သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း(သို့)ကံ့ကော်ဝမ်းနည်းမှတ်တမ်း


by Nay Zaw on Thursday, July 5, 2012 at 12:48am ·
( ၁ )မန္တလေးကျောင်းဆောင်နံရံမှာ သွေးနဲ့ရေးခဲ့“၇ ဇူလိုင်ကိုမမေ့ကြနဲ့”  တဲ့
လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား မြောင်းမြသား ကျောင်းသားကိုကျော်ဝင်းရဲ့
 နောက်ဆုံးအရေးအသား
အားလုံးကိုယ်စား   သူ့ကိုယ်ကသွေးနဲ့မှာခဲ့တဲ့     သမိုင်းဝင်သွေးစကား
အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ ဒါဟာ . . .ငါမမွေးခင်က     အဖြစ်အပျက်တွေ
ဒါဟာ . . .ငါမမွေးခင်က    အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု
အခု . . .ငါမမွေးခင်ကထဲက  ရှိခဲ့တဲ့လူသတ်အဘိဓမ္မာဟာ
ငါမွေးပြီးတော့လည်း  ရှိလို့ဆိုတော့ကာ    ငါ့မှာနားမလည်နိုင်အောင်ဖြစ်ရ
အဲဒီလို  နားမလည်နိုင်အောင်ဖြစ်ရ   ငါ့တိုင်းပြည်သမိုင်းကို  ငါဟာ အရူးအမူးတူးဆွလို့။
( ၂ )တူးဆွ   တူးဆွကြည့်တော့ ရာဇ၀င်မြေထုဟာတုန်ဟီး   ငိုရှိုက်ညီးသံတို့အထပ်ထပ်
သွေးစိမ်းနံ့တို့အလွှာလွှာ   ငါတူးကြည့်တယ်   တစ်ထပ်ပြီးတစ်ထပ်တစ်လွှာပြီးတစ်လွှာ
အနက်ရှိုင်းဆုံးအလွှာမှာတော့     သန့်ရှင်းသောအရိုးတွေ     တောင်ပုံရာပုံ
အလို……ခွပ်ဒေါင်းတို့ရဲ့      နီစွေးသောသွေးခဲအလွှာ       ငါ့ရင်ဟာတဆတ်ဆတ်
ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်    ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့
အော်……မိုက်မလင်းနိုင်ဘု     အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး       ‘က’ ခဲ့သူတို့ရဲ့
သေနတ်အဘိဓမ္မာ     ငါအံ့သြ သြချရမိပါတယ်      ငါအံ့သြ သြချရမိပါတယ်
အဲဒီလို       ငါအံ့သြ သြချရမိတဲ့    ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ    တူးဆွ။ 
( ၃ )တူးဆွ……..တူးဆွကြည့်တော့       ၁၉၆၂ တဲ့      ဘ၀တွေ   အားလုံးမှောင်ကြီးကျ
အ၀ီစိမှာ    ပိန်းပိတ်သွားရတဲ့      နှစ်ကာလများရဲ့ အစပေပဲ။
အဲဒီမှာ     ၇ ဇူလိုင်လူသတ်ပွဲ တဲ့      ကျွန်းဆွယ်အရေးအခင်း တဲ့ တက္ကသိုလ်ရွှေရတုလှုပ်ရှားမှုတဲ့         ဦးသန့်ဈာပန  အရေးအခင်းတဲ့
၇၅ ဇွန် ၆ ကျောင်းသားသပိတ်တဲ့      မှိုင်းရာပြည့် တဲ့    အလုပ်သမားအရေးအခင်း တဲ့
ရှစ်လေးလုံး အရေးတော် ပုံတဲ့. . . . . . . . . . . . . .တဲ့. . . . . . . . . . . . . .တဲ့
အဲဒီအထဲမှာမှ    ၇ ဇူလိုင်အရေးတော်ပုံဟာ     အထင်ကရနဲ့     မမေ့နိုင်စရာနဲ့
နောက်ဥဒါန်းဘယ်မကျေစရာနဲ့   ဒါဟာ   ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့အစ
စစ်အာဏာရှင်ဖီဆန်မှုရဲ့အစ      မဆလမျက်နှာဖုံးကိုခွာချပြ
ကျောင်းသားတိုက်ပွဲများရဲ့အစ စစ်ဖိနပ်အောက်က ကမောက်ကမပညာရေးကိုဆန့်ကျင်ခြင်းရဲ့ အစ ပြီး    စစ်အာဏာရှင်စနစ်ရဲ့   ဆိုင်းဆင့်သံ။
( ၄ )တကယ်တော့    ၇ ဇူလိုင် ၆၂ ဆိုတာ   ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှလက်မခံတဲ့ရပ်တည်ချက်နဲ့ ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက်     တွန်ကျူးသံမှာ
ဒီမှာ  အကျဉ်းစခန်း   ဒီမှာ  ငရဲခန်း   ဒီမှာ  ဘ၀     ဒီမှာ  အသက်
အို ……ခွပ်ဒေါင်းအပေါင်းတို့ငဲ့      သင်တို့ရဲ့တောင်ပံများ  ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့……..အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု…..သေနတ်သံမှာ     မိုင်းခွဲသံမှာ   နားပင်းသွားရတဲ့  ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။   သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို   အမျှဝေရမယ်။
အခု   ဘ၀ဖြိုအမုန်းမှာ…မျက်ရည်ယိုဗုံးမှာ……..အတုံးအရုန်းကျသွား    အဓိပတိလမ်းကို
အမျှဝေရမယ်။………ဒီမိုကရေစီနှင့်အတူ……ကြေပြုန်းသွား    တကသအဆောက်အအုံနံရံများကိုအမျှဝေရမယ်။……အမျှဝေရမယ်။
( ၅ ) ၇ - ၇ - ၆၂ အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ ညနေ ၅ နာရီ ၃၀ မိနစ်
ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့ ( သနက - ၄ ) တင်စစ်ကားနှစ်စီး
အကာလရဲ့မီးကို     ထွန်းညှိလို့။   အစွယ်တလက်လက်  သွားရေတမြားမြား  လုံထိန်းဟာ
ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုးသစ်တွေကို  ပိုက်လို့  ပစ်စမ်း ပစ်စမ်း
၃ မိနစ်ပစ်  ၂ မိနစ်နား   ၃မိနစ်ပစ်  ပစ်စမ်း ပစ်စမ်း   အဆုံးမတော့ရေဒီယိုကကြေငြာပါတယ် ၁၇ ဦးသေဆုံးသတဲ့
စစ်အာဏာရှင်စနစ်ဆိုတာ   မုသာဝါဒရဲ့     ဒုတိယကိုယ်ပွား
ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့  ရာကျော်   ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော.  ကံ့ကော်။      ကံ့ကော်ရေ  မျက်မြင်သက်သေတွေကိုခေါ်ရရင်
မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင် နံရံကကျည်ဆံရာ
တကသ မြက်ခင်းစိမ်းနဲ့   အဓိပတိလမ်း   ကံ့ကော်မြိုင်တန်းရေ
သင်ကိုယ်တိုင်လည်း   မျက်မြင်သက်သေပါပဲလေ။
အခု   အပ်တိုတစ်ချောင်းမှမပါသူတို့ကို   ဓားဓားချင်း လှံလှံချင်း
ထိပ်တိုက်ရင်ဆိုင်ရဲရင့်လိုက်ကြပုံများ
အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ ရာကျော်ကျောက်တိုင်ဟာ  နာကျင်စရာ ပန်းခွေချကြ   အလေးပြုကြ   ဖဲကြိုးနက်ကိုချိတ်ကြ  ၇ဇူလိုင်တ၀ဂူ သီချင်းကိုသီကြ
ဖက်ဆစ်အလောင်းကောင်ကိုမီးရှို့ကြ
ယုံတယ်   တစ်နေ့တော့        အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။
( ၆ ) ဇူလိုင် ၇ ရက် ×  × ၇ ရက်ဇူလိုင် မမေ့နိုင်တဲ့ကျောင်းသားသမိုင်း×  × ထာဝစဉ်နီ . . .ငါတို့ဆိုတယ်။
၁  “မျက်စိမ်းသွေးပေ   ကံ့ကော်ကြွေသည်    ဤမြေမည်သို့ဖြစ်သနည်း”  တဲ့
ငါတို့ဆိုတယ်။
၂  “သားသေကိုမှ    မမြင်ရသည်        မိဘကံခေဆိုးစွတကား” တဲ့
ငါတို့ဆိုတယ်။
၃  “ပင်ပျိုဆက်လက်   အညွှန့်တက်ကို    ရက်စက်သူများ    ချိုးပစ်သည်” တဲ့
 ငါတို့ဆိုတယ်။     ငါတို့ဆိုတယ်။       ငါတို့ဆိုခဲ့ပါတယ်။
( ၇ )အို………စစ်အာဏာရှင်တစ်ဆက်    အသက်ပေါင်းများစွာနဲ့ ယဇ်ပူဇော်အရသာ
ခံရက် သူတို့     ယဇ်ပလ္လင်ထက်  သင်တို့သေနတ်အဘိဓမ္မာဆီက
ငါတို့ရခဲ့တာ   ကြောက်မက်ဖွယ်စကားနှစ်ခွန်း    ဘ၀အားလုံးနစ်မွန်းခဲ့ရာ .
ဟုတ်ကဲ့ . . .၁။  “ဓားဓားချင်း၊   လှံလှံချင်း ထိပ်တိုက်ရင်ဆိုင် သွားမတဲ့” တဲ့။
၂။  “ စစ်တပ်ဆိုတာ  ဘယ်တော့မှမိုးပေါ်   ထောင်မပစ်ဖူး” တဲ့။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့   ငါတူးဆွရခဲ့မိသမျှ    နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ
ယုံတယ်   ဘယ်လိုမတရားတဲ့    ဖိနှပ်ချုပ်ချယ်မှုမျိုးကိုမဆို( ဘယ်သမိုင်း ခောတ်မှာမဆို )
မြူတစ်မှုန်မျှတောင် အလိုမရှိ တော်လှန်စိတ်ဓာတ် ၇  ဇူလိုင်ကပေးတဲ့စိတ်ဓာတ်
အဲဒီစိတ်ဓာတ်ကို  သစ္စာငတ်သူ ( ငါတို့ )   ရင်နဲ့လက်ဖျံမှာကပ်လို့။

သိကြ    ကျောင်းနံရံကိုလည်းမထိနဲ့    ဒေါင်းအလံကိုလည်းမဖိနဲ့   ဆိုလား . . .
ဒေါင်းအသံ  ဒေါင်းမာန်နဲ့    ဒေါင်းတမန်တို့     အိုးဝေတေးကိုသီလို့။

 သိကြ   ခွပ်ဒေါင်းဆိုတာ    အမှန်တရားဆိုတာ    အမှန်တရားဘက်
ထာဝစဉ်မပြောင်းလဲစတမ်းရပ်တဲ့ဇာနည်
အမှောင်မှာ    အဆန်ကိုပျံနေမယ့်    သစ္စာဌက်
နံနက်မိုးသောက်ရင်တော့    အလင်းဆွတ်ရစမြဲပေါ့      ကံ့ကော်ရယ် . . . .  ။

                                                                  
စံ ညိ မ်း ဦး  အပိုဒ် ( ၆ ) ပါ သုံးကြောင်းကဗျာအချို့မှာ ၇ ဇူလိုင်အရေးတော်ပုံအပြီး
 ထွက်ရှိတဲ့ ‘တက္ကသိုလ်ဝန်းကျင်ကဗျာများ’စာအုပ်ကဖြစ်ပါတယ်။
    ၁။  တရားခံ   ၂။ စစ်နှင့်ပြည်သူ    ၃။ တိုင်တည်ခြင်း   ၄။ တန်ဘိုးမသိသူ

 ( ဗကသ ) နှင့်အတူ     ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊  အာဏာရှင်
ကိုလှရွှေမှသည်  ဟယ်ရီတန်၊ ကိုသက်၊  ကိုဗဆွေလေး၊  ဆလိုင်းတင်မောင်ဦးတို့အလယ်
 ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အဆုံး   စသည်ဖြင့် ဗမာပြည်လွတ်လပ်ရေး၊ငြိမ်းချမ်းရေး၊
ဒီမိုကရေစီရေးသမိုင်းကို အသက်အသွေးဖြင့် လမ်းပြခဲ့ကြသည့် မြောက်မြားစွာသောအာဇာနည်၊သူရဲကောင်း အပေါင်းတို့အား
ယခုကဗျာဖြင့်     ဦးညွှတ်ဂုဏ်ပြုပါ၏။



စံညိမ်းဦး



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ခဲ့တဲ့ ကဗျာ

Thursday, July 05, 2012  အိမ့်သံစဉ်

ဗကသ အလံနှင့် တံဆိပ်

(မူရင်းစာရေးဆရာ Willian Ernest Henlay ၏) မူရင်းကဗျာကို အိုဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း( အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း) မှ ဘာသာပြန်ဆိုပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ထုတ်ဝေသော် “အိုးဝေ” မဂ္ဂဇင်းတွင် ရေးသားခဲ့တဲ့ ကဗျာတပုဒ်ပါ။ ဆဲဗင်း ဇူလိုင် နှစ်ငါးဆယ်ပြည့်အတွက် ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။

“ အနိုင်မခံ”

ငါ့အား ဖုံးလွှမ်းထားအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်အတွင်းမှ
အသူတရာမျှ နက်သော
ချောက်ကမ်းပါးတွင်မှ
ငါ၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သကြားများကို ငါကျေးဇူးတင်ပါ၏

လောကဓံတရား၏ ကြမ်းကြုပ်သောလက်ဆုပ်တွင်းသို့
ငါ သက်ဆင်းကျရောက်ငြားလည်း
ငါ ကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့် ချင်းချင်းနီ၏

သို့သော် ညွတ်ကား မညွတ်
လောက၊ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည် ကြောက်မက်ဖွယ် ငံ့လင့်၏
သို့သော် ငါအား မတုန်လှုန်သည်ကိုသာ တွေ့ရအံ့
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ့။
သုဂတိ သို့ သွားရာ တခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏ အပြစ်များ မည်မျှပင်ရေး ခြစ်ထားစေ
ငါသာလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာလျှင် ငါ ဘ၀၏သခင် ဖြစ်တော့သည်။

ဒိုင်းနမိုက်ဖြင့် ဖြိုခွင်းခံရသော ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦ နှင့် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် အရေးတော်ပုံတွင် ကျဆုံးသွားခဲ့သော မြောင်းမြမှ ကျောင်းသား ကိုကျော်ဝင်း ( ၀ိဇ္ဇာ-ခ-တန်း) ၏ သူ့ခန္ဓာကိုယ်က သွေးနှင့် သူကိုယ်တိုင် ရေးသားခဲ့သော မန္တလေးဆောင် နံရံမှ သွေးစာတန်း။
ဧရာဝတီအလော့မှရတယ်



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

တိုင်းရင်းသားတန်းတူရေး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးသင့်ဟု သမ္မတပြော (ကုတ်ပါ)


အလုပ်သမားအရေး ၈၈ ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေး (ကုတ်ပါ)

RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်က လှိုင်သာယာမြို့က ကနောင်မင်းသားကြီး ခန်းမတွင်ပြုလုပ်သည့် စက်မှုဇုန် အလုပ်သမားအရေး တွေ့ဆုံဆွေးနွေးပွဲသို့ ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ရောက်ရှိလာစဉ်။



စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့် မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက် ပူးတွဲကြေညာချက်


စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့်
မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်
ပူးတွဲကြေညာချက်
သဘောထားထုတ်ပြန်ချက်
(၁၃၇၄ ၊ပထမ ၀ါဆိုလပြည့်ကျော်(၂)ရက်)
(၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၅)ရက်)
(၅.၇.၂၀၁၂)
၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ ရဲ့ အသက်သွေးပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ နှစ်(၅၀) ပြည့်တဲ့နေ့ ဖြစ်တယ်။ ဇူလိုင်လ(၇)ရက်နေ့မှာ စက်မှုတက္ကသိုလ် ကျောင်းသားများ ကွန်ယက်နှင့် မြန်မာနိုင်ငံ ၀ိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အနက်ရောင် အ၀တ်များ ၀တ်ဆင်၍ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုများကို ဖေါ်ဆောင်ခြင်း၊  အထက်ဗမာပြည် နှင့် အောက်ဗမာပြည်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က နှစ်(၅၀) ပြည့် 7 - JULY အောက် မေ့ဖွယ် အခမ်းအနားများ ကျင်းပခြင်း တို့ကို ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းကဲ့သို့ နှစ်(၅၀) ပြည့် ရွှေရတု 7 - JULY အ ခမ်းအနားများကို နိုင်ငံတ၀ှမ်းလုံးတွင် ကျင်းပပြုလုပ်သွားမည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အ စည်းများမှ တာဝန်ရှိသူများက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) လုပ်ငန်း ကော်မတီနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် ဗမာတစ်ပြည်လုံးရှိ ခရိုင်အသီးသီးမှ ကျောင်းသား ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်၊ တားမြစ်၊ ပိတ်ပင်ခြင်း များ ပြုလုပ်လျက် ရှိနေပါသည်။ ယင်းကဲ့သို့ အာဏာပိုင်များမှ ပြုမူ ဆက်ဆံပုံများသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံး အ ကောင်အထည် ဖော်ဆောင်နေသည့် လမ်းကြောင်းမှ သွေဖယ်နေသလို  မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီစနစ် နှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ စက်မှုတက္ကသိုလ် ကျောင်းသားများ ကွန်ယက်နှင့် မြန်မာနိုင်ငံ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက် နှစ်ခုမှ  မေးခွန်းများ ထုတ်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ယခု ကြုံတွေ့နေရသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ပြင်းထန်စွာ ရှုံ့ချလိုက်ပြီး ခြိမ်းခြောက် ဟန့်တား နှောင့်ယှက်မှုများကို သက်ဆိုင်ရာ အာဏာပိုင်များမှ ချက်ချင်း လက်ငင်း ရပ်တန့်ပေးရန် ကျွန်ုပ်တို့ ကွန်ယက်နှစ်ခုမှ သဘောထား ထုတ်ပြန် ကြေညာလိုက်သည်။

စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့်မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ယက် သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

(၅.၇.၂၀၁၂)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အနည်းဆုံး အခကြေးငွေ လုပ်ခမပေးလျှင် အလုပ်ရှင် ထောင်ဒဏ် ချမှတ်ခံရမည်

04 Jul 2012  |

အစိုးရက သတ်မှတ်သည့် အနည်းဆုံး အခကြေးငွေ လုပ်ခ လစာကို အလုပ်သမား များအား မပေးပါက အလုပ်ရှင်များအနေဖြင့် ထောင်ဒဏ် ခြောက်လမှတစ်နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ သုံးသိန်းမှ ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း တွင် ဖော်ပြထားသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော် ၌ ပြဋ္ဌာန်းလိုက်သော ၂၀၁၂ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ ကြမ်း အခန်း ၉ တားမြစ်ချက်နှင့် ပြစ်ဒဏ်များတွင် ယင်းသို့ဖော်ပြ ပါရှိသည်။
အဆိုပါဥပဒေအရမည် သည့် အလုပ်ရှင်မဆိုသတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေကိုအလုပ် သမားများအား ပေးဆောင်ရန် ပျက်ကွက်ခြင်းအပါအဝင် အလုပ် သမားရထိုက်ခွင့်ရှိသော အနည်း ဆုံးအခကြေးငွေနှင့်အခြားခံစားခွင့် များထက်လျော့နည်း၍ အလုပ်သမားများအားပေးခြင်းနှင့်အလုပ် သမားများ၏စာရင်းဇယားနှင့် စာ တမ်းအမှတ်အသားများ၊အခကြေး ငွေစာရင်းများနှင့်စပ်လျဉ်း၍ မမှန် မကန်ရေးသားခြင်း၊ လိမ်လည်၍ မှတ်တမ်းပြုစုခြင်း သို့မဟုတ် မမှန် မကန်လိမ်လည်၍ အစီရင်ခံခြင်း စသည်တို့ ပြုလုပ်၍ ပုဒ်မ ၂၄ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် တစ် နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်ခြင်း ခံရမည်ဖြစ်သည်။
ပုဒ်မ ၂၆ တွင်ပါရှိသော မည် သည့်အလုပ်ရှင်မဆို အနည်းဆုံး အခကြေးငွေအမိန့်ကြေညာစာပါ စည်းကမ်းချက် သို့မဟုတ် တား မြစ်ချက်တစ်ရပ်ရပ်ကို မဖောက် ဖျက်ရ၊ ထိုဥပဒေအရ သတ်မှတ် ထားသောအနည်းဆုံးအခကြေးငွေ နှုန်းထားများအနက် မိမိ၏အလုပ် သမားနှင့်သက်ဆိုင်သော အနည်း ဆုံးအခကြေးငွေနှုန်းထားများနှင့် စပ်လျဉ်း၍အလုပ်သမားများအား အသိပေးပြီး လုပ်ငန်းဌာနနှင့်လုပ် ငန်းခွင်တို့တွင် အလုပ်သမားများ မြင်နိုင်မည့် နေရာ၌ကြော်ငြာထား ရန်ပျက်ကွက်ခြင်း မရှိစေရ၊ အလုပ်သမားများ ဖျားနာ၍ အလုပ်မလုပ် နိုင်သည်ဖြစ်စေ၊ အလုပ်သမား များ၏ မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စကြောင့် အလုပ် နားသည့်အခါ ဖြစ်စေ၊ အခြား အကြောင်းတစ်ရပ်ရပ်ကြောင့် ဖြစ် စေ သတ်မှတ်ချက်များနှင့် မကိုက် ညီဘဲ အနည်းဆုံး အခကြေးငွေမှ ဖြတ်တောက်ခြင်း သို့မဟုတ်လျှော့ချခြင်းမပြုရဟူသော တား မြစ်ချက်မှတားမြစ်ချက်တစ်ရပ်ရပ် ကို ဖောက်ပြန်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားမှုစီရင်ခြင်း ခံရလျှင် ခြောက်လထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် ပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည် ဟု ဖော်ပြပါရှိသည်။
၂၀၁၂ ခုနှစ် အနည်းဆုံး အခ ကြေးငွေ ဥပဒေကြမ်းတွင် အခန်း ၁၀ ခန်းပါဝင်ပြီး ယင်းဥပဒေဖြင့် ၁၉၄၉ ခုနှစ်အနည်းဆုံး အခကြေး ငွေ အက်ဥပဒေအမှတ် ၆၆/၄၉ နှင့်လယ်ယာအလုပ်သမားအနည်း ဆုံးအခကြေးငွေအက်ဥပဒေ(အမှတ် ၄၄/၄၈)တို့ကိုရုပ်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
အောင်ခန့်
 By Venus News Journal



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

မြေခွေးတွင်းသို့ဝင်ခြင်း (Enter the Fox Den)

မေလ ၂ ရက်နေ့ ၂၀၁၂ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာနဂိုတောင်း ဆိုနေတဲ့ “၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်” ဆိုတဲ့အစား၊”လေးစားလိုက်နာပါ့မယ်” လို့ ပြောင်းပေးဘို့ တောင်းဆိုတာကို ရုပ်သိမ်းပြီးမူလ၂၀၀၈ အခြေခံဥပဒေမှာရေးသားထားတဲ့ အတိုင်း ဂတိသစ္စာပြုပြီး လွှတ်တော်ကိုတက် ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီကို ပြည်သူတွေက ဝက်ဝက်ကွဲမဲပေးခဲ့ကြတာ အထူးပြောစရာလိုမယ် မထင်ပါဘူး။ မြန် မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရအဖြစ်ကို ပြောင်းလဲခဲ့တာ၂ ကြိမ် ရှိပါ
ပြီ။ ပထမအကြိမ်ကတော့ တော်လှန်ရေးကောင်စီ ဦးစီးရေးဆွဲခဲ့တဲ့ ၁၉၇၄ အခြေခံဥပဒေ ကိုအသက်သွင်းပြီး မဆလပါတီတခု တည်းသာရှင်သန် ခွင့်ပေးတဲ့ အရပ်သားအစိုးရကိုဖွဲ့စည်းခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ အဲဒီ မဆလပါတီဟာလဲ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ အား လုံးလိုလို အရပ်ဝတ်ပြောင်းပြီး အာဏာကို ဆက်လက်ရယူခဲ့ ကြတာမို့ကုလားကြီးနဲ့ အရာကြီးသဘောမျိုးသာဖြစ်လို့ ပြည်သူတွေသိသိကြီးနဲ့ သေနတ်မိုးထားလို့ခံခဲ့ကြရတာပါ။ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်းဖြစ်တာကလွဲလို့ အုပ်ချုပ်မှု၊ ဖိနှိပ်မှုတွေ မပြောင်းလဲခဲ့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်လာမှ ပါတီစုံသွားမလား? တပါတီစံနစ်ပဲသွားမလား ? ဆိုတာကို မမေးချင်မေးချင် ထုတ်ပြောလာရတာ အများအသိ။

ငြိမ်ပိ တဖြစ်လဲ နအဖလက်ထက်မှာလဲ ဦးနေဝင်းနည်းတူ ဗိုလ်ချုပ်သန်းရွှေ က သူ့စိတ်ကြိုက် ၂၀၀၈အခြေခံဥပဒေ ကို ရေးဆွဲ
ပြီး အတည်ပြုခဲ့ပြန်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ၁၉၉၃ ခုနှစ် လောက်ကစပြီး အမည်ခံ အမျိုးသားညီလာခံ ကနေ စစ်တပ်ရွေးချယ်ထားတဲ့လူတွေနဲ့ စိတ်ကြိုက်ကိုယ်လိုသလိုရေးဆွဲ၊ စစ်တပ်ရဲ့သြဇာကိုနိုင်ငံရေးအပေါ် လွှမ်းမိုးပြီး အတင်းအကြပ် ပြည်သူတွေကို ချိမ်းခြောက်အတည်ပြုခဲ့တာပါ။ အခြေခံဥပဒေတခုရေးဆွဲရာမှာပြည်သူ့ အကျိုးအတွက် အချိန်ယူရေးဆွဲဒါမျိုးဟာသဘာဝကျလို့လက်ခံနိုင်ပေမဲ့ပြည်သူ့အပေါ်စစ်အာဏာစက်လွှမ်းမိုးနိုင်ဖို့အချိန်ယူပြီး ၁၅ နှစ် ကြာ ရေးဆွဲခဲ့တာဟာ သမိုင်းအမဲစက်တခု ဖြစ်ပါတယ်။

ဒီအခြေခံဥပဒေအရ ရွေးကောက်ပွဲပြုလုပ်တဲ့အခါမှာလဲ အတိုက်အခံပါတီတွေကို ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးလုပ်
ပြီး နောက်ဆုံးမဲရှုံးတဲ့နေရာတွေမှာကြိုတင်မဲဆိုတာတွေနဲ့ညစ်ပတ်အနိုင်ယူခဲ့တာအများအသိပါ။ ဘာဘဲဖြစ်ဖြစ် မြန်မာလူမျိုးတွေဟာအကောင်းကိုမြင်တဲ့လူမျိုးတွေဖြစ်လို့၊ ဦးသိန်းစိန်သမတအဖြစ်ကျမ်းကြိမ်ပြီး တက်လာတဲ့အခါပြုပြင်ပြောင်းလဲမှုတွေကိုလုပ်လာတာကိုတွေ့ရတော့ဝမ်းသာအားရနဲ့အားပေးခဲ့ကြပါတယ်။
ဒီလိုအားပေးတဲ့သူတွေထဲမှာဒေါ်အောင်ဆန်းစုကြည်လဲပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဦးသိန်းစိန်ကို သူမ အနေနဲ့ယုံကြည်ကြောင်းအတိအလင်းပြောကြားခဲ့ပါတယ်။ တဦးနဲ့တဦးတဖွဲ့နဲ့တဖွဲ့လက်တွဲ
ပြီးလုပ်နိုင်ဘို့မှာ ပထမယုံကြည်မှုကိုတည်ဆောက်ယူရမှာဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲဘယ်လိုမှတဦးနဲ့တဦးလက်တွဲလုပ်နိုင် မှာ မဟုတ်ပါဘူး။ ဒါကြောင့်ဒေါ်စုမြေခွေးတွင်း(လွှတ်တော်)ထဲကိုစွန့်ပြီးဝင်သွားတာဖြစ်ပါတယ်။ လွှတ်တော်ထဲမှာကြံဖွတ်အမတ်မြေခွေးအုပ်ကြီးနဲ့ မကြာခင်ကအခွင့်ထူးခံ၊ ရာထူးပိုကြီးတဲ့စစ်တပ်ကိုယ်စား လှယ်ဗိုလ်မှူးချုပ်တွေနဲ့အစားထိုးလိုက်တဲ့ ဝံပုလွေ ၂၅%အုပ်ကလဲရှိနေပါတယ်။
ဒီအုပ်ကြီးနှစ်အုပ်စုဟာပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေက လွှတ်တော် တွင်းမှာဒီမိုကရေစီနည်းကျပြုပြင် ပြောင်းလဲမှုတွေကိုတင်လာခဲ့ရင်ရိုက်ချဘို့တာစူနေကြတာဖြစ်ချင်ဖြစ် မယ်။ သူတို့အကျိုးစီးပွါးကိုထိခိုက် မယ် လို့မြင်တဲ့ဘယ်ပြောင်းလဲမှုမျိုးကိုမဆိုတိုင်းပြည်ဘယ်လောက်ဘဲအကျိုးရှိရှိ အစည်းအဝေးကြမ်းခင်းပေါ်မ ရောက် ခင်ကတည်းကလွှတ်တော်ဥက္ကဌက နေ ပယ်ချကောင်းပယ်ချနိုင်ပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည် တို့ လွှတ်တော်ထဲကိုရောက်လာ
ပြီးမရှေ့မနှောင်း ဒုသမ္မတဦးတင်အောင်မြင်ဦး နှုတ် ထွက်လွှာတင်တဲ့သတင်းထွက်လို့လာပါတယ်။ ဒါဟာတိုက်ဆိုင်မှုလား? နအဖရဲ့ကြိုတင်ချထားတဲ့ကျားကွက် လား? အားလုံး စဉ်းစားဖို့လိုပါတယ်။

တင်အောင်မြင့်ဦးဟာတင်းမာသောအုပ်စုမှဖြစ်လို့ ဒီလိုတင်းမာရေးလမ်းစဉ်လိုက်နေသူနှုတ်ထွက်သွားခြင်းဟာ အလယ်အလတ်လမ်းစဉ်သမားဦးသိန်းစိန်တို့အုပ်စုအနိုင်ရအားကောင်းလာတာဖြစ်တယ်၊ မြန်မာပြည်တိုးတက် ရေးအတွက်ကောင်းတဲ့နမိတ်လက္ခဏာဘဲလို့ယူဆသူတွေ၊ အကောင်းမြင်ဝါဒသမားတွေကဆိုကြပါတယ်။ ဒေါ်စုကိုဒုသမ္မတနေရာပေးချင်ပေးမယ်လို့လဲယူဆသူတွေရှိပါတယ်၊ ဒါမှမဟုတ်လဲဝန်ကြီးနေရာတနေရာပေး ချင်ပေးမယ်လို့ထင်ကြေးပေးကြသူတွေပေးကြပါတယ်။ စစ်အာဏာမလျှော့ကျရေးအတွက်ကျားကွက်ရွေ့သလို အကွက်ချ
ပြီးကစားနေတာလား? တိုင်းပြည်ကြီးကမ္ဘာ့အလယ်မှာဆင်းရဲမွဲတေနေတာကိုမကြည့်ရက်လို့ ကိုယ့် လူမျိုးတွေနိုင်ငံတကာမှာမျက်နှာငယ်ငယ်နဲ့အလုပ်သမားတွေအဖြစ်၊ အိမ်စေတွေအဖြစ်သွားလုပ်နေရ တာကို တွေ့မြင်ရတဲ့အခါယူကြုံးမရဖြစ်ပြီးငါ့တိုင်းပြည်နဲ့လူမျိုးတွေကိုငါတို့ကယ်တင်မှရမယ်ဆိုတဲ့စိတ်နဲ့တကယ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တာလားမဝေးတော့တဲ့အနာဂါတ်မှာကျွန်တော်တို့တတွေအဖြေရှာနိုင်တော့မှာဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာအမှန်တကယ်စိတ်ရင်းမှန်သူဖြစ်
ပြီးတိုင်းပြည်ကောင်းစားတာကိုမြင်ချင်တဲ့အတွက်ဒေါ်အောင် ဆန်းစုကြည်ကိုအစိုးရ နဲ့တွဲလုပ်ရန်ကမ်းလှမ်းခဲ့တယ်လုပ်ပိုင်ခွင့်ပေးခဲ့မယ်ဆိုရင်မျိုးချစ်စိတ်စေတနာအရင်းခံ ကြောင့် မြန်မာနိုင်ငံကြီးတွင်းရှိပြည်သူအားလုံးအတွက်ကျဆုံးခဲ့ရသောဂုဏ်သိက္ခာများကိုပြန်လည်ဆယ်ယူနိုင် မှာ ဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားကိုယူပြီးပြည်တွင်းငြိမ်းချမ်းရေး၊ ကျန်းမာရေး နဲ့ပညာရေး တွေ မှာ ထိထိရောက်ရောက်ပြည်တွင်းပြည်ပအင်အားစုတွေရဲ့အကူအညီကိုရယူပြီးပူးပေါင်းလုပ်ကြမယ်ဆိုရင် အ တိုက် အခံ၊ စစ်အုပ်စု ဆိုတဲ့အမြင်တွေပျောက်ကွယ်ပြီးအမျိုးသားရင်ကြားစေ့ရေးကိုလက်တွေ့ကျ ကျလုပ်နိုင် မှာဖြစ် တယ်၊ လွတ်လပ်ရေးရစကနေ ၊ ပြည်တွင်းစစ်ကြောင့် နှစ် ၆၀ အတွင်း ယနေ့အထိပြည်သူသန်းနဲ့ချီပြီး သေဆုံး ခဲ့ရသလို၊ မြန်မာပြည်သူတွေကို ဆင်းရဲ တွင်း ပို့နေတဲ့ဒီပြည်တွင်း စစ်ကိုလဲအမြန်ဆုံးငြိမ်း သတ်နိုင် မှာဖြစ်တယ်။

ဦးသိန်းစိန်အစိုးရအနေနဲ့ မကြောက်မရွံဘဲပြည်သူတွေရဲ့အခွင့်အရေးတွေကိုရဲရဲတင်းတင်းဖွင့်ပေးခြင်း၊ ပုဂ္ဂလိက ပိုင်သတင်းစာထုတ်ဝေ ခွင့်အပါအဝင်သတင်းလွတ်လပ်ခွင့်များကိုကမ္ဘာ စံချိန်မှီခွင့်ပြုခြင်း၊ လူ့လွတ်လပ်ခွင့်ချိုး ဖေါက်သူမှန်သမျှကိုကြောသား၊ ရင်သားမခွဲခြားဘဲထိထိရောက်ရောက်အရေးယူခြင်းဖြင့်တရားဥပဒေစိုးမိုးရေး ကိုတည်ဆောက်ခြင်းဖြင့်ပြည်သူများ၏ယုံကြည်ကိုးစားမှုကိုရယူမယူစောင့်ကြည့်ရပေမည်။

ထို့ပြင် ခရိုနီများလက်ဝါးကြီးအုပ်မတန်တဆဈေးတင်ထားသောတယ်လီဖုံးဈေးကွက်၊ ဟော်တယ်လုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ လယ်ယာမြေမတရားသိမ်းယူမှုများကိုတရားမျှတမှုရှိစေရန်လူတိုင်း တရားမျှတ စွာလွတ်လပ်စွာယှဉ်ပြိုင်နိုင်ခွင့်၊ ထုတ်လုပ်ခွင့်တို့ကိုဖန်တီးပေးရမည်။ ကြိုးနီစံနစ်မထားရှိဘဲ သမတမှတိုက်ရိုက် ခန့် ထားဖွဲ့စည်းပေးသော “အထူးစစ်ဆေးတိုက်ရိုက်ဆုံးဖြတ်ရေးဌာန” SIDDB(Special Investigation and Direct Decision Branch)ကိုဖန်တီး၍ထိုဌာနမှညွှန်ကြားရေးမှူးကအခင်းဖြစ် ရာသို့တိုက်ရိုက်သွား ရောက် ဖြေရှင်းစေခြင်းဖြင့် မသမာမှုများ၊ ကြားခံလာဒ်ပေးလာဒ်ယူမှုများ လက်တွေ့ကွင်းဆင်း ဖြေရှင်းဖြင့်အချိန် ကြာမှု၊ နှင့်ကြိုးနီစံနစ်တို့ကိုတားဆီး နိုင်ပေလိမ့်မည်။
ယနေ့လတ်တလောဖြစ်ပေါ်နေသောလျှပ်စစ်မီးလုံလောက်စွာရရှိရေးလှုပ်ရှားမှုသည်မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်းထဲမှတခုဖြစ်သည်။ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်း ၃ချက်ရှိသည်။

၁။ စစ် အာဏာရှင်စံနစ်သက်ဇိုးရှည်ခဲ့ခြင်းကြောင့်လူ့အခွင့်အရေးဆုံးရှုံး ခဲ့ရသည်၊ လူ့အခွင့်အရေးဆုံးရှုံးခဲ့ခြင်းကြောင့်မတရားဥပဒေများကြီးစိုးလာခဲ့ရသည်။ ထို့ကြောင့်ခရိုနီစီးပွါးရေးထွန်းကား လာ
ပြီးလက်တဆုပ်စာလူတစုနှင့်ဗိုလ်ချုပ်များသာချမ်းသာလာခဲ့ပြီးပြည်သူလူထုကြီးတရပ်လုံးကုန်းကောက်စရာမရှိဆင်းရဲမွဲတေသွားခဲ့ရသည်။ သဘာဝအရင်းအမြစ်များ၊လူသားအရင်းအမြစ်များအတိုင်း အဆမရှိဆုံးရှုံး ခဲ့ရ သည်။ ဆင်းရဲချမ်းသာကွာဟမှုမှာမယုံကြည်နိုင်စရာအထိမိုးနဲ့မြေပမာကွာခြားသွားခဲ့ရသည်။

၂။ ပြည်တွင်းစစ်အဆုံးမသတ်နိုင်ခြင်းသည် တချက်။
ပြည်တွင်းစစ်ကြောင့်တန်ဖိုးမဖြတ်နိုင်သောလူ့အသက်သိန်းသန်းချီ
ပြီးဆုံးရှုံးခဲ့ရသည့်အတွက်လူသားရင်းမြစ်များယုတ်လျော့ရော့နည်းသွားခဲ့ရသည်။ လူ့အသက်သာမကအိုးအိမ်တိုက်တာအဆောက်အအုံများပါနှစ်ပေါင်း ၆၀ အတွင်းပျက်စီးခဲ့မှုများအားလုံးသည် ဘီလီယံနှင့်ချီ၍ရှိသည်။ ပြည်တွင်းစစ်ကြောင့်စီးပွါးရေးကောင်းကောင်းမ လုပ် နိုင်သဖြင့်တိုင်းပြည်မွဲတေလာခဲ့ရသည်။

၃။လျှပ်စစ်မီးလုံလောက်စွာမရသဖြင့်ပြည်တွင်းထုတ်ကုန်ထုတ်လုပ်သောစက်ရုံများမလည်ပတ်နိုင်ခြင်းသည်တချက်။
တိုင်းပြည်တိုးတက်ဖွံဖြိုးရန်မှာစက်မှုလက်မှုတိုးတက်ဖွံဖြိုးဖို့လိုအပ်သည်။ စက်မှုလက်မှုတိုးတက်ဖွံဖြိုး ရန်အတွက်လျှပ်စစ်ဓါတ်လုံလောက်စွာရဖို့လိုသည်။ လျှပ်စစ်မီးလုံလောက်အောင်မရရှိသောနိုင်ငံသည်ဘယ် တော့မှတိုးတက်ဖွံဖြိုးမှုရနိုင်မည်မဟုတ်ချေ။ စစ်အစိုးရ မှလျှပ်စစ်ထုတ်လုပ်မှုကိုပြည်တွင်းသုံးစွဲမှုထက်ပြည်ပ သို့ရောင်းချ၍မိမိအိတ်ထဲနိုင်ငံခြားငွေထည့်ရန်သာစိတ်ဝင်စားခဲ့ကြသည့်အတွက်ပြည်တွင်းစက်မှုလက်မှုလုပ် ငန်းများဖွံ့ဖြိုးမှုမရှိဘဲရရစားစား အသေးစားလုပ်ငန်းရှင်လေးများဘဝမှမတက်နိုင်ဘဲရှိသဖြင့်ပြည်တွင်းလိုအပ် ချက်ကိုပြည်ပမှသာအဓိကတင်သွင်းရသဖြင့်ပြည်တွင်းမှ ကုန်ကြမ်းများဈေးပေါ်ပေါ်ဖြင့်ထွက်သွား
ပြီးပြည်ပမှ ကုန်ချောများဈေးကြီးဖြင့်ဝင်ရောက်လာပြီးတိုင်းပြည်လိုငွေပြပြီးကြွေးလည်ပင်းခိုက်လာသည်မှာအဆန်းမဟုတ် ချေ။ ထို့ကြောင့်စီးပွါးရေးရင်းနှီးမြှုပ်နှံမှုများမှာ ဒေါ်စုပြောသကဲ့သို့ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိအောင်အလေး ထားသော၊ အလုပ်သမားများရပိုင်ခွင့်ခံစားပိုင်ခွင့်တို့ကိုလေးစားလိုက်နာသော၊ပြည်တွင်းကုန်ချောထုတ်လုပ် သော စက်ရုံအလုပ်ရုံများရင်းနှီးမြှုပ်နှံနိုင်လာလျှင်ပြည်သူတို့အလုပ်အကိုင်များရရှိလာပြီးစီးပွါးရေးချောင်လည် လာကြမည်ဖြစ်သည်။

သို့ရာတွင် တချို့ကဦးသိန်းစိန်အစိုးရသည်အမှန်တကယ်ပြုပြင်ပြောင်းလဲရေးထက်၊ စစ်တပ် လက်ဝါးကြီး အုပ်ထားမှုကို အချိန်ဆွဲနိုင် သမျှဆွဲထားနိုင်ရေးကိုဦးတည်၍အပေါ်ယံပြောင်းလဲမှုတို့ကိုပြုလုပ်နေခြင်း (Superficial Change) ဟုဝေဖန် သုံးသပ်ကြသည်။ ထိုသူတို့ထံတွင်လည်းသံသယဖြစ်လောက်သည့် ထောက်ပြချက်များကရှိနေခဲ့သည်။
လွှတ်တော်အတွင်းကိုယ်စားလှယ်များမိမိတင်ပြဆွေးနွေးလိုသည်ကိုလွှတ်တော်ဥက္ကဌထံတင်ပြ၍ဥက္ကဌကခွင့်ပြုမှသာဆွေးနွေးခွင့်ရှိသည်မှာလွှတ်တော်တွင်းတွင်ပင်အများကသင့်တော်သည်ဆွေးနွေးသင့်သည်၊မဆွေးနွေး သင့်ဆိုသည့်ဆုံးဖြတ်ခွင့်ကိုပေးမထားဘဲလွှတ်တော်ဥက္ကဌတဦးတည်းကသာဦးစွာဆုံးဖြတ်ခွင့်ကိုယူထားသည်ဟု ထောက်ပြခြင်း။ ၈၈ မျိုးဆက်ခေါင်းဆောင်များ၏ ပြည်ပထွက်ခွင့်ပတ်စပို့ကိုထုတ်မပေးဘဲထားခြင်းနှင့်ပြည်ပ ရောက်စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများကိုသမတကပြန်လာကြပါဟုနှစ်ကြိမ်ထုတ်ဖေါ်ပြောကြားခဲ့ သော်လည်းတကယ်တန်းသွားရောက်လည်ပတ်ရန်လျှောက်ထားသူများကိုဗီဇာထုတ်မပေးခြင်းအပြင် သံအမတ်ကြီးထံသို့အစိုးရဆန့်ကျင်ရေးမလုပ်ခဲ့ဘူးကြောင်း၊ ပြည်တွင်းရောက်လျှင်နိုင်ငံရေးလုပ်နေသူ များကိုတွေ့ဆုံခြင်းအားပေးခြင်းမပြုလုပ်ပါဟုဝန်ခံလက်မှတ်ရေးထိုးရမည်ဆိုသည်မှာလက်တွေ့တွင်အပြောနှင့်အလုပ်မညီကြောင်းထောက်ပြကြသည်။

အဓိကထောက်ပြချက်မှာနိုင်ငံရေးအကျဉ်းသားများအားလုံးကိုလွှတ်မပေးဘဲ တချို့တဝက်ကိုသာလွှတ်ပေး
ပြီး၄၀၀နီးပါးကိုဆက်လက်ဖမ်းဆီးထားခြင်းနှင့်မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဟုအစိုးကိုယ်တိုင်ကစစ်အုပ်ချုပ်ရေးကာလအာဏာပိုင်များအသုံးအနှုန်းအတိုင်းပြောကြား၍ နိုင်ငံရေးအကျဉ်းသားများရှိခြင်း ကိုဗြောင်ငြင်းပယ်ခဲ့ခြင်းကြောင့်ဦးသိန်းစိန်အစိုးရကိုယုံကြည်ရန်ခက်စေခဲ့သည်။
ထို့ပြင်သတင်းလွတ်လပ်ခွင့်ကိုလျော့ပေးသည်ဆိုသော်လည်းဆင်ဆာရှိနေသေးသည့်အပြင်ပြည်သူသန်း၆၀အတွက်သတင်းစာ ၄စောင်သာရှိနေပြီးထိုဖြန့်ချီနေသောသတင်းစာများမှာလည်းအစိုးရပိုင်သတင်းစာများဖြစ်သည့် အပြင် ဝါဒဖြန့်သတင်းများ သာ ၁၉၆၃ ခုနှစ်မှစ၍ယနေ့အထိလွှမ်းမိုးနေခဲ့သည်။
ပြည်သူများကိုသတင်းမှန်ဖြန့်ချီသည့်ပုဂ္ဂလိကသတင်းစာများထုတ်ဝေနိုင်မှုကိုယနေ့အထိမပေးသေးဘဲထားခြင်းကြောင့်လက်ရှိအစိုးရကိုအမှန်တရားကိုဖုံးကွယ်လိုသောစိတ်ရှိနေသည်ဟုမြင်ကြသည်။
သို့ရာတွင်မကြာသေးမှီကပြည်သူပိုင်သတင်းစာများအရည်အသွေးမြှင့်တင်ရန်ဆွေးနွေးပွဲလုပ်သည့်အကြောင်းကိုဖတ်လိုက်ရသည်။ ပါဝင်ဆွေးနွေးကြသူများကနိုင်ငံပိုင်သတင်းစာများ၏အရည်အသွေးသည်ကျဆင်းလျက် ရှိပြီးအစိုးရသတင်းစာများတွင်ပြည်သူစိတ်မဝင်စားသည့်နိုင်ငံအကြီးအကဲများဖဲကြိုးဖြတ်နေပုံ၊ ခရီးလှည့်လည် နေပုံများ ကိုနေ့တဓူဝဖေါ်ပြနေခြင်းကို ဖြုတ်သင့်ကြောင်း၊ ပြည်သူလူထုစိတ်ဝင်စားမည့်သတင်းများကိုပို၍ထည့် ခြင်းဖြင့်အရည်အသွေးကိုမြှင့်တင်သင့်ကြောင်း။ ထို့ပြင်တချိန်ချိန်တွင်ပေါ်လာမည့်ပုဂ္ဂလိကသတင်းစာများကို ယှဉ်နိုင်ရန်ယခုကထည်းကစဉ်းစားပြုပြင်ရမည့်အကြောင်းဆွေးနွေးချက်သည်၊ မကြာခင်ကာလတွင်သတင်းစာ လွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်ရတော့မည်လောဆိုသည့်အတွေးကိုဝင်ရောက်လာစေသည်။ တဖက်တွင်လည်းပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းတင်းကြပ်မှုကိုလျော့ပေးမည်ဟုပြောကြားသော်လည်းသ တင်းစာထုတ်ဝေခွင့်ကိုနှာစေးနေခဲ့သည်။
မည်သို့ဆိုစေလက်ရှိအစိုးရမှပုဂ္ဂလိကသတင်းစာထုတ်ဝေမှုကိုချက်ချင်းခွင့်ပြုလုပ် လိမ့်ဦးမည်မဟုတ်ချေ၊ ယနေ့အခြေအနေအတိုင်းပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ကိုပေးလိုက်ပါကအစိုးရပိုင် သတင်းစာ များဖတ်သူမရှိသည့်ကိန်းမုချဆိုက်ပြီးနှစ်မကူးခင်ပြုတ်နိုင်သဖြင့်အစိုးရသတင်းစာများ၏ဝါဒဖြန့်သတင်းစာ ဘဝမှ ခေတ်နှင့်လျှော်ညီသောပုံစံပြောင်းပြီးပုဂ္ဂလိကသတင်းစာများကိုယှဉ်ပြိုင်နိုင်ရန်ကြိုတင်ပြင် ဆင်နေ ကြောင်းထင်ရှားသည်။

လက်ရှိအုပ်ချုပ်သူများထဲမှတချို့သည် တလမ်းသွားအတွေးအခေါ်ဖြင့်ရှင်သန်ကြီးထွားလာသူများဖြစ်ကြသည်၊ အရာရာကိုအာဏာသုံး၍ဆုံးဖြတ်တတ်သောညဉ်ဆိုးသည်အရိုးစွဲနေခဲ့သည်။
ပြည်သူကိုဂရုစိုက်စရာမလိုငါသိတယ်ငါတတ်တယ်၊ ဘယ်သူ့မှတိုင်ပင်စရာမလိုဆိုသည့်အစွဲရှိသည်။ ဥပမာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးဇော်မင်း၏မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောပြောကြားမှုသည် ထိုစရိုက်ရှိ သူများ၏အကျင့်စရိုက်ကိုလှစ်ဟပြလိုက်ခြင်းပင်ဖြစ်သည်။ ဘယ်လိုအမျှော်အမြင်နဲ့ဘယ်လိုအတွေး အခေါ်နဲ့ များဝန်ကြီးဖြစ်လာသူလဲဆိုသည်ကတွေးစရာဖြစ်သလိုတိုင်းပြည်အတွက်အထူးရင်လေးစရာဖြစ်သည်။နိုင်ငံပိုင်သတင်းစာကိုအစိုးရပိုင်သတင်းစာအဖြစ်သတ်မှတ်အသုံးပြုနေမှုသည်တလမ်းသွားအတွေးအခေါ်အကျင့်အကြံပင် ဖြစ်သည်။တသက်လုံးဒီသတင်းစာတွေကိုငါတို့ပါတီအကျိုးအတွက်၊ ငါတို့အာဏာရရေးအတွက်၊ ငါတို့ဝါဒ ဖြန့်ချီရေးအတွက်အသုံးပြုမယ်ဆိုသည့်အတွေးအခေါ်သည်အာဏာရှင်ခေတ်ကအတွေးအခေါ်ဖြစ်သည်၊ ယနေ့အထိအာဏာရှင်ခေတ်ကအမူအကျင့်ကိုမဖြောက်နိုင်ကြ အတိုက်အခံသည်အစိုးရဖြစ် လာနိုင် သည် ဆိုသည့်အတွေးအခေါ်မရှိသည်လား?
အတိုက်အခံကိုရှိယုံသာထားပေးပြီးငါတို့ဘဲလက်ပြောင်းလက်လဲနဲ့အာဏာဆက်ယူသွားမည်လားဆိုသည်ကို စောင့်ကြည့်ရပေမည်။
မှန်မှန်ကန်ကန်သုံးသပ်ရလျှင်အစိုးရပိုင်သတင်းစာဆိုသည်မှာဒီမိုကရေစီနိုင်ငံတခုတွင်မရှိသင့်သောအရာတခု ဖြစ်သည်၊ ပုဂ္ဂလိကပိုင်နှင့် နိုင်ငံရေးပါတီပိုင်သတင်းစာများရှိခြင်းသည်အဓိပ္ပါယ်ရှိသည်။
နိုင်ငံရေးပါတီများကမိမိတို့ပါတီမူဝါဒသဘောထားများကိုပြည်သူသို့ချပြဆွေးနွေးခြင်း၊ ပြည်သူလူထု၏ထောက် ခံမှုကိုရယူခြင်းတို့သည်နိုင်ငံရေးပါတီများလုပ်ရမည့်အလုပ်ဖြစ်သည် အစိုးရအလုပ်မဟုတ်။ အစိုးရအလုပ်သည်မိမိမူဝါဒများကိုသတင်းစာဆရာများသို့တင်ပြ၍ထိုသတင်းစာဆရာများကနေပြည်သူသို့တ ဆင့်တင်ပြပေးခြင်းသာဖြစ်သည်၊ ကိုယ်ပိုင်သတင်းစာမလို အဘယ့်ကြောင့်ဆိုသော်အစိုးရဟူသည်ရွေးကောက် ပွဲတွင်အနိုင်ရသည့်ပါတီကဖွဲ့စည်းရခြင်းဖြစ်သဖြင့်ပါတီတခုသည်ရာသက်ပန်အာဏာစွဲကိုင်ထား၍မရနိုင်ချေ၊ရသည်ဆိုလျှင်ထိုနိုင်ငံသည်ဒီမိုကရေစီနိုင်ငံမဟုတ်ချေအာဏာရှင်နိုင်ငံသာဖြစ်ပေမည်။
မြန်မာနိုင်ငံတွင်အစိုးရပိုင်သတင်းစာသည်အနိုင်ရပါတီ၏သတင်းစာဖြစ်နေသည်၊ နိုင်ငံပိုင်သတင်းစာမှ ဘက် လိုက်၍အတိုက်အခံပါတီနှင့်ထိုပါတီခေါင်းဆောင်များကိုဝေဖန်ခြင်းတိုက်ခိုက်ခြင်းတို့ကိုဗြောင်လုပ်လျက်ရှိသည်။ အတိုက်အခံပါတီကအနိုင်ရပါကထိုသတင်းစာသည်အတိုက်အခံပါတီကသုံးစွဲရမည့်သဘောရှိသည်။ သတင်းစာဟူသည်အာဏာရလာသောနိုင်ငံရေးပါတီများကတယောက်တလှည့်မောင်ပိုင်စီးပြီးမိမိတို့အကျိုးအတွက်မူဝါဒဖြန့်ချီရေးလုပ်ခွင့်ပေးသောစံနစ်သည်ဒီမိုကရေစီကျင့်စဉ်နှင့်လုံးဝဖီလာဖြစ်နေပေသည်။
မူလသတင်းစာချုပ်ကိုင်ထားသူများအားလုံးဖယ်ရှားပစ်ရမည့်သဘောရှိသည်။ ထို့ကြောင့်ယနေ့မြန်မာနိုင်ငံရှိ နိုင်ငံပိုင်သတင်းစာ၎စောင်လုံးကိုပုဂ္ဂလိကပိုင်ပြောင်းလဲရေးနှင့် ပုဂ္ဂလိကပိုင်သတင်းစာထုတ်ဝေမှုကိုခွင့်ပြုမည် ဆိုလျှင်၂၀၁၅ ရွေးကောက်ပွဲသည်တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်အတော်အတန်ကြိမ်းသေပြီဟုပြော လို့ရနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ၂၀၁၀ ကဲ့သို့မဲလိမ်မဲခိုးမှုများနှင့်သာပြည့်နှက်နေပေလိမ့်မည်။ အမှန်တရားကိုထုတ်ပြောနိုင်သော၊ဖွင့်ချနိုင်သောလွတ်လပ်သောသတင်းစာများမထွက်ပေါ်သေးသမျှအမှန်တ ရားများကိုမသမာမှုဖြင့်ပိတ်ပင်တားစီးမှုများကရှိနေမည်သာဖြစ်သည်။တရားဥပဒေစိုးမိုးမှုဆိုသည်ကလည်းစာအုပ်ထည်းတွင်းသာဖတ်ကောင်းသည့်အဆင့်ရှိနေပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်ကပါရီမြို့အမေးအဖြေတွင်ဖြေကြားသွားခဲ့ရာတွင် “အတိုက်အခံဆိုတာတချိန်မှာအစိုးရဖြစ်နိုင်တယ်ဆိုတာသတိပြုမိဖို့လိုတယ်၊ တသက်လုံးအတိုက်အခံဖြစ်မနေဘူး” ဆိုသည့်စကားသည်အားလုံးသတိချပ်သင့်သည့်စကားဖြစ်သည်၊ အထူး သဖြင့်တိုင်းပြည်အာဏာကိုရယူထား သောစစ်တပ် ၊ ကြံဖွံ့ပါတီနှင့်စစ်ဗိုလ်ချုပ်များအထူးစဉ်းစား ရမည့်အချက် ဖြစ်သည်။ထို့ကြောင့်ကိုယ်ကမဲရှုးံ၍အတိုက်အခံဘဝ ရောက်လျှင်လက်ဝါးကြီးအုပ်ရယူ ထားသောအခွင့်အရေး များကိုမဲအနိုင်ရသောပါတီကယူသွားပေမည်။ ထိုအခါကျမှမတရားပါဘူးဟုပြောလို့ မရ ယ္ခုကထည်းကမျှတ အောင်အမြှော်အမြင်ရှိရှိပြုပြင်ပြောင်းလဲနိုင်ဖို့လိုပေသည်။ ထိုသို့မဟုတ်ဘဲငါတို့ဘဲအမြဲအစိုးရဖြစ်ရမယ်၊ အတိုက်အခံဟာအမြဲအတိုက်အခံနေရာကနေမတက်စေရဘူးဆိုသည့်ညဉ်ဆိုးကိုဆက်လက်ထားရှိနေမည်ဆိုလျှင်မြန်မာပြည်သားတို့စစ်ကျွန်၊အိမ်နီးချင်းနိုင်ငံများ၏စီးပွားရေးကျွန်သဘောက်ဘဝမှတက်နိုင်လိမ့်မည်မဟုတ်ချေ။ ပြည်တွင်းစစ်မီးသည်လည်းဆက်လက်တောက်လောင်နေမည်သာဖြစ်သည်။

တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ပြောရမည်ဆိုလျှင်သမ္မတကြီးမှကချင်ပြည်နယ်တွင်တိုက်နေမှုကိုရပ် ဆိုင်းရန်အမိန့်ပေးသော်လည်းပထမတွင်ရှေ့တန်းသို့သတင်းမရောက်သေးလို့ပါဟုဆင်ခြေပေးခဲ့ပြီးသမ္မတအမိန့်ကိုဖီဆန်ပြီးဆက်လက်တိုက်နေသည်မှာတနှစ်ကျော်လာသည့်ယနေ့အထိပင်ဖြစ်သည်၊ ထို့ကြောင့်အမှန်တ ကယ်အာဏာသည်အခြေခံဥပဒေအရသမ္မတတွင်တကယ်ရှိမှရှိရဲ့လားရုပ်သေးသမ္မတ သို့မဟုတ်စစ်တပ်ကို မလွန်ဆန်နိုင်သောအကန့်အသတ်သာလုပ်ပိုင်ခွင့်ရှိသောသမ္မတလားဟုထင်စရာဖြစ်လာခဲ့ပေသည်။
နောက်တချက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးကိုဦးအောင်မင်းနှင့်အပြီုင်လုပ်နေသောဦးအောင်သောင်းသည်တင်းမာသူတဦးဖြစ်သူဟု ကြော်ကြားပါသည်။ သို့ရာတွင်ဦးအောင်သောင်းဆွေးနွေးပွဲတွင်ပါဝင်မလာတော့ဘဲဦးအောင်မင်းတဦးတည်း လုပ်ပိုင်ခွင့်ရလာခဲ့ပါသည်။တခုသတိပြုမိသည်မှာငြိမ်းချမ်းရေးရလာသည့် SSA, နှင့်KNPP တို့နှင့်ယခုရက် အတွင်းတိုက်ပွဲများပြန်လည်ဖြစ်လာသည်မှာဦးအောင်မင်းကြိုးစားမှုကိုစစ်တပ်မှလက်မခံကြောင်းအချက်ပြခြင်းလားဟုထင်စရာရှိသည်။ ထိုအချက်များကြောင့်စစ်တပ်သည်သမ္မတမိန့်ကိုမနာခံဘဲဗိုလ်ချုပ်မင်းအောင်လှိုင်က သူသဘောသူဆောင်နေသည်ဟုမှတ်ချက်ပေးရမလိုအခြေအနေကဖြစ်နေသည်။

နိဂုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည်မြေခွေးတွင်းထဲသို့ဝင်ရောက်သွားပြီဖြစ်သည်၊ ဒေါ်စုနှင့်ဒီမိုကရေ စီအင်အားစုများကစစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်လာစေရန်ရည်သန်၍အ များအကျိုးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်ညီသောဥပဒေသများကိုလွှတ်တော်သို့တင်သွင်းသည့်အခါမြေခွေး နှင့်ဝံပုလွေများက ဝိုင်းကိုက်ကြမည်လား၊ လက်ခံမည်လားစောင်ကြည့်ရပေမည်၊
သားစားကြူးသောသားရဲတွင်းသို့ဒေါ်စုရဲရင့်စွာဝင်ရောက်သွားပြီ၊စောင့်ကြည့်အားပေးရမည်ကကျွနုပ်တို့တတွေ။ အမိမြန်မာနိုင်ငံတော်ကြီးစစ်ကျွန်ဘဝဆိုးမှအမြန်ဆုံးလွတ်မြောက်၍မြန်မာလူမျိုးများကမ္ဘာတွင်မော်ကြွားနိုင် သောလူမျိုးများဘဝသို့ရောက်ရှိရေးကိုရည်မှန်းလျက်

ထွန်းအောင်ကျော်
(ခေတ္တ အီသီကာမြို့၊ အမေရိကန်နိုင်ငံ)
ဂျူလိုင် ၂ ရက်၊ ၂၀၁၂၊ ညနေ၇နာရီ ၃၈ မိနစ်




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဒူ-သမ္မတအလောင်း - ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြီးပြေး






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ဦးတင်အောင်မြင့်ဦးနေရာ ဒု-သမ္မတသစ်တဦး အစားထိုးမည်


 ဗုဒ္ဓဟူး, 04 ဇူလိုင် 2012
မြန်မာနိုင်ငံမှာ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ အနားယူမယ် လို့ သတင်းတွေ ထွက်ပေါ် နေခဲ့တာဟာ အခုတော့ အတည်ဖြစ်သွားပါပြီ။ ဒါကြောင့် အစားထိုးခန့်အပ်လာမယ့် ဒုတိယသမ္မတဟာ ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့၊ ပြည်သူလူထုလက်ခံနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လာဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက မျှော်လင့်နေကြပါတယ်။ ဒါနဲ့ပတ်သက်တဲ့ အပြည့်အစုံကိုတော့ ရန်ကုန်ကနေ ကိုရဲကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

လက်ရှိသမ္မတသူရသီဟဦးတင်အောင်မြင့်ဦးအနေနဲ့ ကျန်းမာရေးအခြေအနေအရ ရာထူးက အနားယူ မှာဖြစ်လို့ သူ့နေရာမှာအစားထိုးဖို့ ပြည်ထောင်စုလွှတ်တော်ကနေပြီး (၇) ရက်အတွင်း ဒုတိယ သမ္မတ တစ်ဦးကို ရွေးချယ် နာမည်စာရင်းပေးဖို့ နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာ မှာဖော်ပြပါရှိတယ်လို့ ဒီနေ့ လွှတ်တော်တက်ရောက်တဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

“ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးချွတ်ယွင်းမှုကြောင့် ၁၈ ရက်၊ ၄ လ၊ ၂၀၁၂ မှ ၁ ရက်၊ ၅ လ၊ ၂၀၁၂ အထိ စင်ကာပူ နိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ပါသည်။ ဆေး ကုသမှု ခံယူရာမှ ပြန်လည်ရောက်ရှိပြီး အနားယူရန်လိုအပ်သဖြင့် ၁ ရက်၊ ၅ လ၊ ၂၀၁၂ မှ၊ ၃၀ ရက်၊ ၆ လ၊ ၂၀၁၂ ရက်အထိ နေအိမ်တွင် ဆေးကုသစောင့်ရှောက်မှု ရည်ညွှန်း (၁) ပါ စာဖြင့် တင်ပြချက်အရ ခွင့်ပြုပေးခဲ့ပါသည်။ ထိုသို့ ဆေးကုသမှု ခံယူနေသော်လည်း သက်သာပျောက်ကင်းမှုမရှိခြင်းကြောင့် အချိန်ကာလတစ်ခု အထိ ဆေးကုသ စောင့်ရှောက်မှုခံယူရန် လိုအပ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၇ တို့အရ ဒုတိယ သမ္မတတာဝန် ထမ်းဆောင်ခြင်းအား ၁ ရက်၊ ၇ လ၊ ၂၀၁၂ ရက်မှ စ၍ နုတ်ထွက်ခွင့်ပြုပါရန် ရည်ညွှန်း (၂) ပါ စာဖြင့် တင်ပြလာပါတယ်။ သို့ပါ၍ လစ်လပ်သွားသော ဒုတိယသမ္မတ ရာထူးနေရာ တွင် ဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (စ) ပါ ပြဌာန်းချက်အရ သဝဏ်လွှာပေးပို့အပ်ပါသည်။”

သိန်းစိန်
နိုင်ငံတော် သမ္မတ


ဒုတိယသမ္မတဖြစ်လာဖို့အတွက် လက်ရှိရေပန်းစားနေသူတွေကတော့ အုပ်ချုပ်ရေးပိုင်းက ပြည်ထောင်စု ၀န်ကြီး တစ်ဦး၊ အုပ်ချုပ်ရေးပိုင်းက ကော်မရှင်ဥက္ကဋ္ဌတစ်ဦးနဲ့ ဥပဒေပြုရေးက လွှတ်တော် ဥက္ကဋ္ဌတစ်ဦး၊ လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အသိုင်းအ၀ိုင်းက ထင်ကြေးပေးနေပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ  ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

“ကျနော်တို့ ကြားနေတဲ့သတင်းပေါ့နော်- လက်ရှိဝန်ကြီးတဦးလည်းပဲ ဒီ Nomination ထဲမှာ ပါနေတယ်။ အဲဒီလိုပဲ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတခုရဲ့ ဥက္ကဋ္ဌတဦးကလည်း ဒုတိယနေရာမှာ ပါနေတယ်။ အဲဒီလိုပဲ ပြည်သူ့လွှတ်တော်က ကော်မတီတခုက ဥက္ကဋ္ဌတွေလည်း ပါနေတယ်ဆိုတဲ့ သတင်းကတော့ ကျနော်တို့ ကြားနေရတာပေါ့။”

အများက ဒုတိယသမ္မတဖြစ်လာဖို့ ထင်ကြေးနေကြတဲ့သူတွေထဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ကလည်း ထိပ်ဆုံးမှာရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် အသိုင်းအ၀ိုင်းက ပြောပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်အတွင်းက  ကိုယ်စားလှယ်အတော်များများကလည်း သူရဦးရွှေမန်းအနေနဲ့ ဒုတိယ သမ္မတနှစ်ဦးထက် ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌတစ်ဦးအဖြစ်သာ ဆက်လက် ရှိနေစေချင်တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက အခုလိုပြောပြပါတယ်။

“ကျနော်တို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းကို ဒုသမ္မတအဖြစ် ရွေးကောက်မယ်ဆိုတဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရင်ထဲမှာ နည်းနည်းလေး တမျိုးဖြစ်သွားတာ တွေ့တယ်။ ကျနော် အပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကို ဒု-သမ္မတအဖြစ် ရွေးချယ်မယ်ဆိုရင် ကန့်ကွက်ကြမယ် လို့ ပြောဆိုနေကြတယ်။”

အသစ်ဖြစ်လာမယ့် ဒုတိယသမ္မတဟာ လက်ရှိသမ္မတဦးသိန်းစိန်ရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ လက်တွဲညီညီပါဝင်ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သင့်တယ်လို့လည်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“တပ်မတော်သားအစုအဖွဲ့က အဆိုပြုတဲ့ပုဂ္ဂိုလ်ဟာ အထူးသဖြင့် ဒီမိုကရေစီဘက်ကို သွားမယ့် ပုဂ္ဂိုလ်တွေ ရဲ့စိတ်ထဲမှာ မှန်းမျှော်ထားတာကို ကြည့်ရင် နိုင်ငံတော်သမ္မတကြီးသွားနေတဲ့ Reform Strategy ကို တပ်မတော်နဲ့အတူတူ သွားနိုင်မယ့်ပုဂ္ဂိုလ်၊ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အတူတူ သွားနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ကို ရွေးမယ်လို့ပဲ ယူဆရပါတယ်။ အများလက်ခံနိုင်တဲ့၊ တပ်မတော်သားတွေ ကိုယ်တိုင်ကလည်း လေးစား ချစ်ခင်တဲ့၊ လက်ခံနိုင်တဲ့ပုဂ္ဂိုလ်မျိုး၊ ပြည်ထောင်စုလွှတ်တော်တခုလုံးကလည်း ဝမ်းပန်းတသာ ကြိုဆိုကြ မယ့် ပုဂ္ဂိုလ်မျိုး၊ နိုင်ငံသူနိုင်ငံသား အားလုံးကလည်း ကြိုဆိုပြီးကာမှ သမ္မတကြီးနဲ့ အတူတူ ကျနော်တို့ သွားချင်တဲ့လမ်းကြောင်းကို အတူတူသွားချင်တဲ့ ပုဂ္ဂိုလ်မျိုး၊ ပြု-ပြောင်း မြင်သာပြီး အခုနပြောသလို အများ လက်ခံနိုင်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ရင်တော့ဖြင့် ပိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာပါ။”

အသစ်ပြန်လည်အမည်စာရင်းပေးသွင်းရမယ့် ဒုတိယသမ္မတရာထူးကို တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ရွေးချယ်မှာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှာ ဒုတိယသမ္မတရာထူးအတွက် အပြီးသတ် အမည် စာရင်း ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်ခင်ဗျား။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

အစိုးရ၏ တောင်းဆိုမှုကြောင့် SSPP/SSA ရှေ့တန်းစခန်း နှစ်ခု ဆုတ်ခွာပေးမည်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၃ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ တောင်းဆိုချက်အရ ရှမ်းပြည်ဖွံ့ဖြိုးရေးကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA က ယင်းတို့၏ တပ်စခန်းနှစ်ခုမှ ဆုတ်ခွာပေးမည်ဟု SSA မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။

ယမန်နေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က SSPP/SSA အား ယင်းတို့၏ တပ်စခန်းမှ ဆုတ်ခွာ
ပေးရန် တယ်လီဖုန်းဖြင့် အကြောင်းကြားလာသဖြင့် တန့်ယန်းမြို့နယ် ၇ မိုင်စခန်းနှင့် မိုင်းရှူးမြို့နယ် လွိုင်ဖာဖိန့်ရှိ တပ်စခန်းတို့မှ နှစ်မိုင်ခန့် အကွာသို့ ဆုတ်ခွာပေးရန် ယနေ့ ဗဟိုကော်မတီစည်းဝေး ကျင်းပ၍ ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်။

“မနေ့က ဦးသိန်းဇော်က ကျနော်တို့တပ်တွေ ဆုတ်ပေးဖို့ မေတ္တာရပ်ခံတာကို ကျနော်တို့လည်း တဆင့်ပြန်ဆုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ တောင်းဆိုထားတဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်နှင့် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် ဆက်သွယ်တဲ့ လမ်းမကနေ နည်းနည်းဝေးတဲ့ နေရာကို ဆုတ်ပေးဖို့ ကျနော်တို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါပြီ”ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

ထို့ပြင် ဦးသိန်းဇော်၏ မေတ္တာရပ်ခံချက်အတိုင်း တပ်ဆုတ်ပေးလိုက်သော်လည်း SSPP/SSA တပ်များ ဆုတ်ခွာပေး သည့် အချိန်တွင် အစိုးရတပ်များ တပ်စွဲခြင်း မပြုရန်နှင့် ဆုတ်ခွာချိန်တွင် ပစ်ခတ်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။

အစိုးရတပ်ဖွဲ့များ လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူး ကားလမ်းတလျှောက် လမ်းကြောင်း ရှင်းလင်းလိုကြောင်းနှင့် ယခု တိုက်ပွဲဖြစ်ပွားမှုမှာ အစိုးရတပ်ဘက်မှ ထိခိုက်မှု များပြားသဖြင့် ပြန်လည် တိုက်ခိုက်သည့် အနေအထားဖြစ်သည်ဟု  ဦးသိန်းဇော်က ပြောဆိုခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

“သူတို့တောင်းဆိုတာက လားရှိုး၊ တန့်ယန်းနှင့် မိုင်းရှူးကားလမ်းပေါ် တမိုင်လောက် ဆုတ်ပေးဖို့ ပြောတယ်။ ကျနော် တို့က နှစ်မိုင်လောက် ဆုတ်ပေးမှာပါ။ ခုက မိုင်းအွန်မှာ လွိုင်ဖာဖိန့် တဝိုက်မှာရှိတဲ့ ကျနော်တို့ တပ်စခန်းငယ်နဲ့ ၇ မိုင် မှာရှိတဲ့ တပ်စခန်းတွေကနေ ခွာပေးလိုက်မယ်”ဟု သူက ဆက် ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့မှစတင်၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ပျက်ပယ်စေမည့် တိုက်ပွဲများ မဖြစ်ပွားလိုသဖြင့် ယင်းတို့ ဆုတ်ခွာပေးရန် ဆုံးဖြတ်လိုက်ခြင်း
ဖြစ်သည်ဟု ဆက်ပြောသည်။

ယခု ဆုတ်ခွာပေးမည့် တပ်စခန်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ငြိမ်းချမ်းရေး စတင်ယူခဲ့စဉ်ကတည်းက SSPP/SSA အဖွဲ့များ အခြေချခဲ့သည့် နေရာဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က  ဦးသိန်းဇော် နှင့် SSPP/SSA  ကိုယ်စားလှယ်များ မန္တလေးမြို့တွင် တွေ့ဆုံပြီး SSPP/ SSA ရှေ့တန်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ဆုတ်ခွာပေးခဲ့ပြီး ယခုတကြိမ်မှာ ဒုတိယအကြိမ် ရှေ့တန်း စခန်းမှ ထပ်မံ ဆုတ်ခွာပေးလိုက်ခြင်း ဖြစ်သည်။

SSPP/SSA ဗဟိုကော်မတီဝင် ၁၁ ဦးပါဝင်သော ဗဟိုကော်မတီ အစည်းအဝေးကို ဝမ်ဟိုင်း ဌာနချုပ် ၉ နာရီမှ မွန်လွဲပိုင်း ၁ နာရီထိ ပြုလုပ်ခဲ့ပြီး အတွင်းရေးမှူး (၃) စဝ်ကျော်လှ လက်မှတ်ဖြင့် ၎င်းဆုံးဖြတ်ချက်များကို သမ္မတ ဦးသိန်းစိန်ထံ ပို့ရန် စီစဉ်နေသည်ဟု သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော မိုင်းရှူးမြို့နယ် မိုင်းအော့ကျေးရွာအနီးတွင် အစိုးရဘက်မှ လက်နက်ကြီးများဖြင့်ဆက်လက် ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားသည့် သုံးရက်အတွင်း ၁၂၀ မမ လက်နက်ကြီး ကျည်အလုံးပေါင်း ၁၀၀ ကျော်ရှိသွားပြီ
ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလှက ပြောသည်။

ယမန်နေ့ကလည်း တန်ယန်းမြို့နယ် မိုင်းကောင်းကျေးရွာအနီး SSPP/SSA ၏ ခုနှစ်မိုင်တပ်စခန်းသို့ အစိုးရ၏ အရှေ့
မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့များ အနီးကပ် ဝင်ရောက်လာ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သဖြင့်
နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

မြန်မာအစိုးရ တပ်ဘက်မှ ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနေသည်ဟု ခန့်မှန်းရပြီး SSPP/SSA ဘက်မှ ၆ ဦး ဒဏ်ရာရသည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

ယူချင်လျှင် ပေးရတယ် - (ဒေါ်အောင်ဆန်းစုကြည်)


ဂျက်ကီချန်းကြီး လာမယ်တဲ့ -

 အင်္ဂါ, 03 ဇူလိုင် 2012

UNICEF ချစ်ကြည်ရေးအထူးသံ Jackie Chan မြန်မာနိုင်ငံ ဒီသီတင်းပတ်သွားမည်

မြန်မာနိုင်ငံ၊ ပြည်သူလူထုနဲ့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ   ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ် မြန်မာနိုင်ငံကို ဒီသီတင်းပတ်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက ကလေးငယ်တွေ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် တာဝန်ရှိသူတွေနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ မင်းသားကြီးဂျက်ကီချဲန်းက ဆိုပါတယ်။ အကြောင်းစုံကိုတော့ UNICEF ကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။
ကျနော်ရုပ်ရှင်ရိုက်တဲ့အခါ ကလေးသူငယ်တွေအရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ ကိစ္စရပ် အတော်များများကို  အလေးပေးရိုက်ကူးပါတယ်။ ဒါကြောင့် ဂျက်ကီချန်းရဲ့ ရုပ်ရှင်ကို ကြည့်တဲ့အခါ အဓိပ္ပာယ်အမျိုးမျိုး ဖော်ညွှန်းထားတာ တွေ့ရမှာပါ။ နှစ်ပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ ယဉ်ကျေး မှု၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသဖြင့်တို့ကို အလေးပေးထားတာမို့ ရုပ်ရှင်ပရိတ်သတ် အားလုံးနားလည်သဘောပေါက်ကြလိမ့်မယ် - လို့ မျှော်လင့်တဲ့အကြောင်း ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းက သူ့ရဲ့ facebook မှာ အခုလို ပြောကြားထားတာပါ။ အသက် ၅၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တရုတ်သိုင်း ကမ္ဘာကျော် အနုပညာရှင် ဂျက်ကီချန်းဟာ ၂၀၀၄ ခုနှစ်ကစလို့  ကုလသမဂ္ဂ UNICEF ချစ်ကြည်ရေးသံတမန်အဖြစ် ကလေးများအခွင့်အရေးအတွက် ကြိုးပမ်းပေးခဲ့သူ ဖြစ်တဲ့အတိုင်း ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။
Peter Smerdon ဟာ UNICEF ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
“ကမ္ဘာကျော် အနုပညာရှင် ဂျက်ကီချန်းဟာ ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန်တဦး အဖြစ်နဲ့  မြန်မာနိုင်ငံ ကို ဇူလိုင်လ ၅ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်း လူကုန်ကူးမှုဒဏ် ခံရပြီးတော့ လက်ရှိမှာ ပြန်လည်နာလံထူလာဖို့ ကြိုးစားနေကြတဲ့ ကလေးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ကလေးငယ်ပေါင်း ၁.၂ သန်းဟာ လူကုန်ကူးမှုဒဏ် ခံနေရပြီးတော့ အဲဒီဒဏ်ဟာ ကလေးတွေကို အတော်ကလေး စိတ်ဝေဒနာ ခံစားစေတာဖြစ်ပါတယ်။”
သူ့ရဲ့ခရီးစဉ်အတွင်း ဂျက်ကီချဲန်းဟာ ရောင်းစားခံခဲ့ရပြီး နေအိမ်ပြန်ရောက်လာတဲ့ ကလေးသူငယ်တွေ အသက်မွေးဝမ်းကျောင်းအတွက် တက်တဲ့ သင်တန်းတွေကိုလည်း သွားရောက်ကြည့်ရှုမယ့် အပြင် ရောင်းစားခံရဖွယ် အန္တရာယ်ရှိတဲ့မိဘမဲ့ ကလေးငယ်တွေ၊ လေလွင့်ကလေးငယ်တွေကို UNICEF အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတချို့ကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြန်မာအစိုးရ အရာရှိတွေ နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ Peter Smerdon က ပြောပါတယ်။
“ဂျက်ကီချဲန်းဟာ လူကုန်ကူးမှုခံရတဲ့ ကလေးငယ်တွေနဲ့သာ မကပါဘူး။ လူကုန်ကူးမှုကို ထိရောက်အောင် ဘယ်လို တိုက်ဖျက်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လူမှုဖူလုံရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစိုးရအရာရှိတွေအပြင် မန္တလေးမှာရှိတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။”
အရွယ်မရောက်သေးသူတွေရဲ့ လုပ်အားကို အသုံးပြုမှုအတွက် ကလေးသူငယ်တွေကို လူကုန်ကူးတာဟာ လူမဆန်တဲ့ ရာဇဝတ်ပြစ်မှုကြီးဖြစ်တယ်လို့လည်း ဂျက်ကီချဲန်းက ခံယူထားတဲ့အတိုင်း သူ့ရဲ့ ခရီးစဉ်အတွင်း ကလေးသူငယ်တွေ လူကုန်ကူးမခံရလေအောင် နိုးကြားမှုရှိစေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
UNICEF ပြောခွင့်ရ မစ္စတာ Peter Smerdon က-
“ကလေးတွေဟာ ရောင်းကုန်တွေ မဟုတ်ကြဘူးဆိုတဲ့အချက်နဲ့ ဒီလို ဆိုးဝါးလှတဲ့ ရာဇဝတ်မှုကို ဝိုင်းဝန်း တိုက်ဖျက်ကြဖို့ နိုးကြားမှုရှိဖို့လိုတယ်ဆိုတာ သူ့ခံယူချက်ဖြစ်ပါတယ်။ လူငယ်တွေဟာ သူတို့ကိုယ် သူတို့ ရောင်းစားခံရတဲ့ဘဝမရောက်အောင် အကာအကွယ်ယူတတ်ဖို့ လိုပါတယ်။ အထူးသဖြင့် လုတွေကို မယုံကြဖို့၊ တဘက်နိုင်ငံမှာ အလုပ်အကိုင်ကောင်းရမယ်ဆိုတဲ့ မက်လုံးတွေကို အယုံမလွယ်ဖို့၊ ကိုယ်မသိတဲ့နေရာကို မသွားဖို့၊ ကိုယ့်နာမည်၊ ကိုယ့်အသက်၊ ကိုယ့်မိဘ၊ ကိုယ့်လိပ်စာကို သိဖို့၊ ဒါမှလည်း လူကုန်ကူးမှု မခံရအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံဟာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ၂၀၁၂ ခုအတွက် အဆင့် ၂ ဖြစ်တဲ့ Watch List စောင့်ကြည့်ခံနိုင်ငံအဆင့်မှာ သတ်မှတ်ထားပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ လိင်လုပ်ငန်းတွေမှာ အသုံးပြုခံရဖို့ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းစားခံနေကြရတယ်လို့ ဖော်ပြထားပါတယ်။
ကလေးလုပ်အားအသုံးပြုမှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ကလေး စစ်သားတွေအသုံးပြုမှု၊ အိမ်တွင်းလုပ်ငန်းတွေ၊  စိုက်ပျိုးခင်းတွေမှာနဲ့ တောင်းစားတဲ့ဘဝမှာ အသုံးပြု ခံနေကြရတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ UNICEF ချစ်ကြည်ရေးအထူးသံ ဂျက်ကီချဲန်းအနေနဲ့ သူ့ရဲ့ သတ္တိနဲ့ ဟာသနှောထားတဲ့ လူကြိုက်များလှတဲ့ သိုင်း ရုပ်ရှင်ကားတွေကတဆင့် သူ့အပေါ် လူငယ်တွေရဲ့အားကျမှုကို အခြေပြုပြီး အရွယ်မရောက်သေးသူတွေ လူကုန်ကူး မခံရလေအောင် မျိုးဆက်သစ်တွေကြား နိုးကြားမှုရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ် တယ် လို့လည်း သိရပါတယ်ရှင်။
VOA NEWS



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။