လယ်ယာမြေအရေး ဆောင်ရွက်သူ ၁၅၀ ခန့် တရားစွဲထားခံရဟု AAPP အစီရင်ခံ

ကွန်းချမ်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၃၅ မိနစ် စံခလပူရီ (မဇ္ဈိမ)။   ။ ဇွန်လ အတွင်း လယ်သမား အများစု အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၅၀ ခန့် တရားစွဲဆိုခံရပြီး ၎င်းအနက် ၂၈ ဦးမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။

နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ)၊ ခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်မှု ပုဒ်မ ၁၈၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇ စသည့်တို့ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ပြီး အများစုမှာ ပုဒ်မ ၄၄၇ ဖြစ်သည်ဟု တနင်္လာနေ့က ထုတ်ပြန်သည့် AAPP ၏ လစဉ် အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

“လယ်သမားတွေက အသိမ်းခံရတဲ့ သူတို့ လယ်မြေတွေမှာ ပြန်ပြီး စိုက်ပျိုးတဲ့အခါကျတော့ လယ်သမား အများစုပေါ့ ပြီးခဲ့တဲ့ဇွန်လမှာ တရားစွဲခံရတယ်။ ပိုင်နက် ကျူးလွန်မှုပေါ့” ဟု AAPP အဖွဲ့ဝင်တဦး ဖြစ်သူဒေါ်ခင်ချိုမြင့် က ပြောသည်။

တရားစွဲခံရသူများမှာ တိုင်းနှင့် ပြည်နယ် အသီးသီးမှ လယ်သမားများ၊ လယ်သမားအရေး လှုပ်ရှားသူများ၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအရေး လှုပ်ရှားသူများ၊ ရန်ကုန်နှင့် မိတ္ထီလာ ပြည်သူ့အကျိုးဆောင် ကွန်ယက် အဖွဲ့ဝင်များ စသည်တို့ ဖြစ်ပြီး ၎င်းတွင် ရန်ကုန်တိုင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမန်းအောင်မြင့်သိန်း လည်း ပါဝင်သည်။

ဦးမန်းအောင်မြင့်သိန်းမှာ တွံတေးမြို့နယ်၊ ရေတွင်းကုန်းအုပ်စု ကျေးရွာ ၄ ရွာ၌ စစ်တပ် သိမ်းယူထားသည့် လယ်မြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံ လယ်သမားများအား ကူညီခဲ့သူတဦး ဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တပ်ရင်း (၇၀) က ပိုင်နက် ကျူးလွန်မှုဖြင့် ဇွန်လ ၂၂ ရက်နေ့တွင် တွံတေးမြို့နယ် ရဲစခန်း၌ တရားစွဲ
ဆိုခံထားရခြင်း ဖြစ်သည်။

၎င်းပြင် ယခင်လများက ထိန်းသိမ်းခံထားရသည့် တက်ကြွလှုပ်ရှားသူ ၁၆ ဦးကိုလည်း ဇွန်လအတွင်း၌
ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု AAPP က ပြောသည်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ထောင်စုလွှတ်တော်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်၊ စုံစမ်းရေး အဖွဲ့ခွဲများကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင် တိုင်းနှင့် ပြည်နယ်များမှ လယ်သမားများ
က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပြီး လယ်သမား အများအပြား တရားစွဲဆိုခံကြရသည်။

ထိုကော်မရှင်သို့ တိုင်ကြားချက်များအရ စစ်တပ်မှ သိမ်းယူထားသည့် မြေဧကပေါင်း နှစ်သိန်းခွဲခန့် ရှိပြီး စီမံကိန်းအတွက် အသုံးပြုထားသည့် မြေမှ လွဲ၍ ကျန်မြေများကို ပြန်ပေးမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ဝေလွင် က ဇွန်လ ၂၆ ရက်နေ့တွင် ကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ် မတိုင်မီ ဇွန်လအတွင်း နိုင်ငံရေး အကျဉ်းသား ၁၀၀ ခန့် လွှတ်ပေးရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လွတ်မြောက်လာသူ မရှိသေးကြောင်းလည်း AAPP က ပြောသည်။

“ဇွန်လဆန်းအတွင်းမှာပဲ သမ္မတ ကိုယ်တိုင်ရော၊ သမ္မတရုံး ဝန်ကြီး ကိုယ်တိုင်ရော နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ သူတို့တွေ ကတိကဝတ်ပြုပြီး ပြောသွားပါတယ်။ ဒါပေမယ့် ဘာမှ မထူးသေးဘူး” ဟုဒေါ်ခင်ချိုမြင့် က ပြောသည်။

AAPP မှ ပြုစုထားသည့် စာရင်းဇယားအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၁၇၁ ဦး ကျန်ရှိနေသေးကြောင်း သိရသည်

No comments: