အသဲရောင် အသားဝါ ဘီပိုးနှင့် ပါတ်သက်၍ - - -

ဘီ) ပိုးဆိုတာ (HBV) ဗိုင်းရပ်စ်ပိုးကို ခေါ်ကြတာပါ။ သူ့ကြောင့်ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသဲ ကူးစက်ရောဂါ အပြင်းစားဖြစ်တယ်။ သမိုင်းကြောင်းပါ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါအသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တနည်းနည်းနဲ့ ရောက်လာပြီး၊ ကိုယ်ထဲက အရည်တွေထဲထိ ဝင်လာတာဖြစ်တယ်။ တကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက် ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်။ “နူရာ ဝဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက မှာ ပိုဖြစ်နေပါတယ်။

ဘယ်လိုလုပ် ကူးသလဲမေးရင် AIDS နဲ့ အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် လက်အိတ် မသုံးတာ)၊ ပိုးသန့် မထားတဲ့ ဆေးထိုးအပ် သုံးတာ၊ အကာကွယ်မဲ့ (ကွန်ဒွန် မသုံးဘဲ) လိင်ဆက်ဆံတာ၊ ကိုယ်မှာရှိတဲ့ အရည် မှန်သမျှမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာ ဖြစ်တယ်။ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးဆီ ကူးတာတွေ ဖြစ်တယ်။ အမေ့သွေးဟာ အချင်း-ချက်ကြိုးကနေ ကလေးဆီ ရောက်ရတာ မဟုတ်လား။

အသေးစိတ် ပြောရရင် လှချင်တဲ့ မိန်းကလေးများ မင်္ဂလာဆောင်သွားမှာမို့ နားကပ် လဲဝတ်တာ၊ ခပ်ပျင်းပျင်း ယောက်ျားလေးများ နုတ်ခမ်းမွှေး ရိတ်တဲ့ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ်၊ ရှယ်တာ။ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်က တခါသုံးဒါး မသုံးရင်လဲ ကူးနိုင်တယ်။ ဆွဲဆောင်မှု ရှိချင်လွန်းလို့ (တက်တူး) အရုပ် ထိုးသူတွေ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်သူတွေ။

ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ ပိုးရှိနေသူက ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲ လမ်းလျောက်လဲ မကူးပါ၊ နှာခြေ၊ ချောင်ဆိုးတာနဲ့ မကူးပါ။ အတူတူ ခြင်ကိုက်လဲ မကူးဘူး။ တဲအိုပျက်မှာ၊ ရွှေဘုံပေါ်မှာ အတူနေတာနဲ့လဲ မကူးပါခင်ဗျား။

ဒီပိုးဝင်လာရင် တခြားပိုးတွေ ဝင်လာတဲ့အခါ လုပ်သလို ခန္ဓာကိုယ်က ခံပြီးတိုက်ထုတ်ပါတယ်။ ကိုယ်က နိုင်ရင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားရော။ ဘာလို့လဲဆိုတော့ (အင်တီဘော်ဒီ) လို့ခေါ်တဲ့ ခံနိုင်စွမ်း (အတွင်းအား ပေါ့ဗျာ) ရလာလို့ပါ။ နောက်ထပ် (ဘီ) ပိုးဝင်လာရင် ဒီဓါတ်ကနေ ပြန်တိုက်ပြစ်ပါမယ်။
  
ဝတ္ထုဇာတ်ကြောင်း ရေးသလို တက်လိုက်-ကျလိုက် ပြောပြရတော့မှာဘဲ။ ၆ လကြာလို့ ကိုယ်ကမနိုင်ရင်တော့ နာတာရှည် အသဲရောဂါ ဖြစ်ပါပြီ။ စိတ်သက်သာရဘို့ တခုကတော့ ၉ဝ% သော ကျန်းမာတဲ့ လူကြီးတွေဟာ နာတာရှည် ဖြစ်မသွားကြဘူး။ ကလေးတွေက ကံမကောင်းကြပါ။ ငယ်လေ မခံနိုင်လေ၊ သိပ်ငယ်လို့ကတော့ ၉ဝ% မခံနိုင်ကြပါ။ နာတာရှည် ဖြစ်တိုင်းလဲ လူက လူကောင်းလို အကြာကြီး နေနိုင်ပါတယ်။ နေနိုင်တယ်ဆိုပြီး ပေါ့လို့တော့ မရပါ။ ရောဂါ လက္ခဏာသာ မရှိတာ ပိုးက အသဲကို တစစနဲ့ ဖျက်ဆီးနေပါပြီ။

သူ့ကြောင့် အသဲခြောက်ရောဂါ၊ ဒါမှမဟုတ် အသဲကင်ဆာ ဆက်ဖြစ်တတ်လို့ ဆိုးလွန်းပါတယ်။ အသဲက လိုသလောက် မလုပ်နိုင်တော့ချိန် ရောက်ရင်တော့ သေရတော့မှာပါ။

အသဲဆိုတာ အတော်အလုပ်လုပ်တဲ့ အင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့ အစာထဲက အဆီ နဲ့ ဆီတွေကို အစာခြေပေးတယ်။ ဒီလိုလုပ်နိုင်ဘို့ (ဘိုင်းလ်) အစာခြေအရည် ထုတ်ပေးတယ်။ စိမ်းစိမ်း၊ နက်နက်၊ ခါးခါး အရည်ကို ပြောတာပါ။ တနေ့တာ စားတာနဲ့ သုံးတာထဲက ပိုတဲ့ အား(အင်နာဂျီ)ကို သိုလှောင်ပေးထားတယ်။ အစာတို့ ဆေးတို့ထဲမှာ အဆိပ်အတောက် ပါလာရင်လဲ ဖယ်ရှားပေးတယ်။ နောက်ပြီး (ကိုလက်စတီရော)၊ သွေးခဲစေတဲ့ပစ္စည်း၊ ပရိုတင်းတွေကိုလဲ ထုတ်လုပ် ပေးပါသေးတယ်။ ဒီလို များလွန်းတဲ့ အလုပ်တွေ ၂ ရက်လောက် အလုပ်မလုပ်တော့ရင် လူဟာ သေရတော့မှာပါ။ အသဲအသက် ၂ ရက်၊ ဇာတ်နာပြီပေါ့ဗျာ။ စိတ်ဓါတ် မကျပါနဲ့ ဇာတ်လိုက်သေတဲ့ ဇာတ်ကား ရှားပါတယ်။

(ဘီ)ပိုး စဝင်လာချိန်မှာ တုပ်ကွေးလိုဘဲ နဲနဲဖျား၊ ကိုက်ခဲ၊ အစာမစားချင် ဆိုတာလောက်သာ ခံစားရပါတယ်။ ရှာရှားပါးပါး ဆိုပါစို့ ၁% လောက်သာ မျက်စိဝါ၊ ဆီးဝါ၊ အန်ချင် ဆိုတဲ့ ခပ်ပြင်းပြင်း ခံစားရတတ်ပါတယ်။

သွေးစစ်ရင် အဖြေ ၃ မျိုးထွက်နိုင်ပါတယ်။
• HBsAb တွေ့ရင် ဒီလူ ကံကောင်းတယ်။ ခံနိုင်အားရှိနေပြီ။ သူများကိုလဲ မကူး၊ ကာကွယ်ဆေးလဲ မလိုဘူး။
• HBsAg တွေ့ရင် သွေးထဲမှာ ပိုးရှိနေပြီ။ ၆ လကြာရင် တခါထပ်စစ်ပါ။ ရောဂါပြီးသွားတာ ဖြစ်လာနိုင်ပါတယ်။
• HBcAb တွေ့တယ် ဆိုရင်တော့ ကူးစက်ခံနေရပြီမို့ အသဲအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။

ဆရာဝန်ဆီရောက်ပြန်တော့ တချို့က ဆေးကုပေးဘို့ မလိုပါ။ ၆ လတခါ ၁ နှစ်တခါတော့ ပြန်ပြပါ။ ဆရာဝန်က အနားခိုင်းမယ်။ အစာကောင်းကောင်း စားခိုင်းမယ်။ အဆီနဲရင် ပိုကောင်းပါတယ်။ အဆီချက်မဲ့စက်က ပျက်နေ မဟုတ်လား။ ရေများများ သောက်ခိုင်းမယ်။ ဆေးလိပ်၊ အရက် ဖြတ်ခိုင်းမယ်။ (အေ) ကာကွယ်ဆေး ထိုးခိုင်းမယ်။ တခြားနေမကောင်း ထိုင်မသာဖြစ်ရင် ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဘို့ သင့်ပါတယ်။ သိတဲ့အတိုင်း ဆေးမှန်သမျှ တိုင်းရင်းဆေးဖြစ်ဖြစ် မကောင်းကျိုးဆိုတာ ရှိတယ်။ မကောင်းတာ မှန်သမျှ ခြေဖျက်ပေးမဲ့ အသဲက မကောင်းဘူး မဟုတ်ပါလား။

(ဘီ)ပိုးဟာ HIV ထက် အဆ ၁ဝဝ ပိုပြီး ကူးစက်တတ်လို့ သိထားရပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးကို အားကိုးကြပါ။ ကာကွယ်ဆေးကို ၃ ကြိမ် ၃ ခါတိတိ ထိုးရပါမယ်။ ပဌမတခါထိုးပြီး နောက် ၁ လမှာ ဒုတိယ၊ နောက် ၅ လ မှာ တတိယ။

မွေးစကနေ အသက် ၁၈ နှစ်အောက်တွေကို ကာကွယ်ဆေး သေခြာပေါက် ထိုးပေးသင့်ပါတယ်။ လူကြီးတွေထဲက ဆိုရင် ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်သူတွေ၊ ထောင်မှာ အလုပ်လုပ်သူနဲ့ ထောင်ကျသူတွေ၊ မူးယစ်ထိုးဆေး သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေ၊ ကျား-မ ဆက်ဆံဘက်များသူတွေ၊ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်ရသူတွေ၊ မိသားစုအတူနေထဲက တယောက် ယောက်မှာ ပိုးရှိနေရင်၊ ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်က ပိုးရှိနေရင် ကလေးကို မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ HBIG ဆိုတဲ့ဆေး ထိုးပါလေ။ ပိုးဝင်ပြီးသူများကတော့ ကာကွယ်ဆေး မထူးတော့ပါ။

(ဘီ)ပိုး ရှိသူကို ဆေးပေးတာဟာ အသဲခြောက်တာနဲ့ ကင်ဆာအဆင့် ရောက်မသွားဘို့သာ ရည်ရွယ်နိုင်တာပါ။ ရိုးရိုးသားသား ပြောရရင် ပျောက်သွားအောင် ကုတဲ့ဆေး မရှိသေးပါ။ အသဲခြောက်တာ ဆိုရင်တော့ လုပ်ပေး နိုင်တာက အသဲအစားထိုးပေးတာပါဘဲ။ သိတဲ့အတိုင်း ဒီလိုလုပ်တာဟာ အင်မတန် ကရိကထများ၊ ငွေကုန် ကြေးကျများ၊ ရာသက်ပန် လူနာဘဝ ရောက်သွားရတာမျိုးပါ။

အသဲကင်ဆာကတော့ ရောဂါနာမယ်တပ်ပြီး ၆ လ ထက် အသက်မရှည်ပါ။ ဒီလိုရေးတာက အတွေ့အကြုံအရ ရေးလိုက်တာပါ။ ဆေးကုသက်က အခုဆို အနှစ် ၃ဝ တော့ ကျော်ပြီပေါ့။ နေရာဒေသလဲ စုံတယ်ပေါ့။ အသဲကင်ဆာ လူနာကတော့ ၁ဝဝ မကျော်ပါ။ ကျွန်တော်သိတဲ့ အသဲကင်ဆာ လူနာတွေထဲမယ် ဆင်းရဲတဲ့လူရော၊ ချမ်းသာသူရော၊ ဆရာဝန်ရော ပါတယ်။ သုတေသန တခုဆိုတာ ဒီလောက်နဲ့ မရပါ။ သေခြောတာက ယောက်ျားက လုံးဝအများစု ဖြစ်တယ်။ ကုသကြတာကလဲ တိုင်းပြည် ၃ ခု(မြန်မာပြည်၊ အိန္ဒိယ နဲ့ ထိုင်း) တွေမှာဖြစ်ပေမဲ့ အားလုံး ၅ နှစ်မခံကြပါ။

သုတေသန စာတွေကို လေ့လာရင် အများကြီးနဲ့ အမျိုးမျိုး တွေ့ပါမယ်။ ၅ နှစ်မက ခံသူတွေ ရှိပါသတဲ့။ ဒါပေမဲ့ “အသဲကင်ဆာ ကုသရေး” ဆိုတာ “ဘီလျံဒေါ်လာ စီးပွါးရေး”ဖြစ်ပါတယ်။ စီးပွါးရေးသမားတွေက အင်မတန် ကြော်ညာ ကောင်းကြတာကလား။

အသဲကောင်းကြပါစေ။
တင့်ဆွေ
၂၇-၈-ဝ၉

August 30, 2009 11:48 AM
ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မည်သည့်ပြင်ဆင်မူ့များ ပြုလုပ်သင့်ပါသနည်း။ ကာကွယ်ဆေး ၃ကြိမ်ထိုးတာနှင့် လုံလောက်ပါသလား သိပါရစေခင်ဗျာ။

• ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မိမိကိုယ်မိမိ ဘီပိုးရှိ-မရှိ စစ်ပါ။
• ရှိနေသူကလဲ ၆ လတခါ ဆရာဝန်ပြပါ။
• လက်ထပ်မဲ့သူဟာ ဘယ်အရွယ်ရှိနေနေ Hepatitis B vaccine ဘီပိုးကာကွယ်ဆေးထိုးပါ။ (အများအားဖြင့် အသက် ၁၈ နှစ်အောက်တွေကိုသာ ကာကွယ်ဆေး ထိုးခိုင်းတာပါ။)
• ကြီးသူတွေကို ကာကွယ်ဆေးထိုးရင် ပဌမတခါနဲ့ ဒုတိယတခါကို ၁ လ ခြားပြီး၊ တတိယတခါကို နောက်ထပ် ၂ လကနေ ၅ လခြားထိုးနိုင်တယ်။ ပေါင်း ၃ ခါ။ တချို့ကလည်း ၁၂ လခြားပြီး၊ စတုတ္ထတခါ ထိုးခိုင်းတတ်တယ်။
• သွေးစစ်ရာမှာ (anti-HBs at least 10 mIU/mL) ရှိနေသူဟာ ကာကွယ်ပြီးဖြစ်နေပြီလို့ သိနိုင်ပါတယ်။
• အတူနေရင် ကွန်ဒွန်သုံးပါ။
• (ကွန်ဒွမ်) မသုံးမိလို့ဖြစ်ဖြစ်၊ ကလေးရချင်လို့ (ကွန်ဒွမ်) မသုံးတာဖြစ်ဖြစ်၊ Hepatitis B immune globulin (HBIG) ဆေးထိုးလိုက်ပါ။ ဒီဆေးက ကာကွယ်ဆေး မဟုတ်ပါ။ ဘီပိုးကို ပြန်တိုက်ဖျက်ပြစ်မဲ့ဆေး ဖြစ်ပါတယ်။ ၂ ပါတ် အတွင်း၊ အကောင်းဆုံးကတော့ ၂၄ နာရီအတွင်း (HBIG) IM 0.06 mL/kg ထိုးပါ။
• အရင်က ကာကွယ်ဆေး ထိုးမထားသူဆိုရင် (HBIG)ကို နောက် ၁ လနေရင် တခါထပ်ထိုးပါ။
• ဘီပိုးရှိသူက အမျိုးသမီးဖြစ်နေရင် မွေးဖွါးလာမဲ့ကလေးတိုင်းကို မွေးမွေးချင်း သို့မဟုတ် ၁၂ နာရီအတွင်း ဘီပိုးကာကွယ်ဆေးနဲ့ ကုသဆေး (HBIG) IM 0.5 mL ဆေးထိုးပါ။
• ကာကွယ်ဆေးနဲ့ ကုသဆေးကို တင်ပါးတဖက်စီမှာ တရက်တည်း ထိုးလို့ရပါတယ်။
• ဘီပိုးကာကွယ်ဆေး Hepatitis B vaccine ကို ကလေး မွေးမွေးချင်း ၁ ခါ၊ နောက် ၁ လ တခါနဲ့ ၆ လတခါ၊ ပေါင်း ၃ ခါ ထိုးရပါမယ်။
• တအိမ်သားလုံး သွားတိုက်တံ၊ ရေဇာ၊ အပ် သီးခြားစီ သုံးပါ။
• ပိုးရှိသူရဲ့ သွေးထွက်တာ၊ အန်တာ၊ ကိုယ်ကထွက်တဲ့အရည်မှန်သမျှကို ဘယ်တော့မှ လက်နဲ့မထိပါနဲ့။
• အိမ်မှာ ပိုးသန့်ဆေး တမျိုးမျိုး အမြဲဆောင်ထားပါ။ ဥပမာ ရေ ၁ ကွာတထဲမှာ အဝတ်ချွတ်ဆေး ခေါ်တဲ့ Bleaching powder မှုံ့ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ (၁ဝ ဆ ၁ ဆ) ဖျော်တာကို သွေး၊ အန်ဖတ်၊ ကိုယ်ကထွက်တဲ့ အရည်မှန်သမျှကို သန့်ရှင်းရေးလုပ်ဘို့ သုံးပါ။
• ထိခိုက်မိတိုင်း ပတ်တီး စည်းထားပါ။ လက်အိတ်သုံးပါ။
• ရေခွက်၊ ထမင်း-ဟင်းပန်းကန်ခွက်ယောက် အတူသုံးနိုင်ပါတယ်။
• ပိုးက သွေးနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေဖြစ်တဲ့ အစာခြေရည် (အန်ဖတ်)၊ ယောက်ျား-မိန်းမကိုယ် အရည် (မဆက်ဆံမီ နှင့် ဆန္ဒပြည့်ဝအပြီး) တွေမှာ ပါနေတာပါ။ ဒါတွေကလွဲရင် မပါပါ။
• အသားချင်းထိယုံနဲ့ ဘာမှမဖြစ်ပါ။ နုတ်ခမ်းစုပ်တာနဲ့ပတ်သက်လို့ သွားရည်မှာတော့ ပိုးပါနိုင်ပေမဲ့ အထောက်အထား မရှိသေးပါ။
• အလားတူ (အိုရယ်-ဆက်က်စ်) ကလဲ အတူတူလို့ ဆရာ့ဆရာတွေက ဆိုပါတယ်။
• ဖခင်က ပိုးရှိနေပေမဲ့ ကလေးကို မိခင်ကနေကူးနည်းမျိုးနဲ့ ဖခင်ကနေမကူးပါ။

Dr. တင့်ဆွေ
၃၁-၈-ဝ၉


ဆရာခင်ဗျား Anti-hepatitis Be antibody (Anti-HBe) ကြောင်းကို သိချင်လို့ အသေးစိတ် ရှင်းပြပေးစေချင်ပါတယ်။ ကျွန်တော့်မှာ 4 .50 ရှိတယ်လို့ ပြောပါတယ်။ ဒီအကြောင်းကို အသေးစိတ် ရှင်းပြပေးစေချင်ပါတယ် ခင်ဗျား။

Hepatitis B Virus ကို ခေါ်တာတွေ အမျိုးမျိုးရှိတယ်။ ဆရာဝန်တွေတောင် ခေါင်းရှုတ်ရတာပေါ့ဗျာ။ HBV; Hep B; anti-HBs; Hepatitis B surface antibody; HBsAg; Hepatitis B surface antigen; HBeAg; Hepatitis B e antigen; anti-HBc; Hepatitis B core antibody; anti-HBc, IgM; anti-HBe; Hepatitis B e antibody; HBV DNA တဲ့၊ ခေါင်းထဲ ထည့်ထားလို့တောင် မရနိုင်ဘူး။

ဘီပိုးကို စမ်းနည်းတွေက မတူကြလို့ နာမယ်လဲ ကွဲလွဲနေတာပါ။ တမျိုးက Antibodies (အင်တီဘော်ဒီ) ဆိုတဲ့ ခံတိုက်နိုင်စွမ်းကို စမ်းတယ်။ တမျိုးက ပိုးကနေထုတ်တဲ့ Antigens (အင်တီဂျင်) ကို စမ်းတာ။ နောက်တမျိုးက DNA ကို စမ်းတာပါ။

(အင်တီဂျင်) ဆိုတာက ရန်သူတပ်သား၊ များတာမကောင်း၊ (အင်တီဘော်ဒီ) ဆိုတာက ကိုယ့်တပ်သား၊ များတာကောင်းလို့ မှတ်ပါဗျား။ Acute လတ်တလော-ရက်တိုရောဂါ ရှိ-မရှိနဲ့ Chronic နာတာရှည်-ရက်ရှည် ဒါမှမဟုတ် Carrier ရောဂါသယ်ပေးသူ ဖြစ်-မဖြစ်ကို စမ်းရတာတွေပါ။

(HBsAg), (anti-HBc), IgM နဲ့ (HBeAg) တို့က Acute hepatitis B infection ရက်တိုရောဂါ ရှိ-မရှိ စမ်းတာ ဖြစ်တယ်။
HBsAg, (HBV) DNA နဲ့ HBeAg က chronic HBV hepatitis ရှိ-မရှိ စမ်းတာ ဖြစ်တယ်။
HBsAg, (HBeAg), (anti-HBs) IgG, (anti-HBe) IgG နဲ့ HBV DNA တို့က chronic hepatitis B infection ရက်ရှည် ဖြစ်နေတာကို ဆေးကုသနေတုံး စောင့်ကြည့်ဘို့ စမ်းတာတွေပါ။
(anti-HBc) total နဲ့ anti-HBs ဆိုတာကတော့ အရင် ဘီပိုးရှိဘူးသူဟာ ခံနိုင်ရည်ရှိနေရာကနေ ပြန်ဖြစ်နိုင်-မဖြစ်နိုင်ကို သိဘို့ ဖြစ်တယ်။

မေးထားတဲ့ Anti-hepatitis Be antibody (Anti-HBe) စမ်းသပ်တာကတော့ hepatitis Be antigen ဆိုတဲ့ ဘီပိုးကနေ ထုတ်နေတဲ့ (အင်တီဂျင်) ကို ဘယ်လောက် တုံ့ပြန်နိုင်စွမ်း ရှိသလဲဆိုတာကို သိဘို့ Antibody (အင်တီဘော်ဒီ) ထုတ်လုပ်နိုင်တာကို စမ်းတာဖြစ်တယ်။

ဒီစမ်းသပ်မှုကြောင့် -
(၁) ရက်တို ဘီပိုး ကူးစက်ခံရပြီး၊ ပြန်လည်နလန်ထလာသူတွေမှာ anti-HBe ဟာ anti-HBc နဲ့ anti-HBs တို့နဲ့အတူ ရှိနေမယ်။
(၂) ရက်ရှည် ဘီပိုးရှိသူတွေမှာဆိုရင် anti-HBe ကိုကြည့်ပြီး ရောဂါအခြေအနေနဲ့ ကုသမှု ထိရောက်ပုံကို သိနိုင်စေတယ်။

Dr. တင့်ဆွေ
၂ဝ-၄-၂ဝ၁ဝ

Mar 18, 2010 at 9:57 PM
ဆရာရှင့် ချွေးကရော ကူးတတ်ပါသလားရှင်၊ ခုဆို ကျမအကိုတစ်ယောက်လဲ ဖြစ်လာပြီမို့ သံသယရှိပြီး၊ အကုန်လုံး အတွက် စိတ်ပူလို့ပါ။ ကျမအကိုမှာ ရှိနေပြီမှန်း ခုရက်ပိုင်းကမှသိလို့ အလွန်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ တမိသားစုလုံး အတွက်လဲ စိတ်ပူမိပါတယ်။ အဲဒိ ဘီပိုးက ဆေးသောက်ရင်ရော မပျောက်နိုင်တော့ဘူးလားရှင်။ ကျမတို့ မောင်နှမ ဒီိလို မပျောက်တော့ဘဲ တသက်လုံးသွားတော့မှာလား မသိပါ။ ကျမ ကူးခံခဲ့တဲ့နည်းလမ်းကတော့ လွန်ခဲ့တဲ့ ၃နှစ်က ခွဲစိတ်မှုတခု ခံယူခဲ့ဖူးတော့ အဲဒိကလို့ ထင်မိပါတယ်။ ဒါကထင်မြင်ချက်ပါ။ ကျမအကိုကတော့ အကုန် ကင်းရှင်းရက်နဲ့ သူပါဖြစ်လာတယ်ဆိုတော့ ချွေးကလို့ထင်မိလို့ပါရှင်။ ကျမရ့ပိုးကောင်ရေကိုစစ်ကြည့်တော့ ၁၅၄ဝ ရှိပါတယ်။ သောက်နေတဲ့ ဆေးတွေကတော့ Zincovit မနက်တလုံး။ Natural Assets (formula for liver) မနက်တလုံး ညတလုံး။ Liv-up မနက် ၁ လုံး ည ၁ လုံးပါ။ ပျောက်နိုင်မလားသိချင်လို့ပါ။ သူများတွေ အပြောအရ ဘယ်တော့မှ မပျောက်တော့ဘဲ ပိုးကောင်ရေမတိုးအောင်သာ ထိန်းပေးတယ်လို့ သိရလို့ပါ။ ကျမရဲ့ result ကတော့
Tests Result Reference Unit remarks
SGPT (ALT) 23 9-52 U/L Normal
SGOT (AST) 21 14-36 U/L Normal
Alpha-Foetoprotein 5.98 <7.22 IU/mL Normal HBsAg 5270 <1.0 NS Reactive Anti-HCV 0.04 < 1.0 NS Negative HBeAg Negative - +/- - Anti-HBe Positive - +/- -

A: ဘီပိုးဟာ ချွေးကနေ ကူးတယ်လို့ရေးတာ မရှိသေးပါ။ အစားအသောက်၊ ရေ၊ အလုပ်စခန်းတွေကနေလဲ မကူးပါ။ လက်ဆွဲနုတ်ဆက်တာ၊ ရင်ချင်းအပ်နုတ်ဆက်တာ၊ ကလေးနို့တိုက်တာ၊ နှာခြေ-ချောင်းဆိုးတာကနေလဲ မကူးပါ။ စိတ်သိပ်မပူပါနဲ့။ ၉ဝ-၉၅% က နာတာရှည်အထိ မရောက်ကြပါ။ လူထက်ဝက်မှာ ရောဂါလက္ခဏာတောင် မပေါ်ပါ။ ပိုးရှိနေသူရဲ့ သွေး နဲ့ (လိင်ဆက်ဆံစဉ်၊ ကလေးဖွါးစဉ်ထွက်တဲ့) အရည်က တခြားလူရဲ့ သွေးထဲကို တနည်းနည်းနဲ့ ဝင်မှ ကူးပါတယ်။ လက်ခံသူမှာ မျက်စိနဲ့မမြင်အောင် သေးငယ်တဲ့ အပွန်း-အရှ-အနာ ကနေပါ ဝင်နိုင်တယ်။ ဆရာတို့ဆေးနည်းအပြင် အာယုဗေဒနည်း၊ ဟိုမီယိုပက်သစ်နည်းတွေကလည်း Chronic Hepatitis ရောဂါဖြစ်လာတာကို ထိန်းပေးနိုင်တဲ့ အဆင့်သာ ရှိတယ်။ သုတေသနတွေ အများကြီးလုပ်နေကြတယ်။ ကံထမ်းလာတာမမြင်ရဆိုတာလဲ ရှိတယ် မဟုတ်လား။ ဆရာ့ဆေးခန်းမှာ ကိုယ်ဝန်လာပြနေတဲ့ မိန်းကလေးမှာ သူ့ခင်ပွန်းက ပိုးရှိနေတယ်။ သူ့ကို အခုထိ မကူးသေးပါ။ အသဲအားဆေးကို ပုံမှန်သောက်ပါ။ အသဲကို ထိခိုက်မှာတွေ ရှောင်ပါ။ မိန်းကလေးများက ပိုလွယ်ပါတယ်။ စိတ်ဖိစည်းခံရမှု မဖြစ်အောင် ကျိုးစားပါ။

ဆရာရေးသားတဲ့ Hepatitis B ဘီ ပိုး ဆိုတဲ့ ပို့စ်ကို ဖတ်အပြီးမှာ သိချင်တာလေးတွေ ရှိလာလို့ မေးခွင့်ပြုပါရှင့်။ ကျမရဲ့ အသည်းရောင် အသားဝါ ဘီပိုးဟာ သွေးထဲမှာ ရှိနေဆဲမို့ မနိုင်တော့ဘူးလို့ ပြောလို့ရပါသလားရှင်။

အဲဒီအဖြေ ၃ ခုထဲမှာ ကျမရဲ့အဆင့်က နံပါတ် ၂ ပါရှင့်/ ABsAg သွေးထဲမှာပိုးရှိတဲ့အဆင့်မို့ အသဲခြောက် နှင့် ကင်ဆာ အဆင့်သို့ ကူးနိုင်-မကူးနိုင် သိလိုပါတယ်ရှင်။ ပြီးတော့ ကျမနားမလည်တာလေးကို ပြောပြပေးဖို့ တောင်းဆို လိုပါတယ်ရှင်။ Result မှာ Reactive လို့ ရေးထားပါတယ်။ နောက်ပြီး ရောဂါပြီးသွားတာ ဖြစ်လာနိုင်တယ် ဆိုတာကို သိလိုတာပါရှင့်။ အဲဒါလေးကို ပြောပြပေးဖို့ အားကိုးတကြီး တောင်းဆိုပါတယ် ဆရာရှင့်။

ကျမရဲ့ Result တွေကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်ရှင့်။ ကျမက ပြည်ပရောက်နေသူမို့ ၆ လ တကြိမ် ဆရာဝန်မပြနိုင်လို့ ၁ နှစ်တကြိမ် မြန်မာပြည် ပြန်တိုင်းတော့ ပြပါတယ်။ ဒါကြောင့် သိသင့် သိထိုက်တာတွေ ရှင်းပြပေးတဲ့ ဆရာ့ကို အရမ်းကို လေးစား မေတ္တာပို့မိပါတယ်ရှင့်။ ဆရာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

HBeAg negative နဲ့ anti-HBe positive ဖြစ်သူတွေကို Hepatitis B carriers လို့ ခေါ်တယ်။ ရောဂါပိုးကို သယ်ဆောင် နေသူများ ဖြစ်တယ်။ သူတို့ဟာ low grade of viral activity and infectivity ဗိုင်းရပ်စ် အနည်းငယ် တက်ကြွနေပြီး၊ ကူးစက်နိုင်မှုလည်း အနည်းငယ်ရှိကြတယ်။ HBeAg positive and Anti HBe negative တွေကတော့ high grade of viral activity and infectivity တက်ကြွမှု နဲ့ ကူးစက်နိုင်မှုက ပိုးများရင် များသလောက် ပိုများကြတယ်။

HBeAg-negative/HBV-DNA-positive တွေက နာတာရှည် chronic hepatitis B (pre-core mutant) ခေါ်တယ်။ 12-month course of lamivudine monotherapy ဆေးတမျိုးထဲကို ၁၂ လ ကုသရင် ဆေးကုနေတုံးမှာ အားရစရာ ကောင်းတဲ့ ရလဒ်တွေ ရတယ်။ ဆေးမရှိချိန်မှာတော့ ပြန်ပေါ်တတ်တဲ့ သဘောကြောင့် အဲလောက် မကောင်းပါ။ ဒါ့ကြောင့် ကြာရှည်ဆေးကုသမှု long-term therapy with lamivudine ကို လုပ်သင့်တယ်။ viral replication ဗိုင်းရပ်စ် ဆင်တူဖြစ်မှု နဲ့ control liver disease အသဲရောဂါ မဖြစ်စေအာင် ဖြစ်တယ်။

တခုရှိပြန်တာက လူနာအတော်များများမှာ ဆေးပြီးလာတတ်တယ်။ ဒါ့ကြောင့် အဲလိုလူနာတွေကို combining lamivudine with interferon ဆေး ၂ မျိုးတွဲပေးတယ်။ အသဲလဲရသူတွေမှာ lamivudine ဆေးပြီးသူတွေကို Adefovir ဆေးပေးတယ်။ interferon ကို တချို့နိုင်ငံတွေမှာ ရပ်ထားလိုက်တာမို့ lamivudine ကသာ အားကိုးစရာဖြစ်နေတယ်။ ပဌမ အကြော့မှာ lamivudine ပေးတာ အလုပ် မဖြစ်သူတွေကို ဒုတိယတကြိမ် ထပ်ပေးကြည့်တယ်။

လူနာ စိတ်မရှုတ်အောင်ပြောရရင် ဒီရောဂါကို ဆရာဝန်တွေ အပူတပြင်း စမ်းသပ်-ကုသမှုတွေ လုပ်နေကြပါတယ်။ တိတိကျကျ အဆင့်ထိ မရောက်သေးပါ။ ရောက်လာစရာရှိပါတယ်။

ဗိုင်းရပ်စ် ဆိုတာ ဘယ်အမျိုးအစားကိုမှ ဆရာဝန်တွေ မနိုင်သေးပါ။ အသဲအလုပ်မလုပ်နိုင်တာ၊ အသဲခြောက် နဲ့ ကင်ဆာ ဖြစ်လာ-မလာ ဆရာ အတိအကျ မပြောနိုင်ပါ။ ဒီပိုးရှိမနေသူတွေထက် အဆများပြီး ဖြစ်သွားစေတတ်တယ်လို့ ဆိုတာ သေချာတယ်။ ဘယ် % လို့ ပြောရတာလည်း နေရာ၊ လူ၊ အခြေအနေတွေ မတူရင် မတူဘူး။ သုတေသနတွေက သူများ တိုင်းပြည်တွေက ကိန်းဂဏန်းတွေမို့ ကိုယ့်လူမျိုးတွေအတွက် ဟုတ်ချင်မှ ဟုတ်နိုင်တယ်။

ဆရာလက်လှမ်းမီတဲ့ မြန်မာပြည်က သုတေသန စာတမ်းတခုအရ (HBsAg) carrier လူထုထဲမှာ 10-12% နှုံးရှိတယ်။ သူတို့ထဲက 25% က နာတာရှည် အသဲရောဂါဖြစ်ဘို့ 200 ဆ ပိုတယ်ဆိုတာ ဖတ်ရတယ်။ သုတေသနဆိုတာ ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်လေ တိကျလေဘဲ။

တတ်နိုင်သလောက် ဆေးစစ်၊ ဆေးကုပါ။ ဆရာ မကြာမကြာ ထည့်ရေးသလို ကံတရားဆိုတာလည်း ရှိသေးတယ်။ စိတ်ကို လိုတာထက်ပို မထိခိုက်စေနဲ့။ စိတ်ရဲ့စွမ်းအားက အကောင်းရော အဆိုးပါ ဖြစ်စေတတ်တယ်။ ဆရာ မေတ္တာပို့ပါတယ်။ တခုတော့ သိထားပါ ဆရာက အသဲအထူးကု မဟုတ်ဘူး။

Dr. တင့်ဆွေ
၆-၇-၂ဝ၁ဝ

Hepatitis B ဘီပိုးအကြောင်း သိသင့်တဲ့ အချက် ၁ဝ ချက်
၁။ ကာကွယ်ဆေးတော့ ရှိတယ်၊ ဒါပေမဲ့ ဒီပိုးကြောင့် ၃ဝ-၄၅ စက္ကန့်တိုင်း လူတယောက် သေဆုံးနေရတယ်။
၂။ ပိုးရှိနေပမဲ့ ၃ ပုံ ၂ ပုံလောက်က ရှိနေမှန်း မသိဘူး။ ဒါ့ကြောင့် ပိုပြီးကြီးမာတဲ့ စိုးရိမ်စရာ ဖြစ်နေရတယ်။
၃။ HBV က HIV ထက် ၁ဝ ဆ ပိုပြီး အဖြစ်များနေတယ်။ HIV က အာဖရိက နဲ့ HPV က အာရှမှာ အများဆုံးဘဲ။
၎။ HIV ထက် HPV က အဆ ၁ဝဝ ပိုပြီး ကူစက်နိုင်တယ်။
၅။ သေခြာဂရုစိုက် မကုသရင် ပိုးရှိနေသူထဲက ၂၅% ဟာ အသဲကင်ဆာ၊ အသဲအလုပ်မလုပ်တော့တာတွေ ဆက်ဖြစ်မယ်။
၆။ Hepatitis C ဆိုတာက တခြား ဗိုင်းရပ်စ်ကြောင့် ကူးစက်တယ်။ သန်း ၁၈ဝ မှာ ရှိနေတယ်။ ပျောက်အောင် လုပ်မရဘူး။ ကာကွယ်ဆေးလဲ မရှိသေးဘူး။
၇။ HBV နဲ့ Hepatitis C နှစ်မျိုး ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ ၆ ဘီလီယံထဲက သန်းပေါင်း ၅၃ဝ မှာဖြစ်နေတယ်။
၈။ Hepatitis B infection ရှိနေတဲ့ ကိုယ်ဝန်ဆောင်ကနေ သူ့ဗိုက်ထဲက ကလေးဆီကို မွေးနေတုံးမှာ ကူးစေနိုင်တယ်။
၉။ သူများတွေထက် ပိုဖြစ်လမ်းရှိသူတွေကတော့ တရားမဝင် မူးယစ်ထိုးဆေးသုံးသူ၊ လိင်တူဆက်ဆံသူ၊ လိင်ဆက်ဆံဘက် အဖေါ်များသူ၊ ထောင်ကျနေသူ၊ ကျောက်ကပ် Haemodialysis လုပ်နေရသူ၊ Haemophiliacs ရောဂါရှိသူ၊ ဆးရုံ-ဆေးခန်းမှာ အလုပ်နေရသူများ၊ အရေပြား-ခန္ဓာကိုယ်မှာ ကွင်းတပ်-တက်တူထိုး အလှဆင်သူတွေ၊ ဖြစ်တယ်။
၁ဝ။ Hepatitis B recombinant vaccine ကာကွယ်ဆေးက စိတ်ချရတယ်။ ထိရောက်ပါတယ်။ ၃ ခါထိုးပါ။

No comments: