လုံလောက်ပြီ၊ ဆက်ပြီး သည်းမခံနိုင်တော့ဘူး  
(ဘာသာပြန် ရသစာစု)
တခါတုန်းက  အိမ်တအိမ်မှာ တံခါးနှစ်ချပ်ရှိပါတယ်။ တံခါးတချပ်က အရမ်းလှပတဲ့ 
ဧည့်ခန်းတံခါးဖြစ်ပြီး၊ နောက်ထပ် တံခါးတချပ်ကတော့ သာမန် ရေချိုးခန်းတံခါး ဖြစ်ပါတယ်။
ဧည့်ခန်းတံခါးဖြစ်ပြီး၊ နောက်ထပ် တံခါးတချပ်ကတော့ သာမန် ရေချိုးခန်းတံခါး ဖြစ်ပါတယ်။
ဒီတံခါးနှစ်ချပ်ဟာ  သွင်ပြင်လက္ခဏာတွေ မတူညီပေမယ့် ဘ၀တူတွေ ဖြစ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  အဲဒီအိမ်မှာနေတဲ့ ကလေးတွေဟာ တံခါးတွေကို ဆောင့်ပိတ်လိုက်၊ ကန်ကျောက်လိုက်  လုပ်လေ့ရှိတဲ့ ဆိုးသွမ်းကလေးတွေ ဖြစ်လို့ပါပဲ။
ဒါကြောင့်  ဒီတံခါးနှစ်ချပ်ဟာ ညဘက်လူခြေတိတ်ချိန်ဆိုရင် သူတို့ရဲ့ မသေချာ၊ မရေရာတဲ့  အနာဂတ်ဘ၀တွေနဲ့ ပတ်သက်ပြီး စကားသဲ့သဲ့ ပြောလေ့ရှိကြပါတယ်။ ဧည့်ခန်းတံခါးဟာ  အစဉ်အမြဲ မောပန်းနွမ်းနယ် စိတ်ပျက်နေပြီး၊ အချိန်မရွေး ဒေါသတွေ  ပေါက်ကွဲတော့မယ့် အခြေအနေမှာရှိတတ်ပါတယ်။ ရေချိုးခန်းတံခါးကတော့ အစဉ်အမြဲ  သွေးအေးနေလေ့ရှိပြီး၊ ဧည့်ခန်းတံခါးကို နှစ်သိမ့်လေ့ရှိတယ်။ 
"စိတ်မပူပါနဲ့။  ဒါဟာ သမရိုးကျ ဖြစ်ရပ်တွေပါ။ သူတို့က ကလေးတွေပဲ ရှိသေးတာကိုး။ နောက်ဆို  သူတို့တွေ ဒါမျိုး မလုပ်ရဘူးလို့ သင်ခန်းစာ ရသွားမှာပဲ။ အချိန်လေး  နည်းနည်းသာပေးလိုက်။ အခြေအနေတွေ တိုးတက်လာတာကို မြင်တွေ့ရပါလိမ့်မယ်" လို့  သူက အမြဲအားပေးလေ့ရှိပါတယ်။
ရေချိုးခန်းတံခါးက  ဒီလိုပြောလိုက်တဲ့အခါတိုင်း ဧည့်ခန်းတံခါးက သွေးအေးသွားလေ့ရှိတယ်။  ဒီလိုနဲ့ တနေ့တော့ အဲဒီအိမ်မှာ ပါတီပွဲကြီးတခုကျင်းပပြီး၊ တံခါးတွေကို  ဆောင့်ဖွင့်လိုက်၊ ဆောင့်ပိတ်လိုက်၊ ကန်ကျောက်လိုက် လုပ်ကြတဲ့အခါမှာ  ဧည့်ခန်းတံခါးဟာ ဘယ်လိုမှ ဆက်ပြီး သည်းခံနိုင်စွမ်း မရှိတော့ပါဘူး။  "တော်ပြီ၊ လုံလောက်ပြီ။ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ နောက်ပိုင်းမှာ  တယောက်ယောက်က လာပြီးဆောင့်ပိတ်လိုက်တာနဲ့ ကွဲကြေကျိုးပဲ့ ပစ်လိုက်မယ်။ ဒါမှ  သူတို့တွေ သိသွားမယ်" လို့ သူက ရေရွတ်လိုက်ပါတယ်။ ရေချိုးခန်းတံခါးက  ဘယ်လောက်ပဲ ဖြောင့်ဖြပေမယ့် မရတော့ပါဘူး။
ဒီလိုနဲ့  နောက်တနေ့မှာ ကလေးတယောက်က ဆောင့်ပိတ်လိုက်တာနဲ့ ဧည့်ခန်းတံခါး  ကွဲကြေကျိုးပဲ့သွားပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အိမ်ထဲမှာ  ပြဿနာတွေတက်ကြပါတယ်။ ကလေးတွေကို ဂရုစိုက်ဖို့ သတိပေးခံ လိုက်ရပါတယ်။  ဒါကိုကြည့်ပြီး ဧည့်ခန်းတံခါးက ကျေနပ်သွားပါတယ်။ နောက်ဆုံးတော့ လှလှပပ  လက်စားချေလိုက်နိုင်ပြီ မဟုတ်လား။
ဒါပေမယ့်လဲ  ရက်အနည်းငယ်ကြာတဲ့အခါမှာ အိမ်ပိုင်ရှင်တွေဟာ ကွဲကြေကျိုးပဲ့နေတဲ့  တံခါးတချပ် အိမ်မှာ ရှိနေတာကို စိတ်မသက်မသာ ဖြစ်လာကြပါတယ်။ ဒါကြောင့်  တံခါးကို ပြင်ဆင်ခြင်း မပြုတော့ပဲ အစားထိုးလိုက်ပါတော့တယ်။  ဧည့်ခန်းတံခါးဟောင်းကိုတော့ အမှိုက်ပုံနားမှာ ပစ်ထားလိုက်ပါတယ်။ 
အဲဒီအချိန်မှာ  သူလုပ်ခဲ့တာတွေအတွက် အရမ်းလှပတဲ့ ဧည့်ခန်းတံခါးလေးက နောင်တရသွားပါတော့တယ်။  အချိန်အနည်းငယ်လောက် စောင့်သင့်တဲ့ အချိန်မှာ မစောင့်ဆိုင်းမိလို့  ခုဆိုရင် သူဟာ ဖယ်ရှားခြင်း ခံလိုက်ရပါပြီ။ ထယ်ထယ်ဝါ၀ါ လှပသော တံခါးဘ၀ကနေ  လွှစာမှုန့်ဘ၀ကို ရောက်သွားရတော့မှာ ဖြစ်ပါတယ်။ တချိန်တည်း မှာပဲ  သူ့သူငယ်ချင်း သာမန်ရေချိုးခန်းတံခါးလေးကတော့ သူ့နေရာနဲ့သူ ရှိနေပါတယ်။  ကလေးဆိုးတွေက သူ့ကို ဂရုတစိုက်နဲ့ ကိုင်တွယ်လာကြပါတယ်။ 
ကံကောင်းချင်တော့  ဧည့်ခန်းတံခါးလေးဟာ လွှစာမှုန့်ဘ၀ကိုတော့ မရောက်သွားရှာပါဘူး။  ဆင်းရဲနွမ်းပါးသူ တယောက်က တံခါးလေးကို အမှိုက်ပုံတွေနားမှာ  တွေ့လိုက်ရပါတယ်။ ဒီတံခါးဟာ ကွဲကြေကျိုးပဲ့နေတယ် ဆိုပေမယ့် သူ့ရဲ့  အိမ်ကလေးအတွက်တော့ အကောင်းဆုံးဖြစ်မယ်လို့ သူက တွေးမိသွားပါတယ်။ 
ဒီလိုနဲ့ပဲ  ဧည့်ခန်းတံခါးလေးဟာ တံခါးဘ၀ကို ပြန်ရောက်ခွင့် ရသွားပြီး၊  တံခါးဖြစ်ရခြင်းမှာ စိတ်မသက်သာ စရာတွေ ကြုံတွေ့ရမှာပဲ ဆိုတဲ့  အခြေအနေမှန်ကို ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံသွားပြီ ဖြစ်ပါတယ်။ စောင့်သင့်တဲ့  အချိန်ကို စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းရမယ်ဆိုတာကိုလဲ သူနားလည်သွားပါပြီ။
ရေးသားသူ- Pedro Pablo Sacristán
ဘာသာပြန်သူ - ခင်မမမျိုး (၂၂၊ ၈၊ ၂၀၁၁)
(Pedro  Pablo Sacristán ရေးသားသော Short Stories by Values စာအုပ်လေးမှ That's  enough ဆိုသော စာစုလေးအား မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်ပါသည်)



No comments:
Post a Comment