မြန်မာ့သမိုင်းမှာ မသေတော့ဘူး


တလ ပြည့်ခဲ့ပြီ အဘ၊
သေသောသူ ကြာရင်မေ့တဲ့လား၊
ဒါဆိုရင် အဘကတော့
သေဆုံးသူ မဟုတ်ဘူးပေါ့၊
အဘရဲ့ ပုံရိပ်တွေက
ကျွန်မတို့ရင်ထဲမှာ စွဲထင်ဆဲ၊
အဘရဲ့ စာနဲ့စကားတွေက
ကျွန်မတို့နှလုံးသားမှာ ထင်ကျန်ဆဲ၊
အဘဟာ ဘယ်တော့မှ မသေဘူး၊
ဟုတ်တယ်- ရုပ်ခန္ဓာ ချုပ်ငြိမ်းသွားပေမယ့်
ဦးဝင်းတင်ဆိုသော အဘရဲ့နာမည်
မြန်မာ့သမိုင်းမှာ မသေတော့ဘူး။

"ဖောက်လွဲဖောက်ပြန်ရှိတတ်တဲ့
လူ့လောကမှာ
လူတစ်ယောက်ကို
သေဆုံးပြီးမှသာ ချီးကျူးပါတဲ့၊
လူတယောက်ဟာ
သူ့ယုံကြည်ချက်ကို
မဖောက်မပြန်
ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ
သေဆုံးပြီးမှသာ သိနိုင်တယ် "တဲ့၊
ပြည်သူလူထုကြီးရဲ့ကြားက၊
လူထုလူတန်းစားအလွှာအသီးသီးကြားကေ
ရင်ဘတ်နဲ့ခံစားရင်း ပေါ်ထွက်လာခဲ့တဲ့
အဘရဲ့ ယုံကြည်ချက်တွေ
ပြည်သူ့ဆန္ဒနဲ့
သွေဖည်သွားတယ်ဆိုတာ
ဘယ်တုန်းကရှိခဲ့လို့လဲ။

အဘဟာ
ပြည်သူ့ဘ၀ကိုသိတယ်၊
နှလုံးသားနဲ့ မျှဝေခံစားခဲ့တယ်။

အဘဟာ
ပြည်သူ့ဆန္ဒကိုသိတယ်၊
အရိုးကျေကျေ၊ အရေခမ်းချိန်ထိ
ဆန္ဒတွေဖြည့်နိုင်ဖို့ ကြိုးစားခဲ့တယ်။

အဘဟာ
လူထုလူတန်းစား အလွှာအသီးသီးရဲ့
သဘောသဘာဝကို နားလည်တယ်၊
ရေပေါ်ဆီပေါ်ပင်နိုင်ငံရေးထက်
ပြည်သူ့နိုင်ငံရေးကို
ဦးစားပေးခဲ့တယ်။

အဘဟာ
တိုင်းရင်းသားလူမျိုးပေါင်းစုံအရေးကို
အာရုံစိုက်တယ်၊
ကျန်းမာရေးမကောင်းတာတောင်
ဆေးရုံကုတင်ပေါ်ကနေ
အားခဲခေါင်းထောင်ထရင်း
တိုင်းရင်းသားအရေး၊
ဆွေးနွေးခဲ့တဲ့
အဘရဲ့ပုံရိပ်ကို
ကျွန်မဘယ်လိုမေ့နိုင်မှာတဲ့လဲ။

အဘဟာ
အလင်းနဲ့အမှောင်ကိုခွဲခြားပြတတ်တယ်၊
အမှောင်မှန်းသိရက်နဲ့
လင်းသယောင်ရှုမြင်ခိုင်းတတ်တဲ့
ကိုယ်ကျိုးရှာအတ္တတွေ
အဘမှာမရှိခဲ့ဘူး။

အဘဟာ
ရန်သူရဲ့ သဘောသဘာဝကို
နားလည်တယ်၊
နှင်းမကွဲခင်၊ အာရုဏ်ဦးရဲ့
ရောပြွန်းရှုပ်ထွေးမှုတွေအကြားက
မက်လုံးတွေနဲ့ ချိုမြိန်တဲ့အဆိပ်တွေကို
ရှင်းရှင်းလင်းလင်း
မီးမောင်းထိုးပြပေးခဲ့တယ်။

အဘဟာ
ပညာအသိကို သတိနဲ့တွဲခဲ့တယ်၊
ရာထူး၊ စည်းစိမ်နဲ့ မက်လုံးတွေကြားမှာ
ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို
ရေစုံမျောမခံခဲ့ဘူး။

တလပြည့်ခဲ့ပြီ-အဘ၊
အဘရဲ့ရုပ်ခန္ဓာ
ချုပ်ငြိမ်းသွားတာ
တလပြည့်ခဲ့ပြီ၊
ဒါပေမယ့်
အဘမသေသေးဘူး၊
ဟုတ်တယ်-
ဦးဝင်းတင်ဆိုသော အဘရဲ့နာမည်
မြန်မာ့သမိုင်းမှာ မသေတော့ဘူး။

                                                  ခင်မမမျိုး (၂၀၊ ၅၊ ၂၀၁၄)

No comments: