အရပ်သားစကား
လူတွေကဧရာဝတီဝိုင်းအော်တော့ နိုင်ငံတကာကြားကောင်းအောင်ရှော့ပေးလိုက်တယ် ။ နိုင်ငံရေးအကျဉ်းသား နိုင်ငံရေးအကျဉ်းသား ဝိုင်းအော်တော့ ဟော ရှော့လိုက်ရပြန်ရော ။ ရှင်တို့  သန်းရွှေကို မကြိုက်ဘူးမို့ လား - သန်းရွှေကို ဖမ်းလို့ အော်ကြလေ - - (ကျနော် အူတက်မတတ်ရယ်ခဲ့ရတယ်)
နောက်တယောက်ကပြောတယ်
စေတနာပါလို့ လုပ်တာမှ မဟုတ်တာ လူကြားကောင်အောင်လုပ်နေတာ စောင့်ကြည့် မဲခိုးလိမ့်မယ် ။
(ဟောဒါကတော့ နိုင်ငံရေးသမာ.တယောက်စကား )
စောင့်ကြည့်ပါဗျာ ပြောင်းတော့မှာပါ - - -
(အထက်ကပြောတဲ့သူတွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလေးစားနေသူတွေပါ)
ဖြေသိမ့်လိုက်
Published on Wednesday, 25 January 2012 09:27
Written by လှရွှေ
“ဖြေသိမ့်လိုက် သူငယ်ချင်း ရှေ့ဆက် မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ အောင်မြင်ပါစေ တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ ဟိုအရင်အချိန်ကကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ”
ကျောင်းသူ၊ ကျောင်းသား တရာကျော်ရဲ့ သံပြိုင်ဆိုလိုက်တဲ့ အသံက လူမနီး သူမနီးမှာ တည်ရှိတဲ့ စီဒီစီ ကျောင်းက ထွက်ပေါ်လာတဲ့ သီချင်းသံဖြစ်ပါတယ်။ အဆိုတော် ၀ိုင်းဝိုင်းရဲ့ “ဖြေသိမ့်လိုက်” သီချင်းကို ဆရာ ဒေါက်တာဘသိန်းဝင်းနှင့် ကျောင်းသားတွေက တယောလေး တစ်လုံးနဲ့ ခံစားမှုအပြည့်နဲ့ သီဆိုလိုက်ခြင်း ဖြစ်ပါတယ်။
အဲဒီနေ့က ကျနော့်အတွက် အမှတ်ရစရာလေး ဖြစ်ခဲ့ပါတယ်။ အိမ်မပြန်ဘဲ ကျောင်းအောက်မှာ အလုပ်လုပ်နေတဲ့ ဆရာတွေလည်း အဲဒီသီချင်းသံကို ကြားတာနဲ့ ကျောင်းအပေါ်ထပ်ကို အပြေးအလွှား တက်လာပြီး အားပေးကြပါတော့တယ်။ အဲဒီသီချင်းလေးကို ကျောင်းသားတွေနဲ့ ရောပြီး သံပြိုင်ဆိုလိုက်ကြပါတော့တယ်။ ကျောင်းသားတွေရော ဆရာတွေပါ ဘ၀တူတွေမို့လားမသိ ဒီသီချင်းလေးကို တော်တော့ကို သဘောကျကြပါတယ်။
ကျနော် စိဒီစီ ကျောင်းမှာ ဆရာလုပ်လာတာ တနှစ်နီးပါးရှိနေပါပြီ။ ကျနော်သင်ရတဲ့ အတန်းက Grade 11 နှင့် Grade 12 တွေဖြစ်ပါတယ်။ အဲဒီနေ့က ကျနော်နဲ့ဆရာ ဦးဝင်းမြင့် နှစ်ယောက်တွဲပြီး သင်ရမယ့် နိုင်ငံရေးသိပ္ပံ အချိန်ကို တယောဆရာ ဒေါက်တာဘသိန်းဝင်းက သူ့ရဲ့ကိုယ်ပွား တယောလေးနဲ့ ပျော်ရွင်မှုတွေ ကင်းဝေပြီး အနိဌာရုံနဲ့သာ အမြဲတွေ့ခဲ့ရတဲ့ ကလေးတွေကို မိတ်ဆက်ပေးလိုက်တာပါ။
ဒေါက်တာဘသိန်းဝင်းကလည်း ဘယ်အချိန်ကတည်းက ပြင်ဆင်ထားမှန်းမသိတဲ့ “ဖြေသိမ့်လိုက်” သီချင်းက ကလေးတွေရဲ့ ကြေမွနေတဲ့ ဘ၀ကို အားပေးလိုက်တဲ့ သီချင်းလေး ဖြစ်နေပြန်တယ်။ ကလေးတွေရဲ့ ပျော်ရွင်မှုက ကျနော်ဆီကို ကူးစက်ပြီး မျက်ရည်စို့ခဲ့ရပါတယ်။
ကျနော်နဲ့ ဆရာဘသိန်းဝင်းရဲ့ အမြင်က တထပ်တည်းကျနေပြန်တယ်။ ကျနော်တို့ရဲ့ နေ့စဉ်သင်ကြားမှုက ၊ သင်္ချာ၊ အင်္ဂလိပ်စာ၊ ဘောဂဗေဒ၊ သမိုင်း စတဲ့ အမှန်တကယ် ငြီးငွေ့ဖွယ်ရာ အတိတွေပါပဲ။ အဲဒီလို ငြီးေွေ့ဖွယ်ရာတွေ ကြားမှာ တယောသင်တန်းလေး တခုပေးရင် ပိုကောင်းမယ် ပြောတော့ ဒေါက်တာ ဘသိန်းဝင်းက ကောင်းတာပေါ့ဗျာတဲ့။ အဲဒီတော့ ဒီသင်တန်းလေး စဖြစ်ဖို့ ကျေင်းသားတွေကို စည်းရုံးတဲ့ အနေနဲ့ တယောရဲ့ ရာဇ၀င်၊ တယောဆိုတာ ဂီတ အားလုံးရဲ့ ဘုရင်ဖြစ်ပုံတွေကို မိတ်ဆက်ပြီးတော့ “ဖြေသိမ့်လိုက်” နဲ့စည်းရုံးလိုက်ပါတော့တယ်။
ကျနော် သင်နေတဲ့ စီဒီိစီ ကျောင်းက မဲဆောက်မြို့ အနီးတ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာရွေ့ပြောင်းကလေးတွေ အတွက် ဖွင့်ထားတဲ့ အထက်တန်းကျောင်း ဖြစ်ပါတယ်။ ကျောင်းသားစုစုပေါင်း ၁၃၀၀ ရှိတဲ့ အထက်တန်းကျောင်းပါ။ မြန်မာပြည်က တိုင်းရင်းသား ပေါင်းစုံကို ကြည့်ချင်တယ် ဆိုရင် စီဒီဒီ ကိုသာလာခဲ့ပါ။ တိုင်းရင်းသား ပေါင်းစုံ ဖြစ်သလို ဘ၀နောက်ခံတွေကလည်း ရင်နာစရာတွေ၊ ၀မ်းနည်းစရာတွေနဲ့ ပြည့်နေတတ်ပါတယ်။
အချို့ကလေးတွေက မိဘနှစ်ပါးလုံး ဘယ်ဆီဘယ်ဝယ် မသိတဲ့ကလေးတွေ၊ အချို့ကလေးတွေက အမိမြန်မာပြည်ရဲ့ စီးပွားရေး အခက်ခဲကြောင့် ရေကြည်ရာ မြက်နုရာ လှည့်လည်လာတဲ့သူတွေရဲ့ ကလေးတွေ၊ အချို့ကလေးတွေက ပြည်တွင်းစစ်မီးကြောင့် ပြေးလာကြတဲ့ ကလေးတွေ စုံလို့ပါပဲ။
ရေရာ သေချာမှု မရှိတဲ့ သူတို့လေးတွေရဲ့ ဘ၀ကလည်း ဖြေသိမ့်တတ်တဲ့ အကျင့်မရှိရင် ရူးချင်စရာ ကောင်းတဲ့ အဖြစ်မျိုးပါ။ အဲဒီလို ကလေးတွေကို ဒေါက်တာ ဘသိန်းဝင်းရဲ့ တယောလေးက လက်ရှိဘ၀ရဲ့ အခြားတဘက်ဆီကို ခေါ်သွားနိုင်ခဲ့ပါတယ်။
ကျနော်တို့ရဲ့ မြန်မာ့ ပညာရေး ယဉ်ကျေးမှုမှာ ကျောင်းသားတွေ အနုရသနဲ့ အထိအတွေ့မရှိခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပါပြီး။ မျိုးဆက် သုံးဆက်လောက်က ကျောင်းပညာရေးမှာ အနုရသနဲ့ထိတွေ့ခံစားမှု မရှိတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အင်မတန်မှ နုနယ်လှတဲ့ ကလေးဘ၀မှာ ဂီတအနုပညာကို ခံစားခွင့် မရရှိခဲ့တာ ရင်နာစရာကောင်းလှပါတယ်။
ကျောင်းတွေမှာ စစ်သူကြီးတွေရဲ့ အောင်မြင်မှုတွေ၊ ဘယ်စစ်ပွဲမှာ ရဲမက်စစ်သည် ဘယ်လောက်ပါခဲ့တယ်၊ ဘယ်လောက် ကျဆုံးတယ် စတဲ့အရာတွေကသာ ကလေးတွေရဲ့ ဘ၀ကို လွမ်းမိုးခဲ့တယ်။ အခုအချိန်မှာ မြန်မာ့နိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ ဦးဆောင်ဦးရွက် ပြုနေတဲ့ အသက်ခြောက်ဆယ်တန်း တွေက ကျောင်းသားဘ၀တွေတုန်းက ဂီတအနုပညာနဲ့ ဝေးခဲ့တဲ့သူတွေပါ။ ဂီတ အနုပညာနဲ့ဝေးခဲ့တဲ့ ဒီပုဂ္ဂိုလ်တွေက အင်မတန်မှ သာယာကြည်နူးဖွယ် ကောင်းတဲ့ ငြိမ်းချမ်းတေးသံကို ခံစားတတ်ပါလေစ လို့တွေးမိတယ်။
ဒေါက်တာဘသိန်းဝင်းရဲ့ တယောသင်တန်း စည်းရုံးရေးက မှန်းထားတာထက် အောင်မြင်ပါတယ်။ ကျောင်းသား၂၀ ကျော် တယောသင်တန်းတက်ဖို့ စာရင်းပေးခဲ့ကြတယ်။ သင်တန်းသား အရေအတွက်နဲ့ တယောအရေ အတွက်က ၁း ၂၀ ဖြစ်ပေမယ့် သင်တန်းလေးကို စလိုက်ပါတော့တယ်။ အခုအချိန်မှာတော့ ဆရာရဲ့ တယောသင်တန်းလေးက အတော်လေး ခရီး ပေါက်နေပါပြီ။
တယောလေး တစ်လုံးနဲ့ စခဲ့တဲ့သင်တန်းဟာ ခုတော့ ဒေါက်တာကြီးက ဘယ်ကနေ မလာမှန်းမသိတဲ့ တယောငါးလုံးနဲ့ တော်တော်လေး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေပါပြီ။ “ အေးဗျာ ကျနော်ကြိုးစားအုံးမယ် မစ်ရှင်တွေလာရင် တယောဆယ်လုံးလောက် ရအောင် အလှူခံအုံးမယ်” လို့ပြောပါတယ်။
ကျောင်းသားတွေရဲ့ ဘ၀တွေနဲ့ အပြိုင် ဆရာဘသိန်းဝင်းရဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆရာက အမေရိကားက ပင်စင်ယူပြီး ထိုင်းမြန်မာနယ်စပ် တလျှောက်က ပညာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ စေတနာ့ ၀န်ထမ်း လုပ်နေတာ ရှစ်နှစ်နီးပါးလောက်ကြာနေပါပြီ။ “ ဆရာလှရွှေရေ့ ကျနော်ကတော့ နေရာမှန်နေပြီဗျာ” တဲ့။ ဆရာသင်တာက Biology၊ အခုတော့ “တယောအဘိုး”လို့ ကလေးတွေက ချစ်ခင်လေးစားတဲ့ စိတ်နဲ့ ခေါ်နေကြပါပြီ။
တယောသင်တန်းစည်းရုံးရေး ပြီးကတည်းက ဆရာရဲ့ ဂီတသင်တန်းလေးကို မရောက်ဖြစ်တာ တလလောက် ရှိမယ်ထင်တယ်။ ဒီနေ့တော့ ဆရာ့ရဲ့ တယောသံလေးကိုနားထောင်အုံးမှာဘဲလို့ စိတ်ပိုင်းဖြတ်ပြီး အောက်ထပ်မှာရှိတဲ့ ဆရာတွေ ရုံးခန်းကနေ စာလေးဖတ်ပြီးနားထောင်ဖြစ်ခဲ့ပါတယ်။ ဆရာက သူရဲ့ အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ တယောသံလေးကို နားထောင်ချင်ရင် မျက်စိမှိတ်၊ စိတ်ကိုတည်ငြိမ်စွာထားပြီး နားထောင်ပါသတဲ့။
သင်တန်းပြီးခါနီး အပေါ်ထပ် သင်တန်းခန်းလေးဆီသွားပြီး ကြည့်လိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျောင်းအပေါ်ထပ်ကိုတက်ခဲ့ပါတယ်။ အခန်းကို ကြည့်လိုက်ချိန်မှာတော့ တယောအစစ်က ငါးလုံး၊ တုတ်ချောင်းလေးကို တယောအဖြစ် ထိုးနေကြတဲ့ ကျောင်းသူလေး ငါးဦးကို တဒင်္ကမြင်ရတဲ့ မြင်ကွင်းက အဆိုတော် ၀ိုင်းဝိုင်းရဲ့ သီချင်းလို “ဖြေသိမ့်လိုက်” ပေါ့ကလေးတို့ရယ်လို့ စိတ်ထဲမှာ ရေရွတ်မိပါတယ်။
ကျနော်တို့တွေ ဘယ်အချိန်ထိ ဖြေသိမ့်ပြီး နေထိုင်ကြရတော့မှာလဲ တွေးရင်း သီချင်းရဲ့ နောက်ဆုံးအပိုဒ်လို “အားတင်းကာ လျှောက်လိုက်ပေါ့” လို့ စိတ်ထဲက သီဆိုမိပါတော့တယ်။
လေးစားရသော ဒေါက်တာဘသိန်းဝင်းနှင့် ကျနော်ချစ်ရသော သင်တန်းသားများသို့
လှရွှေ
(မောက္ခ မဂ္ဂဇင်းမှ ယူပါတယ်)

ပဒိုမန်းငြိမ်းမောင် လွတ်မြောက်လာရန် KNU မှ ထပ်မံတောင်းဆိုသွားမည်
ဇန်န၀ါရီလ ၂၄ရက်၊ ၂၀၁၂။ နန်းသူးလေ (ကေအိုင်စီ)
အစိုးရ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီ ၀င်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင် ပြန်လည်လွတ်မြောက်လာရေးအတွက် ဆက်လက် တောင်းဆိုသွားမည်ဟု KNU က ပြောသည်။KNU ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက “သူ လွတ်မြောက်ဖို့အတွက် တော့ အစိုးရနဲ့ နောက်တကြိမ် ထပ်တွေ့တဲ့အခါမှာ တောင်းဆိုသွားမှာပါ”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် ပဒိုမန်းငြိမ်းမောင် အရေးကိစ္စ တိတိကျကျ မသိရှိရသေးသည့်အပြင် စီရင်ချက်ချမှုနှင့် ပတ်သက်၍ လည်း သေချာစွာ မသိရှိရသေးကြောင်း ပဒိုစောဒေးဗစ်ထောက ဆက်လက် ပြောဆိုသွားသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခဲ့သော် လည်း ပဒိုမန်းငြိမ်းမောင်မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိခဲ့ပေ။
ထို့အပြင် ပဒိုမန်းငြိမ်းမောင် မလွတ်မြောက်သေးသည့်အတွက် အစိုးရနှင့် လက်မှတ်ထိုးပြီးနောက် ၄၅ရက်အတွင်း ထပ်မံ တွေ့ ဆုံမည့် ဆွေးနွေးပွဲတွင် ပဒိုမန်းငြိမ်းမောင်အရေး အပါအ၀င် တောင်းဆိုဆွေးနွေးမည့် အကြောင်းအရာများကို ပြင်ဆင်နေပြီဟု ပဒိုစောဒေးဗစ်ထောက ယခုလို ပြောသည်။
“အဖွဲ့အစည်းအတွက် အလုပ်လုပ်နေတဲ့သူပဲ တောင်းရမှာပေါ့။ သူနဲ့တင် မကပါဘူး။ တို့တွေကို ထမင်းကျွေးလို့ အဖမ်းခံရတဲ့ လူတွေ၊ အထုပ်ထမ်းလို့ အဖမ်းခံရတဲ့လူတွေ၊ ရေတိုက်လို့ အဖမ်းခံရတဲ့လူတွေပါ လွတ်အောင် တောင်းရလိမ့်မယ်”ဟု ပြော သည်။
လာမည့်အပတ်တွင် ပဒိုမန်းငြိမ်းမောင်အား ရုံးထုတ်စစ်ဆေးရာ၌ ရှေ့နေခေါ်ယူသွားပေးမည်ဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်ဟောင်းဖြစ်သူ ကရင်အမျိုးသမီး နော်အုန်းလှကလည်း ယမန်နေ့က ကေအိုင်စီသို့ ပြောဆိုသွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့က မဟာမိတ်အဖွဲ့အချို့နှင့် သွားရောက်တွေ့ဆုံရန် ထိုင်းနိုင်ငံမှတဆင့် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပျောက်ဆုံးသွားခဲ့သူ ပဒိုမန်းငြိမ်းမောင်သည် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရ ကာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ စသည်ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၇နှစ် အကျဉ်းကျခံနေရသည်။
ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တွင် ဗဟိုကော်မတီဝင်တဦးဖြစ်သည့်အပြင် KNU အပါအ၀င် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။
ငိုတယ်ဆိုတာ မိန်းမသားတွေရဲ့ မူပိုင်
"မေမေ ဘာလို့ ငိုတာလဲ"
"မေမေဟာ မိန်းမသားမို့ပေါ့ကွယ်"
"သား နားမလည်ဘူး မေမေ"
"သား တစ်သက်လုံး နားလည်မှာ မဟုတ်ပါဘူး သားရယ်"
"ဖေဖေ... အကြောင်းမရှိဘဲ မေမေ ဘာလို့ ငိုရတာလဲဟင်"
"မိန်းမတွေက ဒီလိုပဲ သားရာ"
ကြီးပြင်းလာတဲ့ အထိ မိန်းမတွေ ဘာလို့ငိုတယ်ဆိုတာကို သား နားမလည်ခဲ့ဘူး။
နောက်တော့ သူဟာ ဘုရားသခင်ကို ဖုန်းဆက် မေးမြန်းပါတော့တယ်။
"မိန်းမတွေ ဘာကြောင့် ငိုရပါသလဲ ဘုရားသခင်"
"မိန်းမတွေကို စတင်ဖန်တီးလိုက် ကတည်းက သူတို့ကို ထူးခြားအောင်
ဖန်တီးခဲ့ပါတယ်။ သူတို့ရဲ့ ပုခုံးနဲ့ ကမ္ဘာကြီးကို ထမ်းပိုးနိုင်အောင်
ဖန်တီးခဲ့သလို ရေလို့ ပျော့ပျောင်းအောင်လည်း ဖန်တီးခဲ့တယ်။ ၀မ်းနည်းမှု၊
နာကျင်မှု၊ သားသမီးတွေရဲ့ ငြင်းပယ်မှုတွေကိုလည်း ခံနိုင်ရည်ရှိအောင်
သူတို့ရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် ဖန်တီးခဲ့တယ်"
"တစ်ခြားသူတွေ လက်လွတ် အရှုံးပေးတဲ့ အချိန်မှာ သူတို့က မလျော့တဲ့ဇွဲနဲ့
တောင့်ခံနိုင်ပြီး ကိုယ့်သားသမီး ကိုယ့်မိသားစုအပေါ် နောင်တ တရားမရဘဲ
ပြုစုစောင့်ရှောက်ပေးနိုင်ဖို့
လည်း ဖန်တီးခဲ့တယ်"
"ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် သားသမီးတွေက ကိုယ့်ကို
ထိခိုက်စော်ကားပြီး စွန့်ပစ်ခဲ့ရင်တောင် ခွင့်လွတ်ပြီး ချစ်တတ်ဖို့လည်း
ဖန်တီးခဲ့တယ်"
"ခင်ပွန်းရဲ့ ပျော့ကွက်နဲ့ အသုံးမ၀င်မှုတွေကို ခွင့်လွတ်သည်းခံပြီး
ကာကွယ်ပေး တတ်ဖို့လည်း ဖန်တီးခဲ့တယ်"
"ယောက်ျားကောင်းတစ်ဦးဟာ ဘယ်တော့မှ ကိုယ့်ဇနီးကို နာကျင်အောင်
မလုပ်ဘူးဆိုတဲ့ အသိဥာဏ်ကိုလည်း ထည့်သွင်းပေးခဲ့တယ်"
"တစ်ခါတလေမှာ ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို
ထောက်ခံ အားပေးတတ်ဖို့လည်း ဖန်တီးခဲ့တယ်"
"နောက်ဆုံး သူ အလိုကျသလောက် မျက်ရည်ကျနိုင်အောင်လည်း ဖန်တီးခဲ့တယ်။ ဒါဟာ
သူပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်"
"မိန်းကလေးတွေ လှတယ်ဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစား၊ သူ့ရဲ့ ခန္ဓာကိုယ်
အချိုးအစားနဲ့ သူ့ရဲ့ ဖီးလိမ်းပြင်ဆင်မှုကြောင့် မဟုတ်ဘူး၊
မိန်းကလေးတွေရဲ့ အလှကို သူတို့ရဲ့ မျက်စိထဲကနေ တွေ့နိုင်တယ်။ မျက်စိဆိုတာ
စိတ်ရဲ့ တံခါးပေါက်ပဲ"
ဒီစာကို မိန်းကလေးတိုင်း ဖတ်မိနိုင်ပါစေ။ မိန်းကလေးတိုင်းကို
ပေးဖတ်လိုက်ပါ။ မိန်းကလေးတိုင်း ဖတ်ရအောင် သင်မျှဝေနိုင်ခဲ့ရင် သင်ဟာ
သူတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။
မိန်းမသားတိုင်း လှကြပါတယ်။
အင်တာနက်ပေါ်မှာ အင်္ဂလိပ်ဗားရှင်း၊ တရုတ်ဗားရှင်း နှစ်မျိုးရှိပါတယ်။ ဒါက
တရုတ်ဗားရှင်းကနေ ဘာသာပြန်ထားတာပါ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်
အင်္ဂါ, 24 ဇန်နဝါရီ 2012
By VOA
ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ ပါကစ္စတန် သမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါပြီ။ သူ့ကိုကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင်နဲ့ ပညာရေးဝန်ကြီး ဦးမြအေးတို့က လေဆိပ်မှာကြိုဆိုခဲ့ကြပါတယ်။ အခုညပိုင်းမှာပဲ သမ္မတ အိမ်တော်မှာ ညစာစားဖို့ ရှိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးမယ်လို့ ပါကစ္စတန်သမ္မတရဲ့ရုံးက ကြိုပြီးသတင်းထုတ် ပြန်ထားတာရှိပါတယ်။ ပါကစ္စတန် နိုင်ငံကို အာစီယံအသင်းနဲ့ အပြည့်အ၀ ဆွေးနွေးဖက်နိုင်ငံအဖြစ် သတ်မှတ်ရေးကိစ္စကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။ မနက်ဖြန်ကျရင်တော့ ပါကစ္စတန်သမ္မတ ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပါလိမ့်မယ်။ ပြီးရင် သတင်းစာရှင်းလငးပွဲလည်း လုပ်ပါလိမ့်မယ်။
ပါကစ္စတန်သမ္မတနဲ့အတူ သူ့ရဲ့ သားနဲ့သမီးလည်း မြန်မာပြည်ကို လိုက်ပါလာခဲ့ကြတာပါ။ သမ္မတ Zardari ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီမှာ သူ့ရဲ့သား Bilawal Zardari Bhutto က ဥက္ကဋ္ဌ ပါ။ ၂၀၀၇ ခုနှစ် မှာ လုပ်ကြံခံရလို့ သေဆုံးခဲ့ရတဲ့ သမ္မတ Zardari ရဲ့ ဇနီး ၀န်ကြီးချုပ်ဟောင်း ဘနီဇီယာဘူတိုဟာလည်း ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့သူတဦးပါ။ ပါကစ္စတန်ပြည်သူ့ပါတီက ဘနီဇီယာဘူတိုရဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့ ၂၀၁၀ပြည့်နှစ် ဇွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုကို မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်မှာပါ။
ပါကစ္စတန် သမ္မတ Zardari ဟာ ရန်ကုန်မြို့မှာရှိတဲ့ မဂိုဘုရင် စပါးရှားရဲ့ အုတ်ဂူကိုလည်း သွားပြီး ဂါရ၀ပြုဖို့ ရှိပါတယ်။

ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..
ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..
ကိုသက်နွယ်(ခ)ညိမ်းလူဟာ ၂၀၀၂ခုနှစ် မှာဗုံးဖောက်ခွဲမှုဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပါတယ်..။ ထောင်တွင်းမှာ သွားများတချောင်းမှ မကျန်အောင် အပြင်းအထန် နှိပ်စက်ခံခဲရပါတယ်...။ အာဏာရှင် ဗိုလ်သန်းရွှေ အာဏာတည်တံ့ခိုင်မြဲဘို့အတွက် အဓိက ဒေါက်တိုင်ဟာ ဗိုလ်ခင်ညွှန့်ပါ..။ မိမိသားသမီးတွေနဲ့ ခွဲခွါနေရတာကိုကြတော့ ကိုယ်တိုင်ခံစားတတ်တယ်..။ ပြီးခဲ့တဲ့ သတင်းတွေမှာ ထောင်ကထွက်လာမယ့် သားကို မျှော်ပြီး လွတ်မလာတဲ့ အတွက် မျှော်လင့်ချက်မဲ့ပြီး သေဆုံးခဲ့ရတဲ့ မိခင်တွေ၊ သားဖြစ်သူ လွတ်လာတဲ့နေ့မှာ ဝမ်းသာလုံးစို့ပြီး သေဆုံးခဲ့ရတဲ့မိခင်တွေကို ဗိုလ်ခင်ညွှန့် ကိုယ်ချင်းစာကြည့်ပါ။
၁၉၈၈ကနေ ၂၀၁၁ခုနှစ်အထိ ထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ သူတွေ သေရာပါ ဒဏ်ရာနဲ့ ဒုက္ခိတဖြစ်ခဲ့ရတဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသား သား၊သမီးတွေကို တွေ့မြင်ခွင့် မရလိုက်ပဲ အသေမဖြောင့်ခဲ့ရတဲ့ မိခင်၊ ဖခင်တွေအတွက်.. သားသမီးချင်း၊ မိဘချင်း ဗိုလ်ခင်ညွန့် ကိုယ်ချင်းစာကြည့်ပါ..။
ပြန်ထွက်လာတဲ့အချိန်မှာ ခေတ်ကာလအကြိုက်ကို ကြိုသိနေပြီး ထောက်လှမ်းရေး အကွက်အတိုင်း ဒေါ်အောင်ဆန်းကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ စကားတခုထဲနဲ့ အမြင်မှန်ရသွားပြီဆိုပြီး ခွင့်လွှတ် လွယ်ကြတဲ့သူတွေ စဉ်းစားကြည့်ကြပါ...။ နာစရာကို လွမ်းစရာနဲ့ ဖြေစရာ တကွက်မှ မရှိသလို.. လွမ်းလောက်လို့လားဗျာ.. ဘုရား၊ တရားပဲလုပ်မယ်ဆိုပြီး တရားသိနေတယ် ဆိုလည်း ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ အကုသိုလ်တွေကို နောင်ဘဝအတွက် မပါအောင် ယောင်္ကျားပီပီ ဝန်ခံတောင်းပန်ပေါ့..။
ပေဖြစ်လည်းခံ တူဖြစ်လည်းခံနေရတဲ့ ကျွန်တော်တို့ မြန်မာတွေ တခြားနေရာမှာခွင့်လွှတ်လွယ်တာ မပြောလိုပေမယ့်.. ကျားက သက်သက်လွတ် စားပြီဆိုပြီး ခွင့်လွှတ် လွယ်လွန်းတာကတော့ ခံခဲ့ရတဲ့သူတွေကို မညှာတာရာ ရောက်ပါတယ်..။ တောင်းပန်ပါတယ်ဆိုတဲ့ နောင်တတရားရတဲ့ စကားတလုံး မထွက်လာသ၍ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိလို့ မြင်ပါတယ်။ ထောင်ထဲမှာ ပေးဆပ်ခဲ့ရတဲ့သူတွေနဲ့ အာဏာစာခွက်လုရင်း မြောင်းထဲရောက်ခဲ့တဲသူ နှိုင်းယှဉ်စရာမရှိပါ..။ မစင်ပုံထဲက လောက်ကို ကျွန်တော်တို့ ဆင်းမဆယ်မိဖို့ ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ်လွယ် သူများအား လွမ်းလောက်လို့လားလို့ မေးပါရစေ၊ ပြောပါရစေဗျာ။
ဒီမိုဝေယံ
ပြုသူအသစ် ဖြစ်သူအဟောင်းလို့ ဆိုပေမယ့် ဗိုလ်ခင်ညွန့်လက်ထက်မှာ မတရားခံရသူ အတွက်ကတော့ အသစ်တွေပါပဲဗျာ..
နဝတ၊ နအဖလက်ထက် မြန်မာပြည်ရဲ့ ဗုံးပေါက်ကွဲမှုတွေမှာ တရားခံကို ဖမ်းမိရိုးထုံးစံရှိလား..။ နဝတ၊ နအဖလက်ထက် တန်ခိုးလက်စောင်းထက်ခဲ့တာ ဗိုလ်ခင်ညွန့်နဲ့ အပေါင်းအပါတွေပါ.. နအဖအတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးကို အချင်းချင်း ခွက်စောင်းခုတ် ဖြုတ်ထုတ်သတ် ဗုံးခွဲလုပ်ကြံကြတာ မှတ်မိကြမှာပါ..။ အမှုမှန်ပေါ်ပေါက်ရဲ့လား... နောက်ဆုံးခံရတာတော့ တက်ကြွတဲ့နိုင်ငံရေး လှုပ်ရှားသူတွေလေ..။ တံတွေးလက်ညှိုးဆွတ် ခါးထိုးပြီး မကောင်းသူ ထိပ်ကောင်းသူထိပ်ပေါ့.. အခုတော့ တရားခံက အပြုံးမပျက် ပြည်တွင်းဂျာနယ်တွေမှာ သူရဲကောင်း ယောင်ယောင် နေရာဝင်ယူ နေပါတယ်..။
ခံခဲ့ရတဲ့ ကိုသက်နွယ်(ခ) ကိုညိမ်းလူ ကတော့ ကိုယ်မလုပ်ခဲ့ရတဲ့ ကျူးလွန်ခြင်းမရှိတဲ့ ပြစ်မှုအတွက် နောက်ဆုံးအချိန်မှာ ဒုက္ခမျိုးစုံ ခံစားရင်း အခန်းကျဉ်းလေး တခုထဲက ဖျာကြမ်းပေါ်မှာ ခေါင်းအုံးတလုံး၊ ဆောင်လေး တစ်ထည်.. ပတ်ဝန်းကျင်က ကူညီသူ အနည်းငယ်နဲ့ လောကကြီးကို ကျောခိုင်း ထွက်ခွာသွားပါပြီ..။
အောက်မှာတော့ ယခုသတင်း ဆောင်းပါးမှာ လာရောက်ကွန်မာန့်ပေးသွားတဲ့ ကိုငယ်ရဲ့ ကွန်မာန့်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်..
ကိုသက်နွယ်(ခ)ညိမ်းလူ အနှိပ်စက်ခံခဲ့ရတဲ့နည်းတွေထဲက တခုကိုတော့ ကျွန်တော်ပြောပြချင်တယ်၊ ရိုင်းသွာရင်ခွင့်လွှတ်ပါ၊ အမှန်တရားကို သိစေချင်တာကြောင့်ပါ၊ ဗုံးခွဲတယ်ဆိုပြီးစွပ်စွဲပြီးတော့ လူ့ရဲ့မစင်ကိုအတင်းအကြပ် ကျွေးပါတယ်၊ မစားလို့စေ့ထားတဲ့ သွားကိုရိုက်ချိုးပြီး လူ့မစင်ကိုပါးစပ်ထဲ အဓမ္မ သိပ်ထည့်ပြီး မျိုချခိုင်းပါတယ်၊ နောက်ထပ်အလုပ်မခံချင်ရင် ပြစ်မှုကိုကျူးလွန် မိခဲ့ပါတယ်ဆိုပြီး မမှန်မကန်တဲ့ဖြောင့်ချက်ကိုယူဘို့ ချိန်းခြောက်ပါတယ်၊ အစပိုင်း တော့အဲဒီလို အမှန်အတိုင်း မလုပ်ဘူးကြီး ဖြေနေလိုက်တာ လေးခါလောက်လဲ စစ်လိုက်ရော ပါးစပ်မှာ အံသွားလောက်ဘဲကျန်တဲ့ အခြေအနေ ဖြစ်သွားပါတယ်၊ နောက်ဆုံး စစ်ဆေးရေးအလိုကျ ပြောပါ့မယ်လို့ ကတိပေးမှ ယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးတဲ့ပုံစံကို ဗီဒီယိုရိုက်ထားပါတယ်၊ ထုံးစံအတိုင်း ဘယ်သူ့ချိန်းခြောက်မှုမှ မပါဘဲ မိမိသဘောအတိုင်း အဖြစ်မှန်ကို ထွက်ဆိုခဲ့တဲ့ ပုံစံဖြစ်အောင် သက်သေအဖြစ် မှတ်တမ်းတင်ထားပါတယ်၊ နောက်ဆုံးတော့ ဝန်ခံဖြောင်ချက်ပေးတဲ့အတွက် သေဒါဏ်အစား ထောင်ဒါဏ် တသက်တကျွန်း တံခါးပိတ် အမိန့်ချလိုက်တယ်။ သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့ သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး ပါးစပ်ထဲမှာ အနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ သဘောထားကြပါလို့ ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ သွေးတွေ ဆူလာပါတယ်ဗျာ။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့ ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။
ကိုယ်မကျူးလွန်တဲ့ ပြစ်ဒဏ်အတွက် ဗိုလ်ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေရဲ့ မြေဇာပင်ဖြစ်ခဲ့ရတဲ့ ကိုသက်နွယ်(ခ)ညိမ်းလူ ကောင်းရာ သုဂတိလားပါစေ...။
ငရဲပွက်ပမာ သေဆုံးသူတို့၏ AB မြောက်ပိုင်းမှ အရိုးတွန်သံများ
သင်တို့၏ မင်းမဲ့စရိုက်ဆန်စွာ အမိန့်အာဏာတို့ဖြင့်
ပါးကွက်သားဆန်ဆန် သတ်ဖြတ်ခဲ့သော
AB မြောက်ပိုင်းမှ တော်လှန်သူတို့၏ အရိုးတွန်သံများသည်
ငရဲပွက်ကဲ့ပမာ ပဲ့တင်ရိုက်ခပ်
ညပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး
သင်တို့အား ညစဉ်လိုလို ခြောက်လှန့်စေမည်ဖြစ်သည်။
ပြေးလို့လွတ်မည်မဟုတ်သည့် ထို- ရာဇဝင်သွေးကြွေးတို့ကို
သင်နှင့် ပြုသူအပေါင်းတို့က
ပြန်လည် လည်စဉ်းခံ၍ ပေးဆပ်ကြရမည်ဖြစ်သည်။
သင်တို့၏ အာဏာရမက်ဇောတွေကြောင့်
အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုစနစ်ဆိုးအောက်
များစွာသော AB ရဲဘော်အပေါင်းတို့သည်
ဒုက္ခမျိုးစုံတို့ကို ကြုံဆုံစေခဲ့ပြီး
ဌက်ဖျားမိလို့အခြေမလှ ပြန်ကြသူတွေလည်း ရှိ၊
တစ်ရက်ဆေးမကူ သေသူတွေလည်း ရှိ၊
ခေါင်းဆောင်ပိုင်းတချို့ ရွှေရ ငွေရ
ဟန်ကျနေသူတွေလည်းရှိ၊
အဲဒီခေါင်းဆောင်တွေပဲ
ရေငတ်လျှင်ဘီယာသောက် သရဲကြောက်လို့ အဖော်ခေါ်အိပ့်
နောင်ရေးစိတ်အေးဖို့ အိမ်မြေ- ခြံ- ကားတွေလည်း
တိတ်တစိတ် ဝယ်ယူထားကြလေရဲ့။
မြောက်ပိုင်း အေဘီမှ ငရဲပွက်ပမာ
သေဆုံးသူတို့၏ တောက်ခေါက်သံ ပြင်းပြင်းတို့သည်
နေ့ပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့ပြီး
နေ့စဉ်လိုလို သင်တို့အား
အရိပ့်မဲ့တစ္ဆေကဲ့သို့ ခြောက်လှန့်နေဦးမည်ဖြစ်သည်။
ထိုသူတို့၏ ရာဇဝင်သွေးကြွေးကို ငါတို့ဆပ် အံ့၊
ငါတို့၏ ချွန်မြသော ကလောင်သွားဖြင့်
ရာဇဝင်သမိုင်းမှန်များကို ရေးဖော်ကြ၊
ငါတို့၏ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှအားတို့ဖြင့်
အမှန်တရားကို တူးဖော်ကြ၊
ကမ္ဘာကုန်တည်သ၍ ငါတို့၏ စိတ်အစဉ်ဝယ်
ရက်စက်သူတို့အပေါ်
ဖြေသော် မပြေ- ချေသော်- မကြေ ကမ္ဘာမကြေပဲဟေ့းးးးးးးးးးးးးးးး။ ။
( အမေ့သား ) ဒိန်းမတ်
ABSDF တွင် မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ လူမဆန်စွာ ရက်ရက်စက်စက်
အမိန့်ပေးသတ်ဖြတ်ခဲ့သော လူသတ်တရားခံများကို ဤ- ကဗျာဖြင့်
ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သည်။
ကိုဗလိုင် ( ခ) အောင်စိုး ABSDF ( ၁၀၁ ) ( ၁၀၂ ) တပ်ရင်း ဘုရားသုံးဆူဒေသ။
Subscribe to:
Posts (Atom)