မြေအောက်လျှို့ဝှက် (ယူဂျီ) လုပ်ငန်းဆောင်တာများ (အပိုင်း- ၁)


နိဒါန်း

နယ်ချဲ့တော်လှန်ရေး၊ အရင်းရှင်တော်လှန်ရေး၊ အာဏာရှင်စနစ်တော်လှန်ရေးစတဲ့ တော်လှန်ရေးတွေမှာ မြေအောက်လျှို့ဝှက် (ယူဂျီ) လုပ်ငန်းဆောင်တာတွေက အရေးပါလှပါတယ်။ နှလုံးရည်တိုက်ပွဲနည်းနာများကို အခြေခံတဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲများကို အခြေခံတဲ့ တော်လှန်ရေးပဲ ဖြစ်ဖြစ် မြေအောက်လျှို့ဝှက် (ယူဂျီ) လုပ်ငန်းဆောင်တာများကို အချိန်အခါနဲ့ လိုက်လျောညီထွေ လုပ်ဆောင်ရတာတွေ ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်ပုံတွေ မတူပေမယ့်လဲ တော်လှန်ရေးတိုင်းမှာ ယူဂျီ လုပ်ငန်းက အရေးကြီးပါတယ်။ ယူဂျီလုပ်ငန်းကျဆင်းမှုတွေ ရှိလာရင် လူထုနဲ့ကင်းကွာခြင်း၊ လူ့အဖွဲ့အစည်းနဲ့ အဆက်အသွယ်ပြတ်ခြင်းတွေ ဖြစ်ပြီး တော်လှန်ရေး ရေချိန်ကို ထိခိုက်နိုင်ပါတယ်။
 


ယူဂျီလုပ်ငန်းများ၏ အခန်းကဏ္ဍ

ယူဂျီလုပ်ငန်းတွေမှာ အသွင်သဏ္ဍန်အမျိုးမျိုး ကွဲပြားပေမယ့်၊ တူညီတဲ့ သွင်ပြင်လက္ခဏာ အချို့ ရှိပါတယ်။ ဘုံရည်မှန်းချက်ဟာ ဆန့်ကျင်တော်လှန်နေတဲ့ စနစ်ကို အကောင်အထည်ဖော်နေသော တရားဝင် အာဏာရယူထားသည့် အစိုးရ (သို့မဟုတ်) မတရားအာဏာသိမ်း အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာကို အားလျော့စေခြင်း၊ ဖျက်ဆီးခြင်းနဲ့ အစားထိုးခြင်းဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာတွေမှာ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွေနဲ့ အော်ပရေးရှင်း လုပ်ငန်းဆောင်တာတွေဆိုပြီး အပိုင်းနှစ်ပိုင်း ရှိတတ်ပါတယ်။ ယူဂျီလုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေသူများဟာ ရန်သူရဲ့ အုပ်ချုပ်ရေးယန္တရားများအတွင်းမှာဖြစ်စေ၊ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်စေ လျှို့ဝှက်စွာ နေထိုင်လေ့ရှိကြပါတယ်။

ယူဂျီလုပ်ငန်းဆောင်တာတွေမှာ တော်လှန်ရေးလှုပ်ရှားမှုများအတွက် စည်းရုံးလှုံဆော်ခြင်း၊ တော်လှန်ရေး အဖွဲ့အစည်းအတွင်းမှ စီမံခန့်ခွဲရေးတာဝန်များ (ဥပမာ- ဘဏ္ဍာရေး၊ လေ့ကျင့်သင်တန်းပေးရေး၊ ဆက်သွယ်ရေး၊ လုံခြုံရေး ဆိုင်ရာ တာဝန်များ စသည်) ထမ်းဆောင်ခြင်း၊ စိတ်ဓာတ်စစ်ဆင်ရေး အော်ပရေးရှင်းများ (၀ါဒဖြန့်ချိရေးနှင့် ဘ၀ဟစ်တိုင်လှုပ်ရှားမှု စသည်) ပြုလုပ်ခြင်း၊ ရန်သူ့သတင်းများအား ထောက်လှမ်းခြင်းနှင့် တော်လှန်ရေးသမားများအတွက် လိုအပ်နိုင်သည့် ၀င်လမ်း၊ ထွက်လမ်း ကွန်ယက်များ တည်ဆောက်ပေးခြင်း၊ ၀ပ်ကျင်းများစီမံထားခြင်း စတာတွေ ပါဝင်ပါတယ်။

တော်လှန်ရေးတရပ်မှာ အစဉ်အမြဲ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ လက်နက်ကိုင်ထိတွေ့မှုတွေ၊ လူထုတိုက်ပွဲတွေ၊ သပိတ်တွေစတဲ့ hot conflicts တွေနဲ့ ပြည့်နှက်နေတာ မဟုတ်ပါဘူး။ အချိန်အခါကောင်းနဲ့ အခွင့်အခါကောင်း မဟုတ်ပဲ လူတွေကို လမ်းပေါ်တက်ကြပါလို့ တိုက်မောင်းတီးပြီး လှုံ့ဆော်မြဲ လှုံ့ဆော်နေလို့ မရပါဘူး။ တပ်ဦးကျွံသွားတတ်ပါတယ်။ ယာဉ်မောင်းရာမှာ မီးပွိုင့်နီနေတဲ့အခါ ကားရပ်ရပါတယ်။ အစဉ်မပြတ် စိုက်လိုက် မတ်တပ်ဆိုပြီး လီဘာပဲ တောက်လျှောက်နင်းထားလို့ မရပါဘူး။ အခွင့်မသာတဲ့ အခြေအနေတွေမှာ ထိပ်တိုက် ရင်ဆိုင်မှုပဲ လုပ်နေလို့ မဖြစ်နိုင်ပါဘူး။

ရန်သူဖိအားတွေ ပြင်းထန်နေတဲ့ အချိန်အခါတွေနဲ့ ကိုယ့်အင်အားဆုံးရှုံးနေတဲ့ အခြေအနေတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ရတာတွေ ရှိတတ်ပါတယ်။ ဒီလို ပြန်လည်ထူထောင်ရတဲ့ Cold Conflicts အချိန်အခါတွေမှာ ရန်သူရဲ့ လှုပ်ရှားမှု ခြေလှမ်းတွေကို သတိထားစောင့်ကြည့်ရေး၊ ၀ါဒဖြန့်ချိရေး အသိုင်းအ၀ိုင်း ချဲ့ထွင်ရေး၊ ရန်သူ့မတရားမှုများအား ဖွင့်ချရေး၊ ခြေလှမ်းမှန်ဖြင့် အင်အားစုဆောင်းရေး စတာတွေက အရေးကြီးတဲ့အတွက် major battleground ဖြစ်လာတတ်ပါတယ်။

စုဖွဲ့ခြင်း

မြေအောက်လျှို့ဝှက် လုပ်ငန်းဆောင်တာတွေအတွက် အစုအဖွဲ့တွေ ဖွဲ့စည်းရာမှာ အခြေအနေအားလုံးနဲ့ လိုက်လျောညီထွေမယ့် စုဖွဲ့မှုသဏ္ဍာန် တမျိုးတည်း မရှိနိုင်ပါဘူး။ ယူဂျီဆဲလ်များကို စုဖွဲ့သူများအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ အရေးကြီးဆုံးအချက်ကတော့ predominant strategy ဖြစ်ပါတယ်။ political strategy ကို ဦးစားပေးရတဲ့ အခြေအနေမှာ ယူဂျီဆဲလ်တွေရဲ့ စုဖွဲ့မှုသဏ္ဍာန်တွေက အစိုးရအုပ်ချုပ်ရေးယန္တရားကို ယိမ်းယိုင်စေရေးနဲ့ လူထုစည်းရုံးရေးကို ဦးတည်ရမှာ ဖြစ်ပါတယ်။ political front မှာ အလုပ်လုပ်ဆောင်ဖို့ ခဲယဉ်းလာချိန်တွေမှာတော့ military strategy က predominant strategy ဖြစ်လာပါတယ်။

ဒီလို predominant strategy တွေပေါ်မူတည်ပြီး စုဖွဲ့မှုသဏ္ဍာန်တွေ ကွဲပြားခြားနားပါတယ်။ တော်လှန်ရေး လှုပ်ရှားမှု မဟာဗျူဟာရဲ့ ရေတို၊ ရေရှည် အချိန်တွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ရေတို လှုပ်ရှားမှုပေါ်မှာ အခြေခံတဲ့ မဟာဗျူဟာပေါ်မှာ အခြေခံတဲ့ စုဖွဲ့မှုသဏ္ဍာန်က ရေရှည်လှုပ်ရှားမှုပေါ်မှာ အခြေခံတဲ့ မဟာဗျူဟာတွေပေါ်မှာ အခြေခံတဲ့ စုဖွဲ့မှုသဏ္ဍာန်တွေထက် ပိုပြီး ရိုးရှင်းပါတယ်။

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ဦးစီးခေါင်းဆောင်မှု (Leadership) ဖြစ်ပါတယ်။ ယူဂျီခေါင်းဆောင်တွေ ရွေးချယ်တဲ့အခါမှာ နည်းပရိယာယ်နဲ့ ဗျူဟာအခင်းအကျင်းဆိုင်ရာ အခြေခံ ဗဟုသုတ၊ အတွေ့အကြုံ စတာတွေ အပေါ်မှာ မူတည်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ military front နဲ့ သက်ဆိုင်တဲ့ ယူဂျီအစုအဖွဲ့မှာ ဆိုရင်တော့ စစ်ရေးအတွေ့အကြုံနဲ့ လုပ်နည်းလုပ်ဟန် ဗဟုသုတတွေ ရှိဖို့ လိုအပ်ပါတယ်။

အဖွဲ့အစည်းစုဖွဲ့မှု အမျိုးအစား တွေကိုလဲ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လူအများအပြား ပါဝင်တဲ့ Mass Organization အမျိုးအစားကို အသုံးပြုတဲ့အခါ အဖွဲ့ဝင်အင်အားတွေ များပြားလာနိုင်ပါတယ်။ သို့ပေမယ့် အဖွဲ့ဝင်အင်အား များပြားလာရေးကို ဦးတည်တဲ့အခါ လုံခြုံရေးနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို လျှော့ချလိုက် ရတာကြောင့် ရန်သူ့ထောက်လှမ်းရေးတွေနဲ့ သတင်းပေးတွေရဲ့ စိမ့်ဝင်လာမှု အန္တရာယ်ရှိနိုင်ပါတယ်။ အဖွဲ့ဝင်တွေရဲ့ စည်းကမ်းလိုက်နာမှုကို ထိန်းကျောင်းရာမှာလဲ အခက်အခဲတွေ ရှိလာတတ်ပါတယ်။

ဒီလို စည်းကမ်းလိုက်နာခြင်း ကင်းမဲ့မှုနဲ့ သတင်းပေးအန္တရာယ်တားဆီးရေးအတွက် Elite Organization အမျိုးအစားကို အသုံးပြုတတ်ကြပါတယ်။ စနစ်တကျ လေ့ကျင့်သင်ကြားပေးထားပြီး၊ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံမှု ရှိတဲ့ လူဆယ်ယောက်ခန့်ရှိသော အစုအဖွဲ့တခုဟာ စကားများပြီး ဖရိုဖရဲဖြစ်နေတဲ့ လူအယောက် တရာခန့်ရှိသော အစုအဖွဲ့တခုထက် ပိုပြီး ထိရောက်မှု ရှိပါတယ်။ ရန်သူဘက်က အင်အားကြီးမားနေတဲ့ အချိန်တွေနဲ့ သူ့လူ၊ ကိုယ့်လူ ကွဲပြားမှု မရှိနိုင်သော နိုင်ငံရေးရှုပ်ထွေးနေတဲ့ အချိန်တွေမှာ ခြေလှမ်းမှန်မှန် အင်အားစုဆောင်းပြီး ဒီလို elite organization သဏ္ဍာန် ယူဂျီ အင်အားစုလေးတွေကို စုဖွဲ့ထားခြင်း၊ ရေရှည်မြှုပ်နှံထားခြင်းဖြင့် ရေရှည်တော်လှန်ရေး လုပ်ငန်းဆောင်တာတွေအတွက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်။

နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် အချက်ကတော့ တိုးချဲ့ခြင်း (expansion) နဲ့ လုံခြုံရေး (security) တို့အကြားက ချိန်ခွင်လျှာဖြစ်ပါတယ်။ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အင်အားတိုးချဲ့ဖို့ လိုအပ်သလို၊ အစုအဖွဲ့ရဲ့ ရေရှည်ရပ်တည်နိုင်မှုအတွက်ကျတော့လဲ လုံခြုံရေးရှိဖို့ လိုအပ်ပြန်ပါတယ်။ ဒါကြောင့် ဒီချိန်ခွင်လျှာကို စဉ်းစားရမှာ ရန်သူရဲ့ လှုပ်ရှားမှုတွေကို မူတည်စဉ်းစားရပါမယ်။ ရန်သူ့လှုပ်ရှားမှုတွေနဲ့ သတင်းပေးတွေ ခြေချင်းလိမ်နေချိန်တွေ၊ စိမ့်ဝင်ထိုးဖောက်နေချိန်တွေမှာ ယူဂျီစုဖွဲ့မှုတွေက လုံခြုံရေးဘက်ကို အလေးသာရမှာ ဖြစ်ပြီး၊ ရန်သူ့လှုပ်ရှားမှုတွေ ငြိမ်နေချိန် (သို့မဟုတ်) ရန်သူဘက်မှာ ဖရိုဖရဲနဲ့ အကွဲအပြဲတွေ ဖြစ်နေချိန်တွေမှာတော့ အင်အားတိုးချဲ့ခြင်းဘက်ကို အလေးသာရမှာ ဖြစ်ပါတယ်။ အခွင့်အခါကောင်းတွေမှာ လက်ဆုပ်လက်ကိုင်ပြုတတ်ဖို့ လိုအပ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၁၊ ၈၊ ၂၀၁၁)

(မှတ်ချက်။ ။ အလင်းအိမ် မဂ္ဂဇင်းသို့ ပေးပို့ထားသော စာမူ ဖြစ်ပါသည်)


ဒက် ဒက် ဒက် (ဒီမှာကုတ်)
 ရန်သူကို မချေမှုန်းနိုင်တဲ့ သေနတ်ကြီးကို ကျမ မကိုင်ချင်တော့ တာကြောင့်ပါ။ ၀ါးသေနတ်ကြီးကို ကိုင်ပြီး ကလေးတွေ အချင်းချင်းကြားမှာ သူ့သေနတ်က အသံပိုထွက်တယ်၊ ငါ့သေ နတ်က အသံပိုထွက်တယ်လို့ ပြိုင်ရဆိုင်ရ၊ သူ့သေနတ်လှတယ်၊ ငါ့သေနတ်လှတယ်နဲ့ အပြန်အလှန် ချီးကျူးရနဲ့ အချိန် ကုန်နေတာထက်၊ ရန်သူကို အမှန်တကယ် ချေမှုန်းနိုင်တဲ့ သေနတ်ကြီးတလက် ကိုင်ချင်လာခဲ့တာတော့ အမှန်ပါပဲ။

No comments: