နိုင်ငံသားပါဝင်ပါတ်သက်မှု့ နှင့် ဆင်းရဲနွမ်းပါးမှုရှော့ချရေး

နိဒါန်း

နိုင်ငံသား ပါဝင်ပတ်သက်မှု (Citizen participation) ဆိုတာကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းရဲ့ သင်္ကေတ တခုအဖြစ် နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ သတ်မှတ်ထားကြပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုဘ၀ ပြောင်းလဲရေး ဆောင်ရွက်ချက်တွေမှာ နိုင်ငံသား ပါဝင်ပတ်သက်မှုက မရှိမဖြစ် အရေးပါကြောင်းကိုလဲ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တွေက ရေးသားပြောဆို ကြပါတယ်။ နိုင်ငံသားများ ပါဝင်ပတ်သက်မှု ဖြစ်စဉ်အဆင့်ဆင့်နဲ့ အကျိုးကျေးဇူးတွေကိုလဲ လူမှုသိပ္ပံ သုတေသန ပညာရှင်တွေက သုတေသနပြုထားကြပါတယ်။ အခု ဒီဆောင်းပါးမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းဆောင်တာတွေမှာ နိုင်ငံသားပါဝင်ပတ်သက်မှုရဲ့ အကျိုးကျေးဇူးများနဲ့ ပါဝင် ပတ်သက်မှု နည်းလမ်းကို ရေးသားတင်ပြမှာ ဖြစ်ပါတယ်။
နိုင်ငံသားပါဝင်ပတ်သက်မှု ဆိုရာဝယ်
နိုင်ငံသားပါဝင်ပတ်သက်မှု သဘောတရားကို ရှုထောင့်စုံ၊ ကဏ္ဍစုံကနေ အဓိပ္ပာယ် ဖွင့်ဆိုထားကြပါတယ်။ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်များဖြစ်ကြတဲ့ Schafft နဲ့ Greenwood တို့ကတော့ နိုင်ငံသားပါဝင်ပတ်သက်မှုဆိုတာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်အဆင့်ဆင့်တွေ ဖြစ်တဲ့ ပြဿနာများ လေ့လာဆန်းစစ်ခြင်း၊ မဟာဗျူဟာ စီမံချက်များ ချမှတ်ခြင်း၊ အကောင်အထည် ဖော်ဆောင်ခြင်း၊ စီမံခန့်ခွဲခြင်း စတာတွေမှာ နိုင်ငံသားများမှ တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်း ဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကဏ္ဍအနေနဲ့ ဆိုရင်တော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံချက်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ခြင်း၊ သုံးသပ် ဆန်းစစ်ခြင်း စတွေတွေမှာ နိုင်ငံသားများက ပူးပေါင်းပါဝင်ပတ်သက်ခြင်းလို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။
ဒီလို ပါဝင်ပတ်သက်ရာမှာ ပုံသဏ္ဍာန်နှစ်မျိုးနဲ့ ပါဝင်ပတ်သက်နိုင်ပါတယ်။ ပထမသဏ္ဍာန်ကတော့ နိုင်ငံသားများမှ အစုအဖွဲ့များ စုဖွဲ့၍ ဖော်ဆောင်ခြင်းဖြစ်ပြီး၊ ဒုတိယသဏ္ဍာန်ကတော့ အစိုးရမှ ဦးစီးဖွဲ့စည်းသော အကြံပေးအဖွဲ့များ၊ မူဝါဒရေးရာ ချမှတ် ဖော်ဆောင်ရေး အဖွဲ့များမှာ ပါဝင်ပတ်သက်ခြင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ အခြေအနေ၊ လုပ်ဆောင်နိုင်သည့် စွမ်းရည်နဲ့ လုပ်ကိုင်ခွင့် စတာတွေပေါ်မှာ မူတည်ပြီး ပါဝင်ပတ်သက်နိုင်တဲ့ အတိုင်းအတာကလဲ ကွဲပြားခြားနားမှု ရှိပါတယ်။ နိုင်ငံသားပါဝင်ပတ်သက်မှုဆိုတာကို နိုင်ငံသားအင်အားအဖြစ် သတ်မှတ်ပြီး ပညာရှင် Arnstein ဆိုသူက နိုင်ငံသားပါဝင်ပတ်သက်မှု အတိုင်းအတာကို လှေကားထစ်ရှစ်ဆင့် သဏ္ဍာန်နဲ့ (၁၉၆၉) ခုနှစ်မှာ ပုံပြဖော်ထုတ်ခဲ့ပါတယ်။ နိုင်ငံသားပါဝင်ပတ်သက်မှုဆိုင်ရာ သုတေသန နယ်ပယ်မှာတော့ သူဖော်ထုတ်ခဲ့တဲ့ Eight rungs on the ladder of citizen participation (ပုံ- ၁) သဘောတရားတွေက ယနေ့အချိန်အထိ လွှမ်းမိုးထားဆဲပါပဲ။

ပုံ (၁)- Eight rungs on the ladder of citizen participation

နိုင်ငံသားပါဝင်ပတ်သက်မှုဆိုင်ရာ လှေကားရဲ့ ပထမဆုံးလှေကားထစ်နှစ်ခုကတော့ Manipulation နဲ့ Therapy တို့ပဲ ဖြစ်ပါတယ်။ ဒီလှေကားထစ်နှစ်ခုကို "non-participation" လို့လဲ သတ်မှတ်ထား ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားတွေအနေနဲ့ စီမံချက်များ ချမှတ်ရေးဆွဲခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပတ်သက်နိုင်ခြင်းမရှိပဲ၊ အာဏာပိုင်တွေကသာ နိုင်ငံသားများကို ပညာပေးခြင်း၊ မူဝါဒများကို သဘောတူရန် ဆွဲဆောင်ခြင်းတွေ ပြုလုပ်တဲ့ အတွက် ဖြစ်ပါတယ်။


ဒုတိယလှေကားထစ်နှစ်ခုကတော့ Informing နဲ့Consultation တို့ဖြစ်ပြီး၊ "tokenism" အနေနဲ့ သတ်မှတ်ခေါ်တွင်မှုထဲမှာ ပါဝင်ပါတယ်။ ဒီအဆင့်တွေမှာ နိုင်ငံသားပါဝင် ပတ်သက်နိုင်မှု အတိုင်းအတာက ကျယ်ပြန့်လာပါတယ်။ နိုင်ငံသားတွေရဲ့ လိုလားချက်တွေကို တောင်းဆိုမှုတွေ ပြုလုပ်ခွင့်ရလာပါတယ်။ တင်ပြဆွေးနွေးခွင့်တွေ ရှိလာပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေမှာ နိုင်ငံသားတွေရဲ့ အမြင်တွေနဲ့ တောင်းဆိုချက်တွေကို အာဏာပိုင်တွေက လိုက်လျောဖြည့်ဆည်း ပေးမယ်လို့တော့ မသေချာနိုင်ပါဘူး။ အချက်အလက် ရယူခြင်း၊ ပြန်လှန်ဆွေးနွေးပေးခြင်း အဆင့်သာဖြစ်ပါတယ်။ လှေကားထစ် နံပါတ် (၅) ကတော့ Placation ဖြစ်ပါတယ်။ ဒီအဆင့်ကလဲ tokenism အဖြစ် သတ်မှတ်ထားတာမှာ ပါဝင်ပေမယ့် အဆင့်ပိုမြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အချက်အလက်များ ရယူရုံ တင်မကတော့ပဲ ဆုံးဖြတ်ချက်တခုခုကို ချမှတ်ဆောင်ရွက်ပေးရတဲ့အတွက် ဖြစ်ပါတယ်။


ဒီကနေတဆင့် လှေကားထစ်တွေ တစထက်တစ မြင့်တက်လာတာနဲ့အမျှ၊ နိုင်ငံသားတွေရဲ့ ပါဝါက တစထက်တစ ကြီးမားလာပါတယ်။ အာဏာပိုင်တွေဘက်က မဖြစ်မနေ ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက် ပေးရမှုတွေကလဲ ပိုမိုများပြားလာပါတယ်။ နိုင်ငံသားတွေရဲ့ ပါဝါမြင့်တက်လာတဲ့အခါ အလုပ်သမား အခွင့်အရေး၊ လယ်သမားအခွင့်အရေး၊ မြေယာပိုင်ဆိုင်မှုအခွင့်အရေး၊ စီးပွားရေး လုပ်ငန်းကြီးများရဲ့ အမြတ်ထုတ်မှုများကို လျှော့ချရေး၊ အာဏာအလွဲသုံးစားပြုလုပ်မှုများကို ဆန့်ကျင်ရေး၊ လာဘ်ပေး လာဘ်ယူမှုများကို တိုက်ဖျက်ရေး စတာတွေမှာ အာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ တာဝန်ခွဲဝေဆောင်ရွက်ခြင်း၊ အာဏာပိုင်များမှ ပါဝင်ပတ်သက်ခြင်းမရှိပဲ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်နိုင်ခြင်း ဆိုတဲ့ နိုင်ငံသားပါဝင်ပတ်သက်မှု အတိုင်းအတာက မြင့်တက်လာပါတယ်။ ဒါကြောင့်လဲ ဒီလှေကားထစ်တွေကို Citizen Power လို့ သတ်မှတ်ခေါ်ဆိုပြီး၊ Partnership ၊ Delegated Power နဲ့ Citizen Control ဆိုတဲ့ လှေကားသုံးထစ်ပါဝင်ပါတယ်။ Eight rungs on the ladder of citizen participation ဆိုတဲ့ ပုံကို ကြည့်ပြီး၊ တိုင်းပြည်တပြည်မှာ နိုင်ငံသားတွေရဲ့ ပါဝင်ပတ်သက်မှု အတိုင်းအတာ ဘယ်လောက်ထိရှိနေပြီလဲဆိုတာကို လေ့လာအကဲဖြတ်နိုင်ပါတယ်။


နိုင်ငံသားပါဝင်ပတ်သက်မှု၏ အကျိုးကျေးဇူးများ


နိုင်ငံသားပါဝင်ပတ်သက်မှု အတိုင်းအတာမြင့်မားခြင်းအားဖြင့် လူတဦးချင်းအရပဲဖြစ်ဖြစ်၊ အုပ်စုလိုက်ပဲဖြစ်ဖြစ်၊ လူမှုအစုအဖွဲ့အနေနဲ့ပဲဖြစ်ဖြစ် အကျိုးကျေးဇူးတွေ ခံစားရနိုင်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတရပ်ကို အဖြေရှာရာမှာ ပါဝင်ခြင်းအားဖြင့် နိုင်ငံသားတဦးချင်းစီရဲ့ အတွေ့အကြုံ၊ ဗဟုသုတ၊ သတင်းအချက်အလက်များ နားလည်သိရှိခွင့်တွေ တိုးမြင့်လာသလို၊ နိုင်ငံသားတွေရဲ့ အကြံဥာဏ်နဲ့ အတွေးအမြင်တွေကိုလဲ ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်ရသူများအနေနဲ့ သိရှိခွင့် ရလာပါတယ်။ ၀င်ငွေနည်းပါးတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် တန်းတူညီမျှမှုပေါ် အခြေခံတဲ့ အရင်းအမြစ်ခွဲဝေမှုဆိုင်ရာ မူဝါဒတွေ ချမှတ်လာနိုင်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်ပတ်သက်စေခြင်းဖြင့် vehicle for empowerment အဖြစ် ထောက်ကူပြုပေးနိုင်ပါတယ်။


ပြည်သူ့အုပ်ချုပ်ရေးမှာ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံသားပါဝင်ပတ်သက်မှုဆိုတာကို ပါဝါချိန်ခွင်လျှာ ညီမျှမှု၊ ကိုယ်စားပြုမှုနဲ့ အပြန်အလှန် အကျိုးကျေးဇူးပြုမှု တို့အပေါ်မှာ အခြေခံတဲ့ social exchange တခုအနေနဲ့ အသိအမှတ်ပြုမယ်ဆိုရင် မူဝါဒများ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ဆောင်မှုတွေမှာ ပိုပြီး ထိရောက်မှု ရှိစေမယ်လို့ ပညာရှင်များက ရေးသားဖော်ပြခဲ့ကြပါတယ်။ နိုင်ငံရေးသမားတွေနဲ့ အာဏာရှိသူတွေက နိုင်ငံသားပါဝင်ပတ်သက်မှုကို အာဏာကို ခြိမ်းချောက်မှုကို ရှုမြင်ပြီး၊ ဖိနှိပ်ဖို့ ကြိုးစားတာနဲ့အမျှ ပါဝါမညီမျှမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေမှာ ဖြစ်ပါတယ်။ နိုင်ငံသားတွေ အနေနဲ့ကလဲ citizen power ကို အာဏာခြိမ်းချောက်မှုယန္တရား တခုအနေနဲ့ အသုံးပြုဖို့ ရှုမြင်လာတဲ့အခါ ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်ပါတယ်။ နိုင်ငံသား ပါဝင်ပတ်သက်မှုဆိုတာကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းရဲ့ သင်္ကေတခုအဖြစ်နဲ့ သတ်မှတ်ပြီး၊ အာဏာခြိမ်းချောက်မှု ယန္တရားတခု မဟုတ်ကြောင်းကို အာဏာပိုင်တွေဘက်ကရော၊ နိုင်ငံသားတွေဘက်ကပါ ရှုမြင်လက်ခံ လာကြတဲ့ အခါမှသာ နိုင်ငံသားပါဝင်ပတ်သက်မှုရဲ့ အကျိုးကျေးဇူးတွေကို လူ့အဖွဲ့အစည်းက ခံစားကြရမှာ ဖြစ်ပါတယ်။


နိုင်ငံသားပါဝင်ပတ်သက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး


ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများနဲ့ အစီအစဉ်များ ချမှတ်ရာမှာ Stakeholder participation ဆိုတာ အရေးကြီးတဲ့ ကဏ္ဍတခုအနေနဲ့ ပါဝင်ပါတယ်။ ဒေသခံ ဆင်းရဲနွမ်းပါးသူတွေဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်တွေရဲ့ အခြေခံ stakeholders များ ဖြစ်ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးပညာရှင်များဖြစ်ကြတဲ့ Naparstek နဲ့ Dooley ဆိုသူတို့က ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ‘community-building approach’ ကို အသုံးပြုဖို့ အကြံပြုခဲ့ကြပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် community-based အဖွဲ့အစည်းများ၊ ကွန်ယက်များ ပေါ်ထွက်လာပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း၊ အကူအညီများကို စုပေါင်းတောင်းဆိုခြင်းများ ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရပ်ကွက် (က) မှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစု အစု (၅၀) ရှိတဲ့အခါ မိသားစုတစုချင်းထက် မိသားစု (၅၀) က စည်းလုံးညီညွတ်စွာနဲ့ ကွန်ယက်ချိတ်ဆက်ပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လူနေမှုဘ၀ တိုးတက်မြင့်မားရေး တို့အတွက် စုပေါင်းဆောင်ရွက်မှုတွေ၊ ရပိုင်ခွင့် အခွင့်အရေးများကို တောင်းဆိုမှုတွေ ပြုလုပ်မယ်ဆိုရင် ပိုပြီး ထိရောက်မှု ရှိနိုင်ပါတယ်။


UNESCO က ထုတ်ပြန်တဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ မဟာဗျူဟာမှာလဲ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ဆန်းစစ်လေ့လာချက်များနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်များမှာ ဆင်းရဲနွမ်းပါးသူများကို အပြည့်အ၀ ပါဝင်ဆောင်ရွက်ရန် အားပေးကူညီရေးအချက်ကို ထည့်သွင်းဖော်ပြထားပါတယ်။ (၁၉၉၇) ခုနှစ်မှာ Baker ဆိုသူက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ cross-country analysis တခု ပြုလုပ်ခဲ့ရာမှာလဲ နိုင်ငံသားပါဝင်ပတ်သက်မှုဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အရေးကြီးဆုံးအချက်တခုဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ (၂၀၀၀) ခုနှစ်မှာ UNDP က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တခုမှာလဲ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် နိုင်ငံသားပါဝင် ပတ်သက်မှုက အရေးကြီးကြောင်း ဖော်ပြထားခဲ့ပါတယ်။


ဆင်းရဲနွမ်းပါးမှုလျှော့ချရေးပရောဂျက်များကို နိုင်ငံသားများစုပေါင်းပြီး community level မှာ စတင်လာတဲ့အခါ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖြစ်စဉ်တခုအတွက် အရေးကြီးတဲ့ consensus နဲ့ commitment အားကောင်းလာစေပါတယ်။ ဒါကြောင့်လဲ ဂမ်ဘီးယားနိုင်ငံရဲ့ အမျိုးသား ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာမှာ နိုင်ငံသားပါဝင်ပတ်သက်မှုကို ကဏ္ဍတခုအနေနဲ့ ထည့်သွင်းထားပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပရောဂျက်များမှာ ဒေသခံများ ပါဝင်ဆောင်ရွက်ရေးကို အလေးပေးဖော်ပြထားပါတယ်။ အာဖရိကအလယ်ပိုင်းနဲ့ တောင်ပိုင်းနိုင်ငံများမှာလဲ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများမှာ ‘popular participation’ ( ‘people’s participation’) က အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။


နိုင်ငံသားပါဝင်ပတ်သက်မှု နည်းလမ်းများ


ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်တွေမှာ နိုင်ငံသားများက ပါဝင်ပတ်သက်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ ပထမ နည်းလမ်းကတော့ Participation for material incentive ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ငွေကြေး (သို့မဟုတ်) အစားအသောက် (သို့မဟုတ်) အ၀တ်အထည် စတာ တခုခု ရရှိဖို့အတွက် မိမိတို့ရဲ့ အချိန်နဲ့ လုပ်အားကို အသုံးပြုပြီး ပါဝင်ပတ်သက်တာ ဖြစ်ပါတယ်။ အချို့သော ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်များမှာ material incentive တခုခု မပါပဲ လူအများကို စုဝေးလုပ်ဆောင်စေဖို့ ခဲယဉ်းလှပါတယ်။ ဒီအခါမှာ ငွေကြေး (သို့မဟုတ်) အခမဲ့နေ့လည်စာ (သို့မဟုတ်) အခြားတစုံတရာနဲ့ မက်လုံးပေး စည်းရုံးဖို့ လိုအပ်ပါတယ်။ နိုင်ငံသားပါဝင်ပတ်သက်မှု လှေကားထစ်တွေ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ Manipulation အဆင့်လို့ ဆိုနိုင်ပါတယ်။



ဒုတိယ နည်းလမ်းကတော့ Participation by consultation ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ မိမိတို့ရဲ့ နစ်နာချက်များကို တင်ပြခြင်း၊ အခွင့်အရေးများကို တောင်းဆိုခြင်းနဲ့ အမြင်များကို ထုတ်ဖော်ပြောကြားခြင်း ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သက်ဆိုင်ရာ ဒေသ (သို့မဟုတ်) အစုအဖွဲ့တခုရဲ့ လိုအပ်ချက်များကို ဖော်ထုတ်လာနိုင်ပြီး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပရောဂျက်များရဲ့ identification အဆင့်ကို ထောက်ကူပြုနိုင်လာပါတယ်။ အဲဒီကနေ local organization တခု ဖွဲ့စည်း၍ ဖြစ်စေ၊ ပြင်ပအစုအဖွဲ့တခုမှ ပရောဂျက်တခု ချမှတ်၍ဖြစ်စေ project design ရေးဆွဲလို့ ရလာပါတယ်။ နိုင်ငံသားပါဝင်ပတ်သက်မှုလှေကားထစ်တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ consultation အဆင့် ဖြစ်ပါတယ်။


တတိယနည်းလမ်းကတော့ Participation by Resource Contribution ဖြစ်ပါတယ်။ အပိုအလျှံငွေကြေးရှိတဲ့ နိုင်ငံသားတွေအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပရောဂျက်တွေကို ငွေကြေးပံ့ပိုးပြီး ပါဝင်ကူညီလို့ ရနိုင်ပါတယ်။ အချို့နိုင်ငံသားတွေအနေနဲ့ကျတော့လဲ ကာယဥာဏ လုပ်အားပံ့ပိုးပြီး၊ ကူညီလို့ ရနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ကြရာမှာ ပရောဂျက်ပေါ်မူတည်ပြီး နိုင်ငံသားပါဝင်ပတ်သက်မှု လှေကားထစ်တွေအနက် Citizen power လှေကားထစ်တွေထဲက တခုခု ဖြစ်နိုင်ပါတယ်။ စတုတ္ထနည်းလမ်းကတော့ Participation by Programme Support ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းများ၊ အစုအဖွဲ့များ ပြုလုပ်ပြီး၊ လိုအပ်နေတဲ့ community တွေမှာ local leaders တွေနဲ့ ပူးပေါင်းပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်များကို ငွေအား၊ လူအား ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။



နိဂုံး


နိဂုံးချုပ်ဆိုရရင် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ သက်ဆိုင်ရာ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားများ တဦးချင်းအလိုက် ဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်ဖို့ လိုအပ်လှပါတယ်။ တိုင်းပြည်တခုမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး ဆောင်ရွက်ရာမှာလဲ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုများ တစထက်တစ လျော့နည်းလာဖို့ လိုအပ်လှပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ နိုင်ငံသားပါဝင်ပတ်သက်မှု မြင့်မားလာစေရေးကလဲ မရှိမဖြစ် အရေးပါလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။


ခင်မမမျိုး (၁၆၊ ၈၊ ၂၀၁၂)


ရည်ညွှန်းကိုးကား။ ။


Arnstein, Sherry R. (1969) "A Ladder of Citizen Participation," JAIP, Vol. 35, No. 4, July 1969, pp. 216-224.


Cahn, E. S. and Camper Cahn, J. (1968) Citizen participation, in H. B. C. Spiegel, ed, Citizen Participation in Urban Development, vol. 1, Center for Community Affairs, NTL Institute for Applied Behavioral Science, Washington, DC, pp. 211–224.


Hardina, D. (2003) Linking citizen participation to empowerment practice: a historical overview, Journal of Community Practice, 11(4), 11–38.


McNair, R. H. (1981) Citizen participation as a balanced exchange: an analysis and strategy, Journal of the Community Development Society, 12, 1–19.


UNESCO (2000) UNESCO’s Strategy on Development and Poverty Eradication (Report 160 EX/13). United Nations Educational, Scientific and Cultural Organisation, Paris.


The World Bank (1993) World Bank Poverty Reduction Handbook, The World Bank, Washington, DC.





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: