နိုင်ငံရေး ဆိုရာဝယ်


 ခင်မမမျိုး

-----------------------------
--------------------------------------------------
Myanmar Institute of Peace and Security Studies (MIPSS)
နိုင်ငံရေး နှင့် နိုင်ငံတကာ လေ့လာရေး စာစဉ် အမှတ် (၁)
စက်တင်ဘာလ၊ ၂၀၁၂ ခုနှစ်



နိဒါန်း
နိုင်ငံရေး ဆိုရာဝယ်

နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ လူအများကို စိတ်လှုပ်ရှားစေတဲ့ စကားလုံးလေးတခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတဦးနဲ့တဦး၊ လူ့အဖွဲ့အစည်းတခုနဲ့ တခု၊ လူမျိုးတမျိုးနဲ့ တမျိုး၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံတို့အကြားမှာ သဘောမတူညီမှုတွေ ရှိနေလို့ပါပဲ။ လူ့လောကမှာ ဘယ်လိုနေထိုင်ကြမလဲ၊ ဘယ်သူတွေက ဘာတွေကို ရသင့်သလဲ၊ ပါဝါနဲ့ အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေ သုံးစွဲမလဲ၊ လူ့အဖွဲ့အစည်းမှာ ပဋ္ဋိပက္ခတွေ ရှိသင့်သလား၊ ပူးပေါင်းဆောင်ရွက်သင့်သလား၊ ဘယ်သူ့ဆီမှာ ပြောရေး ဆိုပိုင်ခွင့်ရှိသလဲ၊ ဆုံးဖြတ်ချက်တွေကို လူတယောက်က ချသင့်သလား၊ လူအများက ချသင့်သလား စတဲ့ အထွေထွေ အကြောင်းအရာမျိုးစုံမှာ တွေးခေါ်မှုတွေ ကွဲပြားပြီး၊ အမြင်မတူမှုတွေ ရှိနေတတ်ပါတယ်။ ဒီလို အမြင်မတူမှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေ၊ ထောက်ပြဝေဖန်မှုတွေကနေ တဆင့် ပိုမိုကောင်းမွန်တဲ့ အတွေးအခေါ်တွေ၊ အကျိုးစီးပွားဖြစ်ထွန်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးတွေးခေါ် ပညာရှင် အရစ္စတိုတယ်က နိုင်ငံရေးဆိုတာ လူသားတွေရဲ့ ဘ၀တိုးတက်မှုကို ဖြစ်ထွန်းစေတဲ့၊ လူ့အဖွဲ့ အစည်းကို ကောင်းကျိုးချမ်းသာပေးတဲ့ ကြီးကျယ်မြင့်မားသော သိပ္ပံပညာကြီးတရပ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ပြီးတော့ နိုင်ငံရေးဆိုတဲ့ သဘောတရားမှာ ဒိုင်ယာလော့ခ်ဆိုတဲ့ သဘောတရား ပါဝင်နေပြီး ဖြစ်ပါတယ်။ လူတဦးတယောက်တည်း ရှိနေတဲ့အခါမှာ နိုင်ငံရေးမရှိနိုင်ပါဘူး။ လူတဦးတယောက်ဟာ စားဝတ်နေရေး အတွက် ရှာဖွေစားသောက်ရမှာ ဖြစ်တဲ့အတွက် ရိုးရှင်းတဲ့ စီးပွားရေးအဆောက်အအုံကို တည်ဆောက် နိုင်ပါတယ်။ အနုပညာတွေဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် လူတဦးထပ်ရောက်လာမှသာ နိုင်ငံရေးအပြုအမူတွေကို ဖန်တီးဆောင်ရွက်လို့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပညာရှင်တွေက ရော်ဘင်ဆန် ခရူးဆိုး ဥပမာကို ခိုင်းနှိုင်း ပြောဆိုတတ်ကြပါတယ်။
ရော်ဘင်ဆန်ခရူးဆိုးနှင့် နိုင်ငံရေး
(၁၇၁၉) ခုနှစ်မှာ ရော်ဘင်ဆန်ခရူးဆိုး၏ ဘ၀နှင့် ထူးဆန်းသော စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို ဒယ်နီရယ်ဒီဖိုး ဆိုသူက ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒါကတော့ လူသူကင်းမဲ့နေတဲ့ ကျွန်းတကျွန်း ပေါ်မှာ ရေမျောကမ်းတင်ဖြစ်နေတဲ့ အင်္ဂလိပ်လူမျိုးတယောက်ရဲ့ ဇာတ်ကြောင်း ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အထီးကျန်ဖြစ်နေတဲ့ ရော်ဘင်ဆန်ခရူးဆိုးဟာ နှစ်ပေါင်း (၁၅) နှစ်ကြာအောင် ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း နေသားတကျဖြစ်အောင် လုပ်ယူခဲ့ရပါတယ်။ အဲဒီ အထီးကျန်ကာလ အခြေအနေမှာ ကျွန်းပေါ်မှာ နိုင်ငံရေးဆိုတဲ့ စကားလုံး ပျောက်ကွယ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်းပေါ်မှာ အသံထွက် စကားပြောနိုင်သူဆိုလို့ ခရူးဆိုးတယောက်ပဲ ရှိလို့ပါ။
ဒီလိုနဲ့ နှစ်ပေါင်းများစွာ နေလာရာကနေ တနေ့ကျတော့ ပင်လယ်ကမ်းစပ်တလျှောက်မှာ လမ်းလျှောက် နေရင်း ခရူးဆိုးဟာ လူ့ခြေရာအစုံကို စပြီး တွေ့ခဲ့ပါတယ်။ “ကျွန်ုပ်သည် မိုးကြိုးပစ်ခံလိုက်ရသော လူတယောက်ကဲ့သို့ ရပ်နေမိသည်“ ဆိုပြီး ခရူးဆိုးက ရေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နောင် (၁၃) နှစ်အကြာ ကျွန်းပေါ်မှ လွတ်မြောက်ချိန်အထိ ခရူးဆိုး တယောက် နိုင်ငံရေး ပြဿနာမျိုးစုံကို ရင်ဆိုင်ရ ပါတော့တယ်။ သူခြေရာတွေ့ခဲ့တဲ့ လူဟာ ဘယ်သူလဲ။ မိတ်ဆွေလား၊ ရန်သူလား။ အဲဒီ အသိနဲ့ သူ့ဘာသာသူ ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်သစ်တွေ ပြုလုပ်ရပါတော့တယ်။ ခရူးဆိုး လုပ်ခဲ့တာကတော့ ယနေ့ခေတ်အခေါ် လက်နက်တပ်ဆင်ရေး၊ ကာကွယ်ရေး စီမံချက်ပါပဲ။ ပထမဦးဆုံး သူနေတဲ့နေရာကို ခိုင်မာတောင့်တင်းအောင် ပြုလုပ်တယ်။ နောက်တော့ ပုန်းခိုရာနေရာများ၊ ပြောင်းချော သေနတ်များချထားရန် နေရာများ သတ်မှတ်တယ်။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားတယ်။သူခြေရာတွေ့ခဲ့တဲ့ လူဟာ သူ့အပေါ်ကို အန္တရာယ်ရှိချင်မှရှိမယ်။ မဟုတ်ဘဲ အန္တရာယ် ရှိချင်လဲ ရှိလာနိုင်တယ်ဆိုတဲ့ အမြော်အမြင်၊ ဆင်ခြင်တုံတရားနဲ့ ကာကွယ်ရေး မူဝါဒကို ပြဋ္ဌာန်းထား ခဲ့ပါတယ်။နောက်ပိုင်းမှာ ခရူးဆိုးဟာ ကျွန်းပေါ်မှာ လူတယောက်တည်း တင်မကပဲ လူအများ ရောက်ရှိလာတယ် ဆိုတာကို သဲလွန်စ ရသွားတယ်။ အဲဒီလူတွေဟာ လူသားစားလူရိုင်းများဖြစ်တာလဲ သိပြီးနောက်ပိုင်း ကိုယ့်ဘက်တင်သာမက အခြားတဘက်ကိုပါ စတင် မေးခွန်းထုတ်လာရတယ်။ သူ့ရဲ့ ကာကွယ်ရေးမူဝါဒ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလား၊ ဖမ်းဆီးစား သောက်ခံရခြင်းကနေ လွတ်မြောက်မှာလား၊ မလွတ်မြောက် ဘူးလားကို သူကိုယ်တိုင် သေချာမသိပါဘူး။ ဒါပေမယ့် အသက်ရှင်ရပ်တည်ရေးအတွက် ကြိုးစားဖို့ သူစိတ်ပိုင်းဖြတ်ထားလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပဲ သူ့ဘာသာသူ ကာကွယ်ရေးနည်းလမ်းများ တိုးတက်လာဖို့ အစွမ်းကုန်ကြိုးစားတယ်။
ခရူးဆိုးမှာ တယောက်တည်းဖြစ်ပြီး၊ လူသားစားလူရိုင်းများကတော့ အများနှင့်ဖြစ်တာကြောင့် ခရူးဆိုးရဲ့ ရပ်တည်ရေးမူ က တတ်နိုင်သမျှ အဲဒီလူတွေကို ရှောင်ရှားရန်ဖြစ်တယ်။ ဒီလူတွေရဲ့ အခြေအနေကို လေ့လာစူးစမ်းပြီး၊ မိမိတည်ရှိနေမှုကို မသိအောင် ပုန်းကွယ်နေတဲ့ နည်းနဲ့ တိုက်ခိုက်လာမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီလို လေ့လာစူးစမ်းနေရင်း သူ့မူကို ပြောင်းလဲ ရတော့မယ့် အခြေအနေတခု ဖြစ်ပွားလာပါတော့တယ်။ အဲဒါကတော့ လူသားစားလူရိုင်းတွေရဲ့ သားကောင်တယောက် အသတ်မခံရမီ လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။
“ကျွန်ုပ်၏ အသိဉာဏ်များ လင်းလက်သွားသည်။ ကျွနိုပ်၌ အခိုင်းအစေတယောက်၊ ဖြစ်နိုင်လျှင် အပေါင်းအဖော်တ ယောက်၊ လက်ထောက်တယောက် ရရှိရန် အချိန်ရောက်လာပြီဟု ယူဆလိုက်သည်။ ထိုယူဆချက်သည် သနားစရာ ကောင်းသော ထိုသူအား ကယ်ဆယ်ရန် စေ့ဆော်လိုက်သည်“ လို့ သူကဆိုခဲ့တယ်။ အဲဒီစေ့ဆော်ချက်ရှိလာတာနဲ့ ခရူးဆိုးဟာ လက်နက်စွဲကိုင်ပြီး လိုက်လံ ဖမ်းဆီးသူတွေနဲ့ အလိုက်ခံရသူကြားကို ၀င်ရောက်နေရာယူလိုက်တယ်။ လူသားစားလူရိုင်း တယောက်ကို အလဲထိုးချ လိုက်တော့ နောက်တယောက်က ခရူးဆိုးကို မြားနှင့်ချိန်ရွယ်လို့ အဲဒီလူကိုပါ သတ်ပစ်လိုက်ရတယ်။
ဒီလိုနဲ့ နောက်ပိုင်းကျတော့ ခရူးဆိုးဟာ လူသားနှစ်ယောက်ပါတဲ့ လူ့အဖွဲ့အစည်းတရပ်ကို ထူထောင်လိုက်တယ်။ လူရိုင်းများလက်က ကယ်တင်လာတဲ့သူကို ဖရိုင်းဒေးလို့ အမည်ပေးလိုက်တယ်။ သူ့ကို သခင်လို့ခေါ်ဖို့ ခရူးဆိုးက ဖရိုင်းဒေးကို သင်ထားတယ်။ အစပိုင်းမှာ ဖရိုင်းဒေးကို စိတ်ချယုံကြည်မှု အပြည့်အ၀မရှိခဲ့ဘူး။ ညအိပ်ရင် တံခါးပိတ်အိပ်တယ်။ သူ့မျက်စိရှေ့မှာ ရှိနေချိန်ကလွဲရင် ဖရိုင်းဒေး လက်ထဲမှာ လက်နက်တွေ မရှိဖို့ သူသတိထားတယ်။ အဲဒီကနေ တဖြည်းဖြည်း ချင်း သူတို့ နှစ်ယောက်ကြားမှာ တဦးပေါ်တဦး စိတ်ချယုံကြည်မှုတွေ တိုးတက်လာတယ်။ ဆက်ဆံရေး အခြေအနေ မှာ သခင်နဲ့ ကျွန်ဆက်ဆံရေးပဲ ဖြစ်ပေမယ့် အတူတကွ မိတ်ဆွေ၊ အပေါင်းအသင်းလို နေထိုင်ဖို့ သူတို့ နှစ်ယောက် တယောက်ကိုတယောက် စတင်လေ့လာစပြုလာတယ်။
ဒီလိုအခြေအနေမှာ လူသားနှစ်ဦးသာရှိတဲ့ လူ့အဖွဲ့အစည်းထဲကို အခြားလူသားနှစ်ဦး ထပ်မံ ရောက်ရှိလာတယ်။ လူသား စားလူရိုင်းတွေလက်က ထွက်ပြေးလွတ်မြောက် လာသူတွေပဲ ဖြစ်တယ်။ “ကျွန်ုပ်၏ ကျွန်းပေါ်၌ လူသားများ တိုးတက်လာသည်နှင့်အမျှ၊ ကျွန်ုပ်၌ တစတစ ပြီးပြည့်စုံလာသည်ဟု ခံစားရသည်။ မိမိကိုယ်ကိုလဲ ရှင်ဘုရင်ကဲ့သို့ ထင်မြင်လာသည်။ ပထမဦးစွာ တိုင်းပြည်တခုလုံးအား ကျွန်ုပ်ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်း အဖြစ်သို့ သွတ်သွင်းရသည်။ သို့မှသာ ကျွန်ုပ်၏ အုပ်ချုပ်မှု အာဏာ တည်မြဲမည်ဖြစ်သည်။ ထို့နောက် ကျွန်ုပ်၏ နိုင်ငံသားများအလုံးစုံ သစ္စာ ခံစေရန် ဆောင်ရွက်ရသည်။ ကျွန်ုပ်သည်သာ အရှင်သခင်၊ ဥပဒေပြုသူဖြစ်သည်။ ၎င်းတို့သည် အသက်နှင့် ခန္ဓာကို ကျွန်ုပ်ထံ၌ ပေးလှူထားရပြီး၊ ကျွန်ုပ်သည်သာ သက်ဦးဆံပိုင်ဖြစ်သည်“ ဟူ၍ ခရူးဆိုးက ရေးသားခဲ့ပါတယ်။
အဲဒီကျွန်းလေးမှာ ထပ်ဖြစ်လာတဲ့ နောက်တဆင့် နိုင်ငံရေးကြောင့် ခရူးဆိုးလွတ်မြောက်ပြီး အင်္ဂလန်သို့ ပြန်လည်ရောက် ရှိခဲ့ပါတယ်။ ဒီတကြိမ် ကျွန်းပေါ်ကို ထပ်ရာက်လာသူတွေကတော့ အင်္ဂလိပ် သင်္ဘောသားတွေပါ။ လူသားစားလူရိုင်းတွေလိုပဲ သင်္ဘောသားတွေကလဲ နှစ်အုပ်စုကွဲနေတယ်။ စားမည့် သူနဲ့ အစားခံရမည့်သူတွေတော့ မဟုတ်ဘူး။ ပုန်ကန်ဖီဆန် သူများနဲ့ ဓားစားခံဖြစ်နေတဲ့ အရာရှိနှစ်ဦးနဲ့ ခရီးသည်များဆိုပြီး အုပ်စုနှစ်စု ကွဲနေတယ်။ အဲဒီ အခြေအနေမှာ ခရူးဆိုးက အရေးနိမ့်သူတွေဘက်က ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီလိုဆုံးဖြတ်ပြီး ပုန်ကန်သူသင်္ဘောသားတွေ ကျွန်းပေါ်မှာ စူးစမ်းလေ့လာနေတုန်း အရာရှိအုပ်စုကို သူချဉ်းကပ်ပြီး သူ့ရဲ့ အဆိုပြုချက်ကို တင်သွင်းတယ်။ အဲဒီအဆိုပြုချက်က ကမ်းလှမ်းချက်နှစ်ရပ်ကို လိုက်လျောရင် ရန်သူလက်က လွတ်မြောက်ဖို့ အကူအညီပေးမယ်လို့ ဆိုတာဖြစ်တယ်။ ကမ်းလှမ်းချက် အမှတ်(၁)က ကျွန်းပေါ်မှာ နေထိုင်စဉ်ကာလတလျှောက် သူ့အာဏာတည်မှုကို မငြင်းဆန်ဖို့နဲ့ ကမ်းလှမ်း ချက် (၂) က သင်္ဘောကို ပြန်သိမ်းပိုက်နိုင်ရင် သူနဲ့သူ့လူတွေကို အင်္ဂလိပ်ရေလက်ကြားကို ပို့ဆောင် ပေးဖို့ဖြစ်တယ်။ ကမ်းလှမ်းချက်ကို လက်ခံတဲ့အတွက် ခရူးဆိုးက သူတို့တွေကို လက်နက်တပ်ဆင်ပေးပြီး ပုန်ကန်သူ တွေကို အတူတကွ ၀ိုင်းဝန်းနှိမ်နင်းပြီး ခေါင်းဆောင်ကို ကြိုးပေးသတ်လိုက်တယ်။ ငယ်သားတွေကို လက်နက်ဖြုတ်သိမ်းပြီး ကျွန်းပေါ်မှာ နေရစ်ခဲ့မည်လား (သို့မဟုတ်)သံခြေကျင်းခတ်ကာ အင်္ဂလန်သို့ ခေါ်ဆောင်ပြီး ကြိုးပေးရမည်လား ဆိုပြီး ရွေးချယ်ခိုင်းတယ်။ အသက်ရှင်မှုကို ရွေးချယ်ကြလို့ ကျွန်းပေါ်တွင် ထားရစ်ခဲ့တယ်။ ဒီလိုနဲ့ ခရူးဆိုးနဲ့ သူ့မဟာမိတ်တွေဟာ အင်္ဂလန်ကို ချောမောစွာ ပြန်ရောက်ခဲ့ကြတယ်။
ဒီဥပမာဟာ ဖရိုင်းဒေးဆိုတဲ့ နောက်ထပ်လူသားတယောက် ပေါ်ထွက်လာချိန်မှာ နိုင်ငံရေး စတင် ပေါ်ထွက်လာခဲ့တာ၊ ရန်သူလား၊ မိတ်ဆွေလား မသိတဲ့ နောက်ထပ်လူတယောက် ကျွန်းပေါ်မှာ ရှိနေပြီလို့ သိလာတဲ့ အချိန်မှာ မိမိကိုယ်ကို ကာကွယ်ရေးမူတွေ ချမှတ်လာတွေ၊ လူအများရောက်လာချိန်မှာ အပေးအယူလုပ်တာတွေ၊ အရေးနိမ့်သူဘက်က ရပ်တည်ပေးရင်း ကိုယ့်အတွက် အကျိုးရှိမယ့် ရလာဒ်ကိုပါ တွက်ချက်စဉ်းစားတာတွေကို မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ လူတဦးတယောက်ထက် ပိုလာတဲ့ အချိန်အခါမျိုးမှာ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဒိုင်ယာလော့ခ် သဘောတရားတွေ၊ အာဏာကျင့်သုံးမှုတွေ ပါဝင်နေပြီးသားလို့ ပညာရှင်တွေက အဆိုပြု ထားကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ စကားလုံးရဲ့ သဘောတရားတွေကို လူနှစ်ဦးနှစ်ယောက်ကနေ ကျော်လွန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက် ကြည့်ကြရအောင်ပါ။
နိုင်ငံရေးအား အဓိပ္ပာယ်ဖွင့်ဆိုခြင်း
နိုင်ငံရေးဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ ပြဿနာနှစ်ရပ်နဲ့ ကြုံကြရတယ်လို့ နိုင်ငံရေးပညာရှင် အင်ဒရူး ဟေးဝဒ်က ရေးသားခဲ့ဖူးပါတယ်။ ပထမပြဿနာတရပ်ကတော့ နိုင်ငံရေး ဆိုတာကို အဓိပ္ပာယ်တမျိုးနဲ့ သဘောပေါက် နေကြတာမျိုးပါ။ တချို့က ဒါကို ပညာရပ်နယ်ပယ်တခုလို့ သဘောထားကြတယ်။ တချို့ကျတော့လဲ နိုင်ငံရေးဆိုတာကို မိမိလိုရာ အမြင်၊ အတွေးတွေနဲ့ ဆွဲယူနားလည်ထားကြတယ်။ ပိုဆိုးတာကတော့ နိုင်ငံရေးဆိုတာကို ညစ်ညမ်းတဲ့ စကား လုံး၊ ရှုပ်ထွေးတဲ့ စကားလုံး အဖြစ် ရှုမြင်သူတွေ ရှိနေတာပါ။ နိုင်ငံရေးဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ စစ်ပွဲတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ နိုင်ငံတကာ ပြဿနာတွေ၊ အကျဉ်းထောင်တွေ၊ လိမ်ညာလှည့်ဖျားမှုတွေကိုပဲ ဆက်စပ်တွေး မိနေကြသူတွေ ရှိပါတယ်။ နိုင်ငံရေးဆိုတဲ့ သဘောတရား တွေထဲမှာ ဒီအကြောင်း အရာတွေ ပါဝင်တာမှန်ပေမယ့် တခြားအကြောင်းအရာတွေဖြစ်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေး၊ လူအများ အကျိုး သယ်ပိုးဆောင်ရွက်ရေး၊ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ကျန်းမာရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေး မူဝါဒများ ချမှတ်ရေး စတာတွေနဲ့လဲ ဆက်စပ်နေတာဖြစ်ပါတယ်။ နိုင်ငံရေး ပညာရှင် အဒရီယန် လက်ဘ်ဝစ်ခ်ျ ကတော့ နိုင်ငံရေးဆိုတာ စုပေါင်းလုပ်ဆောင်တဲ့ လူမှု လုပ်ငန်း ဆောင်တာတွေအားလုံးရဲ့ ဗဟိုချက်မဖြစ်ပြီး၊ မိသားစုတွင်းမှာလဲ မိသားစုနိုင်ငံရေး၊ မိတ်ဆွေသူငယ်ချင်း အုပ်စုမှာလဲ မိတ်ဆွေအုပ်စုနိုင်ငံရေး၊ လူမျိုးတွေမှာလဲ အမျိုးသားနိုင်ငံရေး၊ ကမ္ဘာကြီး တခုလုံးမှာလဲ ကမ္ဘာ့နိုင်ငံရေး စသဖြင့် အလွှာမျိုးစုံ၊ နေရာစုံမှာ နိုင်ငံရေးဆိုတဲ့ သဘောတရား ပါဝင်ပတ်သက်နေတယ် လို့ ဆိုထားခဲ့ပါတယ်။
နိုင်ငံရေးဆိုတာကိုအဓိပ္ပာယ်ဖွင့်ဆိုရာမှာ နောက်ထပ်ကြုံကြတဲ့ ပြဿနာတရပ်ကတော့ နိုင်ငံရေး
ဆိုတာ ဘာလဲ ဆိုတာ နဲ့ ပတ်သက်ပြီး နားလည်မှုအမြင်တွေ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။ တချို့က နိုင်ငံရေးဆိုတာကို အာဏာကျင့် သုံးမှုလို့ နားလည်ကြတယ်။ တချို့ကကျတော့ အများစုပေါင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်မှုလို့ မြင်ကြတယ်။ တချို့ကကျတော့ ရှားပါးတဲ့ အရင်းအမြစ်တွေကိုခွဲဝေအသုံးချမှုလို့ ယူဆကြတယ်။ တချို့ကကျတော့ နိုင်ငံရေးဆိုတာ လိမ်ညာလှည့်ဖျားတဲ့ အနုပညာ တရပ်လို့ တွေးမြင်ကြပြန်တယ်။ နိုင်ငံရေးလောကဆိုတာ ရှုပ်ထွေးတယ်၊ ပါးနပ်လိမ်မာမှရမယ်၊ ကွက်ကျော်ရိုက်နိုင်မှ ရမယ်ဆိုတဲ့ အဆိုတွေဟာ ဒီနောက်ဆုံး အတွေးအခေါ်ကနေ မြစ်ဖျားခံ လာတာ ဖြစ်တယ်။ နိုင်ငံတနိုင်ငံက လူအများဆီမှာ ဒီအတွေးအခေါ်၊ အမြင်တွေ ရှိလာရင် သိပ်အန္တရာယ်ကြီး ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆိုတဲ့ စကားလုံးနောက်ကွယ်က လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်စေတဲ့ ကြီးကျယ်မြင့်မြတ်သော သဘောတရား တွေကို မရှုမြင်နိုင်တော့လို့ပဲ ဖြစ်ပါတယ်။ မျက်စိတဘက်ရဲ့ အလင်းရောင်ကို အမှောင်ဖုံးသွားတာနဲ့ အတူတူပဲ ဖြစ်သွား တတ်တာကြောင့် အဆိုးနဲ့ စမြင်တဲ့အခါ ကောင်းမွန်တာတွေကို မမြင်နိုင်တော့ပါဘူး။ ဘယ်အကြောင်း အရာမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့ အချက်အလက်၊ မှန်ကန်တဲ့သဘောတရားကို အဆိုးဘက်ကကော၊ အကောင်းဘက်ကပါ သိရှိနားလည်ဖို့ လိုအပ်လှပါတယ်။
ယေဘုယျအားဖြင့် နိုင်ငံရေးဆိုတဲ့ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုကြရမှာ အမြင်လေးမျိုး ကွဲပြားခြားနား ပါတယ်။ ပထမတမျိုးကတော့ နိုင်ငံရေးဆိုတာ အစိုးရဖွဲ့စည်းခြင်း၊ အုပ်ချုပ်ခြင်း အနုပညာတရပ်လို့ မြင်ကြတာဖြစ်ပါတယ်။ ဒုတိယတမျိုး ကတော့ နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ (public affairs) လို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ တတိယတမျိုးကတော့ နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်း ပြုလုပ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ တနည်းဆိုရင် ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာ တရပ်ကို တွေးမြင်ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးတမျိုးကတော့ နိုင်ငံရေးဆိုတာ ပါဝါကျင့်သုံးမှုလို့ ရှုမြင်တာ ဖြစ်ပါတယ်။
နိုင်ငံရေးဆိုတာ အစိုးရဆိုင်ရာ အနုပညာတရပ်ဖြစ်တယ်၊
သိပံ္ပပညာရပ်မဟုတ်တဲ့ ၀ိဇ္ဇာပညာရပ်တခုဖြစ်တယ်
ဂျာမန် Chancellor Bismarck က နိုင်ငံရေးဆိုတာ သိပ္ပံပညာမဟုတ်ဘူး။ ၀ိဇ္ဇာပညာရပ် ဖြစ်တယ်လို့ဆိုထားခဲ့ပါတယ်။ သူယူဆတဲ့ ၀ိဇ္ဇာပညာဆိုတာက လူ့အဖွဲ့အစည်းအတွင်းက လူအများစုပေါင်းပြီး ဆုံးဖြတ်ချက်တွေ ချမှတ်မှု၊ ဒီဆုံးဖြတ် ချက်တွေကို အကောင်အထည်ဖော်မှုတွေအပေါ် အခြေခံပြီး လူ့အဖွဲ့အစည်းအတွင်း အစိုးရလုပ်ငန်းဆောင်တာ လုပ်ဆောင်ခွင့် တည်ဆောက်ခြင်းကို ဆိုလိုတာ ဖြစ်ပါ တယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ရှေးခေတ်ဂရိနိုင်ငံတွေမှာ ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံး အဓိပ္ပာယ်ကနေ မြစ်ဖျားခံလာတယ်လို့ ဆိုနိုင်ပါတယ်။
Politics ဆိုတဲ့ စကားလုံးဟာ polis ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပြီး၊ အဓိပ္ပာယ်ကတော့ မြို့ပြနိုင်ငံဖြစ်ပါတယ်။ ရှေးခေတ် ဂရိလူ့အဖွဲ့အစည်းမှာ လွတ်လပ်တဲ့ မြို့ပြနိုင်ငံငယ်လေးတွေ အများ အပြား ဖွဲ့စည်းပါဝင်ပါတယ်။ ဒီမြို့ပြနိုင်ငံ ငယ်လေးတွေမှာ သူတို့နဲ့ သက်ဆိုင်ရာ အစိုးရတွေ သီးခြား ရှိကြပါတယ်။ ဒီမြို့ပြနိုင်ငံတွေထဲမှာ အကြီးဆုံးနဲ့ နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှု အရှိဆုံးနိုင်ငံကတော့ အေသင်နိုင်ငံ ဖြစ်ပါတယ်။ အေသင်ကို ဒီမိုကရေစီအစိုးရရဲ့ ပုခက်လို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။
နိုင်ငံရေးကို ဒီအမြင်ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးဆိုတာ polis နဲ့ ဆက်စပ်တဲ့ ကိစ္စရေးရာတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ခေတ်သစ်အဓိပ္ပာယ် ဖွင့်ဆိုချက်အရဆိုရင် နိုင်ငံတော်နဲ့ ဆက်စပ်တဲ့ ကိစ္စရေးရာတွေ မှန်သမျှဟာ နိုင်ငံရေးပဲ ဖြစ်ပါတယ်။ ဒီအမြင်ကို ယနေ့ခေတ်တွေမှာ လက်ခံ နားလည်ထားတာ ပိုများပါတယ်။ လူတွေဟာ ပါလီမန်၊ အစိုးရအုပ်ချုပ်ရေးဆိုင်ရာတွေမှာ လုပ်ကိုင် နေရင်၊ လုပ်ကိုင်ဖို့ ကြိုးပမ်းအားထုတ်နေရင် ဒီလူတွေကို နိုင်ငံရေးသမားတွေလို့ လူအများက သတ်မှတ်ကြပါတယ်။
ဒီတော့ ဒီအမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံရေးပညာလေ့လာတယ်ဆိုတာ အစိုးရကို လေ့လာတာဖြစ်ပြီး၊ ကျယ်ကျယ်ပြန့် ပြန့် ထပ်ချဲ့လိုက်ရင် အာဏာကျင့်သုံးမှုကို လေ့လာတာလို့ ဆိုနိုင်လာပါတယ်။ ဒီအမြင်ကို ခိုင်ခိုင်မာမာ ဆိုခဲ့သူကတော့ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ဒေးဗစ်အီစတန်ပါ။ သူက နိုင်ငံရေးဆိုတာ လူထုက ပေးလာတဲ့ ဖိအားတွေကို အစိုးရ က ဆုပေး၊ ဒဏ်ပေးတာတွေ ပြုလုပ်ပြီး
တုန့်ပြန်ဆောင်ရွက်တဲ့ ဖြစ်စဉ်ပေါင်းများစွာ ပါဝင်တဲ့ “တန်ဖိုးတွေကို အာဏာ ကျင့်သုံးပြီး ခွဲဝေခြင်း” လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအခါမှာ အာဏာကျင့်သုံးမှုတန်ဖိုးဆိုတာကို လူအဖွဲ့အစည်းက ကျယ်ကျယ် ပြန့်ပြန့် လက်ခံလာတာဖြစ်တယ်လို့ သူက ဆိုထားပါတယ်။ ဒါကို ထပ်ချဲ့ပြီး ကြည့်မယ်ဆိုရင် နိုင်ငံရေးဆို တာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လုပ်ငန်းဆောင်တာ စီမံချက်တွေကို အာဏာကျင့်သုံးပြီး ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်၊ မူဝါ ဒတွေနဲ့ ဆက်စပ်လာပါတယ်။
ဒေးဗစ်အီစတန်တဲ့ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပညာရှင်အများအပြားက ကန့်ကွက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံရေးကို ကျဉ်းမြောင်းတဲ့ အမြင်ရှုထောင့်ကနေ ရှုမြင်မှုကို ဖြစ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ကို ကျဉ်းမြောင်းတဲ့ အမြင်နဲ့ ရှုမြင်သူ များဟာ နိုင်ငံရေးဆိုတာ Polity အတွင်းမှာပဲ ရှိတယ်လို့ မြင်ကြပါတယ်။ Polity ဆိုတာက အစိုးရ လည်ပတ်မှုယန္တရားအပေါ်မှာ အခြေတည်ထားတဲ့ လူမှုအဖွဲ့အစည်း စနစ်တရပ်ဖြစ်ပါတယ်။ နိုင်ငံရေး တွေးခေါ်ပညာရှင် အရစ္စတိုတယ်ကတော့ ဒါကို လူအားလုံးရဲ့ အကျိုးစီးပွားအတွက် လူမှုအဖွဲ့အစည်း တရပ်ကနေ နိုင်ငံရေးအာဏာကျင့်သုံးပြီး အုပ်ချုပ်တာလို့ ဖွင့်ဆိုထားခဲ့ပါတယ်။
ဒီလို နိုင်ငံရေးဆိုတာ Polity အတွင်းမှာပဲ ရှိတယ်လို့ ရှုမြင်တယ်ဆိုရင်တော့ နိုင်ငံရေးလုပ်ငန်း ဆောင်တာတွေကို ကက်ဘိနက်ထဲမှာ၊ ဥပဒေရေးရာ ချိန်ဘာတွေထဲမှာ၊ အစိုးရဌာနဆိုင်ရာတွေမှာ နိုင်ငံရေးသမားတွေကပဲ ကျင့်သုံးနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအခါမှာ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေ၊ တခြားပညာရေး အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်း တွေ၊ မိသားစုတွေက နိုင်ငံရေးပြင်ပကို ရောက်သွားသလို ဖြစ်နေပါတယ်။ ဒီအမြင်ဟာ အစိုးရမှာမပါဝင်တဲ့ လူအများကို နိုင်ငံရေးပြင်ပကို ဖယ်ထုတ်ထားတာကြောင့် ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်လို့ လူအများက သတ်မှတ်ကြပါတယ်။ အစိုး ရပိုင်းဆိုင်ရာ တာဝန်ယူနေသူတွေကပဲ နိုင်ငံရေးနဲ့ ဆိုင်သလိုဖြစ်နေတဲ့ ဒီအမြင်ထက် ပိုမိုကျယ်ပြန့်တဲ့ နောက်ထပ်အမြင် တခုကတော့ နိုင်ငံရေးဆိုတာ အများနဲ့ဆိုင်တယ်ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးဆိုတာ လူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ရေးရာ ဖြစ်တယ်
ဒီအမြင် မြစ်ဖျားခံလာတာကတော့ ဂရိနိုင်ငံရေးတွေးခေါ်ပညာရှင် အရစ္စတိုတယ်ရဲ့ “လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်တယ်” ဆိုတဲ့ အဆိုအမိန့် အပေါ်မှာ ဖြစ်ပါတယ်။ ဒီတော့ လူဆိုတာ နိုင်ငံရေး သတ္တ၀ါဖြစ်တာကြောင့် နိုင်ငံရေးဆိုတာ လူအများနဲ့ ဆိုင်တဲ့ ပြည်သူ့ရေးရာလို့ ရှုမြင်လာတဲ့အခါမှာ နိုင်ငံရေးရာလား၊ နိုင်ငံရေးရာ မဟုတ်ဘူးလားဆိုတဲ့ ခွဲခြားမှုဟာ ကိုယ်ပိုင်ဘ၀ (private life) နဲ့ အများဆိုင်ဘ၀ (public life) ခွဲခြားမှုအပေါ်မှာ မူတည်လာပါတယ်။
ကိုယ်ပိုင်ဘ၀နဲ့ အများဆိုင်ဘ၀ကို အစဉ်အလာအရ ခွဲခြားမှုကတော့ နိုင်ငံတော်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (Civil Society) အနေနဲ့ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ဆိုင်တဲ့ အစိုးရယန္တရား၊ တရားရုံး၊ ရဲအဖွဲ့၊ စစ်တပ်၊ လူမှုဖူလုံရေးစနစ် စတာ တွေက လူအဖွဲ့အစည်းတခုလုံးအပေါ်မှာ တာဝန်ရှိတာမို့ အများဆိုင်ဘ၀လို့ သတ်မှတ်ပါတယ်။
အရပ်ဘက်လူ့အဖွဲ့အ စည်းမှာကျတော့ မိသားစု၊ မျိုးနွယ်စု၊ ကိုယ်ပိုင်စီးပွားရေး၊ ကုန်သွယ်မှုအသင်းအဖွဲ့၊ လူမှုအဖွဲ့အစည်း စတာတွေ ပါဝင်ပြီး၊ ဒါတွေကို နိုင်ငံတော်က တည်ထောင်တာမဟုတ်ပဲ ပြည်သူ ပြည်သားတွေက ဖွဲ့စည်းတည်ထောင်တာ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ဘ၀လို့ သတ်မှတ်ပါတယ်။ Edmund Burke ကတော့ သေးငယ်တဲ့ တပ်စုလေးတွေလို့ ခေါ်ဆိုပါတယ်။ ဒီလိုခွဲခြားမှုအပေါ်မှာ အခြေခံမယ် ဆိုရင်တော့ နိုင်ငံရေးဆိုတာ နိုင်ငံတော်က ထမ်းဆောင်တဲ့ လုပ်ငန်းဆောင်တာ တာဝန် ၀တ္တရားတွေနဲ့ပဲ ပတ်သက်ပြီး၊ လူတဦးချင်းစီရဲ့ စီးပွားရေး၊ လူမှုရေး၊ အိမ်တွင်းရေး၊ ကိုယ်ရေးကိုယ်တာ၊ ယဉ်ကျေးမှုရေး စတာတွေက နိုင်ငံရေးမဟုတ်ပါဘူး။
သို့ပေမယ့်လဲ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာက နိုင်ငံတော်နဲ့သာ ခွဲခြားလို့ရပေမယ့် လူအများနဲ့ ကျတော့ ခွဲခြားလို့ မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ လူအများကြားမှာပါဝင်ပတ်သက်ပြီး လူအများနဲ့ သက် ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ခေတ်သစ်နိုင်ငံရေးပညာက ကိုယ်ပိုင်ဘ၀နဲ့ အများဆိုင်ဘ၀ဆိုတာကို ခွဲခြားမှု သဏ္ဌာန်သစ်တမျိုးနဲ့ ချဉ်းကပ်လာပါတယ်။ အများဆိုင် ဘ၀ဆိုတာဟာ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ အနု ပညာ၊ ယဉ်ကျေးမှုအားလုံးနဲ့ သက်ဆိုင်ပြီး၊ ကိုယ်ပိုင်ဘ၀ကတော့ မိသားစုနဲ့ အိမ်တွင်းရေးရာတွေနဲ့ သက်ဆိုင်တဲ့ ဆိုတဲ့ သဏ္ဌာန်ပါ။
ဒီသဏ္ဌာန်ကို အမျိုးသမီးဝါဒီတွေက ဝေဖန်ကြပါတယ်။ နိုင်ငံရေးဆိုတာ အိမ်ရှေ့တံခါးမှာတင် ရပ်တန့် သွားပြီး မိသားစု ရေးရာတွေ၊ အိမ်တွင်းရေးရာတွေ၊ တဦးနဲ့တဦးဆက်ဆံရေးတွေနဲ့ မပတ်သက်ဘူး ဆိုလိုသလို ဖြစ်နေကြောင်း သူတို့က ဆိုပါတယ်။ လူတယောက်က မိမိအိမ်မှာ အိမ်ထောင်ဘက်ဖြစ်သူကို လိမ်ညာလှည့်ဖျားတာ၊ ရိုက်နှက်နှိပ်စက်တာ၊ သားငယ်သမီးငယ်တွေကို ရိုက်နှက်ညှဉ်းပန်းတာတွေ လုပ်နေမယ်ဆိုရင် ဒါတွေကို ကိုယ်ပိုင်ဘ၀ရေးရာလို့ပဲ သတ်မှတ်လို့ မရနိုင်ကြောင်း သူတို့က မီးမောင်းထိုးပြကြပါတယ်။
နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ ဖြစ်တယ်ဆိုတဲ့ ဒီအမြင်နဲ့ ပတ်သက်ပြီး အကောင်းမြင်သူရော၊ အဆိုးမြင်သူတွေပါ ရှိပါ တယ်။ အရစ္စတိုတယ် ခေတ်မှာတုန်းကတော့ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ အရေးကို ဆောင်ကျဉ်းပေးတာကြောင့် အင်မတန်မြင့်မြတ်ပြီး၊ တိုးတက်တဲ့ လူ့ဘောင်သစ်ကို ဖော်ဆောင် ပေးတဲ့ လုပ်ငန်းဆောင်တာတရပ်အနေနဲ့ သတ်မှတ်ကြပါတယ်။ ဒါကို ဂျာမန်နိုင်ငံရေးသီအိုရီပညာရှင်နဲ့ တွေးခေါ်ပညာရှင်ဖြစ်တဲ့ Hanna Arendt က ထောက်ခံခဲ့ပါတယ်။
သူမ ရဲ့ The Human Condition (1958) စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ လွတ်လပ်ပြီး တန်းတူညီမျှတဲ့ လူသားတွေရဲ့ ဆက်နွယ်မှုဖြစ်တာကြောင့် လူမှုလုပ်ငန်းဆောင်တာတွေအားလုံးရဲ့ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာ အနေနဲ့ ရေးသား ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးသီအိုရီ ပညာရှင်ကြီးတွေဖြစ်တဲ့ Jean-Jacques Rousseau နဲ့ John Stuart Mill တို့ကလဲ ဒီလိုအဆိုတွေ ဆိုခဲ့ကြဖူးပါတယ်။ Rousseau က နိုင်ငံသားတွေရဲ့ နိုင်ငံရေးရာတွေမှာ တိုက်ရိုက်စဉ်ဆက်မပြတ် ပါဝင် ပတ်သက်မှုကသာ နိုင်ငံတော်ကိုအများနဲ့ဆိုင်တဲ့ အကျိုးစီးပွား (common good) တနည်းဆိုရင် အများသဘောတူတဲ့ ဆန္ဒ (general will) ကို ဖြည့်ဆည်းဆောင်ကျဉ်းပေးနိုင်မယ်လို့ ဆိုပါတယ်။ Mill ရဲ့ အမြင်အရလဲ ပြည်သူ့ရေးရာတွေမှာ ပါဝင်ပတ်သက်မှု၊ တနည်းဆိုရင် နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လုတဦးချင်း၊ တယောက်ချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ စာရိ တ္တပိုင်းဆိုင်ရာ၊ မြော်မြင်တွေးခေါ်မှု ဆိုင်ရာတွေကို တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီအမြင်ကို လစ်ဘရယ်သီအိုရီ ပညာရှင်တချို့က ဆန့်ကျင်ကြပါတယ်။ သူတို့အဆိုအရ ကိုယ်ပိုင် ဘ၀ဆိုတာ ရွေးချယ်မှု၊ တဦးချင်းလွတ်လပ်မှု၊ တဦးချင်း တာဝန်တွေနဲ့ စပ်ဆိုင်တဲ့ အရာဖြစ်တာကြောင့် စီးပွားရေး၊မိသားစုဘ၀နဲ့ အားကစားရေးရာတွေမှာ နိုင်ငံရေးကို ဖယ်ထုတ်ထားသင့်တယ်လို့ ဆိုကြ ပါတယ်။ ဒီရေးရာတွေမှာ နိုင်ငံရေးပါဝင်တဲ့အခါကျရင် စီးပွား ရေးလုပ်ငန်းတွေကို ဘယ်လို လုပ်ကိုင်မယ်၊ ကလေးသူငယ်တွေကို ဘယ်လိုပြုစုပျိုးထောင်မယ်၊ အားကစားကို ဘယ်လို ကစားမယ်၊ ဘယ်သူတွေနဲ့ ကစားမယ်စတဲ့ ရွေးချယ်ခွင့်တွေမှာ လွတ်လပ်စွာရွေးချယ်ခွင့်မရှိပဲ ၀င်ရောက် စွက်ဖက်သလို ဖြစ်စေနိုင် တယ်လို့ သူတို့ ဆိုကြပါတယ်။ သူတို့ရဲ့အမြင်အရတော့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေမှာ နိုင်ငံရေး ဆိုတာ မလိုလားအပ်တဲ့ ၀င်ရောက်စွက်ဖက် နှောင့်ယှက်မှုအဖြစ် တွေးမြင်ကြ ပါတယ်။
နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်းပြုလုပ်မှု (compromise) နဲ့
အများသဘောတူလက်ခံမှု (consensus) ဖြစ်တယ်
(နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ် ဖြစ်တယ်)
ဒီအမြင်ရှုထောင့်အရဆိုရင် နိုင်ငံရေးဆိုတာ ပဋ္ဋိပက္ခတွေကို ဖြေရှင်းတာဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာ အင်အားသုံး ဖြေရှင်းမှု၊ အာဏာကို ပရမ်းပတာ အသုံးပြုမှုမဟုတ်ဘဲ အပေးအယူ၊ အလျှော့အတင်းပြုလုပ်တာ၊ ပြန်လည်သင့်မြတ်ရေး ပြုလုပ်တာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒီအမြင်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ နိုင်ငံရေးရာပြဿနာတွေကို
အဖြေရှာမှုသဏ္ဌာန်တွေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို အဖြေရှာတဲ့ အခါမှာ စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာမှုတွေ၊ အပြန်အလှန် သဘောတူ လက်ခံမှုတွေနဲ့ အဖြေရှာသင့်တယ်ဆိုတဲ့ သဏ္ဌာန်ဖြစ်ပါတယ်။ ဒီနေရာမှာ အများသဘောတူ လက်ခံမှု (consensus) ဆိုတာက သာမန် သဘောတူညီမှု (agreement) ကို ဆိုလိုတာ မဟုတ်ပါဘူး။ အများသဘောတူလက်ခံမှုဆိုတဲ့ သဘောတရားမှာ လူအများ၊ အုပ်စုအများအပြားက ကျယ်ကျယ် ပြန့်ပြန့် သဘောတူညီမှု၊ အခြေခံသဘောတရားများပါဝင်မှု စတာတွေ ပါဝင်ပါတယ်။
ဒါကြောင့် အများသဘောတူလက်ခံမှုဆိုတာမှာ တချို့သော အကြောင်းအရာ၊ သဘောတရားတွေ ကွဲပြားမှုကို အတိုင်း အတာတခုအထိ လက်ခံပေးမှု ပါဝင်ပါတယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အကြံပြုမှု၊ အပေးအယူပြုမှုတွေအပေါ် အခြေတည်ပြီး ပြုလုပ်တဲ့ procedural consensus ဆိုတာရှိသလို၊ အခြေခံ မူဝါဒရေးရာတွေမှာ သဘောတူညီမှုနဲ့ မတူ ညီတဲ့ အိုက်ဒီယိုလော်ဂျီ ရပ်တည်မှုတွေကို ညှိနှိုင်းဆောင်ရွက်တဲ့ substantive consensus ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလို အများသဘောတူလက်ခံမှုတွေ ပေါ်ထွက်လာအောင်ပြုလုပ်ခြင်းကို နိုင်ငံရေးလုပ်ခြင်းအနေနဲ့ အချို့က ရှုမြင်သုံးသပ်ကြတာ ဖြစ်ပါတယ်။
ဒီအမြင်မှာ အရစ္စတိုကရေစီနဲ့ ဒီမိုကရေစီ သွင်ပြင်လက္ခဏာတွေ ပေါင်းစပ်ပါဝင်နေပါတယ်။ ဒီအမြင်ကို ကျယ်ကျယ်ပြန့် ပြန့် ရေးသားတင်ပြခဲ့သူကတော့ Bernard Crick ပါ။ သူ့ရဲ့ In Defence of Politicsမှာ ဘားနတ်က နိုင်ငံရေးဆိုတာ မတူညီတဲ့ အကျိုးစီးပွား၊ ရပ်တည်ချက်တွေကို ကိုင်ဆောင်ထားသူတွေ အကြားမှာ အများပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ ရှင်သန်ရပ်တည်မှုကို ဦးစားပေးပြီး အာဏာခွဲဝေ ကျင့်သုံးဖို့ ညှိနှိုင်းဆောင်ရွက်တဲ့ လုပ်ငန်းဆောင်တာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ ဒီအမြင်က လစ်ဘရယ်- ရာရှင်နယ်လစ် အခြေခံသဘောတရားတွေမှာ အခြေခံပြီး ထွက်ပေါ်လာ တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအမြင်မှာ အားနည်းချက်နှစ်ခု ရှိပါတယ်။ ဒီအမြင်က လူ့အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေးညှိနှိုင်းမှု၊ သဘောမတူညီမှုတွေကို လူကြီးလူကောင်းဆန်ဆန် ငြင်းခုံဆွေးနွေးတတ်မှုရှိတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားနေတယ်လို့ ကြိုတင်ထင်မြင် သတ်မှတ်ချက်အပေါ်မှာ အခြေတည်ထားပါတယ်။ နောက်တချက်က လူ့အဖွဲ့အစည်းအတွင်းမှာ အများသဘောတူလက်ခံမှု ထွက်ပေါ်လာအောင် ဆွေးနွေးပြီး လုပ်ယူလို့ရတယ်ဆိုတဲ့ ယုံကြည်ချက်ပါဝင်ပါတယ်။ ဒါကြောင့် ဒီအမြင်ဟာ ရွေးကောက်ပွဲ တရားမျှတမှု၊ ပါတီများလွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်ခွင့် စတာတွေအပေါ်မှာ အခြေ တည်တဲ့ အနောက်နိုင်ငံ လူ့အဖွဲ့အစည်းနဲ့ အစိုးရစနစ်တွေအတွက်ပဲ ပိုမိုသင့်တော်တယ်လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။
နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကိုပဲ ပြုလုပ်တဲ့ အနုပညာတရပ်ဆိုတဲ့ ဒီအမြင်ကို တပါတီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ စစ်အာဏာရှင်နိုင်ငံတွေမှာ အသုံးပြုလို့ မရနိုင်ကြောင်း ပညာရှင်များက ထောက်ပြ ပြောဆိုထားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲ တရားမျှတမှု၊ ပါတီများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် ယှဉ်ပြိုင်ခွင့် ဆိုတာတွေ မရှိတဲ့အပြင်၊ ဆွေးနွေး ညှိနှိုင်းတတ်မှု၊ သဘောမတူညီမှုတွေကို လူကြီးလူကောင်းဆန်ဆန် ငြင်းခုံဆွေးနွေးတတ်မှုရှိတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ကလဲ မထွန်းကားနိုင်သေးလို့ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးအပေးအယူ ပြုလုပ်မှုဆိုတာမှာ နှစ်ဦးနှစ်ဘက်စလုံးက မိမိတို့ရဲ့ ရပ်တည်ချက်အမြင်တွေကို လျှော့ချပြီးအပေးအယူပြုလုပ်ရတာကြောင့် နှစ်ဘက်စလုံးမှာ ကျေ
နပ်နှစ်သိမ့်မှုရှိမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘက်တဘက်ရဲ့ အဆိုပြုချက်၊ လုပ်ငန်းဆောင်တာ၊ လမ်းကြောင်းမှာပဲ ပါဝင်ဆောင်ရွက်ရတာ ဆိုရင်တော့ ဒါကို နိုင်ငံရေးအပေးအယူ ပြုလုပ်ခြင်းလို့ မခေါ်ဆိုနိုင်ပါဘူး။ နှစ်ဦးနှစ်ဘက် တွေ့ဆုံ ဆွေးနွေးပြီး၊ နှစ်ဘက်စလုံးက အပေးအယူ၊ အလျှော့အတင်းလုပ်ပြီး နောက်ပိုင်းမှာမှ အများသ ဘောတူလက်ခံတဲ့ procedural consensus, substantive consensusကို ကိုင်ဆောင်ပြီး လမ်းကြောင်းသစ် တခုကို ဖော်ဆောင်ခြင်းကသာ နိုင်ငံရေးအရ ဖြစ်နိုင်ချေတွေကို ပြုလုပ်ခြင်းလို့ ခေါ်ဆိုနိုင်တာဖြစ်ပါ
တယ်။ တပါတီစနစ်နဲ့ စစ်အာဏာရှင်စနစ်နိုင်ငံတွေမှာ ဒီလိုအခြေအနေ ဖြစ်ထွန်း
နိုင်ချေ နည်းပါးတာကြောင့် “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာတရပ်ဖြစ်တယ်” ဆိုတဲ့ ဒီအမြင်တခုတည်းကို ဆုပ်ကိုင်ပြီး အာဏာရှင်နိုင်ငံများရဲ့ နိုင်ငံရေးကို ဆုံးဖြတ်လုပ်ကိုင်လို့ မရကြောင်း နိုင်ငံရေး ပညာရှင်တွေက လေ့လာဖော်ပြခဲ့ကြပါတယ်။
နိုင်ငံရေးဆိုတာ ပါဝါကျင့်သုံးမှုဖြစ်တယ်
နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှုတွေမှာ ပါဝါကျင့်သုံးမှု အနေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ အကျယ်ပြန့်ဆုံး အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်ပါတယ်။ ဒီအမြင်အရဆိုရင် နိုင်ငံရေးဆိုတာ လူမှုရေး လုပ်ငန်း ဆောင်တာတွေ အားလုံးနဲ့ ပတ်သက်တာကြောင့် လူသားတွေတည်ရှိမှုဖြစ်စဉ်ရဲ့ နေရာစုံ၊ ထောင့်ပေါင်း စုံမှာ နိုင်ငံရေးဆိုတာ တည်ရှိနေပါတယ်။ Adrian Leftwich ရေးသားတဲ့ "နိုင်ငံရေးဆိုတာဘာလဲ" ဆိုတဲ့စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ စုဝေးမှုအသွင်သဏ္ဍာန်ဆောင်တဲ့ လူမှုရေးရာ လှုပ်ရှားမှုအားလုံးရဲ့ အသည်းနှလုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုတာ နိုင်ငံတကာ အဆင့်၊ နိုင်ငံတော်အဆင့်တွေ မှာတင်မကပဲ လူမှုရေးဆက်စပ်မှုရှိတဲ့ မိသားစုတွင်းမှာ၊ မိတ်ဆွေ သူငယ်ချင်းအုပ်စုတွေအတွင်းမှာပါ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးဆိုတာ လူမှုစနစ် ဖြစ်တည်မှုဖြစ်စဉ်ရဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ အရင်းအမြစ် အသုံးပြုမှုအားလုံးနဲ့ သက်ဆိုင်လာပါတယ်။ ဒါပေမယ့် အရင်းအမြစ်ဆိုတာက ရှားပါးပြီး၊ လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကကျတော့ အဆုံးအစ မရှိပါဘူး။ ဒါကြောင့်လဲ ရှားပါးတဲ့အရင်းအမြစ်တွေကို ရယူပိုင်ဆိုင်မှုတွေအတွက် ရုန်းကန် လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ဒီလိုရုန်းကန်လှုပ်ရှားမှုတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေဟာ ပါဝါ ကျင့်သုံးမှုတွေ ပါဝင်လာပါတယ်။
ဒီနေရာမှာ ပါဝါကျင့်သုံးမှုရဲ့ မျက်နှာစာ သုံးခုကို ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်။ မောင်ခခွေး က သူ့ဘာသာသူ ပြုလုပ်မှာ မဟုတ်တဲ့ အလုပ်တစုံတရာကို မောင်ကကြီးက လုပ်စေနိုင်တယ်ဆိုရင် မောင်ကကြီးက မောင်ခခွေးအပေါ် ပါဝါကျင့်သုံးမှု ရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒီတော့ မောင်ခခွေးအပေါ်
မောင်ကကြီးက ဘယ်လိုသဏ္ဍာန်တွေနဲ့ လွှမ်းမိုးမှု လုပ်နိုင်မလဲ။ ပါဝါကျင့်သုံးမှုရဲ့ မျက်နှာစာသုံးခုဖြစ်တဲ့ ပါဝင်ကျင့်သုံးသူ လိုလားတဲ့ ဆုံးဖြတ်ချက်ချမှတ်စေခြင်း၊ အတွေးအခေါ်အရထိန်းချုပ်ခြင်း၊ agenda ချပေးခြင်း စတာတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်စေခြင်းဆိုတာက သူတပါးရဲ့ ဆုံးဖြတ်ချက်ချမှတ် လုပ်ကိုင်ဆောင်ရွက်မှုတွေထဲမှာ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေ ပါဝင်လာ အောင် လွှမ်းမိုး ချုပ်ကိုင်မှုဖြစ်ပါတယ်။ Three Faces of Power (1989) စာအုပ်ထဲမှာ စာရေးသူ Keith Boulding က နိုင်ငံတနိုင်ငံ (သို့) လူတဦးရဲ့ ဆုံးဖြတ်ချက်တွေကို တခြားနိုင်ငံတနိုင်ငံ၊ လူတဦးက လွှမ်းမိုးတဲ့အခါမှာ အင်အားအသုံးပြုခြင်း၊ သစ္စာစောင့်သိစေခြင်း၊ အပြန်အလှန် အကျိုးစီးပွား ဖန်တီး ညှိနှိုင်းခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြကြောင်း ရေးသား တင်ပြခဲ့ပါတယ်။
ပါဝါကျင့်သုံးမှုရဲ့ နောက်ထပ်မျက်နှာစာတခုကတော့ အတွေးအခေါ်အရ ထိန်းချုပ်မှုဖြစ်ပါတယ်။ ဒီမျက်နှာစာမှာ ပါဝါကျင့်သုံးသူဟာ အင်အားအသုံးပြုမှုတွေ၊ သစ္စာစောင့်သိစေရန် ကြိုးပမ်းမှုတွေ ပြုလုပ် တာမဟုတ်ပဲ လူသားတွေရဲ့ တွေးခေါ်စဉ်းစားမှု၊ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်တွေကို ပုံဖော်လွှမ်းမိုးတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ၊ နိုင်ငံရေးရာတွေမှာ ၀ါဒဖြန့်ချိရေးပြုလုပ်တာဟာ ဒီမျက်နှာစာကို အသုံးပြုပြီး ပါဝါကျင့်သုံးမှုဖြစ်ပါတယ်။ ပါဝါနဲ့ ပတ်သက်တဲ့ နောက်ထပ်မျက်နှာစာ တခုကတော့ agenda ချမှတ်ပေးမှုပါ။ နိုင်ငံရေး အဖွဲ့အစည်းတခုကိုပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံကိုပဲဖြစ်ဖြစ်၊ လူတယောက် ကိုပဲဖြစ်ဖြစ် ချမှတ်သင့်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့မရအောင် ပါဝါကျင့်သုံးပြီး လွှမ်းမိုးမှုဖြစ်ပါတယ်။ ဒီနည်းလမ်းကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံမှာ အသုံးပြုကြပါတယ်။ political agenda တွေမှာ ကိုယ့်အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့ မရအောင် ထိန်းချုပ်လို့ ရတဲ့ ပါဝါကျင့်သုံးမှုဖြစ်ပါတယ်။ အချိန်မှီ ဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေကို အချိန်မမှီအောင် ပြုလုပ်တာ၊ အရေးကြီးကိစ္စတခုဖြစ်ပွားနေချိန်မှာ တခြားအများစိတ်ဝင်စားဖွယ် အကြောင်းအရာလေး တွေနဲ့ လမ်းလွှဲ တာ၊ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းတွေရဲ့ ဦးတည်ချက်လမ်းကြောင်းတွေကို လွှဲပေးတာတွေဟာ ဒီပါဝါကျင့်သုံးမှု မျက်နှာစာမှာ အကျုံးဝင်ပါတယ်။
နိုင်ငံရေးဆိုတာ ပါဝါနဲ့ ပတ်သက်တယ်ဆိုတဲ့ ရှူထောင့်ကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အများအပြားက ထောက်ခံကြပါတယ်။ အစဉ်အလာဓလေ့ထုံးစံတွေက အမျိုးသမီးတွေရဲ့ လုပ်ငန်း တာဝန် ဆိုတာ အိမ်မှုကိစ္စတွေအနေနဲ့ သတ်မှတ်ပြီး အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားတတ်ကြပါတယ်။ အမျိုးသားတွေကသာ ပြင်ပကမ္ဘာမှာ လှုပ်ရှားနေရသူများ ဖြစ်တဲ့ အတွက် နိုင်ငံရေး ပါဝင်ပတ်သက်မှုရှိတယ် ဆိုတဲ့ ဒီထုံးတမ်းစဉ်လာတွေကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ဆန့်ကျင်ပြီး “ကိုယ်ရေးကိုယ်တာဟာလဲ နိုင်ငံရေးဖြစ်တယ်“ လို့ ကြွေးကြော်ခဲ့ကြ ပါတယ်။ မိသားစုဘ၀၊ တဦးချင်းဘ၀ရဲ့ အခြေအနေဆိုတာတွေဟာ နိုင်ငံရေးစနစ်တွေ၊ လှုပ်ရှားမှုတွေရဲ့ ရိုက်ခတ်မှုကို ခံစားကြရစမြဲဖြစ်တာကြောင့် နိုင်ငံရေးဆိုတာ မိသားစုဘ၀နဲ့ ဆက်စပ်နေတယ်လို့ သူတို့ကဆိုကြပါတယ်။
Sexual Politics (1969) စာအုပ်ထဲမှာ စာရေးသူ Kate Millet က နိုင်ငံရေးဆိုတာ လူအုပ်စုတခုကနေ တခုကို ချုပ်ကိုင်ထားတဲ့ အစီအမံတွေဖြစ်တာကြောင့် မိသားစုဘ၀တွေမှာ အမျိုးသားတွေက အမျိုးသမီး တွေကို ၀င်ငွေအရ၊ ထုံးတမ်းစဉ်လာအရ၊ စာပေအကိုးအကားတွေအရ နိမ့်ကျသူတွေအဖြစ် မိမိကိုယ်မိမိ လက်ခံလာအောင် ပြုလုပ်ထိန်းချုပ်ထားတာတွေကို နိုင်ငံရေးအနေနဲ့ သတ်မှတ်နိုင်ကြောင်း ရေးသား ထားခဲ့ပါတယ်။ အမျိုးသမီးဝါဒီတွေက နိုင်ငံရေးဆိုတာ နေ့စဉ်လူမှုဘ၀နဲ့ ဆက်စပ်တယ်လို့ အခိုင်အမာ ယုံကြည်ထားကြပါတယ်။ သူတို့အမြင်အရ အိမ်ထောင်ဘက်နှစ်ဦးအကြားက ဆက်ဆံရေး၊ မိဘနဲ့ သားသမီးဆက်ဆံရေး၊ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေး၊ အစိုးရနဲ့ နိုင်ငံသူနိုင်ငံသား အကြားက ဆက်ဆံရေး စတာတွေမှာ ပါဝါကျင့်သုံးမှုတွေ အပြန်အလှန်ရှိနေတာကြောင့် ဒါတွေကို နိုင်ငံရေးအဖြစ် ယူဆနိုင်ပါတယ်။
ဒါကြောင့်နိုင်ငံရေးဆိုတာ စကားလုံးရဲ့ အနက်အဓိပ္ပာယ်မှာတင် အလွန်ကို ကျယ်ဝန်းနက်နဲတဲ့ စကားလုံး တခုအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုနက်နဲလှတဲ့ နိုင်ငံရေးပညာကို လေ့လာတဲ့အခါမှာကျတော့ သဘောတရားတွေ၊ သီအိုရီတွေ၊ စနစ်တွေ၊ အတွေးအခေါ်တွေ ဘက်ပေါင်းစုံကနေ ပေါင်းစပ်ပါဝင်
လာတာကြောင့် ပိုမိုကျယ်ပြန့်သွားပါတယ်။ ရှေးခေတ်တွေမှာ တုန်းကတော့ နိုင်ငံရေးကို ပညာရပ် တခုအဖြစ် လေ့လာတဲ့အခါမှာ ဒဿနိကဗေဒ၊ ဥပဒေ၊ သမိုင်းပညာရပ်တွေရဲ့ ဘာသာရပ်ခွဲ တခု အနေနဲ့ပဲ သတ်မှတ်လေ့လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်း ဖြစ်တည်မှုရဲ့ အခြေခံစည်းမျဉ်းတွေကို ဖော်ထုတ်လေ့လာဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာဆန်းစစ်ခြင်း
နိုင်ငံရေးလေ့လာဆန်းစစ်မှုရဲ့ မူရင်းအစဟာ ရှေးခေတ်ဂရိပြည်လို့ ဆိုနိုင်ပါတယ်။ ပလေတိုနဲ့ အရစ်တိုတယ်တို့ဟာ နိုင်ငံရေးကို ဒဿနိကဗေဒ ရှူထောင့်ကနေ လေ့လာသုံးသပ်တဲ့ ဒဿနိကဗေဒ ဆိုင်ရာ အစဉ်အလာ ( Philosophical tradition) ရဲ့ ဖခင်များပဲ ဖြစ်ပါတယ်။ medieval theorists တွေဖြစ်တဲ့ Augustine နဲ့ Aquinas တို့ရဲ့ ရေးသားချက်တွေမှာလဲ သူတို့ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမှုရှိပါတယ်။ ဒီလို ဒဿနိကဗေဒအစဉ်အလာအရ လေ့လာမှုတွေမှာ တန်ဖိုး၊ စံနှုန်းစံထား၊ ကိုယ်ကျင့်တရား စတာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ (normative questions) အများအပြား ပါဝင်ပါတယ်။ ဘာဆိုတာထက် ဘယ်လိုဖြစ်သင့်တယ် ဆိုတာကို ဦးစားပေးဖော်ပြချက် များပါတယ်။ ဥပမာ- ဘာကြောင့် နိုင်ငံတော်က ချမှတ်တဲ့ ဥပဒေကို လိုက်နာသင့်သလဲ၊ ပုဂ္ဂလိက လွတ်လပ်ခွင့်မှာ အများကို မထိခိုက်အောင် ဘယ်လိုကန့်သတ်ချက်တွေ ရှိသင့်သလဲ စတာမျိုးတွေပါ။
နိုင်ငံရေးလေ့လာမှုဆိုင်ရာ နောက်ထပ်အစဉ်အလာတခုကတော့ ကိန်းဂဏာန်း အခြေပြအစဉ်အလာ empirical tradition ဖြစ်ပါတယ်။ ဒီအစဉ်အလာကို ဖွဲ့စည်းပုံအခြေခံဥပဒေ အမျိုးအစားတွေကို ခွဲခြားပြခဲ့တဲ့ အရစ္စတိုရဲ့စာ၊ Machiavelli ရေးသားခဲ့တဲ့ realistic account of statecraft နဲ့ Montesquieu ရေးသားခဲ့တဲ့ အစိုးရနဲ့ ဥပဒေဆိုင်ရာ လူမှုဗေဒသီအိုရီ တွေထဲမှာ တွေ့မြင်နိုင်ပါတယ်။၁၇ ရာစုနှောင်းပိုင်းကာလတွေမှာ John Locke နဲ့ David Hume တို့ရဲ့ doctrine of empiricism ပျံ့နှံ့လာပါတယ်။ Doctrine of empiricism က အတွေ့အကြုံဆိုတာ အသိပညာရဲ့ အခြေခံ
ဖြစ်တာကြောင့် သီအိုရီတွေ၊ အဆိုအမိန့်တွေအားလုံးကို လေ့လာစောင့်ကြည်မှုတွေနဲ့ စမ်းသပ်ရမယ် လို့ ဆိုထားပါတယ်။ ၁၉ ရာစုရောက်တော့ ဒီအတွေးအခေါ်တွေဟာ positivism ၀ါဒထွန်းကားလာရေး ဆီကို ဦးတည်သွားပါတော့တယ်။
နိုင်ငံရေးကို သိပ္ပံပညာဝေါဟာရတွေနဲ့ ဖော်ပြဖို့ ပထမဆုံးကြိုးပမ်းခဲ့သူကတော့ materialist conception of history ကို အသုံးပြုပြီး သမိုင်းကြောင်း တိုးတက်မှုတွေရဲ့ တွန်းအားကို ဖော်ထုတ် နိုင်ခဲ့တဲ့ Karl Marx ပဲဖြစ်ပါတယ်။ ၁၈၇၀ ကာလတွေမှာ နိုင်ငံရေးကို သိပ္ပံပညာရပ်အနေနဲ့ သတ်မှတ်မှုတွေ ထွက်ပေါ်လာပါတယ်။ အောက်စဖိုဒ့်၊ ပဲရစ်နဲ့ ကိုလံဘီယာတက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားလာကြပါတယ်။ (၁၉၀၆) ခုနှစ်မှာ အမေရိကန်နိုင်ငံရေးသိပ္ပံ လေ့လာရေးစာစောင် ထွက်ပေါ်လာပါတယ်။ (၁၉၅၀-၆၀) ကာလတွေကျတော့ သိပ္ပံနည်းကျနိုင်ငံရေး လေ့လာမှုတွေ အားကောင်းလာပါတယ်။ David Easton ရဲ့ နိုင်ငံရေးဆိုတာ သဘာဝသိပ္ပံ နည်းလမ်းတွေကိုပါ သင့်လျော်သလို ဆွဲယူအသုံးပြုနိုင်တဲ့ ပညာရပ်တခုဖြစ်တယ်ဆိုတဲ့ အဆို ထွက်ပေါ် လာပြီးနောက်ပိုင်းမှာ အရေအတွက် အခြေပြုသုတေသန နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေး လေ့လာဆန်းစစ်ချက်တွေ ပိုပြီး များပြားလာပါတယ်။ ဥပမာ- မဲပေးမှုပြုမူဆောင်ရွက်ပုံတွေ၊တရားရေးရာ ပြုမူဆောင်ရွက်ပုံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြုမူ
ဆုံးဖြတ်ပုံစတာတွေမှာ ဖြစ်ပါတယ်။ လေ့လာ စောင့်ကြည့်ထားတဲ့ ပြုမူဆောင်ရွက်ပုံတွေပေါ်မှာ အခြေတည်ပြီး လူမှုသီအိုရီတွေ တည်ဆောက်ရမယ် ဆိုတဲ့ ယုံကြည်မှု (Behaviouralism) ဟာ (၁၉၅၀-၆၀) ကာလတွေရဲ့ နိုင်ငံရေးလေ့လာမှုတွေကို လွှမ်းမိုးထားခဲ့ပါတယ်။
(၁၉၆၀) နောက်ပိုင်းကာလရောက်တော့ Behaviouralism ကို မကျေလည်မှုတွေ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးဆိုတာ ကိန်းဂဏာန်းတွေနဲ့ပဲ တိုင်းတာလို့ မရဘူးဆိုတာကို ငြင်းဆိုမှုတွေရှိလာပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီညွတ်မှု၊ အခွင့်အရေးစတာတွေကို ကိန်းဂဏာန်းနဲ့ တိုင်းတာလို့ မရနိုင်ကြောင်း ပြောဆိုလာကြပါတယ်။ ဒီလိုနဲ့ (၁၉၇၀) ကာလတွေမှာ ကိုယ်ကျင့်တရား၊ စံချိန်စံညွန်းစတာတွေနဲ့ဆိုင်တဲ့ normative questions တွေဆီ ပြန်လှည့်လာကြပါတယ်။ John Rawls နဲ့ Robert Nozick တို့ရဲ့စာတွေမှာ ဒီသဘောတရားတွေ အများအပြား ပါဝင်ပါတယ်။
နောက်ပိုင်းကျတော့ နိုင်ငံရေးလေ့လာမှုတွေမှာ နိုင်ငံရေးဘောဂဗေဒ၊ ပြည်သူ့ရွေးချယ်မှု သီအိုရီ (public-choice theory) ၊ Rational Choice theory စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီသီအိုရီတွေက ဘောဂဗေဒ သီအိုရီတွေမှာ အခြေခံထားတာဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုပြီး Antony Downs, Mancur Olson နဲ့ William Nikanen တို့က ပါတီယှဉ်ပြိုင်မှု၊ အကျိုးအမြတ်အုပ်စု ပြုမူ ဆောင်ရွက်ပုံတွေနဲ့ ဗျူရိုကရက်တွေရဲ့ မူဝါဒလွှမ်းမိုးမှုစတာတွေကို လေ့လာခဲ့ကြပါတယ်။ နိုင်ငံရေး လေ့လာမှုတွေမှာ အသုံးများတဲ့ နောက်ထပ်သီအိုရီတခုကတော့ သင်္ချာဘာသာရပ်ကနေ သက်ဆင်း လာတဲ့ ဂိမ်းသီအိုရီဖြစ်ပါတယ်။ နိုင်ငံရေးရှုပ်ထွေးမှုတွေ၊ အကျပ်အတည်းကာလတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ သီအိုရီတခုဖြစ်ပါတယ်။
သင်္ချာနဲ့စီးပွားရေးသီအိုရီတွေကနေ သက်ဆင်းလာတဲ့ နိုင်ငံရေးသီအိုရီအသစ်တွေသာမက ၀ါဒသစ်၊ အတွေးအခေါ်သစ်တွေလဲ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီးဝါဒဟာ ကျားမကွဲပြား ခြားနားမှုတွေကို ထုတ်ဖော်ရင်း နိုင်ငံရေးဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်နေပါတယ်။ Green Politics ဟာ လူသားတွေကို ဦးစားပေးစဉ်းစားမှု (anthropocentric emphasis) မှာ အခြေခံတဲ့ နိုင်ငံရေး၊ လူမှုရေးသီအိုရီတွေကို စိန်ခေါ်ပြီး၊ သဘာဝပတ်ဝန်းကျင် သဘောတရားတွေကို ဦးစားပေး စဉ်းစားမှု (holistic emphasis) ပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေး၊ လူမှုရေး နားလည်မှုတွေကို ဖြန့်ဖြူးနေပါတယ်။ ၁၉၂၃ မှာ ပေါ်ပေါက်လာတဲ့ ဖရန့်ဖတ်ကျောင်းတော်ရဲ့ မာ့စ့်လက်သစ်ဝါဒပေါ်မှာ အခြေခံထားတဲ့ critical theory ဟာ လက်ရှိကျင့်သုံးနေတဲ့ လူမှုထုံးတမ်းစဉ်လာတွေကို ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။
ဒီလိုဝါဒတွေ၊ သီအိုရီတွေ အများအပြားအကြားမှာ နိုင်ငံရေးလေ့လာသူ တယောက်ဟာ နိုင်ငံရေးသဘောတရားတွေ (political concepts)၊ နိုင်ငံရေးသီအိုရီတွေ (political theories)၊ နိုင်ငံရေး မော်ဒယ်တွေ (political models)၊ အိုင်ဒီယော်လော်ဂျီတွေ (ideological traditions/ paradigms) တွေကို ကွဲကွဲပြားပြား သိနားလည်ဖို့ လိုအပ်လှပါတယ်။
နိုင်ငံရေးသဘောတရား၊ သီအိုရီနှင့် ပါရာဒိုင်းများ
နိုင်ငံရေးသဘောတရား၊ သီအိုရီနဲ့ ပါရာဒိုင်းတွေကို နိုင်ငံရေးလေ့လာဆန်းစစ်ချက်တွေမှာ အသုံးပြု ကြပါတယ်။ သဘောတရားဆိုတာက တစုံတရာနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တခုဖြစ်ပါတယ်။ ဒါပေမယ့် တစုံတရာရဲ့ အမည်နာမတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင် Andrew Heywood က ကြောင်တကောင်နဲ့ ခိုင်းနှိုင်းပြီး ဥပမာပေးထားပါတယ်။ တကယ့်ကြောင်နဲ့ ကြောင်တကောင်နဲ့ ပတ်သက်တဲ့ သဘောတရားနဲ့ ခြားနားမှု ရှိချင်လဲ ရှိနေနိုင်ပါတယ်။ ကြောင်တကောင်နဲ့ ပတ်သက်တဲ့ သဘောတရားဆိုတာ အတွေးအခေါ် (အိုင်ဒီယာ) တခု ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ထဲမှာ ကြောင်တကောင်ရဲ့ ထူးခြားသော လက္ခဏာတွေဖြစ်တဲ့ သေးငယ်တာ၊ အိမ်မွေးတိရစ္ဆာန်ဖြစ်တာ၊ အမွေးအမျှင်ထူတာ၊ ကြွက်ခုတ်တာ စတာတွေ ပေါင်းစပ် ပါဝင်ပါတယ်။ တန်းတူညီမျှမှု (equality) ဆိုတဲ့ သဘောတရားတွေ၊ presidency ဆိုတဲ့ သဘောတရားတွေကလဲ ဒီအတိုင်းပါပါ။ လူတယောက်၊ အရာဝတ္ထု တခုကို ရည်ညွှန်းခြင်း မဟုတ်ပဲ ၀ိသေသလက္ခဏာတွေ ပါဝင်တဲ့ အတွေးအခေါ်တွေ ဖြစ်ပါတယ်။
လူတွေရဲ့ တွေးခေါ်မှု၊ ဝေဖန်ပိုင်းခြားမှု၊ ဆန်းစစ်မှုတွေကို သဘောတရားတွေက လွှမ်းမိုးထားပါတယ်။ ကလေးဆိုတာကို ကလေးလို့ သတ်မှတ်ဖို့အတွက် အသက်အရွယ် ဘယ်လောက်ရှိရင် သတ်မှတ်မယ် ဆိုတဲ့ သဘောတရားတခု ရှိဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာလဲ ဗမာတွေက ကလေးလို့ သတ်မှတ် ခေါ်ဝေါ်တာကို အခြားလူမျိုးတွေက နောက်ထပ်သဘောတရားတခုအနေနဲ့ သတ်မှတ်ခေါ်တွင်တာလဲ ရှိတာပါပဲ။ ဒါကြောင့် သဘောတရား (concept) ဆိုတာကို စိတ်ပိုင်းဆိုင်ရာ တည်ဆောက်ထားမှု(mental construct) အနေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုကြတာ ဖြစ်ပါတယ်။
လူတယောက် ရှင်သန်ဖြတ်သန်းနေရတဲ့ ကမ္ဘာလောကကြီးမှာ နိုင်ငံရေးသဘောတရား (political concept) များစွာက လွှမ်းမိုးထားပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ကျွန်းတကျွန်းမှာ တယောက်တည်း နေတာ မဟုတ်ဘူးဆိုရင်တော့ နိုင်ငံရေးသဘောတရားတွေရဲ့ လွှမ်းမိုးမှုနဲ့ ကင်းဝေးနေတဲ့ လူဆိုတာ မရှိနိုင်ပါဘူး။ လူမှာမွေးရာပါ အခွင့်အရေးရှိတယ်ဆိုတဲ့ အဆိုတရပ်ကို ကြည့်ခြင်းဖြင့် မွေးကင်းစ လူ့ဘ၀ကစပြီး လူ့အခွင့်အရေးဆိုတဲ့ နိုင်ငံရေးသဘောတရားက လွှမ်းမိုးထားပြီး ဖြစ်ပါတယ်။ မွေးစာရင်းမှတ်ပုံတင်ပြီ ဆိုတဲ့အခါမှာလဲ အုပ်ချုပ်ရေးအာဏာ ယန္တရားတခုမှာ မှတ်ပုံတင်ရတာ ဖြစ်တဲ့ အတွက် အာဏာဆိုတဲ့ နိုင်ငံရေးသဘောတရားက လွှမ်းမိုးထားပြီး ဖြစ်ပါတယ်။ ဒီလိုနဲ့ မွေးကင်းစ ကစပြီး၊ လူ့ဘ၀သက်တမ်းကုန်ချိန်အထိ နိုင်ငံရေးသဘောတရားတခုခုရဲ့ လွှမ်းမိုးမှုတွေကို လူသားတွေ ကြုံတွေ့ကြရပါတယ်။ အချို့နိုင်ငံရေးသဘောတရားတွေက သိသာထင်ရှားခြင်း မရှိပဲ၊ လေးလေး နက်နက် စဉ်းစားတွေးခေါ်ယူရပါတယ်။ အချို့နိုင်ငံရေး သဘောတရားတွေကျတော့ ထင်သာ မြင်သာ ရှိပါတယ်။ လူအများကြားမှာ ရေပန်းစားလေ့ရှိတဲ့ နိုင်ငံရေးသဘောတရားတွေကတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်မြောက်မှု (freedom) စတာတွေ ဖြစ်ပါတယ်။
အချို့သဘောတရားတွေကျတော့လဲ အချိန်အခါနဲ့အညီ ပြောင်းလဲမှုတွေ ရှိနေပြီး၊ ရှုပ်ထွေးမှုတွေ ရှိပါတယ်။ ဥပမာ- ဒီမိုကရေစီဆိုတဲ့ သဘောတရားကို လေ့လာထားတဲ့ စာအုပ်စာပေတွေ၊ ချဲ့ထွင် လေ့လာထားတဲ့ စာတမ်းတွေ၊ သဘောတရားနဲ့ လက်တွေ့အသုံးချမှု နှိုင်းယှဉ်လေ့လာချက် တွေဟာ ထောင်ပေါင်းများစွာ ရှိလာတာကြောင့် တစထက်တစ ကျယ်ပြန့်နက်နဲပြီး ရှုပ်ထွေးလာပါတယ်။ ဒီမိုကရေစီ လိုချင်တယ်လို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။ ဘာဒီမိုကရေစီဆိုတာက ပြန်လည် မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ အချို့က စစ်မှန်သောဒီမိုကရေစီလို့ ဆိုကြပါတယ်။ ဒီအခါမှာ စစ်မှန်သော ဒီမိုကရေစီဆိုတာ classical democracy ၊ protective democracy ၊ developmental democracy နဲ့ people's democracy တွေထဲက ဘာကို ဆိုလိုတာလဲ၊ ဘာကြောင့် စစ်မှန်တယ်လို့
သတ်မှတ်ရတာလဲဆိုတာ ပြန်လည်မေးခွန်းထုတ်ရမလို ဖြစ်လာပါတယ်။ ဒါက ဘာကို ညွန်ပြနေသလဲ ဆိုရင် နိုင်ငံရေးသဘောတရားတွေဟာ လူအမျိုးမျိုးအတွက် ခြားနားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဖြစ်နေစေတယ် ဆိုတာပါပဲ။
နိုင်ငံရေးသီအိုရီတွေကတော့ သဘောတရားတွေထက် ပိုပြီးကျယ်ပြန့်ပါတယ်။ အိုင်ဒီယာတခုတည်းကို အခြေမခံပဲ အိုင်ဒီယာတွေအများအပြား ပေါင်းစပ်ပါဝင်နေနိုင်ပါတယ်။ သီအိုရီတွေဟာ အချက်အလက် တွေကို စနစ်တကျလေ့လာဆန်းစစ်ပြီး၊ ယုံကြည်စိတ်ချဖွယ်ရာရှိသော ဗဟုသုတ (reliable knowledge) အဖြစ် ပြန်လည်တင်ပြထားချက်တွေ ဖြစ်ပါတယ်။ သီအိုရီဆိုရာမှာလဲ စနစ်များအားလေ့လာဆန်းစစ်ချက် (systems analysis)၊ ပြည်သူ့ရွေးချယ်မှုသီအိုရီ (public choice theory)၊ ဂိမ်းသီအိုရီစတဲ့ mircrotheories တွေ ရှိသလို၊ pluralism, elitism စတဲ့ macrotheories တွေလဲ ရှိပါတယ်။ ဒီသီအိုရီတွေကလဲ ပါရာဒိုင်းတခုခုရဲ့ assumptions နဲ့ beliefs တွေအပေါ်မှာ မြစ်ဖျားခံနေပါတယ်။ အများသိပြီးဖြစ်တဲ့ လစ်ဘရယ်ဝါဒ (liberalism)၊ မတ်စ်ဝါဒ (Marxism)၊ အမျိုးသမီးဝါဒ (Feminism) စတာတွေက ပါရာဒိုင်းတွေပဲ ဖြစ်ပါတယ်။
နိဂုံး
လူဆိုတာ နိုင်ငံရေးသတ္တ၀ါဖြစ်ပါတယ်။ မွေးဖွားစကနေ သေဆုံးချိန်အထိ လူ့ဘ၀ကို နိုင်ငံရေး သဘောတရားတွေက လွှမ်းမိုးထားပါတယ်။ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ ကွဲပြားခြားနားမှု (diversity) နဲ့ ရှားပါးမှု (scarcity) တွေကြောင့် နိုင်ငံရေးဆိုတာဟာ လူသားဖြစ်တည်မှုရဲ့ သွင်ပြင်လက္ခဏာအဖြစ် ဆက်လက်တည်ရှိနေဦးမှာလဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာကို လူအများက သိနားလည်ဖို့ လိုအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ political joke လေးတခုကို တင်ပြလိုပါတယ်။တခါက ကလေးငယ်တယောက်က သူ့အဖေကို မေးပါတယ်။ " နိုင်ငံရေးဆိုတာ ဘာလဲ" ဆိုပြီးတော့ပါ။ သူ့အဖေက ပြန်ဖြေလိုက်ပါတယ်။
"သားနားလည်အောင် ဒီလိုအဖေရှင်းပြမယ်။ အဖေက မိသားစုကို လုပ်ကိုင်ကျွေးမွေးသူဖြစ်တယ်။ ဒီတော့ အဖေက အရင်းရှင်စနစ် (capitalism) ပေါ့။ မင်းအမေကတော့ ငွေကြေးစီမံခန့်ခွဲသူဖြစ်တယ်။ ဒီတော့ သူ့ကို အစိုးရလို့ သတ်မှတ်ရအောင်။ မင်းရဲ့လိုအပ်ချက်တွေကို တို့က ဖြည့်ဆည်းပေးတယ်။ ဒီတော့ မင်းကို ပြည်သူလို့ သတ်မှတ်ရအောင်။ ကလေးထိန်း အမျိုးသမီးကိုတော့ အလုပ်သမား လူတန်းစား အနေနဲ့ စဉ်းစားကြည့်။ မင်းရဲ့ ညီငယ်လေးကတော့ ဘေဘီလေးဆိုတော့ အနာဂတ် ပေါ့ကွာ။ အဲလိုလေးစဉ်းစားလိုက်ရင် မင်းနားလည်လာမှာပါ" တဲ့။
ကလေးငယ်က သူ့အဖေပြောတာကို စဉ်းစားရင်း အိပ်ယာဝင်သွားခဲ့တယ်။
ညဥ့်နက်ပိုင်းရောက်တော့ သူ့ညီလေး ငိုနေတာကို သူကြားရတယ်။ ဒါနဲ့ သူ့ညီလေးကို သွားကြည့်တော့ ကလေးရဲ့ အနှီးထုပ်ထဲမှာ မစင်တွေအများကြီး ပြည့်နေတယ်။ ဒါကြောင့် သူ့မိဘအခန်းကို သွားကြည့် တော့ သူ့အမေက အိပ်မောကျနေတယ်။ အမေ့ကို မနှိုးချင်တာနဲ့ ကလေးထိန်းအခန်းကို ထပ်သွား ပါလေရော။ အခန်းတံခါးက ပိတ်ထားတာကြောင့်၊ တံခါးသော့ပေါက်လေးကနေ ချောင်းကြည့်တော့ သူ့အဖေက ကလေးထိန်းနဲ့ တူတူအိပ်နေတယ်။ ဒါနဲ့ပဲ သူလဲ လက်လျှော့ပြီး၊ အခန်းထဲကို ပြန်လာခဲ့တယ်။
နောက်နေ့ နံနက်ကျတော့ သူ့အဖေကို ပြောရှာတယ်။ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာ သားနားလည်သွားပြီ တဲ့။
အဖေက ချီးကျူးစကားဆိုပြီး၊ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို နားလည်သလို ပြန်ပြောပြခိုင်းတယ်။
အဲဒီမှာ ကလေးငယ် ပြောလိုက်တာက
" အရင်းရှင်စနစ်က အလုပ်သမားလူတန်းစားကို အမြတ်ထုတ်နေတယ်။ အဲဒီအချိန်မှာ အစိုးရက အိပ်ပျော်နေတယ်။ ပြည်သူတွေက လျစ်လျူရှူခံထားရပြီး၊ အနာဂတ်ကတော့ ညစ်ပတ်နေ တာဘဲ" တဲ့။
ပြီးပါပြီ။
ခင်မမမျိုး (၂၀၊ ၉၊ ၂၀၁၂)
ရည်ညွှန်းကိုးကား။ ။
Aristotle (1962[350BC]) The Politics, Middlesex, Penguin Books
Bentham, J. (1789) An Introduction to the Principles of Morals and Legislation, Oxford, Clarendon Press
Crick, B. (2000) In Defence of Politics, Harmondsworth and New York, Penguin
Ferns, H.S. & Watkins, K. W. (1985) 'Politics is about People' in What Politics is about, London, Sherwood
ံHeywood, A. (2007) Politics, 3rd edition, London, Palgrave Macmillan
Leftwich, A. (ed.) (2004) What is Politics? The Activity and Its Study, Cambridge, Polity Press
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
ကလောင်အမည်-ခင်မမမျိုး
မွေးဖွားရာဇာတိ-တောင်ကြီးမြို့၊ မြန်မာနိုင်ငံ
လက်ရှိနေရပ်-အဘာဒင်းမြို့၊ ယူကေနိုင်ငံ
ပညာအရည်အချင်း-နိုင်ငံရေးနှင့် အစိုးရရေးရာ ဒီပလိုမာ၊ နိုင်ငံတကာလေ့လာရေး ဘီအေဂုဏ်ထူးဘွဲ့၊
နိုင်ငံရေးဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊
စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊
နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့။
လက်ရှိ-နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသူ၊ ဘုရင့်ကောလိပ်
အဘာဒင်းတက္ကသိုလ်။
တွဲဖက်သုတေသီ၊ ကောဘက်စင်တာ၊
စစ်ဦးစီး တက္ကသိုလ်။
ပရော်ဖက်ရှင်နယ်အဖွဲ့ဝင်-နိုင်ငံတကာ လုံခြုံရေးအဖွဲ့၊ နိုင်ငံတကာ လေ့လာရေးအသင်း၊ အမေရိကန်ပြည်ထောင်စု။
လုံခြုံရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့၊ နိုင်ငံရေးရာ လေ့လာရေးအသင်း၊ ဗြိတိန်နိုင်ငံ။
အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေး ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အစည်းအရုံး၊ အမေရိကန် ပြည်ထောင်စု။
ယဉ်ကျေးမှုရေးရာ သံတမန်သိပ္ပံ၊ ဂျာမဏီ။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: