တောင်အာဖရိကမှာ Boipatong massacre ကြီး၊ ဖြစ်ပွားခဲ့စဉ်က



တောင်အာဖရိကမှာ Boipatong massacre ကြီး၊ ဖြစ်ပွားခဲ့စဉ်က (ဆောင်းပါးကောက်နှုတ်ချက်)


တောင်အာဖရိကမှာ မင်ဒဲလားနဲ့ လူဖြူအစိုးရအကြား စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အကောင်အထည် ဖော်နေဆဲကာလဖြစ်တဲ့ (၁၉၉၂) ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှာ Boipatong massacre ကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေ့မှာ သမိုင်းဝင် တောင်အာဖရိက လူထုအရေးတော်ပုံကြီးတခုဖြစ်တဲ့ Soweto uprising နှစ်ပတ်လည် အခမ်းအနားကို တောင်အာဖရိကအမျိုးသားကွန်ဂရက် (အေအင်စီ) က ဦးစီးပြီး ကျင်းပခဲ့ပါတယ်။ စေ့စပ် ဆွေးနွေးရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်ဆောင်ခြင်းဆိုတာ ပြီးဆုံးသွားခဲ့တဲ့ အတိတ်ကို ပြည်ဖုံးကားချခြင်း မဟုတ်ပါ။ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေအတွက် အပြန်အလှန် ခွင့်လွှတ်နားလည်မှုယူပြီး၊ အနာဂတ်မှာ တိုင်းပြည်ကောင်းကျိုး ရရှိရေးအတွက် မတူညီသောသဘောထားအမြင်များကို ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းသာ ဖြစ်ပါတယ်။


ဒါကြောင့် တောင်အာဖရိက နိုင်ငံရေးဦးဆောင်ပါတီဖြစ်တဲ့ အေအင်စီက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်ကို အကောင် အထည် ဖော်နေဆဲမှာပဲ အတိတ်က ဖြစ်ပွားခဲ့တဲ့ လူထုအရေးတော်ပုံများရဲ့ နှစ်ပတ်လည် အခမ်းအနားများကိုလဲ ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုအခမ်းအနားကျင်းပမှုအပေါ်မှာ အစိုးရဘက်က ခေါင်းမာသူအချို့နဲ့ Inkatha Freedom Party (IFP) တို့က အခွင့်ကောင်းယူခဲ့ကြပါတယ်။ Inkatha Freedom Party (IFP) ဆိုတာက အေအင်စီအဖွဲ့ဝင်ဟောင်း Mangosuthu Buthelezi က မင်ဒဲလား မလွတ်မြောက်လာမီခင်ကတည်းက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အေအင်စီကနေ ခွဲထွက်ပြီး တည်ထောင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ Boipatong မှာရှိတဲ့ IFP တက်ကြွလှုပ်ရှားသူတွေက နှစ်ပတ်လည် အခမ်းအနားကျင်းပနေတဲ့ အေအင်စီအဖွဲ့ဝင်များကို တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်များအပါအ၀င် အေအင်စီအဖွဲ့ဝင် (၃၉) ဦး သေဆုံးသွားပါတယ်။ Boipatong massacre ဖြစ်ပွားပြီးချိန်မှာ ဒီလိုတိုက်ခိုက်တဲ့ IFP ကို အစိုးရက လက်နက်နဲ့ ငွေကြေးထောက်ပံ့နေတယ်လို့ သတင်းတွေ ပေါ်ထွက်လာတာကြောင့် အေအင်စီအဖွဲ့ဝင်များနဲ့ IFP အဖွဲ့ဝင်များအကြားမှာ တင်းမာမှုတွေက ပိုပြီး ပြင်းထန်လာပါတယ်။


လူထုခေါင်းဆောင် မင်ဒဲလားက အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဒီ Boipatong massacreကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းများကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲပြင်ဆင်ပြဌာန်းရန်၊ ညင်သာသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တိုင်းပြည်၏ ပထမဦးဆုံးသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ပြင်ဆင်ရန်ဦးတည်ချက်များနဲ့ ကျင်းပနေတဲ့ ညီလာခံကြီးဖြစ်တဲ့ Convention for a Democratic South Africa (CODESA) ထဲကနေ အေအင်စီကို ချက်ချင်းဆွဲထုတ်လိုက်ပြီး၊ သူ့ပြည်သူတွေကို လုံခြုံရေးပေးဖို့နဲ့ အစိုးရကိုယ်တိုင်ကျူးလွန်တဲ့ ဒီအကြမ်းဖက်ကို စုံစမ်းအရေးယူပေးဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။ မင်ဒဲလားရဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂက မစ်ရှင် ဖွဲ့ပြီး စုံစမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ယူအင်မစ်ရှင်ဟာ နိုင်ငံတွင်းမှာ National Peace Accord က ဖွဲ့စည်းထားတဲ့ Goldstone Commission လို့ လူသိများသော စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ အတူ တွဲဖက်ပြီး၊ အများပြည်သူကို အကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှုတွေကို စုံစမ်းပါတယ်။ အစိုးရအာဏာပိုင်ရဲ့ ဘက်တော်သားတွေ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပြီး၊ ကော်မရှင်အစီရင်ခံ ထုတ်ပြန်ခဲ့တာကြောင့် အစိုးရရဲ့ အာဏာအလွဲ သုံးစားလုပ်မှုတွေကို လျှော့ချနိုင်လာနိုင်ပါတယ်။


ခင်မမမျိုး


(၂၀၁၁ခုနှစ်၊ အောက်တိုဘာလတွင် စာရေးသူ ရေးသားဖြန့်ဝေခဲ့သော "တောင်အာဖရိက စေ့စပ်ဆွေးနွေးရေးဖြစ်စဉ်" စာတမ်းမှ ပြန်လည်ကောက်နှုတ်တင်ပြခြင်း ဖြစ်ပါသည်)
 





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: