အစိုးရ စစ်ယာဉ်တန်းတခု တိုက်ခိုက်ခံ

စစ်ကားတန်းကို ဆွဲမိုင်း အသုံးပြုပြီး၊ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်
ရှမ်းပြည်နယ် မူဆယ်အနီးမှာ အစိုးရ စစ်ယာဉ်တန်းတခု ကြာသပတေး နေ့က မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရတဲ့ အတွက် လူတဦးသေပြီး၊ ကားတစီး ကြွေမွပျက်ဆီး သွားပါတယ်။
တရုတ်ပြည်က ဝယ်ယူထားတဲ့ တရုတ်လုပ် စစ်ထရပ်ကားတွေကို တရုတ် - မြန်မာ နယ်စပ် မြို့တမြို့ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက မူဆယ်မြို့အစွန် ဂေါက်ကွင်းနဲ့ လေယာဉ်ကွင်း ဟောင်း အနီးမှာ တန်းစီ စုပြုံ ရပ်နားထားတာ ဖြစ်ပါတယ်။
အဲဒီနောက် မူဆယ် - မန္တလေး ကားလမ်းမကြီးအတိုင်း မန္တလေးဘက်ကို မောင်းနှင်လာချိန် မှာ မူဆယ်နဲ့ နမ့်ဖတ်ကာကြား မူဆယ်အထွက် ‘နမ့်အွမ်’ ရွာ မရောက်ခင်လေးမှာ လမ်းဘေး ရှိ ထင်းရူးတောထဲကနေ စစ်ကားတန်းကို ဆွဲမိုင်းအသုံးပြုပြီး၊ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ထရပ်ရပ်ကား အသစ်၊ စီးရေ (၁၀၀) ကျော် ပါ၀င်တဲ့ ဒီစစ်ယာဉ်တန်းရှည်ကြီးရဲ့ နောက်ဆုံး ပိုင်းလောက် အရောက်မှာ ဆွဲမိုင်းသုံး ပစ်ခတ်တိုက် ခိုက်ခဲ့တာဖြစ်တဲ့ အတွက် ရှေ့ပိုင်းကားတွေ လွတ်သွားခဲ့ပေမယ့် မိုင်းထိသွားတဲ့ကားရဲ့ နောက်ပိုင်းက ကားဆယ်စီး ကျော်ဟာ ရပ်တန့်သွားခဲ့ရပါတယ်။
ကားတစီးကတော့ ကြေမွပျက်စီးသွားကာ၊ ကားမောင်းသူ တပ်ဖွဲ့ဝင်တဦး သေဆုံးသွားခဲ့ ရကြောင်းသိရပါတယ်။ သေဆုံးသွားရသူ ကတော့ မန္တလေးအခြေစိုက် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ် တပ်ရင်း (၁၂၁) က ဒုတပ်ကြပ် ကျော်ဇေယျာ (အသက်-၃၂ နှစ်) လို့ သိရပြီး သူ့ကို သောကြာနေ့ နေ့လည်ပိုင်းက မူဆယ်သုဿန်မှာ သင်္ဂြိုလ် လိုက်ပါတယ်။
ဒီစစ်ယာဉ်တန်း ပစ်ခတ် တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့ဝင် တွေက လုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက်ရပ်ကွက်က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ ကလဲ မူဆယ်နဲ့ ကွတ်ခိုင်အကြားက ‘နမ့်ဖတ်ကာ’ အနားမှာ ကေအိုင်အေနဲ့ အစိုးရ စစ်တပ်အကြား ပစ်ခတ် တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။

No comments: