သြော်- ဆိုပေမယ့်......
ငါးစာကိုမြင်ပြီး
ငါးမျှားချိတ်ကို
မမြင်တဲ့ငါး၊
တံစို့ထိုးမီးကင်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်..........။
မြွေဟောက်တွေကို
အလမ္မာယ်ပြတတ်တဲ့
မြွေဆရာ၊
မြွေပွေးကိုက်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်.......။
တောဝက်တွေကို
လင့်စင်ပေါ်ကနေမပစ်ပဲ
မြေပေါ်ဆင်းပစ်ချင်တဲ့ မုဆိုး၊
တောဝက်ပက်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်.......။
ကျားခြေရာနောက်
တကောက်ကောက်လိုက်ရင်း
နောက်ကို လှည့်မကြည့်တဲ့
တောရိုင်းမုဆိုး၊
ကျားကိုက်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......။
ကျုံးမသွင်းပဲ
ဆင်ဖမ်းချင်တဲ့
ဆင်မုဆိုး၊
တောဆင်ရိုင်းနင်းခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......။
မီးအန္တရာယ် မသိပဲ
မီးနဲ့ကစားချင်တဲ့
လူမမယ်ကလေး၊
မီးလောင်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......။
အရင်းပဲ ရှိပြီး
ဈေးကွက်မမြင်တတ်တဲ့
စီးပွားရေးသမား၊
ဒေ၀ါလီခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်........။
သေနတ်မပါပဲ
တိုက်ပွဲကြားသွားချင်တဲ့
စွန့်စားရေးသမား၊
ကျည်သင့်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......။
တောင်ထိပ်ကိုသွားချင်ပြီး
လမ်းမရှာတတ်တဲ့
တောင်တက်သမား၊
လမ်းထွင်ရင်း
တောင်ပေါ်မရောက်တော့တာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်.........။
ဖွက်ထားတဲ့
လက်ကို မမြင်ပဲ
ကြောင်ကလေးကို
ပွေ့ချီချင်တဲ့သူ၊
ကြောင်ကုတ်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်....။
လူတကာကို
အယုံလွယ်၊
အကောင်းမြင်တတ်သူ၊
နောက်ကျော ဓါးထိုးခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......။
ဓါးကိုင်နည်းမသိပဲ
ဓါးနဲ့ ကြက်သွန်လှီးတဲ့သူ၊
ဓါးရှခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......။
ဘရိတ်ပေါက်နေတဲ့ကားကိုမှ
လီဘာနင်းပြီး
အရှိန်မြှင့်ချင်တဲ့
ကားဆရာ၊
ကားတိုက်မှုဖြစ်တာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်......။
ရေမကူးတတ်ပဲ
ရေထဲဆင်းချင်သူ၊
ရေနစ်သေရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်.....။
လှုပ်လိုက်တဲ့ လက်တိုင်းကို
လက်ဆွဲနှုတ်ဆက်ဖို့လို့
ထင်မြင်တတ်သူ၊
ရင်ဝ ဓါးစိုက်ခံရတာ
အဆန်းတကြယ်
မဟုတ်ဘူး ဆိုပေမယ့်။
သြော်- ဆိုပေမယ့်၊ ဆိုပေမယ့်....။
ယုံပါအချစ်ရယ် မပြောချင်သူပါ
စိန်စီသောလမ်းထက် ဆီ
မင်းကို ရွှေလက်နဲ့တွဲပြီး အကိုခေါ်ခဲ့တယ်၊
မင်းပျော်မှာပါ ဘာကြောင့်လည်းဆိုရင်
ငါဟာ....မင်းကို
ငါ့ရဲ့ အချစ်ရဆုံးအမေ ဒိုင်ယာနာလိုဖြစ်သွားမှာ
အရမ်းစိုးရိမ်ကဲမိနေလို့ပါပဲ...ကိတ်။
မျိုးဂုဏ်မြင့်ပေမယ့်
မျိုးခြင်းထပ်မှ မြတ်မယ်ဆိုတဲ့အသိစိတ်
ငါ့ဆီမှာ စိုးစဉ်းမှ မရှိရိုးအမှန်ပါ...ကိတ်။
လူဟာ...လူပါပဲ
အနိမ့်အမြင့် မခွဲခြားတတ်တဲ့ ငါ့ရဲ့စိတ်အစဉ်ကို
မင်းသိမှာပါ...
ငါမင်းကို ဘယ်လောက်အထိချစ်သလဲဆိုတာ
ဧပရယ်...ဟာ
ငါ့အချစ်ကို သက်သေထူလိုက်တာပဲ...ကိတ်။
ငါ...ပျော်နေပါတယ် မင်းနဲ့လက်ထပ်ရမှာကို
ငါ့...ဆုံးဖြတ်ချက်ကိုလည်း
ငါ...ဂုဏ်ယူကျေနပ်မိနေတယ်...ကိတ်။
မင်္ဂလာဦး...ညမှာ
အနမ်းဖွဖွလေး မင်းကိုပေးပြီး
ငါမင်းကို ဘယ်လောက်ထိချစ်သလဲ...ဆိုတာ
ယုံပါအချစ်ရယ်....မပြောချင်သူပါ။
အမေ့သား(ဒိန်းမတ်)
ဝီလီယံနဲ့ ကိတ် မင်္ဂလာဦးနေ့မှသည်...ပျော်ရွှင်ချမ်းမြေ့စွာ
သက်ဆုံးတိုင် ကိုယ်၏ ကျမ္မာခြင်း စိတ်၏ ချမ်းသာခြင်းဖြင့်
အန္တရာယ်ကင်း ဘေးရှင်းပြီး အိုအောင် မင်းအောင်နဲ့
ချစ်ချစ်ခင်ခင် ပေါင်းသင်းနိုင်ကြပါစေ...။
ကိုဗလိုင်(ခ)အောင်စိုး(ဒိန်းမတ်)
No comments:
Post a Comment