နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများအား Alternative Spectrum သဏ္ဍာန်ဖြင့် ခွဲခြားလေ့လာခြင်း



 ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ထုတ် ပဲ့တင်သံမှာ ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါတယ်။
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများအား  Alternative Spectrum သဏ္ဍာန်ဖြင့် ခွဲခြားလေ့လာခြင်း

Alternative Spectrum မှာ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ၊ လက်ယာသစ် (New Right)၊ လက်ဝဲသစ် (New Left) နဲ့ မင်းမဲ့ဝါဒ (Anarchism) စတာတွေ ပါဝင်ပါတယ်။ 
(၁) ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ (Social Democracy)
ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ classical liberalism နဲ့ revolutionary socialism သဘောတရားတွေကို ချိန်ခွင်ညှိထားတဲ့ သဘောတရားဖြစ်ပါတယ်။ ပထမသဘောတရားက ဈေးကွက်ကို ဦးစားပေးပြီး၊ ဒုတိယ သဘောတရားက ဘုံပိုင်ဆိုင်မှုကို ဦးစားပေးတာ ဖြစ်ပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒကို ဈေးကွက်နဲ့ နိုင်ငံတော်အကြားက ချိန်ခွင်လျှာ၊ တဦးချင်းစီနဲ့ အများအကြားက ချိန်ခွင်လျှာအဖြစ်လဲ သတ်မှတ် ပြောဆိုကြပါတယ်။ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ အရင်းရှင်စနစ်ကို ကြွယ်ဝချမ်းသာမှုတွေ ဖော်ထုတ် ပေးနိုင်တဲ့ တခုတည်းသော ယန္တရားအဖြစ် သတ်မှတ်လက်ခံထားသလို၊ အခြားတဘက်မှာလဲ ဒီလိုချမ်းသာကြွယ်ဝမှုတွေကို ပြန်လည်မျှဝေသုံးစွဲသင့်ကြောင်း လက်ခံထားပါတယ်။

(၂၀) ရာစုအစောပိုင်းကာလတွေမှာတုန်းက ဒီဝါဒကို ပြန်လည်ပြင်ဆင်သော ဆိုရှယ်လစ်ဝါဒ (reformist socialism) အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ (၁၉၅၉) ခုနှစ်မှာ ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီက မာ့က်စ်ဝါဒကို တရားဝင်စွန့်လွှတ်ကြောင်း ကြေငြာခဲ့ပြီး၊ "ဖြစ်နိုင်မှုရှိလျှင် ပြိုင်ဆိုင်ခြင်း၊ လိုအပ်ချက်ရှိလျှင် ကြိုတင်စီမံခြင်း” ဆိုတဲ့ သဘောတရားကို ကျင့်သုံးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ၊ အလုပ်သမားပါတီကလဲ ပါတီရဲ့ ဆိုရှယ်လစ်ဝါဒ ယုံကြည်ချက်ကို တန်းတူညီမျှခြင်းဆိုတဲ့ သဘောတရား အပေါ်မှာပဲ ကန့်သတ်ချက် သတ်မှတ်ထားရှိခဲ့ပါတယ်။

ဆိုရှယ်ဒီမိုကရက်တစ်ဝါဒဟာ ၀ါဒမျိုးစုံ ရောစပ်ယှက်နွယ်နေတဲ့ ၀ါဒတရပ်ဖြစ်ပါတယ်။ ဆိုရှယ် ဒီမိုကရက်တစ်ဝါဒမှာ ဆိုရှယ်လစ်ဝါဒရဲ့ လူသားချင်းစာနာနားလည်မှု (compassion) နဲ့ ဘုံလူသားဝါဒ (common humanity) ဆိုင်ရာ သဘောတရားတွေ၊ လစ်ဘရယ်ဝါဒရဲ့ လွတ်လပ်ခွင့် (freedom) နဲ့ တူညီသော အခွင့်အလမ်းများ (equal opportunities) ဆိုင်ရာ သဘောတရားတွေ၊ ကွန်ဆာဗေးတစ် ၀ါဒရဲ့ မိဘသဖွယ် တာဝန်ယူမှုနဲ့ စောင့်ရှောက်မှု (paternal duty and care) ဆိုင်ရာ သဘော တရားတွေအားလုံး ရောစပ်ပါဝင်နေပါတယ်။

(၂) လက်ယာသစ် (New Right)

လက်ယာသစ်ဝါဒဟာ ကွန်ဆာဗေးတစ်ဝါဒကနေ သွေဖည်ခွဲထွက်လာတဲ့ ၀ါဒသစ်တရပ်ဖြစ်ပါတယ်။ လက်ယာသစ်ဝါဒ အစပျိုးပေါ်ထွက်လာတဲ့ ကာလကတော့ လူမှုရေးရာ ပြိုကွဲမှုနဲ့ လုပ်ပိုင်ခွင့်အာဏာ လျော့ကျလာမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ ဖြစ်လာတဲ့ (၁၉၇၀) ကာလတွေမှာ ဖြစ်ပါတယ်။ လက်ယာသစ်သဘောတရားတွေက ဗြိတိန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ နိုင်ငံရေးအပေါ် ကြီးမားစွာ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ (၁၉၈၀) ကာလတွေမှာ ဗြိတိန်နိုင်ငံမှာ ၀န်ကြီးချုပ် မားဂရက်သက်ချာ ကို ကိုယ်စားပြုတဲ့ Thatcherism ၀ါဒနဲ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတရီဂင်ကို ကိုယ်စားပြုတဲ့ Reaganism ၀ါဒတို့ ပေါ်ထွက်လာပါတယ်။

ဒီဝါဒနှစ်ခုဟာ နိုင်ငံတော်မှ ဈေးကွက်သို့ ဦးတည်သော အစိုးရအဖွဲ့အစည်းများကို ဦးဆောင်ပြောင်းလဲ နိုင်ခဲ့အတွက် ကမ္ဘာနဲ့အ၀ှမ်း သက်ရောက်လွှမ်းမိုးမှု ရှိလာခဲ့ပါတယ်။ သို့ပေမယ့် လက်ယာသစ်ဝါဒဟာ ကွဲပြားခြားနားတဲ့ အတွေးအခေါ်နှစ်ရပ်ဖြစ်တဲ့ လစ်ဘရယ်ဝါဒနဲ့ ကွန်ဆာဗေးတစ်ဝါဒ နှစ်ခုကို ပေါင်းစည်း ပေးခြင်းကိုတော့ မလုပ်ဆောင်နိုင်ပါဘူး။ ဒီဝါဒနှစ်ရပ်အကြားမှာ ကွဲပြားခြားနားမှုတွေ၊ တင်းမာမှုတွေ ရှိတာကြောင့် ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေလဲ ပေါ်ထွက်လာပါတယ်။ နိုင်ငံရေး တွေးခေါ်ပညာရှင် Andrew Gamble က " လွတ်လပ်သောစီးပွားရေးအဆောက်အအုံနဲ့ အင်အားကြီး သော နိုင်ငံတော် (the free economy and the strong state) “ အဖြစ် ရပ်တည်မှုဟာ အကောင်းဆုံး ပေါင်းစပ်နိုင်သော နည်းလမ်းအဖြစ် အကြံပြုထားပါတယ်။

(၃) လက်ဝဲသစ် (New Left)

လက်ဝဲသစ်အတွေးအခေါ်တွေရဲ့ မျိုးစေ့က ဆိုဗီယက်ပြည်ထောင်စုမှာ  de-Stalinization လုပ်တဲ့ ကာလမှာ အစပြုလာခဲ့တာ ဖြစ်ပါတယ်။ (၁၉၅၆) ခုနှစ်၊ ဖေဖော်ဝါရီလမှာ  Nikita Khrushchev ရဲ့ မိန့်ခွန်းမှာ "On the Cult of Personality and Its Consequences" ဆိုတဲ့ စကားလုံးပါဝင်ခဲ့တာက အမေရိကန်ပြည်ထောင်စုကွန်မြူနစ်ပါတီ၊ ဗြိတိန်နိုင်ငံ ကွန်မြူနစ်ပါတီနဲ့ ဂျပန်ကွန်မြူနစ်ပါတီတို့ကို အတွေးအခေါ် ရှုပ်ထွေးမှုတွေ ဖြစ်သွားစေခဲ့ပါတယ်။  ငယ်ရွယ်တဲ့ မာ့က်စ်ဝါဒီပညာရှင်တွေက သူတို့ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ ဗဟိုဦးစီးဝါဒကို ဆန့်ကျင်လာကြပါတယ်။ ဒီလိုဆန့်ကျင်လာကြတဲ့ ကွန်မြူနစ်များ ပေါင်းစည်းမိရာက လက်ဝဲသစ်ဝါဒ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ကနဦးအစမှာ ဗြိတိန်နိုင်ငံက  ကွန်မြူနစ်ပညာရှင်များနဲ့ တက္ကသိုလ်အခြေပြု လေ့လာရေးအုပ်စုဝင်များနဲ့ အမေရိကန် ပြည်ထောင်စုက  တက္ကသိုလ်ကောလိပ်အခြေပြု လေ့လာရေးအုပ်စုများ ပေါင်းစည်းပါဝင်လာကြပါတယ်။

ပြင်သစ်မှာတော့  "nouvelle gauche" ဆိုတဲ့ သဘောတရားတရပ်က (၁၉၅၀) ကာလတွေမှာ ကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ဒီလိုပေါ်ထွက်နေမှုက France Observateur ရဲ့ အယ်ဒီတာ Claude Bourdet နဲ့ ဆက်နွယ်နေပါတယ်။ Claude Bourdet ဆိုသူက စတာလင်ဝါဒနဲ့ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒတို့အကြားနဲ့ စစ်အေးတိုက်ပွဲဘက်နှစ်ဘက်အကြားမှာ ရှိနိုင်တဲ့ တတိယ သဘောတရားတရပ်ကို ရှာဖွေဖော်ထုတ် နေသူဖြစ်ပါတယ်။ ဒါက ပြင်သစ်ရဲ့ လက်ဝဲသစ်ဝါဒဖြစ်ပြီး၊ ဗြိတိန်က ဒီစကားလုံးကို ဆက်လက်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

(၁၉၆၀) ခုနှစ်မှာ လူမှုဗေဒပညာရှင်  C. Wright Mills (1916–62) ရေးသားခဲ့တဲ့ အိတ်ဖွင့်ပေးစာကို အကြောင်းပြုပြီး လက်ဝဲသစ်ဝါဒက ထင်ရှားကျော်ကြားလာခဲ့ပါတယ်။   Mills က လက်ဝဲအစဉ်အလာ တရပ်ဖြစ်တဲ့ အလုပ်သမားလူတန်းစားကိုယ်စားပြုလှုပ်ရှားမှု (labor metaphysic) နဲ့ သက်ဆိုင်ခြင်း မရှိတဲ့ new leftist ideology အကြောင်းကို အိတ်ဖွင့်ပေးစာမှာ ရေးသားထားခဲ့ပါတယ်။ သူ့စာအရ ပစ္စည်းမဲ့လူတန်းစားတွေဟာ တော်လှန်ရေးအင်အားစုတွေ မဖြစ်နိုင်တော့ကြောင်းနဲ့ တော်လှန်ရေး ပြောင်းလဲမှုကို လုပ်ဆောင်နိုင်မယ့် လူသစ်တွေဟာ ကမ္ဘာတ၀ှမ်းက ပညာတတ်လူငယ်တွေဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။  

ဗြိတိန်နိုင်ငံမှာ (၁၉၆၀) ခုနှစ်မှာ New Left Review ဆိုတဲ့ ဂျာနယ်တစောင် စတင်ပေါ်ထွက် လာခဲ့ပါတယ်။ ဒီကာလတွေမှာတုန်းက လက်ဝဲသစ်ဝါဒီအများစုဟာ Campaign for Nuclear Disarmament မှာ ပါဝင်ခဲ့ကြပါတယ်။ (၁၉၆၁) နှောင်းပိုင်းကလာရောက်တော့ ဒီလှုပ်ရှားမှု အားပျော့လာတဲ့အတွက် ဂျာနယ်ထုတ်ဝေရေးဘုတ်အဖွဲ့ဝင်များအကြားမှာ မရေရာမှုနဲ့ ကွဲပြားမှုတွေ ပေါ်ထွက်လာပြီး ဂျာနယ် ထုတ်ဝေရေးကို မျိုးဆက်သစ်လူငယ်များရဲ့ လက်ထဲကို လွှဲပြောင်းပေးခဲ့ရပါတယ်။

(၁၉၆၀-၇၀) ကာလတွေမှာတော့ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာ လက်ဝဲသစ်ဝါဒ လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ လက်ဝဲသစ် ၀ါဒီတွေက အလုပ်သမားလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားမှုထက် ကျောင်းသားလှုပ်ရှားမှုကို ပိုမိုဇောင်းပေးကြပါတယ်။ မာ့က်စ်ဝါဒရဲ့ ပစ္စည်းမဲ့ လူတန်းစားများအပါအ၀င် လူထုလူတန်းစားပေါင်းစုံရဲ့ တက်ကြွလှုပ်ရှားမှု သဘောတရားများကို ဆန့်ကျင်ပြီး၊ ကျောင်းသား လှုပ်ရှားမှုကိုသာ လှုပ်ရှားမှု ပါဝါအဖြစ် သတ်မှတ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံ တို့မှာ ပေါ်ထွက်ခဲ့တဲ့ လက်ဝဲသစ်ဝါဒ လှုပ်ရှားမှုတွေဟာ ဟစ်ပီလှုပ်ရှားမှုတွေ၊ တက္ကသိုလ်ကျောင်း အလိုက် ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ (၁၉၆၈) ခုနှစ်မှာ ကမ္ဘာနဲ့အ၀ှမ်း ကျောင်းသား လှုပ်ရှားမှုတွေ အရှိန်မြင့်လာပြီး၊ ကျောင်းသားဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ထွက်လာခဲ့ပါတယ်။
(၄) မင်းမဲ့ဝါဒ (Anarchism)

မင်းမဲ့ဝါဒဟာ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီတွေ အကြားမှာ မူမှန်မဟုတ်တဲ့ အိုင်ဒီရော်လော်ဂျီတခု ဖြစ်ပါတယ်။ ဘယ်လို မင်းမဲ့ပါတီကမှ ကမ္ဘာပေါ်မှာ အာဏာမရခဲ့ဖူးပါဘူး။ ဒါပေမယ့် မင်းမဲ့ဝါဒီများရဲ့ လှုပ်ရှားမှုများကတော့ အားကောင်းလှပါတယ်။ အထူးသဖြင့် စပိန်၊ ပြင်သစ်၊ ရရုရှားနဲ့ မက်ဆီကိုနိုင်ငံ တို့မှာ မင်းမဲ့ဝါဒီများရဲ့ လှုပ်ရှားမှုများ အားကောင်းခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက နိုင်ငံရေးအာဏာတွေ၊ အထူးသဖြင့် နိုင်ငံတော်အာဏာဟာ evil အာဏာဖြစ်ပြီး၊ လိုအပ်တဲ့ အာဏာမဟုတ်ကြောင်း ယုံကြည် ထားကြပါတယ်။

နိုင်ငံတော်အာဏာနဲ့ အစိုးရအုပ်ချုပ်မှုကင်းမဲ့သော လူ့အဖွဲ့အစည်းအတွင်းမှာ လွတ်လပ်တဲ့ လူတွေဟာ သူတို့ရဲ့ အရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်မှု၊ သဘောတူညီချက်တွေနဲ့ စီမံခန့်ခွဲသွားကြမယ် ဆိုတဲ့ မင်းမဲ့ဝါဒအတွေးအခေါ်တွေဟာ liberal individualism နဲ့ socialist communitarianism အတွေးအခေါ်များကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

liberal individualism အတွေးအခေါ်မှာ တဦးချင်းဝါဒနဲ့ လွတ်လပ်ခွင့်ကို အမြင့်မားဆုံး လိုအပ်သော ဆန္ဒတွေ ပါဝင်ပါတယ်။ ဒါပေမယ့် လစ်ဘရယ်တွေက နိုင်ငံတော်နဲ့ အစိုးရတည်ရှိမှုကို ငြင်းဆန်ခြင်း မရှိပဲ၊ individual anarchists တွေကတော့ နိုင်ငံတော်နဲ့ အစိုးရတည်ရှိမှုဆိုတာကို ငြင်းဆန်ကြပါတယ်။ မင်းမဲ့ဝါဒီတဦးဖြစ်တဲ့ William Godwin (၁၇၅၆- ၁၈၃၆) ဆိုသူက လွတ်လပ်ပြီး၊ အမြော်အမြင်ရှိတဲ့ လူသားတွေဟာ သူတို့ရဲ့ အရေးကိစ္စတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သူများဖြစ်ပြီး၊ အစိုးရဆိုတာ မလိုလားအပ်တဲ့ ၀င်ရောက်စွက်ဖက် စီမံခန့်ခွဲနေတဲ့ အရာဖြစ်ကြောင်း အဆိုပြုထားခဲ့ပါတယ်။ မင်းမဲ့ဝါဒီတွေက လစ်ဘရယ်ဝါဒရဲ့ လွတ်လပ်သော ဈေးကွက်သဘောတရားများကိုလဲ လက်ခံကြ ပါတယ်။ သို့ပေမယ့် လူသားတွေဟာ ဈေးကွက်ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့အတွက် နိုင်ငံတော်နဲ့ အစိုးရရဲ့ အခန်းကဏ္ဍမလိုအပ်ကြောင်း ယူဆကြပါတယ်။ ဒီအယူအဆတွေကနေ anarchocapitalism ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

မင်းမဲ့ဝါဒကို နောက်ထပ်လွှမ်းမိုးစေတဲ့ အတွေးအခေါ်တွေကတော့   socialist communitarianism ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ထဲက လူ့အဖွဲ့အစည်း၊ ပူးပေါင်းဆောင်ရွက်မှု၊ တန်းတူညီမျှမှု စတဲ့ သဘောတရားတွေကို မင်းမဲ့ဝါဒီတွေက လက်ခံကြပါတယ်။ လူမှုသွေးစည်းညီညွတ်ရေး (social solidarity) ရရှိရေးအတွက် လူသားတွေရဲ့ စွမ်းရည်တွေ လိုအပ်ချက်ကို အာရုံစိုက်တဲ့ Collective anarchism ဆိုတဲ့ အိုင်ဒီရော်လော်ဂျီတရပ်ပေါ်ထွက်လာပါတယ်။

ဒီအိုင်ဒီရော်လော်ဂျီကို ဖော်ထုတ်ခဲ့တဲ့ ပြင်သစ်မင်းမဲ့ဝါဒီ Pierre-Joseph Proudhon ဆိုသူက လွတ်လပ်သော လယ်သမားများ၊ အနုပညာရှင်များ၊ လက်မှုပညာရှင်များ ပါဝင်တဲ့ လူ့အဖွဲ့အစည်း ငယ်လေးတွေဟာ အရင်းရှင်စနစ်ရဲ့ အမြတ်ထုတ်မှုတွေ၊ မတရားမှုတွေ မပါဝင်သော တရားမျှတပြီး တန်းတူညီမျှတဲ့ စနစ်တွေကို အသုံးပြုပြီး သူတို့ဘ၀ကို သူတို့ စီမံခန့်ခွဲနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ မင်းမဲ့ဝါဒနဲ့ ပတ်သက်ပြီး ထင်ရှားကျော်ကြားတဲ့ အခြားတွေးခေါ်ပညာရှင်များကတော့ Noam Chomsky နဲ့ Murray Bookchin ဆိုသူတို့ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ အမျိုးအစားများကို အထက်မှာဖော်ပြထားတဲ့  alternative spectrum၊ သဏ္ဍာန်နဲ့ ခွဲခြားဆန်းစစ်လေ့လာခြင်းများသာမကပဲ အမျိုးသားကွန်မြူနစ်ဝါဒ၊ နိုင်ငံတကာကွန်မြူနစ်ဝါဒ၊ အမျိုးသားဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတကာ ဆိုရှယ်လစ် ၀ါဒ၊ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒ၊ ဆိုရှယ်ရီပတ်ပလီကန် ၀ါဒ၊ အရင်းရှင်ဒီမိုကရက်တစ်ဝါဒ၊ အရင်းရှင် ရီပတ်ပလီကန်ဝါဒ၊ တိုးတက်သောနီရိုလီဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ် နီရိုလစ်ဘရယ်ဝါဒ၊ နီရိုလစ်ဘရယ် ၀ါဒ၊ အမျိုးသားရေးဝါဒ စတာတွေ ပါဝင်တဲ့ Moral Matrix သဏ္ဍာန် စသည်များဖြင့်လဲ လေ့လာသုံးသပ်မှုများ ပြုလုပ်နိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး

အိုင်ဒီရော်လော်ဂျီ



( စက်တင်ဘာ ၅ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်နဲ့ စက်တင်ဘာ ၁၂ ရက်နေ့ထုတ် ပဲ့တင်သံ ဂျာနယ်များမှာ အပိုင်း (၁)၊ (၂) ခွဲပြီး ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါတယ်)

အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို (၁၈) ရာစုနှောင်းပိုင်းမှာ ပြင်သစ်ပညာရှင် Antonie Destutt de Tracy က Eléments d'Idéologie ဆိုတဲ့ ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ De Tracy က အိုင်ဒီရော်လော်ဂျီဆိုတာကို အတွေးအခေါ်များ၏ သိပ္ပံ (science of ideas) အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ဇီဝဗေဒ (ဘိုင်အိုလော်ဂျီ) ကဲ့သို့သော သိပ္ပံပညာရပ်တခုအဖြစ် အိုင်ဒီရော်လော်ဂျီ ဆိုတဲ့ သိပ္ပံပညာရပ် ပေါ်ထွက်လာစေရန်ဖြစ်ပါတယ်။ သို့ပေမယ့် (၁၉) ရာစု ကာလရောက်တော့ နိုင်ငံရေးဆိုင်ရာ စကားလုံးတရပ်အဖြစ် အသွင်ကူးပြောင်းသွားခဲ့ပါတယ်။

မြန်မာ့လျှာခလုတ်တိုက်နေသော ဓါတုမိုင်းများ -


အဆိပ်သင့်နေသော အစားအစာများ

လူတစ်ယောက်၏ ဘ၀အတွက် အရေးအကြီးဆုံးသည် ကျန်းမာစွာ နေထိုင်နိုင်ဖို့ ဖြစ်ပါသည်။ မကျန်းမာသော သူတစ်ယောက်အတွက် ချမ်းသာကြွယ်ဝမှုများနှင့် ရာထူးဂုဏ်ဒြပ်များသည် မက်မောစရာများ မဟုတ်နိုင်တော့ပါ။ ထို့ကြောင့်ပင် အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟု ဆိုခဲ့ခြင်း ဖြစ်နိုင်ပါသည်။

နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံအထိရှိသော မြန်မာအကောင့် ငါးခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလား



Created on Thursday, 12 September 2013 01:42


မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံအထိ ရှိနေပြီး အဆိုပါ ဘဏ်စာရင်းများကြောင့် မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ်က အကြွေးလျှော်ပေးမည့် အခွင့်အရေး လက်လွှတ်ခဲ့ရကာ နစ်နာရမှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေနှင့် ဘဏ်စာရင်း ငါးခုအတွက် ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာသည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။

အမေရိကန် နိုင်ငံ၏ ၂၁ ရာစုနှစ်အတွင်း အကြီးမားဆုံးသော ဒုံးပျံကိုလျှို့ဝှက် စစ်ဆင်ရေးဖြင့် အာကာသသို့ လွှတ်တင်


Friday, 30 August 2013

အမေရိကန်နိုင်ငံ၏ ၂၁ ရာစုနှစ်အ

တွင်း အကြီးမားဆုံးသော ဒုံးပျံတစ်စင်းကို အမေရိကန် အစိုးရ၏ အမျိုးသား စောင့်ကြည့် လေ့လာရေးရုံးမှ လျှို့ဝှက်စစ်ဆင်ရေး တစ်ရပ်အဖြစ် ကာလီဖိုးနီးယား ပြည်နယ် ဗန်ဒါဘာ့ခ်ျ လေတပ်အခြေစိုက် စခန်းမှ အာကာသ အတွင်းသို့ သြဂုတ် ၂၈ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Delta IV ဒုံးပျံကြီးကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃ မိနစ်က လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒုံးပျံသည် အမေရိကန်နိုင်ငံ အနေဖြင့် လွှတ်တင်ခဲ့သော ယခင်ဒုံးပျံများထက် ပုံသဏ္ဌာန်အရ သို့မဟုတ် ပုံစံအရများစွာ ကြီးမားကြောင်း ဗန်ဒါဘာ့ခ်ျ လေတပ် အခြေစိုက်စခန်း အမှတ်(၄) အာကာသယာဉ် လွှတ်တင်ရေး တပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ဂျင်မ်ဘော့ဒ်နာက ပြောကြားခဲ့သည်။ အဆိုပါဒုးံပျြံကီး သည် မိုင်ပေါင်းရာချီ ကွာဝေးသည့် နေရာမှနေ၍ မြေပြင်ရှိ ကားတစ်စီး၏ အသေးစိတ် အချက်အလက်များကို တိကျစွာ ပုံဖော်ရိုက်ကူးနိုင်သော အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ထောက်လှမ်းရေး ဂြိုဟ်တုကို သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းဒုံးပျံကြီးတွင် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ရည်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့ရည်တို့ ပါဝင်သည့် အင်ဂျင်သုံးလုံး တပ်ဆင်ထားကြောင်း အဆိုပါဒုံးပျံကို တည်ဆောက်သည့် လော့ခ်ဟိဒ်မာတင်နှင့် ဘိုးအင်းကုမ္ပဏီတို့ ပါဝင်သော United Launch Alliance (ULA) မှပြောကြားခဲ့သည်။

လွှတ်တော်နှင့် သမ္မတတို့ သဘောထားကွဲမှုများ သတင်းထုတ်ပြန်ခြင်းသည် ဥပဒေပြုရေးကို အုပ်ချုပ်ရေးက ၀င်စွက်ခြင်းဟုဆို


မင်းမင်း | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၂၆ မိနစ်(မဇ္စျိမ)

သမ္မတနှင့် လွှတ်တော်တို့ ဥပဒေကြမ်း နှစ်ခုအပေါ် သဘောထားကွဲလွဲမှုများကို နိုင်ငံပိုင်သတင်းစာများတွင်
ဖော်ပြမှု၊ သတင်းများ ထုတ်ပြန်မှု၊ သ၀ဏ်လွှာများ ပေးပို့ကာ သတင်းထုတ်ပြန်မှုများသည် အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးပိုင်းသို့ ၀င်ရောက် စွက်ဖက်ရာရောက်သည်ဟု သြဂုတ်လ ၂၂ ရက် ပြည်ထောင်စု လွှတ်တော်တွင် အစီရင်ခံလိုက်သည်။

တရုတ်ကို မြန်မာဓာတ်ငွေ့ တင်ပို့မှု ဒေသခံတွေစိုးရိမ်



မဆုမွန်   29.07.2013  (VOA)
၎ နိုင်ငံပါဝင်ပြီး ၃ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့တဲ့ မြန်မာနဲ့ တရုတ် သဘာဝပိုက်လိုင်းဟာ မြန်မာဘက်ခြမ်းက ပြီးစီးသွားလို့ ဇူလိုင်လ ၂၈ ရက်နေ့ တနင်္ဂနွေနေ့က မြန်မာ-တရုတ် အစိုးရတာဝန်ရှိသူတွေ ဦးဆောင်ပြီး ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ပြီးစီးခြင်း အခမ်းအနား ကျင်းပကာ တရုတ်နိုင်ငံဘက်ကို မြန်မာနိုင်ငံကနေ သဘာဝ ဓာတ်ငွေ့တွေ စတင် ပို့လွှတ်ပြီ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မပြုသည့် ကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းမည် မဟုတ်သော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် လျော်ကြေးမယူဘဲ ရွှေ့ပြောင်းမှု မပြုသည့် ကျေးရွာကို အင်အားသုံး ရွှေ့ပြောင်းမည် မဟုတ်သော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရွှေ့ပြောင်းရမည် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇူလိုင် ၂၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ်

ပေါက်သွား တောလား (ဓာတ်ပုံအက်ဆေး)



မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မှာ ပညာရေးဆိုင်ရာ ဟောပြောပွဲများပြုလုပ်ဖို့ ဇူလိုင်လ (၁၈) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ အောင်မင်္ဂလာကားကွင်းကနေ စတင်ထွက်ခွာခဲ့ပါတယ်။
ယာဉ်စထွက်ချိန်ကနေ သုံးနာရီကျော်အကြာမှာ မိတ်ဆွေများက ဖုန်းဆက်မေးပါတယ်။ ဘယ်ရောက်ပြီလဲတဲ့။ အောင်မင်္ဂလာမှာပဲ၊ ကားပေါ်ပိတ်မိနေပြီ ဆိုတော့ နောက်တယ် ထင်နေကြတယ်။ နောက်မှ တကယ်ယုံသွားပြီး၊ ညစာလာပို့ပေးရမလားလို့မေးကုန်ကြတယ်။ ပြောသာပြောရတယ်။ သူတို့လဲ လာလို့ ဘယ်ရပါ့မလဲ။ ကား တွေက ကားကွင်းထဲက ထွက်လို့ မရအောင်ကို အပြင်က လမ်းမကြီးက ပိတ်နေပြီကိုး။
ဒီလိုနဲ့ ကားတွေ ပိတ်ပြီး၊ ညနေ ခြောက်နာရီကနေ ညဆယ်နာရီအထိ ကားက အဝေးပြေးဂိတ်ထဲမှာပဲ တရွေ့ရွေ့နဲ့။ အဖျားကလဲ တက်နေ၊ ဗိုက်ကလဲဆာ၊ ကားပေါ်ကလူတွေကလဲ ငြီးငြူပြောဆိုနေကြတယ် ဆိုပေမယ့် ဘ၀မှာ ခုမှ ကြုံဖူးတဲ့ အတွေ့အကြုံသစ်ဆိုတော့ မတတ်သာတဲ့အဆုံး ရီလို့သာ နေလိုက်ရ ပါတော့ တယ်။
ကားကွင်းထဲကနေ ကားထွက်လာတော့ လမ်းမပေါ်မှာ လူတွေကလဲ အဖွေးသား။
ဘုရားပွဲဈေးထက်ဆိုးတယ်။ အထုပ်ကိုယ်စီနဲ့ မိုးရွာထဲ ပြေးလွှားနေကြရတာ။ လေးနာရီကျော် အဝေးပြေးကားခရီးစဉ်တွေ ကမောက်ကမ ဖြစ်ကုန်တာဆိုတော့ ကားလိုင်းတွေရော၊ ခရီးသည်တွေရော အလုပ်တွေ ရှုပ်ကုန်ကြတော့တာပေါ့။ ကားပေါ် ရောက်ပြီးမှ ဖြစ်တာကိုပဲ တော်သေးတယ်လို့ မှတ်ယူရတော့တယ်။ မိုးရေထဲမှာ အထုပ်တွေနဲ့ လေးနာရီ ကားစောင့်ရမယ်သာဆို ဘယ်လိုလုပ်ပါ့မလဲ။ စောင့်ရသူတွေအတွက် စိတ်မကောင်းဖြစ်မိသွားတယ်။
ဒီလိုနဲ့ ကားထွက်လာလိုက်တာ ညတနာရီခွဲကျမှ ညစာစားရတော့တယ်။ ခရီးစဉ်တွေ နောက်ကျနေလို့ အမြန် မောင်းနေတဲ့ ကားဆရာကို အမှတ် (၃) လမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်မှုတွေ အဖြစ်များနေတာကြောင့် ဖြည်းဖြည်းပဲမောင်းဖို့ တောင်းပန်သတိပေးစကား ပြောလိုက်ရသေး
တယ်။
ရောက်ချင်တဲ့အချိန်သာ ရောက်ပေရော့။ နိုင်ငံရပ်ခြားမှာလို အချိန်တိကျမှုကိုသာ ရှေ့တန်းတင်နေရမယ် ဆိုရင် စိတ်ဖိစီးမှုတွေနဲ့ နှလုံးရောဂါ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လဲ ကားမှောက်သေမယ့် အခြေအနေ ရှိနေလေတော့ အချိန် တိကျမှုဆိုတာကိုလဲ ရှေ့တန်းမတင်ရဲတော့သလောက်ပဲ။
နံနက်မိုးလင်းတော့ ကားက ပခုက္ကူမှာ အရင်ရပ်တာကြောင့် နံနက်စာကို ပခုက္ကူမှာ စားလိုက်ရတယ်။ အာဇာနည်နေ့ နံနက်မှာ ရဟန်းအာဇာနည်၊ လူအာဇာနည်များ ပေါ်ထွန်းခဲ့ရာ ပခုက္ကူမြေကို ခြေချခွင့်ရတဲ့ အတွက် အတိုင်းမသိ၊ ၀မ်းသာရပါတယ်။

အစတုန်းကတော့ လက်ဖက်ရည်လောက်ပဲ သောက်ဖို့ ရည်ရွယ်တာပါ။ မိတ်ဆွေက ထမင်းကြော် မှာ လိုက်ချိန်မှာ ပုဇွန်ချဉ်၊ တို့စရာ၊ အသီးအရွက်ကြော်၊ ပဲပုတ်ကြော်တွေပါ လာချတော့ ဖျားတာလဲ ဂရုမစိုက်နိုင် တော့ပဲ ထမင်းကြော်မှာပြီး စားပစ်လိုက်တော့တာပဲ။ အစားဘယ်လောက်တောင် ကောင်းကြသလဲဆိုရင် ကားထွက်ဖို့ ခေါ်တာတောင် သတိမထားမိလို့ ပြေးလိုက်ရတဲ့ အထိ။
ပခုက္ကူကနေ ကမ္မဘက်ကို ဆက်ထွက်ကြရပါတယ်။ ကမ္မရောက်တော့မှ ဂျစ်ကားငှားပြီး၊ ပေါက်မြို့ကို ဆက်သွားကြရပါတယ်။ ဒီလမ်းမှာ ကားလမ်းအကွေ့အကောက်တွေက အလွန်များပါတယ်။ တောတောင် ရေမြေတွေကို ကြည့်ရင်း၊ သီချင်းတအေးအေးနဲ့ လိုက်ပါသွားလိုက်တာ အဖျားတောင် ဆေးမသောက်ရပဲ ပျောက်သွားတဲ့အထိပါပဲ။ ချော်လဲထားတဲ့ အရှိန်တွေလဲ ကားဆောင့်တဲ့အရှိန်တွေကို ကြောက်လို့ ပြေးသွား လေသလားမသိ။ လူက လန်းလန်းဆန်းဆန်း၊ တက်တက်ကြွကြွ ဖြစ်သွားပါတော့တယ်။
ပေါက်မြို့ကို ရောက်ဖို့ သဲချောင်းလေးတွေကို ဖြတ်သန်းရပါတယ်။ လမ်းမှာ သဲချောင်းလေးတွေထဲ ကားမနစ်အောင် ကူညီလုပ်ကိုင်ပေးနေတဲ့ အသက်ဆယ်နှစ်အောက် ကလေးငယ်များစွာကို တွေ့ခဲ့ရပါတယ်။ ဒီကလေးတွေကို ခရီးသွားတွေက မုန့်ဖိုးလေးတွေ ပေးကြပါတယ်။ ကလေးတွေက ကျောင်းနေခွင့် မရကြ ရှာပါဘူး။ သူတို့ရခဲ့တဲ့ မုန့်ဖိုးလေးတွေကို မိဘကို ပြန်ပေးပြီး၊ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန် နေကြရရှာပါတယ်။

ဒီလိုနဲ့ ပေါက်ကို ရောက်ပြီး၊ ကျောင်းပြင်ပ ကလေးငယ်များအတွက် အဆောင်ကျောင်းထားရှိပြီး၊ ကလေး ငယ်များရဲ့ ပညာရေးအတွက် ကူညီစောင့်ရှောက်မှု လုပ်ဆောင်ရန် ပြင်ဆင်နေတဲ့ ဆရာကိုလူမော်၊ မလွင် တို့နဲ့ တွေ့ဆုံကြရပါတယ်။ ဘဏ္ဍာရေးရာလိုအပ်တာတွေကို သြစတြေးလျအခြေစိုက် မြန်မာဖြစ်တဲ့ အန်ကယ် ဦးမောင်မြင့်ဦးစီးတဲ့ MDG Focus ပညာရေးအဖွဲ့မှ ပံ့ပိုးပေးရေးအတွက် ဆွေးနွေးဖြစ်ကြပါတယ်။
ဆွေးနွေးနေဆဲမှာပဲ သက်ဆိုင်ရာက ပညာရေးဟောပြောပွဲမပြုလုပ်ရန် တားဆီးလာတာကြောင့် မြို့ခံပြည်သူ များနဲ့အတူ သက်ဆိုင်သူတွေဆီ သွားရောက်ညှိနှိုင်းမှု လုပ်ရပါသေးတယ်။
ခရီးထွက်လာရတာ ပျော်စရာတော့ အကောင်းသား။ ပညာရေးဟောပြောမယ့် လူတွေကို သက်ဆိုင်ရာက အတော်ဂရုစိုက်တယ်လို့ ဆိုရမယ်။ ဟောပြောပွဲအတွက် ညဘက်ပြင်ဆင်နေကြတုန်းမှာ လမ်းထောင့်လေး တွေဆီ လာထိုင်ရင်း လုံခြုံရေးယူပေးတဲ့ အရပ်ဝတ်တွေ၊ ကားနဲ့ လှည့်ပတ်ကြည့်ရှုပေးနေတဲ့ ယူနီဖောင်းဝတ် လုံခြုံရေးတာဝန်ကျတွေလဲ ရှိတယ်ဆိုတော့ အိပ်ချင်စိတ်တောင် ပြေပြီး သေချာပြင်ဖြစ် သွားရပါတော့တယ်။

နောက်တနေ့ နံနက်ဟောပြောပွဲစတော့ ဟောပြောမယ့် အကြောင်းအရာတွေ၊ စာရွက်တွေကို ကြိုပေးဖို့ လူငယ်လေးတယောက်က လာတောင်းပါသေးတယ်။ ဒါနဲ့ပဲ ဟောပြောပွဲမှာ ဟောပြောသူတွေက ပြောသမျှကို စာရွက်ကြိုပေးရတယ်ဆိုတာ နိုင်ငံတကာအဆင့် ထုံးစံမဟုတ်ကြောင်း၊ ဘာပြောတာလဲဆိုတာ သိချင်ရင် ထိုင်နားထောင်ဖို့ လိုကြောင်း ပြောပြီး၊ ခေါ်လိုက်ရသေးတယ်။ မဆိုးပါဘူး။ တနေ့လုံးတက်ပြီး နားထောင်လိုက်၊ တကုတ်ကုတ်နဲ့ မှတ်သားလိုက်တော့ လုပ်ရှာသား။
ပညာရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို အပိုင်းနှစ်ပိုင်းခွဲလုပ်ဖြစ်ပါတယ်။ ပထမပိုင်းက ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆက်မီနာဖြစ်ပြီး၊ ဒုတိယပိုင်းက ဒေသတွင်း ပညာရေးဆိုင်ရာ လိုအပ်ချက်များအား ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ ပေါက်မြို့ခံ ပြည်သူများသာမက၊ ကျေးရွာများမှ ကျောင်းဆရာ များ၊ ကျောင်းသားများလဲ တက်ရောက်ခဲ့ကြပါတယ်။
နံနက်ပိုင်းမှာ ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာ သင်ယူမှုဝန်းကျင်ဆိုင်ရာ ခေါင်းစဉ်များကို ပညာရှင်များက ဟောပြောခဲ့ကြပါတယ်။ နိုင်ငံခြားတက္ကသိုလ်၊ ပရော်ဖက်ဆာကိုတော့ ပညာရေးနဲ့ ပတ်သက်ပြီး မဟောပြောဖို့၊ ပရိသတ်နဲ့ မိတ်ဆက်ပေးပြီး၊ လေ့လာစောင့်ကြည်သူ အဖြစ်ပဲ တက်ရောက်ဖို့ သက်ဆိုင်ရာမှ မေတ္တာရပ်ခံတာကြောင့်၊ ဘာသာပြန်ဖို့ အလုပ် သက်သာသွားရပါတယ်။ ကျွန်မတို့ တိုင်းပြည်မှာ သက်ဆိုင်ရာက နိုင်ငံသူ၊ နိုင်ငံသားတွေကို အလွန် စောင့်ရှောက်တာပါလားလို့ အတွေးတောင် ၀င်သွားမိပါသေးတယ်။
ကမ္ဘာတ၀ှမ်းမှာက နိုင်ငံခြား ပညာရှင် တွေကို ဖိတ်ခေါ်ပြီး၊ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို ဘာသာပြန်သူတွေနဲ့ ပြုလုပ်ကြလေ့ရှိတာ ဆိုပေမယ့်၊ ကျွန်မတို့ကိုတော့ ဘာသာပြန်ပေးနေရရင် အလုပ်ရှုပ်မှာစိုးလို့ သက်သာအောင် စောင့်ရှောက် ပေးတာကိုပဲ ကျေးဇူးတင်ရမယ် ထင်ပါရဲ့။
နံနက်ပိုင်းဟောပြောပွဲပြီးချိန်မှာတော့ ဒေသခံပြည်သူများနဲ့ နေ့လည်စာကို ပျော်ပျော်ပါးပါး ၀ိုင်းဝန်း စားသောက်ကြပါတယ်။
နေ့လည်စာစားပြီး၊ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် အပြင်ထွက်ပြီး ဂိမ်းလေးတွေ ကစားဖြစ်ကြပါတယ်။ သီချင်းဝိုင်းဖွဲ့ဆိုပြီး၊ ကသူတွေကလဲ ကနဲ့ လန်းလန်းဆန်းဆန်းကို ဖြစ်သွားတော့တာပါပဲ။
ညနေပိုင်းမှာတော့ ပညာရေးဆိုင်ရာ ဒေသတွင်းလိုအပ်ချက်များအား ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ဆွေးနွေးပွဲပြီးတော့ ဆွေးနွေးထားချက်တွေကို အုပ်စုတခုချင်းစီအလိုက် presentation လုပ်ကြပါတယ်။ သူတို့ တင်ပြနေတာတွေကို နားထောင်ရင်း၊ တက်ခဲ့ဖူးတဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေဆီက အလုပ်ရုံဆွေးနွေး ပွဲတွေကို သတိသွားရမိပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်ထဲက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒီဒေသလေးက ပြည်သူတွေရဲ့ ပညာရေးအမြင်တွေ၊ တင်ပြနိုင်စွမ်းအားတွေ၊ ကဏ္ဍအလိုက်ခွဲခြားဆွေးနွေးတတ်မှုတွေ၊ လက်တွေ့ဘ၀ထဲက အတွေးအခေါ်တွေဟာ နိုင်ငံတကာ တက္ကသိုလ်တွေက ဆွေးနွေးပွဲတွေထက် မသာရင်သာနေမယ်၊ မလျော့ဘူးဆိုတာ ကျွန်မ ပြောရဲ တယ်။
ဘာကြောင့်များကွာ၊ ဒီလိုပြည်သူတွေရှိတဲ့ ငါတို့ တိုင်းပြည်ကြီးက ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ တိုင်းပြည် ထဲ ပါနေရတာတဲ့လဲ။ စိတ်မကောင်းဖြစ်လိုက်ရတာ။
ဆွေးနွေးပွဲပြီးသွားတော့ နဂါးနီသီချင်းကို သံပြိုင်သီဆိုကြရင်း၊ တနေ့တာ ဟောပြောဆွေးနွေးပွဲကို အဆုံးသတ် ဖြစ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲပြီးတော့မှပဲ တလျှောက်လုံး ပင်ပမ်းခဲ့သမျှ ယောချောင်းထဲ ရေဆင်းချိုးရင်း အနားယူဖြစ်ခဲ့ကြပါ တယ်။


ပြီးတဲ့အခါ အနီးအနားက ရွာတွေကို အလည်သွားဖြစ်ရင်း၊ ရွာသူရွာသားတွေက စေတနာနဲ့ ကျွေးမွေးတဲ့ မုန့်ဆီကြော်နဲ့ မြန်မာမုန့်တွေကို စားခွင့်ရခဲ့ပါတယ်။
နောက်တနေ့ကျတော့ ချင်းပြည်နယ်၊ မင်းတပ်ကို ခရီးဆက်ထွက်ဖြစ်ခဲ့ပါတယ်။ လမ်းခရီးမှာ အန်ဂျီအို အဖွဲ့တခုက ကူညီထောက်ပံ့ပြီး ဖွင့်ထားပေးတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းလေးကို ၀င်ကြည့်ဖြစ်ခဲ့ကြပါတယ်။
ပုံတောင်ပုံညာဒေသကို နာမည်သာ ကြားဖူးပြီး၊ ရောက်ခွင့်မကြုံခဲ့ပါဘူး။ အခုတော့ ပုံတောင်ထိပ်ကို ရောက်ရတဲ့အတွက် အရမ်းကို ၀မ်းသာရပါတယ်။
ချင်းပြည်နယ်ကို သွားတဲ့ ခရီးက ပျော်စရာ အလွန်ကောင်းလှပါတယ်။ ပခုက္ကူအထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး၊ ပေါက်မြို့ကနေ မင်းတပ်အထိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်နေပေမယ့်၊ ကြားထဲက ပေါက်မြို့နယ်တခုပဲ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေရတာကို သတိထားမိပါတယ်။ ရာသီဥတု အခြေအနေကြောင့် စိုက်ပျိုးသီးနှံဖြစ်ထွန်းမှုမှာလဲ ကွာခြားမှုတွေ ရှိနေတာကို တွေ့ရှိရပါတယ်။

မင်းတပ်မှာ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး တည်ထောင်ခဲ့တဲ့ တောင်ပုလုကျောင်းသို့ သွား ရောက် ပြီး၊ လက်ရှိသတင်းသုံးနေတဲ့ ကျောင်းထိုင်ဆရာတော်ဘုရားကြီးကို ၀င်ရောက်ဖူးမြော်ခဲ့ပါတယ်။
 
မိတ်ဆွေများနဲ့အတူ ထမင်းလက်ဆုံ စားပြီးတဲ့နောက် အပြန်မှာ ပေါက်မြို့အနီးတ၀ိုက်က ရွာတွေရဲ့ ဖိတ်ကြားချက်အရ အလည်သွားဖြစ်ခဲ့ပါတယ်။

ကျောင်းပြင်ပကလေးငယ်တွေကို အဆောင်ကျောင်းဖွင့်ပြီး၊ သင်ကြားပေးရာမှာ တက်ရောက်ကြမယ့် မိဘမဲ့ ကလေးငယ်လေးများ၊ မိဘက စွန့်ပစ်ထားခံရသော ကလေးငယ်လေးများကိုလဲ သွားရောက်တွေ့ဆုံခဲ့ကြပါ တယ်။ ဒီလို ကလေးငယ်လေးတွေရဲ့ ဘ၀ကို ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြရာမှာ တစုံတရာ ပါဝင်ဆောင်ရွက် ခွင့်ရတဲ့အတွက်လဲ အထူးပဲ ၀မ်းသာမိပါတယ်။ ကလေးငယ်လေးတွေရဲ့ မျက်ဝန်းလေးတွေက တစုံတရာ တာဝန်တွေကို ကျွန်မတို့ဆီ ပေးနေသလိုပဲ ခံစားရတယ်။

ကလေးတွေနဲ့ သွားတွေ့ပြီးချိန်မှာတော့ စာကြည့်တိုက်ဖြစ်မြောက်ရေး ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတဲ့ ရွာလေးတရွာမှာ ညစာသွားစားဖြစ်ခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး၊ စီးပွားရေးအခြေအနေ နိမ့်ကျ၊ ဖွံ့ဖြိုးတိုးတက်ရေး နောက်ကျကျန်နေတဲ့ ဒီလို ဒေသလေးမှာ အနာဂတ်မျိုးဆက်တွေ မျက်စိ၊ နားဖွင့်ပေးရေးအတွက် ကိုယ်ထူကိုယ်ထ ၀ိုင်းဝန်းဆောင်ရွက်နေကြသူတွေကို တွေ့မြင်ရတဲ့အခါ၊ ဒီနယ်လေး ကို ဖွံ့ဖြိုးတိုးတက်အောင် တနိုင်တပိုင် ၀ိုင်းပေးချင်တဲ့ စိတ်လေးတွေ ပေါက်ဖွားလာရပါတယ်။

နောက်တနေ့၊ ဇူလိုင် (၂၂) ရက်နေ့မှာတော့ ပေါက်မြို့နေ မထွက်ခွာခင် ဒေသခံများကို နှုတ်ဆက်ရပါတယ်။ ဒီလို ပညာရေးဟောပြောဆွေးနွေးပွဲ
လေးဖြစ်လာအောင် လုပ်ဆောင်ပေးတဲ့ ကိုလူမော်နဲ့ မလွင် တို့ မိသားစု၊ ဒေသခံ ပြည်သူများကို ကျေးဇူးအရမ်းတင်မိပါတယ်။
အဆောင်ကျောင်းလေး ဖြစ်မြောက်လာအောင် ၀ိုင်းဝန်း လုပ်ဆောင်နေတဲ့ MCEC သင်တန်းကျောင်း၊ အလှသစ္စာ ကျောင်းကော်မတီ၊ MDG Focus တို့ကိုလဲ ကျေးဇူးတင်ရပါတယ်။ သြစတြေးလျ အခြေစိုက် MDG Focus မှာ အရင်တုန်းက အင်္ဂလန်မှ အကြံပေး အဖြစ်သာ ပါဝင်နိုင်ခဲ့ရာက၊ အခုလို ပြည်တွင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခွင့် ရသွားတဲ့အတွက်လဲ ၀မ်းသာမိတာ အမှန်ပါပဲ။
ခွင့်ပြုချက်များ ချမှတ်ပေးခဲ့တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မိုးလင်းမိုးချုပ်၊ ညပါမကျန် အမြဲစောင့်ကြည့်ပြီး လုံခြုံရေး တာဝန်ယူပေးခဲ့သူများနဲ့ နံနက် ထွက်ခွာခါနီး၊ ရေချိုးနေချိန်မှာတောင် ရေကန်ရှေ့မှ တကူးတက လာရောက်စောင့်ကြည့်၊ လုံခြုံရေးယူပေးခဲ့ကြတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလဲ အလွန်တရာကို ကျေးဇူး တင်မိတာ အမှန်ပါပဲ။

ကားနဲ့ပြန်ဖို့ အခက်အခဲ ကြုံလာရတာကြောင့် ပုဂံကို ဆိုင်ကယ်များနဲ့ပဲ ဒေသခံများက လိုက်လံ ပို့ဆောင် ပေးခဲ့ကြပါတယ်။
ဝါးထရံများခင်းထားတဲ့ သစ်သားတံတားလေးကို ဖြတ်ပြီး၊ ချောင်းကူးရချိန်မှာ တစုံတရာက ကျွန်မရဲ့ အတွေးထဲ ၀င်လာပါတယ်။
ဒီချောင်းမှာ လုံခြုံခိုင်ခံ့စွာ တည်ဆောက်ထားတဲ့ ကွန်ကရစ်တံတား မရှိပါဘူး။ ဖြစ်သလို ခင်းထားတဲ့ ကိုယ်ထူ ကိုယ်ထ တံတားလေးပဲ ရှိပါတယ်။ ဒီတံတားလေးက လုံခြုံမှုလဲ မရှိပါဘူး။ ဆိုင်ကယ်က ၀ါးထရံနဲ့ ချိတ်မိလိုက် တာနဲ့ လူတွေက ရေထဲထိုးချသွားပါမယ်။ ဒါပေမယ့် မဖြစ်မနေ ခရီးတခုကို သွားဖို့ လိုလာတဲ့အခါ၊ လုံခြုံခိုင်ခံ့တဲ့ တံတားတည်ဆောက်ပြီးချိန်ကို ကျွန်မတို့ စောင့်လို့ မရတော့ပါဘူး။ ခရီးရောက်ဖို့ကိုသာ ဦးစားပေးစဉ်းစားဖို့ လိုအပ်လာပါတော့တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ ပေါက်မြို့နယ်လေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆုတောင်းမိရင်း၊ တတ်နိုင်သမျှ တနိုင်တပိုင် ပါဝင်ဆောင်ရွက်ဖို့ကိုလဲ ဆုံးဖြတ်လိုက်မိပါတယ်။

ခင်မမမျိုး (၂၄၊ ၇၊ ၂၀၁၃)

မြန်မာပြည်ကပို့လိုက်တဲ့ ပတ္တမြား ၂၄ လုံးတပ် စာတစောင်

အလောင်းမင်းတရားက အင်္ဂလိပ်ဘုရင် King George II ကို ပေးပို့ခဲ့တယ် ဆိုတဲ့ ရွှေပေလွှာတစောင်ဟာ ဂျာမဏီနိုင်ငံက နယ်ဘက် စာကြည့်တိုက်တခုမှာ ရောက်နေပါတယ်။

ရွှေသားအတိပြီးတယ်ဆိုတဲ့ ဒီစာမှာ ပတ္တမြား ၂၄ လုံးကိုလည်း လှလှပပ တန်ဆာဆင်ထားတာပါ။

ဆင်စွယ်ဘူးနဲ့ ထည့်ပို့လိုက်တဲ့စာ (ဓာတ်ပုံများ - NDR/ဂျာမန်ရေဒီယိုဝက်ဆိုက်)

ဒီစာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ဝန်းကျင်မှာ ပေးပို့လိုက်တဲ့စာပါ။

အင်္ဂလိပ်ဘုရင်လက်ထဲကို ရောက်ဖို့ ၂ နှစ်လောက် ကြာတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ဘုရင်က သူ့ဇာတိမြေမှာ ရှိတဲ့ စာကြည့်တိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

စာနဲ့ ပတ်သက်တဲ့ အခမ်းအနားတခု မကြာသေးခင်က ပြည်ပမှာ ပြုလုပ်ခဲ့ပုံကို http://www.youtube.com/watch?v=Cd3gekCyZz8 မှာ ကြည့်နိုင်ပါတယ်။
စာကိုသိမ်းထားတဲ့ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပုံပါပဲ။

ဒီရှေးဟောင်းပစ္စည်းက အခုတော့ မြန်မာပြည် ရောက်လာဖွယ် ရှိနေပါပြီ။
ဒီအကြောင်း မနေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဂျာမနီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
ရွှေပေလွှာသိမ်းထားတဲ့ စာကြည့်တိုက်က သဘောတူမယ်၊ စာကြည့်တိုက်ရှိတဲ့ပြည်နယ်ရဲ့ အစိုးရက သဘောတူမယ် ဆိုရင် ဒီစာက မြန်မာပြည် ပြန်ရောက်လာမှာပါ။

အလောင်းမင်းတရားရဲ့သ၀ဏ်လွှာကို ဆင်စွယ်နဲ့လုပ်ထားတဲ့ ဗူးနဲ့ ထည့်ပေးလိုက်တာပါ။

အင်တာနက်မှာ စုံစမ်း ဖတ်ရှုကြည့်တော့ Christian VII လို့ အမည်ရတဲ့ ဒိန်းမတ်ဘုရင်တပါးက လက်ကမြင်းလိုက်တာကြောင့် သ၀ဏ်လွှာက ကြေသွားခဲ့တယ်လို့ ဆိုတယ်။

ဖတ်ရခက်သွားတာပေါ့လေ။သ၀ဏ်လွှာမှာ အလောင်းမင်းတရား ရေးထားတာကတော့ လက်နက် အကူအညီ ရရှိရေး နဲ့ ကုန်သွယ်မှုကိစ္စတွေဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလိပ်ဘုရင်က ဒီစာကို သဘောမပေါက်၊ သူ့ဆီရောက်သွားတာလည်း နောက်ကျသွားတယ် ဆိုတော့ ဒီစာကို အကြောင်းပြန်ဖို့၊ အလောင်းမင်းတရားဆီကို စာပြန်ဖို့ အစီအစဉ် ရှိခဲ့ပုံ မရဘူးလို့ ယူဆရပါတယ်။

စာပေးပို့သူ မြန်မာဘုရင် အလောင်းဘုရား
အင်္ဂလိပ်ဘုရင်။ သူက စာလက်ခံရပေမယ့် ဘာတွေရေးထားမှန်း သိမသွားဘူးလို့ ယူဆရပါတယ်။

နှစ်ပေါင်း ၂ဝဝ ကျော် အကြာမှာ ဒီစာကို ပြန်လေ့လာကြပါပြီ။

မကြာမှီ ပြန်လွှတ်တော့မည့် နိုင်ငံေ၇းအကျဉ်းသားများအား တကူးတက စုစောင်းနေရ


ရိုးသားစွာ ယှဉ်ပြိုင်ပါ -


ထန်းတပင်ရွာမှအပြန်



လက်က တဆစ်ဆစ်ကိုက်နေတယ်။
အဖျားရှိန်ကြောင့် မျက်လုံးတွေပူပြီး၊ ခေါင်းတွေ မူးနောက်နေတယ်။
ချော်လဲထားတဲ့ အရှိန်နဲ့ ကိုယ်ခန္ဓာဗယ်ဘက်တခြမ်း အောင့်နေတယ်။
ဒါပေမယ့် စာရေးလိုစိတ်ဆန္ဒကို ကျွန်မ ထိန်းလို့ မရဘူး။
အဖြစ်က ဒီလိုပါ။
ဒီနေ့ ဒဂုံဘက်က သီလရှင်သင်ပညာရေးကျောင်းတခုကို သြစတြေးလျနိုင်ငံ၊ တက္ကသိုလ်တခုမှ ဆရာမတဦး ခေါ်သွားပြီး၊ လိုအပ်တာတွေ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးဖို့ needs assessment သွားလုပ်ဖြစ်ကြတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာသင်ယူရတဲ့ ဘ၀အခြေအနေလေးတွေကို လေ့လာမိရာက ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေရဲ့ ပညာရေးကိုပါ ထည့်သွင်းဆွေးနွေး မိသွားကြတယ်။

ဒါနဲ့ပဲ ပါလာတဲ့ ဆရာမတယောက်က လှည်းကူးဘက်မှာ အကောင်အထည်ဖော်နေတဲ့ ကျောင်းပြင်ပ ကလေးတွေကို ပညာသင်ကြားပေးရေး စီမံချက်တခုကို လိုက်ပြပေးမယ်လို့ အကြံပြုလာတယ်။ ပညာရေးနဲ့ ပတ်သက်ရင် လေ့လာလိုစိတ်ရှိသူတို့ရဲ့ ထုံးစံအတိုင်း ဘယ်သူငြင်းကြပါ့မလဲ။

ဒီလိုနဲ့ ချက်ချင်းကားစီစဉ်ရတော့ ကားက နောက်ဘက်အမိုးဖွင့်။ ဒဂုံဘက်ကနေ မြောက်ဥက္ကလာ ဘက်ရောက်ချိန်အထိ ရာသီဥတုက အကောင်းသား။ မြောက်ဥက္ကလာကျော်လာတော့ ရန်ကုန်မိုးက ဇာတိပြပါလေရော။

ပါလာတဲ့ ထီးတွေ ထုတ်ဆောင်းတော့လဲ လေနဲ့တွေ့။ ကားပေါ်မှာခင်းထားတဲ့ အခင်းပေါ်မှာ မိုးရေတွေက ကျပြီး၊ ကားထဲမှာတင် ရေကြီးနေတော့ လူတွေလဲ ရွှဲရွှဲစို။

ဒီလိုနဲ့ လှည်းကူးရောက်ပြီး၊ ထန်းတပင်ရွာရောက်တော့ ကားကို လမ်းမပေါ်ရပ်ပြီး၊ ရွာထဲလျှောက်ဝင်ရတယ်။ အဲဒီမှာတင် ဇာတ်လမ်းက စတော့တာပါပဲ။ ရွံ့စေးတွေနဲ့ချော်ပြီး ဗိုင်းခနဲပစ်လဲသွားလိုက်တာ ကိုယ့်ဘာသာကိုယ် ဘာဖြစ်မှန်းတောင် မသိလိုက်ဘူး။ ဘေးက လူတွေ လာထူမှပဲ သတိပြန်ဝင်လာတော့တယ်။ တကိုယ်လုံးလဲ ရွံ့တွေပေလို့။

ကျောင်းရောက်ရောက်ချင်း ရေစည်ပိုင်းပြတ်ထဲကနေ ရေလောင်းပြီး ရွံ့တွေကို ဆေးလိုက်ရတယ်။ အ၀တ်ပိုကလဲ ကျောင်းမှာမရှိလေတော့ ကိုယ်ပေါ်မှာတင် အ၀တ်လျှော်လိုက်ရပြီး၊ ရေစိုအ၀တ်နဲ့ပဲ ကလေးတွေနဲ့တွေ့ရတော့တယ်။

ကလေးအများစုက လက်ဖရည်ဆိုင်မှာ အလုပ်လုပ်ကြရတာပါ။ တလနှစ်သောင်းခွဲဆိုတဲ့ လုပ်ခလစာနဲ့ နံနက်လေးနာရီအိပ်ယာထ၊ ဆယ့်နှစ်နှစ်ရီအထိ အလုပ်လုပ်၊ နေ့လည် ဆယ့်နှစ်နာရီကနေ နှစ်နာရီ ဆိုင်လူပါးချိန်မှာ ခဏနား၊ နေ့လည်နှစ်နာရီကနေ ညဘက်ဆိုင်သိမ်းချိန် ဆယ်နာရီအထိ အလုပ်တွေ တောက်လျှောက် လုပ်ကြရရှာပါတယ်။ ဒီကြားထဲက သူတို့အားတဲ့နေ့လေးတွေမှာ စာလာသင်နေကြရှာတာ။ တချို့ကျတော့ ပန်းရောင်းကြရရှာတယ်။ အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးလေးဆို ခုမှ နှစ်တန်းစာ သင်ခွင့်ရတာ။

ပြည်ပမှာ အလုပ်တဘက်၊ ကျောင်းတဘက် ဘ၀တွေတုန်းက ကိုယ့်ကိုကိုယ် ပင်ပန်းပြီ ထင်လှတာ။ ခုလို ကလေးလေးတွေနဲ့ တွေ့တော့မှပဲ တခါတရံ ပင်ပန်းတယ်လို့ ငြီးငြူခဲ့မိတာကို ရှက်စိတ်ဝင်မိသွားသလို ခံစားလိုက်ရတယ်။

ကလေးလေးတယောက်ဆို အိတ်ခ်ျအိုင်ဗီရောဂါသည် မိခင်ကို ရှာကျွေးနေရရှာတာ။ အသက်မေးလိုက်တော့ ဆယ်နှစ်။ မတန်တဆ ဆေးဘိုးတွေ၊ ကုန်ဈေးနှုန်းတွေကြားထဲမှာ မိခင်ကို ဆေးကုရင်း၊ မိသားစုရဲ့ စားဝတ်နေရေး တာဝန်ကို ထမ်းဆောင်ရင်းက စာရေးတတ်၊ ဖတ်တတ်ဖို့ ကြိုးပမ်းနေရှာတဲ့ ဒီကလေးလေးရဲ့ အတွေးတွေထဲမှာ ကလေးသဘာဝ ကစားချင်စိတ်လေးတောင် ရှိပါတော့မလားမသိဘူး။

ဒီလိုနဲ့ပဲ ကျောင်းပြင်ပရောက် ကလေးငယ်လေးတွေကို အိမ်အောက်ထပ်လေးမှာ နေရာပေးပြီး၊ တီဗွီရောဂါ ခံစားနေရရာက အားတင်းရင်း စာသင်ပေးနေတဲ့ ဆရာမလေးနဲ့ မိသားစုရဲ့ တာဝန်တွေကို တဘက်က ထမ်းဆောင်ရင်း၊ တတန်း၊ နှစ်တန်းစာလေးတွေကို ခုမှ သင်နေရရှာတဲ့ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးငယ်လေးတွေကို တတ်နိုင်သမျှ အားပေးစကားတွေပြောပြီး၊ ပြန်လာဖြစ်ခဲ့ကြပါတယ်။

အမိုးနောက်ဖွင့်ကားပေါ်မှာ ညနေစောင်းလေတ၀ူးဝူးနဲ့ ပြန်စီးလာလိုက်တာ၊ ညစာစားတဲ့ ဆိုင်လဲရောက်ရော၊ အဖျားအစွမ်းက စတင်ပြပါလေရော။

နောက်တနေ့မှာ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနဲ့ ဆက်မီနာများ ပြုလုပ်ဖို့ ခရီးရှည်ထွက်ရမယ်ဆိုပြီး၊ ဘယ်လိုပဲ ကြိုးစားအိပ်ပေမယ့်၊ အိပ်လို့က မပျော်နိုင်။

တဲတန်းရှည်လေးထဲမှာ အကန့်လေးတွေခွဲပြီး ပညာရှာရင်း၊ အိမ်သာတလုံးထဲကို သူငယ်တန်းကနေ ဆယ်တန်းအထိ လူလေးရာကျော် အသုံးပြုနေကြရရှာတဲ့ ဆင်ခြေဖုံးရပ်ကွက် သီလရှင်ပညာသင် ကျောင်းက ကလေးငယ်လေးတွေ၊ မိသားစုဝန်ကို တဘက်က ထမ်းရင်း စာရေး၊ စာဖတ်သင်နေကြရရှာတဲ့ ကျောင်းပြင်ပရောက် ကလေးငယ်လေးတွေက ကျွန်မရဲ့ အတွေးအာရုံတွေကို ဆွဲယူဖမ်းစားနေခဲ့တယ်။

သူတို့လေးတွေကို ဆင်းရဲသားကလေးငယ်လေးတွေ၊ လက်ဖက်ရည်ဆိုင် စားပွဲထိုးလေးတွေ၊ လမ်းဘေးဈေးသည်လေးတွေလို့ အချို့က မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့လေးတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်လေးတွေပါ။

အလွန်တရာ ညစ်ပတ်တဲ့ စစ်ပွဲတွေလို့ သတ်မှတ်လေ့ရှိကြတဲ့၊ ကိုယ့်အမျိုးသားအချင်းချင်း တိုက်ပွဲဆင်နွှဲကြရသော ပြည်တွင်းစစ်ကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ ဒီတိုင်းပြည်ကြီးမှာ တိုင်းပြည်ကို စနစ်တကျ ထူထောင်ရမယ့် အခွင့်အလမ်းတွေ နည်းပါးခဲ့ရပါတယ်။

စစ်ပွဲတွေ၊ နိုင်ငံရေးပဋိပက္ခတွေကြားမှာ အနာဂတ်မျိုးဆက်သစ်များစွာ အသက်တွေ ပျောက်ခဲ့ကြရတယ်။ ဘ၀တွေ ကြွေလွင့်ပျက်စီးခဲ့ရတယ်။ စစ်ပွဲကနေ တိမ်းရှောင်ရတဲ့ ကလေးငယ်လေးတွေ အိမ်နီးချင်းနိုင်ငံမှာ အမှိုက်ကောက်နေကြရတယ်။ အမျိုးသမီးငယ်လေးတွေ ပြည့်တန်ဆာဖြစ်ခဲ့ကြရတယ်။

နိုင်ငံရပ်ခြားမှာ မိဘတွေက အခြေချပြန်တော့လဲ၊ ကလေးငယ်လေးတွေက မြန်မာပြည်ကို ခပ်စိမ်းစိမ်း ဖြစ်သွားခဲ့ကြတယ်။ ဧည့်သည်အဖြစ် အလည်ပြန်ဖို့က လွဲလို့ စိတ်မ၀င်စားကြတော့ဘူး။ အနာဂတ်ပျောက်နေတဲ့ လူငယ်လေးတွေက ပြည်ပကို ထွက်ဖို့ပဲ တာစူကြတယ်။ ပြည်ပ ရောက်တော့လဲ ဟိုမှာပဲ အခြေချရင်း၊ မြန်မာပြည်ပြန်လာဖို့အတွက် ပြည်ပလူနေမှုဘ၀အခြေအနေနဲ့ နှိုင်းယှဉ်ဆန်း
စစ်လာကြရာက၊ အပြီးပြန်လာ အခြေချဖို့ ခဲယဉ်းသွားကြရပြန်တယ်။

ပြည်တွင်းမှာကျတော့လဲ သိန်းနဲ့ချီတဲ့ ကလေးလေးတွေက စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်တွေမှာ ပြည့်နေတာပဲ။ ဒီကလေးလေးတွေရဲ့ အနာဂတ်တွေ ပျောက်နေတယ်။ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်။ ကလေးလုပ်သားနဲ့ ပတ်သက်ပြီး၊ စစ်တမ်းကောက်ယူထားမှု၊ ကလေးလုပ်သား မှတ်ပုံတင်မှု၊ ကလေးလုပ်သား အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု စတဲ့ ကဏ္ဍတွေမှာ လိုအပ်ချက်တွေ အများအပြား ရှိနေဆဲပါ။

တကယ်တမ်းကျတော့ ဒါတွေဟာ တိုင်းပြည်တခုရဲ့ အနာဂတ်မျိုးဆက်ဆိုင်ရာ ပြဿနာတွေပါ။ စေ့စေ့တွေးရင်၊ ရေးရေးပေါ်ဆိုသလို စဉ်းစားကြည့်ရင် အင်မတန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရေးပါ။

ထန်းတပင်ရွာက အပြန်မှာ ကျွန်မရဲ့ လက်လဲ နာနေတယ်။ ကိုယ်ခန္ဓာလဲ နာနေတယ်။ ခေါင်းလဲကိုက်နေတယ်။ ဒီထက် ပိုဆိုးတာက ရင်လဲနာနေတယ်။

နောင်အနှစ်လေးဆယ်မှာ မြန်မာဆိုတဲ့ ကျွန်မတို့ တိုင်းပြည်ကြီးကို ဘယ်သူတွေရဲ့ လက်ထဲမှာ ကျွန်မတို့ ထားခဲ့ကြမလဲ။

ခင်မမမျိုး (၁၇၊ ၇၊ ၂၀၁၃)