မထူးခြင်းသို့  သွားနေသော တိုင်းပြည် -


အကြောက်တရား နှင့်သက်ရှိတို့ ၏ တုံ့ ပြန်မှု

တခါက ပါမောက္ခကြီး တယောက်သည် ပင့်ကူအိမ် အနီး၌ ကပ်၍ မောင်းကို တီးခပ်လိုက်ရာ ပင့်ကူသည် အောက်သို့  သုံးလေးပေခန့် ပြုတ်ကြလာပြီး ခဏ၌ ပြန်တက်သွားသည်။ နောက်တနာရီခန့် ကြာသောအခါ ထို ဆရာကြီးက နောက်တကြိမ် ပြန်တီးခပ်ပြန်သည် ။ ပင့်ကူသည် ပထမအကြိမ်လောက်ထိ ကျမသွားပဲ ခဏကြာ ပြန်တက်သွားပြန်သည်။ ထိုသို့  တနာရီခြားပြီး ခဏခဏ တီးခပ်ပြန်သောအခါ နောက်ပိုင်း၌ ပင့်ကူသည် လုံးဝပင် ပြန်မကျတော့ပဲ နေရာ၌ နေမြဲတိုင်းနေ နေတော့သည်။ ဤကား အကြောက် တရားအပေါ် ပင့်ကူတကောင်၏ တုံ့ ပြန်မှုပင် ။ ကျနော်ငယ်စဉ်က အဖြစ်အပျက်တခုကြားဘူးသည် ။ ခရီးသည် များစွာပါသော လှေတစင်းသည် မြစ်လည်၌ မုန်တိုင်းမိလေသည်။ မုန်တိုင်းကြောင့် လှေမှာ ဟိုဖက်လူးလိုက် ဒီဖက်လူးလိုက်ဖြစ်နေလေသည်။ ခရီးသည်များကလည်း အော်ကြဟစ်ကြနှင့်ဆူညံနေကြသည် ၊ မုန်တိုင်းကလည်း တော်တော်နှင့်မစဲသလို ကံကောင်းစွာဖြင့် လှေကလည်း မနစ်မြုတ်ပဲ လူး၍ လူး၍သာ နေလေရာ လှေပေါ်ပါ အဖွားကြီးတယောက်က လှေရယ် မှောက်ချင်ရင်လည်းမှောက်လိုက်ပါတော့ ကြောက်ရတာ ကြာလှပြီ ဟု အော်သဖြင့် လှေပေါ်ပါသူများ ကြောက်စိတ်ပင်မေ့၍ တဝါးဝါးရယ်နေကြသည်ဟူ၏ ။ အကြောက်တရားသည် အချိန်အကန့် အသတ် ရှိပါ၏ ။ လူတယောက်ကို ကြာကြာချောက်လို့ မရပါ။ ဂျပန်ခေတ်က ဂျပန်တို့  မြန်မာစကားနားမလည်ပေမင့် တခုကိုတော့ သူတို့ သတိထားကြသည်ဟု ကြား ဖူးပါသည်  ၊ ထိုစကား ကား `မထူးဘူးကွာ` ဟူသော အသုံးအနှုံးပင် ၊ မြန်မာတို့ ပါးစပ်မှ ‘မထူးဘူးကွာ‘ ဟူသော အသံကြားလျှင် သူတို့ အတွက် အဆိုးဆုံးကိုရင်ဆိုင်ရတော့မည်ကိုသတိထားမိသဖြင့် မထူးဘူးကွာ ကြားလျှင် ချက်ချင်းပစ်သတ် လိုက်ကြကြောင်းလည်း ကျနော် ကြားဘူးပါသည် ။ အကြောက်တရားပျယ်လျှင် လှေပေါ်ပါသူတွေကဲ့သို့  ရယ်နေလျှင်တော်ပါသေးသည် ၊ မထူးဘူးကွာ ကဲ့သို့  ပြင်းထန်သော တုံ့ ပြန်မှုတွေ ဖြစ်လာပါက ဖြစ်လာမည့်အကျိုးဆက်ကား - 

ခါးတမာ (၀၁ ဂျူလိုင် ၂၀၁၃)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: