မြို့ပြသူပုန် မှတ်စုများ
ခင်မမမျိုး (မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်)
မြို့ပြသူပုန်ဆိုတာ
မြို့ပြသူပုန်ဆိုတာ တောထဲတောင်ထဲမှာ အခြေစိုက် တော်လှန်နေကြသူတွေလိုပဲ
ဖိနှိပ်တဲ့ အာဏာရှင်တွေကို တိုက်ပွဲဝင် တော်လှန်နေသူတွေပဲ ဖြစ်ပါတယ်။
တခုပဲ ကွာတာက operation area ဖြစ်တဲ့ လှုပ်ရှားနယ်မြေ ပါပဲ။
မြို့ပြသူပုန်ရဲ့ တော်လှန်ရေး လှုပ်ရှားနယ်မြေက မြို့ကြီးတွေပဲ ဖြစ်ပါတယ်။
 
သူပုန်တို့၏ ထူးခြားသော ၀ိသေသများ
သူပုန်တွေဆိုတာ ဖိနှိပ်တဲ့ အာဏာရှင်တွေကို
အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်တော်လှန်ပေးသူတွေဖြစ်တယ်။
လူထုကို ထိခိုက်အောင် မလုပ်ဘူး။ ပစ်မှတ်က ဖိနှိပ်တဲ့ အာဏာရှင်တွေနဲ့
အာဏာရှင်ယန္တရား ဒေါက်တိုင်တွေပဲ ဖြစ်တယ်။
သူပုန်တွေမှာ နိုင်ငံရေး ရည်မှန်းချက်ရှိတယ်။

ရည်မှန်းချက်တာဝန်
မြို့ပြသူပုန်တယောက်ရဲ့ အဓိက ရည်မှန်းချက်တာဝန်ကတော့
ရန်သူစစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် ဒေါက်တိုင်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ
ဖရိုဖရဲဖြစ်စေမှု၊ အက်ကြောင်းထစေမှု၊ လူထုနဲ့ တော်လှန်ရေး ပေါင်းစပ်နိုင်အောင်
ပြင်ဆင်တည်ဆောက်မှုတွေနဲ့ အာဏာရှင်ယန္တရားကို ဖြိုလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်။

လိုအပ်ချက်များ
အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကိုယ်ရည်ကိုယ်သွေး ပါပဲ။ သူပုန်လုပ်မယ့်လူ
တယောက်ဟာ သတ္တိရှိရမယ်၊ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းရှိရမယ်၊ နယ်မြေကျွမ်းအောင်
လေ့လာထားရမယ်၊ ကိုယ်လှုပ်ရှားရမယ့် နယ်မြေက ကိုယ့်ဇာတိမြေ မဟုတ်တဲ့အခါ
အစစအရာရာ ကြိုတင်ပြင်ဆင်ရမယ်။ ဒီနယ်ရဲ့ ဓလေ့ထုံးစံ၊ လုပ်ရိုးလုပ်စဉ်တွေ၊
နယ်မြေခံလူထု အခြေအနေတွေ၊ နယ်မြေထဲက ရန်သူ့လူအ၀င်အထွက်
အနေအထားတွေ၊ ရန်သူ့သတင်းပေးတွေကိုပါ တတ်နိုင်သမျှ လေ့လာထားရမယ်။
 
 နေရာရွေးချယ်မှု
မြို့ပြသူပုန်တယောက်မှာ ဆက်သွယ်ရေးကိရိယာ၊ လက်နက်ခဲယမ်း အားနည်းတယ်။
အလွယ်တကူ သယ်ယူရွှေ့ပြောင်းလို့လဲ မရဘူး။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ နေရာနဲ့
ပတ်သက်ပြီး အ၀င်လမ်း၊ အထွက်လမ်းတွေကို သေချာ ဂရုတစိုက် ရွေးချယ်ရမယ်။
ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးဖို့ အခွင့်အလမ်း နည်းပါးတဲ့ နေရာမျိုး၊ ရန်သူုကို
ကိုယ့်ဘက်ကကြိုပြီး လက်ဦးမှု ယူနိုင်မယ့် နေရာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။
 
ဆုံးဖြတ်ချက်ချမှတ်နိုင်မှု
မြို့ပြသူပုန်တယောက်ဟာ အရေးကြုံချိန်မှာ အထက်က ညွန်ကြားချက်ကို စောင့်လို့
မရဘူး။ ကိုယ်ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေကို ကိုယ့်ဘာသာကိုယ်
အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြရတယ်။ ဒီအတွက်
ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေနဲ့ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်မှုက
အရေးကြီးတယ်။ ဆုံးဖြတ်ချက် ချရမှာကို မကြောက်ရဘူး။ ရန်သူနဲ့ ရင်ဆိုင်ဆုံမိတဲ့အခါ
မတွေဝေရဘူး။ အခြေအနေပေါ် မူတည်ပြီး သူပစ်ကိုယ်ပစ် လုပ်ရတာလဲ ရှိချင်ရှိမှာပဲ။
အဆိုးဆုံးအခြေအနေတွေနဲ့ ကြုံရတဲ့အခါ သွေးအေးဖို့ လိုတယ်။
 
စိတ်ဓာတ်ခိုင်မာမှု
သူပုန်တယောက်ဟာ အအိပ်အစားကိစ္စတွေမှာ ဂျီးမများရဘူး။
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နေနိုင်ရမယ်။ ရန်သူက မရိပ်မိခင်မှာ
တခြားအသက်မွေးဝမ်းကျောင်းတွေ ရှေ့ကပြပြီး နေတတ်ဖို့ လိုအပ်သလို
ရန်သူက ရိပ်မိသွားချိန်တွေမှာ ပုန်းအောင်းနေထိုင်နည်းတွေလဲ သိရမယ်။
ပင်ပန်းတာ၊ ဆာလောင်မွတ်သိပ်တာ၊ ရာသီဥတုဒဏ်၊ နေထိုင်မကောင်းဖြစ်တဲ့
ဒဏ်တွေမှာလဲ စိတ်ဓာတ်ကို အကျမခံပဲ ကျားကန်နိုင်ရမယ်။
သူပုန်တယောက်အတွက် အရေးကြီးဆုံးက စိတ်ဓာတ်ခိုင်မာမှုပဲ။
 
လေ့လာသင်ယူထားသင့်သော နည်းပညာများ
ရေကူးခြင်း၊ တောလမ်းခရီးသွားခြင်း၊ ကားမောင်းခြင်း၊ ကားစက်ပြင်ခြင်း၊
ရေဒီယိုအသုံးပြုခြင်း၊ တယ်လီဖုန်းအသုံးပြုခြင်း၊ မြေပုံဖတ်ခြင်း၊ ဓာတုဗေဒနှင့်
အီလက်ထရောနစ် နည်းပညာ အခြေခံများ၊ စာကူးနည်း၊ စာရိုက်နည်းများ၊ တံဆိပ်တုံး
လုပ်နည်းများ၊ ရှေးဦးသူနာပြု၊ ဆေးဝါးအခြေခံ၊ ကွန်ပျူတာ နည်းပညာ၊
ဆက်သွယ်ရေးနည်းပညာ စတာတွေကို လေ့လာသင်ယူထားသင့်တယ်။
 
လက်ဦးမှု ရယူခြင်း
အခြေအနေက ကိုယ့်လက်ထဲမှာ ရှိနေရမယ်။ ရန်သူ့လက်ထဲ မရှိရဘူး။ ရန်သူ့
အင်အားကို ကိုယ်သိရမယ်၊ ရန်သူ့နေရာကို ကိုယ်သိရမယ်။ ဒါပေမယ့် ကိုယ့်ကို
ရန်သူမသိအောင် တတ်နိုင်သမျှ ဖုန်းကွယ်နေရမယ်။ ကိုယ့်နေရာကို ရန်သူမသိစေရဘူး။
ကိုယ့်အင်အားကို ရန်သူ မသိစေရဘူး။ ဘာပဲလုပ်လုပ် လုံခြုံရေးကို နံပါတ်တစ် အနေနဲ့
စိတ်ထဲမှာ ထားရမယ်။ သတင်းမှားတွေ ပေးရမယ်။ ဗယ်ခြောက်ညာလှမ်းတွေ
လုပ်ရမယ်။ နယ်မြေကျွမ်းကျင်ဖို့ လိုအပ်တယ်။
 
စီမံချက်များ
ကိုယ်တာဝန်ယူရတဲ့ အခြေအနေ၊ နယ်မြေ၊ တာဝန်အကြီးအငယ်၊ အမာလိုင်း၊
အပျော့လိုင်းအရ စီမံချက်တွေ ကွာခြားမှုရှိနိုင်တယ်။ အာဏာရှင်ဆန့်ကျင်ရေးမှာ
အကြမ်းမဖက် လူထုတိုက်ပွဲပဲ လုပ်မှာလား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်
တော်လှန်ရေးကို ပေါင်းစပ်တိုက်ပွဲဝင်မှာလား ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး
လုပ်နည်း လုပ်ဟန်တွေ ကွဲပြားမှု ရှိနိုင်တယ်။
 
လူထုတိုက်ပွဲ လမ်းကြောင်းရွေးချယ်မှု
လူထုအစည်းအဝေးတွေ လုပ်တဲ့အခါ escape plan ရှိဖို့လိုအပ်တယ်။ ချီတက်တဲ့
လမ်းကြောင်းကို ရွေးတဲ့အခါ ဘယ်လိုနေရာမျိုးမှာ ထောင်ချောက် ဆင်ခံရနိုင်တယ်။
ဘယ်လိုနေရာမျိုးမှာ အာဏာရှင် လက်ကိုင်ဒုတ်တွေ စုဝေး ထားနိုင်တယ် ဆိုတာတွေ
ကြိုတင်ပြင်ဆင်ပြီးမှ စစ်ကြောင်းတွေ လွှတ်သင့်တယ်။ မလွှတ်ခင် ကတည်းက
စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က အားနည်းချက်ရှိနေနိုင်တဲ့ နေရာတွေကို
ကိုယ့်ရှေ့ပြေးတွေ ကြိုလွှတ်ထားသင့်တယ်။

လုံခြုံရေးသတိ
အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်တည်ပြီး ဖိနှိပ်တဲ့ အာဏာရှင်ကို တော်လှန်နေတဲ့
တော်လှန်ရေးသမားတယောက်ဟာ ကိုယ့်ရဲ့ လုံခြုံရေးသတိ အားနည်းမှုကြောင့်
ကိုယ့်ရဲဘော်တွေနဲ့ ကိုယ့်ကို ထောက်ခံနေတဲ့ ပြည်သူတွေ ဒုက္ခမရောက်အောင်
အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်ရမယ်။ စကားသိပ်များတဲ့ လူတွေ ကိုယ့်ကလာဘ်စည်းထဲ
ရောက်လာရင် သတိပြုဖို့ လိုအပ်တယ်။ လျှို့ဝှက်ရမယ့် လုပ်ငန်းဆောင်တာတွေကို
လုပ်နေတဲ့ လူတွေဟာ မြေပေါ်နိုင်ငံရေးမှာ အစည်းအဝေးတွေ၊ စည်းရုံးရေးတွေ
ထင်ထင်ပေါ်ပေါ် လုပ်နေရသူတွေနဲ့ သီးခြားခွဲပြီး တာဝန်ထမ်းဆောင်ရမယ်။
 
မြေပေါ်-မြေအောက် ကွာခြားချက်
မြေအောက်တော်လှန်ရေးမှာ လူအများက ကိုယ်လုပ်နေတာတွေကို မသိလေလေ၊
ကိုယ့်အတွက် လုပ်စရာ အခွင့်အလမ်း ပိုများလေလေပဲ။ မြေပေါ်နိုင်ငံရေးကျတော့
လူအများက ကိုယ်လုပ်နေတာကို သိလေလေ၊ ကိုယ့်ကို ၀န်းရံမယ့်လူ များလေလေ၊
လုပ်ငန်းဆောင်တာတွေ ပိုအောင်မြင်လေလေပဲ။ ဒါကြောင့် မြေပေါ်နဲ့မြေအောက်ကို
လိုင်းမပူးပါနဲ့ ဆိုတာကို မြေအောက်ယူဂျီ စည်းကမ်းအနေနဲ့ သတ်မှတ်ထား ကြတာ
ဖြစ်တယ်။ မြေအောက်သူပုန် တယောက်ဟာ တကိုပွဲတွေ ဆင်နြွှဲပီးရင်တောင်
မလိုအပ်ပဲနဲ့ ကိုယ့်လက်ချက်ဆိုတာ လူသိမခံရဘူး။
 
မြို့ပြသူပုန် စည်းကမ်း
လိုင်းတွေ မပူးရဘူး။ မလိုအပ်ပဲ စကားအများကြီး မပြောရဘူး။ လိပ်စာစာအုပ်တွေ၊
တယ်လီဖုန်းမှတ်တမ်းတွေကို အသုံးပြုပြီးတာနဲ့ ချက်ချင်းဖျက်ဆီးပစ်လိုက်ရမယ်။
စာရွက်စာတမ်းတွေ မသိမ်းဆည်းထားရဘူး။ လူနာမည်တွေ၊ ကိုယ်ရေးမှတ်တမ်းတွေ၊
လိပ်စာတွေ၊ မြေပုံကြမ်းတွေ၊ စီမံချက်တွေကို ဦးနှောက်ထဲ စွဲနေအောင် မှတ်ပြီးတာနဲ့
ဆက်စပ်တဲ့ စာရွက်စာတမ်း မှန်သမျှ ဖျက်ဆီးပစ်လိုက်ရမယ်။
 
ရန်သူကို အထင်မသေးပါနဲ့
ရန်သူရဲ့ ထောက်လှမ်းရေး ဆိုတာက အချိန်တွေ၊ ငွေတွေနဲ့ ရင်းပြီး စနစ်တကျ
လေ့ကျင့်ပေးခံထားရတာဖြစ်တယ်။ ဒါကို အထင်ကြီးနေရင်လဲ ကိုယ့်ဘက်က
တွန့်ဆုတ်တတ်တယ်။ အထင်သေးပြန်ရင်လဲ ကိုယ့်ဘက်က ပေါ့ဆတတ်တယ်။
ဒါကြောင့် အထင်ကြီးစရာ မလိုဘူး။ ဒါပေမယ့် အထင်သေးလို့လဲ မရဘူး။
သဲလွန်စ၊ သတင်းအစအန မရသွားအောင် အထူး သတိထားရမယ်။

ကြွားတာကို ရှောင်ပါ
မြို့ပြသူပုန်ဆိုတာ မြေအောက်တော်လှန်ရေး အသွင်နဲ့ လှုပ်ရှားသူတွေ ဖြစ်တယ်။
ကိုယ်တကယ် ဘာတွေ လုပ်နေလဲဆိုတာ လုတွေ မသိလေ၊ ကိုယ့်အတွက် လုပ်စရာ
အခွင့်အလမ်းတွေ ပိုများနေလေလေပဲ။ ဒီအချက်ကို မလိုက်နာပဲ ကိုယ့်ကို
လူအထင်ကြီးတာ ခံစေချင်လွန်းလို့ ကိုယ်ဘာလုပ်လိုက်တယ်ဆိုတာကို
လိုက်ကြွားတာဟာ သိပ်ကြောက်ဖို့ ကောင်းတယ်။ မိမိကိုယ်တိုင်ကိုသာမက
ပတ်သက်တဲ့ လူတွေကိုပါ ဒုက္ခဖြစ်စေတတ်တယ်။
 
တပ်ဦးကျွံခြင်း သတိပြု
တော်လှန်ရေးဆိုတာ လူတဦး တယောက်တည်း၊ တဖွဲ့တည်းနဲ့လုပ်လို့မရဘူး။ တော်လှန်ရေး
အင်အားစုတွေအားလုံး စုပေါင်းလုပ်မှသာ အောင်မြင်မှာ ဖြစ်တယ်။ လူထုရဲ့ရေချိန်၊ တော်လှန်ရေးရဲ့
ပကတိအခြေအနေ စတာတွေကို စနစ်တကျ တွက်ချက်လုပ်ရတယ်။ ဒါကို ထည့်သွင်းစဉ်းစားခြင်း
မပြုတဲ့ တော်လှန်ရေး ခေါင်းဆောင်တယောက်၊ အစုအဖွဲ့တခု စတာတွေဟာ သူအောင်မြင်မယ်လို့
ထင်တဲ့ လုပ်ငန်းဆောင်တာတွေကို အများနဲ့ မညှိနှိုင်းပဲ တွန်းလုပ်တတ်လေ့ရှိတယ်။ အဲဒီအခါမှာ
အခြေအနေနဲ့အညီ ချိန်ကိုက်မထွက်လာပဲ ကျွံထွက်သွားတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာပြီး၊
ရန်သူကို သွားဆွပေးလိုက်သလို ဖြစ်လာတတ်တယ်။။ ရန်သူက တကယ်စစ်ဆင်လာတဲ့
အခါကျတော့ ပြင်ဆင်ပြီးသား မဖြစ်တဲ့အတွက် တော်လှန်ရေးတခုလုံး ချေမှုန်းခံရတတ်တယ်။
 
ကိုယ့်အင်အားအမှန်ကို သိဖို့လိုအပ်တယ်
ကိုယ့်အင်အားကို ရှိတာထက် ပိုပြီး မြင်လာတဲ့အခါ ရှိတဲ့ လူအင်အား၊
ငွေအင်အားထက် အဆမတန် ပိုပြီး သာလွန်တဲ့ လုပ်ငန်းဆောင်တာကြီးတွေကို
လုပ်မိတတ်တယ်။ တော်လှန်ရေးကို ထောက်ခံသူတိုင်း တော်လှန်ရေးသမား ဖြစ်လာတာ
မဟုတ်ပါ။ ထောက်ခံသူအင်အားကို တော်လှန်ရေးတပ်အင်အားလို့ တွက်ဆမိရင်
လက်တွေ့တိုက်ပွဲမှာ အခက်အခဲတွေ့တတ်တယ်။
 
စိတ်လိုက်မာန်ပါ တိုက်ပွဲဖော်ဆောင်ခြင်းကို ရှောင်ပါ
စောင့်သင့်တဲ့ အချိန်အခါ၊ အခွင့်အလမ်းကို မစောင့်နိုင်ပဲ စိတ်မရှည်ဖြစ်ပြီး၊ ရန်သူကို
အလျင်အမြန် ထိပ်တိုက်သွားရင်ဆိုင် မိတာမျိုးတွေ ရှိတတ်တယ်။ အဲဒီအခါမျိုးမှာ
အရှုံးနဲ့ ရင်ဆိုင်ရတတ်တယ်။ တော်လှန်ရေးသမားကောင်းဆိုတာ အချိန်အခါ၊
အခွင့်အလမ်းကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ရတယ်။ မိုက်ရူးရဲ မဆန်ရဘူး။
စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ ချလိုက်တာနဲ့ အန္တရာယ်တွေနဲ့ ကြုံရနိုင်တယ်။

ဒေါသထွက်နေချိန်မှာ ရန်သူကို ထိပ်တိုက်မရင်ဆိုင်ပါနဲ့
လူတိုင်းဟာ ဒေါသထွက်နေချိန်ဆို အမှားတွေ လုပ်မိတတ်တယ်။ ဒေါသစိတ်နဲ့
ရမ်းမိတတ်တယ်။ ရန်သူရဲ့ ဟာကွက်တွေကို မမြင်ဘူး။ ဘာအလုပ်ပဲ လုပ်လုပ်
သွေးအေးအေးနဲ့ အစီအစဉ်တကျ လုပ်တတ်သူကသာ ယမ်းပုံမီးကျ
စိတ်မထိန်းနိုင်ပဲ ပေါက်ကွဲတတ်သူတွေကို အနိုင်ယူနိုင်တယ်။ ရန်သူကို ဒေါသစိတ်နဲ့
ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်တယ်။

စီမံချက်ချမှတ် ဆောင်ရွက်ပါ
ဗျူဟာ အခင်းအကျင်း၊ စီမံချက်မရှိတဲ့ လှုပ်ရှားမှုတွေဟာ မိုးပေါ်ကို
သေနတ်ထောင်ပစ်တာနဲ့ တူပါတယ်။ ခွန်အားစိုက်ထုတ်ခြင်းနဲ့ အထောက်အကူ
ပစ္စည်း အသုံးပြုခြင်း ရှိတိုင်း အောင်ပွဲရနိုင်တာ မဟုတ်ပါ။ အောင်ပွဲကို ဦးတည်စေမယ့်၊
ပစ်မှတ်ကို ထိစေမယ့် ဗျူဟာအခင်းအကျင်းနဲ့ စီမံချက်တွေ ရှိဖို့ လိုအပ်ပါတယ်။
 
စိတ်ဓာတ်လက်နက်ကသာ အခရာ
အာဏာရှင်ဘက်တော်သားတွေဟာ ကိုယ့်ထက် သာလွန်တဲ့ လက်နက်တွေကို
ကိုင်ထားနိုင်မှာ အသေအချာပဲ။ ဒါပေမယ့် စိတ်ဓာတ်လက်နက်မှာတော့ ဘယ်တော့မှ
သူပုန်တွေကို မမှီပါ။ သူပုန်တယောက်ရဲ့ အရာရာကို စွန့်ထားရဲတဲ့ စိတ်ဓာတ်ဟာ
အာဏာရှင်ဘက်တော်သားတွေရဲ့ ကြေးစားစိတ်တွေထက် အဆမတန် ပိုမြင့်မြတ်တယ်။
ပိုထက်မြက်တယ်။ စိတ်ဓာတ်လက်နက်ကို မချသေးသရွေ့၊ ရန်သူကို မရှုံးပါ။
 
မတရားမှုသည် ဥပဒေ ဖြစ်လာသောအခါ
တော်လှန်ပုန်ကန်ခြင်းသည်
တာဝန်တရပ် ဖြစ်လာသည်

No comments: