အမေရိကန်အစိုးရ ဘာကြောင့်ရပ်

Written by  အောင်ငြိမ်းချမ်း (The Voice)


အမေရိကန် ဗဟိုအစိုးရအဖွဲ့၏ လုပ်ငန်းလည်ပတ်မှု အချို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရပ်ဆိုင်းသွားခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ လွှတ်တော်အတွင်း ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ရပ်၏ မည်ကဲ့သို့သော အားပြိုင်မှုများကြောင့် ဖြစ်ပွားသည်၊ မည်သည့်အတွက် ရီပတ်ဘလစ်ကန်များက ဒီမိုကရက်တစ်သမ္မတ အိုဘားမားအစီအစဉ်ကို ကန့်ကွက်သည်၊ မည်သည့်ရလဒ်များ ပေါ်ထွက်လာနိုင်သည်ကို Reuters သတင်းတွင် သုံးသပ် ဖော်ပြထားသည်ကို ဘာသာပြန်ဆို ဖော်ပြထားပါသည်။
အမေရိကန်အစိုးရ လုပ်ငန်းလည်ပတ်မှု များမှာ အောက်တိုဘာ ၁ ရက်နေ့အတွင်း ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ ယင်းကဲ့သို့သော ရပ်ဆိုင်းမှု နိဂုံးချုပ်လိုပါက အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဂိုမာ လုပ်ဆောင်ရန် လိုအပ်သည်မှာ လွှတ်တော်အတွင်း ဘတ်ဂျက်မဲခွဲခွင့် ပြုရန်သာ ဖြစ်သည်။ မိနစ် ၃၀ အချိန်တွင်း မဲခွဲမှု ပြီးဆုံးမည်ဖြစ်သည်။ အောက်လွှတ်တော်တွင်းရှိ ဒီမိုကရက်တစ် အမတ် ၂၀၀ လုံး ကလည်း အစိုးရအဖွဲ့ ပြန်လည်ဖွင့်လှစ်နိုင်ရေး မျှော်လင့်နေသလို ရီပတ်ဘလစ်ကန် အမတ် ၅၀ ခန့်ကလည်း လိုလားမည် ဖြစ်သည်။ အလွန်လွယ်ကူသည့် ကိစ္စဖြစ်သည်။
သို့သော်လည်း ယင်းသို့ ဖြစ်မလာပေ။ ဂျွန်ဘိုမာနှင့် အခြားသော ရီပတ်ဘလစ်ကန် ပါတီ ထိပ်တန်းခေါင်းဆောင်များမှာ တီးပါတီ (Tea Party) ကွန်ဆာဗေးတစ် များ၏ လွှမ်းမိုးမှု အကြီးအကျယ် ခံနေသောကြောင့် လွယ်ကူလွန်းသည့် ကိစ္စများ လုပ်ဆောင်ရန်ပင် ငြင်းဆန်လျက် ရှိသည်။ အောက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ် ၂၃၂ ဦးအနက် အယောက် ၅၀ ခန့်မှာ အလွန်ခေါင်းမာသော ကွန်ဆာဗေးတစ်များ ဖြစ်သည်။ ဘတ်ဂျက် မဲခွဲမှုကို ခွင့်ပြုပေး လိုက်ပါက ပါတီခေါင်းဆောင်မှုကို ပြန်လည်တော်လှန်မည်ဟု ခေါင်းမာသော ကွန်ဆာဗေးတစ် များက ခြိမ်းခြောက်ထားသည်။ ထို့ကြောင့်ပင် တီးပါတီဝင်များ သဘောအတိုင်း မလိုက်လျောပါက လက်ယာဘက်မှ လာသော ပြင်းထန်သည့် စိန်ခေါ်ချက်များနှင့် ကြုံတွေ့နိုင်သည်ဟု ရီပတ်ဘလစ်ကန် များက ကြောက်ရွံ့နေကြသည်။
ခေါင်းမာသော ကွန်ဆာဗေးတစ်များ က မိမိတို့အလိုရှိသည်ကို ရရှိနိုင်ရန် လူများစု ဆုံးဖြတ်ချက်ကို ပိတ်ဆို့ထားခြင်းကြောင့် လက်ရှိအခြေအနေများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော်လည်း မိမိတို့လုပ် ဆောင်နေခြင်းမှာ အခြေခံမူများနှင့်အညီ ရပ်တည်နေခြင်း ဖြစ်သည်ဟု ကွန်ဆာဗေးတစ် များက ဆိုသည်။ "မှန်ကန်တာ လုပ်တဲ့အတွက် ကျွန်တော်တို့မှန်တယ်။ ရိုးရိုးရှင်းရှင်းလေး ပါပဲ" ဟု ခေါင်းမာသော ကွန်ဆာဗေးတစ်တစ်ဦးက New York Times ကို ပြောကြားလိုက်သည်။
ကွန်ဆာဗေးတစ်များ ရည်မှန်းနေသည့် အခြေခံမူများမှာ မည်သည့်အရာများ ဖြစ်သနည်း။ လူများစု လက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေမှာ အခြေခံဥပဒေနှင့် မညီသော အစိုးရအာဏာ ချဲ့ထွင်မှု ဖြစ်သည်။ ထို့ကြောင့် သမ္မတ အိုဘားမားသည် တရားဝင်မှုရှိသော သမ္မတ တစ်ဦး မဟုတ်တော့ဟု ကွန်ဆာဗေးတစ် များက ထောက်ပြသည်။
ယင်းကဲ့သို့ဆိုလျှင် အိုဘားမား စောင့်ရှောက်ရေးစနစ်ကို အခြေခံဥပဒေနှင့် မညီဘူးဟု အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းရှိ မရှိ ကြည့်ရမည်ဖြစ်သည်။ တရားရုံးချက်က အခြေခံဥပဒေနှင့် မညီဟု မဆုံးဖြတ်ခဲ့ပါ။ "တရားရုံးချုပ်က အခြေခံ ဥပဒေနဲ့ ညီတယ်လို့ ဆုံးဖြတ်ရုံနဲ့ လက်တွေ့မှာ အဲဒီလို အဓိပ္ပာယ် မထွက်ပါဘူး" ဟု ကွန်ဆာဗေးတစ်များက ဝေဖန်ခဲ့သည်။
ဒါမှမဟုတ် အိုဘားမားကို မဲဆန္ဒရှင်တွေက ပြီးခဲ့တဲ့နှစ်အတွင်း ပြန်လည်ရွေး ကောက်ခဲ့ခြင်း မရှိသည့် အတွက်လောဟု မေးရန် လိုလာသည်။ အိုဘားမားကို ပြည်သူများက ပြန်လည်ရွေးချယ်ခဲ့သည်။ သို့သော်လည်း ယင်းကဲ့သို့ ပြန်လည် ရွေးချယ်ခံရခြင်းမှာ ရီပတ်ဘလစ်ကန် ပါတီက အစစ်အမှန် ကွန်ဆာဗေးတစ် မဟုတ်သူတစ်ဦးကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့်ဟု ၄င်းတို့က ဆိုပြန်သည်။
ကွန်ဆာဗေးတစ်များမှာ အချက်အလက် များကို ငြင်းပယ်ရာတွင် ပါရမီ ထူးသူများဖြစ်သည်။ "အမေရိကန် ပြည်သူတွေက အိုဘားမားရဲ့ စောင့်ရှောက်ရေးစနစ်ကို ပြတ်ပြတ်သားသားကို ငြင်းပယ်ကြ ပါတယ်။ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး" ဟု အထက်လွှတ်တော်အမတ် တက်ခရူ (ရီ-တက္ကဆက်) က သတင်းထောက်များကို ပြောကြားလိုက်သည်။
တကယ်ဟုတ်မဟုတ် စစ်ဆေးကြည့် ရန်လိုလားပါသည်။ အမေရိကန်ပြည်သူ အများစု လက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို အမြဲတမ်းသံသယ ရှိခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်ပြီး အမေရိကန် ပြည်သူများ ကြားတွင် သဘောကွဲလွဲမှုများ ပေါ်ပေါက်နေသည်။ ၄၅ ရာခိုင်နှုန်းက ထောက်ခံပြီး ၄၇ ရာခိုင်နှုန်းက ငြင်းပယ် ထားသည်ကို ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်း ကောက်ယူထားသည့် ကွီနီပီရတ် တက္ကသိုလ်စစ်တမ်းတွင် ဖော်ပြထားသည်။
ဥပဒေနှင့် ပတ်သက်ပြီး အစိုးရရန်ပုံငွေ လျှော့ချရမည် ဆိုသည့်အချက်ကို ပြည်သူများ သဘောတူခြင်း ရှိမရှိ ကြည့်ရမည် ဖြစ်သည်။ ၅၈ ရာခိုင်နှုန်းက မတူပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေရပ်တန့် နိုင်ရေးအတွက် ဗဟိုအစိုးရ အဓိကလုပ်ငန်းများ ရပ်ဆိုင်းခြင်းကို ပြည်သူများလက်ခံ မခံ မေးခွန်းထုတ်ကြည့်ရာ ၇၂ ရာခိုင်နှုန်းက လက်မခံကြောင်း ဖြေကြားခဲ့သည်။ ထို့အပြင် အိုဘားမားစောင့်ရှောက်မှု ဝက်ဘ်ဆိုက် အတွင်း ပြည်သူပေါင်း တစ်သန်းကျော် တနင်္လာနေ့ မနက်ပိုင်းတွင် ဝင်ရောက် ကြည့်ရှုခဲ့ခြင်းကြောင့် ဝက်ဘ်ဆိုက်အလုပ် လုပ်မှုများ ရပ်ဆိုင်းသွားရသည်။ ယင်း အချက်များကို ကြည့်ခြင်းဖြင့် ရီပတ်ဘလစ်ကန်များ၏ လုပ်ဆောင်ချက်များကို ပြည်သူများ လက်မခံနိုင်ကြောင်း သိသာစေသည်။
ထို့ကြောင့်လည်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲတွင် ရီပတ်ဘလစ်ကန်များ အနိုင်ရနိုင်သည့် လမ်းမမြင်ရချေ။ ကွန်ဂရက် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထား စစ်တမ်းများ တွင်လည်း ပြည်သူ အများစုက ဒီမိုကရက်တစ်ပါတီ ကိုသာ ထောက်ခံနေကြပြီး ရီပတ်ဘလစ်ကန် ပါတီ အပေါ် ထောက်ခံမှုများ လျော့ကျလျက် ရှိသည်။ ကွီနီပီရတ် စစ်တမ်းအရ ဒီမိုကရက် တစ်များက ၉ မှတ်အသာဖြင့် ဦးဆောင်နေပြီး အကြီးမားဆုံး ကွာဟချက်တစ်ရပ် ဖြစ်သည်။
ထို့ကြောင့်ပင် လွှတ်တော်၌ ရီပတ် ဘလစ်ကန်ပါတီဝင် အများစု မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြပြီး လူထုအကြိုက် လုပ်ငန်းများဖြစ်သော စစ်မှုထမ်းဟောင်း သက်သာချောင်ချိရေးနှင့် အမျိုးသား ပန်းခြံလုပ်ငန်း များတွင် အသုံးစရိတ်များ ခွင့်ပြုပေးနိုင်ရန် ကြိုးပမ်းလာကြသည်။ သို့သော်လည်း အိုဘားမားနှင့် ဒီမိုကရက်များက မြန်မြန်ပြေးနေကြသည်။ သူတို့တွင် အသာစီး ရရှိထားပြီကို ဒီမိုကရက်တစ်များ ကောင်းကောင်း သိနားလည်ထားသည်။
လက်ရှိအချိန်တွင် သာမဟုတ်၊ ၁၉၉၆ ခုနှစ် အတွင်းကလည်း ရီပတ်ဘလစ် ကန် အမတ်များက အစိုးရလုပ်ငန်း လည်ပတ်မှုများကို ရပ်ဆိုင်းခဲ့ သည့်အတွက် ပြည်သူများ၏ ဒဏ်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရ သော်လည်း သင်ခန်းစာယူခြင်း မရှိခဲ့ပေ။ ယင်း ကာလအတွင်း ရီပတ်ဘလစ်ကန်များ ပြည်သူ့ထောက်ခံမှု ဆုံးရှုံးခဲ့ပြီး ဒီမိုကရက်တစ်သမ္မတ ဘီလ်ကလင်တန်ကို ပြည်သူများက ရွေးချယ်ခဲ့သည်။
သို့သော်လည်း ရီပတ်ဘလစ်ကန် များကို ၁၉၉၆ ခုနှစ်တွင်း အထိနာခဲ့စေ သည်မှာ အစိုးရရပ်ဆိုင်းမှု မဟုတ်ဟု ကွန်ဆာဗေးတစ်များက ငြင်းဆိုထားသည်။ အစိုးရအဖွဲ့ ရပ်ဆိုင်းထားခြင်းကို ဆက်လက် ပြုလုပ်ရမည့်အစား လက်မြှောက်အရှုံးပေး ခဲ့ခြင်းကြောင့် အရေးနိမ့်မှုများ ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ကွန်ဆာဗေးတစ်များက ထောက်ပြထားသည်။
မိမိတို့တိုက်ပွဲမှာ မွန်မြတ်ကောင်းမွန်သော ဖြစ်ရပ်များအတွက် ဆင်နွှဲနေခြင်း ဖြစ်သည်ဟု ရီပတ်ဘလစ်ကန် ပါတီဝင်များက သုံးနှုန်း ပြောဆိုနေသော်လည်း လက်ရှိ အရေးမှာ ပြည်ထောင်စု ဘတ်ဂျက်အသုံး စရိတ်အရေး သာဖြစ်ပြီး ငွေကြေးသုံးစွဲမှု အပေါ် ငြင်းခုံနေခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးရာ၊ သဘောတရားရေးရာ ရှုမြင်ချက်များ မဟုတ်ကြောင်း အထက်လွှတ်တော်အမတ် မိုက်ကူစကီ(ဒီ-မတ်)က ထောက်ပြထားသည်။
ရီပတ်ဘလစ်ကန်များ အခိုင်အမာ ဆုပ်ကိုင်ထား သည်မှာလည်း ယင်းအရာများသာ ဖြစ်သည်။ "အဲဒီတွေက အဓိက မူဝါဒကိစ္စတွေပါ"ဟု ရီပတ်ဘလစ်ကန် အမတ်တစ်ဦးက ပြောကြားသည်။ ဘတ်ဂျက် ဆိုသည်မှာ အကျိုးစီးပွားနှင့် သက်ဆိုင်နေသည့် တိုက်ပွဲပင်ဖြစ်သည်။ အကျိုးစီးပွား များမှာ ဆွေးနွေးနိုင်သည်။ ညှိနှိုင်းနိုင်သည်။
ကွန်ဆာဗေးတစ်များ ထုတ်ဖော် ပြောကြားနေသကဲ့သို့ တန်ဖိုး၊ စံများနှင့် ပတ်သက်နေသည့် တိုက်ပွဲတစ်ခု ဆိုပါက သဘောတူညီချက်များ ရရှိနိုင်ရေးမှာ ခက်ခဲမည်ဖြစ်သည်။ တန်ဖိုးထားမှုစံများမှာ မှန်ခြင်း၊ မှားခြင်း ကိစ္စများဖြစ်သည်။ ဆွေး နွေးမှုများအတွက် နေရာမရှိနိုင်ပေ။
တစ်နှစ်တာ ကျန်းမာရေး အာမခံကို လူပုဂ္ဂိုလ်တစ်ဦးချင်း မဖြစ်မနေဝယ်ယူရ မည်ဟု သတ်မှတ်ထားခြင်းကို အိုဘားမားက ပယ်ဖျက်ပေးရန် ကွန်ဆာဗေးတစ်များက တောင်းဆိုထားသည်။ မည်သည့်အတွက်ကြောင့် ကြီးမားခက်ခဲသည့် ညှိနှိုင်းမှုကြီး ဖြစ်နေရသနည်း။ အဖြေမှာ ယင်းကဲ့သို့ လုပ်ဆောင်လိုက်ပါက ကျန်းမာရေးစောင့် ရှောက်မှု အစီအစဉ်ကြီးတစ်ခုလုံးကို သတ် ပစ်လိုက်သလို ဖြစ်သွားမည်။ မဖြစ်မနေ လုပ်ဆောင်ရမည့် သတ်မှတ်ချက်များကို ဆိုင်းငံ့လိုက်ပါက အာမခံကုမ္ပဏီများ အနေ နှင့် ယခင်သတ်မှတ်ချက် များနှင့် ညီသည့် လူဟောင်းများ ကိုသာ အာမခံပေးကြတော့မည် ဖြစ်ပြီး လူသစ်များ ပါဝင်တော့မည် မဟုတ်ပေ။ အာမခံရရှိရန် အသည်းအသန် လိုအပ်နေသည့် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ ပါဝင်နိုင်တော့မည် မဟုတ်ပေ။ ရလဒ်အနေနှင့် အာမခံ ဈေးနှုန်းများမှာ အလွန်အကျွံ မြင့်တက်သွားမည် ဖြစ်သည်။ အမေရိကန် တစ်နိုင်ငံလုံးတွင် ဆန္ဒပြမှု လိုင်းလှုံးများ ရိုက်ခတ်တော့မည် ဖြစ်သည်။
သမ္မတ အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို အချို့သော ကွန်ဆာဗေးတစ်များက တစ်နှစ်ဆိုင်းငံ့ ထားလိုသည်။ ၄င်းတို့တွင် ဖုံးကွယ်ထား သော ရည်ရွယ်ချက်များရှိခြင်းကြောင့် ဆိုင်းငံ့လိုခြင်းဖြစ်သည်။ လာမည့်နှစ်လယ် ပိုင်းတွင်ကျင်းပမည့် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်များ အနိုင်ရမည်ဟု ကွန်ဆာဗေးတစ်များက မျှော်လင့်နေကြပြီး သမ္မတအိမ်ဖြူတော်ကို လည်း ၂ဝ၁၆ခုနှစ်ရွေးကောက်ပွဲတွင် ထိန်းချုပ် နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
ယင်းကဲ့သို့ ဖြစ်လာပါက အိုဘားမား စောင့်ရှောက်ရေး အစီအစဉ်ကို ရပ်ဆိုင်းနိုင်မည် ဖြစ်ပြီး ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ်ရွန်နီကလည်း ရွေးကောက်ပွဲ အနိုင်ရပါက ကျန်းမာရေး စောင့်ရှောက်ရေး စနစ် ရပ်ဆိုင်းမည်ဟု ကတိပြုထားသည်။ အိုဘားမား၏ စောင့်ရှောက်ရေးစနစ်သာ အတည်ဖြစ်သွားပါက ရပ်ဆိုင်းနိုင်ရန် ပိုမို ခက်ခဲမည် ဖြစ်ခြင်းကြောင့် အတည်မပြုနိုင်ခင် ကတည်းက ဆိုင်းငံ့နိုင်ရန် ရီပတ်ဘလစ်ကန်များက ကြိုးပမ်းနေခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သဘောထား တင်းမာခြင်းမရှိသည့် ရီပတ်ဘလစ်ကန် များကလည်း လာမည့်ရွေးကောက်ပွဲ များတွင် ကြုံတွေ့နိုင်သည့် ပြည်သူများ၏ ဒဏ်ခတ်မှုများကို စိုးရိမ်နေကြသည်။ ယင်းကဲ့သို့ စိုးရိမ်နေကြသည် မှာလည်း အကြောင်းရှိသည်။ အိုဘားမား၏ စောင့်ရှောက်ရေးစနစ်ကို ဆန့်ကျင်သည့် ဖြစ်ရပ်အပြင် ကွန်ဂရက်တွင်း ဖြစ်ပျက်နေသည် များနှင့် ပတ်သက်၍လည်း မဲဆန္ဒရှင်များက စိတ်ဆိုး ဒေါသထွက်လျက် ရှိသည်။
ကွန်ဂရက်လွှတ်တော်ကို မထီမဲ့မြင် ပြုခြင်းမှာ ရာဇဝတ်မှုပင်ဖြစ်သည်။ ယင်းသို့ ဆိုပါက သန်းနှင့်ချီသော အမေရိကန် ပြည်သူများ မိနစ်ပိုင်းအတွင်း ထိန်းသိမ်းခံရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်ပြည်သူများ ထုတ်ဖော်ပြသနေသည့် သဘောထားကို အတိအကျ ဖော်ပြရလျှင် အခြေခံလုပ်ငန်း များကိုပင် လည်ပတ်နိုင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသည့် လွှတ်တော်အပေါ် အထင်အမြင်သေး နေသည့် သဘောထားပင်ဖြစ်သည်။
ကိုးကား - Reuters

No comments: