ကားလ်မာ့က်စ် မိတ်ဆက် (ဘာသာပြန်)
(အပိုင်း-၂)
မာ့က်စ်နဲ့ အိန်ဂယ်တို့ ရေးသားထုတ်ဝေခဲ့တဲ့
communist manifesto က ချက်ချင်းလက်ငင်းတော့ မအောင်မြင်ခဲ့ပါဘူး။ စာအုပ်မထုတ်ဝေခင်မှာကတည်းက
(၁၈၄၈) ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြင်သစ် တော်လှန်ရေးနဲ့ နောက်ဆက်တွဲ တော်လှန်ရေးလှုပ်ရှားမှုတွေ
ကြော င့်
ဥရောပမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ အသစ်တက်လာတဲ့ ပြင်သစ်အစိုးရက မာ့က်စ်ရဲ့
expulsion order ကို ဖျက်သိမ်း ပေးခဲ့ပါတယ်။ စိုးရိမ်ကြောင့်ကြနေတဲ့ ဘယ်လ်ဂျီယံအစိုးရကတော့
တိုင်းပြည်ထဲကနေ (၂၄)နာရီအတွင်း ထွက်ခွာသွားဖို့ မာ့က်စ်ကို ရာဇသံပေးခဲ့ပါတယ်။
ကနဦးအနေနဲ့မာ့က်စ်ကပဲရစ်ကိုသွားခဲ့ပါတယ်။ နောက်ပိုင်းဘာလင်မှာ
တော်လှန်ရေးတွေ
ပေါ်ပေါက်လာတဲ့ သတင်းတွေကြောင့် ဂျာမဏီကို ပြန်သွားခဲ့ပါတယ်။ ဂျာမဏီ
cologne မှာ New Rhenish Gozette (New Rheinische Zeitung) ဆိုတဲ့ သတင်းစာထုတ်ဝေဖို့
ငွေကြေးစုဆောင်းခဲ့ပါတယ်။ ဒီသတင်းစာက တော်လှန်ရေးတွေ ဖြစ်ပွားစေခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုများကို
ထောက်ခံအားပေးခဲ့ပါတယ်။ သို့ပေမယ့် တော်လှန်ရေးအခြေအနေတွေ ပြောင်းလဲ လာပြီး၊ ပါရှန်းသက်ဦးဆံပိုင်
ဘုရင်စနစ် အသက်ပြန်ဝင်လာတာကြောင့် ဂျာမဏီကနေ ထွက်ခဲ့ရပြန် ပါတယ်။ ပဲရစ်ကို
ကြိုးပမ်းပေမယ့်၊ တကြိမ်ထပ်ပြီး ငြင်းဆိုခံခဲ့ရပါတယ်။ ဒါကြောင့် နောက်ထပ်
တော်လှန်ရေးတခု ထပ်ပေါ်လာပြီး၊ ဂျာမဏီကို ပြန်ခွင့်ရမယ့် အချိန်ကို စောင့်ဆိုင်းဖို့အတွက်
(၁၈၄၉) ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့မှာ အင်္ဂလန်ကို ထွက်ခွာသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ မာ့က်စ်ရဲ့ ဘ၀တလျှောက်လုံး လန်ဒန်မှာ
နေခဲ့ရပါတယ်။ ကနဦးအစမှာ မိသားစုက အတော်ကို ဆင်းရဲနွမ်းပါးခဲ့ပါတယ်။ Soho ဆိုတဲ့ အရပ်က
အခန်းနှစ်ခန်းမှာ နေခဲ့ရပါတယ်။ ဇနီးဖြစ်သူကလဲ စတုတ္ထကိုယ်ဝန်ဆောင်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ်
မာ့က်စ်ကတော့ communist league နဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ တက်ကြွဆဲပါပဲ။
ပြင်သစ်တော်လှန်ရေးနဲ့ နောက်ဆက်တွဲတွေအကြောင်း ရေးသားခဲ့ပါတယ်။ Cologne Committee က
အဖွဲ့ဝင်တွေရဲ့ ထောက်ခံအားပေးမှု ရယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ
ကော်မတီရဲ့ အဖွဲ့ဝင်တွေကို ပါရှန်းအာဏာပိုင်တွက တရားစွဲ အရေးယူမှုတွေ ပြုလုပ်လာပါတယ်။
ဒါကြောင့် မာ့က်စ်က communist league ဆက်လက် တည်ရှိနေခြင်းဟာ အကျိုးသိပ်မရှိနိုင်ကြောင်း
ဆုံးဖြတ်ခဲ့ပါတယ်။ communist league ကလဲ အလိုအလျောက် ပျောက်ကွယ်သွားပါတယ်။
နောက်ပိုင်းအတော်အချိန်အတန်ကြာ တဲ့အထိ မာ့က်စ်ဟာ
နိုင်ငံရေးအဖွဲ့အစည်း လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ခြင်းမရှိတော့ပဲ တဦးတည်းနေခဲ့ပါတယ်။
သူ့ရဲ့အချိန်တွေကို အခြားဂျာမန်လက်ဝဲနိုင်ငံရေး ဒုက္ခသည်များရဲ့ doctrinal
squabbles တွေနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။ သူ့ရဲ့စာတွေထဲမှာ ပေါင်မုန့်နဲ့အာလူးအနည်းငယ်ကလွဲ ရင်
ဘာကိုမှ ၀ယ်ယူစားသောက်ဖို့ မတက်နိုင်ကြောင်း ဆိုထားတာ တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
မီးရထားဌာနမှာ စာရေးအလုပ်ကို လျှောက်ထားခဲ့ပေမယ့် သူ့ရဲ့ လက်ရေးက illegible ဖြစ်နေတဲ့အတွက်
အလုပ်မရခဲ့ပါဘူး။ မာ့က်စ်ဟာ အပေါင်ဆိုင်တွေရဲ့ ပုံမှန်ဖောက်သည် ဖြစ်နေခဲ့ပါတယ်။
မာ့က်စ်ရဲ့ မိတ်ဆွေတွေ၊ အထူးသဖြင့် အိန်ဂယ်က
လက်ဆောင်တွေကို ရက်ရက်ရောရော ပေးခဲ့ပါတယ်။ မာ့က်စ်ရဲ့ ဆင်းရဲနွမ်းပါးမှုဟာ ၀င်ငွေမလုံလောက်မှုထက်၊
စီမံခန့်ခွဲမှုညံ့ဖျင်းတာကြောင့် လို့ အဆိုရှိကြပါတယ်။ Jenny ရဲ့
အိမ်ဖော်ဖြစ်တဲ့ Hekene Demuth က မိသားစုနဲ့အတူ နေခဲ့ပြီး၊ မာ့က်စ်ကွယ်လွန်ချိန်အထိ
မိသားစုနဲ့အတူ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်ကာလတွေမှာပဲ မိသားစုတွင်းမှာ
ဝမ်းနည်းပူဆွေးဖွယ်ရာတွေ ဖြစ်ပွားခဲ့ပါတယ်။ စတုတ္ထကလေးက မွေးကင်းစမှာပဲ
ဆုံးပါးသွားခဲ့ပါတယ်။ Jenny က ကိုယ်ဝန် ထပ်ဆောင်ခဲ့ပေမယ့် အဲဒီကလေးကလဲ တနှစ်အတွင်း
ဆုံးပါးသွားပြန်ပါတယ်။ အဆိုးဆုံးကတော့ သားဖြစ်သူ Edgar က အသက်ရှစ်နှစ်အရွယ်မှာ ဆုံးပါးသွားခြင်းပါပဲ။
(၁၈၅၂) ခုနှစ်နောက်ပိုင်းမှာတော့ မာက်စ်မှာ
ပုံမှန်ဝင်ငွေရလာပါတယ်။ cologne မှာ ဆုံခဲ့ဖူးတဲ့ New York Tribune အယ်ဒီတာတယောက်က
မာ့က်စ်ကို သတင်းစာအတွက် ဆောင်းပါးတွေ ရေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ မာ့က်စ်ကလဲ သဘောတူညီခဲ့ပါတယ်။
နောက်ထပ်ဆယ်နှစ်တာကာလမှာ မာ့က်စ်ရဲ့ ဆောင်းပါးတွေက အပတ်စဉ်လိုလို သတင်းစာမှာ ပါခဲ့ပါတယ်။
(တချို့ဆောင်းပါးတွေကိုတော့ အိန်ဂယ်လ်က တိတ်တဆိတ်ရေးသားတယ်လို့ အဆိုရှိပါတယ်)
(၁၈၅၆) ခုနှစ်မှာ မိသားစုရဲ့
ငွေရေးကြေးရေးအခြေအနေက တိုးတက်လာပါတယ်။ Jenny က အမွေနှစ်မျိုးဆက်ဆံလိုက်ရချိန် မှာတော့
ပိုပြီးတိုးတက်သွားပါတယ်။ soho အခန်းကျဉ်းကနေ Hampstead Health အနီးက အိပ်ခန်းရှစ်ခန်းရှိတဲ့
အိမ်မှာ ပြောင်းရွှေ့အခြေချကြပါတယ်။ Hampstead Healthက မိသားစုရဲ့ တနင်္ဂနွေပုံမှန် ပျော်ပွဲစားထွက်ရာနေရာ
ဖြစ်လာခဲ့ပါတယ်။ မာ့က်စ်ရဲ့ တတိယ သမီးဖြစ်သူ Eleanor မွေးဖွားလာခဲ့ပါတယ်။ Jenny က ကိုယ်ဝန်ထပ်ဆောင်ပေမယ့်
ကလေးက stillborn ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ မိသားစုထဲမှာ Jenny, Laura နဲ့
Eleaner ဆိုတဲ့ ကလေး (၃) ယောက်ရှိနေပါပြီ။ မာ့က်စ်ဟာ ကလေးတွေအတွက် နွေးထွေးပြီး၊
ချစ်ခင်စိတ်ရှိတဲ့ ဖခင်တယောက် ဖြစ်ခဲ့ပါတယ်။
ဒီအချိန်ကာလတွေအားလုံးမှာ မာ့က်စ်ဟာ အနာဂတ်မှာ တော်လှန်ရေးတခု
ပေါ်ထွက်လာမှာကိုပဲ မျှော်လင့်နေခဲ့ပါတယ်။ မာ့က်စ်ရဲ့ အလုပ်အဖြစ်ဆုံး ကာလလို့
ဆိုနိုင်တဲ့ (၁၈၅၇-၅၈) ကာလေတွဟာ အရင်းရှစ်စနစ်ရဲ့ ဘဏ္ဍာရေးပြဿနာလို့ ယူဆနိုင်တဲ့
စီးပွားပျက်ကပ်ကနေ ရလာတဲ့ တွန်းအား ဖြစ်ပါတယ်။ သူ့ရဲ့အတွေးအခေါ်တွေကို လက်တွေ့အဖြစ်အပျက်တွေက
ကျော်လွှားသွားမှာကို စိုးရိမ်ပြီး မာ့က်စ်က အလုပ်အရမ်းလုပ်ခဲ့ပါတယ်။ အိန်ဂယ်လ်ဆီရေးတဲ့စာမှာ
ညပေါင်းများစွာ အရူးအမူး အလုပ် လုပ်နေကြောင်း ပါရှိခဲ့ပါတယ်။
ခြောက်လအတွင်းမှာ စာမျက်နှာ (၈၀၀) ကျော်ရှိတဲ့ အရင်းကျမ်း
(capital) ရဲ့ မူကြမ်းကို ရေးသားပြီးစီးခဲ့ပါတယ်။ တကယ်တမ်းကျတော့ မူကြမ်းမှာက အချက်အလက်တွေ
ပိုပြီးစုံလင်ပါတယ်။ (၁၈၅၉) ခုနှစ်မှာ သူရေးထားခဲ့တဲ့ ဘောဂဗေဒပိုင်းဆိုင်ရာစာတွေကို
critique of political economy ဆိုတဲ့ အမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာတော့
မာ့က်စ်ရဲ့ မူရင်းအတွေးအခေါ်တွေ အများအပြား မပါဝင်ပါဘူး။ ဒီစာအုပ်ပေါ်ထွက်လာတာကို လူအများက
တိတ်ဆိတ်စွာပဲ ကြိုဆိုခဲ့ကြပါတယ်။
သူ့ရဲ့မူရင်းစာအုပ်ဟာ ထုတ်ဝေရန်
အဆင်သင့်ဖြစ်နေချိန်မှာပဲ လက်ဝဲနိုင်ငံရေးသမားနဲ့ အယ်ဒီတာ တဦးဖြစ်တဲ့ Karl Vogt နဲ့
စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စတွေ ဖြစ်ခဲ့ပါတယ်။ Vogt ဟာ ပြင်သစ်အစိုးရဆီက ငွေကြေးရယူနေတယ်လို့
မာ့က်စ်က စွပ်စွဲခဲ့ပါတယ်။ တရားစွဲဆိုမှုတွေ ဖြစ်လာခဲ့ပါတယ်။ Vogt က မာ့က်စ်ကို ပုဂ္ဂိုလ်ရေးအရ
နောက်ကျောဓားနဲ့ထိုးတတ်သူလို့ သတ်မှတ်ခေါ်ဆိုတာကြောင့် မာ့က်စ်က စာမျက်နှာ (၂၀၀) ပါတဲ့
anti-Vogt စာအုပ်နဲ့ တုန့်ပြန်ခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာချိန်မှာ မာ့က်စ်မှန်ကြောင်း
တွေ့ရှိလာကြပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ကြောင့် ငွေကြေးအမြောက်အမြား ကုန်ဆုံးခဲ့ပြီး၊
တန်ဖိုးရှိတဲ့ စာတွေရေးနိုင်မယ့် ဆယ့်ရှစ်လတာ ကာလကို ဆုံးရှုံးခဲ့ရပါတယ်။
ဘောဂဗေဒနဲ့ ပတ်သက်တဲ့စာအုပ်ကို အမြန်အဆန် ပြီးချင်နေတာနဲ့
ပတ်သက်ပြီး မာ့က်စ်မှာ အခြား
အရေးပါတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ နောက်ပိုင်းမှာ
First International လို့ လူသိများလာခဲ့တဲ့ နိုင်ငံတကာအလုပ်လုပ်သူများ အစည်းအရုံး
(International workingmen's Association) ကို (၁၈၆၄) ခုနှစ်မှာ လန်ဒန်မှာကျင်းပတဲ့
အစည်းအဝေးကနေ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို ဖိတ်ကြားခံခဲ့ရတဲ့အတွက် မာ့က်စ်လဲ
တက်ရောက်ခဲ့ပြီး၊ အထွေထွေကောင်စီမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကနေ
အနားယူထားတဲ့ သူ့ရဲ့ အထီးကျန်ဘ၀ကို အဆုံးသတ်စေ ခဲ့ပါတယ်။
မားက်စ်ရဲ့ အားကောင်းတဲ့ ပညာဥာဏ်နဲ့ ကိုယ်ရည်ကိုယ်သွေးအင်အားကြောင့်
အဖွဲ့အစည်းထဲမှာ သြဇာအာဏာရှိသူတယောက် ဖြစ်လာခဲ့ပါတယ်။ International ရဲ့
အင်္ဂလိပ်ဌာနခွဲကို တည်ထောင်တဲ့ အလုပ်သမားသမဂ္ဂ၀င်တွေနဲ့ ကွဲပြားခြားနားမှုတွေ အတော်အတန်ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီလိုကွဲပြား ခြားနားမှုတွေကို ညှိနှိုင်းဖို့အတွက် သံတမန်နည်းလမ်းတွေ မကျင့်သုံးခဲ့ပါဘူး။
အဖွဲ့အစည်းရဲ့ အလုပ်သမားလူတန်းစားအဖွဲ့ဝင်တွေ သူ့ရေရှည်ရှုထောင့်အဖြစ်ကို လက်ခံလာရေးကိုသာ
ဦးတည် ကြိုးပမ်းခဲ့ပါတယ်။
နောက်ဆုံး (၁၈၆၇) ခုနှစ်မှာတော့ အရင်းကျမ်းရဲ့
ပထမပိုင်းကို ရေးသားပြီးစီးခဲ့ပါတယ်။ ကနဦးတုန့်ပြန်ချက်က စိတ်ပျက်ဖွယ်ရာပါပဲ။ မာ့က်စ်ရဲ့
မိတ်ဆွေတွေကတော့ အလွန်ပဲ တက်ကြွပြီး၊ စာအုပ်နဲ့ ပတ်သက်လို့ review တွေများဖို့ ကြိုးပမ်းခဲ့ပါတယ်။
အိန်ဂယ်လ်တယောက်တည်းတင် ဂျာမန်သတင်းစာ ခုနစ်စောင်မှာ ကွဲပြားခြားနားပေမယ့် နှစ်လိုဖွယ်ရှိတဲ့
book review ခုနစ်ပုဒ် ရေးခဲ့ပါတယ်။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုတွေက
နှေးကွေးခဲ့ပါတယ်။ တကယ်တမ်းကျတော့ မာ့က်စ်ကို လူသိထင်ရှားဖြစ်စေခဲ့တာက အရင်းကျမ်းကြောင့်
မဟုတ်ပါဘူး။ (၁၈၇၁) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The Civil War in France ဆိုတဲ့ စာကြောင့်
ဖြစ်ပါတယ်။ ဒီစာကို Paris Commune ဟာ ပဲရစ်မြို့ကို နှစ်လကြာ သိမ်းပိုက်အုပ်ချုပ်ထားခဲ့တဲ့
အလုပ်သမားအရေးတော်ပုံ ဖြစ်ပါတယ်။ International က ဒါနဲ့ဘာမှ မသက်ဆိုင်ပါဘူး။
ဒါပေမယ့် လူထုစိတ်မှာတော့ International နဲ့ Commune က ဆက်နွယ်နေပါတယ်။ မာ့က်စ်ရဲ့
မိန့်ခွန်းက ကနဦးရှိနေတဲ့ နိုင်ငံတကာ ကွန်မြူနစ် conspiracy သံသယတွေကို တိုးမြင့်စေခဲ့ပါတယ်။
မာ့က်စ်ကလဲ ချက်ချင်း လက်ငင်း notoriety ဖြစ်သွားတာကို သဘောပေါက်ခဲ့ပါတယ်။ သူငယ်ချင်းတယောက်ဆီ
စာရေးသားခဲ့ရမှာ "really does me good after the tedious twenty-year idyll
in my den” လို့ ရေးသားခဲ့ပါတယ်။
Commune ကို အညှာအတာမရှိ ဖိနှိပ်မှုက International
ကို အားပျော့စေခဲ့ပါတယ်။ မျက်နှာပြင် အောက်မှာ ဖြစ်ပွားနေတဲ့ သဘောထားကွဲလွဲမှုတွေက
မျက်နှာပြင်ပေါ် ရောက်လာခဲ့ပါတယ်။ (၁၈၇၂) ခုနှစ်၊ ကွန်ဂရက်မှာ ထိန်းချုပ်လို့ မရနိုင်တော့ကြောင်း
မာ့က်စ်က သိရှိသွားပါတယ်။ အထွေထွေ ကောင်စီရဲ့ အာဏာကို ကန့်သတ်တဲ့ motion ကို ပြတ်ပြတ်သားသား၊
ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပေမယ့် ဆုံးဖြတ်ချက်ကျသွားပါတယ်။ ရန်သူတွေရဲ့လက်ထဲ အဖွဲ့အစည်းကျသွားပြီဆိုတာ
မမြင်ပဲ မာ့က်စ်က အထွေထွေကောင်စီဟာ နယူးယောက်မှာ အခြေစိုက်သင့်ကြောင်း အဆိုပြုခဲ့ပါတယ်။
ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ ဒါဟာ First International ရဲ့ အဆုံးသတ်ပါပဲ။
အဲဒီအချိန်ကာလက ဆက်သွယ်ရေးစနစ် အခြေအနေတွေနဲ့ ဥရောပအင်အားကြီး အဖွဲ့အစည်းတခုကို အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ပြီး
ထိန်းချုပ်မောင်းနှင်နိုင်ဖို့ ဆိုတာ လက်တွေ့မကျပါဘူး။
အဲဒီအချိန်မှာ မာ့က်စ်ဟာ အသက် (၅၄) နှစ်ရှိနေပါပြီ။
ကျန်းမာရေးကလဲ သိပ်မကောင်းတော့ပါဘူး။ နောက်ထပ်ဆယ်နှစ်တာ သူ့ဘ၀ကတော့ သိပ်ပြီးပြောဖွယ်ရာ
မရှိတော့ပါဘူး။ အမွေဆက်ခံရရှိမှုတွေက ဆင်းရဲနွမ်းပါးမှုရဲ့ ခြိမ်းချောက်မှုကို အဆုံးသတ်လိုက်နိုင်ပါပြီ။
မာ့က်စ်ရဲ့ဘ၀က ပြည့်စုံသာယာတဲ့ အရင်းရှင်မိသားစုသဖွယ် ဖြစ်လာပါတယ်။
ပိုပြီးကျယ်ဝန်းတဲ့အိမ်ကို ပြောင်းရွှေ့လာကြပြီး၊ အိမ်ထောင် ပရိဘောဂတွေအတွက် ငွေကြေးအများအပြား
သုံးခဲ့ကြပါတယ်။ ကလေးတွေကိုလဲ ladies' seminary တွေဆီ ပို့ပေးခဲ့ပါတယ်။
လှပသပ်ရပ်ပြီး ဇိမ်ကျတဲ့ continental spas တွေဆီလဲ သွားခဲ့ကြပါတယ်။
စတော့ရှယ်ယာဈေးကွက်ကနေ ငွေကြေးအများအပြား ကစားရယူနိုင်ခဲ့ပြီး၊ အိန်ဂယ်ဆီက
ငွေကြေး တောင်းခံမှုတွေကိုလဲ မရပ်ဆိုင်းခဲ့ဘူးလို့ အဆိုရှိကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံးမှာတော့ မာ့က်စ်ရဲ့အတွေးအခေါ်တွေ
ပျံ့နှံ့သွားပါတယ်။ (၁၈၇၁) ခုနှစ်ရောက်တော့ အရင်းကျမ်းကို ဒုတိယအကြိမ် ထပ်မံထုတ်ဝေလာရပါတယ်။
(၁၈၇၂) ခုနှစ်မှာ ရုရှားဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ကြပြီး၊ ရုရှားတော်လှန်ရေးသမားတွေအကြား မှာ
မာ့က်စ်နာမည်က ရေပန်းစားခဲ့ပါတယ်။ မကြာမီမှာပဲ ပြင်သစ်ဘာသာကို ပြန်ဆိုခဲ့ကြပါတယ်။
အရင်းကျမ်းကို မာ့က်စ်သက်ရှိထင်ရှားရှိစဉ် ကာလတုန်းက အင်္ဂလိပ်ဘာသာကို ပြန်ဆိုခြင်း
မရှိခဲ့ပါဘူး။ (မူရင်းကျမ်း ကလဲ အခြားစာတွေလိုပဲ ဂျာမန်လို ရေးသားခဲ့တာပါ။) ဒါပေမယ့်
သီအိုရီကို အားမပေးတဲ့ အချို့အင်္ဂလိပ်တွေအကြားမှာတောင် မာ့က်စ်က ရေပန်းစားခဲ့ပါတယ်။
အဓိကကတော့ "ခေတ်သစ် အတွေးအခေါ်မှ ခေါင်းဆောင်များ “ (Leaders in Modern
Thought) ဆိုတဲ့ လက်ကမ်းစာစောင် အတွဲတွေထဲမှာ သူ့စာတွေပါခဲ့လို့ ဖြစ်ပါတယ်။
မာ့က်စ်နဲ့အိန်ဂယ်တို့ဟာ သူတို့အမြင်တွေကို
လက်ခံမျှဝေတဲ့ ဥရောပတခွင်က တော်လှန်ရေး သမားတွေနဲ့ စာအဆက်အသွယ်တွေ ရှိခဲ့ပါတယ်။
အရင်းကျမ်းရဲ့ ဒုတိယတွဲနဲ့ တတိယတွဲတွေအတွက် မာ့က်စ်က ဆက်ပြီးကြိုးပမ်းခဲ့ပေမယ့် ထုတ်ဝေဖို့အတွက်
အဆင်သင့်မဖြစ်ခဲ့ပါဘူး။ ဒီအလုပ်က မာ့က်စ်သေဆုံးချိန်မှာ အိန်ဂယ်ရဲ့
တာဝန်ဖြစ်လာခဲ့ပါတယ်။ မာ့က်စ်ရဲ့ အရေးပါတဲ့ နောက်ဆုံးစာတွေ ကတော့ (၁၈၇၅) ခုနှစ်မှာ
ဂျာမဏီ၊ Gothan မှာ ကျင်းပခဲ့တဲ့ ကွန်ဂရက်နဲ့ ပတ်သက်ပြီး ပေါ်ထွက်လာတဲ့ စာတွေ
ဖြစ်ပါတယ်။ ကွန်ဂရက်ရည်ရွယ်ချက်ကတော့ အပြိုင်အဆိုင်ဖြစ်နေတဲ့ ဂျာမန်ဆိုရှယ်လစ်ပါတီတွေအကြား
ပေါင်းစည်းရေးတည်ဆောက်ပြီး common platform ကို ရှာဖွေဖို့ ဖြစ်ပါတယ်။
“Gotha program” လို့ လူသိများလာတဲ့ ဒီ common
platform နဲ့ ပတ်သက်ပြီး မာ့က်စ်နဲ့ အိန်ဂယ်တို့ကို တိုင်ပင်ဆွေးနွေးခြင်း မရှိခဲ့ကြပါဘူး။
သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒ (scientific socialism) လို့ သူယူဆထားတဲ့ အချက်အလက်တွေနဲ့
အများအပြားကွဲလွဲမှုတွေ ပါဝင်နေတာကြောင့် မာ့က်စ်က ဒေါသထွက်ခဲ့ပါတယ်။ ဒါကြောင့် ဒီပရိုဂရမ်ကို
ဝေဖန်ချက်တွေ အများအပြားရေးပြီး၊ ဂျာမန်ဆိုရှယ်လစ် ခေါင်းဆောင်တွေအကြား ဖြန့်ဝေခဲ့ပါတယ်။
မာ့က်စ်သေဆုံးချိန်မှာ "Critique of the Gotha Program” ကို ပုံနှိပ်ထုတ်ဝေခဲ့ကြပြီး၊
အနာဂတ်ကွန်မြူနစ် လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ မာ့က်စ်ရဲ့
ရှားပါးတဲ့ ကြေငြာချက်တွေလို့ အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့်
အဲဒီအချိန်တုန်းကတော့ မာ့က်စ်ရဲ့ ဝေဖန်ချက်တွေက အရာမရောက်ခဲ့ပါဘူး။ ကြိုတင်ကြံစည်ထားတဲ့
ပေါင်းစည်းရေး အစီအစဉ်ကသာ ရှေ့တန်းရောက်သွားခဲ့ပါတယ်။
မာ့က်စ်ဘ၀ရဲ့ နောက်ဆုံးနေ၀င်ချိန်ကာလတွေမှာ ကျော်ကြားမှုအပေါ်
ကျေနပ်မှုနဲ့အတူ ကိုယ်ရေးကိုယ်တာ ၀မ်းနည်းဖွယ်ရာတွေလဲ ကြုံတွေ့ခဲ့ရပါတယ်။
မာ့က်စ်ရဲ့ သမီးကြီးတွေဖြစ်တဲ့ Jenny နဲ့ Laura တို့က အိမ်ထောင်ကျပြီး
ကလေးတွေရခဲ့ပေမယ့် Laura ရဲ့ ကလေးသုံးယောက်မှာ တယောက်မှ သုံးနှစ်ထက်ပိုပြီး
မနေခဲ့ရပါဘူး။ Jenny ရဲ့ သားဦးကလေးက မွေးကင်းစမှာပဲ ဆုံးပါးခဲ့ပါတယ်။ (၁၈၈၁) ခုနှစ်မှာတော့
မာ့က်စ်ရဲ့ ဇနီးဟာ နာတာရှည်ဖျားနာမှုနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ
မာ့က်စ်ဟာ အထီးကျန်ဖြစ်သွားပြီး၊ ကျန်းမာရေးအခြေအနေလဲ တစတစ ဆိုးရွားလာပါတယ်။ (၁၈၈၂)
ခုနှစ်ရောက်တော့ သမီး Jenny က အသည်းအသန်ဖြစ်လာပြန်ပြီး၊ (၁၈၈၃) ခုနှစ်၊ ဇန်န၀ါရီလမှာ
ဆုံးပါးသွားပြန်ပါတယ်။ မာ့က်စ်က ဒီလိုဆုံးရှုံးမှုတွေကို ခံနိုင်ရည်ရှိရှိနဲ့ မကျော်လွှားနိုင်တော့ပါဘူး။
အဆုတ်လေပြွန်ရောင်ဖြစ်ပြီး (၁၈၈၃) ခုနှစ်၊ မတ်လ (၁၄)ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်သွားပါတော့ တယ်။
(ဆက်လက်ဖော်ပြပါမည်)
မူရင်းစာအုပ်အမည် - Marx: A Very Short
Introduction
စာအုပ်ရေးသားသူ - Peter Singer
စာအုပ်ထုတ်ဝေနှစ် - ၁၉၈၀ (ပထမအကြိမ်)၊ ၁၉၉၆ (ပြန်လည်ထုတ်ဝေနှစ်)
ဘာသာပြန်သူ - ခင်မမမျိုး (၁၃၊ ၁၂၊ ၂၀၁၂)
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment