ဒတ်ခ်ျရောဂါ မုန်တိုင်း

မိုးသားတွေက
တလိပ်လိပ်တက်လာပြီ၊
လေတိုက်နှုန်းကလဲ
တစထက်တစ
မြင့်လာပြီ။

ရွာလူကြီးတွေ
အာဘောင်အာရင်းသန်သန်နဲ့
စကားပြောကောင်းနေကြဆဲ။

ရွာသားတွေ
မျက်စိသူငယ်၊ နားသူငယ်နဲ့
တောင်ကြည့်မြောက်ကြည့်
ဖြစ်နေရဆဲ။

အရေးအရာထဲမှာ
တောမီးလောင်လို့
လက်ခမောင်းခတ်ချင်တဲ့
တောကြောင်တွေကလဲ
ရှိသေးရဲ့။

အစပျိုးလာပြီဖြစ်တဲ့
မုန်တိုင်းကတော့
အားကောင်းဖို့
အရှိန်ယူနေပြီ။

ဒီတခါတိုက်မယ့်
မုန်တိုင်းက
နာဂစ်မဟုတ်၊
ဂီရိမဟုတ်။

သူ့အမည်က
ဒတ်ခ်ျရောဂါ။

လူနေအိမ်တွေကို
မဖြိုလှဲပေမယ့်
စီးပွားရေး
အဆောက်အအုံတွေကိုတော့
ဆယ်စုနှစ်များစွာ
ဖြိုလှဲမြေမြှုပ်ပစ်တတ်တယ်။

မိတ်ဆွေတို့ရေ-
မုန်တိုင်းသတိတွေ
ရှိဖို့လိုပြီ။

No comments: