ဒီနေ့နံနက်တုန်းက
ကျွန်မ အိပ်ယာထ နောက်ကျပါတယ်။
ရာသီဥတုကပဲ လူရဲ့စိတ်ကို
လွှမ်းမိုးလေသလား မသိပါဘူး။
နံနက် ခုနစ်နာရီခွဲလောက်မှ
နေထွက်တတ်တဲ့ ယူကေနိုင်ငံရဲ့
ဆောင်းတွင်းကာလတွေဆိုရင်
နံနက်စောစော ထချင်စိတ်ကို
မရှိပါဘူး။ ဒါပေမယ့်လဲ
ကလေးကျောင်း ပို့ရ၊ ကျောင်းသွားရတဲ့
ဘ၀မှာ နံနက်စောစောမထလို့လဲ
မဖြစ်နိုင်တာမို့
နှိုးစက်သုံးလုံးလောက်ကို
ငါးမိနစ်စီခြားထားပြီး
ထဖို့ကြိုးစားရပါတယ်။
ဒီနေ့နံနက်တော့ နှိုးစက်တွေလဲ
မကယ်နိုင်တော့ပဲ အိပ်ပျော်သွားလိုက်တာ၊
နိုးလာတော့ နံနက်ရှစ်နာရီထိုးခါနီးဖြစ်နေပါ ပြီ။
ဒါနဲ့ပဲ သားလေးကို အတင်းနှိုး၊
ကျောင်းဝတ်စုံဝတ်ပေး၊
နံနက်စာမုန့်ကို အတင်းစားခိုင်း၊
ကိုယ်က ပြင်ဆင်စရာရှိတာတွေ
ပြင်ဆင်ပြီး၊ အိမ်ကနေ
ကမျောသောပါးနဲ့ ထွက်ရပါတော့တယ်။
သားလေးရဲ့
ကျောင်းက အိမ်နဲ့ မိနစ်နှစ်ဆယ်လောက်
လမ်းလျှောက်ရင်ရောက်ပါတယ်။
သားလေး ကျောင်းကနေ
ကျွန်မရဲ့တက္ကသိုလ်ထဲက
ရုံးခန်းကိုတော့ ခုနစ်မိနစ်လောက်
ထပ်လျှောက်ရပါတယ်။ သားလေးရဲ့
ကျောင်းတက်ချိန်က (၈)နာရီ၊
(၅၅)
မိနစ်ဖြစ်ပါတယ်။
များသောအားဖြင့်တော့
ကျောင်းခေါင်းလောင်းထိုးလို့
ဆရာမတွေ ထွက်လာမှ တန်းစီနေတဲ့
သားလေးကို လက်ပြနှုတ်ဆက်ပြီး၊
ကိုယ့်တက္ကသိုလ်ကို ဆက်သွားဖြစ်တာပါ။
ဒီနေ့တော့ နံနက်စာ
မစားခဲ့ရတာကတကြောင်း၊
ကိုးနာရီထိုးရင် စာသင်ချိန်တခုရှိနေတာက
တကြောင်းကြောင့်၊ သားလေးရဲ့
ကျောင်းကိုရောက်တော့
ကြိုရောက်နေတဲ့ သူ့သူငယ်ချင်း
အမေ တယောက်နဲ့ ချော့မော့ထားခဲ့ပြီး၊
(၈)
နာရီနဲ့ (၄၅)
မိနစ်မှာ
ကျွန်မရဲ့ တက္ကသိုလ်ဘက်ကို
ကူးသွားပါတယ်။
ပြဿနာက အဲဒီမှာ
စတော့တာပါပဲ။
သားလေးရဲ့
ကျောင်းပေါက်ဝက စထွက်လာစဉ်မှာပဲ
သားရဲ့ သူငယ်ချင်းအမေတယောက်က
သူ့သမီးလေးကို ကျောင်းလာပို့တာနဲ့
ကြုံပါတယ်။ ကျွန်မက နှုတ်ဆက်ပြီး
ရီပြလိုက်ပါတယ်။ ဒါပေမယ့်
သူက ကျွန်မကိုလဲမြင်ရော
မျက်လုံးကြီးပြူးသွားပြီး၊
သူ့သမီးကို ဆွဲပြီး ကျောင်းထဲကို
ပြေးဝင်တော့တာပဲ။ မကြာပါဘူး။
နောက်ထပ်ကလေးအမေတယောက်တွေ့တော့ လဲ
သူ့နာရီကို ငုံ့ကြည့်ပြီး
စပြေးပြန်ရော။ နောက်ထပ်ကလေး
အမေတယောက်ကတော့ ပိုဆိုးပါသေးတယ်။
လက်တဘက်က မွေးကင်းစကလေး
လက်တွန်းလှည်းကြီးကိုတွန်း၊
နောက်လက်တဘက်က ကျောင်းနေကလေးကို
အတင်းဆွဲပြီး ပြေးတော့ တာပါပဲ။
ဒီလိုနဲ့ သုံးလေးယောက်လောက်ဖြစ်လာတော့
ကျွန်မ သဘောပေါက်သွားပါတယ်။
ဒါနဲ့ပဲ ကျွန်မရဲ့ တက္ကသိုလ်ဘက်ထဲကို
မရောက်ခင် လမ်းတလျှောက်မှာ
တွေ့သမျှကလေးအမေတွေကို
"သင်နောက်မကျသေးဘူး။
ကျောင်းမတက်သေးဘူး"ဆိုတာ
အကြိမ်ပေါင်းများစွာ
ပြောခဲ့ရပါတော့တယ်။ ဒီလိုနဲ့ပဲ
ရီရခက်၊ ငိုရခက်ဘ၀နဲ့ တက္ကသိုလ်ထဲ
ရောက်သွားတဲ့ ကျွန်မမှာ
ကနဦးရည်ရွယ်ထားတဲ့
ကော်ဖီပူပူလေးနဲ့
သိုးကလေးအသားညှပ်ပေါင်မုန့်လေး ကိုတောင်
မစားဖြစ်တော့ပဲ အတွေးနယ်လွန်
သွားခဲ့ရပါတယ်။
လူတွေဘာကြောင့်
ဒီလိုဖြစ်ကုန်သလဲလို့ ကျွန်မ
စဉ်းစားကြည့်မိပါတယ်။
ပထမတချက်ကတော့ ဖြစ်ရိုးဖြစ်စဉ်
အခြေအနေတခုက ပြောင်းလဲသွားတာကြောင့်ပါ။
များသောအားဖြင့် ကလေးမိခင်
အများစုက ကျောင်းတက်ပြီးချိန်ကျမှ
ကျောင်းကနေ ထွက်လာတတ်ပါတယ်။
အချို့မိခင် အနည်းငယ် လောက်သာ
ကလေးကို ထားခဲ့ပြီး အလုပ်ကို
အချိန်မှီပြေးရပါတယ်။
နောက်တချက်ကတော့ အများစု
အနေနဲ့ (အထူးသဖြင့်
သားလေးအတန်းဖော်တွေရဲ့
မိခင်တွေ)
အနေနဲ့က
ကျွန်မကို သိကြပါတယ်။ ကျွန်မရဲ့
လုပ်နည်းလုပ်ဟန်ကို သိကြပါတယ်။
သားလေးကို ကျောင်းပို့ပြီးတိုင်း၊
တက္ကသိုလ်ထဲကို ကျွန်မဆက်သွားလေ့ရှိတာကို
သိကြပါတယ်။ ဒီတော့ ကျွန်မရဲ့
လုပ်နည်းလုပ်ဟန် ပြောင်းလိုက်တဲ့
အခါမှာ သူတို့ ရုတ်တရက်
ဘာလုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။
သူတို့ရဲ့ အချိန်နဲ့ သူတို့
လာကြတာဖြစ်ပေမယ့် ကျွန်မကို
တွေ့လိုက်တော့ သူတို့အချိန်တွေက
မှန်လား၊ မှားလား ဝေခွဲမရ
ဖြစ်သွားပါတယ်။ နောက်တချက်က
ကျောင်းကများ စောတက်လိုက်သလားလို့
သံသယ ဖြစ်သွားပါတယ်။ အဲဒီမှာတင်
ဘယ်သူမှ နောက်မကျချင်တတ်ကြတဲ့
ထုံးစံအတိုင်း အပြေးအလွှား
ဖြစ်ကုန်ကြတာပါ။
ဒီဖြစ်ရပ်ကနေ
ကျွန်မကို သင်ခန်းစာအချို့ပေးလိုက်ပါတယ်။
လူတွေဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့
(ဒါမှမဟုတ်
ကိုယ်မထင်မှတ်ထားတဲ့)
အခြေအနေ၊
အချိန်အခါတွေမှာ ကိုယ်လုပ်နေတာတွေ
မှန်လား၊ မှန်လားဆိုတာကို
မဝေခွဲနိုင်အောင်
ဖြစ်တတ်လေ့ရှိတယ်ဆိုတာတွေ၊
သူတို့က အေ လုပ်ရိုးလုပ်စဉ်
ရှိတယ်လို့ သတ်မှတ်ထားသူက
ဘီဆိုတဲ့ လုပ်ရိုးလုပ်စဉ်တခုကို
လုပ်လိုက်တဲ့အခါ မထင်မှတ်
ထားတာကြောင့် ပျာယာခတ်သွားလေ့ရှိတယ်
ဆိုတာတွေ၊ အခြားဘက်တဘက်ရဲ့
အခြေအနေတခုကို သံသယဖြစ်လာတဲ့အခါ
နောက်ကျမှာကို စိုးရိမ်ပြီး
အပြေးအလွှား ဖြစ်သွားတတ်လေ့ရှိတယ်
ဆိုတာတွေနဲ့ အဲဒီလိုအခြအနေ၊
အချိန်အခါတွေမှာ ကိုယ်လုပ်နေတဲ့
လုပ်ရိုးလုပ်စဉ်တွေကနေ
သွေဖည်သွားတတ်တယ် ဆိုတာတွေကို
သတိထားဆင်ခြင်မိသွားပါတယ်။
ဒီလိုဆင်ခြင်မိလာရင်း
ငယ်ငယ်တုန်းက အဖွားပြောဖူးတဲ့
"သူများယောင်တိုင်းလိုက်ယောင် တယ်၊
အမောင်တောင်မှန်း၊ မြောက်မှန်းမသိ"
ဆိုတဲ့
စကားလေးကို သတိသွားရလိုက်မိပါတော့တယ်။
ခင်မမမျိုး
(၁၃၊
၁၁၊ ၂၀၁၂)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment