NLDမှ ကြားဖြတ်ရွေးကောက်ပွဲအတွက် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မွေးထုတ်ပေးလျက်ရှိ


ဇေယျာသော်
နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံမည့် ဟစ်ဟော့ အဆိုတော် ဇေယျာ
သော် (ခ) ဖြိုးဇေယျာသော်မှာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကို တည်ထောင်သူတဦးဖြစ်ပြီး ၂ဝဝ၈ ခုနှစ်အတွင်းက ဖမ်းဆီးခံရကာ ထောင်ဒဏ် လေးနှစ် ကျခံခဲ့ရ
ပြီး ၂ဝ၁၁ မေလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ တဦးဖြစ်သည်။
 မစန္ဒာမင်း
မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်၈၈ မျိုးဆက်ကျောင်းသူ
မစန္ဒာမင်း (ခ) ရွှီး မှာ ၂ဝဝ၇ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး မတရားသင်း
ပုဒ်မဖြင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရကာ ဇန်နဝါရီလ ၁၃ ရက်နေ့လွတ်ငြိမ်းချမ်းသာ
ခွင့်ဖြင့် မြောင်းမြထောင်မှပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပြီး နိုင်ငံရေးတွင် ထက်မြက် တက်ကြွသူဖြစ်သည်။ 
ဒက္ခိဏသီရိမြို့နယ်မှ NLD လူငယ် ကိုနိုင်ငံလင်းက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ 
ကိုနိုင်ငံလင်းမှာ အသက် ၂၈ နှစ်ခန့်ရှိပြီဖြစ်ပြီး ၂ဝဝ၉ ခုနှစ် ဇွန်လအတွင်း  ကွန်ပျူတာအသုံး
ပြုမှုဖြင့် အဖမ်းခံခဲ့ရပြီး အောင်သပြေစစ်ကြောရေး စခန်း၌ နှစ်လကျော်ကြာ စစ်ဆေးခံခဲ့ရပြီး
ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။
မဲဆန္ဒနယ် ဥတ္တရသီရိမြို့နယ်မှ ဝင်ရောက် အရွေးခံမည့် ဦးမင်းသူသည် မန္တလေးတက္ကသိုလ်မှ 
၁၉၈၁ ခုနှစ်တွင် ဓာတုဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ၂ဝဝ၇ စက်တင်ဘာလ ၂၅ ရက်
နေ့တွင် ဥပဒေဆန့်ကျင်သည့်အဖွဲ့ နှင့် ပါဝင်ပါတ်သက်မှု ထောင်ဒဏ် ၁၃ နှစ်ကျခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။
NLDမှ ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း နောက်ဆုံး
ရွေးချယ်မှုတွင် အနာဂတ်အတွက် လူငယ်အမြောက်အများ ရွေးချယ်တင်မြောက်ပေး
လျက်ရှိရာ ပြည်သူချစ်သော အနုပညာရှင်များနှင့် နိုင်ငံရေးထက်သန်သူ လူငယ်များကို
မွေးထုတ်ပေးနေသည်။ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရာတွင်  လွတ်လပ်၍တရားမျှတ
သည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကို အနာဂတ်လူငယ်များ၏ ကြိုးပမ်းမှု စွမ်းပကား
ဖြင့် မိမိ၏နိုင်ငံကို မိမိအသိစိတ်ဓါတ် စိတ်ကူးဖြင့် ယနေ့ ခတ်နှင့်အညီ တည်ဆောက်နိုင်မည်
ဖြစ်သည်။

ကျွန်တော် သိခဲ့တဲ့ ကိုထွန်းအောင်ကျော် (သို့) ၈၈ ရဲ့ ကိုဗဟိန်း

အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၄၊ ၂၀၁၂


http://www.kaungkin.com/မှ ကူးယူဖော်ပြပါသည်...
တံတားအောက်၌ မြစ်ရေတို့စီးဆင်းနေဆဲ ... အနှစ် နှစ်ဆယ်ကျော် အချိန်ကာလတို့သည် အာရုံအမြင်တို့ကို ဝေး၀ါးစေခဲ့သည်။ တချို့တပိုင်းတစ ... တချို့ဝိုးတ၀ါး ... မည်သို့ပင်ဖြစ်စေ တခါကပုံရိပ်တို့ကို ကျနော့်နှလုံးသားဖြင့် လိုက်လံ ဖမ်းဆုပ် စုစည်းကြည့်မိသည်။ မိမိ ရင်ခုန်သံကို မိမိပြန်လည်ခံစားလာရသည်။ ဆရာတာရာကတော့ သူ၏ ဒို့ခေတ်ကိုရောက်ရမည်မလွဲပါ စာအုပ်အမှာ၌ “ကျနော် ရင်ခုန်သံကို ယုံကြည်သည်။ ရင်ခုန်သံသည် ခံစားမှု အစစ်အမှန်ဖြစ်သည်” ဟုရေးသားခဲ့ဖူးသည်။

ကျနော်သည်လည်းဤစာစုကို ...

(ခ)

တလောက အင်တာနက် စာမျက်နှာပေါ်မှာ သူ့ဓါတ်ပုံကို ပြန်တွေ့လိုက်ရသည်။ ပုံထဲတွင် သူက ဖီးလ်ဂျက်ကက်နှင့် အောက်ခံ ပြောက်ကျားအင်္ကျီဖြင့်၊ တောထဲတွင် ရိုက်ထားသည့် ပုံထင်သည်။ သူ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌဘ၀နှင့် ရိုက်ထားပုံ ဖြစ်မည်။ သို့သော် ပုံထဲ၌ သူ့အပြုံးက တောက်ပ ၀င်းပြက်ဆဲ။

သူ့ကို ကျနော်စတွေ့တုန်းက ဤပုံမျိုး မဟုတ်။ လည်ကတုံးအင်္ကျီအဖြူ ကချင်ပုဆိုးကွက်စိပ်နှင့်၊ အပြုံးကတော့ အခုဓါတ်ပုံထဲကလိုပင် တောက်ပ၀င်းပြက်လျှက် ... နေရာက ရန်ကုန်လမ်းမတော်ဆေးတက္ကသိုလ် (၁) စာသင်ခန်းမတခုထဲမှာ၊ ကျနော်တို့ ရှေ့တည့်တည့်ရှိ ဘလက်ဘုတ်ပေါ်၌ မြေဖြူဖြင့် ကြားဖြတ်အစိုးရ ညှိနှိုင်းဆွေးနွေးပွဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဟုရေးထားပြီး အောက်ကရက်စွဲမှာ (၁၃.၉.၈၈)၊ ဘလက်ဘုတ်ရှေ့ ဆရာစင်မြင့်ပေါ်မှာ စီချထားသော ကုလားထိုင်ခုံများပေါ်၌ ဗိုလ်ရန်နိုင်၊ ဗိုလ်အောင်ကြီး၊ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝမ်ကိုဟော (ချင်းအမျိုးသားခေါင်းဆောင်) တို့ ထိုင်နေကြသည်။

ကျနော်တို့ ကျောင်းသားတွေက ၎င်းတို့ရှေ့ရှိ စာသင်ခုံတွေမှာ အစီအရီ ထိုင်နေကြသည်။ ဦးစွာ ကျောင်းသားခေါင်းဆောင်တချို့ တယောက်တလှည့် ဆွေးနွေးကြသည်။ (ဆွေးနွေးသည် ဆိုခြင်းထက် တင်ပြ တိုက်တွန်း တောင်းဆိုသည်ဆိုက ပိုမှန်မည်ထင်သည်။) ကျောင်းသားများဘက်မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် တင်ပြခဲ့ပြီးနောက် လူထုခေါင်းဆောင်များဘက်မှ ပြန်ပြောကြပါသည်။ ပထမဆုံး ၀န်ကြီးချုပ်ဟောင်း သခင်နု ပြောသည်။

သူကစက်တင်ဘာလ (၉) ရက်နေ့က သူဖွဲ့ စည်းခဲ့သော စင်ပြိုင်အစိုးရထဲတွင် အားလုံးပူးပေါင်းပါဝင်ပြီး ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်ပြောသည်။ ထို့နောက် ဗိုလ်အောင်ကြီးကအားလုံး မပါဝင် မတိုင်ပင်ဘဲလုပ်လျှင် သူပါဝင်မည် မဟုတ်ကြောင်း ခပ်တိုတိုပဲ ပြောသည်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသည်။ ဒေါ်စုက ကျောင်းသားများ အစည်းအဝေး ဆို၍ သူလာခြင်း ဖြစ်ကြောင်း၊ ဘာအစည်းအဝေး ဟု ကြိုပြောမထားကြောင်း၊ ဒီရောက်မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်ဖြစ်နေကြောင်း ဒီကိစ္စ၌ သူပါဝင်မည် မဟုတ်ကြောင်း ပြောသွားခဲ့သည်။

ဦးတင်ဦးကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခြင်းဖြင့် မိမိတို့၏ လိုရာပန်းတိုင်ကို ရနိုင်မည်ဟု ထင်ကြောင်းပြောသည်။ ဦးဝမ်ကိုဟောကတော့ ဦးနုနှင့် တသဘောထဲ ပြောသည်။ နောက်ဆုံး၌ ဗိုလ်ရန်နိုင် ပြောပါသည်။ ၎င်းတို့အားလုံးတွင် ကျောင်းသားထုဆန္ဒ (အမှန်တော့ ကျောင်းထုဆန္ဒ သက်သက်မဟုတ်ပါ တတိုင်းပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီးနှင့် လူထုတရပ်လုံးက ညီတညွတ်တည်း ကြားဖြတ်အစိုးရကို တောင်းဆိုနေချိန်ဖြစ်ပါသည်။) နှင့် အကိုက်ညီဆုံး အရိုးသားဆုံး ပြောသွားသူမှာ ရဲဘော်သုံးကျိပ်ဝင်နှင့် နယ်ချဲ့ဆန့်ကျင်ရေးခေတ် တကသ၊ ဗကသခေါင်းဆောင်ဟောင်း ကိုထွန်းရှိန် (ခေါ်) ဗိုလ်ရန်နိုင်ဖြစ်ပါသည်။ ဗိုလ်ရန်နိုင်က ကျောင်းသားများ တင်ပြတောင်းဆိုသော ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို သူ့အနေဖြင့် အကြွင်းမဲ့ ထောက်ခံသဘောတူကြောင်း ကြားဖြတ်အစိုးရ ဖွဲ့ခဲ့လျှင် သူ့ကို မည်သည့်တာဝန်ပေးပေး ထမ်းဆောင်ရန်အသင့်ရှိကြောင်း ဒီနေ့ကြားဖြတ်အစိုးရ ဖွဲ့ပြီးလျှင် နောက်တနေ့တွင် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း (၂၄၀) ကျော် အကူအညီရစေရမည်ဟု သူအာမခံကြောင်း ပြောသွားပါသည်။

ထိုသို့ လူထုခေါင်းဆောင်များ ပြောပြီးနောက် ကျောင်းသားများဘက်မှ တဖန်ပြန်လည်ဆွေးနွေးကြပါသည်။ ခန်းမ၏ ညာဘက်ခြမ်း အလယ်ခုံလောက်မှ အရပ်မနိမ့်မမြင့် အသားဖြူဖြူပိန်ပိန်ပါးပါး လည်ကတုံးအင်္ကျီဖြူ ကချင်ပုဆိုးနှင့် ကျောင်းသားခေါင်းဆောင်တစ်ဦး ထိုင်ခုံမှထ၍ ဆွေးနွေးပါသည်။ ပထမ၌ သူ့အသံကို မကြားတချက် ကြားတချက်၊ နဲနဲအရှိန်ရလာတော့ သူ့အသံက ကြည်လင်ပြတ်သားလာပြီး အထစ်အငေါ့မရှိ ကြားဖြတ်အစိုးရဖွဲ့စည်းရန် အမြန်ဆုံးလိုအပ်နေပုံ၊ အချိန်သိပ်မရှိတော့၍ လူထုဘက်မှ လက်ဦးမှုယူပြီး ဖွဲ့စည်းနိုင်မှ ဖြစ်မည်ဟု ပြောသွားပါသည်။

သူပြောပုံက ထိုအချိန်က ပကတိ အခြေအနေ အချက်အလက်များနှင့် အကိုက်ညီဆုံး စကားလုံးများ ဖြစ်နေသည်။ သူကပြောနေရင်း ရှေ့စားပွဲခုံပေါ်၌ချထားသော သူ့မှတ်စုစာအုပ်ကလေးကိုလည်း လက်ဖြင့်ထောက်ကာ ကြည့်ရင်းပြောသွားပါသည်။ သူပြောပုံက အခြားကျောင်းသားခေါင်းဆောင်တွေ ပြောပုံနှင့် နဲနဲကွာခြားနေသည်ဟု ကျနော်ခံစားမိသည်။ စိတ်လှုပ်ရှားမှု (Emotion) ဖြင့် ပြောခြင်းမျိုးမဟုတ်၊ သေသေချာချာနေ့စွဲ အဖြစ်အပျက်များကို ရေးမှတ်ထားပြီး အချက်အလက်နှင့် ကိုးကား ပြောသွားသည်။ ထိုစဉ်ကသူသည် မန္တလေး ဂျီတီအိုင်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ နှင့် မန္တလေး ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ အနေဖြင့် ပြောခြင်းဖြစ်သည်။

အထက်ဗမာပြည်မှ ကျောင်းသားခေါင်းဆောင်များအဖြစ် ကိုသန့်စင် နှင့် ကိုထွန်းအောင်ကျော် တို့နှစ်ယောက် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဤကားသူနှင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သလို သူ့ကိုပထမဆုံး သတိပြုမိခြင်းလည်း ဖြစ်ပါသည်။

(ဂ)

စစ်တပ်မှ အာဏာသိမ်းခံခဲ့ရပြီးနောက် ၁၉၈၈ နှစ်ကုန်ပိုင်းခန့်တွင် ဗဟန်းအုတ်လမ်းရှိ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးကျော်ငြိမ်းအိမ် ကားဂိုဒေါင်ထဲမှ အစည်းအဝေးများတွင် သူ့ကိုပြန်တွေ့ရသည်။ ကျနော်တို့သည် တချိန်က နာမည်ကျော် ပြည်ထဲရေးဝန်ကြီးဟောင်း၏ ကားဂိုဒေါင် မျက်နှာကျက် ထုတ်တန်း သစ်သားတန်းများပေါ်ရှိ ၀ါကြန့်ကြန့် သတင်းစာဖိုင်တွဲများ မှတ်တမ်းမှတ်စုများကို မျက်နှာကျက်မိုးသဖွယ် ပြုလုပ်ထားသောအောက်ရှိ ကြမ်းခင်းပေါ်၌ ၀ိုင်းဖွဲ့စုထိုင်ပြီး ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေး၊ ဗကသနှင့် မကသ ပေါင်းစည်းရေး၊ ကျောင်းသားညီညွတ်ရေးနှင့် အထက်ဗမာပြည် အောက်ဗမာပြည် ကျောင်းသာလှုပ်ရှားမှုများ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရေး စသည့် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

တနေ့အစည်းအဝေးတွင် သူ အတန်ငယ်နောက်ကျမှ ရောက်လာပြီး ကျနော့်နံဘေးတွင် ၀င်ထိုင်လိုက်သည်။ ကျနော့်ကိုသူ ပြုံးပြနှုတ်ဆက်ရင်း ကျနော့်ရှေ့ကြမ်းပြင်ပေါ်တွင် ချထားသော သခင်ဗဟိန်း၏ “ဓနရှင်လောက” ဆိုသော စာအုပ်ကို ဖျက်ကနဲကောက်ယူပြီး ချက်ချင်းပင် မှောက်လျှက်အနေထေား ပြန်ချထားလိုက်သည်။ ပြီးတော့ ဘာမှမဖြစ်သလို လက်ကို မေးစေ့ထောက်ကာ ဆွေးနွေးပွဲကို အရှိန်မပျက် ဆက်နားထောင်နေသည်။

တချက်တချက် သူလည်းဝင်ဆွေးနွေးသည်။ အစည်းအဝေးပြီးတော့ ကျနော့်နောက်မှ သူလိုက်လာပြီး ပခုံးကို လက်ဖြင့်ပုတ်ကာ “ဒီလိုအစည်းအဝေးမျိုးတွေကို အဲဒီလို စာအုပ်မျိုးတွေ ယူမလာစေချင်ဘူး ရဲဘော်ရာ” ဟု ကျနော့်အတွက် စိုးရိမ်သောလေသံဖြင့် သတိပေးလိုက်သည်။ ကျနော်ကလည်း ဘာရယ်တော့ မဟုတ်ပါ လက်မှာကိုင်ထားသော သခင်ဗဟိန်း၏ စာအုပ်ထဲတွင် သခင်သန်းထွန်း၏ အင်းမတန် လှပသော အမှာစာပါသည်။ ထိုအမှာရေးဖွဲ့ပုံကို ကျနော်တော်တော် သဘောတွေ့နေမိ၍ ထပ်ကာထက်ကာ ဖတ်မိခြင်းဖြစ်ပြီး အခြားအကြောင်းမရှိပါ။ သို့သော် ထိုစဉ်က သူစိုးရိမ်သလို ဗကသ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုကို ဗကပ ယူဂျီလုပ်ငန်းနှင့် ဆပ်စပ်လျက်ဖြိုခွင်းရန် ကြံစည်နေချိန်၊ သန့်ရှင်းဖြူစင်သော ကျောင်းသားလှုပ်ရှားမှုကို မစင်တပဲသား ခပ်ရန်ကြံစည်နေချိန် မဟုတ်ပါလား။ အတွေးအခေါ်အရ နလပိန်းတုံးများသည် လုပ်ကြံမှုအရာ၌ ပါရဂူမြောက်လှပေသည်။

အဲဒီနောက် သူနှင့်ကျနော် ခင်မင်သွားသည်။ သူ့ရုပ်ရည်က လူတဖက်သားကို ခင်မင်နှစ်လိုဖွယ်ကောင်းအောင် စွမ်းဆောင်နိုင်စွမ်း ရှိသည်ဟုကျနော်ထင်သည်။ တခါတရံ လူ့ဘောင်သစ် ၀ါးရုံပင် စခန်း ရုံးတွင် လည်းကောင်း တခါတရံ ဦးကျော်ငြိမ်း ကားဂိုဒေါင်ထဲမှာလည်းကောင်း သူနှင့် ဖြတ်ကနဲဖြတ်ကနဲ ဆုံဖြစ်ခဲ့ ကြပါသည်။

သူ့ပုံက ဖြူဖြူသန့်သန့်ရုပ်ချောချော ကျနော်တို့ ၈၈ မျိုးဆက် ခေတ်ပြိုင် ကျောင်းသား ခေါင်းဆောင်များထဲတွင် သူ့လို ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင် ခပ်ရှားရှား ဟု ပြော၍ ရမည်လားမသိ။ သူ့ကို ကျနော်တွေ့တိုင်း နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးခေတ်က ကျနော်တို့ ကြည်ညိုလေးစားခဲ့ရသော ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကို ကျနော့်စိတ်ထဲ သွားသွားသတိရနေမိသည်။ သူကလည်း မန္တလေးသားမဟုတ်လား။

ဒီလိုနဲ့ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ဆုံးတော့ ကျနော်တို့တတွေ အစည်းအဝေးလုပ်ပြီး လူထုဈာပန ကော်မတီ ဖွဲ့ခဲ့ကြသည်။ ထိုကော်မတီဖွဲ့ရန် အကြံပေးသူကား မှိုင်းရာပြည့်အရေးအခင်းကျောင်းသားခေါင်းဆောင် ကိုမြမှိုင်း (ခေါ်) ကိုမြ၀င်း ဖြစ်သည်။ ၎င်းကော်မတီတွင် သူသည် မင်းကိုနိုင်၊ ကိုကိုကြီး၊ စသူတို့နှင့်အတူ အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် အဖြစ် ရှေ့တန်းမှာ ပါဝင်ခဲ့သည်။ ဗိုလ်ချုပ်ကတော်

ဒေါ်ခင်ကြည့်ဈာပန တင်ဆောင်ထားသော ယာဉ်တန်းရှေ့တွင် သူသည် မင်းကိုနိုင် အပါအ၀င် အခြားကျောင်းသားခေါင်းဆောင်များနှင့် လက်ချင်းတွဲချိတ်ကာ အံကိုကြိတ်လျက် ကမ္ဘာမကြေဘူးသီချင်းကို သံပြိုင် သီဆိုရင်း ဈာပန လိုက်ပါ ပို့ဆောင်ခဲ့ကြပုံကို ခုအချိန်အထိ ကျနော့်မျက်စိထဲကမထွက်။ ထိုစဉ်ကကျောင်းသားခေါင်းဆောင် အားလုံးလိုလို မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ကြရသည်။ ကန်တော်မင် ပန်းခြံသို့ ဈာပနယာဉ်ရောက်သောအခါ စစ်ရုံးချုပ်ဘက်ကုန်းမြင့်ပေါ်မှ မောင်းပြန်သေနတ်များဖြင့် ချိန်ရွယ်ထားသော စစ်သားများရှေ့တွင် မင်းကိုနိုင်နှင့် မင်းဇေယျာတို့ အပြိုင်တရားဟောလျက် ဒေါ်ခင်ကြည့်ဈာပနကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

ဈာပနပြီး နောက်နေ့တွင် ဖြစ်မည်ထင်သည် သူနှင့်ကျနော် ရန်ကင်း စာတိုက်မှတ်တိုင်နားက ဂန္ဓမာ လ္ဘက်ရည်ဆိုင်လေးမှာ တွေ့ဖြစ်ခဲ့ကြသည်။ ဗကသ ဒုဥကဋ္ဌ ကိုကိုကြီး (ကေကျု့) နှင့် ကိုမြ၀င်းတို့လည်း ပါသည်။ ထို့နောက်ကျနော်တို့ကို သူ မန္တလေးပြန်တော့မည်ဟု ပြောပြီး နှုတ်ဆက်ရင်း လူစုခွဲကြသည်။ သူ့ကို ကားမှတ်တိုင်အထိ ကျနော်လိုက်ပို့ခဲ့သည်။ ကားလမ်းဖြတ်အကူး သူက ဘေးဘီကိုကြည့်ကာ လေသံဖြင့် “ကျနော် တောထဲကိုသွားတော့မယ်”ဟု ပြောခဲ့သည်။

ဘယ်ဘက်လည်း ဟု ကျနော်မေးတော့ “မြောက်ပိုင်း ကချင်ဘက်လေ၊ မန္တလေးက ကျနော်တို့လူတွေ ရောက်နှင့်နေပြီ” ဟုသူပြောခဲ့သည်။ မကြာခင် ၃၆ ဘတ်စကားဆိုက်လာ၍ ကားပေါ်သို့ သူတိုးဝှေ့တက်သွားသည်။ သူလိုက်ပါသွားသော ဒုတိယကမ္ဘာစစ်လက်ကျန် ဘတ်စကားအိုကြီးကိုငေးကြည့်ရင်း ကျနော်ကျန်ရစ်ခဲ့ပါသည်။

ဤကား သူနှင့် နောက်ဆုံး တွေ့ဆုံခြင်း ဖြစ်ပါသည်။ ထို့နောက် သူနှင့်မတွေ့ဖြစ်တော့ပါ၊ သူ့အသံဘာမှ မကြားရတော့ ... ။

…………

…………

…………

(ဃ)

ကျနော် အဖမ်းမခံရခင် တလလောက်အလို မေလထဲတွင် ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်၏ သတင်းစာ ရှင်းလင်းပွဲ ထွက်လာသည်။ အေဘီမြောက်ပိုင်း အချုပ်ခန်းထဲမှ ထွက်ပြေး လွတ်မြောက်လာသော ကျောင်းသား အချို့၏ သတင်းစာရှင်းလင်းပွဲ၊ ကျနော် သတင်းစာလည်း ဖတ်ဖြစ်သည်။ တီဗွီဖန်သားပြင်၌လည်း ကြည့်ဖြစ်သည်။ ထိုကျောင်းသားတွေ မျက်နှာပေါ်တွင် မလွှဲမရှာင်သာ လုပ်ခဲ့ရသောသူများ၏ မျက်နှာအသွင်အပြင်ကို အထင်းသားတွေ့မြင်နေရသည်။

ထိုသူတို့၏ပြောဆိုချက်အရ ကိုထွန်းအောင်ကျော်ကို လပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်အစိုးရ သူလျှိုဟု စွပ်စွဲလျက် ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံခဲ့ရသည်။

ကျနော့်နားနှင့် မျက်စိကိုပင် ကျနော်မယုံနိုင်စရာ အဖြစ်။ ဟုတ်ပါသည် သူသည် သာမန်ညောင်ည ကျောင်းသားခေါင်းဆောင် မဟုတ်ပါ။ တခေတ်မှာ တခါ၊ တခါမှာတယောက်ဆိုသလို ကျောင်းသားခေါင်းဆောင် စစ်စစ်၊ အင်မတန်တော်သော ထက်မြက်သော ကျောင်းသား ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ သူ့ကိုမြင်တွေ့ဖူး ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသူမှန်သမျှ သူ့မှာရှိသော အရည်အချင်းများကို သိကြရပါသည်။ ဤကဲ့သို့လူမျိုးကို တောထဲ၌ စစ်ထောက်လှမ်းရေးသူလျှိုဟု စွပ်စွဲ သတ်ဖြတ်ခံခဲ့ရသည်။ လုံးဝမယုံကြည်နိုင်စရာ၊ ကျနော်တို့ခေတ် ကျောင်းသား လှုပ်ရှားမှု သမိုင်းတွင် လုံးဝလက်မခံနိုင်စရာ အဖြစ်ပျက်ဆိုးကြီး ဖြစ်ပါသည်။

ဤအဖြစ်အပျက်ဆိုးကြီးကို ကျနော်တို့အားလုံး ဘယ်လို ဖျောက်ဖျက်ပစ်နိုင်မည်နည်း။ ဘယ်လို မေ့ပျောက်ပစ်နိုင်မည်နည်း။ ကျနော့်အတွေးထဲ၌ သူ့ကိုသတ်ပစ်တာ ဘယ်သူတွေလဲ။ အဲဒီသူတွေနဲ့ တစ်ဂိုဏ်းတည်း ပူးပေါင်းပါဝင်ပက်သက်နေတာ ဘယ်သူတွေလဲ ဆိုတာ သမိုင်းသက်သေအဖြစ် သိချင်သည်။ သူသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စစ်စစ်ဖြစ်သည်။ အကယ်၍ ခုချိန်ထိ သူသာ အသက်ရှင်လျက် ရှိနေဦးမည်ဆိုလျှင် သူသည် ကျနော်တို့၏ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ဋ္ဌေးကြွယ် စသူတို့နှင့်အတူ တတန်းတည်း ရှိနေမည့် ကျောင်းသားခေါင်းဆောင်ဟု ကျနော်ယုံကြည်ပါသည်။

ခုတော့သူမရှိတော့ပြီ ... တောထဲ၌ တရားလက်လွတ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် အသတ်ခံခဲ့ရသည်။ သေချာတာတစ်ခုတော့ရှိပါသည်။ သူ့ကိုအခုလို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူများသည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် စစ်စစ်တဦးကို ကျောင်းသားခေါင်းဆောင်ဟု မသိ၍သော်လည်းကောင်း၊ ဂိုဏ်းဂဏစိတ်ထားနှင့် အာဏာလုပွဲကြောင့်သော်လည်းကောင်း၊ မည်သိုပင်ဖြစ်စေ ဤလူသတ်သမားတစုနှင့် အပေါင်းအပါများသည် ကျနော်တို့အားလုံး ဘ၀ပေါင်းများစွာ အထွဋ်အမြတ်ထား စတေးပူဇော်ခဲ့ရသော ရှစ်လေးလုံး (၈၈၈၈) ဒီမို့ရေစီ တော်လှန်ရေး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းနှင့် နဲနဲမှ မအပ်စပ် မပက်သပ်သော၊ ဤအရေးတော်ပုံကြီး၌ ထဲထဲဝင်ဝင် မပါဝင်ခဲ့ဘူးသော၊ ဤအရေးတော်ပုံကြီးကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုသော၊ ရန်သူစစ်အာဏာရှင်တို့နှင့် အတွေးအခေါ် နှင့်လုပ်ဟန် တထပ်တည်းကျနေသော၊ ဖောက်ပြန်ရေးသမား၊ လူယုတ်မာ အချောင်သမား၊ သူလျှို ဒလံ ကြေးစား လူသတ်သမားများသာ ဖြစ်ပေလိမ့်မည်။

(င)

ကျနော်သည် စာဖတ်ခန်းထဲမှ စားပွဲပေါ်ရှိ ကွန်ပျူတာ မှန်သားမျက်နှာပြင်ရှေ့ အမှောင်ထဲတွင် တယောက်တည်းထိုင်ရင်း အင်တာနက်စာမျက်နှာပေါ်မှ သူ့ပုံကိုငေးမောကြည့်နေမိသည်။ ဓါတ်ပုံထဲမှ သူ့အပြုံးက တောက်ပ၀င်းပြက်ဆဲ။ လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်ကလည်း ဒီအပြုံးမျိုးပင်၊ နောက်လဲ ဆက်လက်တောက်ပ ၀င်းပြက်နေဦးမည်ဟု ကျနော်ယုံကြည်သည်။

ကျနော့်မျက်ဝန်းအစုံတို့ ရီဝေလာသည်။ မျက်တောင်ကို ပုတ်ခတ်၍ ထိန်းလိုက် သော်လည်း မရတော့ ...။

သူ့ပုံကိုငေးစိုက်ကြည့်နေရင်း တစ်ခါတုန်းက သူနဲ့တွေ့တိုင်း ကျနော့်စိတ်ထဲ၌ ဖြစ်ပေါ်သော အတွေးမျိုးကို ပြန်ခံစားမိသည်။ သူပြောပုံဆိုပုံ ကိုယ်ဟန်အနေအထားနှင့် အပြုံးတို့သည် တခါက ကျနော်တို့ ကြည်ညိုလေးစားခဲ့ရသော လွတ်လပ်းရေးတိုက်ပွဲခေတ် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနှင့် တော်တ်ာတူသည်ဟု ခံစားမိသည်။ ကိုဗဟိန်းကလည်း မန္တလေးသား၊ သူကလည်း မန္တလေးသား။ ကိုဗဟိန်းက ထောင့်သုံးရာပြည့် အရေးတော်ပုံကြီးတွင် ဗကသ ခေါင်းဆောင်အနေဖြင့် “မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်” ဟုရဲရဲတောက် မိန့်ခွန်းခြွေခဲ့သည် ...။ သူကလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဗကသ ကျောင်းသားခေါင်းဆောင်တဦး အနေဖြင့် သမိုင်းဝင် ကြားဖြတ်အစိုးရဖွဲ့စည်းရေး အဆိုကို ရဲရဲရင့်ရင့် တင်ပြခဲ့သည်။

ကိုဗဟိန်းက ဖြူဖြူနုနု ကျောင်းသားခေါင်းဆောင် ဘ၀မှ ဖက်ဆစ်တော်လှန်ရေး၌ ဖြူးချောင်းဖျား ပဲခူးရိုးမ တောထဲတွင် ကာဘိုင်သေနတ်လွယ်လျက် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။ သူကလည်း ဖြူဖြူသန့်သန့် ကျောင်းသားခေါင်းဆောင်ဘ၀မှ တရုပ်မြန်မာနယ်စပ် ပါချောင်ဒေသ၌ ကျောင်းသားတပ်မတော်မြောက်ပိုင်း၏ ဥက္ကဋ္ဌ အဖြစ်စစ်အာဏာရှင်တို့ကို ဆန့်ကျင်တော်လှန်ရန် ကြိုးစားခဲ့သူ..။

ကိုထွန်းအောင်ကျော်က စာပေလေ့လာမှုအခံ အားကောင်းသည်ကိုတော့ ကျနော်သိခဲ့သည်။ သို့သော် သူဂီတ၀ါသနာပါခဲ့မှန်း မသိခဲ့။ နော်ဆုံး ကိုထိန်လင်းရေးသောစာကိုဖတ်ပြီး ကိုထွန်းအောင်ကျော်သည် ခေတ်ပေါ် ဂီတအနုပညာကိုလည်း ဂီတသင်္ကေတနုတ်ဖြင့် စနစ်တကျ လေ့လာတတ်မြောက် တီးခတ်တတ်သူတဦး ဖြစ်ကြောင်းသိခဲ့ ရပြီး ကိုဗဟိန်းနှင့် တော်တော်တူတဲ့သူဘဲ ဟု အတည်ပြုခဲ့ မိသည်။ ကိုဗဟိန်းကလည်း ဂီတ၀ါသနာထုံသူ မဟုတ်ပါလား။

ထို့ကြောင့်လည်း ကိုဗဟိန်းသည် ထိုစဉ်က ကိုဋ္ဌေးမြိုင် (ဆရာကြီးဒဂုံတာရာ) နှင့်အရင်းနှီးဆုံးသူ ဖြစ်ခဲ့သည်။ ဆရာတာရာက သူ့ကို့ကဗျာနှင့် တင်စား၍ ရုပ်ပုံလွှာဖွဲ့ခဲ့ဖူးသည်။ အခု ကိုထွန်းအောင်ကျော်ကလည်း ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင် ဂီက ၀ါသနာပါသူ၊ သို့သော် သူတို့နှစ်ဦး သေဆုံးပုံချင်းတော့ ကွာခြားနေသည်။ ကိုဗဟိန်း ကနှလုံးရောဂါဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသခံနေရင်း ဖဆပလနှင့် ကွန်မြူနစ်ပါတီအကွဲ၌ စိတ်ထိခိုက်ပြီး ဆုံးပါးသွားခဲ့ရသည်။

ကိုဗဟိန်း၏ ဈာပနကို တူတံဇဉ် အလံအုပ်လျက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သွားရောက်ဂါရ၀ပြုခဲ့သည်။ သူကတော့ တရုပ်ပြည်နယ်စပ်တောထဲမှာ သူလျှိုဟု မတရားစွပ်စွဲ ညှဉ်းပန်းနှိပ်စက်ခံရသည်။ ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။ သူသေဆုံးပုံကို မင်းကိုနိုင်အပါအ၀င် သူ့ရဲဘော် ကျောင်းသားခေါင်းဆောင်များ သိရှိနိုင်ခွင့်ပင် မရခဲ့ပါ။

ကိုဗဟိန်းက ရုပ်ဖြောင့်ဖြောင့် ကျောင်းသားခေါင်းဆောင်၊ ဖက်ဆစ်တော်လှန်ရေးသမား၊ စာပေဂီတမြတ်နိုးသူ ... ၊ ကိုထွန်းအောင်ကျော်ကလည်း ရုပ်ချောချော ကျောင်းသားခေါင်းဆောင်၊ တော်လှန်ရေးသမား၊ စာပေဂီတ မြတ်နိုးသူ ...၊ ကျနော့်အတွေး စိတ်အာရုံထဲမှာ ကိုထွန်းအောင်ကျော် အသတ်မခံရမီ နောက်ဆုံးသီဆိုသွားခဲ့သော ယုဇနပင် နဲ့  ဖဲကြိုးဝါ သီချင်းလေးကို မှန်းဆ ခံစားကြည့်နေရင်း ... တနေ့နေ့ တချိန်ချိန်၌ ရတနာ ဘုံမ္မိ နယ်မြေ မန်းတက္ကသိုလ်ကြီး၏ သမဂ္ဂမြက်ခင်းပြင်ရှေ့တွင် ... ကျဆုံးသွားလေသူ ကိုထွန်းအောင်ကျော်၏ ပုံတူ ကြေးရုပ်သွန်းထုလျက် ကိုထွန်းအောင်ကျော်ကို ချစ်ခင်လေးစားကြသော ကျနော်တို့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသား ရဲဘော်အားလုံး၏ နှလုံးသားများကို ဖဲကြိုးဝါများသဖွယ် ချည်နှောင် ဂုဏ်ပြုကြရမည့်နေ့ကို ရောက်ရမည်မလွဲဟု ကျနော် ယုံကြည်နေမိပါသည်။

(စ)

ကိုထွန်းအောင်ကျော် ...

ရဲဘော်ရေ

မြေနဲ့ကောင်းကင် မြင်နေသမျှ

ရင်ခုန်နုသစ် သမုဒယမြစ်တစင်း

လှပစွာ စီးဆင်းရစ်နေဦးမယ် ... ယုံတယ် ... ။


လေးစားလျှက် ...

ဇာနည် (၈၈,ဗကသ)

ဇန်န၀ါရီ ၁၂၊ ၂၀၁၂

(ကြာသပတေးနေ့)

မူလတန်းပညာ သင်နည်း အထွေထွေ

Teaching Methods 1
မောက္ခ ပညာရေး မဂ္ဂဇင်းမှ ကူးယူပါတယ် ။

တလှန်းပြီးတလှန်ပေါ့လေ

မအံသြောနဲ့  မတည်လို့ ရတာတွေ မတည်ပေးဘူး အရင်လိုဘဲပေါ့ - -

ထိပ်တန်း အစိုးရအရာရှိတွေအပေါ် အီးယူ ဗီဇာပိတ်ပင်မှု ရုပ်သိမ်း

 တနင်္လာ, 23 ဇန်နဝါရီ 2012
ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့အပြောင်းအလဲတွေ စလုပ်လာတဲ့အပေါ် တုံ့ပြန်ပြီး ဒဏ်ခတ်ပိတ်ဆို့ထားမှုတစ်ခုကို စပြီး လျှော့ပေးလိုက်ပါပြီ။ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံပြီးတော့ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေအပေါ် ခရီးသွားလာခွင့်ဗီဇာ ပိတ်ပင်ထားတာကို လျှော့ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါ့အပြင် နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကူအညီတွေကိုလည်း ပိုပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံထဲမှာ ရုံးခန်းဖွင့်နိုင်ရေးကိုလည်း စီစဉ်နေပါတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေကိုတော့ မြန်မာအစိုးရဘက်က နောက်ထပ် အပြောင်းအလဲတွေ လုပ်လာတဲ့အပေါ်မှာ စောင့်ကြည့်ပြီးတော့ ထပ်မံ လျှော့သွားပေးဖို့ ပြင်ဆင်နေတယ်လို့ အီးယူ ပြောခွင့်ရသူတစ်ဦးက ဆိုပါတယ်။ အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။
အခုလို ဥရောပသမဂ္ဂဘက်က မြန်မာခေါင်းဆောင်တွေအပေါ် အရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီရေး ဖိနှိပ်မှုတွေကြောင့် ၁၅ နှစ်ကြာ ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့မှုတွေထဲက ဒီ ခရီးသွားဗီဇာ ပိတ်ပင်ထားမှုကို ရပ်ဆိုင်းလိုက်တာကို ဥရောပသမဂ္ဂရဲ့ နိုင်ငံခြား ဆက်ဆံရေးရုံး ပြောရေးဆိုခွင့်ရှိသူ မာယာ ကိုချီယန်းညဲ့က် (Maja Kocijaneic) က အခုလို ပြောပြပါတယ်။
“ဒီကနေ့ပဲ ပထမအဆင့်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဒဏ်ခတ်ပိတ်ဆို့မှုတစ်ခုဖြစ်တဲ့ ခရီးသွားဗီဇာ ပိတ်ပင်ထားတာကို မြန်မာသမ္မတ၊ ဒုသမ္မတတွေနဲ့ ၀န်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေ အတွက် ရပ်ဆိုင်းပေးလိုက်ပါပြီ။”
ပြောခွင့်ရ ကိုချီယန်းညဲ့က် ကပဲ မြန်မာနိုင်ငံမှာ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာအပြီး ပြုပြင်ပြောင်းလဲမှုတွေကို ထူးထူးခြားခြား စလုပ်လာတာမို့ နိုင်ငံ ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ကလည်း ဒီအပြောင်းအလဲတွေကို အသိအမှတ်ပြု အားပေးတဲ့အနေနဲ့ အခုလို စလျှော့ပေးဖို့ ပထမဆုံးအကြိမ် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ၊ နိုင်ငံရေး အကျဉ်းသား အများအပြားကို မကြာခင်က လွှတ်ပေးလာတာနဲ့ တိုင်းရင်းသား နယ်မြေတွေမှာပါ စစ်ပွဲတွေရပ်ဖို့ ကြိုးစားလာနေတာဟာ အီးယူ ဥရောပသမဂ္ဂဘက်က အသိအမှတ်ပြု ထောက်ခံစရာတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အီးယူ ပြောခွင့်ရ ကိုချီယန်းညဲ့က်ကပဲ အခုလို ခရီးသွားဗီဇာ ပိတ်ပင်ထားတာကို ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ရက်ပိုင်းအတွင်း အသက်ဝင်လာမှာဖြစ်ပြီး နောက်ထပ် မြန်မာဘက်က အပြောင်းအလဲတွေ ဆက်လုပ်လာရင်လည်း တစ်ဆင်းချင်း လျှော့ပေးသွားနိုင်ဖို့ သုံးသပ်မှုနဲ့ ပြင်ဆင်မှုတွေကို စတင် လုပ်ဆောင်နေပြီလို့ အားတက်သရော ပြောဆိုပါတယ်။ ဒါ့အပြင် မြန်မာဘက်က အခုလို ပြုပြင် ပြောင်းလဲမှု စလုပ်လာတဲ့အပေါ် အီးယူဘက်က ၀ိုင်းကူပေးတဲ့အနေနဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး ရရှိရေးကိုလည်း ၀ိုင်းကူဖို့ရှိတယ်လို့ အခုလို ဆိုပါတယ်။
“ကျမတို့အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၀ိုင်းကူညီပေးဖို့ အသင့်ရှိနေပါပြီ။ နောက်ပြီး တိုင်းရင်းသားလူမျိုးတွေ ပြန်လည် နေရာချထားရေးအတွက် လိုအပ်တဲ့ ငွေကြေး အကူအညီတွေကိုလည်း ပေးသွားဖို့ရှိပါတယ်။”
ပြောခွင့်ရ ကိုချီယန်းညဲ့က် ကပဲ နောက်ထပ် နိုင်ငံရေး အကူအညီတွေ ပေးမှုအနေနဲ့ အစိုးရလုပ်ငန်းတွေ ထိထိရောက်ရောက် ပိုဖြစ်လာဖို့ကိုလည်း ပထမဆုံးအကြိမ်အနေနဲ့ စွမ်းဆောင်ရည် မြင့်တင်ရေး ၀ိုင်းကူညီပေးသွားမယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ စွမ်းအင်မြင့်တင်ရေးတွေ လုပ်ပေးနိုင်ဖို့၊ ဆိုလိုတာက ၀န်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် ပိုကောင်းလာအောင်နဲ့ နေ့စဉ်ဘ၀ အုပ်ချုပ်ရေး ပုံမှန်လုပ်ငန်းတွေ ပိုမို အားကောင်းလာအောင် အကူအညီပေးမှာပါ။”
ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေမှာလည်း ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်လာဖို့အတွက် အကြံပေး ကူညီသွားမှာအပြင် စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးနဲ့ အခြား လူမှုရေးကဏ္ဍ တွေကိုလည်း ကူညီသွားဖို့ ရှိတယ်လို့ ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံမှာ အလိုအပ်ဆုံး နေရာတွေမှာ၊ ဥပမာ စိုက်ပျိုးရေးကဏ္ဍမှာ အသေးစားချေးငွေ ထုတ်ပေးဖို့၊ ကျန်းမာရေးကဏ္ဍနဲ့ တခြားကဏ္ဍတွေမှာလည်း ကူညီပေးသွားဖို့ရှိပါတယ်။”
ပြောခွင့်ရ ကိုချီယန်းညဲ့က်ကပဲ ဒီနှစ်နဲ့နောက်နှစ်အတွက် ကူညီဖို့အစပျိုးနေတဲ့ ယူရို သန်း ၁၅၀ ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ ဖြစ်ပြီး နောက်ထပ် အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံး စဖွင့်နိုင်ဖို့ကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်းအက်ရှ်တွန် ဧပြီလမှာ မြန်မာနိုင်ငံကို သွားလည်တဲ့အခါ ရအောင်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ အီးယူ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲရဲ့ ခရီးစဉ်ထဲမှာ မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ တွေ့တာအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။ နောက်ထပ် မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာရင် အီးယူဘက်ကလည်း ထပ်လျှော့ပေးဖို့ကို ဧပြီလမကုန်ခင် နောက်နှစ်အတွက် အီးယူရဲ့ ဘုံသဘောတူညီချက် မချမှတ်ခင်မှာ အပြီး ပြင်ဆင်ရာနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာလည်း အရေးပါတယ်လို့ ပြောခွင့်ရ ကိုချီယန်းညဲ့က် က ဆက်ပြောပါတယ်။
ကိုချီယန်းညဲ့က် ကပဲ ဒီနေ့ဆုံးဖြတ်ချက်ကြောင့် မြန်မာအစိုးရအနေနဲ့ ရှေ့မှာ ပို အပြောင်းအလဲတွေလုပ်ဖို့ အားရလာပြီး အပြောင်းအလဲတွေ နောက်ပြန် ဆုတ်မသွားစေဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

မျက်ကန်းတစ္ဆေမကြောက်

တခါ က လူနှစ်ယောက်ရှိတယ် ။ တယောက်က မျက်စိမမြင်တဲ့ သူ ၊၊
ဒါပေမယ့် ဥာဏ်တော့ ရှိတယ်။သူ့  နာမည်ကဖိုးဥာဏ်တဲ့  ၊ နောက်တယောက် တော့ဗလကောင်းကောင်းနဲ့ လူပဲ ။ဆိုးတာက သူကဥာဏ်တော့ မရှိဘူး။ အဲ့  သူသိတာတစ်ခုတော့ရှိတယ် အဲ့ ဒါ ဖိုးဥာဏ်ကိုဆရာတင်ရမယ်ဆိုတာပဲ .။သူ့ နာမည် ဗလတဲ့  ။ သူတို့ကအတွဲ့ တော့ ညီသား။ ဗလ ကဖိုးဥာဏ်ကိုဂုန်းပိုး ပြီးသွားတတ်သလိုဖိုးဥာဏ်တော့ဗလပြောတာနားထောင်ပြီးဆံုးဖြတ်ပေးတတ်တယ်။ဘယ်လောက်တောင်လဲဆိုတော့ တခါ ကသူတို့ညပိုင်းကြီးပြန်လာတာ ဗလ က“ ဟေ့ ကောင်ဖိုးဥာဏ်ငါတို့ဆီကိုခပ်လင်းလင်းဟာကြီးနှစ်ခုပြေးဝင်လာတယ်”
ဖိုးဥာဏ်ကစဉ်းစားပြီး“ဘယ်လိုဟာလဲဟ ”
” ခပ်လင်းလင်းနဲ့  အသံတွေလဲထွက်နေတယ် နှာမူတ်သံကြီးနဲ့ ၊
ငါတို့ နဲ့ တောင်အတော်နီးလာပြီ ။"
" လင်းလဲ လင်းတယ် အသံလဲထွက်နေတယ်ဟုတ်လား ။ ”
“အေးငါတို့ နဲ့ တောင်သိပ်မကွာတော့ ဘူး”
“ ဘယ်လိုအသံလဲကွ ”
“ တ တီတီတပွမ်ပွမ်နဲ့  ကွ”။
“ဟာ .......မင်း.အ.ဘ .....အဲ့ ဒါ....ကားဟ...ရှောင်ရှောင်...” ။
အသေအလဲရှောင်လို့  မတိုက်မိပေမယ့် နှစ်ယောက်လံုး
လမ်းဘေးကိုဒိုင်ဗင်ပစ်လိုက်ရလို့ အကွဲကွဲ အပြဲပြဲပဲ ။အဲ့လိုနှစ်ယောက်ပါ
။ဒါပေမယ်အပေးအယူတော့ ဖြောင်လို့  ။ အဲ့ လိုနဲ့ တစ်နေ့ညတည့ မှာ သူတို
့အိမ်အပြန်မှာ အပင်ကြီးတပင်ကြီးအောက် ကဖြတ်ပြန်ရတယ် ။ အဲ့အပင်မှာ
ညဂျူတီကျတဲံသရဲ တကောင် ရောက်နေတယ်။ သူ့ တာဝန်က ဒီညမှာ ဒီအပင်အောက်
ကိုဖြတ်တဲ့ လူနှစ်ယောက်ကို ခြောက်ရမှာ ။ တခါတည်းနှစ်ယောက်ကိုတွေ့တော့ 
ပိုင်ပြီပေါ့  ပိုတဲ့ အချိန်ကို ဘီယာဆိုင်ထိုင်မယ်၊ မာဆတ် သွားမယ်ပေါ
့ ။ ဒါကြောင့်  ၀ုန်းထခနဲခုန်ချပြီး သူရဲ့ ကြောက် စရာကောင်းတဲ့ 
လက်တွေ
ကိုဆန့်ထုတ်လိုက်တယ် ။ ဗလ ကသူရှေ့  ရောက်လာတဲ့  သရဲ ကိုသေချာကြည့် ပြီး
“ဖိုးဥာဏ်ရေ ငါတို့ ရှေ့  ကို အဖြူရောင် အ၀တ်နဲ့ လူတယောက် ခြေကားယား
လက်ကားယား လုပ်နေတယ် ” ။
“ဟေ .....မော်တော်ပီကယ်နေမှာပါကွာ သူတို့ ဖလားကြီးတောင်ပါဦးမယ် ”
“အဖြူရောင်အ၀တ်က အစုတ်စုတ်အပြတ်ပြတ်နဲ့ ကွ ”
“အော် ၀န်ထမ်းနေမှာပေါ့  ”
“ မျက်လံုးပြူးကြီးနဲ့ ဟ ”
“ဝေဖန်ရေးဆရာနေမှာဟ”
“ လျှာကလဲ တတောင် လောက်ထွက်နေတယ်”
“ ကျူရှင်ဆရာနေမှာ”
သူတို့ ပြောနေတာတွေ ကြားပြီးကြာတော့  သရဲလဲစိတိကမရှည်တော့ ဘူး ။
“ဟိတ်လူတွေကြောက်ကြလေဗျာ ကျုပ် ကတစ္တေ ခင်ဗျားတို့ တွေ ကိုခြောက်နေတာ” ။
“ ဖိုးဥာဏိရေ ငါတို့ ကို သူကတစ္တေ ခြောက်နေတာတဲ့  ” ။
“အာ သူကသရဲဆိုတိုင်းယုံလို့ မရဘူးကွ ဒီခေတ်ကြီး ကအလိမ်အညာတွေများတယ်
။သူမှာဘာအထောက်အထားပါလဲမေးကြည့် ကွာ ”
သရဲလဲအတော်တင်းနေပြီဒါနဲသူရဲ့သရဲမှတ်ပုံတင်ကတ်ပြားကိုပြလိုက်တယ်။သူဘ၀သက်တမ်းမှာဒီလိုကတ်ပြားပြပြီးခြောက်ရတဲ
့လူမျိုးမတွေ့ ဖူးဘူး။ ဗလကမှတ်ပုံတင်ကိုကြည့် ပြီး
“ ကတ်ပြားကတော့ ဟုတ်တယ် ပုံက၀ါးနေတယ်ကွ”
“ ပုံက၀ါးတယ်ဆိုတော့  ယုံလို့ မရသေးဘူး ပြီးတောအဲ့ 
ကတ်ပြားကိုငါကမြင်ရတာမဟုတ်ဖူး။
ဗလ ဒီကောင် ကြည့် ရ တာ မသင်္ကာစရာပဲ ကွ၊ ကြာတယ်ကွာ ဒီကောင်
့ကိုမင်းချုပ်ထားလိုက်စမ်းကွာ ၊
ဒါမျိုးကတော့  ဗလတို့ ဘာသွက်သလဲမမေးနဲ့ ချုပ်ထားလိုက်တာသရဲခမျာ
ယှက်ကန်ယှက်ကန် နဲ့ မိပါရော ။
“ဟေ့......လူတွေ.... ကျုပ်က.....သ...ရဲနော်.......ကျုပ်..... ကိုင်လိုက်ရမလား” ။
''အောင်မာအခုထိ သရဲ ကတပြားသားမှ မလျော့သေးဘူး .....၊အေးမင်းကိုငါမေးမယ် မင်းသရဲ
ဆိုသိရမယ် လူဟာသေရင် ဒွါ ရကိုးပေါက် က အသက်ထွက်တယ်လို့ ဆိုတယ် ၊
မင်းဟာသေဖူးတဲ့  သရဲ ဆို တော့  သိရမယ် ၊ ပြော မင်း ဘယ်အပေါက်ကထွက်သလဲ
အသက်။”။
သရဲ လဲ အတော် ညစ်သွားတယ် ၊ ကို့  ဟာကို ဘယ်ကထွက်မှန်းမသိ ဘူး ။
ဒါနဲ့  ရမ်းဖြီး လိုက်တယ် ။ ''
“ နာ......နား ....က....ထွက်တာ ” ။ ဒီအခါဖိုးဥာဏ်ကတောက်တချက်ပြင်းပြင်းခေါက်ပြီး
“လူ့ရဲ့ မြင့်မြတ်တဲ့နားနှခေါင်းထွက်ရင်ကောင်းတဲ့ဘုံရောက်တယ် ကွ
။ဟေ့ကောင်ဗလ ဒီကောင့်လူလိမ်ကွ ချကွာ”
။ ဘာပြောကောင်းမလဲ ဗလ သမလိုက်တာ သရဲ ခွေခွေ လေးကျန်ခဲ့  တယ်။
ဒီဇာတ်ကပြီးမသွား ခဲ့ ဘူး။တ စ္ဆေလောက မှာ ဂယက်ထသွားတယ် ။ သရဲတွေ
ကိုယ့် ကိုကိုယ်ပြန်မေးကြတယ် ။ ငါတို့ကဘာလဲ ဘာတွေလဲ ဘာကောင်တွေလဲ
။ဆောက်တည်ရာ မရဖြစ်ကုန်တယ် ။ တစ္ဆေ အကြီးအကဲ ကြီး ကတော့ 
ပြောရှာပါတယ်၊
“တိုတွေ ကသရဲတွေပါ သံသယ မရှိကြပါနဲ့ ” ။
ဒါပေမယ့်  သူစကား ဘယ်သူမှနားမထောင်ကြဘူး ။ခေါင်းဆောင်ကြီးလဲ တဖွ ဖွ
ပြောရင်း သူ့ ဘ၀နောက်ဆံုး အချိန်ရောက်တော့ သေတမ်းစာမှာ မှာခဲ့ တယ် ။
မျက်စီမမြင်တဲ့ သူနဲ့  ဥာဏ်နည်းတဲ့ သူတွေကိုဘယ်တော့  မှ မခြောက်ပါနဲ့ 
တဲ့ ။ ခုချိန်ထိ ဘယ်မျက်မမြင် ဘယ်အရှူးကမှ
တစ္ဆေခြောက်တယ်လို့ မကြားမိ တာအမှန်ပါပဲ ။
cupid boy ( from mail group)

ထောင်ထဲ၌ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား စာရင်း

ထောင်အသီးသီး၌ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား ၄၁၁ ဦး စာရင်း

(AAPP) နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာ)က ထုတ်ပြန်လိုက်တဲ့ လက်ရှိ အကျဉ်းထောင် အသီးသီးမှာ ကျန်နေသေးတဲ့
နိုင်ငံရေး အကျဉ်းသား ၄၁၁ ဦး စာရင်း……

စစ်ထောက်လှမ်းရေးချုပ်ဟောင်းဦးခင်ညွှန့်နှင့် စတုတ္ထမဏ္ဍိုင်လို့ပြောပြောနေတဲ့ သတင်းမီဒီယာသမားများအင်တာဗျူးမှာမတွေ့သေးတဲ့မေးခွန်းများ

တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၂၊ ၂၀၁၂

လျှပ်တပြတ်မှ မဟုတ်ပါဘူး။ ဂျာနယ်တော်တော်များများ ဗျူးထားတာတွေက သူ့ကို အရောင်ပြန်တင်ပေးနေတာတွေ ချည်းပါပဲ။ ကျနော်ဆို ဂျာနယ်ဆိုင်က ဦးခင်ညွှန့်ပုံတွေချည်း လာလာပြနေလို့ စိတ်ပေါက်ပေါက်နဲ့ အဲဒီလူ မျက်နှာ မျက်နှာဖုံးမတင်တဲ့ ဂျာနယ်ပဲ ပေးဗျာ ဆိုပြီး ရွတ်ခဲ့တာ....

တွေ့ရသမျှ အင်တာဗျူးတွေမှာ မပါသေးတဲ့ အကြောင်းလေး ဘယ်သူမှ မေးထားတာမတွေ့လို့ စတုတ္ထမဏ္ဍိုင် ဆိုပြီး ပြောပြောနေတဲ့ သတင်းမီဒီယာသမားတွေ တကယ်ကိုပဲ စတုတ္ထမဏ္ဍိုင် မစစ်သေးပါဘူးလို့ ကျနော်တော့ မှတ်ချက်ပေးချင်မိတယ်ဗျာ။

ကျနော်မတွေ့သေးတဲ့ အင်တာဗျူးကတော့....

၁။ ဦးခင်ညွှန့်ခင်ဗျား.... ဦးခင်ညွှန့်အနေနဲ့ အခုလို ပြန်လွတ်လာချိန်မှာ တစ်ချိန်က စစ်ထောက်လှမ်းရေးချုပ်အနေနဲ့ ဖမ်းဆီးခဲ့ရတဲ့ ၈၈မျိုးဆက်များ၊ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ခြင်းဟာ မှန်ကန်မှုရှိပါသလား။
သူတို့တွေဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် ဆူပူ အနှောက်အယှက်ပေးသူများလို့ အခုအချိန်မှာရော ယူဆပါသေးသလား။

၂။ ဖောက်ခွဲဖျက်ဆီးမှုပုဒ်မများနဲ့ ဆက်လက်ဖမ်းဆီးခံနေရတဲ့ သန်လျင်မှ ကိုသန့်ဇင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး စတဲ့ ပုဂ္ဂိုလ်များဟာ အမှန်တကယ် ဖောက်ခွဲမှုများနဲ့ ပတ်သက်နေပါသလား။

၃။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ရေကြည်အိုင်လို စစ်ကြောရေးစခန်းများမှာ နှိပ်စက်စစ်ဆေးခြင်းဟာ လူ့အခွင့်အရေးကို ထိခိုက်စေပါသလား။ အဲဒီလို နှိပ်စက်စစ်ဆေးခြင်းအတွက် တာဝန်အရှိဆုံးသူဟာ ဘယ်သူပါလဲ။

၎။ အကျဉ်းထောင်ထဲမှာ နှိပ်စက်ခံရပြီး သေဆုံးသွားရတဲ့သူများရဲ့ မိသားစုများကို ဘာများပြောချင်ပါသလဲ။

၅။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွှန့်အနေနဲ့ ထက်မြက်သူ၊ နိုင်ငံအတွက် အကျိုးရှိသူလို့ ဘယ်အချိန်မှာ စပြီး မြင်ခဲ့ပါသလဲ။ နအဖအဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်က အမြင်နဲ့ အခု လွတ်လာချိန်မှာ မြင်တဲ့ အမြင် တူညီပါလား။
....
မေးချင်တာတော့ အများကြီးပါ။ အဲဒီလိုမေးခွန်းမျိုးလေးများ ဘယ်စတုတ္ထမဏ္ဍိုင် ဂျာနယ်ကြီးက မေးမလဲလို့ပါ....

ကို ဂျီဂျီ၄၅၈(MMCP)

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုမိုးသီးဇွန် နှင့် ၈၈မျိုးဆက်ကျောင်းခေါင်းဆောင်တို့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ်ဆွေးနွေးပွဲ

Sunday, January 22, 2012

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကိုမိုးသီးဇွန်(ဥက္ကဌ)ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်းခေါင်းဆောင်တို့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ်ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ပြုလုပ်ခဲ့ပါသည်။

အခန်းအနားတွင် အခန်းအနားမှုးအဖြစ် ဦးကိုကိုအောင်နှင့်ဂျပန်လူမျိုးဆရာကြီး ဦးရွှေဘ( TANABE SAN)တို့က ပြုလုပ်ခဲ့ကြပါသည်။ထို့နောက် ကြယ်ဖြူအကြီး တပွင့်အား ကြယ်ငယ် ငါးပွင့်ခြံရံထားသော နိုင်ငံတော်အလံကို အလေးပြုခြင်း၊ ခွပ်ဒေါင်းကျောင်းသားအလံကို အလေးပြုခြင်းနှင့် ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲကျဆုံး သွားခဲ့ကြသော ရဟန်းရှင်လူအာဇာနည် အပေါင်းကို ဦးညွှတ်ဂုဏ်ပြုပြီး ကျဆုံးသွားသော အာဇာနည်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁မိနစ်ခန့်ငြိမ်သက်စွာ နေပေးပြီးနောက် အခန်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။
အခန်းအနားတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ယနေ့ပြုလုပ်သော အခန်းအနားအတွက် ပေးပို့လိုက်သော နှုတ်ခွန်းဆက်စကားအသံဖိုင်ကို စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။
ကိုမင်းကိုနိုင်၏ အသံဖိုင် ဖြစ်ပါသည်။
ထို့နောက်ဂျပန်နိုင်ငံရှိ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း-ဂျပန် (AUN )မှ တာဝန်ရှိသူတဦးဖြစ်သော ကိုမိုင်ကျော်ဦး၊ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု အဖွဲ့ ( BDA  )မှ တာဝန်ရှိသူ ဦးသန်းဆွေ၊ ဂျပန်နိုင်ငံ အလင်းအိမ် မဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးရဲငြိမ်း၊ ပြည်ပရောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလှအေးမောင်နှင့် APF သတင်းဌာနမှ တာဝန်ရှိသူလည်းဖြစ်သော၊ ကိုမိုသီးဇွန်နှင့် ၁၉၈၉ကတည်းက စတင်သိကျွမ်းခဲ့ပြီး ကိုမိုးသီးဇွန်၏ ဒီမိုကရေစီရရှိရေး ကြိုးပမ်းချက်များကို ကူညီပံ့ပိုးပေးနေသော ဂျပန်လူမျိုး မစ္စတာ ယာမဂျီးစံတို့မှ တို့မှ လက်ရှိပြောင်းလဲနေသော မြန်မာ့နိုင်ငံရေး အခြေအနေများကိုလည်းကောင်း၊ ၈၈မျိုးဆက်ကျောင်းသားများမှ ထုတ်ပြန်လိုက်သော ကြေငြာချက်ကို အပြည့်အဝ ထောက်ခံကြောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲနိုင်မှသာ စစ်မှန်သော လူ့အခွင့်အရေးကို ရနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိနိုင်ရေး၊  ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရ ဝိုင်းဝန်းပံ့ပေးကြရန် စသည်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့နောက် ၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်မှ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ အသံဖိုင်ဖြစ်ပါသည်။
ထို့နောက် အစီအစဉ်အရ အခန်းအနားသို့ လာရောက်ကြသော ဆွေးနွေးမှုများ၊ မေးမြန်းမှုများကို ကိုမိုးသီးဇွန်မှ ပြန်လည်ဖြေကြားခြင်း၊ ဂျပန်နိုင်ငံရှိ မီဒီယာများနှင့် ကိုမိုးသီးဇွန် တွေ့ဆုံခြင်းအမေးအဖြေ ကဏ္ဍများကို ပြုလုပ်ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ပရိသတ်နှင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်းများကို ပြုလုပ်ကာ အခန်းအနားကို ညနေ ၄နာရီခွဲတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
သတင်း...Aye Nandar Aung(Japan)
ဓါတ်ပုံ....Thar Htet (BCJP)

ကိုသက်နွယ်(ခ)ငြိမ်းလူ (သို့ ) ခွေးကိုက်၍ သေရတဲ့လူ


2002 ခုတွင်ဖောက်ခွဲမှုဖြင့် ထောင်တသက်ကျခံပြီး 13 ရက်နေ့တွင်လွတ်လာသော ဖ ဦးတင်နွယ်၏သားကိုသက်နွယ်(ခ)ငြိမ်းလူသည် ထောင်တွင်း နှိပ်စက်မှုဒဏ်၊ဆေးဝါးမလုံလောက်မှု ဒဏ်တို့ဖြင့် ယနေ့ 22 1 2012 နေ့လည် 12း25 တွင် သေးဆုံးသွားပါသည်။လာရောက်ဝိုင်းဝင်းလိုပါကအိမ်နံပါတ်814သာစည်လမ်း၊10ရပ်ကွက် ရွှေပြည်သာသို့လာခဲ့ရန်ဖိတ်ကြားအပ်ပါသည်။အသေးစိတ်သိလိုပါက ဖုန်း 01611860(ကိုသက်နွယ်အမ)၊09 431 88616 (မခင်ဝင်းကြည်) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။မယုံတော့မရှိနဲ့ စစ်ကြောရေးမှာ သူ့ကို ချီးကျွေး ပြီးစစ်တယ်တဲ့။ အောင်သန်း
 လူကိုလူချင်းနှိပ်စက်ချင်း ကင်းဝေးကြပါစေ

ဇာဂနာရဲ့ အနုပညာပြပွဲ ရုပ်ရှင်ကားတချို့ စင်္ကာပူရဲက ပြသခွင့် ပိတ်ပင်

2012-01-22

စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား- Surviving Beauty” အနုပညာ ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ညက စင်္ကာပူ နိုင်ငံမှာ ကျင်းပခဲ့ရာမှာ စင်္ကာပူ အာဏာပိုင်တွေက ဆင်ဆာကင်းလွတ်ခွင့် မရှိတဲ့ ရုပ်ရှင်ကားတချို့ကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
အပိတ်ပင်ခံရတဲ့ ဇာတ်ကားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ “လွတ်လပ်ခြင်း အနုပညာ” ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့အတွက် အဲဒီဇာတ်ကားတွေကို ပြသခွင့် ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင်ဒါရိုက်တာ လူရွှင်တော် ကိုဇာဂနာက RFA ကို ပြောပါတယ်။

ပရိသတ် ရာနဲ့ချီပြီး တက်ရောက်အားပေးတဲ့ အဲဒီဟောပြောပွဲ အမေးအဖြေကဏ္ဍမှာ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကို လူရွှင်တော် ကိုဇာဂနာက ပြန်လည် ဖြေကြားသွားပါတယ်။

လိုနေသေးတယ် - - -

မြန်မာပြည် လူ့အခွင့်အရေး အခြေအနေ စိုးရိမ်နေရဆဲ

တနင်္ဂနွေ, 22 ဇန်နဝါရီ 2012
ဒီကနေ့ တနင်္ဂနွေနေ့မှာ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထွက်ရှိလာတာမှာ အာရှနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အသးစိတ် ဖော်ပြထားပါတယ်။
မနှစ်က ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရကနေ အရပ်သားအစိုးရကို ကူးပြောင်းလာခဲ့တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ အလွန်တရာ ဆိုးရွားနေတုန်းပဲလို့ ဒီအစီရင်ခံစာက ဆိုပြီးတော့  တိုင်းရင်းသား ဒေသတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ အရပ်သား တိုင်းရင်းသားတွေ အပေါ် လူသတ်၊ မုဒိန်းကျင့်၊ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတာက မြန်မာအစိုးရရဲ့ မကြာသေးခင်က နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို မှေးမှိန် သေးသိမ် စေတယ်လို့ ဒီအစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ တရားစီရင်ခွင့်ကို ပယ်ချခြင်းတွေ ရှိနေဆဲပဲလို့လည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြောက်ကိုးရီးယားနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဏာပိုင်တွေက စနစ်တကျ ကျူးလွန်နေတာနဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဒီအစီရင်ခံစာမှာ အသေးစိတ် ထုတ်ဖော် ရေးသားထားပါတယ်။

မမ ပြောတဲ့ ဦးခင်ညွန့်ဆောင်းပါး ရေးဖြစ်ပုံ

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ Hot News ဂျာနယ် အယ်ဒီတာချုပ် ဆရာမ မမ ၏ သောကြာနေ့ထုတ် ဂျာနယ်တွင် “ဦးခင်ညွန့်နှင့် ဒေါက်တာ ခင်ဝင်းရွှေတို့၏ ငြိမ်းချမ်းမှုများဖြင့် မင်္ဂလာရှိသော နေ့တနေ့” ဆောင်းပါး ပါရှိလာရာ၊ ဝေဖန်မှုများ ဖြစ်ပေါ် လာခဲ့သည်။

ဆောင်းပါးရေးဖြစ်ပုံ၊ ဦးခင်ညွန့်အပေါ်အမြင်၊ ဝေဖန်မှုများအပေါ် တုန့်ပြန်မှုများကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဒေါ်မမ ကို ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

Hot News မှာ ဦးခင်ညွန့်အကြောင်း ဆောင်းပါးရေးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အတော်များများ ပြောစရာ ဖြစ်သွား ခဲ့တယ်။ ဆောင်းပါးရေးဖြစ်ပုံလေး ပြောလို့ရမလား။

“ဒီဟာက ကျမ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ကျမရဲ့ စာမျက်နှာတွေကို ကြည့်လို့ရှိရင် ဘယ်လိုပဲဖြစ်ဖြစ် ကျမ Public ဘက်ကပဲ အမြဲရပ်တယ်ဆိုတာ Public သိပါတယ်။ အဲဒါကို တတ်နိုင်သလောက် အားနည်းတဲ့လူကို ကျမ တတ်နိုင် သလောက် Carry လုပ်ပါတယ်။ ကျမ ပွင့်ပွင့်လင်းလင်း ပြောရရင် ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းနဲ့ဘဲ အားလုံးကို တည်ဆောင်စေချင်တဲ့ ဆန္ဒကျမမှာရှိပါတယ်။ အဲဒီအတွက်ကြောင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ကျမမြင်တဲ့ အမြင်နဲ့ ပြောရရင် အားလုံးလည်း မှန်ချင်မှ မှန်မယ်ပေါ့။ ကျမလည်း လူဖြစ်တဲ့အတွက် ကျမမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။”

“တပ်မတော်ဆိုတာ အမိန့်တခုတည်းအောက်မှာ သွားကြရတယ်။ ... တာဝန်အရလုပ်ရတာတွေရှိတယ်။ ကျမက
တော့ လူမှုရေးနဲ့ အလုပ်တာဝန်တွေကို ကျမတို့တိုင်းပြည်က လူတွေကို ခွဲမြင်စေချင်တယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အားလုံး မှန်တယ်လို့လည်း ကျမမပြောလိုပါဘူး။ ကျမကိုယ်တိုင်လည်း အားလုံး မှန်ချင်မှ မှန်ပါလိမ့်မယ်။ အဲဒီစိတ်နဲ့ ကျမရေး ခဲ့တာပါ။”

“ကျမ ဒီလိုရေးတယ်ဆိုတာသည် ကျမ Follow Up ပဲ လိုက်လို့ရတယ်။ ကြည့်လိုက်တဲ့အချိန်မှာ အားလုံးက ကိုမင်းကိုနိုင် ကို High Light ထိုးထားတယ်။ ကျမ ကိုယ်တိုင်လည်း ဂျာနယ် ရောင်းကောင်းအောင်လို့ ရေးမယ်ဆိုရင် ကိုမင်းကိုနိုင် ကျမ လည်း ရေးလို့ရပါတယ်။ ဒါပေမယ့် ကျမသတင်းသမားပါ။ အဲဒီအတွက် ကျမ ဗိုလ်ချုပ်ကြီးခင်ညွန့် က အိမ်တွင်းမှာ ပြောတဲ့ စကားကို ကျမက ကံတရားအရ ကျမ ရလိုက်သိလိုက်တဲ့အတွက် ကျမ ဒီဟာလေးကို ကျမ Public အတွက် သူများတကာတွေ မတင်ထားသေးတဲ့သတင်း တခုကို ဖြန့်ဝေချင်တဲ့ စိတ်ဆန္ဒနဲ့ ရေးလိုက်တာလည်း ပါပါတယ်။ ကျန်တာကတော့လည်း ဒီမိုကရေစီကို လိုချင်ပါတယ်။ သက်ဝင်ပါတယ် ဆိုတဲ့လူတွေ အကုန်လုံးကလည်း
သေသေချာချာ တွေးနိုင်ရမယ်လို့ ကျမထင်ပါတယ်။ အကုန်လုံးက လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိတဲ့အတွက် ကျမ ဘယ်သူ့ကိုမှ ဘာမှမမြင်ပါဘူး။”

MaMa
တတ်နိုင်သလောက် အားနည်းတဲ့လူကို ကျမတတ်နိုင်သလောက် Carry လုပ်ပါတယ် (ဓါတ်ပုံ Hot News)


ဦးခင်ညွန့်နဲ့ မိသားစုလို၊ ဆရာတပည့်လို ရင်းနှီးတဲ့ ဆက်ဆံရေးရှိမယ် ထင်တယ်။ လွတ်လာလိမ့်မယ်လို့ ကြိုတင် မျှော်လင့်ခဲ့လား။

“မရှိပါဘူးရှင့်၊ ကျမကိုယ်တိုင်ကို ဘဘကို လွတ်မယ်လို့ ကျမ မထင်ခဲ့ပါဘူး၊ ဘဘကော ကိုမင်းကိုနိုင်ကော၊ ကိုကိုကြီးကော ဒီသုံးယောက်ကိုတော့ နောက်ဆုံးမှ လွတ်မယ်လို့ ကျမ ကိုယ်တိုင်လည်း ထင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ဆီ ကျမသွားတဲ့ဟာက ကိုယ့်ထက် အသက်အားဖြင့် ဂုဏ်အားဖြင့် ကြီးမြတ်တဲ့ လူတယောက်ဖြစ်တဲ့အတွက် ကျမလည်း အခုလို ကျန်းကျန်းမာမာ တွေ့ရတဲ့အတွက် ဝမ်းသာတယ်ဆိုပြီးတော့ ကျမ မိသားစုစိတ်နဲ့ ကျမ ထိုင်ကန်တော့ခဲ့ပါ တယ်။ ဒါသည် ကျမ ရိုးရှင်းစွာပြောတာပါ။ ကျမ သတင်းသမားတယောက်အနေနဲ့ ဆက်ဆံတာ လည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမား တယောက်အနေနဲ့ ဆက်ဆံတာလည်း မဟုတ်ပါဘူး။ မေတ္တာတရားနဲ့ လူတယောက် အားနည်းတဲ့ အချိန်မှာ သူစိတ်ဓာတ် ကျမနေသော်လည်း ကျမ ကိုယ်လုပ်ရမယ့်တာဝန်ကို လုပ်လိုက် တာပဲဖြစ်ပါတယ်။ ကျမ ရေးထားတာသည် ခေါင်းဆောင် တယောက်အနေနဲ့ သူ့ထောက်လှမ်းရေး မိသားစုတွေကို တရားချနေတာကို ကြည့်ပြီးတော့ အဲဒါကိုပဲ ကျမပြန်ရေးထား တာပါ။ ကျမက သူတို့ မိသားစုလေး ငြိမ်းချမ်းသွား တယ်လို့ ကျမ ဒါလေးကို ရေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို မိသားစုသဏ္ဍန်နဲ့ပဲ ကျမ သွားတွေ့ခဲ့တာ ဖြစ်ပါ တယ်။”


ဦးခင်ညွန့်ကို ပြန်တွေ့လိုက်ရတဲ့အပေါ်မှာကော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို ဘယ်လို အကဲခတ်မိလဲ။

“အရင်တုန်းက တွေ့ထားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့တော့ မတူဘူးပေါ့။ သူဘာပဲပြောပြော အရင်တုန်းကတော့ သူက Smart ဖြစ်ပြီးတော့ သူ့ဟာနဲ့သူ တက်ကြွနေတတ်တယ်လေ။ အခုဟာကတော့ သူလည်း ချုံးချုံးကျနေတာတော့ မဟုတ်ပါဘူး။ ဒါပုံမှန် လူတယောက်လိုပဲ နေတာပါ။ ဒါပေမယ့် ကျမ အဲဒါကို မြင်တဲ့အခါမှာ ဘာလေးကို စဉ်းစား လိုက်လဲ ဆိုတော့ လူတိုင်းလူတိုင်းဟာ သူဟာ ဘယ်လောက်အောင်မြင်ခဲ့တာပဲဖြစ်ဖြစ်ပေါ့ လူဆိုတာ မှန်တာတွေ လည်း လုပ်မယ်။ အားနည်းတာတွေလည်းရှိမယ်ပေါ့။ ကျမ ဘယ်ဘက်မှလည်း မရှိဘူး ဒါပေမယ့် ကျမရေးလိုက် တာသည် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ကျမတို့သည် ဟိုးအရင်ကတည်းက တပ်မတော် မိသားစု ဖြစ်တဲ့အတွက် ကျမ အဖေက ဗိုလ်ချုပ်ကြီး ခင်မောင်သန်း ဖြစ်တဲ့အတွက် ကျမတို့သည် မိသားစု ဆက်ဆံရေး ရှိခဲ့ပါတယ်။ ကျမနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်သမီး သင်းသင်းနဲ့က ရွယ်တူပါ။ ၇ တန်းတည်းက ကျောင်းအတူတူ နေခဲ့တာပါ။ အဲဒီအတွက်
ကြောင့်မလို့ မိသားစုလိုနေတဲ့အတွက်ကြောင့် ကျမ သွားတာလည်း သတင်းသမားတယောက်လို ကျမသွားခဲ့တယ် ဆိုတာမျိုးထက် မိသားစုလိုသွားခဲ့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။”


ဦးခင်ညွန့် အရင်အာဏာရှိချိန်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ ဦးခင်ညွန့်အပေါ် အကောင်းဘက်က ရေးထားတဲ့ ဆောင်းပါးကို ဝေဖန်သူတွေလည်း ရှိနေတယ်၊ အဲဒါကို သိမိ ဖတ်မိလား။

“ကျမ သိပါတယ်၊ ကျမအဲဒါတွေကို အကုန်လုံး ထိုင်ကြည့်နေတာပါ။ ကျမ မတုန်လှုပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အချိန်တုန်းကလည်း လွတ်မြောက်ပြီး နောက်တရက်လို့ ကျမရေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမ
ယောက်ျားက ဒုဝန်ကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။ အဲဒီအချိန်မှာလည်း ကျမ ပြစ်ဒဏ်အပေးခံခဲ့ရပါတယ်။ ဂျာနယ် နှစ်ပတ် ပိတ်ခံခဲ့ရပါတယ်။ ကျမယောက်ျားကလည်း ဒုဝန်ကြီးဖြစ်တဲ့အတွက် အဲဒီဟာကို ကျမတို့ တော်တော်
လေး စိတ်ဆင်းရဲ ခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျမ အရှုံးမပေးခဲ့ပါဘူး။ ကျမ သတင်းသမားပါ။ ကျမ
ရေးသင့်တယ်လို့ ထင်တဲ့ ဟာကို ကျမ တဘက်စောင်းနင်းမရေးဘူး။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကျမ မြင်ရင်တော့ မြင်တဲ့ အတိုင်းပဲ ရေးလေ့ရှိပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေကလည်း ကျမကို ဗိုလ်ချုပ်ကြီးသမီးဆိုပြီးတော့ တချို့က ကျမကို သံသယ ရှိတာကို ကျမဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီအတွက် ဒီ Comments တွေကို ကျမ မခံစားရပါဘူး။ ကျမရဲ့ စာမျက်နှာ ရပ်တည်ချက်တွေကို သဘောပေါက်ရင် ပြီးတာပါပဲ။ ကိုယ်လုပ်တဲ့ဟာကိုတော့ ကိုယ်ရပါတယ်။ အဲဒီအတွက် ကျမ ဘာမှ တုန်လှုပ်မှု မရှိပါဘူး။”

“အန်တီ့အကြောင်းရေးခဲ့တုန်းကလည်း ကျမ အတိုက်အခံပေါင်း များစွာထဲကနေပြီးတော့ ဆူခံပြောခံကြားထဲကနေ ပြီးတော့ရေးခဲ့တာပါ။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျမ ဘာမှလည်း လုပ်ခွင့်မှမရှိတာလေ။ ကျမဆက်ရေးခဲ့ တာပဲလေ။ အခု အချိန်မှာလည်း ကျမရေးလိုက်တဲ့ဟာတခုဟာ ကျမပွင့်ပွင့်လင်းလင်းပြောရရင် ကျမကို ဒီလို တုန့်ပြန် လာမယ်ဆိုတာကို ကျမအသင့်အတင့်တော့ မျှော်လင့်ပြီးသားပါ။”


ဦးခင်ညွန့် နေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလမှာ အပြင်ထွက်ခွင့် ရံဖန်ရံခါ ရခဲ့တယ်လို့ သတင်းတွေ ထွက်ဖူးတယ်။ ဆရာမ မမတို့နဲ့ အဲဒီအချိန်ကများ တွေ့ခဲ့ဖူးလား။

“ကျမတို့ မတွေ့ဖြစ်ပါဘူး၊ ဘဘကို အဲဒီနေ့က မေးကြည့်တော့လည်း ဘဘ အပြင်မထွက်ပါဘူးလို့ ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ၈၈ မျိုးဆက်ကျောင်းသားများ ထောက်ခံ

2012-01-21

၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
RFA
အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်စဉ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ ဆုံးဖြတ်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် ပိုပြီး အားကောင်းလာစေဖို့ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ စွန့်စားရတဲ့ ဆုံးဖြတ်ချက်ပါ။ အနည်းနဲ့အများ ဆိုသလို ဒီအပေါ်မှာ သံသယရှိတဲ့ အင်အားစုတွေ ရှိနေနိုင်ပါတယ်။ ကျနော်တို့က ဒီကြေညာချက်ကို ထုတ်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုအားကောင်းသွားစေမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာပါ”

ဒါ့အပြင် အစိုးရ အပါအဝင်၊ တပ်မတော် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတွေ၊ ပြုပြင်ပြောင်းလဲရေး အင်အားစုတွေနဲ့ တိုင်းပြည် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီက ဒဂုံမြို့နယ် တော်ဝင်စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို လူ ၅ ရာ လောက် တက်ရောက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ကိုမင်းကိုနိုင်နဲ့ အတူ ၈၈ ကျောင်းသားခေါင်းဆောင်တွေက တလှည့်စီ ဖြေကြားသွားပါတယ်။

သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဟိုပင်မြို့တွင် တရားမဲ့ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွား

စနေ, 21 ဇန်နဝါရီ 2012

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း -၁)

ပညာရေးသည်ကုန်ပစ္စည်းတခုဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီးပွားရေးပညာရပ်က ပညာရေးကို ကုန်ပစ္စည်းတခုအနေနဲ့ ရှူမြင်သုံးသပ်ပါတယ်။ ကုန်ပစ္စည်းတိုင်းမှာ သက်ဆိုင်ရာသွင်ပြင်လက္ခဏာရပ်တွေရှိသလို ပညာရေးဆိုတဲ့ ကုန်ပစ္စည်းမှာလဲ သီးခြားသွင်ပြင်လက္ခဏာရပ်တွေဖြစ်တဲ့ consumption (ဥပမာ- ပညာတတ်ခြင်းအားဖြင့် ဘ၀အာမခံချက်ရှိခြင်း)၊ direct investment (ပညာတတ်တွေကို လုပ်ငန်းတွေမှာ လစာငွေတိုးပေးခြင်းအားဖြင့် သူတို့ရဲ့စွမ်းရည်တွေကို အသုံးချပြီး ထုတ်လုပ်မှုစွမ်းအားတက်စေခြင်း) စတာတွေပါရှိပါတယ်။ အချို့သောပညာရှင်များကတော့ ဒီလက္ခဏာရပ်တွေအပြင် ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ economic system နဲ့ social system ကို functioning လုပ်ပေးနိုင်တဲ့အရေးကြီးဆုံးသွင်ပြင်တရပ်ကို ပိုင်ဆိုင်ထားတယ်လို့လဲ အဆိုရှိကြပါတယ်။

consumption အနေနဲ့တခါထပ်ကြည့်မယ်ဆိုရင်လဲ ပညာရေးဟာ စားသုံးသူများကို လက်ရှိတွင်သာမက အနာဂတ်အတွက်ပါ ကျေနပ်နှစ်သိမ့်မှုပေးနိုင်ပါတယ်။ ကျောင်းနေပျော်ခြင်းဆိုတဲ့ current consumption သာမက ဘ၀အာမခံချက်ရှိခြင်း ဆိုတဲ့ future consumption ကိုပါဖြစ်စေနိုင်ပါတယ်။ ဒီလိုအနာဂတ်မှာပါ ပညာရေးရဲ့အသီးအပွင့်ကို ခံစားနိုင်တာဖြစ်တဲ့အတွက် ပညာရေးဟာ ရေရှည်ခံတဲ့ကုန်ပစ္စည်းအမျိုးအစား (durable good) ဖြစ်လာပါတယ်။ ဒါကြောင့်လဲ ပညာရေးဆီမှာ investment feature ရှိတယ်လို့ဆိုရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးအနေနဲ့ကြည့်မယ်ဆိုရင် ပညာရေးရဲ့ consumption နဲ့ investment ဆိုင်ရာသွင်ပြင်တွေကို ခွဲခြားနေခြင်းက အရေးသိပ်မကြီးလှပါဘူး။ ဒါဆိုဘာကအရေးကြီးတာလဲ။

ပညာရေးရင်းနှီးမြှုပ်နှံမှုကနေ ဘာတွေကို generate လုပ်ပေးနိုင်သလဲ

အရေးကြီးဆုံး ခွဲခြားကြည့်ရမယ့်အရာကတော့ ပညာရေးရင်းနှီးမြှုပ်နှံမှုကနေ generate လုပ်ပေးနိုင်မယ့် imputed income (နောင်တချိန်ဘ၀အာမခံချက်ရရှိခြင်း) နဲ့ ပညာတတ်တယောက်ရဲ့လုပ်အားကြောင့် ထွက်ပေါ်လာနိုင်မယ့် factor earnings တိုးမြင့်ခြင်းပါပဲ။ဒီနှစ်ချက်ဟာ education programme တွေရဲ့ pattern ပေါ်မှာ လာပြီး reflect ဖြစ်တာအတွက်ကြောင့် ပေါ်လစီများရေးဆွဲရမှာ နှစ်ခုကြားမှာ weighted လုပ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် education capital stock ဟာ အလျင်အမြန်ပြောင်းလဲစေနိုင်တာတော့ မဟုတ်တဲ့အတွက် investment planning ချတဲ့အခါမှာ long-term development ရှူထောင့်ကနေ ကြည့်နိုင်ဖို့တော့ အလွန်ပဲအရေးကြီးပါတယ်။ဒီနေရာမှာ education asset ရဲ့ ရေရှည်အသုံးဝင်မှုသက်တမ်းကို ကြည့်ရမှာ ဖြစ်တဲ့အတွက် အနာဂတ်မှာ တောင်းဆိုလာမယ့် skills တွေကို ပြည့်မှီစေမယ့် education အမျိုးအစားတွေကို စနစ်တကျကြိုတင် ရွေးချယ်နိုင်ဖို့ လိုအပ်လာပါတယ်။

ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုရဲ့တန်ဖိုး
တန်ဖိုးကို တွက်ချက်ရာမှာ လုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းကတော့ ကျောင်းသားတယောက်ရဲ့ အနာဂတ်မှာ ရရှိလာနိုင်တဲ့ earnings ကို တွက်ချက်ပြီး၊ လက်ရှိတန်ဖိုးရရှိဖို့ discount လုပ်တဲ့နည်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လက်ရှိတန်ဖိုးဟာ တချိန်မှာပြန်ရဖို့ ရင်းနှီးမြှုပ်နှံထားရတဲ့ cost နဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒီနည်းဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွက်ချက်ခြင်းအတွက် အသုံးအများဆုံးပါ။ ဒါပေမယ့် ဒီနည်းက ပညာတတ်တယောက်အတွက်အကျိုးကျေးဇူးကိုပဲ တွက်ချက်တာဖြစ်ပြီး၊ ပညာရည်မြင့်မားခြင်းဖြင့် အများအတွက် ရလာနိုင်မယ့် တန်ဖိုးများကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုရဲ့ အခြားသောတန်ဖိုးတခုကတော့ social climate နဲ့ cultural climate ကို ပြုပြင်ပြောင်းလဲနိုင်ခြင်းပါပဲ။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မရှိမဖြစ်အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်ဖြစ်ပါတယ်။ ဒီအတွက် ပညာရေးရဲ့ အမျိုးအစား၊ အဆင့်အတန်း၊ ပညာတတ်အရေအတွက်ဆိုတာတွေက အရေးပါလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့အရည်အချင်းတွေကို အနာဂတ်သင့်လျော်ရာနေရာမှာ ထုတ်ယူအသုံးမပြုနိုင်တဲ့ ပညာတတ်များ မွေးထုတ်ထားရပြန်တာ ဆိုရင်လဲ ဒါဟာ external dis-economy သာဖြစ်ပြီး၊ instability ဖြစ်ရခြင်းရဲ့ source တခုသာ ဖြစ်ပါတယ်။

ဥပမာ- မြန်မာနိုင်ငံမှာဆိုရင် ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဆရာဝန်အရေအတွက်များလာဖို့ရည်ရွယ်ပြီး ဆေးကျောင်းတက်ရောက်နိုင်သူ အရေအတွက်ကို တိုးမြှင့်ပေးလိုက်ပါတယ်။ ဒီအတွက် costs of investment တက်လာပါတယ်။ ဒါပေမယ့် “ဆရာဝန်ဘွဲ့ရရင်ပြီးရော၊အမြင့်ဆုံးတက္ကသိုလ်ကို တက်ရရင်ပြီးရော၊ ၀ါသနာပါပါမပါပါ၊ လုပ်စားဖို့မရည်ရွယ်ပါ” ဆိုပြီးတက်ရောက်သူတွေများလာတဲ့အခါ rate of return မရှိတော့ပါဘူး။ တခြားပညာရပ်များတွေမှာလဲ ဒီလိုပါပဲ။ ဘွဲ့ရရင်ပြီးရောဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အကြောင်းမဟုတ်လှပေမယ့် ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအတွက်ကျတော့ development ရဲ့ early stages တွေကို ထိခိုက်စေပါတယ်။ ဒီလို individual investment လုပ်ခြင်းအားဖြင့် ရှိစေနိုင်တဲ့ risks တွေကို ဘယ်လို လျှော့ချမလဲ။

ရင်းနှီးမြှုပ်နှံမည့်ပညာရေးအမျိုးအစားနှင့် capital equipment ကို complement ဖြစ်စေခြင်း
individual investment လုပ်ခြင်းအားဖြင့် ရှိနေနိုင်တဲ့ risks တွေကို လျှော့ချနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်ပညာရေးအမျိုးအစားနဲ့ capital equipment တွေကို complement ဖြစ်စေရပါမယ်။ နှစ်မျိုးစလုံးမှာ စနစ်တကျရင်းနှီးမြှုပ်နှံရပါမယ်။ ဆရာဝန်အရေအတွက်များလာသလို ကျန်းမာရေးစောင့်ရှောက်မှုများကလဲ များလာရပါမယ်။ တခါဘွဲ့ရပညာတတ်တွေထွက်လာပြီဆိုရင်လည်း သူတို့ရဲ့ educated manpower ကို absorption လုပ်နိုင်မယ့် capacity rate ရှိရပါမယ်။ မြင်သာအောင်ဆိုရရင် စက်မှုလယ်ယာလုပ်မယ်ဆိုရင် လယ်ထွန်စက်မောင်းဖို့ trained driver တွေလိုပါတယ်။ driver တွေ trained ထားရင်လဲ မောင်းရမယ့် လယ်ထွန်စက်တွေ ရှိနေဖို့လိုအပ်ပါတယ်။

ဒီလို sensible education target တွေချတဲ့အခါ economy ရဲ့ လိုအပ်ချက်၊ စီမံချက်တွေပြည့်မှီအောင်မြင်စေမယ့် တောင်းဆိုချက်၊ absorption capacity rate မြင့်မားစေမယ့်စနစ်ရဲ့ လိုအပ်ချက်စတာ တွေကို သေချာစဉ်းစားဖို့လိုအပ်ပါတယ်။ ဖွံဖြိုးဆဲတိုင်းပြည်တော်တော်များများမှာ ပညာတတ်တွေမရှိခြင်း၊ ရှိတဲ့ပညာတတ်တွေကို အသုံးမပြုနိုင်ခြင်း၊ လွဲမှားသော attitudes များဖြင့် ပညာရပ်ကိုချဉ်းကပ်ပြီး၊ rate of return ပြန်မလုပ်ပေးနိုင်မည့် ပညာတတ်တွေကို မွေးထုတ်မှုများနေခြင်း၊ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုများကြောင့် ဦးနှောက်ယိုစီးမှု ပြဿနာဖြစ်နေခြင်း စတဲ့အကြောင်းရင်း မျိုးစုံကြောင့် Human capital ဟာ shortage ဖြစ်နေတတ်ပါတယ်။ ဒီလို manpower shortage ကို မဖြေရှင်းနိုင်ရင် economic modernization ဘယ်လိုမှ မဖြစ်လာနိုင်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှောင့်နှေးနေဦးမှာပါပဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ထိရောက်တဲ့ လူစွမ်းအားအရင်းအမြစ်တိုးတက်ရေးမဟာဗျူဟာ (Strategy of Human Resources Development) လိုအပ်လာပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာပြဿနာများ
ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ အများအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပြဿနာနှစ်မျိုးကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ပထမတမျိုးကတော့ လိုအပ်သော critical skills ရှိတဲ့လူတွေရှားပါးမှုဖြစ်ပြီး၊ နောက်တမျိုးကတော့ လုပ်အားပေါများမှုဖြစ်ပါတယ်။ ဒီနှစ်ရပ်လုံးကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာများ ချမှတ်တဲ့အခါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ တဘက်ကနေ skills တွေ တိုးတက်အောင် လုပ်သလို အခြားတဘက်ကနေလဲ အသုံးမချရတဲ့ လူ့စွမ်းအားတွေကို အသုံးပြုနိုင်မယ့် အလုပ်တွေ ပံ့ပိုးပေးနိုင်ရပါမယ်။ ဒီပြဿနာနှစ်ရပ်လုံးဟာ နိုင်ငံတနိုင်ငံရဲ့ ပညာရေးနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ပြဿနာအတိမ်အနက် မတူပေမယ့် နိုင်ငံတိုင်းမှာတော့ ဒီပြဿနာတွေ ရှိနေနိုင်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ် ရှားပါးမှု

ဖွံ့ဖြိုးဆဲနိုင်ငံတွေများဖြစ်ပွားလေ့ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ရှားပါးမှုများကို အမျိုးအစားခွဲပြီး ဆက်လက်ဖော်ပြပါမယ်။

(၁) ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ပညာရည်မြင့်မားတဲ့ professional တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ တိရစ္ဆာန်ကုဆရာဝန်၊ သိပ္ပံပညာရှင်တွေ ရှားပါးမှု (သို့) အသုံးမ၀င်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ပညာရှင်တွေရှိတယ်ဆိုရင်လည်း များသောအားဖြင့် ဒီပညာရှင်တွေဟာ မြို့ကြီးပြကြီးများမှာသာ နေလေ့ရှိတာမို့ တကယ်လိုအပ်တဲ့ ကျေးလက်ဒေသတွေမှာ ရှားပါးမှုဖြစ်တတ်ပါတယ်။ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကနိုင်ငံတော်တော်များများမှာ အတတ်ပညာနဲ့ လုပ်ငန်းခွင် သီးခြားစီဖြစ်နေတဲ့ ပညာရှင်တွေ အများအပြားရှိနေပါတယ်။

(၂) နောက်တမျိုးကတော့ sub- professional personnel တွေဖြစ်တဲ့ technician တွေ၊ သူနာပြုတွေ ရှားပါးမှုဖြစ်ပါတယ်။ ဒီလိုရှားပါးမှုမဖြစ်အောင် တက္ကသိုလ်ပညာရေးမဟုတ်တဲ့ ပိုလီတက်နစ် institution တွေ ဖွင့်လှစ်ပေးဖို့ လိုအပ်ပါတယ်။

(၃) နောက်ထပ်ရှားပါးမှုတမျိုးကတော့ အဆင့်မြင့်စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်မှုဆိုင်ရာ ၀န်ထမ်းများရှားပါးမှု ဖြစ်ပါတယ်။ private sector မှာရော၊ public sector မှာပါ အရည်အချင်းပြည့်ဝတဲ့အုပ်ချုပ်ရေး ၀န်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။

(၄) နောက်တမျိုးကတော့ အခြေခံပညာရေးနဲ့ အဆင့်မြင့် ပညာရေး ဆရာ၊ ဆရာမများပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမများ ရှားပါးမှုဟာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဖြစ်စဉ် တရပ်လုံးအတွက် 'master bottleneck' ဖြစ်တာမို့ အထူးဂရုစိုက်ရမယ့် ကဏ္ဍတရပ်ဖြစ်ပါတယ်။

(၅) နောက်တမျိုးကတော့ craftsmen of all kind လို့ဆိုနိုင်တဲ့ စာရေးစာချီတွေ၊ machine operator စသူတွေရှားပါးမှုဖြစ်ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာလေ့ကျင့်သင်ကြားပေးမှုတွေနဲ့ သင်တန်းပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

(၆) နောက်ဆုံးတမျိုးကတော့ အထွေထွေ လိုအပ်သော ပညာရှင်တွေဖြစ်တဲ့ လေကြောင်းလိုင်း ပိုက်လော့တွေ၊ စီးပွားရေးပညာရှင်တွေ၊ စာရင်းအင်းဆိုင်ရာပညာရှင် စတာတွေဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာက အထက်မှာဖော်ပြခဲ့တဲ့ အတတ်ပညာရှင်၊ အသိပညာရှင်၊ ပညာသည်တွေအားလုံးအပေါ်မှာ မူတည်နေပါတယ်။ သူတို့တွေရဲ့အရေအတွက်၊ အရည်အချင်းတွေ တိုးတက်လာတာနဲ့အမျှ၊ သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးချလာနိုင်တာနဲ့အမျှ human capital တက်လာနိုင်ပါတယ်။ ဒီလို Human capital formation ဖြစ်စဉ်ကို လည်ပတ်နိုင်စေဖို့အတွက် နိုင်ငံအုပ်ချုပ်သူများမှ manpower ဆန်းစစ်မှုဆိုတာကို ပြုလုပ်သင့်ပါတယ်။

manpower ဆန်းစစ်ချက်

manpowerဆန်းစစ်ချက်များ ပြုလုပ်တဲ့အခါမှာ ရည်မှန်းချက် သုံးရပ် ရှိရပါမယ်။

ပထမရည်မှန်းချက်ကတော့ economic sector တခုချင်းဆီမှာ ရှိနေတဲ့ skilled manpower ရှားပါးမှုကို ဖော်ထုတ်ပြီး၊ ဘာကြောင့်ရှားပါးတယ်ဆိုတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။

ဒုတိယရည်မှန်းချက်ကတော့ ဖြစ်နေမှုတွေနဲ့ ဖြစ်ရခြင်းအကြောင်းရင်းတွေကို ဖော်ထုတ်ရပါမယ်။

တတိယရည်မှန်းချက်ကတော့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုင်ရာ targets များကို သင့်လျော်တဲ့ expected growth rate ပေါ် မူတည်ပြီး ချမှတ်ရပါမယ်။

ဒီဆန်းစစ်ချက်ကို စနစ်တကျလုပ်ပြီးမှသာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုင်ရာ မဟာဗျူဟာ တရပ်ကို ရေးဆွဲရပါမယ်။ ဒီမဟာဗျူဟာမှာ မျက်နှာစာ သုံးမျိုးပါဝင်ဖို့ လိုအပ်ပါတယ်။

ပထမတမျိုးက သင့်တော်တဲ့ incentives များပေးခြင်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေကို လိုအပ်တဲ့ နည်းပညာတွေ သင်ယူချင်စိတ်ရှိလာအောင် တွန်းအားပေးရမှာဖြစ်ပါတယ်။ နောက်တမျိုးကတော့ လုပ်ငန်းခွင် ၀န်ထမ်းတွေကို ထိရောက်စွာ ပြုလုပ်နိုင်မယ့် အရည်အချင်းမြှင့်တင်ရေး သင်တန်းများ ပေးခြင်းဖြစ်ပါတယ်။ နောက်ဆုံးတမျိုးကတော့ formal education ကို rational development ဖြစ်အောင် လုပ်ပေးခြင်းဖြစ်ပါတယ်။

ဒီမျက်နှာစာသုံးမျိုးလုံးဟာ တခုနဲ့တခု အပြန်အလှန်အမှီသဟဲ ပြုနေတာဖြစ်တဲ့အတွက် သုံးမျိုးစလုံးကို တပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ တပြိုင်တည်းမှာပဲ formal education နဲ့ in-service training ကို ပေါင်းကူးပေးနိုင်အောင်လဲ ကြိုးပမ်းရမှာဖြစ်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုပြုလုပ်ရာမှာ အရေးကြီးဆုံးလိုအပ်ချက်တရပ်ဖြစ်တဲ့ education planning နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးပါမယ်။

ပညာရေးစီမံချက်နှင့်ပေါ်လစီများ

ပညာရေးစီမံချက်နှင့် ပေါ်လစီများချမှတ်ရာမှာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပြုလုပ်ရမယ့် စီမံချက်များ၊ ပေါ်လစီများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာ ချမှတ်ရမည့် ပေါ်လစီများမှာ များစွာသော ကွဲပြားမှုတွေ ရှိပါတယ်။

ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးက (၂၀၀၇)ခုနှစ်က ထုတ်ဝေတဲ့ Building Knowledge economies စာတမ်းမှာ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ချမှတ်သင့်တဲ့ ပညာရေးမူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။

(၁) မူလတန်း၊ပညာရေး
* လူတိုင်းအတွက် ပညာရေး စီမံချက်များတွင် အာရုံစိုက်ရန်

* ကျောင်းအပ်နှုန်းတိုးမြှင့်လာရေး ဆောင်ရွက်ရန်

* အမျိုးသမီးငယ်များ၏ ပညာရေးနှင့်အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတိုးတက်လာစေရန်

* အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက်ရန်


(၂) အလယ်တန်း၊ အထက်တန်းပညာရေး

* အလယ်တန်းကျောင်းအပ်နှုန်းတိုးမြင့်လာရေးဆောင်ရွက်ရန်

* အထက်တန်းပညာရေးအား တက္ကသိုလ်ကောလိပ်ပညာရေးများအတွက် ပြင်ဆင်ပေးရုံသာမက လုပ်ငန်းခွင်ဘ၀နှင့်ပါ သင့်လျော်နိုင်စေမည့် ပညာရေးအစီအစဉ်များ ဖော်ဆောင်ရန်

(၃) တက္ကသိုလ်၊ ကောလိပ်ပညာရေး

* တက္ကသိုလ်၊ ကောလိပ်ပညာရေးအဆင့်အတန်းမြင့်မားလာစေရန်

* Economy တွင် လိုအပ်သော အရည်အချင်းများနှင့် တွဲစပ်ဖော်ဆောင်ရန်

* ပရိုဂရမ်နှင့် လိုအပ်သောအရည်အချင်းများကို ဖော်ထုတ်ရန် လုပ်ငန်းရှင်များထံမှ အကြံဥာဏ်ရယူရန်
* အချိန်ကာလပိုမိုတိုတောင်းသော နည်းပညာပိုင်းဆိုင်ရာသင်တန်းများ (ဥပမာ- ပိုလီတက်နစ်များ) ဖွင့်လှစ်ရန်


(၄) စဉ်ဆက်မပြတ်ပညာရေး

* စာတတ်မြောက်မှုနှုန်းမြင့်မားလာရေး ဆောင်ရွက်ရန်

* economy မှ လိုအပ်သော အရည်အချင်းများကို ဖော်ထုတ်ပေးနိုင်မည့် သင်တန်းများပေးရန်

* အရည်အချင်းမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ရန်

စသည်တို့ဖြစ်ပါတယ်။

များသောအားဖြင့်..
ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ပညာရေးစနစ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ပြဿနာများကို ရင်ဆိုင်နေကြရပါတယ်။ ပညာတတ်များနည်းပါးမှု၊ မထိရောက်သော ပညာရေးမူဝါဒများချမှတ်ထားမှု၊ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှုနည်းစနစ်များ economy လိုအပ်ချက်နှင့်မကိုက်ညီမှု၊ သိပ္ပံနဲ့နည်းပညာသင်တန်းများ ဖွင့်လှစ်ရန်အားနည်းမှု စတာတွေဖြစ်ပါတယ်။

ဘာသာစကားအနေနဲ့ကတော့ ပထမပိုင်းနှစ်များမှာ မိခင်ဘာသာစကားနဲ့ သင်ကြားရာက တစတစ နိုင်ငံရပ်ခြားဘာသာစကားများကို တိုးချဲ့သင်ပေးသွားခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အာဖရိကတိုက်နိုင်ငံများမှာ ကျင့်သုံးရာမှာ ကြီးစွာသော အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ လူငယ်တွေကို ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးနဲ့ မိတ်မဆက်ပေးခင်မှာ solid language base နဲ့ သင်ယူလေ့လာရေးဖြစ်စဉ်ကို အခြေပြုတဲ့ approach ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် အရေးကြီးတဲ့ပညာရေးရည်မှန်းချက်ကတော့ အရည်အသွေးမြင့်မားတဲ့ ဘွဲ့ရပညာတတ်များ အရေအတွက် တိုးတက်မြင့်မားလာခြင်းပဲဖြစ်သင့်ပါတယ်။ အရေအတွက်များပြားလာခြင်း တခုတည်းနဲ့ ပညာရေးရည်မှန်းချက် အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။

ပညာရေးမူဝါဒနဲ့ပတ်သက်ပြီး ယူနက်စကိုက ဖော်ထုတ်ထားတဲ့ generic simulation model, EPSSim နဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို နောက်ဆောင်းပါးများမှာ ဆက်လက်ဖော်ပြပါမယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၈၊ ၉၊ ၂၀၀၈)

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်


၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။

၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။

၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။

၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

ဖြစ်ချင်တာက