တောင်အာဖရိကစေ့စပ်ဆွေးနွေးရေးဖြစ်စဉ် - အပိုင်း ( ခ )



အတွေးအမြင်၊ အယူအဆပိုင်းဆိုင်ရာ မတူညီမှုတွေ အများအပြားရှိတဲ့အနက် အရေးကြီးဆုံး ကိစ္စရပ်ကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲကာလမှာ ဘယ်သူတွေက အုပ်ချုပ်မလဲ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူဖြူအစိုးရက စေ့စပ်ဆွေးနွေးနေဆဲကာလမှာ သူတို့ ဆက်လက်အုပ်ချုပ်မယ်လို့ အဆိုတင်သွင်းပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေအရ အစိုးရအုပ်ချုပ်မှုယန္တရားက ရုတ်ခြည်း ပျောက်ကွယ်သွားပြီး၊ အလားအလာရှိမယ်ထင်တဲ့ အခြားနိုင်ငံရေးအဖွဲ့အစည်းတွေကို တလက်ကနေ နောက် တလက် လွှဲပြောင်းနေဆဲမှာတင် စေ့စပ်ဆွေးနွေးရေးလမ်းစဉ် ကွယ်ပျောက်သွားပြီး၊ နိုင်ငံရေးဖြစ်စဉ် ရှုပ်ထွေး မှုတွေ ဆက်ဖြစ်လာနိုင်တယ်လို့ သူတို့က အဆိုပြုခဲ့ပါတယ်။
တဘက်မှာကလဲ အေအင်စီနဲ့ မဟာမိတ်အဖွဲ့တွေက ဒီလိုအခြေအနေမျိုးကို ယုံကြည်မှု မရှိပါဘူး။ အစိုးရအနေနဲ့ စေ့စပ်ဆွေးနွေးနေတဲ့ ဘက်တဘက် နေရာသာမက ဒိုင်လူကြီးနေရာမှာ ရယူထားတဲ့ အခြေအနေဖြစ်တာကြောင့် ဘက်မလိုက်ပဲ စစ်မှန်တဲ့ ဆွေးနွေးပွဲ ရလာဒ်တွေ ပေါ်ထွက်လာဖို့ ခဲယဉ်းတယ်လို့ သူတို့က ယူဆပါတယ်။ တောင်အာဖရိက အသံလွှင့်ဌာနဟာ အစိုးရ၀ါဒဖြန့်ချိရေး ယန္တရားဖြစ်နေခြင်း၊ စစ်တပ်မှ ကြားနေမဟုတ်ခြင်း၊ အစိုးရဘက်မှာ စစ်တပ်နဲ့ လုံခြုံရေးတပ်များ ရှိနေခြင်း၊ မီဒီယာလွပ်လပ်ခွင့်မရှိခြင်း စတာတွေဟာ အစိုးရဘက်ကို အသာစီးမှ ဆုံးဖြတ်ခွင့် ပါဝါများ ပေးအပ်ထားတယ်လို့ အတိုက်အခံများက သုံးသပ်ကြပါတယ်။ စေ့စပ် ဆွေးနွေးရေးဖြစ်စဉ်မှာ တဘက်က အသာစီးအနေအထားရှိနေခဲ့ရင် တရားမျှတတဲ့ ရလာဒ်ပေါ်ထွက်လာမှာ မဟုတ်တဲ့ အတွက် အစိုးရရဲ့ အဆိုပြုချက်ကို အတိုက်အခံတွေက လက်မခံကြပါဘူး။
ဒါကြောင့် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲဖို့အတွက် ပါလီမန်အသစ်တခု ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ နှစ်ဘက်ခေါင်းဆောင်များက သဘောတူဆုံးဖြတ်ခဲ့ရပါတယ်။ အဲဒီမှာတင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲအတည်ပြုရေးနဲ့ ပတ်သက်ပြီး procedural deadlock တခု ထပ်ပြီး ပေါ်ထွက်လာပါတယ်။ ပါလီမန်အသစ်ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲတဲ့အခါ ပါလီမန်ရဲ့ (၇၅) ရာခိုင်နှုန်းက လက်ခံမှသာ မူကြမ်းပါ အချက်အလက်တွေကို အတည်ပြုပြဌာန်းဖို့ အစိုးရဘက်က အဆိုတင်သွင်းပါတယ်။ အတိုက်အခံတွေဘက်ကလဲ ဒါကို နိုင်ငံရေးထောင်ချောက်ဆိုတာ သဘောပေါက်နားလည်ခဲ့ကြပါတယ်။ ဒီလို သတ်မှတ်ခြင်းအားဖြင့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် ရေးဆွဲပြဌာန်းနိုင်ရေးမှာ အခက်အခဲတွေ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် အေအင်စီနဲ့ မဟာမိတ်အဖွဲ့တွေကလဲ အဆိုတခုကို ထပ်မံတင်သွင်းပါတယ်။ အကယ်၍မူကြမ်းအတည်ပြုရေးမှာ consensus မကျလာခဲ့ရင် popular vote နဲ့ ဆုံးဖြတ်ရန်ဖြစ်ပါတယ်။ အစိုးရဘက်ကလဲ ဒါကို နိုင်ငံရေးထောင်ချောက်ဆိုတာ တွေ့မြင်ခဲ့ပါတယ်။ ဒီလို သတ်မှတ်ခြင်းအားဖြင့် လူထုထောက်ခံမှု ရထားတဲ့ အတိုက်အခံတွေအနေနဲ့ ပါလီမန်မှာ deadlock ဖြစ်သွားတာနဲ့ popular vote ကို သုံးပြီး အနိုင်ယူနိုင်ခွင့် ရှိသွားမှာ ဖြစ်ပါတယ်။
ဒီလိုတဘက်နဲ့တဘက်ရဲ့ နိုင်ငံရေးထောင်ချောက်တွေကို တွေ့မြင်ကြတာကြောင့် တဘက်နဲ့တဘက် အပြန်အလှန် စွပ်စွဲမှုတွေ ပေါ်ထွက်လာပါတယ်။ အစိုးရဘက်က အတိုက်အခံတွေဟာ ညှိနှိုင်းဆွေးနွေးဖို့ အလွန် ခက်ခဲပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၄င်းတို့အလိုကျ ဖြစ်ချင်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ အတိုက်အခံတွေဘက် ကလဲ အစိုးရဟာ သဘောထား မှန်ကန်မှုမရှိပဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ထွက်လာခြင်း မရှိအောင် ပိတ်ဆို့နေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတနိုင်ငံရဲ့ တိုးတက် ပြောင်းလဲရေး အတွက် ကနဦးချရမယ့် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး မတူတာတွေကို ဘေးဖယ်ထားလို့ မရနိုင်ပါဘူး။ မတူတာတွေကို အဖြေမထွက်မချင်း ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ညှိနှိုင်းဆွေးနွေးမှုကနေ ရလာဒ်တခု ထွက်လာဖို့အတွက် အပြန်အလှန် Coercive Leverage တွေ အသုံးပြုလာကြပါတယ်။
အေအင်စီရဲ့ Coercive Leverage ကတော့ လူထုလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့အ၀ှမ်းမှာ သပိတ်မှောက်မှုတွေ၊ ဆန္ဒပြပွဲတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလူထုလှုပ်ရှားမှုတွေဟာ အစိုးရရဲ့ စေ့စပ်ဆွေးနွေးမှု အပေါ်မှာ စစ်မှန်တဲ့ သဘောထားရှိမရှိ၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်လိုခြင်း ရှိမရှိဆိုတာကို အများပြည်သူရှေ့မှာ သိသာထင်ရှားစေတာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အတိတ်မှာ အသုံးပြုခဲ့တဲ့ လူထု လှုပ်ရှားမှု ဖြိုခွဲရေးနည်းလမ်းတွေကို အသုံးပြုလို့ မရတော့ပါဘူး။ ဒီလိုပြန်ပြီး အသုံးပြုမယ်ဆိုရင် အစိုးရဟာ ပြောင်းလဲမှု လိုလားခြင်း မရှိကြောင်း နိုင်ငံတကာနဲ့ ပြည်သူလူထုအကြားမှာ သက်သေပြပြီးသား ဖြစ်သွား ပါလိမ့်မယ်။ ဒီလို Coercive Leverage ကို အသုံးပြုပြီး အတိုက်အခံခေါင်းဆောင်တွေဟာ စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်က အစိုးရရဲ့ ရပ်တည်ချက်ကို အားပျော့လာအောင် ကြိုးပမ်းနိုင်ခဲ့ကြပါတယ်။
အစိုးရဘက်ကလဲ အေအင်စီအပေါ် အသုံးပြုလို့ရနိုင်မယ့် coercive leverage နည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အေအင်စီကနေ ခွဲထွက်ပြီး Inkatha Freedom Party (IFP) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အေအင်စီအဖွဲ့ဝင်ဟောင်း Mangosuthu Buthelezi ဟာ မင်ဒဲလားမလွတ်မြောက်လာမီခင်ကတည်းက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ မင်ဒဲလားလွတ်မြောက်လာပြီး၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်တွေကို အကောင်အထည်ဖော်ချိန်မှာတော့ သူ့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍက မှေးမှိန်သွားတယ်လို့ ခံစားရပြီး၊ မင်ဒဲလားကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ မင်ဒဲလားက Buthelezi နဲ့ ညှိနှိုင်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့်၊ Buthelezi ကတော့ သူ့ပါတီကိုပါ ညီလာခံကနေ နှုတ်ထွက်သွားစေပြီး၊ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေကို ဆန့်ကျင်နေခဲ့ပါတယ်။
အစိုးရအဖွဲ့တွင်းမှာရှိတဲ့ ခေါင်းမာသူတွေက ဒီလိုအခြေအနေတွေကို အခွင့်ကောင်းယူပြီး coercive leverage အနေနဲ့ အသုံးချဖို့ ကြိုးပမ်းခဲ့ပါတယ်။ အေအင်စီ အဖွဲ့ဝင်တွေနဲ့ IFP အဖွဲ့ဝင်တွေကို အချင်းချင်းတိုက်ခိုက်စေပြီး “black-on-black violence” ရှိနေတာကြောင့်၊ လူဖြူတွေအနေနဲ့ ဆက်လက်အုပ်ချုပ်ဖို့ လိုသေးကြောင်း သက်သေပြနိုင်ဖို့အတွက် IFP ရဲ့ စေ့စပ်ဆွေးနွေးရေးညီလာခံ ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေကို အားပေးကူညီ ခဲ့ကြပါတယ်။ “Inkathagate” ဆိုတဲ့ scandal မှာ IFP ကို လက်နက်ပစ္စည်း၊ ဘဏ္ဍာငွေကြေး ထောက်ပံ့ပြီး၊ အေအင်စီအဖွဲ့ဝင်များနဲ့ တိုက်ခိုက်မှုများ ဖြစ်ပွားစေခဲ့တဲ့ အစိုးရအဖွဲ့တွင်းက ခေါင်းမာဂိုဏ်း လှုပ်ရှားမှုများ ပေါ်ထွက်သွားတာကြောင့် အစိုးရဘက်က တာဝန်ရှိသူ အကြီးအကဲအချို့ နှုတ်ထွက် သွားခဲ့ရပါတယ်။
အစိုးရအဖွဲ့တွင်းက လူဖြူခေါင်းမာဂိုဏ်းသားတွေက "လူမည်း နိုင်ငံရေးသမား တွေဟာ အချင်းချင်းကွဲနေတယ်၊ အချင်းချင်းလဲ တိုက်ခိုက်နေတယ်၊ ဒီလို လူတွေလက်ထဲကိုသာ အာဏာရောက်သွားရင် တရားဥပဒေစိုးမိုးရေး အတွက် ခဲယဉ်းလိမ့်မယ်" ဆိုတဲ့ ၀ါဒဖြန့်ချိမှုတွေကို ပြည်သူလူထု အကြားမှာ ဖြန့်ချိမှုတွေ လုပ်ခဲ့ကြပါတယ်။ ထင်သာမြင်သာဖြစ်စေမယ့် အခြေအနေတွေကို ဖန်တီးလာ ကြပါတယ်။ အေအင်စီဘက်ကရော၊ အစိုးရဘက်ကပါ တိုက်ရိုက်ညွှန်ကြားစေခိုင်းခြင်းမရှိတဲ့ နိုင်ငံရေး အစွန်းရောက် သမားတွေက Third Force အနေနဲ့ ထွက်ပေါ်လာပါတယ်။ ဒီ Third Force မှာ နှစ်ဘက်စလုံးရဲ့ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်ဟောင်းတွေ ပါဝင်နေကြပြီး အများပြည်သူကို သတ်ဖြတ်မှု၊ ခြိမ်းချောက်မှု၊ အန္တရာယ်ပြုမှုတွေ ဖြစ်ပွားလာပါတယ်။ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို လူအများက ပွင့်ပွင့်လင်းလင်းထောက်ခံမှု မလုပ်ရဲတဲ့ အခြေအနေကို ဖန်တီးမှုတွေ၊ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို ထောက်ခံသူများနဲ့ မထောက်ခံသူများအကြား အငြင်းပွားတိုက်ခိုက်မှုတွေ၊ ခြိမ်းချောက်မှုတွေရှိလာပါတယ်။ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်အပေါ်မှာ လူအများက မျှော်လင့်ချက်တွေ ရှိခဲ့ရာက political violence မရှိချိန်တွေမှာလဲ အခြား violence တွေ ရှိနိုင်တာကြောင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးဟာ မဖြစ်နိုင်ဘူး ဆိုတာတွေကို လူထုက လက်ခံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေ ပေါ်လာပါတယ်။ ဒီလိုအခြေအနေ ဆိုးတွေကြောင့် တောင်အာဖရိက လူဖြူ၊ လူမည်း နိုင်ငံရေးသမားတွေနဲ့ လူအများ သေကြေပျက်စီးခဲ့ရပါတယ်။
ဒီလိုနဲ့ (၁၉၉၂) ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှာတော့ Boipatong massacre ကြီး ဖြစ်ပွားသွားခဲ့ပါတယ်။ အဲဒီနေ့မှာ သမိုင်းဝင် တောင်အာဖရိက လူထုအရေးတော်ပုံကြီးတခုဖြစ်တဲ့ Soweto uprising နှစ်ပတ်လည် အခမ်းအနားကို အေအင်စီက ဦးစီးပြီး ကျင်းပခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို အကောင်အထည် ဖော်ဆောင်ခြင်းဆိုတာ ပြီးဆုံးသွားခဲ့တဲ့ အတိတ်ကို ပြည်ဖုံးကားချခြင်း မဟုတ်ပါ။ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာ တွေအတွက် အပြန်အလှန် ခွင့်လွှတ်နားလည်မှုယူပြီး၊ အနာဂတ်မှာ တိုင်းပြည်ကောင်းကျိုး ရရှိရေးအတွက် မတူညီသောသဘောထားအမြင်များကို ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းသာ ဖြစ်ပါတယ်။
ဒါကြောင့် တောင်အာဖရိက နိုင်ငံရေးဦးဆောင်ပါတီ (အေအင်စီ) က စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို အကောင်အထည် ဖော်နေဆဲမှာပဲ အတိတ်က ဖြစ်ပွားခဲ့တဲ့ လူထုအရေးတော်ပုံများရဲ့ နှစ်ပတ်လည် အခမ်းအနားများကိုလဲ ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုအခမ်းအနားကျင်းပမှုအပေါ်မှာ အစိုးရဘက်က ခေါင်းမာသူအချို့နဲ့ IFP တို့က အခွင့်ကောင်းယူခဲ့ကြပါတယ်။ Boipatong မှာရှိတဲ့ IFP တက်ကြွ လှုပ်ရှားသူတွေက နှစ်ပတ်လည်အခမ်းအနားကျင်းပနေတဲ့ အေအင်စီအဖွဲ့ဝင်များကို တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်များအပါအ၀င် အေအင်စီအဖွဲ့ဝင် (၃၉) ဦး သေဆုံးသွား ပါတယ်။ Boipatong massacre ဖြစ်ပွားပြီးချိန်မှာ ဒီလိုတိုက်ခိုက်တဲ့ IFP ကို အစိုးရက လက်နက်နဲ့ ငွေကြေး ထောက်ပံ့နေတယ်လို့ သတင်းတွေ ပေါ်ထွက်လာပြန်တာကြောင့် အေအင်စီအဖွဲ့ဝင်များနဲ့ IFP အဖွဲ့ဝင်များ အကြားမှာ တင်းမာမှုတွေက ပိုပြီး ပြင်းထန်လာပါတယ်။
မင်ဒဲလားက အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဒီ Boipatong massacreကို လက်ပိုက်ကြည့် မနေခဲ့ပါဘူး။ Convention for a Democratic South Africa (CODESA) ထဲကနေ အေအင်စီကို ချက်ချင်းဆွဲထုတ်လိုက်ပြီး၊ သူ့ပြည်သူတွေကို လုံခြုံရေးပေးဖို့နဲ့ အစိုးရကိုယ်တိုင်ကျူးလွန်တဲ့ ဒီအကြမ်းဖက်မှုကိုစုံစမ်းအရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆိုပါတော့တယ်။ မင်ဒဲလားရဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂ က မစ်ရှင်ဖွဲ့ပြီး စုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ယူအင်မစ်ရှင်ဟာ နိုင်ငံတွင်းမှာ National Peace Accord က ဖွဲ့စည်းထားတဲ့ Goldstone Commission လို့ လူသိများသော စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ အတူ တွဲဖက်ပြီး၊ အများပြည်သူကို အကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှုတွေကို စုံစမ်းပါတယ်။ အစိုးရအာဏာပိုင်ရဲ့ ဘက်တော်သားတွေ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပြီး၊ ကော်မရှင်အစီရင်ခံ ထုတ်ပြန်ခဲ့ တာကြောင့် အစိုးရရဲ့ အာဏာအလွဲ သုံးစား လုပ်မှုတွေကို လျှော့ချနိုင်လာပါတယ်။
ဒီလိုနဲ့ပဲ (၁၉၉၂) ခုနှစ်ရဲ့ လပေါင်းများစွာမှာ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာ ရှေ့ဆက်မတိုးနိုင်တော့ပဲ အပြန် အလှန် Leverage အသုံးပြုမှုတွေသာရှိပြီး ရပ်တန့်နေပါတယ်။ ဒီလိုအခြေအနေတွေကနေ ထိပ်တိုက် ရင်ဆိုင် ရေးလမ်းကြောင်းပေါ်ကို နှစ်ဘက်စလုံးက ပြန်မရောက်သွားအောင် နိုင်ငံတကာက ၀င်ပြီး ထိန်းသိမ်းလိုက်ပါတယ်။ Philadelphia မှာ မင်ဒဲလားနဲ့ de Klerk တို့နှစ်ယောက်ကို ပူးတွဲ Liberty Medal ချီးမြှင့်ခဲ့ပြီး၊ နောက်ပိုင်းမှာ Nobel Peace Prize ကိုလဲ ပူးတွဲချီးမြှင့်ပေးခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်မှာ နှစ်ဘက်ကို ကိုယ်စားပြုပြီး ဆွေးနွေးနေကြတဲ့ အေအင်စီ ကိုယ်စားပြု စေ့စပ်ဆွေးနွေးရေးအကြီးအကဲ Cyril Ramaphosa နဲ့ အန်ပီ ကိုယ်စားပြု စေ့စပ်ဆွေးနွေးရေး အကြီးအကဲ Roelf Meyer တို့ကလဲ တရားဝင်စေ့စပ်ဆွေးနွေးပွဲ ရပ်ဆိုင်းနေ ပေမယ့် informal discussion ပြုလုပ်နိုင်ရေးအတွက် အတူတကွ ငါးမျှားထွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီလို နိုင်ငံတကာက ကြားဝင်ပေးမှုနဲ့ ခေါင်းဆောင်များအချင်းချင်း ရင်းနှီးမှု ရှိလာအောင် တည်ဆောက်မှုတွေက တဆင့် စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ပြန်ရောက်သွားအောင် လုပ်ဆောင်နိုင် ခဲ့ကြပါတယ်။ ခေါင်းဆောင်များ ငါးမျှားအတူထွက်ပြီး မကြာခင်မှာပဲ မင်ဒဲလားနဲ့ de Klerk တို့ဟာ Record of Understanding ကို လက်မှတ်ရေးထိုးပြီး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ပြုလုပ်လာကြ ပါတော့တယ်။

အောင်ပွဲဆီသို့

ကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ဆွေးနွေးကြရာမှာ အစိုးရအဖွဲ့သစ်ကို ရွေးကောက်ပွဲပြုလုပ်ပြီး ရွေးချယ် ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အစိုးရအဖွဲ့သစ်က တာဝန်ခံရေးဆွဲရေး ကိစ္စတွေကို သဘောတူညီမှု ရခဲ့ကြပါတယ်။ ဒီလို ရွေးကောက်ပွဲပြုလုပ်ရာမှာလဲ အုပ်ချုပ်နေဆဲအစိုးရက ၀င်ရောက်စွက်ဖက်ထိန်းချုပ်မှုတွေ လျော့နည်းဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီ ချက်တွေ ပေါ်ထွက်လာဖို့အတွက် အုပ်ချုပ်နေဆဲ အစိုးရက သူတို့ရဲ့ ရပ်တည်မှုကို အလျှော့ပေးခဲ့ကြရပါတယ်။ မင်ဒဲလားတို့ဘက်ကလဲ ကြားဖြတ်အစိုးရ အုပ်ချုပ်နေဆဲကာလမှာ အမျိုးသားညွှန့်ပေါင်းအစိုးရ အသွင်နဲ့ အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် အစိုးရ ၀န်ကြီးနေရာအချို့ကို အခြားပါတီများမှ ပါဝင်ခွင့်ပေး၍ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေး စတာတွေကို သဘောတူညီ ပေးခဲ့ရပါတယ်။ နှစ်ဘက်စလုံးက သူတို့ရပ်တည်နေတဲ့ ရပ်တည်ချက်ကနေ အလျှော့ပေးခဲ့ကြပါတယ်။ ပမာဆိုရရင် မြစ်ကမ်းတဘက် တချက်မှာ မျဉ်းပြိုင်လျှောက်နေကြရာက လမ်းလျှောက်ခြင်းကို ရပ်တံ့ပြီး ပေါင်းကူး တံတားခင်းဖို့အတွက် နှစ်ဘက်စလုံးက ကြိုးပမ်းကြတာမျိုး ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနဲ့ ပတ်သက်ပြီးတော့လဲ အစိုးရနဲ့ အေအင်စီတို့ နှစ်ဘက်စလုံးက အပေးအယူတွေ လုပ်ခဲ့ကြပါတယ်။ De Klerk က ပါတီများနဲ့ အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို အသိအမှတ်ပြုပေးပြီး၊ ဆန္ဒပြသူများနဲ့ စုရုံးလာသော လူထုများကို အစိုးရက ကာကွယ်စောင့်ရှောက်ပေးဖို့ သဘောတူညီခဲ့ပါတယ်။ မင်ဒဲလားတို့ဘက်ကလဲ အဓိကရုဏ်းတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားစေနိုင်တဲ့ ဒေသတွေမှာ ဆန္ဒပြခြင်း များကို ရှောင်ရှားနိုင်အောင် ကြိုးပမ်းဖို့ သဘောတူညီခဲ့ကြပါတယ်။ နှစ်ဘက်စလုံးက တောင်အာဖရိကရဲ့ common identity ကို ထောက်ခံပြီး ဆန္ဒပြခွင့်ကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီနည်းလမ်းနဲ့ မင်ဒဲလားဟာ De Klerk အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုများနဲ့ credibility. ရှိလာစေရေးကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
ဒီလို တဘက်နဲ့ တဘက် ကူညီပံ့ပိုးပြီး ဘုံအကျိုးစီးပွားအတွက် အစည်းအဝေးများ ကျင်းပနေဆဲမှာပဲ၊ ညစာစားပွဲများ၊ ပါတီများကိုလဲ နှစ်ဘက်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပညာရှင်များက ကျင်းပ ခဲ့ကြပါတယ်။ ဒီလိုကျင်းပပေးပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဘက်နှစ်ဘက်က ခေါင်းဆောင်များကို တွေ့ဆုံစေခြင်းဖြင့် လူသားချင်း ခင်မင်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု၊ အတူတကွ တိုင်ပင်ဆွေးနွေးမှု စတဲ့ အကျိုးကျေးဇူးတွေရရှိလာခဲ့ပါတယ်။ နှစ်ဘက်စလုံးက စေ့စပ်ဆွေးနွေးမှု တွေဟာ တိုးတက်မှုတစုံတရာ ရှိလာစေတယ်ဆိုတာကို အသိအမှတ်ပြုထားခဲ့ကြပြီး၊ နောက်ပြန်ဆုတ်ပြီး အပြန်အလှန်ဆန့်ကျင်နေကြတဲ့ အနေထားကို ပြန်မရောက် သွားအောင် အလေးအနက် သတိထား ခဲ့ကြပါတယ်။
စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်လဲ နှစ်ဘက် စလုံးမှာ ကြိမ်ဖန်များစွာ တွေ့ဆုံဆွေးနွေးနေလို့ အကျိုးမရှိနိုင်တာကြောင့် ထိပ်တိုက်ပြန်လည် ရင်ဆိုင်မယ်လို့ တွေးခဲ့သူတွေ အများအပြားပါပဲ။ တခါတရံမှာ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်က ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေ မဖြစ်ပဲ နှောင့်နှေးကြန့် လာနေသလိုတွေ ဖြစ်နေတတ်ပါသေးတယ်။ ဒီအချိန်တွေပဲ နှစ်ဘက်စလုံးက ခေါင်းဆောင် များကို နှစ်ဘက်စလုံးက အားမလို၊ အားမရတွေဖြစ်ပြီး၊ စားပွဲဝိုင်းပြင်ပ နိုင်ငံရေးလုပ်ငန်းဆောင်တာတွေဆီ ပြန်လည်ဆွဲခေါ်ဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ သို့ပေမယ့် ခေါင်းဆောင်တွေဟာ လူချင်းတွေ့ဆုံမှုတွေ၊ သတင်းစကားပါးမှုတွေ ပြုလုပ်ပြီး၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်စေနိုင်ရေးကိုသာ ကြိုးပမ်းခဲ့ကြပါတယ်။
ဒီလိုကြိုးပမ်းမှုတွေ ရှိနေဆဲမှာပဲ နိုင်ငံရေးအကြမ်းဖက်မှုတွေကတော့ ပေါ်ထွက်နေကြဆဲပါပဲ။ နှစ်ဘက်စလုံးမှာ ရှိတဲ့ နိုင်ငံရေးအစွန်းရောက်သူတွေက စေ့စပ်ဆွေးနွေးမှုကို လက်မခံပဲ ပျက်ပြားအောင် နည်းမျိုးစုံနဲ့ ဆန့်ကျင် လာကြပါတယ်။ (၁၉၉၂) ခုနှစ် အဆုံးပိုင်းကာလတွေမှာ လူမည်းစစ်သွေးကြွတွေ က လူဖြူတွေကို စစ်ကြေငြာ တိုက်ခိုက်မှုတွေ လုပ်လာကြပါတယ်။ (၁၉၉၃) ခုနှစ်ထဲမှာတော့ လူဖြူအစွန်းရောက်တွေက စေ့စပ်ဆွေးနွေးပွဲ ကျင်းပနေတဲ့ နေရာကို ၀င်ရောက်စီးနင်းပြီး၊ စေ့စပ်ဆွေးနွေး နေသူတွေကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပါတယ်။
(၁၉၉၃) ခုနှစ်၊ အေပြီလ (၁၀) ရက်နေ့မှာတော့ အေအင်စီခေါင်းဆောင် Chris Hani ကို လူဖြူအစွန်းရောက် တဦးက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး လူမည်းတွေက မကျေနပ်တာကြောင့် Southern Cape ကို စုဝေးချီတက်ပြီး၊ စက်ရုံနှစ်ရုံကို မီးရှို့ပစ်လိုက်ပါတယ်။ ဒီအခြေအနေတွေကနေ တဘက်နဲ့တဘက် တင်းမာမှုတွေ ပြန်ဖြစ်လာနိုင်တာကြောင့် ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေး ကော်မတီ၊ လူမည်း community leaders တွေ စုဝေးပြီး၊ ယာယီငြိမ်းချမ်းရေးကော်မတီ တရပ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြတာကြောင့် လေးပတ်ခန့်အတွင်းမှာတင် အဲဒီနယ်မှာ တည်ငြိမ်အေးချမ်းမှု ပြန်ရသွားခဲ့ပါတယ်။
မင်ဒဲလားကလဲ တတိုင်းပြည်လုံးက လူမည်းတွေကို အေးဆေးတည်ငြိမ်စွာ နေကြဖို့ မိန့်ခွန်းမြွက်ကြား ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအစွန်းရောက်သူတွေရဲ့ လှုပ်ရှားမှုတွေကတော့ မရပ်တန့်သွားသေးပါဘူး။ (၁၉၉၃) ခုနှစ်၊ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ နိုင်ငံရေးအကြမ်းဖက်မှုကြောင့် သေဆုံးသူ (၁၀၀၀) ကျော်ရှိခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာတော့ စေ့စပ်ဆွေးနွေးရေးကာလအတွင်း နိုင်ငံရေးအရ သေဆုံးသူစုစုပေါင်း တသောင်းသုံးထောင်ကျော် ရှိနေခဲ့ပါတယ်။
ဒီလိုတင်းမာမှုတွေ၊ ခြိမ်းချောက်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ သတ်ဖြတ်မှုတွေအကြားမှာပဲ နှစ်ဘက်စလုံးက ခေါင်းဆောင်တွေဟာ ဘုံအကျိုးစီးပွားရရှိရေးအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့ကြ ပါတယ်။ ကြားဖြတ်အစိုးရ အုပ်ချုပ်ရေးကာလမှာ ကျင့်သုံးဖို့အတွက် Interim Constitution တရပ်ကို ရေးဆွဲနိုင်ခဲ့ကြပြီး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဆိုင်ရာ သဘောတူညီချက်များကိုလဲ ချမှတ်နိုင်ခဲ့ကြပါတယ်။ ဒီသဘောတူညီချက်တွေအရ ပြည်သူ လူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ Constituent Assembly ဟာ ကြားဖြတ်ပါလီမန်အဖြစ် တာဝန်ယူပြီး၊ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အဓိကကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာ Constitutional Court က ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
Executive power မှာတော့ electoral strength ပေါ်မှာ မူတည်ပြီး ရွေးချယ်ထားတဲ့ ကက်ဘိနက် ၀န်ကြီးများပါဝင်သော အမျိုးသားညီညွတ်ရေးညွန့်ပေါင်း အစိုးရက အာဏာကျင့်သုံးပြီး၊ အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်တဲ့ တိုင်းပြည်ရဲ့ သမ္မတကိုတော့ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ Constituent Assembly က ရွေးချယ်ခန့်ထားရမှာ ဖြစ်ပါတယ်။
စီးပွားရေးမူဝါဒအရလဲ ဈေးကွက်စီးပွားရေးစနစ်နဲ့အတူ ဆင်းရဲနွမ်းပါးသူများကို ကူညီပံ့ပိုးမှုများ ပူးတွဲ ဆောင်ရွက်တဲ့ mixed economic system ကို အသုံးပြုဖို့ သဘောတူညီခဲ့ကြပါတယ်။ မြို့နယ်တွေအလိုက် အစိုးရ အသုံးစရိတ်များ တိုးမြှင့်ဆောင်ရွက်ပေးရေး၊ လူဖြူများရဲ့ စီးပွားရေးလုပ်ငန်း များအား အနှောင့်အယှက် မဖြစ်စေရေး စတာတွေကိုလဲ သဘောတူခဲ့ကြပါတယ်။ နှစ်ဘက်စလုံးဟာ တဘက်နဲ့တဘက်ရဲ့ အခြေခံ အကျိုးစီးပွားတွေ၊ လိုအပ်ချက်တွေကို အပြန်အလှန် အသိအမှတ် ပြုလာကြပါတယ်။
ဒီလိုတိုးတက်မှုတွေ ရှိနေဆဲမှာပဲ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို တလျှောက်လုံး ဆန့်ကျင်လာခဲ့တဲ့ Buthelezi ဦးဆောင်တဲ့ အဖွဲ့ကိုလဲ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ ကြိုးပမ်းမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သို့ပေမယ့်လဲ High-level delegations တွေဖြစ်တဲ့ U.S. envoy Henry Kissinger နဲ့ British envoy Lord Carrington တို့က ကြိုးပမ်းဆောင်ရွက်ချိန်အထိတောင် ထူးခြားမှု မရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Kenyan envoy Washington Okumu က ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပကတိအခြေအနေမှန်ကို သိမြင်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ မပါဝင်ခဲ့ရင် နိုင်ငံရေးအရ ဘေးရောက်မှုပဲ အဖြေထွက် လာမှာဖြစ်ကြောင်းနဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ မအောင်မြင်သော လက်နက်ကိုင်တော်လှန်ရေး အဖြစ် နိဂုံးချုပ်ရလိမ့်မည် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့တဲ့အခါမှသာ Buthelezi ဦးဆောင်တဲ့အဖွဲ့ဟာ ရွေးကောက်ပွဲကျင်းပဖို့ ရှစ်ရက် အလိုကျမှသာ စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်အတွင်းကို ရောက်ရှိသွားခဲ့ပါတယ်။
ရွေးကောက်ပွဲမကျင်းပခင်နေ့အထိ ဗုံးခွဲတိုက်ခိုက်မှုတွေကတော့ ပေါ်ထွက်နေဆဲပါပဲ။ သို့ပေမယ့်လဲ (၁၉၉၄) ခုနှစ်၊ အေပြီလ (၂၇) ရက်နေ့မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ သမိုင်းသစ်ကို ဖန်ဆင်းပေးတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ မေလ (၂) ရက်နေ့မှာ de Klerk က သူ့ရဲ့ ရွေးကောက်ပွဲအရှုံးကို အသိအမှတ်ပြုပြီး၊ မင်ဒဲလားကို ၀မ်းမြောက်ဂုဏ်ယူပါကြောင်း သတင်းစကား ပေးပို့ခဲ့ပါတယ်။ မင်ဒဲလားကလဲ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ တောင်အာဖရိက တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေး ဘယ်လိုကွဲပြားမှုတွေ ရှိနေပေမယ့် လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ နိုင်ငံတော်သစ်ကြီးကို အတူတကွ ၀ိုင်းဝန်းထူထောင်ကြဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဒီလို ခေါင်းဆောင်တွေအကြား၊ နှစ်ဘက်နိုင်ငံရေးအဖွဲ့အစည်းတွေအကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင် မှုဟာ on the ground မှာ ငြိမ်းချမ်းရေးရှိလာဖို့အတွက် မပြီးပြည့်စုံသေးပါဘူး။ ဒါကြောင့် ပဋိပက္ခပြီးဆုံးပြီး နှောင်းပိုင်းကာလမှာ ပဋိပက္ခကာလတွေတုန်းက ရှိခဲ့တဲ့ trauma တွေကို ကုစားဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မင်ဒဲလားဦးဆောင်တဲ့ အစိုးရသစ်ဟာ ဘုန်းတော်ကြီး Desmond Tutu ဦးဆောင်တဲ့ Truth and Reconciliation Commission (TRC) ကို တည်ထောင်ခဲ့ပါတယ်။ ဒီကော်မရှင်ကနေ ပဋိပက္ခမှာ သားကောင်ဖြစ်ခဲ့တဲ့ မည်သူမဆို ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ပြန်လည်ပြောပြရေး၊ နားထောင်ပေးရေးနဲ့ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေကိုကျူးလွန်ခဲ့တဲ့ မည်သူမဆို (လူဖြူအစိုးရဘက်မှဖြစ်စေ၊ လူမည်းတော်လှန်ရေးသမားများဘက်မှဖြစ်စေ) ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရှိရေး စတာတွေကို ထောက်ကူပေးတဲ့ forum တွေကို ကျင်းပပေးခဲ့ပါတယ်။ ရင်ကြားစေ့ရေး (၀ါ) ပြန်လည်သင့်မြတ်ရေးဖြစ်စဉ် (Reconciliation process) အတွက် ကော်မရှင်က ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ခဲ့ရတာဟာ တဘက်နှင့်တဘက် အနိုင်မတိုက်နိုင်သော ပကတိနိုင်ငံရေးအခြေအနေမှန်ကို နှစ်ဘက်ခေါင်းဆောင်များက သိမြင်မှု၊ စေ့စပ် ဆွေးနွေးပွဲဖြစ်စဉ်ကြီး စတင်လာစေရန် ခြေလှမ်းသစ်များ လှမ်းရဲမှု၊ ပါတီစုံစေ့စပ်ဆွေးနွေးရေးဖိုရမ် (multi-party negotiation forum) တခု ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးကော်မရှင်များ တည်ထောင်နိုင်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲပြင်ဆင်ပြဌာန်းရန်၊ ညင်သာသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တိုင်းပြည်၏ ပထမဦးဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန်စသော ရည်မှန်းချက်များ ပြည့်မှီလာစေရန် ၀ိုင်းဝန်းကြိုးပမ်း ဖော်ဆောင်မှု၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်တွင် ပါဝင်နေသူများနှင့် ထောက်ခံသူများအား နိုင်ငံရေး အစွန်းရောက်များမှ ဝေဖန်တိုက်ခိုက်မှုများ၊ ခြိမ်းချောက်မှုများ၊ သတ်ဖြတ်မှုများ ပြုလုပ်လာသော်လည်း မဆုတ်မနစ်သော ဇွဲဖြင့် စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အောင်မြင်ရေးကို အာရုံစိုက်မှု၊ လိုလားချက်များနှင့် တောင်းဆိုချက်များကို တရားသေ ဆုပ်ကိုင်ထားခြင်း မရှိပဲ အပေးအယူ၊ အလျှော့အတင်းများ ပြုလုပ်နိုင်မှု၊ သဘောထားကြီးမှု၊ ခွင့်လွှတ်မှုများဖြင့် ရင်ကြားစေ့ရေး (၀ါ) ပြန်လည် သင့်မြတ်ရေးဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည်ဖော်မှု စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ လေ့လာချက်များမှာ တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ဟာ ငြိမ်းချမ်း
ရေး လိုလားသော ကမ္ဘာ့ပြည်သူများအတွက် စံနမူနာယူစရာ ဖြစ်စဉ်တခုအဖြစ် သမိုင်းတွင်ကျန်ရစ်လာခဲ့ခြင်း ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၆၊ ၁၀၊ ၂၀၁၁)

ရည်ညွှန်းကိုးကား
Deegan, H. (1999) South Africa Reborn: Building a New Democracy, Padstow: University College London
Bouckaert, P. (1997) The Negotiated Revolution: South Africa's Transition to a Multiracial Democracy, Stanford, California: Stanford Center on Conflict and Negotiation
Du Toit, P. (1995) State Building and Democracy in Southern Africa: Botswana, Zimbabwe, and South Africa, Washington, DC: United States Institute of Peace
Ebrahim, H. (1998) The Soul of a Nation: Constitution-Making in South Africa, Cape Town: Oxford University Press
Gastrow, P. (1994) Bargaining for Peace: South Africa and the National Peace Accord, Washington, DC: United States Institute of Peace Press
Lyman, P. (2002) Partner to History: The U.S. Role in South Africa's Transition to Democracy, Washington, DC: United States Institute of Peace Press
Mandela, N (2006) Long Walk to Freedom: The Autobiography of Nelson Mandela, London: Little, Brown
Marks, S. (2000) Watching the Wind: Conflict Resolution during South Africa’s Transition to Democracy, Washington, DC: United States Institute of Peace

စာရေးသူ၏ ကိုယ်ရေးအကျဉ်း
ကလောင်အမည်-ခင်မမမျိုး
မွေးဖွားရာဇာတိ-တောင်ကြီးမြို့၊ မြန်မာနိုင်ငံ
လက်ရှိနေရပ်-အဘာဒင်းမြို့၊ ယူကေနိုင်ငံ
ပညာအရည်အချင်း-နိုင်ငံရေးနှင့် အစိုးရရေးရာ ဒီပလိုမာ၊ နိုင်ငံတကာလေ့လာရေး ဘီအေဂုဏ်ထူးဘွဲ့၊
နိုင်ငံရေးဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊
စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊
နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့။
လက်ရှိ-နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသူ၊ ဘုရင့်ကောလိပ်
အဘာဒင်းတက္ကသိုလ်။
တွဲဖက်သုတေသီ၊ ကောဘက်စင်တာ၊
စစ်ဦးစီး တက္ကသိုလ်။
ပရော်ဖက်ရှင်နယ်အဖွဲ့ဝင်-နိုင်ငံတကာ လုံခြုံရေးအဖွဲ့၊ နိုင်ငံတကာ လေ့လာရေးအသင်း၊ အမေရိကန်ပြည်ထောင်စု။
လုံခြုံရေးနှင့် ထောက်လှမ်းရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့၊ နိုင်ငံရေးရာ လေ့လာရေးအသင်း၊ ဗြိတိန်နိုင်ငံ။
အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေး ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အစည်းအရုံး၊ အမေရိကန် ပြည်ထောင်စု။
ယဉ်ကျေးမှုရေးရာ သံတမန်သိပ္ပံ၊ ဂျာမဏီ။
 





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: