိုတဲ့ ကဏ္ဍပါပေမယ့် တလတခါပဲ သူ့အမေကို ၁၅ မိနစ် ဖုန်းပြောတယ်လို့ ဆိုပါတယ်။ သူမရဲ့ ကြောင်လေးအတွက် တနေ့ကို အချိန် တနာရီပေးပါတယ်။ ဒါကို ဘ၀အတွက်အရေးပါမှု အမှတ်စဉ်မှာကြည့်လိုက်တော့ အမေက အမှတ် (၂)၊ ကြောင်က အမှတ် (၉) ဖြစ်ပါတယ်။ ဒီတော့ နောက် (၁၅)နှစ်ကာလကို စဉ်းစားလိုက်ချိန်မှာ ကြောင်ဆိုတာက အချိန်မရွေးဝယ်ယူမွေးလို့ရပေမယ့် အမေကတော့ ရှိမရှိဆိုတာ မသေချာတော့ဘူးဆိုတာ သိလာရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုအချိန်မှာ အမေ့ကို အချိန်ပိုပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဆိုပါတယ်။

အမျိုးသားပရော်ဖက်ဆာတယောက်ကတော့ သူက တပတ်တခါ သေနတ်ပစ်ထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက် စနေနေ့ တနေ့ကို အချိန်ပေးတယ်လို့ ဆိုပါတယ်။ သေနတ်ပစ်တာကို ဘ၀အတွက် အရေးပါမှုအမှတ်စဉ်မှာ ကြည့်လိုက်တော့ အမှတ် (၁၃) မှာ ဖြစ်ပါတယ်။ သူ့ရဲ့ သားငယ်လေးက ခုနစ်နှစ်ရှိပြီဆိုပါတယ်။ အသက်ကန့်သတ်ချက်အရ သေနတ်ပစ်တာ ခေါ်သွားလို့ မရပါဘူး။ ဘ၀အတွက် အရေးပါမှုအမှတ်စဉ်မှာတော့ သားငယ်လေးက အမှတ် (၃) ဖြစ်ပါတယ်။ အဲဒီမှာ နောင် ဆယ့်ငါးနှစ်ကာလကို စဉ်းစားလိုက်တော့ အဲဒီအချိန်ကျရင် သားငယ်လေးက အိမ်က ထွက်ခွာသွားပြီးဖြစ်လိမ့်မယ် ဆိုတာကို သတိရသွားတယ်လို့ ဆိုပါတယ်။ သူအချိန်ပိုပေးနေတဲ့ အရာနဲ့ အရေးပါမှုသတ်မှတ်ချက်က မကိုက်ညီပါဘူး။

ဒီသင်ခန်းစာက ကျွန်မရဲ့ နှလုံးအိမ်ကိုလဲ ပွတ်ခတ်သွားပါတယ်။ နောက် (၁၅) နှစ်ဆိုတာကို စဉ်းစားကြည့်လိုက်တော့ ကျွန်မရဲ့ ငါးနှစ်အရွယ်သားငယ်လေးကလဲ ကျွန်မရဲ့ ရင်ခွင်ထဲမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်မဘ၀ရဲ့ အရေးပါမှုအမှတ်စဉ်တွေထဲမှာ ထိပ်ဆုံးကပါနေတဲ့ သားငယ်လေးအတွက် ကျွန်မရဲ့ အချိန်နဲ့ ခွန်အားစိုက်ထုတ်မှုတွေကို ဒီ (၁၅) နှစ်တာကာလမှာ ထိပ်ဆုံးကနေ ပေးအပ်ထားဖို့လိုကြောင်း တွေးမိလာပါတယ်။ ကုန်လွန်သွားတဲ့ အခြေအနေတွေကို နောင်တချိန်မှာ ပြန်လည်ပြုပြင်ယူလို့ ရနိုင်ပေမယ့်၊ တချို့ အခြေအနေတွေကို ပြန်လည်ပြုပြင်ယူလို့ မရနိုင်တော့ဘူး ဆိုတာကို ပိုပြီးလေးလေးနက်နက် တွေ့မြင်လာပါတယ်။

သားအမိနှစ်ယောက် ဖြတ်သန်းတဲ့ ဘ၀ခရီးမှာ သားငယ်လေးကို ဆွေမျိုးသားချင်းတွေဆီပို့ပြီး စောင့်ရှောက်ခိုင်းဖို့၊ ကိုယ်ကအလုပ်လုပ်ပြီး ငွေပို့ပေးဖို့၊ ရံဖန်ရံခါ သွားတွေ့ဖို့ အကြံပြုချက်တွေကို သားလေးမွေးပြီး နောက်ပိုင်းကာလတွေမှာ မိတ်ဆွေတွေက ပေးလေ့ရှိခဲ့ပါတယ်။ အကြံပြုချက်တွေ ရတိုင်း ကျွန်မလဲ သုံးသပ်ကြည့်ခဲ့ဖူးပါတယ်။ တကယ်က နိုင်ငံရပ်ခြားမှာ ကလေးငယ်လေးတယောက်နဲ့ နှစ်ယောက်တည်း life balance လုပ်ရတာတွေက ခက်ခဲပါတယ်။ ကလေးအခွင့်အရေးဆိုင်ရာ ဥပဒေသတ်မှတ်ချက်တွေ ရှိတာကြောင့် တရားဝင်မှတ်ပုံတင်ထားတဲ့ ကလေးထိန်းကျောင်းတွေ၊ ကလေးထိန်းသူတွေ၊ နီးစပ်ဆွေမျိုးသားချင်း တွေက လွဲရင် ဘယ်သူမှ ထိန်းကျောင်းခွင့်မရှိပါဘူး။ ဒီတော့ ခရီးသွားရတဲ့ အလုပ်တွေ လုပ်ကိုင်ဖို့၊ ပညာရပ်ဆိုင်ရာ ကွန်ဖရင့်တွေတက်ဖို့၊ အခြားနိုင်ငံတွေရဲ့ ဧည့်ကထိက အလုပ်တွေ လုပ်ဖို့၊ သုတေသနဆိုင်ရာ ကွင်းဆင်းလေ့လာမှုတွေ လုပ်ဖို့ ဆိုတာတွေမှာ အတော်ကို ခဲယဉ်းခဲ့တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခွင့်အလမ်းတွေ အတော်များများကို ကျွန်မ ငြင်းဆန်ခဲ့ပါတယ်။ သားနဲ့အတူနေရဖို့၊ ဘ၀ကို အတူတကွ ရုန်းကန်ဖြတ်သန်းဖို့ကို ကျွန်မဘ၀ရဲ့ အရေးကြီးဆုံး၊ ထိပ်ဆုံးမှာထားပြီး တတ်နိုင်သမျှ ကြိုးစားထားခဲ့ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲလေး တက်လိုက်ချိန်မှာတော့ နောင် ၁၅ နှစ်ဆိုတဲ့ scenario တခုကို သွားစဉ်းစားမိလိုက်ပါတယ်။ သားနောင်ရေးအတွက်ဆိုပြီး ဥစ္စာဓနတွေစုဖို့ပဲဖြစ်ဖြစ်၊ ကျွန်မနောင်ရေး အတွက်ဆိုပြီး ဘ၀တက်လမ်း တွေရှာဖို့ပဲဖြစ်ဖြစ် သားနဲ့ ခွဲခွာနေခဲ့ပြီး၊ နောင်ဆယ့်ငါးနှစ်မှာ ဥစ္စာတွေ၊ အမေက ဘာဆိုတဲ့ ရာထူးဂုဏ်တွေ ပိုက်ပြီး၊ သားနဲ့တွေ့ရချိန်မှာ သားက ခပ်စိမ်းစိမ်းဖြစ်နေခဲ့ရင်၊ ဒါတွေကို အသိအမှတ်မပြုပဲ ဒါတွေထက် မိခင်နဲ့အတူရှင်သန်ကြီးပြင်းရချိန်တွေ၊ မိခင်မေတ္တာတွေ၊ မိခင်ရင်ငွေ့တွေကိုပဲ ပိုပြီးလိုချင်ခဲ့တာလို့ ပြောလာခဲ့ရင် ကျွန်မဘယ်လိုများ ရင်ဆိုင်ရမှာပါလိမ့် ဆိုတာကိုပါပဲ။ ကိုယ့်အရေးပါမှု သတ်မှတ်ချက်အတိုင်း၊ အချိန်နဲ့ ခွန်အားတွေ စိုက်ထုတ်နိုင်ခဲ့တယ်ဆိုပြီး ကျေနပ်ရသလို၊ နောင် ဆယ့်ငါးနှစ်ဘ၀မှာ ဦးစားပေးရမယ့် အရာတွေကိုလဲ ပိုပြီးရှင်းလင်းပြတ်သားစွာ ရွေးချယ်နိုင်သွားပါတယ်။

ကျွန်မရဲ့ လက်ရှိအခန်းကဏ္ဍကို ကျွန်မ ဆန်းစစ်ကြည့်လိုက်ပါတယ်။ ကျွန်မရဲ့ ပီအိတ်ခ်ျဒီ သုတေသန အတွက် နေ့စဉ် ငါးနာရီအချိန်ပေးပါတယ်။ စာသင်ချိန်က ပုံမှန်အားဖြင့် နှစ်နာရီ ရှိပါတယ်။ စာသင်ဖို့ ပြင်ဆင်ချိန်က တနာရီရှိပါတယ်။ ၀ါသနာပါတဲ့ စာရေးတဲ့အလုပ်က ပျမ်းမျှ တနေ့ နှစ်နာရီရှိပါတယ်။ သားလေးနဲ့က တနေ့လေးနာရီ အချိန်ပေးပါတယ်။ အထွေထွေအချိန်ဖြစ်တဲ့ စားချိန်၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဖုန်းစကားပြောချိန်၊ အခြားစိတ်ပါဝင်စားမှု လုပ်ချိန်၊ လမ်းလျှောက်ချိန်၊ ဘတ်စ်ကားစီးချိန်) စတာတွေက တနေ့ နှစ်နာရီခန့်ရှိပါတယ်။ အိပ်ချိန်က ခြောက်နာရီခန့်ရှိပါတယ်။ မြန်မာ့အရေးအပါအ၀င် အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကမ္ဘာ့လုံခြုံရေးစတဲ့ political activism အရေးတွေအတွက်က တနေ့တနာရီရှိပါတယ်။ ဒီတော့ ကျွန်မလက်ရှိ ဖြတ်သန်းနေတဲ့ အခန်းကဏ္ဍတွေက သုတေသီနဲ့ စာသင်သူ၊ စာရေးသူ၊ မိခင် နဲ့သမီး၊ မိတ်ဆွေသူငယ်ချင်း၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ စတာတွေ ဖြစ်ပြီး၊ မိခင်နဲ့သမီးဘ၀က နံပါတ် (၁)၊ သုတေသီနဲ့ စာသင်သူဘ၀က နံပါတ် (၂)၊ စာရေးသူဘ၀က နံပါတ် (၃)၊ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ဘ၀က နံပါတ် (၄)၊ မိတ်ဆွေသူငယ်ချင်းဘ၀က နံပါတ် (၅) ဖြစ်ပါတယ်။

ဒီလိုနဲ့ နောင် (၁၅) နှစ်ကို ကြည့်လိုက်တော့ မိခင်နဲ့ သမီးဘ၀ကတော့ နံပါတ် (၁) ဖြစ်နေဆဲပါပဲ။ သို့ပေမယ့် သားလေးက ကျွန်မနဲ့အတူနေတော့မှာ မဟုတ် (စကားချပ်။ ။ နေမယ်ဆိုရင်လဲ ချစ်ခင်ပေမယ့် ကျွန်မခွင့်ပြုမှာ မဟုတ်ပါ။ အသက်နှစ်ဆယ်အရွယ် လူငယ်တယောက်ဟာ မိဘအရိပ်ကို မှီခိုခြင်းမရှိပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဘ၀တည်ဆောက်ဖို့အတွက် စတင်အားယူသင့်ပြီ ဖြစ်တာကြောင့်ပါ) တဲ့အတွက် ပိုလာမယ့် အချိန်တွေကို ကျွန်မဘ၀ရဲ့ ဒုတိယအရေးပါဆုံးဖြစ်တဲ့ သုတေသီနဲ့ စာသင်သူ ဘ၀မှာ အသုံးပြုလို့ ရလာမှာ ဖြစ်ပါတယ်။ နောင် ၁၅ နှစ် အချိန်နဲ့ ပတ်သက်ပြီး ကလေးငယ်နဲ့ မိခင်ဘ၀၊ အိမ်ထောင်ဘက်ဇနီးမယားဘ၀ ဆိုတာတွေကို လုံးဝထည့်သွင်းစဉ်းစားမိခြင်း မရှိတဲ့အတွက် ဘ၀မှာ အဖော်သစ်ရှာသင့်၊ မရှာသင့် ဆိုပြီး လက်ရှိမှာတွေးတောနေတဲ့ ကျွန်မရဲ့ အတွေးတွေကလဲ ယတိပြတ် ဆုံးဖြတ်ချက် ကျသွားစေပါတယ်။ နောင် (၁၅) နှစ်မှာ political activist အနေနဲ့ နေမလား၊ politician အနေနဲ့ ဖြတ်သန်းမလားဆိုတာကို တွေးတောရွေးချယ် ဖြစ်သွားတာကြောင့် အခုကနေစပြီး၊ နောက်ထပ် (၁၅) နှစ်တာကာလမှာ ကျွန်မအနေနဲ့ ဘာတွေလုပ်ရမယ်၊ ဘာတွေရှောင်ရမယ်၊ ဘယ်သူတွေနဲ့ တွဲရမယ်၊ ဘယ်သူတွေနဲ့ ဆက်သွယ်ရမယ် ဆိုတာတွေကိုလဲ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရပါတယ်။

တကယ်တော့ အလုပ်ရုံဆွေးနွေးပွဲလေးက အချိန်အားဖြင့် သုံးနာရီနီးပါးသာ ကြာခဲ့တာပါ။ ဒါပေမယ့်လဲ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတချို့၊ အတွေးအခေါ်တချို့ကို ပေးအပ်ခဲ့ပါတယ်။ ဒီသင်ခန်းစာတွေကို ပြန်လည် တွေးကြည့်ရင်တော့ အရင်ကတည်းက သိပြီးသားလိုလိုတွေပါပဲ။ အလိုလိုနေရင်း အသုံးချပြီးသား တွေလဲ ရှိပါတယ်။ ဒါပေမယ့် သတိမမူမိခဲ့တာတွေလဲ ရှိပါတယ်။ သိပေမယ့် လက်တွေ့ထည့်သွင်း စဉ်းစားမှု မပြုခဲ့တာတွေလဲရှိပါတယ်။ ဒါပေမယ့် စေ့စေ့တွေးချိန်မှာ ရေးရေး ပေါ်လာပြီး၊ ဆွေးနွေးဖလှယ်မှုတွေကြောင့် ဗဟုသုတတွေပါ တိုးပွားခဲ့တဲ့အတွက် အတွေ့အကြုံ၊ သင်ခန်းစာနဲ့ စဉ်းစားတွေးခေါ်ချက်တွေကို ပြန်လည်မျှဝေရခြင်း ဖြစ်ပါတယ်။

အချိန်လေးများရခဲ့ရင် အောက်ပါမေးခွန်းလေးတွေဖြစ်တဲ့

(၁) လက်ရှိ ကိုယ့်အလုပ်ဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်ဆိုတာ သေချာပြီလား။ အလုပ်ကနေ ပျော်ရွှင်မှုတွေ ခံစားရလေ့ရှိသလား။

(၂) လက်ရှိ ကိုယ်အလုပ်လုပ်နေတဲ့ နေရာဒေသဟာ ကိုယ်နေချင်တဲ့ နေရာဒေသ ဟုတ်ပါသလား။

(၃) ကိုယ့်ဘ၀မှာ ဘာတွေက အရေးကြီးသလဲ။ ကိုယ်ဘာတွေကို တန်ဖိုးထားသလဲ။

(၄) လက်ရှိမှာ အချိန်နဲ့ ခွန်အားတွေ စိုက်ထုတ်ပြီး ဖြတ်သန်းနေတဲ့ ဘ၀အခန်းကဏ္ဍတွေဟာ ကိုယ့်ဘ၀မှာ အရေးပါမှု တိုင်းတာသတ်မှတ်ချက်အဆင့်တွေနဲ့ ကိုက်ညီမှု ရှိပါသလား။

(၄) နောင် (၁၅) နှစ်မှာ ကိုယ့်ဘ၀က ဘယ်လိုအခန်းကဏ္ဍမှာ ဖြတ်သန်းနေမလဲ။ ဒီအတွက် လက်ရှိအားစိုက်နေတာတွေထဲက ဘာတွေကို ပိုပြီး ဦးစားပေးမလဲ။ ဘာတွေကို လျှော့ချမလဲ။ ဘာတွေကို ထပ်ဖြည့်မလဲ။

ဆိုတဲ့မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ပြီး၊ ဘ၀နဲ့အလုပ်ချိန်ခွင်လျှာတွေကို ညှိယူကြည့်ဖို့ လေးစားစွာ တိုက်တွန်းလိုပါတယ်။

ခင်မမမျိုး (၇၊ ၁၁၊ ၂၀၁၂)
 ဘရာ့ခ် အိုဘားမားဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် ဒုတိယအကြိမ် လေးနှစ်သက်တမ်းအတွက် ထပ်ပြီး ရွေးကောက် တင်မြှောက်ခံလိုက်ရပြီဖြစ်ပါတယ်။ အင်္ဂါနေ့က တနိုင်ငံလုံးမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတက ပြိုင်ဘက် ရီပတ်ဘလီကန်သမ္မတလောင်း မစ်တ် ရွမ်မ်နီကို အနိုင်ရခဲ့တာပါ။ ဒီကနေ့မနက်ပိုင်း လင်းအားကြီး အချိန်မှာ အဆုံးသတ်သွားခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေသတင်းထောက် Kent Klein က သတင်းဆောင်းပါး ရေးထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ဆက်ပြောပြပါမယ်။

အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေထဲက အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသော သမ္မတဖြစ်သူဟာ ဒုတိယအကြိမ် လေးနှစ်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံရဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက် ၂၇၀ ထက် ကျော်ရပြီး သမ္မတရွေးကောက်ပွဲကို အနိုင်ရသွားပါပြီ။

ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် မစ္စတာအိုဘားမားဟာ ရှီကာဂိုမြို့မှာ စုဝေးနေကြတဲ့ သူ့ကို ထောက်ခံသူ ထောင်ပေါင်း များစွာကို မိန့်ခွန်းပြောခဲ့တာမှာ တိုင်းပြည်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ သူဟာ ပိုပြီး သန္နိဋ္ဌာန် ခိုင်မာလာ၊ ပိုပြီး စိတ်အားတက်ကြွလာပါတယ်လို့ ပြောပါတယ်။

“အလုပ်လုပ်ဖို့အတွက် ခင်ဗျားတို့ မဲပေးခဲ့ကြတာပါ၊ ပုံမှန်လုပ်နေကျ နိုင်ငံရေးကိစ္စအတွက် မဲပေးခဲ့တာ မဟုတ် ပါဘူး။ ကျနော်တို့ရဲ့ အလုပ်အကိုင်ပေါ် အာရုံစိုက်ဖို့မဟုတ်ဘဲ ခင်ဗျားတို့ရဲ့ အလုပ်အကိုင်ကိစ္စအပေါ်ကို အာရုံစိုက်ဖို့ ကျနော် တို့ကို ခင်ဗျားတို့ ရွေးကောက်တင်မြှောက်ခဲ့တာပါ၊ လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း ကျနော်တို့အားလုံး အတူတကွ လက်တွဲဖြေရှင်းမှသာရနိုင်မယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ပါတီနှစ်ရပ်စလုံးက ခေါင်းဆောင်တွေကို ထိစပ်ပြီး လက်တွဲ လုပ်ဆောင်သွားဖို့ ကျနော် ရည်ရွယ်ထားပါတယ်။”
 
သူ့ရဲ့ဒုတိယသက်တမ်းအတွင်း အစိုးရဘဏ္ဍာရေး လိုငွေပြနေတာကို လျှော့ချဖို့၊ အခွန်အတုတ်ကောက်ခံခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို ပြုပြင်ပြောင်းလဲဖို့၊ နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့၊ ပြည်ပရေနံအပေါ် မှီခိုနေရတာကို လျှော့ချဖို့တွေအတွက် လုပ်ဆောင်သွားပါမယ်လို့ သမ္မတက ပြောခဲ့ပါတယ်။

အကျိတ်အနယ် မဲဆွယ်စည်းရုံးယှဉ်ပြိုင်ခဲ့ရတဲ့အပေါ် သူ့ရဲ့ပြိုင်ဘက်ဖြစ်သူကို ဂုဏ်ပြုစကားပြောခဲ့သလို မစ္စတာရွမ်မ်နီနဲ့ သူ့မိသားစုရဲ့ လူထုဝန်ထမ်း အစဉ်အလာကိုလည်း ချီးကျူးခဲ့ပါတယ်။ နိုင်ငံမှာရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် အဖြေရှာ တဲ့နေရာမှာ ရီပတ်ဘလီကန်တွေနဲ့ အတူ လုပ်ဆောင်သွားပါမယ်လို့ သမ္မတကပြောပါတယ်။

“ဒီတိုင်းပြည် ရှေ့ဆက်တိုးတက်သွားဖို့ အရေးမှာ ဘယ်လို အတူတကွ လက်တွဲ လုပ်ဆောင်သွားနိုင်မယ် ဆိုတာကို ဆွေးနွေးဖို့အတွက် အုပ်ချုပ်ရေးမှူး ရွမ်မ်နီနဲ့ လာမယ့်သီတင်းပတ်တွေအတွင်း တွေ့ဆုံသွားဖို့လည်း ကျနော် ရည်ရွယ်ထားပါတယ်။”

သမ္မတမိန့်ခွန်းမပြောခင် အချိန်ပိုင်းလေးမှာပဲ မစ္စတာရွမ်မ်နီကလည်း ဘော်စတွန်မြို့မှာ သူ့ကိုထောက်ခံသူတွေကို မိန့်ခွန်း ပြောပြီး သူရှုံးနိမ့်တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။

“သမ္မတ အိုဘားမားဆီ ကျနော်ဖုန်းဆက်ပြီး သူ အနိုင်ရတဲ့အပေါ် ချီးကျူးကြောင်း ပြောခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေနဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာလည်း ဂုဏ်ပြု ချီးကျူးမှု ခံယူထိုက်ပါတယ်။ သူတို့အားလုံး ကျန်းမာ ပျော်ရွှင်စေဖို့ ကျနော် ဆုတောင်းပါတယ်။ ဒါပေမဲ့ အထူးသဖြင့်တော့ သမ္မတ၊ သမ္မတကတော်နဲ့ သူတို့ရဲ့ သမီးငယ်တွေ အတွက် ဆုတောင်းပေးပါတယ်။”

သူနဲ့ သူ့ရဲ့ ဒုတိယသမ္မတလောင်းဖြစ်သူ အောက်လွှတ်တော်အမတ် ပေါလ် ရိုင်ယန်တို့ဟာ မဲဆွယ်စည်းရုံးပွဲမှာ သူတို့ စွမ်းဆောင်နိုင်သမျှ အားကုန်ထုတ်လုပ်ဆောင်ခဲ့ပါတယ်လို့ မစ္စတာရွမ်မ်နီကဆိုပြီး ထောက်ခံသူတွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

“တိုင်းပြည်ကို မတူကွဲပြားတဲ့ လမ်းကြောင်းကနေ ဦးဆောင်မှုပေးဖို့ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်တွေကို ကျနော် ဖြည့်ဆည်းပေးနိုင်ရေး တကယ့်ကို ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်က တခြားခေါင်းဆောင်တယောက်ကို ရွေးချယ်ခဲ့ပါပြီ။ ဒါကြောင့် ခင်ဗျားတို့နဲ့အတူ ကျနော်နဲ့ ကျနော့်ရဲ့ဇနီးဖြစ်သူ Ann တို့ပါ အတူတကွ စုပေါင်းပြီး သမ္မတအတွက် ရော၊ ဒီ နိုင်ငံတော်ကြီးအတွက်ပါ စိတ်အားထက်သန်စွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခင်ဗျားတို့ဟာ အကောင်းဆုံး လူတွေပါပဲ၊ ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျား။”

ရွေးကောက်ပွဲအနိုင်ရဖို့ရာမှာ သူတို့နှစ်ဦးစလုံးအနေနဲ့ မနိုင်မဖြစ် နိုင်ဖို့လိုတဲ့ ဘယ်သူ့ဘက်ပါမယ်ဆိုတာ အသေအချာ မသိခဲ့ရ တဲ့ ပြည်နယ်တွေအားလုံးနီးပါးမှာ မစ္စတာအိုဘားမားက အနိုင်ရခဲ့တာပါ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ လူထုဆန္ဒမဲ များရာနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ ပြည်နယ်တခုချင်းစီမှာ သတ်မှတ် ခွဲခြား ပေးထားတဲ့ ရွေးကောက်ပွဲဘုတ်အဖွဲ့ ကိုယ်စားလှယ်မဲအရေအတွက်နဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲနဲ့အတူ လွှတ်တော်ရွေးကောက်ပွဲတွေကိုလည်း တပါထဲ ကျင်းပခဲ့တာမှာ ရီပတ်ဘလီကန်ပါတီက အောက်လွှတ်တော်မှာ အသာစီးရထားတာကို ဆက်ထိန်းနိုင်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီကလည်း အထက်လွှတ်တော်မှာ လူများစုဖြစ်နေတာကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

Kent Klein

Acer က Microsoft ဟာ့ဒ်ဝဲကို ထမင်းကြမ်းခဲနှင့် နှိုင်း

ထိုင်ဝမ် နည်းပညာထုတ်ကုန်ပစ္စည်း ကုမ္မဏီ Acer မှ မိုက်ခရိုဆော့ဖ် (Microsoft) ကို ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။ Microsoft ရဲ့  ဟာ့ဒ်ဝဲ များကို အသုံးပြုရတာ ထမင်းကြမ်းခဲ (Hard rice) စားရတာနဲ့ တူကြောင်း Acer စီအီးအိုကိုယ်တိုင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါ တယ်။

လက်ရှိမှာ Microsoft မှာ Operating System တွေပဲ ထုတ်လုပ်တဲ့ ကုမ္မဏီ မဟုတ်တော့ပါဘူး။ စမတ်ဖုန်းလောကရော၊ Tablet လောကကိုရော ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ နောက်ဆိုရင် Laptop, Desktop များအထိပါ ထုတ်လုပ်မှာ ဖြစ်ပြီး Windows OS ကိုမှီခိုနေရသူများအတွက် အကြပ် ရိုက် စေတော့မှာ ဖြစ်ပါတယ်။

လက်ရှိ Microsoft မှ ထုတ်တဲ့ Windows 8 နဲ့ Window RT OS တောင် သူ့ရဲ့  Surface Tablet တွေနဲ့ပဲ အံကိုက်ပိုဖြစ်တာ တွေ့ရပါတယ်။ သူ့ OS ကိုမှီခို နေရသူများအတွက် သေချာ မလုပ်ပေးပါဘူး။ သဘောတရား ကတော့ သားသမီးအရင်းနဲ့ မွေးစားသားသမီး အပေါ် ထားတဲ့ သံယောဇဉ် မျိုးလို့တောင် ဝိုင်းဝန်း ဝေဖန်နေကြပါပြီ။

Microsoft ရဲ့  OS ကိုမှီခိုနေရသူများ စိုးရိမ်လာကြပြီ ဖြစ်ပါတယ်။ Acer ရဲ့  Tablet တွေတောင် Surface ထွက်ပေါ်လာမှုကြောင့် ရောင်းအား ကြိမ်းသေ ကျဆင်းမှာ ဖြစ်ပါတယ်။ ဒီတော့ အကောင်းဆုံး ထွက်ပေါက်က ကိုယ်ပိုင် OS ဖန်တီးခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် ကိုယ်ပိုင် OS မဖန်တီးနိုင်သေးတဲ့ ထိုင်ဝမ် Acer ကတော့ Microsoft ရဲ့  Hardware များကို ထမင်းကြမ်းခဲလို့ ပြောဆိုလိုက်ပါတယ်။
--
Ref: cnet
Aung Kham (TSJ team)

ရခိုင်ပြည်နယ်အရေး တရားဥပဒေစိုးမိုးရေးကော်မီတီ ကြေငြာချက်ထုတ်ပြန်မည်



ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တွေပူးပေါင်းပြီး ရခိုင်ပြည်နယ်က အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်မယ်လို့ သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီအသီးသီးက ကိုယ်စားလှယ် ၃၀ လောက်ဟာ နိုဝင်ဘာလ ၅ ရက်နေ့ညက ရခိုင်ပြည်နယ်အရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီအစည်းအဝေးက ထွက်ပေါ်လာတဲ့ သဘောထား ဆောင်ရွက်နိုင်မယ့်အခြေအနေတွေကို ကြေညာချက် ထုတ်ပြန်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တစ်ဦးစီနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်တို့ ဒီကနေ့ ညနေမှာ တွေ့ဆုံပြီး မူကြမ်းရေးဆွဲခဲ့တယ်လို့လဲ ဆိုပါတယ်။ အဲဒီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲစတင်ပေးနေပြီ

အမေရိကန်နိုင်ငံသားတွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့အတွက် စတင် မဲပေးနေကြပါပြီ။ တနင်္လာနေ့တုန်းကတော့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတ Barack Obama နဲ့ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney တို့ နှစ်ဦးစလုံးဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်အတော်များများမှာ နောက်ဆုံးအနေနဲ့ မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Mike O’Sullivan ရဲ့ သတင်းပေး ပို့ချက်နဲ့အတူ အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးအဆင့် မဲဆွယ်စည်းရုံးမှု အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဒီရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရလိမ့်မယ်လို့ အတိအကျ ပြောဖို့ခက်နေတဲ့ ပြည်နယ်တွေထဲက အရေးအကြီးဆုံး ပြည်နယ်တခုလို့ သတ်မှတ်ထားတဲ့ Ohio ပြည်နယ်မှာ သမ္မတ အိုဘားမား တနင်္လာနေ့က နောက်ဆုံးအကြိမ်အဖြစ် မဲဆွယ် စည်းရုံးခဲ့ပါတယ်။

Obama Campaign “Cheer: . . . . .”

Ohio ပြည်နယ် Columbus မြို့မှာ သမ္မတ အိုဘားမား တနင်္လာနေ့က မဲဆွယ် စည်းရုံးခဲ့တဲ့ အသံကို ကြားခဲ့ကြရတာပါ။

သမ္မတ အိုဘားမားဟာ Ohio ပြည်နယ်မှာလိုပဲ မဲဆန္ဒရှင်တွေက ဘယ်သူ့ကို မဲပေးမယ်လို့ အတိအကျ မဆုံးဖြတ်ရသေးတဲ့ တခြား ပြည်နယ်တွေဖြစ်တဲ့ Wisconsin နဲ့ Iowa ပြည်နယ်တွေမှာ တနင်္လာနေ့က မဲဆွယ် စည်းရုံးခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံး မဲဆွယ်စည်းရုံးမှုကိုတော့ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲတုန်း က သူ့ကို ပထမဆုံးအနိုင်ပေးလိုက်တဲ့ ပြည်နယ်ဖြစ်တဲ့ Iowa ပြည်နယ်မှာ သမ္မတက ပြုလုပ်ခဲ့ တာပါ။

ပြီးခဲ့တဲ့ လေးနှစ်တာ သူ့သမ္မတ ပထမ သက်တမ်းအတွင်း အမေရိကန်ကား စက်ရုံတွေ ပြန် လည် ပတ်နိုင်အောင် အစိုးရက ငွေကြေး အလုံးအရင်း စိုက်ထုတ်ပေးခဲ့တာ၊ အယ်လ် ကိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့တာ စတဲ့ အောင်မြင်မှုရခဲ့တာတွေကို ထည့်သွင်း ပြောဆိုသွားခဲ့ ပါတယ်။ ဒါပေမယ့် သူလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ ပြီးမြောက်အောင်ဖို့ နောက်ထပ် လေးနှစ် သက်တမ်းတခု ထပ် တာဝန်ထမ်းဆောင် ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။

“ပြောင်းလဲမှုဖြစ်ဖို့ ကျနော်တို့အနေနဲ့ တိုက်ပွဲ ဆက်ဝင်ကြရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူလတ် တန်းစားတွေ အောင်မြင်မှုမရှိဘဲ အလုပ်ကြိုးစား လုပ်ကိုင်ချင်သူတွေ လူလတ်တန်းစားအဖြစ် တန်း ၀င်လာအောင် လုပ်ဆောင်ဖို့ ခိုင်မာတဲ့ လှေကားထစ်တွေ ရှိနေဖို့ လိုပါတယ်။ လူလတ်တန်းစားမရှိရင် ဒီတိုင်းပြည်လည်း အောင်မြင်မှု မရနိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်အတွင်းမှာရှိတဲ့ လူတိုင်း တန်းတူ ညီမျှတဲ့ အခွင့်အရေးနဲ့ လက်ရည်တပြင်တည်း လုပ်နိုင်ကြရင်၊ လူတိုင်းက သတ်မှတ်ထားတဲ့ စည်းကမ်း ဥပဒေအတိုင်း လုပ်ဆောင်ကြရင် အမေရိကန်နိုင်ငံဟာ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင် တာမို့ ကျနော်တို့ရဲ့ တိုက်ပွဲကို ဆက်ဝင်နေရတာပါ။ Iowa ပြည်နယ်ကလူတွေ ဒါကို နားလည်ပါတယ်။ ဒါကို ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့်လည်း ခင်ဗျားတို့က ကျနော့်ကို ၂၀၀၈ ခုနှစ် မှာ ရွေးကောက် တင်မြှောက်ပေးလိုက်တာပါ။ ဒါကြောင့်လည်း ကျနော့်အနေနဲ့ သမ္မတ ဒုတိယ သက်တမ်းအတွက် ထပ်ပြီး အရွေးခံနေတာ ဖြစ်တယ်ဆိုတာ Iowa ပြည်နယ်သူ ပြည်နယ် သားတွေကို ပြောချင်ပါတယ်။”

ပြိုင်ဘက် သမ္မတလောင်း Mitt Romney ကတော့ သူ့ရဲ့ တနင်္လာနေ့ နောက်ဆုံး မဲဆွယ် စည်းရုံးမှုတွေကို Florida ပြည်နယ်မှာ စတင်ပါတယ်။ အဲဒီမှာ သူက မေးခွန်းမေးပြီး အခုလို စတင်လိုက်တာပါ။

“လွန်ခဲ့တဲ့ လေးနှစ်တုန်းက အခြေအနေတွေကို အမေရိကန်နိုင်ငံသားတွေ လိုလားကြပါသလား၊ ဒါမှမဟုတ် တကယ့် ပြောင်းလဲမှုကို လိုချင်ကြပါသလား။”

မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney ကတော့ အောင်မြင်တဲ့ စီးပွားရေးသမားတဦးအဖြစ်နဲ့ရော၊ နိုင်ငံရေးသမား တယောက်အဖြစ်နဲ့ရော ဖြတ်သန်းလာခဲ့တဲ့ သူ့အတွေ့အကြုံတွေကသာ တိုင်းပြည်အတွက် ပြောင်းလဲမှုကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပြီး မစ္စတာ အိုဘားမားက ဖော်ဆောင်ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“စီးပွားရေးလုပ်ငန်း ကျနော် တည်ဆောက်ခဲ့သလို နောက်ထပ် ဆင့်ပွား စီးပွားလုပ်ငန်းတခုလည်း တည်ထောင်ခဲ့ပါတယ်။ အိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်အောင် ကျနော် ကူညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်နဲ့အတူ ကျနော့်ပြည်နယ်မှာ အကြွေးတင် နေတဲ့ အခြေအနေကနေ အမြတ်အစွန်းရတဲ့ အခြေအနေရောက်အောင်၊ လူတွေ အလုပ်လက်မဲ့ ဖြစ်နေတဲ့ အခြေအနေကနေ အလုပ်အကိုင်တွေ ရရှိအောင်၊ အခွန်တွေ များများစားစား ကောက်ခံနေရာကနေ လူတွေ သူတို့ဝင်ငွေတွေ အများအစား အိမ်အပါ သယ်နိုင်အောင် ကျနော် လုပ်ဆောင်ပေး ခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေ ဘယ်ကို ဦးတည်နေတယ်ဆိုတာ ကျနော်သိသလို အဲဒါကို မှန်ကန်တဲ့ဘက်ကို ဦးတည်သွားနိုင်အောင် ကျနော် လုပ်ဆောင်ပေးနိုင်တဲ့အတွက် သမ္မတအဖြစ် ကျနော် ၀င်အရွေးခံနေတာပါ။”

သန်းပေါင်းများစွာသော အမေရိကန် မဲဆန္ဒရှင်တွေကတော့ ကြိုတင် မဲပေးစံနစ်နဲ့ အစောကြီးကတည်းက မဲပေးပြီးနေကြပါပြီ။ ဒါပေမယ့် မဲဆန္ဒရှင် အများစုကတော့ ဒီကနေ့ အင်္ဂါနေ့မှာ စာသင်ကျောင်းတွေ၊ မီးသတ်ဌာနတွေ၊ ဘုရားကျောင်းတွေမှာ ဖွင့်ထားတဲ့ မဲရုံတွေမှာ မဲပေးကြမှာ ဖြစ်ပါတယ်။

New Hampshire ပြည်နယ်က Dixville Notch နဲ့ Hart Location မြို့တွေမှာတော့ ရှေးကတည်းက ရှိနေပြီးသားဖြစ်တဲ့ တနိုင်ငံလုံးမှာ မဲအစောဆုံး ပေးတဲ့နေရာဖြစ်တာနဲ့အညီ ဒီကနေ့မှာလည်း မဲရုံတွေကို မနက် (၅) နာရီကတည်းက စတင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ Dixville Notch မှာတော့ ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးကို ထောက်ခံသူအရေအတွက် တူညီနေပြီး Hart Location မှာတော့ သမ္မတက အသာစီးရနေတာပါ။

မနေ့ညကအထိ ကောက်ခံထားတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုစစ်တမ်း အမျိုးမျိုးမှာတော့ သမ္မတ အိုဘားမားနဲ့ Mr. Romney တို့ နှစ်ဦးစလုံးကို ထောက်ခံသူ အရေအတွက်ဟာ တူညီနေတယ်လို့ ဖော်ပြနေကြတာပါ။

သမ္မတ အိုဘားမားက ရွေးကောက်ပွဲနေ့မှာ သူ့ရဲ့ မြို့ဖြစ်တဲ့ Illinois ပြည်နယ်က Chicago မြို့မှာ ရွေးကောက်ပွဲရလဒ်တွေကို သွားစောင့်မှာ ဖြစ်ပြီး ပြိုင်ဘက် သမ္မတလောင်း Mitt Romney ကလည်း သူ့ရဲ့ ပြည်နယ်ဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ်မှာပဲ ပြန်နေမယ်လို့ သိရပါတယ်ခင်ဗျား။
ကိုဇော်ဝင်းလှိုင်

ပြည်တွင်းစစ်ကြောင့် ပလောင် လူ့အခွင့်အရေး အခြေအနေ ဆိုးရွား


တောင်တရုတ်ပင်လယ်နှင့် မဟာဗျူဟာရေးရာ (အပိုင်း-၉)

 ပဋိပက္ခဖြေရှင်းရန် အကြံပြုချက်များ


တောင်တရုတ်ပင်လယ်အငြင်းပွားမှုကနေ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားလာခြင်း မရှိရေးအတွက် တိုက်ရိုက်နဲ့ သွယ်ဝိုက် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအားလုံးမှာ တာဝန်ရှိပါတယ်။ စစ်ရေး ထိတွေ့မှုတွေ မဖြစ်ပွားလာစေရေးအတွက် တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ ပဋိပက္ခ ဖြေရှင်းခြင်းနည်းလမ်းများကို အသုံးပြုသင့်ကြောင်း ပညာရှင်များက အဆိုပြုထားကြပါတယ်။ ဒီလို ဖြေရှင်းရာမှာ အစိုးရချင်းဆက်ဆံမှု နည်းလမ်းများသာမက၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တဆင့် အသုံးပြုနိုင်တဲ့ နည်းလမ်းများကိုပါ ကျင့်သုံးသင့်ကြောင်း ဆိုထားကြပါတယ်။ တိုက်ရိုက် ပါဝင်ပတ်သက်နေတဲ့ နိုင်ငံများအနေနဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် commitment ရှိသင့်ကြောင်း ဆိုထားကြပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလဲ ပွင့်လင်းမြင်သာစွာ ဖွင့်လှစ် သင့်ကြောင်းကိုလဲ အချို့က အဆိုပြုထားကြပါတယ်။

(၁) ယုံကြည်မှုတည်ဆောက်ခြင်း နည်းလမ်းများ

ပညာရှင်အများစုက တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံများအကြားမှာ ယုံကြည်မှုတည်ဆောက်ခြင်း နည်းလမ်းများ (confidence building measures) အသုံးပြုသင့်ကြောင်း အဆိုပြုထားကြပါတယ်။ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ ဖော်ပြခြင်း၊ မှားယွင်းတွက်ချက်မှုများကို လျှော့ချခြင်းနဲ့ ပွင့်လင်း မြင်သာမှုရှိခြင်းတို့ကြောင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားနိုင်ချေ လျော့နည်းနိုင်ကြောင်း တွက်ချက်ထားကြ ပါတယ်။ အချို့ပညာရှင်တွေကတော့ အငြင်းပွားမှုဖြစ်ပွားရာနေရာတွေမှာ တပ်စွဲမှုများ လျှော့ချရေးနဲ့ long-range weapons များကို အငြင်းပွားရာနေရာဝန်းကျင်မှာ မသုံးစွဲရန် သဘောတူညီချက်များ ပြုလုပ်ရေး စတာတွေကို အဆိုပြုကြပါတယ်။ Spratlys ကျွန်းစု အနီးတ၀ိုက်မှာ စစ်အင်အား ပြသမှုတွေ ပြုလုပ်ခြင်းကို လျှော့ချခြင်းဟာ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အခြေခံဖြစ်ကြောင်း ဆိုထားကြပါတယ်။

ပညာရှင်များအဆိုပြုထားတဲ့ အခြားနည်းလမ်းတွေကတော့ maritime သတင်းအချက်အလက်ဆိုင်ရာ စင်တာများ တည်ဆောက်ခြင်း၊ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ချဉ်းကပ်နည်းလမ်းများ ဖော်ဆောင်ခြင်း၊ disaster relief ပြုလုပ်ရန် နည်းလမ်းများ ဖော်ထုတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးဇုံများ တည်ထောင်ခြင်း စတာတွေ ဖြစ်ပါတယ်။ အခြားရေကြောင်း အငြင်းပွားမှုတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေဖြစ်တဲ့ စစ်ရေးလေ့ကျင့်မှုနှင့် လှုပ်ရှားမှုများ မပြုလုပ်ခင်မှာ ကြိုတင်အကြောင်းကြားရေး၊ ရေတပ်စခန်းဌာနချုပ်များသို့ အပြန်အလှန် လေ့လာရေး ခရီးစဉ်များ ထားရှိရေး၊ ရေတပ်ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရေး၊ non-sensitive information များအား ဖလှယ်ရေး စတာတွေကိုလဲ တောင်တရုတ်ပင်လယ်အရေးမှာ ပြုလုပ်နိုင်ပါတယ်။ Maritime Institute of Malaysia က ပညာရှင်များကတော့ systematic monitoring and verification mechanism ကို ကျင့်သုံးပြီး၊ ပွင့်လင်းမြင်သာမှု တည်ဆောက်သင့်ကြောင်း အဆိုပြုထားကြပါတယ်။ ဒီအဆိုပြုချက်မှာ အငြင်းပွားမှုဖြစ်ပွားရာနေရာက လှုပ်ရှားမှုများကို ဂြိုလ်တုပုံများနဲ့ ရိုက်ကူးရေးနဲ့ သံသယဖြစ်ဖွယ် အခြေအနေများကို ဘက်မလိုက်သောအဖွဲ့အစည်းတရပ်က ပြန်လည်ဆန်းစစ်ရေး အချက်ကိုလဲ ထည့်သွင်းဖော်ပြထားပါတယ်။

(၂) Multilateral Efforts

လက်ရှိအခြေအနေမှာ ပဋိပက္ခဖြေရှင်းရေးအတွက် ASEAN Regional Forum (ARF) နဲ့ Council for Security Cooperation in the Asia Pacific (CSCAP) တို့က Multilateral Efforts အနေနဲ့ ကြိုးပမ်းထားကြပါတယ်။ ဒါပေမယ့် တရုတ်က တောင်တရုတ်ပင်လယ်အရေးကိစ္စတွေ အစည်းအဝေး အာဂျင်ဒါတွေမှာ မပါရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ Bilateral initiatives တွေအနေနဲ့ တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့အကြား ကြိုးပမ်းမှုတွေလဲ ရှိပါတယ်။ သို့ပေမယ့် တရုတ်က အသိအမှတ်မပြုသမျှ Multilateral Efforts တွေနဲ့ Bilateral initiatives တွေက အကျိုးကျေးဇူးဖြစ်ထွန်းမှာ မဟုတ်ကြောင်း အဆိုပြုထားကြပါတယ်။

(၄) ပူးပေါင်းဆောင်ရွက်မှု

အငြင်းပွားမှု ဖြစ်ပွားရာ ရေပိုင်နက်နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း အားဖြင့် ပဋိပက္ခဖြစ်ပွားတဲ့ နိုင်ငံများအကြား ယုံကြည်မှုတည်ဆောက်လို့ရနိုင်ကြောင်း အဆိုပြုချက် တွေလဲ ရှိပါတယ်။ အချုပ်အခြာအာဏာ အငြင်းပွားမှုအရေးကို ဘေးဖယ်ပြီး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပူးပေါင်းရှာဖွေမှု ပြုလုပ်ဖို့ တရုတ်က အဆိုပြုထားပါတယ်။ ဒါပေမယ့် အာဆီယံ အဆင့်မြင့်ပုဂ္ဂိုလ် တဦးက အချုပ်အခြာအာဏာအရေးကို ဘေးဖယ်ထားဖို့ဆိုတာ ခက်ခဲတဲ့အတွက် ပူးပေါင်းဆောင်ရွက် ရေးဟာ သဘောတရားသာဖြစ်ပြီး၊ လက်တွေ့မှာ မဖြစ်နိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုဆိုတာ သူကဘာပိုင်ဆိုင်တယ်၊ ကိုယ်က ဘာပိုင်ဆိုင်တယ်ဆိုတာ သိပြီးမှ တွဲဖက်ပြီး ပူးပေါင်းလို့ရတာဖြစ်ကြောင်း ရှုမြင်ကြသူတွေလဲ ရှိပါတယ်။

(၅) Demilitarization Initiatives

အငြင်းပွားမှုဖြစ်ပွားရာရေပိုင်နက်ကို Demilitarization ဒေသအဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်တွေလဲ ရှိပါတယ်။ အငြင်းပွားရေပိုင်နက်ထဲက ကျွန်းတွေကို အနီးဆုံးနိုင်ငံမှ တာဝန်ယူစောင့်ရှောက်ပြီး၊ steward country အဖြစ်သတ်မှတ်ဖို့နဲ့ ငြိမ်းချမ်းသောနည်းလမ်းများနဲ့သာဖြေရှင်းဖို့ အချက်တွေ ထည့်သွင်း ထားပေမယ့် တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေက ဒီနည်းလမ်းကို လက်ခံနိုင်ချေဖွယ် နည်းပါတယ်။

(၆) code of conduct

တောင်တရုတ်ပင်လယ်မှာ တိကျတဲ့ code of conduct တွေချမှတ်ဖို့ အဆိုပြုချက်တွေလဲ ရှိပါတယ်။ CSCAP ကထုတ်ထားတဲ့ The "Guidelines for Regional Maritime Cooperation" ကို စံနမူနာအဖြစ် ကျင့်သုံးသင့်ကြောင်း အကြံပြုထားကြပါတယ်။

(၇) eminent persons group and third party negotiation

အာဆီယံနိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံများက ကိုယ်စားလှယ်များ စုစည်းပြီး တောင်တရုတ်ပင်လယ်ဆိုင်ရာ "eminent persons group" တခု တည်ထောင်ဖို့ အကြံပြုချက်များလဲ ရှိပါတယ်။ ဒီလိုအုပ်စု ရှိခြင်းအားဖြင့် အတွေးအခေါ်သစ်များ ပေးနိုင်ရုံသာမက third party negotiation ကိုလဲ အကောင် အထည်ဖော်နိုင်ကြောင်း ဆိုထားကြပါတယ်။

(၈) "Lines in the Sand" သတ်မှတ်ခြင်း

အမေရိကန်နိုင်ငံအပါအ၀င် တခြားဘယ်နိုင်ငံကမှ တောင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက်အရေးနဲ့ ပတ်သက်ပြီး "Lines in the Sand" ကို ကွဲကွဲပြားပြား မသိကြပါဘူး။ ဘာမှန်းမသိတဲ့အတွက် ဖြေရှင်းဖို့နည်းလမ်းကို ရှာဖို့အလွန်ခဲယဉ်းပါတယ်။ ဒါကြောင့် ဘယ်လို လှုပ်ရှားမှုဟာ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ (သို့မဟုတ်) အကျိုးစီးပွားကို ထိခိုက်နိုင်တယ်ဆိုတာ သိရှိဖို့အတွက် candid dialogue တွေ ပြုလုပ်ပြီး "Lines in the Sand" သတ်မှတ်ဖို့လိုကြောင်း အကြံပြုချက်တွေလဲ ရှိပါတယ်။

(၉) အမေရိကန်ပြည်ထောင်စု၏ Forward Military Presence နည်းဗျူဟာ

အာဆီယံနိုင်ငံအချို့ရဲ့ ပညာရှင်များကတော့ တောင်တရုတ်ပင်လယ်အရေးမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ Forward Military Presence နည်းဗျူဟာကျင့်သုံးပေးခြင်းအားဖြင့် အာရှတိုက်မှာ U.S. protective umbrella ထားရှိပြီး၊ တရုတ်ရဲ့ ခြိမ်းချောက်မှုကို ကာကွယ်ပေးထားနိုင်ကြောင်း အကြံပြုထားကြပါတယ်။ U.S. forward-deployed forces ဟာ ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်း နိုင်ကြောင်း အချို့က ရှုမြင်ကြပါတယ်။

နိဂုံး

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အဖြစ်သင့်ဆုံးအဖြေကတော့ တိုက်ရိုက်ပါဝင် ပတ်သက်နေတဲ့ နိုင်ငံများအနေနဲ့ သူတို့အဆိုပြုချက်တွေကို ပြန်လည်သုံးသပ်ပြီး ပူးပေါင်း ဆောင်ရွက်ရေး၊ အပေးအယူပြုလုပ်ရေး၊ စေ့စပ်ဆွေးနွေးရေးတွေ ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံများအနေနဲ့ စစ်ရေးနည်းလမ်းနဲ့ ပြဿနာဖြေရှင်းမှုဟာ ပါဝင်တဲ့နိုင်ငံတွေကို သာမက အခြားနိုင်ငံများကိုပါ စစ်ပွဲထဲ ဆွဲသွင်းရာရောက်နိုင်ကြောင်း ပကတိအခြေအနေကို တွက်ဆပြီး၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကို ဦးတည်ဖို့ လိုအပ်ပါတယ်။ သို့ပေမယ့်လဲ Law of the Sea Convention နဲ့အညီ code of conduct များ ချမှတ်ပြီး၊ hostilities တွေကို နိုင်ငံအားလုံးက လျှော့ချမှသာ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တဲ့အတွက် လက်ငင်းအခြေအနေမှာ ပြဿနာပြေလည်နိုင်မယ့် လမ်းစ တွေတော့ သိပ်မရှိသေးပါဘူး။ ပြဿနာမီးပွားတွေကို ဆက်လက်မပြန့်ပွားလာအောင် ထိန်းသိမ်းထား ကြတဲ့ အခြေအနေသာ ရှိပါသေးတယ်။ ဒါတင်မကပဲ သွယ်ဝိုက်ပတ်သက်နေတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့လဲ ငြိမ်းချမ်းစွာဖြေရှင်းရေးကိုသာ ဦးတည်ပြီး၊ စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှု မပြုလုပ်ကြောင်း အတိအလင်းကြေငြာမှသာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အားနည်းချက်တွေ အပေါ်မှာ ကြောက်ရွံ့မှုမှ အခြေခံပြီး ပေါ်ထွက်လာသော hostilities များ လျော့နည်းလာမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုကြေငြာမှုတွေ ပေါ်ထွက်လာဖို့ကလဲ လက်တွေ့မှာ ခဲယဉ်းနေပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သေချာတာတခုကတော့ စစ်ရေးထိတွေ့မှုဖြစ်ပွားလာတာနဲ့ စစ်ပွဲကို စနိုင်ချေအများဆုံး ရှိတဲ့ တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံအများစုကို ဆိုးကျိုးတွေ သက်ရောက်လာနိုင်တာကြောင့် နိုင်ငံခေါင်းဆောင် များအနေနဲ့ rational decisions များ ချမှတ်နိုင်ဖို့ကိုသာ မဟာဗျူဟာပညာရှင် အများစုက မျှော်လင့် ထားလျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၄၊ ၁၁၊ ၂၀၁၂)


ရည်ညွှန်းကိုးကား။ ။

Acharya, A. (2010) ‘China Southeast Asia: Security Aspects’ in K.Santhanam and Srikanth Kondapalli (eds.), Asian Security and China 2000‐2010, Delhi: Shipra Publication.

Auslin, M. (2010) “Security in the Indo-Pacific Commons: Toward a Regional Strategy”, American Enterprise Institute, December 2010.

ASEAN‐China Dialogue Relations (2012), http://www.aseansec.org/5874.htm

Bacon, L. (2010) “Deep Dive: Self-Inflicted Attack Sub Cuts Cripple America’s Sea Superiority,” Armed Forces Journal, May 2010.

Baker, J.and David G. Wiencek (2002) Cooperative Monitoring in the South China Sea: Satellite Imagery, Confidence-Building Measures, and the Spratly Islands Disputes, Westport, CT: Praeger

Bateman, S. and Ralf Emmers (eds.) Security and International Politics in the South China Sea: Towards a Cooperative Management Regime, New York: Routledge.

Cheng, D. (2011) “Sea Power and the Chinese State: China’s Maritime Ambitions” , Heritage Foundation, July 11, 2011.

Chi K.(1989) China Policy towards Territorial Disputes the case of South China Sea Island, London: Routledge Press.

Djalal, H. (1996) "Territorial Disputes at Sea: Situation, Possibilities, Prognosis," presented at the 10th Asia-Pacific Roundtable, Kuala Lumpur, Malaysia, June 5-8, 1996.

Dutton, P. (2011) “Three Disputes and Three Objectives: China and the South China Sea,”
Naval War College Review, 64 no. 4 , pp. 42-67.

Fravel, M. (2008) Strong Borders, Secure Nation: Cooperation and Conflict in China’s Territorial Disputes, Princeton, NJ: Princeton University Press.

Fravel, M. (2011) “China’s Strategy in the South China Sea,” Contemporary Southeast Asia, no.3, December 2011.

Garver, J. (1992) “China’s Push Through the South China Sea”, The China Quarterly, No. 132, December 1992.

Gomez, J. (2011) “U.S. Vows Second Warship for Philippines,” Navy Times, November 17. http://www.navytimes.com/news/2011/11/ap-us-vows-second-warship-for-philippines-111711/.

Gurtov, M. and Byong-Moo Hwang (1998) China’s Security: The New Roles of the Military, Boulder, CO: Lynne Rienner Publishers.

Hernandez, C. and Cossa, R. (eds.) (1997) Security Implications of Conflict in the South China Sea: Perspectives from Asia-Pacific, Quezon City, Philippines: Institute for Strategic and Development Studies.

Jiangming, S. (2002) “China’s Sovereignty over the South China Sea Islands: a Historical Perspective”, Chinese Journal of International Law, vol.1, issue 1 2002, pp. 94-157.

Jennings, R. (2009) “Taiwan Says China Has 1,500 Missiles Aimed at Island,” Reuters, February 13, 2009.

Ji, Y. (1997) "Security Implications of Conflict in the South China Sea: A Chinese Perspective," in Hernandez and Cossa (eds.) Security Implications of Conflict in the South China Sea: Perspectives from Asia-Pacific, Quezon City, Philippines: Institute for Strategic and Development Studies.

Kaplan, R. (2010) “China’s Caribbean,” The Washington Post, September 26, 2010.

Kaplan, R. (2011) “The South China Sea Is the Future of Conflict,” Foreign Policy (September/October 2011).

Kleine-Ahlbrandt, S. (2011) “Rocky times ahead in South China Sea”, Global Post, 5 July 2011.

Keyuan, Z. (1999) “The Chinese traditional maritime boundary line in the South China Sea and its legal consequences for the resolution of the dispute over the Spratly Islands”, International Journal of Marine Coastal Law, vol. 14, issue 1.

Lampton, D. (2001) “China’s Foreign and National Security Policymaking Process: Is It Changing, and Does It Matter?”, in David M. Lampton (ed.) The Making of Chinese Foreign and Security Policy in the Era of Reform, Stanford University Press.

Li, M. (2010) “Reconciling Assertiveness and Cooperation? China’s Changing Approach to the South China Sea Dispute,” Security Challenges, Winter 2010.

Pedrozo, R. (2009) “Close Encounters at Sea: The USNS Impeccable Incident,” Naval War College Review, 62 no. 3, Summer 2009, pp. 101-111.

Pedrozo, R. (2011) “Beijing’s coastal real estate: a history of Chinese naval aggression”, Foreign Policy, 15 November 2011.

Ruiz, J. (2010) “RP, Vietnam Agree on Spratlys,” Manila Bulletin, October 28, 2010.

Rahman, C. & Martin Tsamenyi (2010) “A Strategic Perspective on Security and Naval Issues in the South China Sea”, Ocean Development & International Law, Special Issue: Issues in the South China Sea, vol. 41, Issue 4, 2010.

Shicun, W. (2009) Origin and development of Spratly disputes, China Economic Publishing House.

Swaine, M. (2011) “China’s Assertive Behavior – Part One: On ‘Core Interests,’” China Leadership Monitor, 34 , Winter 2011.

Swaine, M. and M. Taylor Fravel (2011) “China’s Assertive Behavior – Part Two: The Maritime Periphery,” China Leadership Monitor, 35, Summer 2011.

Secretary of State Hillary Rodham Clinton, “America’s Pacific Century,” Foreign Policy (November,2011).http://www.foreignpolicy.com/articles/2011/10/11/americas_pacific_century.

Springut, M. (2009) ‘Managing China’s Growing Assertiveness in the South China Sea’, World Politics Review, 27 July 2009.

Storey, I. (2012) “China’s bilateral and multilateral diplomacy in the South China Sea”, Cooperation from Strength: United States, China and the South China Sea, Centre for New
America Security, January 2012.

Storey, I. (2011) “China and the Philippines: Implications of the Reed Bank Incident”, China Brief, vol. 11, no. 8, Jamestown Foundation, 6 May 2011.

Thayer, C. (2011) ‘The Tyranny of Geography: Vietnamese Strategies to Constrain China in the South China Sea’, paper presented at the 52nd Annual Convention of International Studies Association, Montreal, Quebec, 16–19 March 2011.

Thayer,C. (2010) ‘Recent Developments in the South China Sea: Grounds for Cautious Optimism?’, working paper no. 220, S. Rajaratnam School of International Studies, 14 December, 2010, http://www.rsis.edu.sg/publications/WorkingPapers/WP220.pdf.

Torode, G. (2010) “Exercises Show PLA Navy’s Strength,” South China Morning Post, April 18, 2010.

U.S. Department of defence (2011) Annual Report to Congress: Military and Security Developments Involving the People’s Republic of China 2011

Valencia, M. (1995) "China and the South China Sea Disputes," Adelphi Paper 298, International Institute for Strategic Studies, October 1995.

Vatikiotis, M.(2003) ‘Catching the Dragon’s Tail: China and Southeast Asia in the 21st Century’, Contemporary Southeast Asia.






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။