အစိုးရနှင့် ကေအိုင်အိုတို့ ဆွေးနွေးနေချိန် အစိုးရတပ်များ အင်အားတိုးချ၊ စစ်ပြေးဒုက္ခသည်များ တိမ်းရှောင်ဟုဆို


အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မြစ်ကြီးနားတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနေချိန် ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း အစိုးရဘက်မှ စစ်အင်အား တိုးမြှင့်ချလာမှုများရှိသဖြင့် စစ်ပြေးဒုက္ခသည်များထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံတို့က ပြောသည်။


အောက်တိုဘာ ၇ ရက်မှ စတင်ကာ ဗန်မော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရ၏ စစ်ကြောင်း ထောင်နှင့်ချီရောက်ရှိ
လာသဖြင့် နန့်သဲ၊ နားအူကြီး၊ နားအူလေး ကျေးရွာဒေသခံ ၂၀၀ ခန့် KIO ထိန်းချုပ်ရာ တပ်မဟာ ၃ လက်အောက်ခံ ၁၂/၁၇ နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဖန်းခါးကုန်းကျေးရွာမှ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလထော်ဇော်ဘောက်က မဇ္ဈိမကို ပြောသည်။

''အစိုးရစစ်ကြောင်းက အဲဒီဘက် ထောင်ဂဏန်း ထိုးလာတယ်။ အခု အစားအသောက်က ကျွန်တော်တို့ အသင်းတော်ကပဲ ၀ယ်ပေးတယ်။ ဆန်ကတော့ အလှူရှင်တစ်ယောက် ၄၊ ၅ အိတ်ပေးထားတာ။ ဒါပဲ ကျွေးနေတယ်၊ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) ကိုလည်း ဆက်သွယ်ထားတယ်၊  WFP (ကမ္ဘာ့ စားနပ်ရိက္ခအဖွဲ့)ကလည်း နာမည်စာရင်း တွေတော့ လာယူသွားတယ်။ ဒါပေမဲ့ သူတို့လည်း နှစ်ပတ်၊ သုံးပတ်
လောက်မှ ရိက္ခာရောက်မယ်လို့ ပြောတယ်။ ခုတော့ အခုက နဂိုရှိနေတဲ့ လူတွေနဲ့ပေါင်းနေလို့ ရတဲ့လူ ပေါင်းနေခိုင်းထားတယ်''ဟု ပြောသည်။

ဖန်ခါးကုန်းကျေးရွာ ဘုရားကျောင်းတွင် မူလက ခိုလှုံနေသော စစ်ပြေးဒုက္ခသည် ၈၀ ကျော်အပါအ၀င် ဒုက္ခသည် ၁၉၀ ကျော် ခိုလှုံနိုင်မည့် အဆောက်အအုံဆောက်ရန် လိုအပ်နေသည်ဟုလည်း ဦးလထော် ဇော်ဘောက်ကပြောသည်။

အောက်တိုဘာ ၈ ရက် ပထမနေ့ ဆွေးနွေးမှုတွင် ပြီးခဲ့သည့် မေလနောက်ပိုင်း အပစ်အခတ်ရပ်စဲရေးအတွက်
နှစ်ဖက်တိုး တက်မှုနှင့် Joint Monitoring Committee (ပူးပေါင်းစောင့်ကြည့်ရေးကော်မတီ) ဖွဲ့စည်းရေးတို့ကို
ဆွေးနွေးခဲ့သည်ဟု မြန်မာ့ ငြိမ်းချမ်းရေးဂေဟာမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

အစိုးရဘက်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုးက အစိုးရတပ်နှင့် KIO တို့ တိုက်ပွဲများ ပြင်းထန်နေရာမှ လျော့ကျလာသည်ကို တိုးတက်မှုတစ်ခုဟုဆိုလိုက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး
လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကမူ အောက်တိုဘာ ၈ ရက် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှုတွင် KIO နှင့် ပတ်သက်သူ ၁၈ ဦးကို ပြန်လည်လွှတ်ပေးလိုက်ခြင်းသည် အပစ်အခတ်ရပ်စဲရေးအတွက် တိုးတက်မှုတစ်ခုအဖြစ် ရှုမြင်သည်ဟုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဦးလှမောင်ရွှေကပြောသည်။

ဆွေးနွေးမှုတွင် နှစ်ဖက်ကိုယ်စားလှယ်တို့က အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် လိုလားလျက်ရှိသည်ဟုလည်း အစိုးရနှင့် KIO တို့ ဆွေးနွေးမှုကို လေ့လာသူ အဖြစ်တက်ရောက်လာသူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။

''နှစ်ဖက်လုံး တကယ်ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး လိုလားကြတယ်။ ဒီအပစ်အခတ်ရပ်စဲရေးမှာ စောင့်ကြည့်ရေး
အဖွဲ့ ဖွဲ့ထားဖို့ ကေအိုင်အိုဘက်က ပြန်ပြောတယ်''ဟု ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။

အောက်တိုဘာ ၇ ရက် မြစ်ကြီးနားမြို့ နန်းသီတာဟိုတယ်တွင် ၀န်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးဆွေးနွေးမှုကို လာမည့် ၂၀၁၄ ခုနှစ် မတ်လတွင် ပြုလုပ်နိုင်ရန်ရည်ရွယ်ထားကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

အောက်တိုဘာ ၈ ရက် ဆွေးနွေးမှုတွင် KIO ဘက်မှ ဆရာကြီး ဦးဆွမ်းလွတ်ဂမ်း ဦးဆောင်၍ စစ်ဘက်မှ ဗိုလ်ချုပ် ဂွမ်မော် တို့အပါအ၀င် ရှစ်ဦး တက်ရောက်ခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း၊ စစ်တပ်ဘက်မှ ဒု-ဗိုလ်ချုပ်ကြီး
 မြင့်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ အရှေ့ မြောက်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ ဒု- ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း၊ အထူးရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင် ပြည်နယ် နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ စစ်ရုံးချုပ် ဗိုလ်မှူးကြီး ကျော်စိုးဝင်းနှင့် MPC အဖွဲ့ဝင်များ အပါအ၀င် ၁၇ ဦး တက်ရောက်ခဲ့
သည်။ ဆွေးနွေးပွဲကို အောက်တိုဘာ ၁၀ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။

No comments: