အခြေခံပညာကဏ္ဍ တက္ကသိုလ်ဝင် စာမေးပွဲ၌ စစ်ဆေးသည့် မေးခွန်းပုံစံ စနစ်အား ပြုပြင်ပြောင်းလဲရန် အကြံပြုချက်အား ဆွေးနွေးနေ...



အခြေခံပညာကဏ္ဍ တက္ကသိုလ်ဝင် စာမေးပွဲ၌ စစ်ဆေးသည်
့ မေးခွန်းပုံစံ စနစ်အား ပြုပြင်ပြောင်းလဲရန် အကြံပြုထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အတွက် ဘက်စုံလွှမ်းခြုံနိုင်သော အခြေခံပညာကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း အစီရင်ခံစာတွင်လည်း တက္ကသိုလ်ဝင် စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ် အားလုံးအတွက် မေးခွန်းတစ်စုံ၊ နိုင်ငံခြား စာစစ်ဌာနများအတွက် မေးခွန်းတစ်စုံတို့ဖြင့် စစ်ဆေးရန် အကြံပြုထားပြီး အဆိုပါ အကြံပြုချက်ကို ညှိနှိုင်း ဆွေးနွေးနေလျက် ရှိကြောင်း သိရသည်။

''တက္ကသိုလ်ဝင် စာမေးပွဲမှာ မေးခွန်းတစ်စုံတည်း ဖြစ်ဖို့အတွက်ကို မြန်မာနိုင်ငံ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းမှာ ထည့်သွင်း အကြံပြု ထားပါတယ်။ ဆွေးနွေး ညှိနှိုင်းနေဆဲ အဆင့်ပဲ ရှိနေပါသေးတယ်။ လုပ်သင့် မလုပ်သင့်ကို ဆွေးနွေးပြီးမှ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်'' ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြား စာစစ်ဌာနတို့အတွက် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ၁၀ ခုမှမေးခွန်း ၁၀ စုံ ထုတ်ဝေစစ်ဆေးလျက် ရှိနေပြီး ယင်းကဲ့သို့ မေးခွန်းများ ထုတ်ဝေစစ်ဆေးခြင်း စနစ်အစား မေးခွန်းတစ်စုံသာ ပြုစုထုတ်ဝေရန်နှင့် အဆိုပါ စာမေးပွဲ မေးခွန်းပုံစံ စနစ်အား ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်ကျင့်သုံးရန် အဆိုပြု ထားကြောင်း သိရသည်။

''တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းကို ၂၀၁၅-၁၆ ခုနှစ်ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အားလုံးအတွက် မေးခွန်းတစ်စုံ၊ နိုင်ငံခြား စာစစ်ဌာနအတွက် မေးခွန်းတစ်စုံ ပြုစုစစ်ဆေးဖို့ ရည်ရွယ်ထားပါတယ်'' ဟု ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးအေးကြူက အခြေခံ ပညာရေးဆိုင်ရာ လမ်းညွှန်ချက်တွင်လည်း ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်၌ နေပြည်တော်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့၌ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးအုန်းတင်က ''အခြေခံပညာ အထက်တန်း ကျောင်းများတွင် ကျောင်းသားများအား ၀ိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲဟူ၍ ဘာသာခွဲခြားခြင်း မပြုဘဲ အားလုံးကို တစ်ပြေးညီ သင်ကြားပို့ချပေးရန်နှင့် တက္ကသိုလ်ဝင်တန်း (ဒသမတန်း) အတွက် စာမေးပွဲ မေးခွန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ခွဲခြား၍ စစ်ဆေးမေးမြန်းခြင်းမပြုဘဲတစ်နိုင်ငံလုံး၌ မေးခွန်းတစ်မျိုးတည်းဖြင့် မေးမြန်းခြင်း ပြုပါရန်

 ပြည်ထောင်စု အစိုးရသို့ အဆိုပြု တင်သွင်းခဲ့ဖူးသည်။

EMG

No comments: