အစာငတ်ခံဆန္ဒပြခြင်းနှင့် ထောင်တွင်းတိုက်ပွဲ
              

                           ကိုဗလိုင် (ဒိန်းမတ်)
                          ဒေါ်မော်လီ
                        ခင်မမမျိုး


အစာငတ်ခံဆန္ဒပြခြင်းနဲ့ ထောင်တွင်းတိုက်ပွဲများ

ကျနော် ကျောင်းသားတပ်မတော်က အကြောင်းအမျိုးမျိုးကြောင့် ကျောခိုင်းခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင်နေထိုင်စဉ် ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့ (မြန်မာပြည်) ..က.ဖ အဖွဲ့အစည်းဖြင့် နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ရာ ထောင် ၆ နှစ်နဲ့ ၆ လကျော်ကြာ ဒွန်းမောင်းလေဆိပ် အနီး ရဲသင်တန်းကျောင်းဝင်းအတွင်းရှိ Special Detention Center ဟုခေါ်တွင်သော အထူး ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျ ခဲ့ဘူးပါသည်။

ထိုအချိန်သည် ထိုင်းအစိုးရနှင့် ထိုင်းအာဏာပိုင်များအား တရားမဝင်အာဏာသိမ်း မြန်မာ စစ်အုပ်စု၏ ဖိအားပေးမှုကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးတက်ကြွစွာ လှုပ်ရှားနေကြသည့် မြန်မာကျောင်းသား များအား အတင်းအဓမ္မ လိုက်လံဖမ်းဆီးကာ  မြန်မာစစ်အစိုးရအား ပြန်လည်အပ်နှံနေသည့် ကာလ ဆိုးကြီးဖြစ်သည်။ မြန်မာ ကျောင်းသားများအား အိမ်ခန်း ငှားလျှင်ပင် အိမ်ငှားရမ်းသည့် ထိုင်းလူမျိုး တွေကို ဘတ်ငွေ ၁၀၀.၀၀၀ (တစ်သိန်း)နှင့် ထောင်ဒဏ်ပါတွဲ၍ ပြစ်ဒဏ်စီရင်ချက် ချမှတ်သည့် ကာလလည်း ဖြစ်သည်။ ထိုကာလတွင် ထိုင်းအစိုးရမှ ဖမ်းဆီးရမိသည့်    မြန်မာကျောင်းသား များကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဖြင့် တရားမဝင် ဝင်ရောက်သူများအဖြစ် တရားစွဲဆိုကာ ပြန်လည် ပို့ဆောင်ခဲ့ပါသည်။

ထိုလုပ်ရပ်ကို မခံမရပ်နိုင်သည့် ကျောင်းသားထုသည် Working committee တစ်ရပ်ကို ဖွဲ့စည်းကာ ပထမအသုတ် အနေဖြင့် ကျောင်းသား ၃၈ ဦးသည် (IDC)  တွင် ထိန်းသိမ်းခံ ထားရသည့်    မြန်မာ ကျောင်းသားများအား နယ်စပ်သို့ပြန်မပို့ပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လွှတ်ပေးရန် တောင်းဆိုဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုဆန္ဒပြ  မြန်မာကျောင်းသားများ၏ တောင်းဆိုချက်ကို  ထိုင်းအာဏာပိုင်များမှ အသိအမှတ် မပြုလုပ်သည့်အပြင် ဆန္ဒပြတောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသား ၃၈ ဦးကို လရောင်ထောင်သို့ပို့၍ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် ထိုင်းအာဏာပိုင်များသည် UNHCR လက်အောက်ခံ မြန်မာကျောင်းသား များအား UNHCR မှ ထောက်ပံ့ကြေးရရှိသည့် ငွေများဖြင့် နိုင်ငံရေး လုပ်သည်ဟု သုံးသပ်ယူဆကာ   UNHCR လက်အောက်ခံ မြန်မာကျောင်းသားများအား UNHCR မှ လစဉ် ထောက်ပံသည့် ဘတ်ငွေ ၃၀၀၀ ကနေ ဘတ်ငွေ ၂၅၀၀ လျှော့ချပေးရန် UNHCR အားဖိအားပေး၍ မြန်မာစစ်အုပ်စုအလိုကျ ထိုင်းအာဏာပိုင်များက- ကပြလိုက်သည်။ ထိုလုပ်ရပ်ကို မခံနိုင်သည့် အမျိုးသားကျောင်းသားများသည် UNHCR ရုံးကြီးသို့ သွားရောက်ကာ အခြားဒုက္ခသည်များနည်းတူ ထောက်ပံကြေးပေးရန် တောင်းဆိုဆန္ဒပြခဲ့ ကြပါသည်။

ထိုဆန္ဒပြတောင်းဆိုချက်များကို ချက်ခြင်းလိုက်လျောလို့ မရရှိသေးကြောင်း၊ အထက် အရာရှိများနှင့် ဆွေးနွေးပေးမည်ဟု ပြောဆိုကာ ပျားရည်ဖြင့် ဝမ်းချလိုက်သည်။ ညနေ ၆ နာရီကျော်၍    လူစုမခွဲလျှင်   ဖမ်းဆီးထိမ်းသိမ်းမည် ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များနှင့် လုံထိန်းများက စပီကာဖြင့်အော်ပြောသဖြင့် ကျနော်တို့တတွေ လူစုခွဲကာ နေအိမ် အသီးသီးသို့ လူစုခွဲကာ ပြန်ခဲ့ကြသည်။ နောက်ပိုင်းရက်များတွင် မြန်မာကျောင်းသားများ နေထိုင်သည့် ရပ်ကွက်များ၊ UNHCR ရုံးနှင့် UNHCR ရုံးလေးများတွင် ထိုင်းအာဏာပိုင်များမှ အတင်းအဓမ္မပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးသဖြင့်  ကျနော်နှင့်အတူ ကျောင်းသား အတော်များများသည် နေရာအနှံအပြားတို့တွင် အဖမ်းဆီးခံခဲ့ကြရပါသည်။

(စကားချပ်။ ။  (IDC) ဆိုသည့်    Immigrate Detention Center သည်  အမှန် တကယ် လောကငရဲနှင့်တူသော   ထိမ်းသိမ်းရေးစခန်းဖြစ်သည်။  အလျှင်းသင့်လျှင် (IDC) အကြောင်း ဆက်လက်ဖော်ပြပေးမည်)

ကျနော်တို့ (IDC) ထိန်းသိမ်းရေးစခန်းတွင် အထိမ်းသိမ်းခံရစဉ် အခြားအခန်းများတွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရကြသည့် ညီနောင်ကျောင်းသားများနှင့် အချိတ်ဆက်ရကာ ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် မြန်မာစစ်အုပ်စုမှ မတရားသိမ်းပိုက် ရယူထားသည့် အာဏာအား အရပ်သားအစိုးရကို ပြန်လည်လွှဲပြောင်းပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်အတွက် အစာငတ်ခံဆန္ဒပြခဲ့ကြပါသည်။ ကျနော်တို့ အစာငတ်ခံဆန္ဒပြသည်ကို ဥပုဒ်သီလစောင့်သည်ဟု ထိုင်းအာဏာပိုင်များအား လိမ်လည်ပြောဆို ခဲ့ပါသည်။
အစာငတ်ခံဆန္ဒပြသည့် ၂ ရက်မြောက်နေ့တွင်   ထိုင်းသတင်းစာဖြစ်သည့်   The Nation နှင့် Bangkok post တွင် ကျနော်တို့ အစာငတ်ခံဆန္ဒပြသည်ကို ဖော်ပြထားသဖြင့် ထိုင်းအာဏာပိုင်များက စိတ်ဆိုး ဒေါသထွက်ကာ  ကျနော်တို့အား ဆဲဆို-ကြိမ်းမောင်းကာ၊ နောက်တနေ့မှာပင် ထိုင်းအာဏာပိုင် များနှင့် UNHCR တာဝန်ခံများ ပူပေါင်း၍ ကျနော်တို့ အစာငတ်ခံဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား ရဲသင်တန်းဝင်း အတွင်းရှိ Special Detention  Center တွင်ပြောင်းရွေ့ထိန်းသိမ်းခဲ့ပါသည်။

ထို အကျဉ်းကျစဉ် ကာလအတွင်း ထောင်တွင်းရပိုင်ခွင့်ရရှိရေး၊ နိုင်ငံရေးအရ ထောင်တွင်း တိုက်ပွဲများနှင့် မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်းအပေါ် လွတ်မြောက်ရေးတို့အတွက် အစာငတ်ခံဆန္ဒပြခြင်းနှင့် ထောင်တွင်းတိုက်ပွဲများ ပြုလုပ်ခဲ့ပါသည်။ ပထမအကြိမ် ထောင်တွင်းတိုက်ပွဲမှာ ထောင်တွင်းရပိုင်ခွင့်များ ရရှိစေရေးအတွက် ကျောင်းသား ၅၄ ဦးမှ အစာငတ်ခံဆန္ဒပြတိုက်ပွဲစတင်ဝင်ခဲ့ကြသည်။ ကျနော်တို့ ၅၄ ဦးသည် ထိုင်းနိုင်ငံတွင် ပထမဦးဆုံး အသုတ်အဖြစ် (Special Detention Center) တွင် အကျဉ်းကျ ထိန်းသိမ်းခံခဲ့ရပါသည်။ အထိန်းသိမ်းခံရစဉ် ထောင်တွင်းရပိုင်ခွင့်များ ဘာတခုမှ မရရှိသည့်အပြင် မဝရေစာကျွေးပြီး ထောင်အာဏာပိုင်တွေရဲ့ ခြိမ်းခြောက် ဟိန်းဟောက်ခြင်း မျိုးစုံတို့ကို ခံခဲ့ကြရသည်။   

(SDC) ထိန်းသိမ်းရေးအကျဉ်းထောင်တွင် နေထိုင်စဉ်   နေထိုင်မကောင်းသည့် ကျောင်းသားများအား ဆေးဝါးကုသခွင့်မပြောနှင့်၊ ပါလာစီတမောတောင်းလျှင်ပင် အဆဲဆိုခံခဲ့ရသည်။ ဒွန်းမောင်းလေဆိပ်နှင့် နီး၍ ညဘက်တွင် အေးစိမ့်ပြီး လေအရမ်းတိုက်တဲ့အခါ မကျန်းမာသည့်ကျောင်းသားများ ချုံစရာ စောင်မရှိခြင်း၊ အစာရေစာ ဝလင်စွာမစားသောက်ရခြင်း၊ ရေဖြတ်တောက်ခြင်း၊ ပြင်ပနှင့် အဆက်အသွယ် ဖြတ်ထားခြင်း၊ စာရေးပိုင်ခွင့်မရှိခြင်း၊ ရေဒီယိုနားထောင်ခွင့်မရှိခြင်း၊   သတင်းစာဖတ်ခွင့်မရှိခြင်း စသည့် ထောင်တွင်းရပိုင်ခွင့်အားလုံးတို့ကို ပိတ်ပင်တားဆီးခြင်း ခံထားရသည်။ ထိုအချိန်တွင်   မခံမရပ် ဖြစ်နေကြသည့် ကျောင်းသားများသည် ဆဲနည်း ပေါင်းစုံတို့ဖြင့် ထိုင်းအာဏာပိုင်နှင့် UNHCR တာဝန်ခံ များအား မေတ္တာပို့နေကြ ပါသည်။ (စကားချပ်။  ။ (SDC) သို့ မပို့မီ UNHCR တာဝန်ခံ (အူတလူဆပ်) မှန်ကြောင်မှ (SDC) အကျဉ်းထောင်သည် အားကစားကွင်းရှိကြောင်း၊ ကုတင်ကိုယ်စီနဲ့ အခန်းတွေ သပ်ရပ်ကြောင်း စသဖြင့် အမွှန်းတင်ကာ ကျနော်တို့အားလိမ်လည်၍ ခေါ်သွားခဲ့ပါသည်။ ကျနော်တို့ကို (SDC)သို့ ပို့ဆောင်ပြီးနောက်ပိုင်း (အူတလူဆပ်)နှင့် ကျနော်တို့ မတွေ့ရှိရတော့ပါ)

ထို့နောက် ကျနော်နှင့် ဘုန်းကြီးဝင်းမြင့်၊ နိုင်ဝင်းတို့ ၃ ဦးတိုင်ပင်ကာ     လူအများနှင့် ဆွေးနွေးလျှင် အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်ရင် နာမကျန်းဖြစ်သူများအားငဲ့ပြီး အစာငတ်ခံဆန္ဒတိုက်ပွဲ ဝင်မည့် လမ်းကြောင်း ဖြစ်နိုင်သည့် ရာခိုင်နှုန်းနည်းပါးကြောင်း တီးတို-တီးတိုးနှင့် လူတွေအိပ်နေချိန်တွင် တိုင်ပင်ဆွေးနွေးကြသည်။ မနက်အားလုံး လူတွေအိပ်နေချိန်တွင် ထမင်းလာပို့သည့်ရဲအား ကျနော်တို့ ထမင်းမစားတော့ကြောင်း၊ ကျနော်တို့အကုန်လုံး အစာငတ်ခံဆန္ဒပြသည်ဟု ပြောဆိုကာ ထောင်တွင်း တိုက်ပွဲအား အခြားသူတွေကို အသိမပေးပဲ စတင်လိုက်တော့သည်။ နောက်တဖြည်းဖြည်းနဲ့ လူတွေ နိုးလာသည့်အခါ ထမင်းအိုးမမြင်၍ ထမင်းလာမပို့သေးဘူးလားဟု မေးကြသော အခါ ကျနော်တို့ ၃ ဦးမှာ အစာငတ်ခံဆန္ဒပြနေပြီဖြစ်ကြောင်း ပြောလိုက်သည့်အခါ သူတို့နဲ့ မတိုင်ပင်ကောင်းရနိုးဆိုပြီး  အားလုံးရဲ့ ဒေါသများသည် ကျနော်တို့အပေါ် ကျလာသည်။

ကျနော်တို့ ၅၄ ဦးတွင် လူကြီးဆိုလို့ ကိုသိန်းထွန်းနဲ့ ကိုရာဇာပါလာလို့ တော်သေးသည်။ သူတို့နှစ်ဦးမှာ ဒေါသထွက်နေကြသည့် သူများအားဖြောင်းဖြ ထိမ်းသိမ်းပြောဆိုကာ အားလုံးအားနိုးပြီး၊ ကျနော်တို့ ၃ ဦးအား နောက်နောင်ဒါမျိုးမလုပ်နှင့်ဟု ပြောဆိုကာ အစာငတ်ခံဆန္ဒပြခြင်းနှင့် ပတ်သက်၍ အစည်းဝေး ပြုလုပ်လိုက်သည်။မပြောမဆိုပဲ လုပ်ခဲ့သည့် ကျနော်တို့ ၃ ဦးမှာ အားလုံးကို တောင်းပန်လိုက် ရတော့သည်။ ပထမ ၁ ရက်၊ ၂ ရက်၊ ၃ ရက်တွင် အူမမှာအစာမရှိသည့်အတွက် အစာအိမ်မှ အစာချက်သည့်အခါ ထမင်းအရမ်းဆာမည်။ ကျနော်တို့အစာငတ်ခံဆန္ဒပြပြီ ၃ ရက်မြောက်နေ့တွင် UNHCR မှ အရာရှိ စောင်စစ် ရောက်ရှိလာပြီး ကျနော်တို့နှင့်ဆွေးနွေးတိုင်ပင်မှုပြုလုပ်ကာ ကျနော်တို့ တောင်းဆိုသည့် တောင်းဆိုချက်များ အကုန်လုံးလိုက်လျောပေးခဲ့သည့်အပြင်  UNHCR မှ လာရောက် တွေ့ဆုံတာ နောက်ကျသွားတဲ့အပေါ် တောင်းပန်စကား ချွေသွား သည်။ ကျနော်တို့ရဲ့ အစာငတ်ခံ ဆန္ဒပြသည့် တိုက်ပွဲ အောင်မြင်သွား၍ အားလုံး ပျော်နေကြသည်။

မှတ်မှတ်ရရ အဲဒီနေ့က ကျနော်တို့အားလာပို့သည့် ဟင်းသည် ကြက်သားနှင့် မှိုအချည်ရည်ကို စပါးလင်နှင့် ပြုတ်ထား၍  ပူနွေးနေသော  ဟင်းအိုးမှ ထွက်ပေါ်လာသည့် ရနံ့သည်  ကျနော် စာရေးရင်း နှင့်ပင်  ထမင်းပြန်ဆာလာသလိုမျိုး ဖြစ်လာပါသည်။ကျနော်တို့  အစာငတ်ခံဆန္ဒပြစဉ် ကာလအတွင်း မတိုင်ပင်ရကောင်းလားဆိုပြီး မကျေမချမ်းနဲ့ ဖျစ်တောက်ဖျစ်တောက် ပြောသူများ ရှိခဲ့သော်လည်း    တောင်းဆိုမှု ရရှိသွားသည့်အခါ ခွင့်လွှတ်အကြည့်နဲ့ ကျနော်တို့ ၃ ဦးအပေါ် ပြန်လည် နားလည်မှု ပေးတဲ့အတွက် ကြည်နှူးဝမ်းသာခဲ့ရပါသည်။ စိတ်မကောင်းဖြစ်ခဲ့တာ တခုက အစာငတ်ခံ ဆန္ဒပြနေ ချိန်တွင်  နာမကျန်းဖြစ်နေတဲ့ ရဲဘော်များက အစာငတ်ခံ ဆန္ဒပြနေခြင်းအပေါ် များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပါသည်။

ဒုတိယအကြိမ် နိုင်ငံရေးအရ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ခြင်း ။

ဒု-တိယအကြိမ်အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်သည့်ကာလသည် ထိုင်းနိုင်ငံတွင် World Bank မှ အစည်းဝေး လာရောက်ပြုလုပ်ကျင်းပသည့်အချိန်ဖြစ်သည်။ ထို အစည်းဝေးသို့   မြန်မာစစ်အုပ်စုမှ  အစည်းဝေးတက်ရောက်ပြီး World Bank တွင်ငွေချေးယူမည်ဖြစ်သည်။ ထိုသို့ ငွေလာရောက်ချေးမည့် မြန်မာစစ်အုပ်စုအား ငွေမချေးဖို့အတွက် ကျနော်တို့ World Bank ကို အစာငတ်ခံဆန္ဒပြပြီး တောင်းဆိုတိုက်ပွဲဝင်မည်ဟု ကျနော်တို့ အခန်းက ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် (SDC) တွင် လရောင်ထောင်သို့ ပို့ဆောင် ထိမ်းသိမ်းခြင်းခံထားရသည့် ကျောင်းသား ၃၈ ဦးအပြင် တရုတ်သံရုံး ရှေ့တွင် ဆန္ဒပြကြသည့် ကျောင်းသားများလည်း (SDC)တွင်ရောက်ရှိနေပြီးဖြစ်သည်။ ကျနော်တို့ (SDC) တွင်ရှိသည့်ကျောင်းသားအယောက် ၁၀၀ ကျော်ကို ၃ ခန့်ခွဲပြီး ချုပ်နှောင်ထားသည်။ World Bank မှ မြန်မာစစ်အုပ်စုကို ငွေမချေးဖို့အတွက် အစာငတ်ခံဆန္ဒပြခြင်းနှင့် တောင်းဆိုမှုအား မလိုက်လျှောခဲ့ပါက  Blood Strike လုပ်မည်ဟု    ကျနော်တို့ ရေးသားထားသည့်  World Bank ပို့မည့် Statement ဖော်ပြ ထားသည်။

ကျန် ၂ ခန်းမှကျောင်းသားများသည်   ထိုင်းအာဏာပိုင်များနှင့် ထိပ်တိုက် ရင်ဆိုင်မှုကို မပြုလုပ်လိုဟု ဆိုကာ ၎င်းတို့ လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ကာ တိုက်ပွဲလမ်းကြောင်း ၂ ခုကွဲထွက်သွားသည်။ ကျနော်တို့ World Bank ကို အစာငတ်ခံတိုက်ပွဲဝင်ရန်အတွက် statementကို ပ..က.ဖ   ဥက္ကဌ ဒေါက်တာသီဟ ကိုယ်တိုင်    တာဝန်ယူပြီး World Bank အစည်းဝေးသို့ ပေးပို့ခဲ့သည်။ (စကားချပ်။ ။ World Bank အစာငတ်ခံ ထောင်တွင်းတိုက်ပွဲ၏ နိုင်ငံရေး အကျိုးအမြတ် ရရှိပုံကို (SDC) ရှိ ကျောင်းသားအားလုံးကောင်းကောင်းကြီး သိရှိသလို ဒေါက်တာသီဟ လည်းကောင်းကောင်း သိရှိပြီး ချီးမွမ်းစကား ဆိုခဲ့သည်။ ထို့အပြင်ကျနော်တို့ အခန်းအား အမြဲတမ်း အပြစ်ဆိုနေသည့် ထိုင်းဘုရင်အား ဝေဖန်ခဲ့သည့် အီရန်နိုင်ငံသားသည်လည်း  ကျနော်တို့ရဲ့ ပြောင်မြောက်သည့် အစာငတ်ခံဆန္ဒပြခြင်း အပေါ် ချီးမွန်းစကားဆို ခဲ့သည့်အပြင် (SDC) အကျဉ်းထောင် တွင် အထိမ်းသိမ်းခံထားရသည့် လေယာဉ်ပြန်ပေးဆွဲခဲ့သည့်    ရဲရင့်နှင့် ရဲသီဟတို့ နှစ်ဦးလည်း ကျနော်တို့ရဲ့  တိုက်ပွဲကို လေးစားဂုဏ်ယူမိကြောင်း ချီးမွမ်းစကားဆိုခဲ့သည်။) ကျနော်တို့ အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်နေစဉ် အချို့ကျောင်းသားရဲဘော်များက အကြောင်း အမျိုးမျိုး ပြကာ တယောက်ပြီး တယောက် အစာငတ်ခံဆန္ဒပြနေရာမှ ထွက်နေကြသည်။ ကျနော်နဲ့အတူ တိုက်ပွဲဝင် နေကြသည့်သူများက ဒါကိုသတိပြုမိ၍ ဒီပုံအတိုင်း ထွက်နေမယ်ဆိုရင် ငါတို့ Hunger Strike လုပ်နေတာ Hungerပျက်တော့မယ် ဆိုပြီး တွေးမိကာ အရေးပေါ်အစည်းဝေးခေါ်ယူကာ ရှေ့ဆက် အစာငတ်ခံဆန္ဒပြတိုက်ပွဲမှာ မပါဝင်နိုင်တဲ့ သူတွေထွက်ပေးပါ။ ကျန်တဲ့လူတွေက တောင်းဆိုချက် မရမချင်း လက်မှတ်ရေးထိုးပြီး အသေခံ တိုက်ပွဲဝင်မယ်လို့ အရေးပေါ်အစည်းဝေးမှ ဆုံးဖြတ်ချက် ချလိုက်သည်။

ကျနော်မှတ်မိသလောက် ၁၆ ယောက်လား ၁၇ယောက်လား အသေခံဝင်မယ့် လူတွေကျန်သည် ထင်သည်။ ကျနော်တို့ အစာငတ်ခံတိုက်ပွဲဝင်နေစဉ်အတွင်း UNHCR မှ အိုကာတာ (ပီအေ) ရောက်လာပြီး ကျနော်တို့ပြုလုပ်နေတဲ့ Hunger Strike ရပ်ဖို့အတွက် လာရောက်ညှိုနိုင်းပြောဆိုသည်။ လက်ရှိ-ထိုင်းနိုင်ငံမှာအုပ်ချုပ်နေတာလည်း အာဏာသိမ်း စူချင်တား အစိုးရဖြစ်နေတယ်၊ မင်းတို့ နိုင်ငံမှာလည်း အာဏာသိမ်းအစိုးရဆိုတော့ အာဏာသိမ်းအစိုးရ အချင်းချင်း  လက်ဝါးချင်းရိုက်ပြီး    မင်းတို့ကိုပြန်ပို့ခဲ့ရင်  UNHCR က နောက်မှပဲအော်လို့ရမယ်၊ မင်းတို့ကမြန်မာပြည်ပြန် ရောက်နေပြီး၊ ဒီတော့  မင်းတို့ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုပြီ။  Hunger  Strike ရပ်ပေးဖို့အတွက် ၂ ရက် တိုင်တိုင် လာရောက်ပြောဆိုသည်။ ကျနော်တို့ကလည်း မြန်မာပြည်က ထွက်လာကတည်းက ငါတို့ရဲ့ အသက်တွေကို ပေးဆပ်ထားပြီးဖြစ်တဲ့အတွက် ကျနော်တို့အတွက်မစိုးရိမ်ဖို့အကြောင်း   အိုကာတာ (ပီအေ)ကို ပြန်လည်ပြောပြလိုက်သည်။   နောက်ဆုံး အိုကာတာ (ပီအေ)လည်း လက်လျှော့ကာ  တပ်ခေါက်၍ ပြန်သွားသည်။

World Bank   တိုက်ပွဲမှာ  Blood Strike လုပ်ခဲ့တဲ့အပြင်   ကျနော်တို့တောင်းဆိုချက်ကို World Bank မှလိုက်လျှောခဲ့ပါသည်။ World Bank တိုက်ပွဲတွင်ကျနော်တို့ ၁၁ ရက် အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ခဲ့သည်။

တတိယအကြိမ် လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ခြင်း ။

၁၉၉၃ ခုနှစ် စစ်အုပ်စုမှအမျိုးသားညီလာခံကျင်းပနေသည့်အချိန်တွင် မြန်မာအစိုးရ၏  ညွှန်ကြားချက် အရ ထိုင်းနိုင်ငံတွင် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြသည့် အမျိုးသား ကျောင်းသားများကို ထိုင်းအစိုးရနှင့် အာဏာပိုင်များက အတင်းအဓမ္မ နှိပ့်ကွပ်၊ ဖမ်းဆီးနေကြသည့် အချိန်ဖြစ်သည်။ ထိုသို့ လိုက်လံဖမ်းဆီးမှုကြောင့် ကျောင်းသား တချို့မှာ   မလေးရှား ရောက်သူရောက်၊ နယ်စပ်သို့ တိမ်းရှောင်သူတိမ်းရှောင်၊ ထိုအချိန်သည် ပတ်ပြေး၊ တိမ်းရှောင်နေကြရသည့်   ကာလဆိုးကြီး တခု ဖြစ်သည်။ ထိုသို့ဖြစ်နေချိန်တွင် စစ်အုပ်စု၏ အမျိုးသားညီလာခံကို (အကသ) အခြေခံ ကျောင်းသားများနှင့် (ပမကဖ) မှနေ၍ မြန်မာသံရုံးရှေ့တွင်   ဆန္ဒပြခဲ့ကြပါသည်။ ကျနော် မှတ်မိ သလောက် (အကသ)ကျောင်းသားများမှ စစ်အုပ်စု၏ အမျိုးသားညီလာခံကို အစာငတ်ခံ ဆန္ဒပြ၍ တိုက်ပွဲဝင်ခဲ့သည်။

ကျနော်တို့ (ပမကဖ) နဲ့  (အကသ) ဆန္ဒပြခဲ့ကြသည့် ၂ ဖွဲ့ အား  ထိုင်းအာဏာပိုင်များမှ   (SDC) အကျဉ်းထောင်တွင် ဖမ်းဆီးပြီးသည့်နောက် မတရားအဖမ်းဆီးခံထားရသည့်   ကျနော်တို့တတွေ လွတ်မြောက်ရေးအတွက် အစာငတ်ခံ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုအစာငတ်ခံတိုက်ပွဲတွင် ဝင်ချင်ဝင်၊ ထွက်ချင်ထွက်ဆိုသည့် ပုံစံကြောင့် Hunger Strike ဟာ  ရက်ပေါင်း ၂၈ ရက်သာကြာသွားသည်၊ အောင်မြင်မှုမရရှိခဲ့ပေ။ ၂၈ ရက်ကြာ အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ခဲ့သူမှာ သြစတြေးလျတွင် ရောက်ရှိနေသည့်    ကိုထင်ပေါ် တဦးတည်း ဖြစ်သည်။ ကျနော်က ၂၃ ရက်ကြာပြီး၊ မင်းခင်ကျော်က ၂၂ ရက်ကြာခဲ့သည် ကိုတော့ မှတ်မိပါသည်။ ကျန်လူများကတော့ ဘယ်နှစ်ရက်ကြာသည်ကို မမှတ်မိတော့ပါ။နောက်၂ ကြိမ်အဖမ်းခံရတော့ အစာငတ်ခံဆန္ဒပြခြင်း မရှိတော့ပါ။

ကျနော့်အနေနဲ့ ပြောရရင် ထောင်တွင်းရပိုင်ခွင့်အတွက် အစာငတ်ခံပြီး တိုက်ပွဲဝင်တာပဲ ဖြစ်ဖြစ်၊ နို်င်ငံရေးအရ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်တာပဲဖြစ်ဖြစ် မိမိရဲ့ တောင်းဆိုချက်တွေဟာ   ချက်ခြင်းရရှိသလို နိုင်ငံတကာ ဖိအားပေးမှုနဲ့ အစိုးရ မဟုတ်သော NGO အဖွဲ့စည်းများ၏ ဖိအားပေးမှုကြောင့် နောက်မှရရှိလာတဲ့ တောင်းဆိုချက်တွေလည်းရှိပါတယ်။ ထောင်တွင်းတိုက်ပွဲ သဏ္ဍန်တိုင်းမှာ အနည်းအများ ထိရောက်မှုရှိပါသည်။ ထိုထောင်တွင်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲများ တိုင်းမှာ ပြင်းရင်၊ ပြင်းထန်သလို    အာဏာပိုင်များက တုန်လှုပ်ခြောက်ခြားမှု ရှိသည်အမှန်ပါ။ ထို့ကြောင့်   မိမိရပိုင်ခွင့်အတွက် တောင်းဆိုဆန္ဒပြကြသည့်အခါ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်ဖြင့် တိုက်ပွဲဝင်ရန် အရေးကြီးပါကြောင်းတင်ပြလိုက်ပါသည်။

(စကားချပ် ။   ။ အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်လျှင် ပထမဦးဆုံး အစာငတ်ခံ ဆန္ဒမပြမှီ အလိုတရက်မှာ ဝမ်းနှုတ်ထားပါ၊ ဝမ်းတွင်းက အပုတ်များရှိလျှင် အစာအိမ်အတွက် ထိခိုက်နိုင်သည်။ အစာငတ်ခံဆန္ဒ ပြမည့်နေ့ရက်မှာ ရေကိုအဝချိုးလိုက်ပါ။ Hunger strike ရပ်ပြီးသည့်အခါ အစာမာမာကို ချက်ချင်းမစားပါနှင့်။ နှုးညံ့ပျော့ပျောင်းတဲ့ အစာအစားကို အရင်စားပါ၊ အစာမာမာစားမိရင် အစာအိမ် တခုခု ဖြစ်သွားနိုင်သည်။ ဥပမာ။ ။ ဗိုက်အောင့်တာတို့၊ အူအတက်ပေါက်တာတို့ ဖြစ်နိုင်သည်။)


    အားလုံးကိုလေးစားလျှက်…
                                                                                                ကိုဗလိုင်(ဒိန်းမတ်)
                

ဆရာတော် ဦးဥတ္တမ


ဆရာတော် ဦးဥတ္တမသည် ဓည၀တီ ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့တွင် ဖခင်ဦးမြ နှင့် မိခင် ဒေါ်အောင်မြသူတို့မှ (၁၈၇၉)ခုနှစ်တွင် မွေးဖွားသည့် ရခိုင်တိုင်းရင်းသားဖြစ်သည်။ မြန်မာတနိုင်ငံလုံး လွတ်မြောက်မှုဆိုသည့် ကျယ်ပြန့်သည့် ဆရာတော်အမြော်အမြင် စိတ်ဓါတ်ကို လေးစားဂုဏ်ယူစရာ ဖြစ်ပေသည်။ ဆရာတော်သည် ဂျပန်ပြည်တွင် (၁၉၀၇) ခုနှစ်မှာ ပါဠိပါမောက္ခအဖြစ်၎င်း၊ အာရှနေ၀န်း အဖြစ်လည်းကောင်း ထင်ရှားခဲ့သည်။ အိန္ဒိယပြည် အမျိုးသားကွန်ကရက် အဖွဲ့ဝင်လည်းဖြစ်သည်။ကိုရီးယား၊ တရုတ်ပြည်နှင့် ပြင်သစ်လက်အောက်ရှိ အင်ဒိုချိုင်းနားနိုင်များသို့ သွားရောက်ကာ ကိုလိုနီ   လက်အောက်မှ လွတ်မြောက်ရေးစည်းရုံး လှုံ့ဆ်ာမှုများပြုခဲ့သည်။

မြန်မာနိုင်ငံသမိုင်းတွင် ဆရာတော်ဦးဥတ္တမသည် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ မြန်မာနိုင်ငံနှင့် အာရှတိုက်ရှိနိုင်ငံများ လွတ်မြောက်စေရန် ကြိုးပမ်းဆာင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်တဦးအဖြစ် ကျော်ကြားခဲ့ပါသည်။ အာရှတိုက်သားများက အာရှ မီးရှူးတန်ဆောင်အဖြစ် တင်စားသတ်မှတ်ခြင်း ခံရသည်။ တမျိုးသားလုံးလွတ်မြောက်ရေးအတွက် ဆရာတော်မိန့်ခွန်းတို့သည် တစထက်တစ လှန့်နှိုးလိုက်သော မီးလျှံကဲ့သို့ တနိုင်ငံလုံး နိုးထတက်ကြွစေခဲ့သည်။ နောက်ပိုင်းဆရာတော်အား နိုင်ငံရေးလုပ်ငန်းသည် ရဟန်းတို့နှင့်မဆိုင်ဆိုသည့် အကြောင်းပြချက်ဖြင့် မည်သည့်ကျောင်းတိုက်ကမျှ လက်မခံဝံ့အောင် ကိုလိုနီအစိုးရက ဖန်တီးခဲ့သည်။ ထိုအခါ ဆရာတော်က အလျှော့မပေးဘဲ သူရိယသတင်းစာတိုက်တွင် ကျိန်းကာ အခက်အခဲများကြားမှ ကိုလိုနီဝါဒဆန့်ကျင်ရေးနှင့် ၀ံသာနု တရားများ ဆက်လက်ဟောကြားနေခဲ့သည်။ နာမည်ကြီး သူရိယ သတင်းစာမှ ဘုရင်ခံ ဆာရီဂျီနဲလ်ဒ်ကရက်ဒေါက်သို့ အိပ်ဖွင့်ပေးစာ အခန်းတွင်ဆရာတော်က (Creddock get out of Burma) ကရက်ဒေါက် မြန်မာပြည်က ထွက်သွား..ဟု ရဲရဲတောက်စိန်ခေါ်လိုက်သည်။ (၁၉၁၆) ခုနှစ်တွင် ၀ံသာနုအမျိုးသားရေးလှုပ်ရှားမှု ရှေ့တန်းတပ်ဦးမှာ ဦးဝိစာရကိုယ်တော်နှင့် အခြားရဟန်းတော် အမြောက်အများလည်း ပါဝင်လာခဲ့သည်။ (၁၉၁၂)ခုနှစ်၊ မတ်လ(၁၀)ရက်နေ့ ဒေးဒရဲမြို့ကျေးရွာငယ် တခုတွင် ၀ံသာနုတရားဟောနေစဉ် အစိုးရအား အ သရေဖျက်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်()နှစ် ဗြိတိသျှအစိုးရက စတင်ဖမ်းဆီးခဲ့ခြင်းကြောင့် တတိုင်းပြည်လုံး အုံးအုံးကြွက်ကြွက် ဖြစ်ခဲ့သည်၊နောက်ပိုင်းတွင်လည်း ဆရာတော်သတ္တိပြောင်မြောက်ပြီး အမြင်ကျယ်မှုကို စိုးရိမ်ကြသည့် ကိုလိုနီအစိုးရက ဖမ်းဆီးထောင်ချရန် အစဉ်ကြိုးပမ်း အပြစ်ရှာကာ (၁၉၂၄)နှင့် (၁၉၂၈)ခုနှစ်များတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်အပြစ်ပေးခဲ့သည်။ ဆရာတော်ဘ၀သည်ကား ထောင်နှင့်ကင်း ခဲ့သည်ဟူမရှိသကဲ့သို့ သူသတ္တိသည်ကား ထောင်တကြိမ်ကျတိုင်း သတ္တိဆယ်ဆ ပိုမို တောက်ပြောင်လာကာ ပြည်သူလူထုထောက်ခံမှုနိုးကြားမှု၊ ဆထက် တပိုး ပိုမိုရရှိလာပေသည်၊ထောင်ထဲတွင်လည်း ထောင်အခွင့်အရေးများအတွက်အစာငတ်ခံဆန္ဒပြခြင်း စသည့် မတရားမှု  များအပေါ် ထောက်ပြ တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်။

ဆရာတော်သည် လွှတ်လပ်ရေးနှင့် ဒီမိုကရေစီရေးအတွက် လုံးဝအကြောက်တရား ကင်းဝေးစွာဖြင့် သတ္တိ၊ရဲမာန်၊ ခွန်အား၊ ခံစားမှုများဖြင့် တရားဟောကြားပြီး လူထုအား အုပ်ချုပ်သူများ၏ မှားယွင်းသော ဆောင်ရွက်ချက်များကို   ထောက်ပြဝေဖန်၊ဆန့် ကျင်ကြရန် လူထု(သင်) တို့ တွင်တာဝန်ရှိပေသည်ဟု မိန့်ဆိုခဲ့သည်။ ဆရာတော်သည် ဆုနှင့် ရရှိ သောငွေအားလုံးကို နိုင်ငံရေးလှုပ်ရှားမှုများတွင် သုံးစွဲခဲ့သည်။ (၁၉၃၉)ခုနှစ် စက်တင်္ဘဘာ()ရက်နေ့ သက်တော်(၆၀)ပြည့်တွင် ပျံလွန်တော်မူသည်။ နိုင်ငံရေးခရီးကြမ်း ဖြတ်သန်းမှု၊ ထောင်အကြိမ်ကြိမ်ချခံရမှုနှင့် ဆင်းရဲခါးသီးမှုဒဏ် စသည်တို့ကြောင့် ဆီးချိုရောဂါဖြင့် ကူညီသူကင်းမဲ့သည့်ဘ၀ဖြင့် ပျံလွန်ခဲ့ရသည်။ ဆရာတော်ပျံလွန် တော်မူပြီးနောက် ဂျပန်နိုင်ငံY0kohama အထူးဘဏ်တခုတွင် ယန်းငွေနှစ်သောင်းကို ရင်းနှီးအပ်နှံချန်ထားခဲ့သည်၊ ဆရာတော်ရည်ရွယ်ချန်ထား ခြင်းမှာ သာသနာစည်ပင်ပြန့်ပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် ရံပုံငွေ အဖြစ် အသုံးချရန်ဖြစ်သည်။ အများအကျိုးအတွက် ဆောင်ရွက်သူတို့နိဂုံးများက ကောင်းသူ ရှားပါးလေသလား မသိတော့ပါ။

                                                                                                      ဒေါ်မော်လီ

အစာငတ်ခံ ဆန္ဒပြခြင်း


" ဒီနေ့တနေ့လုံး အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ငါစဉ်းစားနေခဲ့တယ်။                       လူအများက ခန္ဓာကိုယ် အကြောင်းကို အပြောများကြတယ်။ ဒါပေမယ့် မယုံကြည်ကြဘူး "
                                                        ဘော်ဘီဆဲင်ဒ် (၁၉၈၁ ခုနှစ်)

(၁၉၈၁) ခုနှစ်က အိုင်ယာလန်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲကြီးဟာ အိုင်ယာလန် နိုင်ငံရေးသမိုင်းမှာ မှတ်တိုင်ကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ရီပတ်ပလင်ကန် အကျဉ်းသား ဘော်ဘီဆဲင်ဒ် အပါအ၀င် အကျဉ်းသား ဆယ်ဦး သေဆုံးခဲ့ပါတယ်။ ဒီအစာငတ်ခံ ဆန္ဒပြပွဲနဲ့ ထောင်တွင်းတိုက်ပွဲတွေဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင်ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပြီး၊ မြောက်ပိုင်းအိုင်ယာလန်ရဲ့ နိုင်ငံရေးအခြေအနေကို ကမ္ဘာကို မီးထောင်ထိုးပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြပွဲမှာ အဓိက သုံးခဲ့ကြတဲ့ လက်နက်ကတော့ လူ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုခြင်း (The body as a weapon) ဆိုတဲ့ သဘောတရားဟာ နိုင်ငံရေးအန်တုမှု (political defiance) နဲ့ လူမှုဗေဒ (sociology)၊ မနုဿဗေဒ (anthropology) ဘာသာရပ် စတာတွေမှာ အရေးကြီးတဲ့ သဘောတရားတရပ်ဖြစ်ပြီး၊ အစာငတ်ခံ ဆန္ဒပြခြင်းကနေ အသေခံ ဗုံးခွဲ တိုက်ခိုက်ခြင်းအထိ အကျုံးဝင်ပါတယ်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုမှာတော့ ပြည်သူလူထု အကြားမှာ ဗုံးခွဲမှုတွေက အကြမ်းဖက်မှု (Terrorism) ဖြစ်ပြီး၊ တဘက်ရန်သူရဲ့ ပစ်မှတ်ကို ချေမှုန်းတာကတော့ လက်နက်ကိုင် တော်လှန်ရေး (Armed Struggle) ဖြစ်တဲ့အတွက် ဒီဆောင်းပါးမှာ ထည့်သွင်းဆွေးနွေးခြင်း မပြုပါဘူး။  အကြမ်းမဖက် တိုက်ပွဲနည်းနာ တခုဖြစ်တဲ့ အစာငတ်ခံ ဆန္ဒပြခြင်းကိုပဲ သီးခြားဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။


အစာငတ်ခံ ဆန္ဒပြခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အိုင်စီအာစီလို့ လူသိများကြတဲ့ International Committee of the Red Cross က Hern´an Reyes ဆိုသူက အစာငတ်ခံ ဆန္ဒပြခြင်းမှာ အစာဖြတ်တောက်ခြင်း၊ မိမိသဘောဆန္ဒဖြင့် ပြုလုပ်ခြင်းနဲ့ ရည်ရွယ်ချက် ဖော်ပြခြင်းဆိုတဲ့ အပိုင်း () ပိုင်း ပါဝင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ အကျဉ်းထောင်မှာ အစားအစာ မစားသူများမှာ အစားအစာကို ငြင်းဆန်သူများ (food refuser)များ နဲ့ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများ (real hunger strikers) ဆိုပြီး နှစ်မျိုးကွဲပြားပါတယ်။

အစားအစာကို ငြင်းဆန်သူများမှာ အခြေအနေ အကြောင်းတစုံတရာကြောင့် ရုတ်ခြည်း ငြင်းဆန်သူများနဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်သူများဆိုပြီး နှစ်မျိုး ထပ်ကွဲပါတယ်။ အကျဉ်းထောင်ရဲ့ အစားအစာကြောင့်ဖြစ်စေ၊ ထောင်ဝန်ထမ်းဆက်ဆံရေးကြောင့် ဖြစ်စေ၊ တစုံတရာ စိတ်ရှုပ်ထွေးမှုများနဲ့ ဒေါသစိတ်ကြောင့်ဖြစ်စေ အစားအစာကို ရုတ်ခြည်းငြင်းဆန် လိုက်သူတွေ ရှိတတ်ပါတယ်။ ဒီလို အကျဉ်းသားတွေဆီမှာ ရည်ရွယ်ချက် တစုံတရာ မရှိတာကြောင့် ဆာလောင်မှုကြောင့်ဖြစ်စေ၊ အခြေအနေတခုကြောင့် ဖြစ်စေ အလွယ်တကူ အစာပြန်စားသွားလေ့ ရှိပါတယ်။  

နောက်တမျိုးကတော့ ထောင်ထဲမှာ အမြန်သေဆုံးသွားရင်လဲ သေဆုံးသွားပါစေ သဘောထားပြီး၊ ဘ၀ကို အရှုံးပေးစိတ်နဲ့ အစားအစာကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်တာဖြစ်ပါတယ်။ ရောဂါဘယ ခံစားရသူများနဲ့ ဘ၀မှာ မျှော်လင့်ချက်ပျောက်နေသူများမှာ ဒီလို ငြင်းဆန်မှုတွေ ရှိလာတတ်ပါတယ်။ ဒီလို အစားအစာကို ငြင်းဆန်သူများမှာ တစုံတရာ နိုင်ငံရေး ဖိအားကို အသုံးပြုမှု မရှိပါဘူး။ တချိန်တည်းမှာ အများအပြားရှိနိုင်ပေမယ့် တဦးချင်းသီးခြား ငြင်းဆန်မှုတွေ ဖြစ်ပါတယ်။ အာဏာပိုင်များနဲ့ ထိပ်တိုက်ရင်ဆိုင်မှုသဏ္ဍာန်၊ တိုက်ပွဲသဏ္ဍာန် မပါဝင်ပါဘူး။ အုပ်စုဖွဲ့မှု မရှိပါဘူး။

အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာလဲ နောက်ဆုံးအဆင့် သေဆုံးဖို့အထိ ရည်ရွယ်သူများ ရှိသလို၊ တိုက်ပွဲရေချိန်ပေါ် မူတည်ပြီး အတိုးအလျှော့ လုပ်သူများ ဆိုပြီး နှစ်မျိုးထပ် ကွဲပြားပါတယ်။ ဘယ်လိုကွဲပြားမှုတွေ ရှိပေမယ့် အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများမှာ နိုင်ငံရေး ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားအခွင့်အရေး အပြည့်အ၀ ရရှိရေး၊ နှိပ်စက်ညှဉ်းပမ်းမှုများ လျှော့ချရေး၊ အကျဉ်းထောင် မတရားမှုများ ဖော်ထုတ်ရေး စတာတွေကနေ နိုင်ငံရေးတောင်းဆိုချက်စသည်အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါတယ်။ အမှန်တကယ် အစာငတ်ခံ ဆန္ဒပြသူများဟာ တစုံတရာ နိုင်ငံရေး ဖိအားကို အုပ်စုလိုက် အသုံးပြုကြတာ ဖြစ်ပါတယ်။

အစာငတ်ခံ ဆန္ဒပြသူများဆိုင်ရာ ကြေငြာစာတမ်း (Declaration on Hunger Strikers – Declaration of Malta) မှာတော့ World Medical Association က အစာငတ်ခံဆန္ဒပြသူဆိုတာ အစာငတ်ခံ ဆန္ဒပြမယ်လို့ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီး၊ အစားအစာကို အချိန်အတိုင်းအတာတခုအထိ ငြင်းဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ အရ ကျန်းမာသူများလို့ အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြသူများရဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းစွမ်းရည် (decision-making capacity) ကို ဒီဖွင့်ဆိုချက်က အဓိက မီးမောင်းထိုးပြထားခဲ့ပါတယ်။

တုန့်ပြန်မှုများနှင့် ထည့်သွင်းစဉ်းစားလေ့ရှိသော အချက်အလက်များ

အစာငတ်ခံ ဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ နိုင်ငံရေးသမိုင်းကြောင်းတွေက ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး၊ အစာငတ်ခံ ဆန္ဒပြမှုကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက တုန့်ပြန်မှုတွေက ရှုမြင်သုံးသပ်ပုံပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ များသောအားဖြင့် အကျဉ်းထောင် အစာငတ်ခံ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သုံးသပ်လေ့ရှိတဲ့ ရှုထောင့်တွေကတော့ အစာငတ်ခံ ဆန္ဒပြသူများဆီမှာ political expression ကို ဖော်ထုတ်ရန် အခွင့်အရေးရှိသလား ဆိုတာနဲ့ ပတ်သက်ပါတယ်။

ဒီမိုကရေစီ ထောင်တွေမှာတော့ ဒီအခွင့်အရေးကို အသိအမှတ်ပြုပြီး ညှိနှိုင်းမှုတွေ ရှိပေမယ့်၊ အာဏာရှင်နိုင်ငံတွေ မှာတော့ ဒီအခွင့်အရေးကို အသိအမှတ်မပြုပဲ အတင်းအကြပ် အစာကျွေးတာ၊ ညှဉ်းပန်းနှိပ်စက် တာတွေနဲ့ တိုက်ပိတ်ပြစ်ဒဏ်ပေးတာတွေ လုပ်လေ့ရှိပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြခြင်းရဲ့ ရည်ရွယ်ချက်တွေဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြု မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိသလား၊ တရားဝင်မှု ရှိစေသလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တခါတရံမှာ အစာငတ်ခံ ဆန္ဒပြသူတွေဘက်က အဖျက်မူဝါဒတွေ ဖြစ်နေတတ်ပြီး၊ တခါတရံမှာတော့ အစာငတ်ခံ ဆန္ဒပြသူတွေက နိုင်ငံနဲ့ လူ့အဖွဲ့အစည်း အကျိုးပြုရေးကို လုပ်ဆောင်နေသူများ ဖြစ်ပြီး၊ အာဏာပိုင်တွေက နိုင်ငံကို ဖျက်ဆီးနေသူများလဲ ဖြစ်နေတတ်ပြန်ပါတယ်။ အမှန်အမှားကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ အစိုးရအဖွဲ့ရဲ့ တရားဝင်မှု (legitimacy)၊ တရားဥပဒေစိုးမိုးရေး စတာတွေပေါ်မှာပဲ မူတည်ပါတယ်။ နောက်တချက်ကတော့ အစာငတ်ခံ ဆန္ဒပြသူများဟာ အသေခံဖို့အထိ ရည်ရွယ်ချက်ရှိမရှိနဲ့ အသေခံလိုက်တဲ့အခါ နိုင်ငံရေးအရ အခြေအနေ မည်၍ မည်မျှ ဖြစ်သွားနိုင်ခြင်း ရှိမရှိ ဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။

အစာငတ်ခံ ဆန္ဒပြမှုတွေမှာ  အခြေအနေပြ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ တဦးချင်းအနေနဲ့လား၊ အုပ်စုအနေနဲ့လားဆိုတာကို အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲသဏ္ဍာန် သတ်မှတ်ဖို့ လိုအပ်ပါတယ်။ အုပ်စုဖွဲ့သဏ္ဍာန်က ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်တွေကို ပိုပြီး ထိထိမိမိ မီးမောင်းထိုးပြနိုင်ပြီး၊  credibility ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အုပ်စုဖွဲ့ အစာငတ်ခံ ဆန္ဒပြခြင်း (collective hunger strikes) တွေကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ အာဏာပိုင် နှစ်ဘက်စလုံးက လေးလေးနက်နက် အာရုံစိုက်ကြပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းမှာ ပါဝင်သူတွေရဲ့ လူမျိုး၊ ဘာသာ၊ အကျဉ်းချခြင်းခံရသော အမှု၊ အစာငတ်ခံဆန္ဒပြခြင်းကို အရေးယူမှု အခြေအနေ စတာတွေကို   ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

အစာငတ်ခံဆန္ဒပြခြင်းဟာ ဥပဒေရေးရာ မူဝါဒတွေကို သက်ရောက်မှု ရှိစေပါတယ်။ အစာငတ်ခံ ဆန္ဒပြခြင်းဟာ စာနယ်ဇင်းနဲ့ နိုင်ငံရေးသမားတွေရဲ့ အာရုံစိုက်မှုကို ခံရတာကြောင့် ဥပဒေရေးရာ မူဝါဒတွေရဲ့  strategic turning point ကို ဖြစ်ပွားစေပါတယ်။ ၁၉၈၁ ခုနှစ် အိုင်ယာလန် အစာငတ်ခံ ဆန္ဒပြပွဲမှာ ရီပတ်ပလီကန်ပါတီက ဘော်လီဆဲင်ဒ်ဟာ ခြောက်ဆယ့်ကိုးရက်တိတိ ဆန္ဒပြခဲ့ပြီး၊ အခြားရဲဘော် ကိုးယောက်နဲ့အတူ ကျဆုံးခဲ့ပါတယ်။ ဒီအရေးဟာ ဗြိတိသျှအစိုးရရဲ့ အကျဉ်းထောင် ဆိုင်ရာ မူဝါဒတွေ ပြင်ဆင်မှုကို ဦးတည်စေခဲ့ပါတယ်။ အစာငတ်ခံဆန္ဒပြခြင်းနဲ့ ပတ်သက်တဲ့ အခြားအချက်တွေကတော့ တဦးချင်းရေးရာ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ အသက်အရွယ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စတာတွေနဲ့ ဆက်စပ်ပါတယ်။ အာဏာပိုင်တွေဘက်က တုန့်ပြန်မှုတွေမှာလဲ ဒီတဦးချင်းရေးရာ အချက်တွေက လွှမ်းမိုးမှု ရှိပါတယ်။

မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများ

မြန်မာ့သမိုင်းမှ အစာငတ်ခံ ဆန္ဒပြခြင်းများမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့ ရဲရဲတောက် သံဃာ့အာဇာနည်တပါးဖြစ်တဲ့ ဆရာတော် ဦးဝိစာရရဲ့ အစာငတ်ခံ ဆန္ဒပြခြင်းဟာ သမိုင်းမော်ကွန်းတွင်ရစ်ခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်၊ ဖေဖော်ဝါရီ () ရက်နေ့တုန်းက နယ်ချဲ့အစိုးရမှ ရာဇသတ်ပုဒ်မ (၁၂၄) (က) အစိုးရအား အကြည်ညိုပျက်အောင် ဟောပြောမှု နဲ့ သာယာဝတီထောင်မှာ မတရား ချုပ်နှောင်ထားစဉ်မှာ ဆရာတော်ဦးဝိစာရက သိမ်တခုခုမှာ ဥပုဒ်ပြုခွင့်တောင်းခဲ့ပါတယ်။ ငြင်းဆိုခံခဲ့ရတဲ့ အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ရာမှာ ရန်ကုန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး၊ ရက်ပေါင်း လေးဆယ်အထိ ရန်ကုန်ထောင်မှာ ဆက်လက်ဆန္ဒပြမှုကြောင့် နယ်ချဲ့အစိုးရ အာဏာပိုင်တွေက ဥပုဒ်ပြုခွင့် ပြုခဲ့ရပါတယ်။

အမှုစစ်ဆေးပြီး ထောင်ချခံခဲ့ရတာကြောင့် အင်းစိန်ရုံးကနေ ထောင်ဘူးဝပြန်အရောက်မှာ အာဏာပိုင်တွေက ထောင်ဝတ်စုံ နံငယ်ပိုင်းကို လဲလှယ်စေခဲ့ရာမှာလဲ သင်္ကန်းမှ လွဲ၍ မည်သည့်အ၀တ်မှ မ၀တ်နိုင်လို့ ဆိုခဲ့တာကြောင့် သင်္ကန်းဆွဲချွတ်ပြီး အ၀တ်ဗလာနဲ့ တိုက်ပိတ်ခံရပြန်ပါတယ်။ ဒီအတွက်ကြောင့် ၁၉၂၇ ခုနှစ်၊ မေလ () ရက်နေ့မှာ ဒုတိယအကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အစာငတ်ခံ ဆန္ဒပြစဉ်ကာလတွေမှာ နယ်ချဲ့လက်ပါးစေတွေက ရိုက်နှက်နှိပ်စက်ခြင်း၊ ကန်ကျောက်ခြင်း၊ စိတ်ရောဂါသည်များထားရှိရာထောင်သို့ ပို့ဆောင်ခြင်း၊ စိတ်ရောဂါသည်များနှင့် အတူထားရှိခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နယ်ချဲ့အစိုးရ လက်လျှောက်ပြီး ဆရာတော်ကို သင်္ကန်းဝတ်ခွင့် ပြန်ပေးခဲ့ရပါတယ်။

မကြာခင်မှာပဲ သင်္ကန်းပြန်ချွတ်ပြန်တာကြောင့် ဆရာတော်က တတိယအကြိမ် အစာငတ်ခံ ဆန္ဒပြတဲ့အတွက် ထောင်တွင်းတိုက်ပွဲပြင်းထန်လာတာကြောင့် အိန္ဒိယထောင်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပါတယ်။ ၁၉၂၉ မှာ ရန်ကုန်ထောင်သို့ ပြန်လည်ရောက်ရှိပြီး၊ ထောင်မှ လွတ်မြောက်ခဲ့ရာမှာ ထောင်မှလွတ်မြောက်ပြီး မကြာခင်မှာပဲ သုံးခွနယ်၊ ဖရုံကန်ရွာ တရားပွဲမှာ အစိုးရ အကြည်အညို ပျက်စေရန် ဟောပြောမှုနဲ့ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဟန်းတော်တို့ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရာမှာ မရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြပြီး ထပ်မံ တောင်းဆိုခဲ့ပါတယ်။ အစာငတ်တ်ခံဆန္ဒပြရာမှ ရက်ပေါင်း (၁၆၆) ရက်မြောက်တဲ့ ၁၉၂၉ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့မှာ ဆရာတော် ဦးဝိစာရ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်နောက်ဆုံးမိန့်ကြားခဲ့တဲ့ လိမ်မာရစ်ကြပါ ဆိုတဲ့ စကားလုံးဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်ကို မြှင့်တင်ပေးခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှတ်တိုင်များထဲက ကိုးကိုးကျွန်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲများဟာလဲ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့သူရဲကောင်း စိတ်ဓာတ်တွေ မျိုးဆက်သစ် တော်လှန်ရေး သမားတွေဆီမှာ ပျံ့နှံ့လာအောင် စိတ်ဓာတ်အမွေပေးခဲ့ပါတယ်။ ကိုးကိုးကျွန်း တိုက်ပွဲများရဲ့ ပထမဦး ပွဲဦးထွက် ငါးပိတိုက်ပွဲမှာတုန်းက ထောင်အာဏာပိုင်များက ငါးပိပုပ်တွေကို ပေးပြီး၊ ပေးတာယူ-ကျွေးတာစား သဘောမျိုးနဲ့ တော်လှန်ရေးသမားတွေကို အကဲစမ်း အညွှန့်ချိုးခဲ့တာကြောင့် တော်လှန်ရေးသမားများကို အစာငတ်ခံ တိုက်ပွဲနဲ့ တုန့်ပြန်ခဲ့ရာမှာ အာဏာပိုင်တို့ လက်လျှော့ပေးခဲ့ရပါတယ်။

ရဲနီဦးတင်ငြိမ်း ကိုးကိုးကျွန်းမှာ ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပွားလာခဲ့တဲ့ ကိုးကိုးကျွန်း ရက်လေးဆယ် တိုက်ပွဲကြီးဟာလဲ တောင်းဆိုချက် () ရပ်နဲ့အတူ အာဏာပိုင်တွေကို တုန်လှုပ်စေခဲ့ပါတယ်။ ဒီတောင်းဆိုချက် () ရပ်ကတော့ ရဲနီတင်ငြိမ်း အလောင်း ပြည်မပြန်ပို့ပေးရေး၊ နာတာရှည်ရောဂါသည် (သို့မဟုတ်) ကျွန်းမှာ ကုလို့မရသော ရောဂါသည်များကို ပြည်မပြန်ပို့ပေးရေး၊ စည်သွတ်ဗူးအစား အသားစိုပေးရေး၊ တရားဝင်ထုတ်ဝေသော စာနယ်ဇင်းများ ဖတ်ခွင့်ရရှိရေးနဲ့ အိမ်နှင့် စာရေးဆက်သွယ်ခွင့်ရရှိရေး စတာတွေ ဖြစ်ပါတယ်။ ပထမတောင်းဆိုချက်ဖြစ်တဲ့ အလောင်းကိုတော့ အာဏာပိုင်များက အတင်းအဓမ္မလုယူပြီး သဂြိုလ်လိုက်ပါတယ်။ နောက်တောင်းဆိုချက် () ချက်ကိုတော့ ရက်ပေါင်း (၄၀) အကြာမှာ အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ရပါတယ်။

နောက်ထပ်ပေါ်ထွက်လာခဲ့တဲ့ (၅၃) ရက် အစာငတ်ခံတိုက်ပွဲကြီးကတော့ တော်လှန်ရေးသမား တွေကို ကိုးကိုးကျွန်းကို ပို့ပြီး၊ ချုပ်နှောင်နှိပ်စက်ခြင်း အခြေခံဖြစ်တဲ့ ကိုယ်ထူကိုယ်ထ မူဝါဒကြီးကို ဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါတယ်။ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးရေးနဲ့ ပြည်မထောင်အခွင့်အရေးများ ကိုးကိုးကျွန်းမှာလဲ ရရှိရေး တောင်းဆိုချက်များနဲ့ တိုက်ပွဲဝင်ခဲ့ကြရာမှာ အသက်ပေးခဲ့ကြသော ရဲဘော်များရဲ့ အလောင်းစင်တွေရှေ့က ပိုစတာတွေပေါ် ထောင်ခဲ့ကြတဲ့ သူတို့ ပြောခဲ့တဲ့ စကားတွေမှာ သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ ယုံကြည်ချက်တွေကို တော်လှန်ရေး လမ်းညွှန်သဖွယ် မီးမောင်းထိုးပြနေခဲ့ပါတယ်။

ဆံခြည်တမျှင်တောင်မှ နောက်မဆုတ်နဲ့။ ဆက်တိုက်။ (ရဲဘော်သိန်းကြည်)

လယ်သမားဟာ ထယ်ထိုးတဲ့အခါ အငုတ်အမြစ်ပါ မကျန်အောင်ထိုးရသလို၊ ရန်သူကိုတိုက်ရာမှာလည်း အငုတ်အမြစ် မကျန်အောင် တိုက်ရမယ်။ (ရဲဘော်အုန်းမော်)

ခိုင်မာတဲ့ သန္နိဌာန်သာရှိရင် မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာ မရှိဘူး။ (ရဲဘော်ချစ်ဆွေ)

ကျွန်တော်ကတော့ အလုပ်သမားလူတန်းစားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ဘယ်တော့မှ မလုပ်ဘူး။ (ရဲဘော်စိန်ချင်း)

ရန်သူ့နှလုံးအိမ်တွင်း စိုက်သွင်းထားတဲ့ ဓားမြှောင်နီ (ရဲဘော်လေးမောင်)

ပြည်သူ့သူရဲကောင်း ရဲဘော်ရှစ်ယောက် အသက်ပေးခဲ့ရတဲ့ ၅၃ရက် တိုက်ပွဲမှာလဲ အာဏာပိုင်တွေက အလျှော့ပေးခဲ့ရပါတယ်။
နိဂုံး

မဆလ၊ န၀တ၊ နအဖ၊ ဦးသိန်းစိန် ရုပ်သေးအစိုးရ စတဲ့ အာဏာရှင် အဆက်ဆက်တို့ရဲ့ အကျဉ်းထောင်တွေထဲမှာလဲ အစာငတ်ခံ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်တွေကို ဆန့်ကျင် အန်တုခဲ့ကြပါတယ်။ မတရားမှုဟာ ဥပဒေဖြစ်နေသရွေ့၊ အာဏာတည်နေသရွေ့၊ ဆန့်ကျင် တော်လှန်သူဆိုတာ ရှိနေစမြဲပါပဲ။ ဒီလို တော်လှန်သူတွေကို အကျဉ်းထောင်တွေထဲမှာ၊ တိုက်တွေထဲမှာ၊ ကျွန်းတွေမှာ နည်းမျိုးစုံနဲ့ ချုပ်နှောင်ထားရင်လဲ ကိုယ်ခန္ဓာကိုပဲ ချုပ်နှောင်လို့ရပေမယ့် တော်လှန်စိတ် ကိုတော့ ချုပ်နှောင်လို့ မရနိုင်ပါဘူး။ တော်လှန်စိတ်ကို မီးမောင်းထိုးပြတဲ့ အစာငတ်ခံ ဆန္ဒပြပွဲတွေ၊ ထောင်တွင်း တိုက်ပွဲတွေဟာ အချုပ်ခန်း၊ ထောင်အဆောင်များ၊ တိုက်များနဲ့ ကျွန်းတွေကနေ ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲဖြစ်ပြီး၊ အာဏာရှင်စနစ် အဆုံးမသတ်သရွေ့ ဆက်လက် ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။
                                                                                         ခင်မမမျိုး (၁၆၊ ၆၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။   ။

ရန်ကုန်ပြည်သူများ (၂၀၀၈) သံဃာ့အာဇာနည် ဆရာတော်ဦးဝိစာရ၊ http://burmesepeople.blogspot.com/2008_07_01_archive.html

ရဲဘော်ဖိုးသံချောင်း (၂၀၀၄) ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား၊ Study Desk Publication, India

BAUMAN, Z. (1992) Survival as social construct. Theory, Culture and Society. 9(1): 1-36.

SANDS, B. (1998) Writings from Prison. Dublin: Mercier Press.

Reyes, H. (1998) Medical and Ethical Aspects of Hunger Strikes in Custody and the Issue of Torture, in Oehmichen, M., 19 MALTREATMENT AND TORTURE, RESEARCH IN LEGAL MEDICINE

World Med. Ass’n, Declaration on Hunger Strikers, Nov. 1991, rev. Oct. 2006, available at

Yuill, C. (2007) The Body As Weapon: Bobby Sands and the Republican Hunger Strikes, Sociological Research Online, Volume 12, Issue 2





မတရားမှုသည် ဥပဒေဖြစ်လာသောအခါ
တော်လှန်ပုန်ကန်ခြင်းသည်
တာဝန်တရပ်ဖြစ်လာသည်

(မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု အင်အားစုများမှ ထုတ်ဝေသည်)