အင်္ဂါ, 20 ဒီဇင်ဘာ 2011
KIO နှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့ပြီး
ဖနိဒါ | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၀၅ မိနစ်
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သမိုင်းကြောင်းကောင်းသူများကိုသာဦးဆောင်စေသင့်
| လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပုံများနှင့် ၂၀၁၂ ပြက္ခဒိန် 0 Comments - 18 Dec 2011 |
Chilli ငရုတ်သီး အရသာ

သမီး အစ်ကို ဘာရောဂါဖြစ်နေမှန်းမသိလို့။ သူက အရင်တုန်းကတော့ ကွမ်းစားတယ်။ မစားတာ နှစ်လလောက်တော့ ရှိပါပြီရှင့်။ သူအခု အစပ်စားလို့ မရတဲ့ ရောဂါ ဖြစ်နေပါတယ်ရှင့်။ အရောင်တင်လေး နည်းနည်းလေးပါရင်ကို လျှာကော လည်ချောင်းကော အာခေါင်ကော စပ်နေပါတယ်။ လျှာကွဲတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်ရှင့်။ နည်းနည်းလေး စားမိရင် ချွေးသီးချွေးပေါက်တွေ ကျလာပါတယ်။ မခံမရပ်နိုင်အောင် စပ်တယ်ပြောလို့ အစပ်မစားပဲ နေနေရပါတယ်။ ဘာဖြစ်မှန်းလည်း မသိပါဘူးရှင့်။ သူ့အသက်က ၂၅ နှစ်ပါ။ အာခေါင်-ကင်ဆာ ဖြစ်နိုင်မလားရှင့်။ ရောဂါရယ်၊ သောက်ရမဲ့ဆေးရယ် သိချင်ပါတယ်ရှင့်။
Oral cancer ခံတွင်း-ကင်ဆာရဲ့ လက္ခဏာတွေက ပါးစပ် နဲ့ နှုတ်ခမ်းမှာ အဖြူ-အနီ-(အဖြူ+အနီ) ကွက် ပေါ်မယ်၊ အဖြူကွက်ကနေ ကင်ဆာဖြစ်စေတာ များတယ်။ အနီကွက်က ကင်ဆာ မဟုတ်တာ ဖြစ်ဘို့ များတယ်။ နှုတ်ခမ်းနဲ့ ပါးစပ်မှာ အနာပေါက်မယ်။ အနာက တော်တော်နဲ့ မပျောက်ဘူး။ ပါးစပ်ကနေ သွေးထွက်မယ်။ သွားနဲ့မယ်။ မျိုချတဲ့အခါ နာမယ်။ အမျိုရခက်မယ်။ သွားအတုတပ်ရသူဆိုရင် အရင်လိုတပ်ရတာ အဆင်မပြေဖြစ်လာမယ်။ လည်ပင်းမှာ အကျိတ်ပေါ်မယ်။ နားကိုက်မယ်။ ဒါတွေ မရှိရင် ဒီနေရာ ကင်ဆာ အတွက် ပူပင်စရာမလိုပါ။
မြန်မာတွေက ချို-ချဉ်-စပ်-ငန်-ဖန်-ခါး အရသာ ခြောက်ပါးလို့ သိကြတယ်။ မြန်မာတိုင်းရင်းဆေးမှာလဲ အဲလိုပါတယ်။ ဆရာဝန်တွေ သင်ရတဲ့ ဆေးပညာမှာတော့ လျှာကနေ ခံစားတဲ့အရသာဟာ Sweet အချို၊ Salty အငန်၊ Sour အချဉ်၊ နဲ့ Bitter အခါး၊ လေးပါးထဲ ရှိတယ်။
အရသာကို သိစေတာက လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အရသာသိ-အဖုကလေးတွေကြောင့် ဖြစ်တယ်။ လူတိုင်းမှာ Taste buds တသောင်း ရှိတယ်။ လူတွေရဲ့ Five senses အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ Hearing အကြား၊ Sight အမြင်၊ Touch အထိအတွေ့၊ Smell အနံ့ နဲ့ Taste အရာသာ ဆိုတဲ့ထဲမှာ အရသာက အားအနည်းဆုံး ဖြစ်တယ်။ အရသာ မရဖြစ်ရတာက ဆေးဝါး သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဗီတာမင် ချို့ယွင်းတာ၊ ဦးခေါင်းကို ထိခိုက်မိတာ၊ ဦးနှောက်-အကျိတ်၊ ဓါတ်ကင် ခံရတာတွေကနေ ဖြစ်စေနိုင်တယ်။ ကွမ်းစားတာကို ဆေးစာထဲ ထည့်မရေးသေးဘူး။ သူတို့ဆီမှာ မရှိလို့ဖြစ်မယ်။ ကွမ်းစားတဲ့လူ အရသူယူတာ တမျိုးဖြစ်တယ်။ ချဉ်တာ မကြိုက်ဘူး။ တော်တော့ စပ်တာကို မမှုဘူး။
အစာတခုခုကို ပါးစပ်ထဲထည့်လိုက်ရင် သွားရည်နဲ့ အစာ ရောထွေးပြီး ကြေချက်ပေးမယ်။ အဲလိုလုပ်နေရင်း လျှာမှာရှိတဲ့ Tastes buds အရသာခံတဲ့ အဖုကလေးတွေနဲ့ ထိတွေ့မယ်။ ဒီ အဖုလေးတွေမှာရှိတဲ့ Receptor cells အာရုံခံ (ဆဲလ်) တွေကို သတင်း အချက်အလက် ပို့ပေးလိမ့်မယ်။ Sensory nerves အာရုံကြောတွေကတဆင့် ဦးနှောက်ကို ရောက်စေတယ်။ ဦးနှောက်ကနေ ဘယ်လိုအရသာ ရှိတယ် ဆိုတာ ပြောလိမ့်မယ်။
အငန် နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရသာသိတာ ပိုများတယ်။ တယောက်ထဲလဲ အသက်ပြောင်းရင် ပြောင်းတတ်တယ်။ သိပ်ငယ်တုံးမှာ အရသာသိစေတဲ့ Taste buds တွေဟာ လျှာတခုထဲကနေ မဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲ ရှိတယ်။ ဒါ့ကြောင့် ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။
အရှေ့တောင်အာရှ၊ တောင်အာရှ နဲ့ တောင်အမေရိကားက လူတွေ အလွန်ခံတွင်းတွေ့လှတဲ့ အစပ်အရသာဟာ အမေရိကာ၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ လုံးဝမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာ ခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာလား။
Chilli ငရုတ်သီးထဲမှာ ပါတဲ့ Capsaicinoids ဆိုတာက ပါးစပ်ကို ဖုံးနေတဲ့ အလွှာမှာရှိတဲ့ Receptor တွေကို သက်ရောက်စေတယ်။ ဒီလို ဖြစ်တာဟာ Heat ပူလို့ရတဲ့ Pain နာကျင်မှုနဲ့အတူတူ ဖြစ်တယ်။ Burning feeling ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့ အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ Taste buds တွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာ နဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူလောင်တာကို ခံစားတဲ့ အထူး အဖုတွေ မရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကို သိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ ထင်တော့ ဦးနှောက်ကလဲ ပူတယ် ဖြစ်သွားရော။
ကြွက်တွေကို စမ်းသပ်လို့သိရတာက Spicey-hot ဆိုတာ Temperature-hot ဆိုတာနဲ့ မျိုးဗီဇ တူတာကို သိရတယ်။ ကြက်တူရွေးကို ငရုတ်သီး ကြွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြတာတင် မကဘူး။ ငရုတ်သီး ထိတဲ့နေရာမှန်သမျှကို ပူစေတယ်။ Burn အပူလောင်တယ်လို့ အင်္ဂလိပ်လို သုံးတယ်။ ငရုတ်သီး အမျိုးမျိုးစားလို့ ချွေးထွက်တဲ့နေရာ မတူတာကို ကိုယ်ပိုင် သုတေသနအရ သိရတယ်။ ရွှေလံဘို-ငရုတ်က ဂုတ်မှာ ချွေးထွက်တယ်။

Chilli ငရုတ်သီး၊ Ginger ချင်း (ဂျင်း)၊ Pepper ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ Spicy food ပူစပ်တာတွေထဲမှာ Capsaicin ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ Vanilloid receptor (VR1 receptors) အာရုံခံတွေနဲ့ သွားပေါင်းမယ်။ Sensory neuron အာရုံခံ (နူရုန်) ဟာ Depolarized ပြောင်းလဲသွားပြီး Spicy stimuli ဆိုတဲ့ အာရုံခံသတင်းကို ပို့ပေးတယ်။
ထူးဆန်းတာက VR1 receptors အာရုံခံတွေဟာ Capsaicin ကို မသိဘူး။ ဒါ့ကြောင့် အမှတ်တမဲ့ သွားပေါင်းမိတယ်။ VR1 receptors တွေရဲ့ တကယ့်တာဝန်ဟာ Thermo-reception ပူတာကိုသာ သိတယ်။ အပူက ကိုယ့်မလောင်အောင် အသိပေးတဲ့ တာဝန်ကို ထမ်းရတယ်။ VR1 receptors တွေဟာ ပါးစပ်၊ လျှာ နဲ့ အရေပြားတွေမှာ ရှိနေကြတယ်။ မျက်စိကို ထိလဲ ပူလောင် နာကျင်စေလို့ မိန်းကလေးတွေ Self-defense product ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ဆောင်ထားတဲ့ လက်နက်တခုဟာ Pepper spray ငရုတ်ကောင်း-ပန်းဆေး ဖြစ်ပါတယ်။ Mace Pepper Gun ဆိုတာ ဒေါ်လာ ၉၀ လောက်ပေးရတယ်။ ၂၅ ပေအထိရောက်တယ်။
ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။
- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။
- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုည ယူနစ်သာ ရှိတယ်။
- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅ဝဝ-၈ဝဝဝ ယူနစ် ရှိတယ်။
- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃ဝဝဝဝ-၅ဝဝဝဝ ယူနစ် ရှိတယ်။
- Red Savina Habanero ငရုတ်မျိုးက ၃၅ဝဝဝဝ-၅၇၇ဝဝဝ ယူနစ် ရှိတယ်။
အစပ်ကို ဘာလို့ ကြိုက်ကြသလဲ။ ကိုယ့်အတွက်ကောင်းလို့ ဖြေကြသူတွေ ရှိတယ်။ Capsaicin ငရုတ်မှာ ဆေးစွမ်းတွေ ရှိတယ်။
- Anti fungal မှိုပိုးကိုနိုင်တယ်။ Anti-microbial ပိုးတွေကိုနိုင်တယ်။
- Pain reliever for arthritis အဆစ်နာတာအတွက် .05% Capsaicin cream (ခရင်မ်) သုံးတယ်။
- Adlea ထိုးဆေးထဲမှာ ပါတယ်။ ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် တာရှည် အနာသက်သာဆေး ဖြစ်တယ်။
- Prostate cancer cells ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။
- Lower blood pressure သွေးဖိအား ကျစေတယ်။
- Salivation သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်း ရှိတဲ့ အစာနဲ့ တွဲစားလို့ ကောင်းတယ်။
- တခြား ခံစားနေရတာကို လွှမ်းမိုးစေတယ်။
- Capsaicin topical ointments နဲ့ High-dose dermal patch (Qutenza) တွေက Peripheral neuropathy ရောဂါကြောင့် နာတာကို သက်သာစေတဲ့ဆေး ဖြစ်တယ်။
- 0.025% - 0.075% ကို သာမန်ကိုက်ခဲတာ၊ Arthritis အဆစ်နာရောဂါ၊ Backache ခါးနာတာ၊ Strains and Sprains ဟိုနာ-ဒီနာတာတွေ အတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိပ် သုံးပြီး လိမ်းပေးရတယ်။
- Capsaicin creams ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သောစေအောင် သုံးနိုင်တယ်။
- ငရုတ်သီး စားရင် (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်က အပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။
ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကို ရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ် ထင်တယ်။ Capsaicin ဟာ Fat soluble အဆီမှာ ပျော်ဝင်လို့ ပူစပ်တာ ပြေစေအောင် ရေနဲ့ မရဘူး။ ရေးအေး ဆိုရင်တော့ အေးတာကို သိနေတုံးမှာ စိတ်ပြောင်းပြီး ခဏသက်သာစေမယ်။ Cold milk နွားနို့အေးအေး နဲ့ Cold sugar water သကြားရည်အေးကလဲ သက်သာစေမယ်။
Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁
ရင်ထဲထိ ရိုက်ခပ်သွားတဲ့ လွမ်း - - - - စိမ့်
| ဒီခေတ်လက်ရှိအခြေအနေကို သေသေချာချာရောင်ပြန်ဟပ်စေတဲ့ ဆရာကြီးဦးဖေသိန်းရဲ့ကာတွန်းရုပ်ပြောင် 1 Comments - 17 Dec 2011 |
လွမ်းစိမ့် ဆိုတဲ့.....
ရေးဖွဲ့ထားတဲ့လွန်ခဲ့သော သုံးနှစ်ကတည်းက ဗီဒီယိုဆင်ဆာအဖွဲ့ က တကားလုံး အပိတ်ခံခဲ့ရတဲ့ ဗီဒီယို ဇာတ်ကား တကား...
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အိပ်မက်တခု
... မြန်မာပြည်သူထောင်ပေါင်းများစွာ
ရဲ့ ဘ၀ပေါင်းများစွာရင်းနှီးခဲ့တဲ့ . . .
မပြီးဆုံးသေးတဲ့. . .
ဒါမှမဟုတ် လွယ်လွယ်နဲ့ ပြီးဆုံးပစ်လို့မရတဲ့ . . .
ကျနော်တို့အားလုံး. .ရဲ့ . . ၈၈ . .။
အဝေးကိုလွင့်ပျံထွက်ခဲ့တဲ့ ခွပ်ဒေါင်း နဲ့အတူ. .
လွမ်း . . . . စိမ့်. . . . .
လွမ်းစိမ့် ဟာ . . . .
နှစ် ၅၀ ကျော်ကြာ ဖိနှိပ်ခံထားခဲ့ရတဲ့ အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့ မြန်မာ့စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာတွေထဲက ရုန်းကြွတော်လှန်လာတဲ့. .အနုပညာတော်လှန်မှု တခုဖြစ်ပါတယ်.
တခါတုန်းက တက်ခဲ့ဖူးတဲ့ RC 2 လို့ခေါ်တဲ့ ရန်ကုန်ဒေသကောလိပ် အမှတ် ၂ (ရန်ကုန်တက္ကသိုလ်-လှိုင်နယ်မြေ)၊RASU လို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) တွေမှာလှုပ်ရှားခဲ့ဖူးတဲ့ကျောင်းသားလှုပ်ရှားမှုတွေ၊
ရန်ကုန်တက္ကသိုလ်နှစ်လည်ပန်းချီပြပွဲတွေ၊တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွေ၊တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနဲ့အစားအစာရောင်းချပွဲတွေ၊ကန့်ကော်ရွာပန်းချီပြပွဲတွေ၊ တက္ကသိုလ်အနုပညာအသင်း ပန်းချီခန်းမ၊ အီကို Canteen က အမေကြည်နဲ့ သား ...အော်စကာတို့ရဲ့အအေးဆိုင်၊ဦးယမ်းဘီလူးအအေးဆိုင်၊ ဒေါ်ချိုဆီချက်ခေါက်ဆွဲ၊ ကိုအောင်ရင်လ္ဘက်ရည်ဆိုင်၊ ဂျပ်ဆင်Canteen၊ တောင်ငူဆောင်Canteen၊ ဦးချစ်လ္ဘက်ရည်ဆိုင်၊RIT က သူငယ်ချင်းတွေရဲ့ ကာတွန်း Box...၊ ကျောင်းမှာဆုံခဲ့ကြတဲ့ မြန်မာပြည်တလွှားက တိုင်းရင်းသားသူငယ်ချင်းတွေ.....
တယောက်နဲ့တယောက် မတူတဲ့ ဘဝတွေ၊ အခြေအနေတွေကို ဝေဖန်သုံးသပ် ငြင်းခုံခဲ့ကြတာတွေ.......
ခုတော့တချို့ကဟိုးအဝေးမှာ...၊တချို့ကဘဝတွေ၊သွေးတွေ၊အသက်တွေပေးဆပ်သွားခဲ့ကြတဲ့..သူငယ်ချင်းတွေ၊တချို့ကလေးဘက်နံရံတွေကြားမှာ...အမှောင်တိုက်ထဲမှာ...သူတို့ဘဝတွေပေးဆပ်တိုက်ပွဲဝင်နေကြဆဲ...အဲဒီ သမိုင်းကြောင်းတွေကို မေ့ဖျောက်လို့မရအောင် ...မှတ်မိနေအောင် မီးမောင်းထိုးပြလိုက်တဲ့ ကိုချိုတူးဇော်ရဲ့ ...."လွမ်းစိမ့်"..ဟာ...
ရင်ကိုတည့်တည့် လာထိတဲ့ တက္ကသိုလ်ကျောင်းသားဘဝသမိုင်းမြှားတစင်းပါပဲ......
(မင်းကျော်ခိုင်)
“ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း”
“ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း” ထူထောင်မည်
2011-12-17
သတင်းစာဆရာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ လွတ်မြောက် လာပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကူညီဖို့ “ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း” ကို ပြည်တွင်း သတင်းစာဆရာတွေ ကမကထပြုပြီး ထူထောင်မယ်လို့ သိရပါတယ်။RFA
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ရုံးအတွင်း ချိတ်ဆွဲထားသော ပုံ ဖြစ်ပါသည်။
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ နာယကတွေအဖြစ် စာရေးဆရာကြီး ဒဂုန်တာရာ၊ သခင်သိန်းမောင် (ဝါးခယ်မ)နဲ့ ကြေးမုံဦးသော် တို့က ဆောင်ရွက်မယ်လို့ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်တဲ့ စာရေးဆရာ မောင်ဝံသက ပြောပါတယ်။
အဲဒီ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဖြစ်မြောက်ရေးကော်မတီမှာ ပါဝင်တဲ့ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူက ဖောင်ဒေးရှင်းထောင်ဖို့ စီစဉ်လိုက်တဲ့အခါ ပြည်တွင်း ပြည်ပက အလှူရှင်များ ပေါ်လာကြောင်း အာရ်အက်ဖ်အေကို ပြောပါတယ်။
“နံပါတ်တစ်ကတော့ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုများပေါ့။ နောက်တခု ဦးဝင်းတင် ပြောတာတော့ စာပေ၊ ရုပ်ရှင်နဲ့ စာနယ်ဇင်းနယ်က ဆင်းရဲနွမ်းပါးတဲ့ ပုဂ္ဂိုလ်တွေကို ထောက်ပံ့ကူညီဖို့ပေါ့။ ဦးဝင်းတင်ကတော့ တပြားမှ ရှိတာမဟုတ်ဘူး၊ ကိုဝံသက အဲဒီလို ဖောင်ဒေးရှင်းတခု ထောင်မယ်ဆိုပြီး လုပ်လိုက်တော့ နိုင်ငံခြားက စပြီး လှူတန်းမယ့်ပုဂ္ဂိုလ်တွေ ပေါ်လာတာပေါ့ဗျာ။ ပြည်တွင်းကလည်း ပေါ်တာပေါ့”
သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို ပြန်လည် လှူဒါန်းနေတဲ့အတွက် အခုလို ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ် ပိုကျမယ်လို့ စာရေးဆရာ မောင်ဝံသက ပြောပါတယ်။
ဆရာကြီး ဦးဝင်းတင်ဟာ ယုံကြည်ချက်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကြောင့် ထောင်ဒဏ် အနှစ် ၂ဝ နီးပါး ကျခံခဲ့ရပြီး ၂ဝဝ၈ ခုမှာ လွတ်မြောက်ခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း
နာယကများ
၁။ ဒဂုန်တာရာ
၂. သခင်သိန်းမောင် (၀ါးခယ်မ)
၃။ ကြေးမုံဦးသော်
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ (ယာယီ) အဖွဲ့ဝင်များ
၎။ ဦးအုန်းထွန်း ၀၁ ၅၇၈၀၂၇
၅။ ဦးမောင်မောင်ခင် ၀၁ ၆၄၆၂၄၄
၆။ မောင်မိုးသူ ၀၁ ၃၇၆၄၃၅
၇။ ဦးသာဘန်း ၀၁ ၅၀၃၉၆၄
၈။ မောင်ဝံသ ၀၉၅၀၄၀၉၉၄
၉။ ဦးအံ့မောင် ၀၁ ၅၆၃၁၀၆
၁၀။ ဦးကိုကိုကြီး ၀၉၅၁၆၂၄၃၇
၁၁။ ဦးအုန်းကြိုင် ၀၉၄၃၀၂၇၃၇၆
၁၂။ ဦးသိန်းတန် ၀၁၂၂၄၃၂၈
၁၃။ ဦးအုန်းမောင် ၀၁ ၆၆၄၅၁၅
၁၄။ ဦးငြိမ်းချမ်း (ညီပုလေး) ၀၂ - ၃၉၇၁၇ / ၆၀၁၃၆
၁၅။ ဖျာပုံနီလုံဦး ၀၁ ၇၂၆၉၆၃
၁၆။ ဦးကျော်အောင် ၀၉၅၀၂၆၄၅၀
၁၇။ ဦးစိန်ရွှေ ၀၉၅၁၄၈၃၄၂
၁၈။ ဦးရဲထွဋ် ၀၉၅၀၇၈၁၉၃
၁၉။ ဦးစိုးမြင့် ၀၉၇၃၀၃၈၀၉၅
၂၀။ ဦးမျိုးမြင့်ညိမ်း ၀၉၅၀၀၉၉၂၅
၂၁။ ဦးမောင်မောင်နိုင် ၀၉၅၁၂၈၈၈၆ / ၀၉၇၃၁၂၈၈၈၆
၂၂။ ဦးမြတ်ဆွေ ၀၉၅၁၄၈၃၄၂
၂၃။ ညောင်ဦးဖိုးချို ၀၁ ၅၄၅၃၂၃
၂၄။ ဦးချစ်စံ (ဟံသာဝတီ) ၀၁ ၅၄၅၃၉၀
၂၅။ ကိုဖုန်း ၀၉၄၃၁၃၁၉၆၆
၂၆။ ဦးမိုးဝင်း ၀၁ ၂၀၉၀၁၇
၂၇။ မဒုံ ။
၂၈။ ဦးဆန်နီ ၀၉၅၀၁၅၁၈၅
၂၉။ ကိုဇော်မျိုးအောင် ၀၉၅၀၅၃၃၅၅
၃၀။ ကိုပေါက် ၀၁ ၅၇၈၀၂၇
၃၁။ ဦးမြင့်လွင် (စိုးအုပ်) ၀၁ ၂၄၂၅၃၁
၃၂။ ကိုဦးဆွေ ၀၉၇၃၀၄၃၂၁၅
မိတ်ဆွေများထံမှ အကြံပေးဆွေးနွေးမှုများကို ကြိုဆိုပါတယ်။
မောင်ဝံသ
maungwuntha@gmail.com

နိုင်ငံတော် သံဃာမဟာနာယက အလိုမရှိ အလိုမရှိ
နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားများ စတင်မည်
by FNG on December 16, 2011
တစ်နိုင်ငံလုံး က သံဃာများ မကြာခင် စတင်တော့ မည်
IMAGINE - John Lennon
ခံစားကြည့်စမ်း
ခံစားကြည့်စမ်း ဟောဒီမှာ နိဗာန်ဆိုတာ မရှိခဲ့ရင် - -
ခံစားကြည့်ပါ လွယ်ပါတယ် ဒို ရဲ့အောက်မှာလဲ ငရဲ ဘုံဆိုတာမရှိစေရဘူးပေါ့
ဒို့ တတွေရဲ့ အပေါ်မှာ ကောင်းကင်ပြာကြီးဘဲ ရှိရမယ် - -
ခံစားကြည့်စမ်း ဒို့ အားလုံးပေါ့ - အဲလို ခံစားပြီး ဒီကနေ့ နေကြည့်ပါလား ? -
ဟောဒီမှာ တိုင်းပြည်နယ်နမိတ်ဆိုတာ မရှိစေနဲ့ - -
ဒီလိုဖြစ်ဖို့ သိပ်မခက်ပါဘူးနော် - -
တယောက်နဲ့ တယောက်လဲ သတ်ဖြတ်ဖို့  မလိုဘူး -
ဘာသာ အယူအဆဆိုတာတွေလဲ မရှိစေနဲ့ - -
ခံစားကြည့်စမ်း ဒို့ အားလုံးပေါ့ - -
အဲလို ခံစားပြီး ဒီကနေ့ နေကြည့်ပါလား ? - -
ကြည့်စမ်း - ငြိမ်းချမ်းပြီး နေရမယ်ဟုတ် - -
မင်းကတော့ ငါ့ကို စိတ်ကူးယဉ်သမားလို့  ထင်မှာဘဲ -
အဲဒါ ငါတယောက်ထဲ မဟုတ်ဘူး - -
သေခြာပါတယ် မင်းလဲ တနေ့  ငါ့လို ခံစားတတ်လာမှာပါ -
အဲဒီအချိန်မှာ ဟောဒီလောကကြီးက တခုထဲဖြစ်သွားလိမ့်မယ် -
ခံစားကြည့် - ပိုင်ဆိုင်မှုဆိုတာတွေ မရှိ စေနဲ့ -
ဒီလိုသာမင်းလုပ်နိုင်ရင် ငါသိပ်အံသြောမှာဘဲ -
လောဘ မောဟ ဆိုတာတွေ ဟာ မလိုအပ်ပါဘူး -
ဒို့ အားလုံး မိသားစုတွေပါ - လူတိုင်း အဲလို ခံစားကြစမ်း -
ကဲ ဒို့ အတွေ လောကသစ်ထဲမှာ အတူနေကြစို့  -
မင်းကတော့ ငါ့ကို စိတ်ကူးယဉ်သမားလို့  ထင်မှာဘဲ -
သူ့ အမြင် နဲ့  သူ့ အထင်
ကျနော့် အထင်- ကျနော့် အမြင် သုံးသပ်ထားတဲ့ နိုင်ငံရေးရှုထောင့်သည် မှန်ချင်လည်းမှန်မည်- မှားချင်လည်း မှားနိုင်သည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ လွှမ်းမိုးအုပ်ချုပ်လာခြင်းကြော င့်....စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ဖြိုဖျက်ရန်အတွက် အကြမ်းမဖက်သည့် နှလုံးရည်တိုက်ပွဲနှင့် အကြမ်းဖက်သည့် လက်နက်ကိုင်လမ်းစဉ်ပေါ်ပေါက်လာခဲ့ ရသည်..။
လက်ရှိ- နိုင်ငံရေးအကျဉ်းသားတွေအားလုံး သည် လက်နက်ကိုင်သည်ဖြစ်စေ- လက်နက်မကိုင်သည်ဖြစ်စေ၊ အကြမ်းဖက်သည်ဖြစ်စေ- အကြမ်းမဖက်သည်ဖြစ်စေ နိုင်ငံ တော်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို နှောက်ယှက်ဖျက်ဆီးမယ့်သူတွေမဟု တ်ဘူး
ဆိုတာ....ယ္ခင်- အာဏာရှင် ခေတ်အဆက်ဆက် စစ်အစိုးရတွေလည်းသိကြသလို...ယ္ခု -လက်ရှိ- အစိုးရလည်း ကောင်းကောင်းသိရှိပါသည်၊ လွယ်လွယ်ပြောရင် လူတိုင်းသိပါသည်။ အာဏာရှင်တွေဟာ သူတို့စိတ်ထဲတွင် စွဲထင်နေတာက အရပ်သားအစိုးရထဲအဏာရောက်ရှိသွားရင်...အရင်က သူတို့တတွေလုပ်ခဲ့ကြတဲ့ အမှားပေါင်းများစွာတို့ကို ခံခဲ့ကြရတဲ့ သူတွေဖက်ကလမ်းပေါ်တက်
ဆန္ဒပြတောင်းဆိုမှုတွေလုပ်ပြီး ရုံးတင်တရားစွဲဆိုကာ အပြစ်ပေးအရေးယူခံရမှာကို အာဏာရှင်တွေ စိုးရိမ်ထိပ်လှန့်ကြောက်ရွံ့နေခြင်းကြောင့် အာဏာလွှဲမပြောင်းပေးပဲ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားခြင်ဖြစ်တယ်လို့ ကျနော်အနေနဲ့ ထင်မြင်ယူဆမိပါသည်။ အာဏာရှင်တွေသည် တပါးသူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်၊ ဖမ်းးဆီးနှိပ့်စက်ရဲတဲ့ သတ္တိရှိသော်
ငြားလည်း...ကိုယ်ခံရမည်ဆိုသော် သွေးပျက်မတတ်အောင်ထိပ့်လန့်ကြော က်ရွံ့တတ်ကြပါသည်။
လက်ရှိ- ဦးသိန်းစိန်အစိုးရတက်လာချိန်တွ င် ဗိုလ်ချုပ်တစ်ဦးက NLD ကို အာဏာလွှဲပြောင်းပေးခဲ့ရင်...သူတို့တတွေကို NLD က
တရားစွဲဆိုခြင်းပြုလုပ်မှာဖြစ် လို့ အာဏာမလွှဲပြောင်းပေးခဲ့တာလို့... မီဒီယာကတဆင့် ပြောဆိုဘူးပါတယ်။ ဒါကို- NLD က ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဟုတ်မမှန်ကြောင်း မီဒီယာကနေတဆင့် ပြန်လည်ပြောကြားဘူးပါတယ်။ ကဲ...ဒါတွေထားလိုက်ပါ..။
လက်ရှိ- အစိုးရကော- ယ္ခင်- အစိုးရတွေပါ အကြောက်ဆုံးကတော့ ပြည်သူတွေနဲ့ နိုင်ငံရေးလှုပ်ရှားနေသူတွေကိုပါပဲ၊ ဒီလူတွေဟာ သူတို့ရဲ့ အကြောက်ရဆုံးရန်သူတွေဆိုတာ သူတို့ကောင်းကောင်းကြီးသိပါတယ်. .။ ဒီလူတွေဟာ သူတို့ကိုဖြုတ်ချနိုင်ပြီး၊
သူတို့ကို ခုံရုံးတင်တရားစွဲဆို အပြစ်ပေးအရေးယူမှုတွေပြုလုပ်လာနိုင်မယ့်သူတွေဆိုတာ သူတို့တတွေ ကျိန်းသေ သိထားကြပါတယ်၊ ဒါတွေဟာ တချိန်က ဟုတ်ကောင်း- ဟုတ်နိုင်ပါသည်၊။ ယနေ့- မြန်မာနိုင်ငံရေးအခင်းအကျင်းသည် အရင်က နိုင်ငံရေး အခင်းအကျင်းနဲ့ မတူတော့ပါ..။ ယနေ့- မြန်မာနိုင်ငံရေးအခင်းအကျင်းသည် ပြီးခဲ့သည့် အမှားများကို ပြန်လည်ကလှည့်စားချေလိုပြီး အမုန်းတရားတွေထပ်ဆင့်တိုးပွါးလိုသော နိုင်ငံရေးအခင်းအကျင်းလည်း မဟုတ်တော့ပါ..။ ပြီးခဲ့သည်များကို သင်ခန်းစာရယူပြီး အမုန်းမပွါးသော
သင်ပုန်းချေရေးဆိုသည့် လမ်းကြောင်းပေါ်သို့ ဦးတည်နေပြီးဆိုလျှင်...မှားမည် မထင်။ သည်နေရာတွင် သင်ပုန်းချေရေးလမ်းကြောင်းသို့ခေါင်းဆောင်များက ခရီးဆက်ကြမည်ဆိုလျှင်....စစ်မှ န်သောပြည်တွင်းငြိမ်းချမ်းရေးကို အချိန်ကာလတခုသတ်မှတ်ပြီး အချိန်မဆွဲပဲ အမြန်ဆုံးအကောင်အထည်ဖော်ကြိုး ပမ်းရန်လိုသလို....လက်နက်ကိုင် သည်ဖြစ်စေ- မကိုင်သည်ဖြစ်စေ အပစ်မဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးချွတ်ယွင်းချက်မရှိ လွတ်ပေးရပါလိမ့်မည်။ ဒီနေရာမှာ စစ်မှန်သောပြည်တွင်းငြိမ်းချမ်း ရေးကို ၃ ပွင့်ဆိုင်ဆွေးနွေးကြလျှင်....မည်သူ ကိုမှ အပစ်မပြောခြင်း ခေါင်းစဉ်အောက်မှာ ဆွေးနွေးရန်လိုသည်။ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို
အချိန်အကန့်အသတ်မရှိဆွေးနွေြး ခင်းကို ပြည်သူတွေအနေနဲ့ လက်ခံမည်မဟုတ်။ အရေးကြီးသည့် မည်သည့်တွေ့ဆုံဆွေးနွေးရေးမျိုး
မဆို အချိန်အကန့်သတ်ထားရှိရန်လိုအပ် သည်။ တွေ့ဆုံဆွေးနွေးကြသည့်အခါ နှစ်ဖက်ခေါင်းဆောင်များမှ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့ တူညီတဲ့စေတနာမှန်ရှိဖို့လည်း သည်နေရာမှာအရေးကြီးပါသည်။
ယနေ့ဆိုလျှင်....နိုင်ငံရေး- စစ်ရေးပဋိပက္ခတွေဟာ ရေရှည်လာသည်နှင့်အမျှ....ရေရှည် နိုင်ငံရေး-စစ်ရေးပဋိပက္ခတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက်ဘာအကျိုးမှမရှိဘူးဆိုတာ နှစ်ဦး-နှစ်ဖက်ခေါင်းဆောင်များ က ပိုမိုသိရှိလာကြပြီဖြစ်သည်။ အဆုံးမရှိသော စစ်ပွဲ- ဖြေရှင်း၍မရနိုင်သည့် နိုင်ငံရေးပဋိပက္ခ ဟူသည်မရှိ..။ အခုဆိုလျှင်- သူ့ကိုလည်း ကိုကအပြုတ်မတိုက်နိုင်သလို.... ကိုယ့်ကိုလည်း
သူ-အပြုတ်မတိုက်နိုင်တော့ဘူးဆို တာ ရေရှည်- စစ်ရေးပဋိပက္ခနဲ့ ရေရှည်- နိုင်ငံရေးပဋိပက္ခက စကားဆိုနေတာကြာနေပါပြီ။ဒါကြောင့်...ယနေ့ မြန်မာနိုင်ငံရေးအခင်းအကျဉ်းတွေ ဟာလည်း ပြောင်းလဲလို့လာပါပြီ၊ တွေ့ဆုံဆွေနွေးခြင်းနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးစားပွဲ
ဝိုင်းပေါ်တွင် ဖြေရှင်းကြဖို့ကိုသာ နိုင်ငံရေးခေါင်းဆာင်များနှင့် လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များက စိုင်းပြင်းနေကြပါပြီး၊ဒါဟာ- နိုင်ငံရေးအရဖြစ်ပေါ်နေသည့်ပြဿနာ များကို နိုင်ငံရေးစာပွဲဝိုင်းတွင် ဖြေရှင်းရန်...မီးမောင်ထိုးပြေ နခြင်းဖြစ်သည်..။
ဒီနေရာမှာ လက်ရှိ- အစိုးရအနေနှင့် ယုံယုံကြည်ကြည်နဲ့ နိုင်ငံရေးစာပွဲဝိုင်းကို တက်လှမ်းဖို့အရေးကြီးပါတယ်။ လက်ရှိ- အစိုးရမှ နိုင်ငံရေး
စားပွဲဝိုင်းကို ယုံယုံကြည်ကြည်နဲ့ တက်လှမ်းနိုင်ဖို့အတွက်...ကျနော်တို့ဘက်က အာမခံချက်တွေ ပေးနိုင်ရပါ့မယ်။ ဥပမာ။ ။ သူတို့ဘဝ လုံခြုံမှုရှိဖို့အတွက် ဖြစ်ပျက်ခဲ့သည်အားလုံးကို သင်ပုန်းချေပြီး အပြစ်ပေးအရေးယူဆောင်ရွက်မှု မလုပ်ဘူးဆိုတဲ့ အာမခံချက်တွေ
ပေးနိုင်ရမယ်၊။ သင်ပုန်းချေ- မချေ ဖို့အတွက် ဒီနေရာမှာ ကျနော်တို့တတွေ တခုပြုလုပ်ရမှာက မှတ်ပုံတင်နံပါတ်နဲ့ အတူ လက်မှတ်တွေရေးထိုးထားတဲ့ လူထုစစ်တမ်းတွေကို တစ်နိုင်ငံလုံးအတိုင်းတာအရ ကောက်ခံရပါလိမ့်မယ်၊ အဓိကကတော့- ၁၉၆၂ ခုနှစ်ကစပြီးကျဆုံးသွားသူတွေရဲ့ မိသားစုအသိုင်းဝိုင်း၊ ထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ နိုင်ငံရေးအကျဉ်သားတွေနဲ့ လွတ်မြောက်လာကြပြီးဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး-ခေါင်းဆောင်တွေနဲ့ စစ်ရေး လူမျိုးစုခေါင်းဆောင်တွေရဲ့ သဘောထားအမှန်တွေကို စစ်တမ်းအရင်ကောက်ခံပြီး၊ ၎င်း-တို့ရဲ့ အမြင်သဘောထားတွေကို လူထုကိုချပြပြီမှသာ...နောက်တဆင့်  လူထုစစ်တမ်းအမှန်တွေကို တိတိ
ကျကျကောက်ခံဖို့ လိုပါလိမ့်မယ်၊။
ဘာကြောင့်- ဒီလိုစစ်တမ်းတွေကောက်ခံရသလဲဆို ရင် ကမ္ဘာမှာ အာဏာရှင်တွေ ဘယ်လိုဇတ်သိမ်းပြီး၊ ဘယ်လို- မရှုမလှနဲ့ နိဂုံးချုပ်သွားသလဲဆိုတာ အာဏာရှင်တွေဖြစ်ခဲ့ကြတဲ့ သူတို့တတွေ ကောင်းကောင်းကြီးသိထားကြလို့ပါ ပဲ..။ ဒါကြောင့် ၁၉၉၃ ခုနှစ်
အမျိုးသားညီလာခံမှာ စစ်တပ်ဟာ အနာဂတ်မြန်မာနိုင်ငံရေးမှာ ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်နေမယ်ဆိုတာ အတိအလင်းပြောဆိုထားပြီး....ကနေ့- စစ်ဗိုလ် တစ်မတ်သားပါတဲ့ နာဂစ်ဖွဲ့စည်းပုံ အခုလိုပေါ်ပေါက်လာခဲ့ရတာပါ။
မီဒီယာကနေတဆင့် နှုတ်စကားနဲ့ ဂတိပြုပြီးသင်ပုန်း ချေလို့မရပါဘူး၊ တကယ်- သင်ပုန်းချေ-မချေဆိုတာ လူထုစစ်တမ်းတခုတော့ကောက်ခံဖို့ လိုအပ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အမှန်တကယ်သင်ပုန်းချေလျှင်....ကျနော်တို့ တတွေ သဘောထား
ကြီးကြဖို့လိုကြောင်း....ကျနော့အမြင်ကျနော့်အထင် နိုင်ငံရေးရှုမြင်သုံးသပ်ချက်ကို ရေးသားတင်ပြလိုက်ပါသည်..။
အမေ့သား (ကွန်ဗလိုင် - ဒိန်းမတ်)
Interview with U Win Tin – တင်ရေး၊ ၀င်ရေး၊ ပြင်ရေး၊ ထူထောင်ရေး (NLD နဲ့ ၈၈ မျိုးဆက်)
တင်ရေး၊ ၀င်ရေး၊ ပြင်ရေး၊ ထူထောင်ရေး (NLD နဲ့ ၈၈ မျိုးဆက်)
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၁
ဒီတပတ် ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးဖြစ်တဲ့ မေးခွန်းတွေကတော့ လက်ရှိပြည်တွင်းမှာ ရွေးကောက်ပွဲ ၀င်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ မှတ်ပုံတင်ပြီး ပါတီပြန်လည်ထူထောင်ရေး စတဲ့ ကိစ္စများအပေါ်မှာ ၈၈ မျိုးဆက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများ၊ သံဃာတော်များနဲ့ ပါတီဝင်များ၊ ပါတီထောက်ခံသူများနဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများရဲ့ အမျိုးမျိုးသော သဘောထားများ၊ လုပ်ထုံးလုပ်နည်းများ ပြောဆို ထင်မြင်ချက်များနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ပါတယ်။မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲဝင်ဖို့ လုပ်တယ်၊ အဲသည်အပေါ်မှာ အမျိုးမျိုးအဖုံဖုံသော သဘောထားတွေပေါ်ထွက်လာတယ်။ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါကို လက်ခံကြိုဆိုကြတယ်။ တချို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ ရဟန်းသံဃာတော် မလွတ်မြောက်သေးတဲ့အခြေအနေမှာ ဒါကို စဉ်းစားစေချင်တယ်။ တချိုကတော့လည်း ပါတီနဲ့အတူ ရွေးကောက်ပွဲဝင်ဖို့ ၈၈ မျိုးဆက်တွေ၊ ကျောင်းသားတွေအတွက် နေရာပေးပါ။ သူတို့ကို အရေအတွက်တခုပေးပြီး အတူတူ ‘တင်’ ကြ၊ ‘၀င်’ ကြပါလို့ ပြောတယ်လို့ ဆိုတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆရာတို့က ဘယ်လိုမြင်တွေ့နေရသလဲ။
ဖြေ။ ။ အင်န်အယ်ဒီမှာက ရွှေဂုံတိုင်ရပ်တည်ချက်ရှိတယ်။ ၂၀၀၉ ဧပြီမှာ ထုတ်ပြန်ခဲ့တာ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါ။ ခုနောက်ပိုင်းမှာ လွတ်မြောက်လာသူတွေ ရှိသော်လည်း မလွတ်မြောက်သေးတဲ့သူတွေ ရှိနေတယ်၊ ကျန်နေတယ်။ နောက်တခုက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုတာ။ အဲသည်တုန်းက အနယ်နယ်က အင်န်အယ်ဒီခေါင်းဆောင်တွေ ၁၀၀ ကျော် စည်းဝေးပြီးတော့ ဆုံးဖြတ်ထားခဲ့တာ။ ဒါက “လွှတ် / ပြင် / ၀င်” လို့ ပြောမလား။ ” ပြင် / ၀င်” လို့ ပြောမလား။ လွှတ်ပေးရမယ်၊ ပြင်ဆင်ရမယ်။ ဒါမှ ရွေးကောက်ပွဲဝင်နိုင်မယ်ပေါ့။ ဒါပေမယ့် အခုဟာက ၀င်မယ်လို့ ဆုံးဖြတ်လိုက်တော့ …”၀င် / ပြင်” ဖြစ်သွားပြီ။ ဒီတော့ ပြင်/၀င်ဖက်ကနေပြီး ၀င်/ပြင်ကို မေးခွန်းထုတ်တာတွေ၊ စကားပြောဆိုတာတွေ ရှိနေတာပေါ့လေ။ အရင်က လွှတ်တော်တွေကို သပိတ်မှောက်မယ်လို့ ဆိုတဲ့ သဘောထားတွေ ရှိကြတယ်။ နောက်တော့ လွှတ်တော်ထဲဝင်ပြီး ဆောင်ရွက်လုပ်ကိုင်ကြမယ်ဆိုတဲ့ သဘောထားတွေ ဖြစ်လာကြတယ်။ ဒါက နိုင်ငံရေးရဲ့ ဖြစ်မြဲထုံးစံပဲ။ (Process)။ နောင်ကျရင်တော့ သမိုင်းမှာ ပြေလည်ရင်လည်း ပြေလည်သွားနိုင်မယ်။ မပြေလည်ရင်လည်း ဒီကိစ္စဟာ သမိုင်းမှာ မှားတယ်၊ မှန်တယ်ဆိုတာ ဆက်ပြီး ဆွေးနွေးစရာ အရှည်သဖြင့်တခုလည်း ဖြစ်သွားနိုင်တယ်။
မေး။ ။ အဲသည်မှာ သဘောတခုက လက်ရှိနိုင်ငံရေးအခြေအနေ အကြပ်အတည်းရဲ့ ပကတိကို ကြည့်ပြီး ‘၀င်/ပြင်’ သင့်သလား၊ ‘ပြင်/၀င်’ သင့်သလားဆိုတဲ့ အချိန်ကျ မကျကို ဆွေးနွေးနေကြတာမဟုတ်လား ဆရာ။ အခုဟာက အင်န်အယ်ဒီပါတီကိုယ်တိုင်က တခဲနက်တည်း ‘၀င်/ပြင်’ ကို ရွေးချယ်ထားပြီးပြီပဲ။
ဖြေ။ ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ပြောနေကြတာက ‘၀င်/ပြင်’ ဖက်ကဆိုရင်ပေါ့ကွာ။ အခုဆိုရင် အနှစ် ၂၀ ရှိပြီ။ ဘာဖြစ်လို့ အချိန်ကို စောင့်နေကြဦးမှာလဲ။ နောက်ပြီးတော့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွတ်မြောက်နေတယ်။ ကိုယ်တိုင်ဦးဆောင်မှု ပေးနေတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ စည်းရုံးနိုင်မှု အင်အားကိုလည်း ထည့်တွက်သင့်တယ်။ ဒါမျိုးတွေ ပြောကြတယ်။ လွှတ်တော်ထဲမှာ တတိယအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ တပ်မတော်သားတွေ၊ ကြံ့ဖွံ့ပါတီဝင်တွေ၊ တစညလိုမျိုး ပါတီတွေက ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားချင်း ထပ်တူထပ်မျှဖြစ်လာပြီး ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြင်ဆင်ပြဋ္ဌာန်းမှုတွေ လုပ်ဆောင်လာနိုင်မယ်လို့ ပြောလာကြတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကို ပွားယူနိုင်တယ်လို့ ပြောဆိုကြတာတွေ ကြားရတယ်။ မူလက ၁၀၊ ၂၀ လောက်ကနေ ၁၀၀၊ ၂၀၀ အဆဆ ပွားသွားမယ်လို့ ပြောကြတယ်။
မေး။ ။ အဲဒါက ‘၀င်/ပြင်’ တွေဖက်က ပြောတာပေါ့ဆရာရယ်။ နိုင်ငံရေးအကျဉ်းသားတွေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ သံဃာ့တော်တွေ၊ သံဃာ့ခေါင်းဆောင်တွေ လွတ်မြောက်ခြင်း မရှိတဲ့အတွက် ပြည်သူတွေကို ချုပ်နှောင်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို အဓိကထား ပြင်ဆင်ဖို့ လိုအပ်တယ်။ အဲဒါပြီးမှ ရွေးကောက်ပွဲဝင်သင့်တယ်ပေါ့လေ။ ‘ပြင်/၀င်’တွေ ဖက်က ပြောဆိုတာတွေ၊ နောက်ပြီးတော့ အခုတလောမှာ ၈၈ မျိုးဆက်တွေ၊ ဗကသကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ သံဃာ့တပ်ပေါင်းစုတို့ကလည်း နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးလို့ သူတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့ ရွေးကောက်ပွဲအပေါ်သဘောထားကို မကန့်ကွက်ဘူး၊ လေးစားတယ်။ သူတို့အနေနဲ့ သူတို့နံမယ်သုံးပြီးတော့ မ၀င်ဘူးလို့ ထုတ်ပြန်တာတွေ ရှိလာတယ်လေ။ အဲဒါတွေကို ဆရာတို့ ဘယ်လိုမျိုး ရင်ဆိုင်နေရသလဲ။
ဖြေ။ ။ ၈၈မျိုးဆက်တွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ၊ ရဟန်းသံဃာတွေနဲ့ လူထုလူတန်းစားအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ စွန့်လွှတ်အနစ်နာခံသူတွေ အများအပြားဟာ ထောင်ထဲမှာ ဖမ်းချုပ်ခံထားရဆဲဖြစ်တယ်။ သူတို့တွေရဲ့ အင်အားတွေ ဆောင်ရွက်မှုတွေ အားနည်းနေချိန်မှာ ရွေးကောက်ပွဲကို အပြင်ကလူတွေ ၀င်ကြရင် ဒီမိုကရေစီအင်အားစုတွေအချင်းချင်းတွေကြားမှာ သဘောထားတွေ ကွဲကြတာ၊ ညီညွတ်မှုတွေ ထိခိုက်ကုန်တာတွေ ဖြစ်နိုင်တယ်။ လှုပ်ရှားမှုတွေ ရုန်းကန်မှုတွေမှာ အားလျော့သွားနိုင်တယ်။ အချင်းချင်းတွေကြားမှာ လမ်းခွဲကြီး တခုလို ဖြစ်သွားမယ်။ နောင်ကျရင် လွှတ်တော်ထဲက ဒီမိုကရေစီအင်အားစုတွေကို အာဏာရှင်တွေက လက်ကိုင်တုတ်သဖွယ် သုံးပြီးတော့ အပြင်ကဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားသူတွေကို တိုက်ခိုက် နှိမ်နင်းတာတွေ လုပ်လာမယ်လို့လည်း ပြောဆိုကြ၊ ထင်မြင်ချက်ပေးကြတာတွေလည်း ရှိပါတယ်။ သူတို့ပြောတာကလည်း မှားတယ်လို့ ပြောလို့မရဘူးလေ။ လက်ခံပြီး နားထောင်ပေးရပါတယ်။ ဒါကလည်း ကျနော်တို့ရဲ့ ၂၀၀၉ ရွှေဂုံတိုင်ကြေငြာချက်ထဲက ‘လွှတ်/ ပြင်/ ၀င်’ ဆိုတဲ့ သဘောမျိုးပဲလို့ ပြောရင်ရပါတယ်။
မေး။ ။ အခုထွက်ပေါ်လာတဲ့ သဘောထားတွေနဲ့အတူ ဆရာတို့ရဲ့ပါတီပြင်ပမှာ ဘယ်လိုမျိုး နိုင်ငံရေးအင်အားတွေပေါ်ပေါက်လာတယ်လို့ တွေ့ရသလဲ။
ဖြေ။ ။ ကျနော့်အမြင်ပြောရရင် “၈၈မျိုးဆက်” လို့ပြောရမယ့် နိုင်ငံရေးအင်အားစု ထွက်ပေါ်လာတယ်လို့ ပြောချင်တယ်။ ယခုထက်ထိ အကျဉ်းထောင်ထဲမှာ ဖမ်းချုပ်ခံထားရတဲ့ ၈လေးလုံးတွေ၊ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈တွေ၊ ပြီးတော့ အဲသည် ၈၈မျိုးဆက်တွေကို လိုလားတဲ့ ထောက်ခံတဲ့ အင်အားစုတွေဆိုပြီး သိသိသာသာပေါ်ထွက်လာတယ်လို့ ပြောချင်ပါတယ်။ အဲသည် ၈၈မျိုးဆက်တွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့သူတွေ ရှိလာတယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်တာကို လက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတဲ့ သဘောထားလည်း ထွက်လာတယ်။ ပြီးတော့ နောက်ဆုံးတခုကတော့ ရွေးကောက်ပွဲကို ၈၈အမည်ခံပြီး မ၀င်ဘူး၊ ရွေးကောက်ပွဲဝင်တာကိုလည်း ကန့်ကွက်ခြင်းမပြုဘူး၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီရဲ့ နိုင်ငံရေးအင်အားနဲ့ ရပ်တည်ချက်တွေကို ၀န်းရံပေးမယ်ဆိုတဲ့ သဘောထားလည်း ထွက်ပေါ်လာတယ်။
မေး။ ။ ဒါတွေ ထွက်လာတာက ဆရာကိုယ်တိုင် တွေ့ကြုံကြားသိနေရတာပေါ့။ သူများတွေ ပြောဆိုနေတာကို တဆင့်အကြားသက်သက်နဲ့ မဟုတ်ဘူးပေါ့။
ဖြေ။ ။ ကိုယ်တိုင်မြင်ရ၊ သိရတာတွေပါ။ ထောင်ထဲက သဘောထားတွေ ထွက်လာတယ်။ စာနဲ့ ပေနဲ့ ရေးသားကြတယ်။ ထောင်ပြင်က ၈၈ တွေကလည်း ပြောဆိုဆွေးနွေးကြတာတွေ လုပ်လာကြတယ်။ ဒေါ်စုကို ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာမျိုးကအစ ပြောကြ တင်ပြကြ ဆွေးနွေးကြတာတွေ ရှိတာကို မြင်တွေ့နေရတယ်။ အဲသည်မှာ နောက်ဆုံး အများစုရဲ့ သဘောထားက ဘာဖြစ်လာသလဲဆိုတော့ ၈၈မျိုးဆက်တွေအနေနဲ့က သူတို့ရဲ့ ခေါင်းဆောင်တွေ၊ အခြားတိုင်းရင်းသားတွေ၊ သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေသေးသမျှမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီနဲ့ ချိတ်တွဲပြီးတော့ ရွေးကောက်ပွဲကို မ၀င်ကြဘူးဆိုတဲ့ သဘောထား ကျသွားတယ်။ လိုင်းပြတ်သွားတယ်ပေါ့ကွာ။ ဒါ့အပြင် နောက်ထပ်ပြတ်သွားတဲ့ လိုင်းတခုကတော့ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီပါတီကိုတော့ ၀ိုင်းရံကြရမယ်ဆိုတာ အရေးကြီးတယ်။ အင်န်အယ်ဒီမှ ၀န်းရံပြီး အသွင်သဏ္ဍန်အမျိုးမျိုးရှိသော ဒီမိုကရေစီလုပ်ငန်းတွေမှာ ဆက်လက်လုပ်ဆောင်သွားကြမယ် ဆိုတာမျိုးဖြစ်လာတယ်။ တသီးပုဂ္ဂလအနေနဲ့ ပါတီနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ကြတာတွေ၊ ရွေးကောက်ပွဲဝင်ကြတာတွေကိုလည်း ဘာမှ မှတ်ချက်ပေးစရာမလိုဘူးလို့လဲ သူတို့ဖက်က ရှင်းလင်းပေးလိုက်တယ်။ ဒါကတော့ ပြည်တွင်းမှာရှိနေတဲ့ ၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးအင်အားစုရဲ့ ရပ်တည်ချက်၊ သဘောထားဖြစ်လာတာကို နောက်ဆုံးမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ပြောချင်တယ်။
မေး။ ။ ပြည်တွင်းမှာ ၈၈မျိုးဆက် နိုင်ငံရေးအင်အားစုအနေနဲ့က နောက်ဆုံးမှာ ‘၀င်/ပြင်’တွေ ‘ပြင်/၀င်’တွေ အခြားအချက်အလက်တွေ၊ ရွေးကောက်ပွဲတို့၊ ပါတီမှတ်ပုံတင်တာတို့ကို အဓိကထား ပြောဆို ဆွေးနွေးနေကြတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို အတိုက်အခံနိုင်ငံရေးအင်အားစုတခုအဖြစ် အားလုံးက ၀န်းရံမယ်ဆိုတာမျိုး ဆုံးဖြတ်ချက်ကျသွားတယ်လို့ ပြောရမှာပေါ့၊ ဟုတ်လား ဆရာ။
ဖြေ။ ။ အဲလိုမျိုး ဖြစ်ပေါ်လာတယ်လို့ ပြောရမယ် ထင်ပါတယ်။ အဲသည်လိုမျိုး အခြားသော ပြည်ပကဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ၊ နိုင်ငံရေးအင်အားစုတွေမှာလည်းပဲ အလားတူသဘောထားမျိုး၊ ရပ်တည်ချက်မျိုး လိုင်းကျသွားမယ်၊ ဆုံးဖြတ်နိုင်ကြမယ်ဆိုရင်ဖြင့် အချင်းချင်းတွေကြားထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်သွားကြမယ်။ ရှုပ်ထွေးမှုတွေ မဖြစ်ပေါ်တော့ဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျဉ်းမှာလည်း ထိရောက်မှုတခုခုဖြစ်လာတော့မယ်လို့ ယူဆပါတယ်။
မေး။ ။ ဆရာကိုယ်တိုင်လည်း ရွှေဂုံတိုင်ကြေညာချက်ကို လက်ခံသူ၊ ထောက်ခံသူတဦးဖြစ်နေရက်နဲ့ အင်န်အယ်ဒီပါတီဝင်တဦးဖြစ်နေတဲ့အတွက် အများဆုံးဖြတ်ချက်ကို လက်ခံပြီးတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ၀င်ပြီး လုပ်ကိုင်ဆောင်ရွက်နေရတယ်လို့ ပြောရင်ရမလား ဆရာ။
ဖြေ။ ။ ပြောလို့ရပါတယ်။ အခုအချိန်မှာ ကျနော်တို့လည်း ရွေးကောက်ပွဲဝင်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေးတွေ၊ ပါတီပြန်လည်ထူထောင်ရေးတွေမှာ ၀င်ရောက်လုပ်ကိုင်နေရတာကို တွေ့နိုင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ နောက်တရက်မှာတော့ ၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးအင်အားစု လို့ ဆရာသုံးနှုန်းတာကို ဆက်ပြီး မေးမြန်းပါဦးမယ်။
အစိုးရ အကူအညီအပေါ် သံသယဖြင့်ကြိုဆို
ပြည်တွင်းစစ်မှတ်တမ်းတချို့  (သတင်းစု)ကုတ်ပါ
x x x x x x x x x x x x x x
အစိုးရ အကူအညီအပေါ် သံသယဖြင့်ကြိုဆို
သန်းထိုက်ဦး on December 15, 2011 7:02 pm (ဧရာဝတီ)
ကချင် စစ်ပြေး ဒုက္ခသည်များ အတွက် အစိုးရအာဏာပိုင်များက ကူညီထောက်ပံ့ပေးမှုများနှင့် ပတ်သက်၍ ကချင် လူ့အခွင့် အရေး လှုပ်ရှားနေသူများနှင့်အကူအညီပေးနေသူများက သံသယဖြင့် ကြိုဆိုကြောင်း ပြောသည်။ကချင် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က အကူအညီ ပစ္စည်းများ ပေးအပ်နေစဉ် (ဓာတ်ပုံ - kachinnet.net)
“အစိုးရကနေ အဲဒီလိုမျိုး လာပေးတယ် ဆိုတာတော့ ကောင်းတယ်၊ ဒါပေမယ့် သူတို့က စစ်ပွဲကို မရပ်ဘဲနဲ့ လာထောက်ပံ့ပေးတယ် ဆိုတော့ စဉ်စားစရာတွေ ဖြစ်လာတယ်၊ သူတို့ရဲ့ဗျူဟာက ဘယ်လိုရှိနေတယ်ဆိုတာ ကျမတို့ အနေနဲ့ တော်တော်လေးကို စိုးရိမ် မကင်းဖြစ်မိတယ်”ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး(KWAT) အဖွဲ့မှ မွန်နေလီက ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်များကို အကူအညီပေးရေးနှင့် ပတ်သက်၍ လတ်တလော အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်တော်(KIA) တပ်ဖွဲ့ဝင်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရန် အရေးကြီးကြောင်းလည်း ၎င်းက ဆိုသည်။
“အခုဆိုရင် စစ်ပွဲတွေ ပိုပြီးတော့ တင်းမာလာတဲ့ အခြေအနေမှာ ရှိနေတယ်၊ ထွက်ပြေးတဲ့ လူတွေလည်း တောက်လျှောက် ရှိနေ တယ်၊ အစိုးရက ကူညီတယ်ဆိုတဲ့ ဟာလည်း ဖူလုံတဲ့ အဆင့်အထိတော့ မရောက်နိုင်ဘူး၊ အဲဒီကိစ္စတွေ အပေါ်မှာ စိုးရိမ်မကင်းဖြစ် မိတယ်”ဟု မွန်နေလီက ဆက်ပြောသည်။
ကချင် စစ်ပြေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ကိုလာရစ်က“အစိုးရပဲ ပေပေး၊ ဘယ်အဖွဲ့ အစည်းကပဲ ပေပေး ဒုက္ခသည်တွေကို ကူညီပံ့ပိုးတာကတော့ ဘာမှ အပြစ်မရှိဘူး၊ အစိုးရက ဒုက္ခသည်တွေ အပေါ် နိုင်ငံရေး အမြတ်ထုတ်တာ မရှိဘူး ဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် ကူညီသင့်တယ်လို့ မြင်တယ်”ဟု ဆိုသည်။
မကြာခင်ရက်ပိုင်း အတွင်း၌ ရန်ကုန် အခြေစိုက် ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်(UNICEF)၊ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး (UNOCHA)တို့က အစိုးရအာဏာပိုင်များ ပေးပို့လိုက်သည့် ထောက်ပံ့ရေးပစ္စည်းများ အပါအ၀င် ဒုက္ခသည် စခန်းများရှိ တာဝန် ရှိသူများထံ လာရောက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
KIO ထိန်းချုပ် ဒေသရှိ ဒုက္ခသည်များ အတွက် လာရောက်ပေးအပ်သော ကုလသမဂ္ဂ အဖွဲ့အစည်းမှ ပစ္စည်းများကို လက်ခံယူခဲ့ သော်လည်း အစိုးရအာဏာပိုင်များ၏ အကူအညီကို လက်ခံခြင်း မပြုဘဲ ယမန်နေ့က ပြန်လည်ပို့ဆောင်လိုက်ကြောင်း ကချင် လွတ် လပ်ရေးအဖွဲ့(KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“ဒီကိစ္စကတော့ အမှန်ပဲ ဘာကြောင့်လဲဆိုတော့ အခု တိုက်ပွဲတွေဟာ အစိုးရနဲ့ ဖြစ်နေတယ်၊ ဒီမှာ ရောက်လာတဲ့ ဒုက္ခသည်တွေက လည်း အစိုးရစစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုးကို ကြောက်ရွံ့ထိတ်လန့်ပြီးတော့ ထွက်ပြေးလာတဲ့ဒုက္ခသည် တွေ ပါပဲ၊ ဒါကတော့ သူတို့အနေနဲ့ လာတဲ့ကိစ္စမှာ၊ ဒီလိုမျိုး အခြေအနေမှာ သူတို့ရဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က ပံ့ပိုးတဲ့ ထောက်ပံ့ရေးပစ္စည်း တွေကို ကျနော်တို့ လက်မခံဘူး၊ ပြန်ပို့ လိုက်ပါပြီ”ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဦး စီးဌာန၊ ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများက ထောက်ပံ့ ပေးပို့ခဲ့ကြောင်း ဦးလနန်က ပြောဆိုသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တ၀ိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ခန့်ရှိပြီး ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သိရသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ကချင် ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် ယာယီ ဒုက္ခသည် စခန်း ၅၉ ခု၌ လူ ၁၄၁၁၃ ဦး ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် စောင့်ရှောက်ထားပြီး အအေးဒဏ် ကာကွယ်နိုင်ရန် စောင်နှင့် အနွေးထည် လိုအပ်မှုများ ရှိနေသေးကြောင်း ထုတ်ပြန် ထားသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။
ရွှေညဝါဆရာတော် ဖိအားပေးခံရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်
Published on December 15, 2011 by နေသွင်(DVB)
ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာတော်အတွက် စိုးရိမ်တဲ့ တပည့်၊ ဒကာတွေက ဒီနေ့မနက်မှာ ဆရာတော့်ကျောင်းမှာ စုရုံးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးတင်ဦးကလည်း အဖွဲ့ချုပ် ကိုယ်စား သွားရောက် ညှိနှိုင်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်းလည်း ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မှုရှိနေတဲ့အကြောင်း အကြောင်း ဦးတင်ဦးက ပြောပြပါတယ်။
ဒီသတင်းကို မနေ့ညမှာ ကြားသိရပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေ ဒီနေ့ မနက်က ဗဟိုကော်မတီအစည်းအဝေးမှာ အရေးတကြီးဆွေးနွေးခဲ့တယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
အစည်းအဝေး ကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်သွားဖို့ နည်းလမ်းရှာခဲ့ဖို့ သူ့ကို တာဝန်ပေးလိုက်တဲ့ အကြောင်း ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“ကျနော်တို့ သွားပြီးတော့ လျှောက်ထားချင်တာကတော့ သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗန်းမော်ဆရာတော်ဘုရားကြီးကိုလည်း လျှောက်ထားချင်တာပေါ့ဗျာ။ ဒါပေမယ့် ခက်တာက သံဃာ့မဟာနာယကအဖွဲ့နဲ့ကလည်းပဲ ကျနော်တို့အဖို့က သိပ်ပြီးတော့ မနီးစပ်ဘူးခင်ဗျ။ တခါမှလည်း ကျနော်တို့က ဆက်စပ်မှုလည်း ဆက်သွယ်မှုလည်း မရှိခဲ့တော့ ဒီလိုတော့ ရှိတာပေါ့နော်။ သို့သော်လည်းပဲ ကျနော်တို့ကတော့ သပိတ်အိုင်ဆရာတော် ဘုရားနဲ့ကတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ကတော့ အင်မတန်ကိုပဲ ဆရာဒကာလို ဖြစ်နေပြီဗျ။ အဒါကြောင့်မို့လို့ အဲဒီဟာကို ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးတယ်။ ဒီဥစ္စာကို အေးအေးချမ်းချမ်း ပြေပြေလည်လည် ဆောင်ရွက်နိုင်ဖြစ်အောင် သပိတ်အိုင် ဆရာတော်ဘုရားကြီးကိုလည်း ချည်းကပ်ပြီးတော့ပေါ့နော် လိုအပ်တာတွေ သူ့ဆီက ဩဝါဒတွေခံယူပြီးတော့ ဆောင်ရွက်နိုင်အောင် လုပ်ဖို့ ကျနော် ဒီလိုတော့လည်း စိတ်ကူးထားတယ်ခင်ဗျ။”
ရွှေညဝါဆရာ တော်ကလည်း ဆရာရင်းဖြစ်တဲ့ သံဃာ့မဟာနယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီးကို တွေ့ဖို့ရှိတဲ့အကြောင်း၊ သူ့ကို မိန့်ကြားခဲ့တယ်လို့ မနက်က ဆရာတော်ကို သွားဖူးခဲ့တဲ့ ဦးတင်ဦးက ပြောပါတယ်။
တပည့်၊ ဒကာ၊ ဒကာမတွေ မပူကြဖို့ ဆရာတော်က တဆင့် မှာကြားခဲ့တဲ့အကြောင်းလည်း ဦးတင်ဦးက အခုလိုပြောပြပါတယ်။
“ဆရာ တော်ဘုရားကြီးက အေးအေးချမ်းချမ်း ဆောင်ရွက်သွားမယ့်အကြောင်းပေါ့။ ပြောလိုက်လို့ရှိရင် အကုန်လုံး ပြေလည်သွား နိုင်ပါတယ်တဲ့။ အဲဒီဟာကို ပြေလည်အောင် အားလုံးက ညှိနှိုင်းဆောင်ရွက်ပြီးမှ လုပ်ဖို့ ကောင်းပါတယ်။ ဘယ်သူကမှ ဆန္ဒစောပြီးတော့ လုပ်တဲ့ ကိစ္စမျိုး ဖြစ်လို့ရှိရင် ကျောင်းမှာရှိတဲ့ သံဃာတော်အတွက်ကလည်းပဲ မကောင်းပါဘူးတဲ့။ နောက်ပြီးတော့ ကိုးကွယ်နေတဲ့ ဒကာ ဒကာမတွေအတွက်လည်း အဆင်မပြေရာ ဖြစ်မယ်တဲ့ နောက်ပြီးတော့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ကျနော်တို့ အဖွဲ့အစည်းများအနေနဲ့လည်းပဲ လုပ်ကိုင်နေတဲ့ တိုးတက်ကောင်းမွန်နေတာကိုလည်း အထစ်အငေါ့ဖြစ်မှာ စိုးတယ်ပေါ့ဗျာ။ အဲဒါကြောင့်မို့ အစစအရာရာ ပြည်လည်အောင်အတွက် ဆန္ဒမစောဘဲနဲ့ အေးအေးဆေးဆေး တိုင်တိုင်ပင်ပင်လုပ်ရင် ပြေလည်နိုင်ပါတယ်တဲ့ ကျနော့်ကိုလည်း မှာလိုက်ပါတယ်။ အပြင်မှာ ရှိနေတဲ့ ပြည်သူလူထုတွေကိုလည်းပဲ အေးအေးဆေးဆေးလေးနဲ့ ပြေလည်ရာပြေလည်ကြောင်း ဖြစ်မယ့်အကြောင်း၊ ကျနော်ကပဲ သူတို့ကို ဒါကို စိတ်ထဲမှာ ဘာမှစိုးရိမ်ပူပန်ကြောင့်ကြခြင်း မရှိအောင် နေကြပါ၊ အေးအေးဆေးဆေးပြန်ကြပါ နေကြပါဆိုတာကိုလည်းပဲ ပြောဆိုပေးခဲ့ပါဆိုလို့ ကျနော်က ပြည်သူလူထုကို မှာကြားပေးခဲ့ပါတယ်။”
မနက်ကတော့ ကြည့်မြင်တိုင် ရွှေညဝါကျောင်းတိုက်ကို သံဃာ့မဟာနယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြွရောက်လာမယ်လို့ သတင်းထွက်နေတဲ့အတွက် ရဟန်းနှင့် လူနှစ်ရာဝန်းကျင် စုရုံးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
“ကျနော့် အမြင်ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုတဲ့ အနေအထားနဲ့ နည်းနည်းလေး လွဲချော်နေသလိုပဲဗျ။ အခုအချိန်မှာ ဆန္ဒပြခွင့် ဥပဒေတောင် ပြဋ္ဌာန်းပြီးပြီဗျာ။ ဒီလိုမျိုး ဩဝါဒစကား ချီးမြှင့်လို့ အရေးယူတယ် ဆိုတာကတော့ နည်းနည်းလေး တခုခုတော့ လွှဲနေသလိုပဲပေါ့။ အဲဒါကို ပြန်စဉ်းစားသင့်တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်လည်း ဒီလောက် ဖြစ်စရာ မလိုဘူးလို့ ကျနော်ထင်တယ်ပေါ့နော်။ အခုကတော့ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ စောင့်ကြည့်နေတယ်။ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်ပြီးတော့ လုပ်နေကြမယ် အဲဒီလိုပဲ မြင်ပါတယ်ခင်ဗျ။”
ရွှေညဝါ ဆရာတော်ကို သံဃာ့မဟာနာယကပို့လိုက်တဲ့ ညွန်ကြားစာမှာ တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ဆရာတော်ဟာ နိုဝင်ဘာလအတွင်းက မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောတဲ့အတွက် အရေးယူတာလို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မန္တလေးတိုင်း အဖွဲ့ချုပ်ကို မေးမြန်းတဲ့အခါမှာတော့ ဥက္ကဋ္ဌ ဦးသိန်းတန်က အခုလိုရှင်းပြပါတယ်။
“ဆရာတော် ကျနော်တို့ဆီမှာ လာပြောတာကတော့ ဝါးပင်လေးတွေအကြောင်းကို သူပြောသွားတယ်။ ဝါးပင်များဟာ လေယူရာ ယိမ်းပေမယ့် ဘယ်လောက်ထိခိုင်မာတယ်ဆိုတဲ့အကြောင်း၊ စည်းလုံးညီညွတ်မှုရှိတဲ့အကြောင်း၊ နိုင်ငံရေး သိပ်မပါဘူးဗျ။ ပြောတဲ့ ဟောတဲ့အထဲမှာ ဘာတခုမှ ဘောင်လွတ်တာမပါဘူးဗျ။”
မနေ့ည နေပိုင်းက ဒီဗွီဘီက မေးမြန်းလျှောက်ထားတဲ့အချိန်မှာလည်း ရွှေညဝါဆရာတော်က ငြိမ်းချမ်းရေးကို လိုလားတဲ့ သံဃာတပါးအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းချင်တဲ့ ဆန္ဒရှိတယ်လို့ မိန့်ကြားခဲ့ပါတယ်။
သံဃာ့မဟာနာယက ဆိုတာ ဘာလဲ
အခုတလော အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည် စစ်အာဏာပိုင်တွေ၊ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်တဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအကြောင်း မေးကြ ပြောကြတာတွေကို စုစည်းပြီး တင်ပြပေးချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။
၂၀၀၈ ခုနှစ် သံဃာ့မဟာနာယကအဖွဲ့ (၄)လပတ် အစည်းအဝေး တခုမှာ အချို့ရဟန်း သာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမဝင် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်နေသည်လို့ လျှောက်ထားဖူးတယ်လို့ မှတ်သားဖူးပါတယ်။
သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ) မှာ ဂိုဏ်းပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူကြီးအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။
သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ဖို့ပါ။
သံဃာ့နာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃာ့နာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃာ့နာယက အဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃာ့နာယက အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။
အခုဆိုရင် သံဃာ့နာယအဖွဲ့ ဖွဲ့တာ (၃၂) နှစ်ရှိပါပြီ။ (၃၂) တာ ကာလအတွင်း ဘာတွေဆောင်ရွက်ခဲ့သလဲ။ အကြမ်းဖျဉ်း ပြန်လည်ဆန်းစစ်ကြည့်ရအောင်။
(က) ဓမ္မ၀ါဒ အဓမ္မ၀ါဒဆိုင်ရာအဓိကရုဏ်းများ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေတဲ့ အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။
(၁) ကျောက်သင်္ဘောဝါဒ
(၂) လူသေလူဖြစ်ဝါဒ
(၃) ကျောက်ပုံတောရ၀ါဒ၊
(၄) ကြောင်ပန်းတောရ၀ါဒ၊
(၅) ဓမ္မနီတိဝါဒ၊
(၆) မိုးညိုဆရာတော်ဝါဒ(မြောက်ဥက္ကလာ)၊
(၇) ဦးမာလာဝါဒ(ရေတာရှည်) စတဲ့ မတူကွဲပြားတဲ့ဝါဒတွေကို ဓမ္ဓ၊ အဓမ္ဓ စိစစ်ပြီး ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။ သာသနာတော်မှာ သို့လော သို့လော ဖြစ်ပေါ်နေတဲ့ဝါဒတွေကို မှန်မှန်ကန်ကန် ဖြေရှင်းပေးတဲ့ အတွက် အထိုက်အလျောက် အဓမ္မ၀ါဒတွေ ငြိမ်သွားတဲ့အတွက် သာသနာတော်အတွက် အကျိုးရှိခဲ့တာအမှန်ပါ။
(ခ) ၀ိနည်းဆိုင်ရာအဓိကရုဏ်းများ
ရဟန်းတော်များနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဝိနည်းဆိုင်ရာအဓိကရုဏ်းတွေ၊ ကျောင်းပိုင်ဆိုင်မှုများနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတွေကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဗဟို သံဃာ့မဟာနာယက အဖွဲ့အဆင့်ဆင့်က စီမံဆုံးဖြတ်ခဲ့ပါတယ်၊။
အဲဒီလို စီစဉ်ဆုံးဖြတ်ရာမှာ လက်မှတ်အတုတွေသုံးပြီး မမှန်မကန် ဘက်လိုက် ဆုံးဖြတ်ခဲ့မှုတွေ (ပြည်- ကျောင်းအမှု) လာဘ်စားမှုတွေ ရှိခဲ့တဲ့အတွက် သံဃာ့မဟာနာကအဖွဲ့အတွင်းမှာ သံသယတွေ အသံထွက်ခဲ့သလို လူအများရဲ့ ကဲ့ရဲ့မှု၊ အထင်အမြင်သေးခံရမှုတွေ ခံခဲ့ရပါတယ်။ အဲဒီအထဲက အဆိုးဆုံး နာမည်အပျက်ဆုံး အမှုကတော့ ကောလင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းပိုင်ဆိုင်မှု အဓိကရုဏ်းမှာ သံဃာ့နာယကအဖွဲ့ရဲ့ လာဘ်စားမှုတွေ ပြည်သူကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အတွက် ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တသာရဘိဝံသ ကတောင် “ဒါလား သံဃာ့မဟာနာယကအဖွဲ့” လို့ ရှုတ်ချ ပြစ်တင်ခဲ့ပါတယ်။
အရေးအခင်းကာလများနဲ့ သံဃာ့မဟာနာယက
(၁) ၁၉၈၈ ခုနှစ်မှာ အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးအခင်းကြီး ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီ လူထုလှုပ်ရှားမှု အရေးအခင်းမှာ ငယ်ရွယ်တက်ကြွတဲ့ ရဟန်းငယ်များလည်း လူထုနဲ့အတူ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြတာပါ။ အရေးအခင်းကာလမှာ သံဃာတော်တွေဟာ ပြည်သူလူထုတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် တဘက်တလမ်းက ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။
အရေးအခင်းဖြစ်နေချိန်မှာ ကမ်းနားလမ်း၊ ကုန်သွယ်ရေးရုံးပေါ်က စစ်သားတွေက ဆန္ဒပြလူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစားပါတယ်။ ရန်စဖို့ လုပ်ပါတယ်။ ဆန္ဒပြသူတွေ ဒေါသထွက်ပြီး ရုံးကို ၀ိုင်းပါတယ်။ ဆန္ဒပြနေတဲ့လူအုပ်က များနေတဲ့အတွက် စစ်သားတွေ ပြေးပေါက်မရှိ ပိတ်မိနေတာပါ။ စစ်သားတွေအတွက် အသက်အန္တရာယ်ရှိတာ သိလို့ တံခါးပေါက်တွေကို ဖွင့်ပြီး ဘုန်းကြီးတွေက အရင်ဝင်သွားပါတယ်။ အပေါ်ရောက်တော့ စစ်သားတွေကို အရပ်ဝတ် ဝတ်ခိုင်းပြီး အဲဒီစစ်သားတွေကို ဘုန်းကြီးတွေက ကယ်ထုတ်ခဲ့တာပါ။ စစ်သားတွေ အသက်ဘေးက လွတ်သွားတာဟာ ဘုန်းကြီးတွေ ကျေးဇူးပါ။
နောက် တောင်ဥက္ကလာဖက်မှာ အဆိပ်ခတ်တဲ့သူတွေကို ဆန္ဒပြလူစုက ဖမ်းမိလိုက်ပါတယ်။ ဆေးခပ်သူတွေကိုယ်တိုင်က ထောက်လှမ်းရေးက ဆေးထိုး ဆေးတိုက်ပြီး စေခိုင်းခံထားရလို့ ကြောင်တောင်တောင်တွေ ဖြစ်နေတာပါ။ ဘာမှလည်း မေးမြန်းလို့ မရ။ ဒေါသမထိန်းနိုင်လို့ လူတချို့ကို သတ်တောင် သတ်ပြီးနေပါပြီ၊ အဲဒီသတင်းကို ငွေကြာရံကျောင်းတိုက်က ဆရာတော်ကြားလို့ ကားနဲ့ အလျင်အမြန်ရောက်လာပြီး အဆိပ်ခတ်တဲ့လူတွေရဲ့ အသက်ကို အလှူခံခဲ့ပါတယ်။ လူဝတ်နဲ့နေရင် အသက်အန္တရာယ်ရှိလို့ ဒကာတွေကို သင်္ကန်းဝတ်ပေး၊ ဒကာမတွေကို သီလရှင်ဝတ်ပေးပြီး ကျောင်းတိုက်မှာ စောင့်ရှောက်ထားခဲ့တာပါ။ အဲဒီတုန်းက ပါဝင်ခဲ့သူတွေကို မေးကြည့်ရင် သိနိုင်ပါသေးတယ်။
အစိုးရစက်ရုံတွေ မီးဘေးက ကင်းဝေးအောင် ကယ်တင်ခဲ့တာတွေနဲ့ အခြား အဖြစ်အပျက်များစွာလည်း ရှိပါသေးတယ်။ တကယ်တော့ ဘုန်းကြီးတွေရော လူထုကရော လိုချင်တာက တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုပါ။ အဲလို ဆောင်ရွက်ခဲ့တဲ့သံဃာတွေကို စစ်အာဏာရှင်တွေက ဖမ်းဆီးပြီး အတင်းအဓမ္မ လူဝတ်လဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်။ စစ်အာဏာရှင်တွေ ပြောသလို အဲဒီသံဃာတွေဟာ ဘုန်းကြီး အယောင်ဆောင် သံဃာအတုတွေလား၊ အဖမ်းခံရတဲ့သံဃာတွေကို သံဃာ့နာယကဆရာတော်တွေက ဘာတွေ အကူအညီပေးခဲ့သလဲ။
(၂) ၁၉၉၀ ခုနှစ်တုန်းကလည်း မန္တလေး သံဃာ့ဆွမ်းလောင်းပွဲမှာ စစ်တပ်က ကြိုတင်သတိပေးခြင်း မရှိဘဲ ဆွမ်းခံနေတဲ့ သံဃာတန်းထဲကို အကြမ်းဖက်ခဲ့တဲ့အတွက် ရဟန်းသာမဏေ (၁၅) ပါး ခန့် ထိခိုက်ခဲ့ရတယ်။ (ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်၊ စာရင်းစုံစမ်းဆဲ)။
စစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေကို သံဃာထုက မကျေနပ်လို့ မန္တလေးသံဃာထုက ဦးဆောင်ပြီး စစ်တပ်ရဲ့ သာရေး၊ နာရေးကိစ္စတွေမှာ မပတ်သက်ဖို့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့ပါတယ်။ ဒီလို ကံဆောင်ခဲ့တာကလည်း ဘုရားဟောကြားထားတဲ့ ဝိနည်းတော်နဲ့ အညီ ဆောင်ရွက်ခဲ့တာပါ။
အဲဒီလို ကံဆောင်မှုကြောင့် ရန်ကုန်နဲ့  မန္တလေးက ထင်ရှားတဲ့ဆရာတော်ကြီးအချို့ကို လူဝတ်လဲပြီး ထောင်ချခဲ့တာပါ။ ဒီလို အများလေးစားတဲ့ ထေရ်ကြီး ၀ါကြီးဆရာတော်တွေကိုလည်း သံဃာအတုအယောင်တွေ၊ သင်္ကန်းဝတ်တွေဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဆရာတော်ကြီးတွေ ထောင်ကထွက်တော့ အာဏာရှင်တွေကိုယ်တိုင် ဘွဲ့တံဆိပ်တွေကပ်ပြီး ကျောင်းတွေ ဆောက်ပေး၊ ဆန် ဆီ ဆား ဆေးလှူနဲ့ ပြားပြားဝပ် ရှိခိုးနေကြပြန်တယ်။ အမြင်ကပ်လောက်အောင် သွားလာ ဝင်ထွက်နေကြတာပါ။ ဘုန်းကြီး အတု၊ အစစ်ဖြစ်တာ စစ်တပ်က ဆုံးဖြတ်ရမှာလား၊ သံဃာ့နာယက က ဆုံးဖြတ်ရမှာလား။ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သံဃာ့နာယကဆရာတော်တွေ သံဃာထုဖက်က ရပ်တည်ပေးခဲ့သလား။
(၃) ၂၀၀၇ စက်တင်ဘာအရေးအခင်း
(သံဃာ့နာယကလက်စွဲ၊ အပိုင်း (၅)၊ အခန်း (၂၈)၊ (စ) မှာ သို့ဖြစ်ပါ၍ သံဃာတော်များ တန်းစီလှည့်လည် လမ်းလျောက်၍လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် လှည့်လည်၍လည်းကောင်း၊ ပရိတ်တော်ရွတ်ခြင်းသည် ဝိနည်းတော်နှင့် ဆန့်ကျင်မှု မရှိသည့်အပြင် မြတ်စွာဘုရားလက်ထက်တော်မှစ၍ ဆရာစဉ်ဆက် ဆောင်ရွက်ခဲ့သည့် အစဉ်အလာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ညွှန်း = (ဒု၊ ၄၇ ပါး စုံညီ ဧကူန၀ီသတိမ အစီရင်ခံစာ စာမျက်နှာ ၂၅-၂၈။)
စက်တင်ဘာ (၅) ရက်နေ့က စခဲ့တဲ့ သံဃာတော်တွေ ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျောက်ချီတက်ပွဲမှာ သံဃာငယ်တပါးကို ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့တာက စလို့ ရွှေဝါရောင်သံဃာ့အရေး စတင် ဖြစ်ပေါ်ခဲ့တယ်။ အရေးအခင်းကာလမှာ သံဃာ (၃၀၀၀) ကျော် အဖမ်းခံခဲ့ရပါတယ်။
အဲဒီတုန်းက ထင်ရှားတဲ့ အဖြစ်အပျက်တခုကတော့ ငွေကြာရံကျောင်းတိုက်ပါ။ ငွေကြာရံကျောင်းတိုက်ကို ညအချိန်မတော် စစ်တပ်က ၀ိုင်းပြီး ရိုက်နှက်ဖမ်းဆီးလို့ သံဃာတွေ သွေးမြေကျခဲ့တာ၊ ကျောင်းတွေ ဖျက်ဆီးခံရတာ၊ ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံခဲ့ရတာတွေဟာ ခုအချိန်ထိ မှတ်တမ်းတွေရှိနေသေးပါတယ်။ ငွေကြာရံကျောင်းဆိုတာ ၈၈ အရေးတော်ပုံတုန်းက စစ်တပ်အလိုတော်ရိတွေ၊ အကြမ်းဖက် ဖျက်ဆီးရေးသမားတွေကို အသက်အလှူခံပြီး ကယ်တင်ပေးခဲ့တဲ့ ကျောင်းဖြစ်တယ်ဆိုတာ မမေ့သင့်ပါ။ ထို့အပြင် ကျောင်းတိုက်တွေ ချိတ်ပိတ်ခံရတာ ကျောင်းပေါင်း (၆၀) ကျော် ရှိပါတယ်။
ထောင်ထဲမှာ သံဃာတော် ၂၀၀ ကျော်ကို ဖမ်းဆီး ထောင်ချထားဆဲ။ အဲဒီလို စစ်အာဏာရှင်တွေက ဘုန်းကြီးကျောင်းတွေ သံဃာတော်တွေကို အတင်းအဓမ္မ ဖျက်ဆီး နှိပ်စက်နေတာတွေကို သံဃာ့နာယကဆရာတော်တွေက တားဖူးပါသလား။ သံဃာတော်တွေ လွတ်မြောက်ဖို့ အာဏာရှင်တွေကို သြ၀ါဒတွေ ပေးဖူးပါသလား။
စစ်အာဏာရှင်တွေက ပြည်သူလူထုကို ဗိုလ်ကျ စိုးမိုး အနိုင်ကျင့်နေတာတွေကို ပြည်သူလှူတဲ့၊ ပြည်သူ့ဆွမ်းကို စားနေတဲ့ သံဃာ့နာယကဆရာတော်တွေက ထိုင်ကြည့်နေမှာလား။
ကိုယ့်ဒကာ၊ ဒကာမတွေ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ကူညီတာ အပြစ်ရှိလား။
အဓမ္မ၀ါဒတွေ ထွန်းကားနေတဲ့ မြန်မာပြည်မှာ ဓမ္မ၀ါဒတွေ ထွန်းကားအောင်လုပ်ဖို့က ရဟန်းသံဃာတော်တွေရဲ့ တာဝန်မဟုတ်ဘူးလား။ သံဃာတွေကို နှိပ်ကွပ်ဖို့ စစ်တပ်က အမိန့်တွေ ထုတ်ခိုင်းတိုင်း လက်မှတ်ထိုးပြီး ထုတ်ပြန်နေမှာလား။
မြတ်စွာဘုရားက လောကလူသားတွေရဲ့ ကောင်းကျိုးဆောင်ရွက်ဖို့ ကမ္ဘာသူ၊ ကမ္ဘာသား၊ အမျိုးအဆွေတွေရဲ့ အကျိုးကို ဆောင်ရွက်ဖို့ မိန့်မှာတော်မူခဲ့တာ မဟုတ်ဘူးလား။
အဲဒီလို ပြည်သူဘက်က ရပ်တည်တဲ့ အမှန်တရားဘက်က ရပ်တည်ခဲ့ကြတဲ့ သံဃာတော်တွေကို ဘာတခုမျှ အကူအညီ မပေးခဲ့တာကြောင့် ရဟန်းရှင်လူတွေရဲ့ ရင်ထဲမှာ သံဃာ့မဟာနာယကဆိုတာ စစ်တပ်လက်ကိုင်တုတ် ရုပ်သေးသံဃာ့အဖွဲ့အစည်း၊ သံဃာထုကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်းလို့ ယုံကြည်နေတာကတော့ ဘာမှအံ့သြစရာ အထူးအဆန်း မဟုတ်တော့ပါ။
ဆုံးဖြတ်ရမည့် (အမှု) သဘောကို နိုင်ထက်စီးနင်း အလျင်စလို ဆုံးဖြတ်ခြင်းကြောင့် တရားတော်အတိုင်းတည်သူ တရားသူကြီးမဟုတ်ပေ။ ပညာရှိသည် ဟုတ်မှန်သောအကြောင်း၊ မဟုတ်မှန်သောအကြောင်း နှစ်ပါးလုံးကို (စူးစမ်း မေးမြန်း၍) ဆုံးဖြတ်ရာ၏။ ။ (ဓမ္မပဒ)
အရှင်ပညာနန္ဒ
ဒီဇင်ဘာ ၁၅၊ ၂၀၁၁

ရွှေည၀ါ ဆရာတော်အားအရေးယူမှု ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စာရေးမည်
ယခုကိစ္စနှင့် ပတ်သက်ပြီး ယနေ့နံနက်ပိုင်းက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များ အန်အယ်ဒီရုံးချုပ်၌ စည်းဝေးခဲ့ကြပြီး ဆရာတော် အနေဖြင့် မန္တလေးတိုင်း အန်အယ်ဒီရုံးဖွင့်ပွဲတွင် တရားဟောရာမှ ယခုကဲ့သို့ဖြစ်ပွားရသဖြင့် စိတ်မကောင်းကြောင်းနှင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာတစ်စောင် ရေးသားပေးပို့ရန် သဘောတူညီခဲ့ကြသည်ဟု မွန်းလွဲပိုင်းတွင် ဦးတင်ဦးက ဆရာတော်အား လာရောက်လျှောက်ထားခဲ့သည်။
ယခုလို ဒေါ်အောင်ဆန်းစုကြည်က စာတစောင်ရေးသားပေးပို့မည်ဖြစ် သကဲ့သို့ ဆရာတော် အနေဖြင့်လည်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ အသနားခံစာ တစောင် ပေးပို့ရန် မွန်းလွဲပိုင်းတွင် ရေးသားလျှက်ရှိသည်ဟု မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဆရာတော်အားတွေ့ဆုံမေးမြန်းခွင့် ရခဲ့စဉ် ဆရာတော်က မိန့်ကြားလိုက်သည်။
၎င်းအနေဖြင့် ယခုလို အသနားခံစာ တင်ရန် အကြောင်းမရှိသော်လည်း အားလုံးက ၀ိုင်းဝန်းတိုက်တွန်းသဖြင့် ယခုလိုစာတင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ပြီးနောက် သူတို့ဘက်က မည်သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကာ အဆိုးဆုံးတွက်လည်း ပြင်ဆင်ထားကြောင်း လည်း ဆက်လက် မိန့်ကြားသည်။
မျက်နှာဖုံးစွတ်ထားလဲ အသံကတော့ ခွေးဟောင်သံပါဘဲ
Thursday, December 15, 2011
ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် လုံခြုံရေးယူ
The Voice Weekly - ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည့် ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်တိုက်ရှိ ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် ယနေ့ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆောင်ရွက်ထားသည်ဟု ကြည်မြင်တိုင်မြို့နယ် USDP ပါတီ မြို့နယ်အမှုဆောင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ရွှေည၀ါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားခဲ့သဖြင့် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်အဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံသဖြင့် လူဝတ်လဲရန်၊ နိုင်ငံတော်သံဃာ့နာယကအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်သင်ကြားခြင်း မပြုလုပ်ရန် အချက်သုံးချက်ပါသည့် ဆဌအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့၏ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့သို့ ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။
ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်မှ နှင်သည့်စာ လက်ခံရ
Yangon Press International - ဒီဇင်ဘာ ၁၄၊ ၂၀၁၁ (YPI) ည ၉ နာရီ ၁၀ မိနစ်
၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့် အခမ်းအနားများ ကျင်းပသည့် သာဓုပရိယတ္တိစာသင်တိုက်နှင့် ရွှေည၀ါပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား တိုင်းသံဃာ့နာယက ဥက္ကဋ္ဌမှ စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။
ရွှေည၀ါကျောင်းတိုက် ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားသည်။
မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖော်ပြထားခြင်းမရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ ပြောသည်။
၎င်းက “ အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက် ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူးလို့ ဆိုလိုတာပဲ” ဟု ပြောသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင်
သာဓုပရိယတ္တိစာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်
သာဓုပရိယတ္တိစာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်
နှင်ထုတ်သည့် စာမိတ္တူအား သာသနာရေးဝန်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေးဝန်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖော်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။
ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လာရောက်စဉ် တွေ့ဆုံကြသည့် ပြည်တွင်း လူမှုရေး၊ နိုင်ငံရေးဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားမိသားစုများ စုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရရှိသည့် နှစ် ၂၀ ပြည့် အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ။
နိုင်ငံတော်သံဃာ့နာယကအဖွဲ့က တိုင်းသံဃာ့နာယကမှတဆင့် ဆရာတော်ထံ ပေးပို့လာသည့် စာ
ရွှေညဝါဆရာတော်အား နိုင်ငံတော်သံဃာ့နာယကအဖွဲ့မှ စွဲချက်တင်ထားသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင်
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဟောကြားခဲ့သော တရားတော်အခွေ
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဟောကြားခဲ့သော တရားတော်အခွေ
Subscribe to:
Posts (Atom)