မိမိကိုယ်သာ ကိုးကွယ်ရာ၏

ကာလာမသုတ်

ကောသလတိုင်းတွင် အပါအ၀င်ဖြစ်သော ကာလာမမင်းတို.၏အုပ်စိုးရာ ကေသမုတ္တနိဂုံးသည် တောအုပ်တစ်အုပ် ၏ အ၀င်အ၀၌ တည်ရှိသောကြောင့် ထိုတောလမ်းခရီးသွားတို့ ၏ တည်းခိုရာ အရပ်ဖြစ်နေ၏။ အယူဝါဒ အမျိုးမျိုးရှိကြသော ဆရာကြီးတို့သည် ထိုအရပ်ရောက်လျှင် မိမိတို့အယူကို ၀ါဒဖြန့်၍ အခြားဝါဒများကို ဖိနှိပ်ပြောဟောတတ်ကြကုန်၏ ။ ထိုနိဂုံးသားတို့သည် အယူဝါဒ နှင့်စပ်၍ ယောင်ဝါးဝါးဖြစ်ကြစဉ် ဗုဒ္ဓရှင်တော်မြတ်လည်း ထိုအရပ်သို့ရောက်တော်မူလာ၏ ။ထိုနိဂုံးသားတို့သည် "အယူဝါဒ အမျိုးမျိုးကို ကြားနေရသဖြင့် ဟိုသူပြောတာဟုတ်နိုးနိုး ဒီသူပြောတာ ဟုတ်နိုးနိုး တွေးတောနေကြရပါကြောင်း " လျှောက်ကြလေရာ  ဗုဒ္ဓရှင်တော်မြတ်က အမျိုးမျိုးကြားနာနေရသော သင်တို့မှာ ယုံမှားတွေးတောစရာပေဘဲ ဟုမိန့်တော်မူပြီးလျှင် နားထောင်ကြကာလမအမျိုးသားတို့ ဟုကာလာမသုတ်ကို ဟောတော်မူ၏ ။

မစွဲလမ်းရာဆယ်ဌာန

၁။ ကလေးဘ၀မှစ၍ ကြားနာမှတ်သားခဲ့ရခြင်း ဖြင့်လည်း ဟုတ်တယ် ၊မှန်တယ်ဟု အစွဲမယူကြနှင့်။
၂။မိဘဘိုးဘွားစသည်တို့မှဆင်းသက်၍ (ပရံပရ=အဆက်ဆက်)မှတ်ယူ လုပ်ကိုင်ရိုး ဖြစ်၍လည်း အမြဲအစွဲ မှတ်ယူမထားကြနှင့်။
၃။အခြားတစ်ယောက်က ပြောလိုက်ရုံမျှဖြင့်လည်း အမြဲမှတ်ယူမထားကြနှင့်။
၎။ဒီအယူအဆသာ ငါတို့သင်ထားသော ကျမ်းစာနှင့်ညီတယ် ဟု မိမိတို့ကျမ်းစာနှင့် ညီရုံမျှဖြင့်လည်း အတည်တကျ မှတ်ယူမထားကြနှင့်။
၅။မိမိဘာသာ ကြံစည်ထားသော အရာကိုလည်း ဟုတ်လှပြီ မှန်လှပြီ ဟု အမြဲအစွဲ ယူမထားကြနှင့်။
၆။အခြားနေရာ (အခြားနိုင်ငံ)တို့၌ သူတစ်ပါး တို့လုပ်နည်းကိုင်နည်းကို သဘောကျ၍လည်း ဒီနေရာ၌ သင့်တော်လှပြီ ဟု အမြဲအစွဲယူမထားကြနှင့် ။
၇။ တစုံတခုပြုဖို့ရာ အကြောင်းအထောက်အထားကိုစဉ်းစားရာဝယ် အကြောင်းအထောက်အထားရ၍ သဘောကျသဖြင့်လည်း အမြဲအစွဲယူမထားကြနှင့် ။
၈။သူပြောသော အယူအဆသည် ငါတို့ စဉ်းစားကျေနပ်ထားသော အယူနှင့်ညီသည် ဟု အယူဝါဒခြင်း တူမျှရုံဖြင့်လည်း အမြဲအစွဲ မယူကြနှင့်။
၉။ ဒီရသေ့ရဟန်းကား ယုံကြည်ထိုက်သော အထက်တန်း ပုဂ္ဂိုလ်တည်းဟု ဒီလိုပုဂ္ဂိုလ်စကားကို လေးလေးစားစားမှတ်သားထိုက်သည် ဟုလည်း စွဲစွဲမြဲမြဲ
မှတ်ယူမထားကြနှင့် ။
၁၀။ဒီရသေ့ရဟန်းကား ငါတို့ကိုးကွယ်ထားသော ဆရာဖြစ်၏ ။ ငါ့ဆရာစကားကို ငါမှတ်သင့်သည် ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြနှင့် ။
ကာလာမ အမျိုးသားတို့ ဒီအကျင့်တွေသည် ကောင်းလည်းမကောင်း  ၊ အပြစ်လည်းမကင်း ၊ပညာရှိကဲ့ရဲ့ စရာလည်း ဖြစ်၏ ။ထိုအကျင့်အကြံအလုပ်အကိုင်ကို
ပြုလိုက်လျှင် (မိမိအတွက် သို့ မဟုတ် လူ့ အသိုင်းအဝန်းအတွက်) စီးပွါးမဲ့ ဖို့ ဒုက္ခရောက်ဖို့ဖြစ်၏ ဟုကိုယ်တိုင်နားလည်သောအခါ ထိုအကျင့်အပြုအမူများကို စွန့်လိုက်ကြ ၊ "စီးပွါးတိုးတက်၍သုခရဖို့ အကျင့်အကြံများ " (ပါတ်ဝန်းကျင့် လူ့ အသိုင်းအဝန်းနှင့်လည်း သဟဇာတဖြစ်ရမည်)
ဟုကိုယ်တိုင်နားလည်ထားသော အကျင့်အကြံအပြုအမူများကိုသာ လိုက်နာပြုကျင့်ကြ ဟု ဟောတော်မူပြီးလျှင် ဒုစရိုက် ၊ သုစရိုက် များကို ခွဲခြား၍မေတ္တာ ၊ ကရုဏာ
စသော တရားများကို ဟောတော်မူလေသည်။

အရှင်ဇနကာဘိဝံသ၏မှတ်ချက်

ကာလာမသုတ်၌ မိမိတို့ငယ်ရွယ်စဉ်ကမှတ်သားထားသောအရာ(မိရိုးဖလာပြုရိုးပြုစဉ်) နှင့် ရသေ့ရဟန်းပြောသမျှ ဆရာသမားပြောသမျှ တွေကိုပင် အကျိုးရှိ-မရှိစဉ်းစား၍ အမှန်အကျိုးရှိကြောင်းကို ကိုယ်ပိုင်ဥာဏ်ဖြင့်သိပြီးမှ မှတ်ယူလိုက်နာရမည် ဟု အမိန့်တော်ရှိ၏ ။ယခုကာလ၌ မိရိုးဖလာအစွဲသန်နေသူတို့သည် ဗုဒ္ဓရှင်တော်၏ တရားတော်ကို လိုက်နာကာ အစွဲသန်သင့်ရာ၌သာ အစွဲသန်ကြ၍ မစွဲလမ်းသင့်ရာတို့၌ကား လွယ်လွယ်လေးနှင့်ပြုပြင်နိုင်မှသာ သာသနာအကျိုး ၊ နိုင်ငံအကျိုး ၊ မိမိအကျိုးပွါးတိုးစေ နိုင်ကြပေလိမ့်မည်။ အသောကမဟာရာဇာသည် မိရိုးဖလာ ကိုးကွယ်ထားသော ဗြဟ္မဏ တွေကိုပင်စွန့်လွှတ်၍ ရဟန်းတော်များကို ကိုးကွယ်ကာ အကြီးအကျယ်သာသနာပြုခဲ့သည်။ အနော်ရထာ မင်းစောလည်း အရည်းကြီးများကို ဖယ်ရှား၍ အရှင်အရဟံ အမှူးထားသော သံဃာစစ်များကို နှစ်နှစ်ကာကာချီးမြှောက်ခဲ့ပါသည်။ယခုအခါ မြန်မာပြည်၌ သာသနာရေးဝယ် ပြုပြင်ဖွယ်တွေရှိသော်လည်း ထိုမင်းများကဲ့သို့ တမျိုးတမည်ပြောင်းလဲပစ်ဖို့မလိုပါ ။ အဆုတ်ဘက် ငဲ့နေသော သာသနာတော်ကို အနည်းငယ် ဦးလှည့် ပေးလိုက်ရုံမျှဖြင့် အတိုးဘက် အတက်ဘက်သို့ ရှေးရှုလျက်ဖြစ်ကာ အမျိုးဘာသာ သာသနာအကျိုးများ တိုးပွါးစေနိုင်ပါလိမ့်မည် ။

ကိုးကား
အရှင်ဇနကာဘိဝံသ ၏ အနာဂါတ်သာသနာရေးစာအုပ်

တဆင့်တင်ပြသူ မှတ်စုစာအုပ်ရှင်အား ကျေးဇူးတင်ပါသည် ။

No comments: