မြန်မာ့ပြုပြင်ပြောင်းလဲရေး HRW စိုးရိမ်



ကျော်သိင်္ခ (VOA)
မြန်မာနိုင်ငံရဲ့ ရှေ့ဆက်သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးက ပြောလိုက် ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားစေရုံလောက်ပဲ လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအဖြစ် မြင်တယ်လို့ HRW ရဲ့  အာရှဆိုင်ရာ တာဝန်ရှိသူက VOA မြန်မာပိုင်းကို ပြောဆိုခဲ့တာဖြစ်ပါတယ်၊ ၂၀၁၂ ခုနှစ်ဆိုင်ရာ HRW ရဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပါတ်သက်လို့ HRW ကို ကိုကျော်သိင်္ခက ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ အကြောင်းစုံကို သိအောင် ပြောပြပေးပါ။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတိုးတက်မှုအခြေအနေဟာ နိမ့်ကျနေဆဲပဲလို့ ၂၀၁၂ ခုနှစ်အတွက် HRW လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်အရှေ့ဘက်ခြမ်းက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေ နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီးနောက်၊ အဲဒီဒေသတွေက မြန်မာအစိုးရတပ်တွေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေအကြား တိုက်ခိုက်မှုတွေ လျော့ပါးသွားခဲ့ပေမယ့် မြန်မာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာတော့ မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေက ဆက်ပြီ်း ပြင်းထန်နေဆဲပဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့ အစည်းတွေ၊ ဒုက္ခသည်တွေဆီ သွားရောက်ကူညီခွင့်ကိုလည်း မြန်မာအစိုးရဘက်က ခွင့်မပြုခဲ့ဘူးလို့လည်း HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာတာဝန်ရှိသူ John Fifton က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အပေါ် တုံပြန်ဖြေရှင်းတာ၊  ကချင်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အဲဒီဒေသတွေမှာရှိတဲ့ ဒေသခံတွေဆီကို ကြက်ခြေနီအဖွဲ့တွေ နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခွင့်ပြုဖို့ အကူအညီပေးမယ် ဆိုတဲ့ကိစ္စတွေက လက်တွေ့ဖြစ်မလာသေးပါဘူး။ လွန်ခဲ့တဲ့ ၂ လလောက်တုန်းက သမ္မတ အိုဘားမား မြန်မာပြည်ကို သွားတုန်းက မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေဆက်ပြီးလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူတို့လုပ်တဲ့ပြုပြင်ပြောင်းလဲမှုက  မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားစေရုံလောက်ပဲလုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပါတယ်။ သူတို့တကယ်လုပ်ရမယ့်ဟာကို အပြီးတိုင်လုပ်ချင်တဲ့ ဆန္ဒ၊ မြန်မာအစိုးရမှာ ရှိပုံမရပါဘူး။ ရှေ့ဆက်သွားနေတယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပက်သက်ပြီးတော့ ကျနော်တို့ စိုးရိမ်မိပါတယ်”

HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှဆိုင်ရာတာဝန်ရှိသူ မစ္စတာ John Fifton ပြောသွားတာပါ။ မြန်မာအစိုးရ နဲ့ ကချင်တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေကြောင့် ၂၀၁၂ ခုနှစ်အတွင်းမှာပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ခန့်မှန်းခြေ ၉ သောင်းလောက်ရှိတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီအရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံထဲမှာ ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၅ သိန်းခွဲကျော်ရှိတယ်လို့ HRW ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင်  ၂၀၁၂ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်တွေ ရှိလာပေမယ့်လို့၊ မီဒီယာတွေအပေါ် တင်းကြပ်တဲ့ ဥပဒေတွေရှိနေတုန်းပဲလို့ HRW အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း နဲ့ ပက်သက်ပြီးတော့လည်း မစ္စတာ John Fifton က …….

“ပြဿနာတွေက ရှိနေတုန်းပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာကို ရာဇ၀တ်မှု နဲ့ ပုဒ်မတပ်ပြီး တရားစွဲနိုင်တဲ့ ဥပဒေတွေလည်း ရှိနေတုန်းပါ။ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ နဲ့ အီလက်ထရောနစ် ဥပဒေတွေဆိုတာလည်းရှိတုန်းပါ။ ပြီးတော့ အရေးပေါ် အက်ဥပဒေတွေ၊ အဲဒါတွေအားလုံးကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေလုပ် နေတယ်လို့ အစိုးရက ပြောနေပေမယ့်၊ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်သူတွေကို မကြာခဏဆိုသလို ဖမ်းဆီးမှုတွေလုပ်နေတုန်းပါ။ ဒါတွေက တကယ့်ပြဿနာတွေပါ”

မြန်မာနိုင်ငံထဲက ပဋိပက္ခအခြေအနေတွေ၊ မီဒီယာလွတ်လပ်ခွင့်တွေ နဲ့ ပက်သက်ပြီး အားနည်းချက်တွေကို HRW ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပေမယ့်၊ ပြီးခဲ့တဲ့ နှစ်အတွင်း သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြည်ပရောက် အတိုက်အခံ အင်အားစုတွေကို ပြည်တွင်းထဲကို ပြန်လာခွင့်ပြုခဲ့တာတွေ၊ နိုင်ငံရေးကျဉ်းသား ၄၀၀ နီးပါးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်ပြီးလွှတ်ပေးခဲ့တာတွေ ကိုလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲက တိုးတက်မှုအဖြစ်နဲ့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ရာနဲ့ချီပြီး ကျန်ရှိနေသေးတဲ့အကြောင်းလည်း HRW ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

လူမျိုးရှိပြီး အမည်ပျောက်နေသူများ

လူမျိုးရှိပြီး အမည်ပျောက်နေသူများ

မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ကန့်သတ်ခံနေရသည့်အတွက် မိမိကိုယ်မိမိ ရှမ်းနီ လူမျိုးဖြစ်ကြောင်း သိရှိသူ နည်းပါးလာနေသည်။  

ရှမ်းနီ တိုင်းရင်းမျိုးနွယ်စုများသည် ကချင်ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုင်းနား၊ အင်းတော်ကြီး၊ ဖားကန့်၊ မိုးညှင်း၊ ဟိုပင်၊ ဗန်းမော်၊ မိုးကောင်း၊ မိုးမိတ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ၀န်းသို၊ နှင့် ချင်းတွင်းမြစ် တလျှောက်ရှိ ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်းမြို့ စသည့် မြို့နယ်များတွင် နေထိုင်ကြသည်။  

မြန်မာပြည် အထက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း နေထိုင်သူ ရှမ်းနီ လူဦးရေ စုစုပေါင်း ၅ သိန်းခန့်ရှိပြီး၊ စစ်ကိုင်းတိုင်း၊ ကသာခရိုင်တွင် (၁၀) သိန်းခန့်ရှိကြောင်း ၁၉၉၃ ခုနှစ်၊ အမျိုးသားညီခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုးစု အစီရင်ခံစာက ဖော်ပြ ရေးသားထားသည်။  

စစ်အစိုးရအာဏာပိုင်များက ရှမ်းနီစာပေ၊ ဘာသာစကား တရားဝင် သင်ကြားခွင့် နှင့် ယဉ်ကျေးမှုပွဲတော်များ ကျင်းပခွင့်တို့ကို ပိတ်ပင်ထားသည်သာမက ရှမ်းနီ လူမျိုးစုများ၏ နိုင်ငံသားဖြစ်ခြင်းအပေါ် ကန့်သတ်မှုများ ရှိနေသည့်အတွက် လူငယ်များအကြား စာပေ၊ စကား၊ ယဉ်ကျေးမှုများ သိရှိနားလည်မှု ဆိတ်သုဉ်း ပျောက်ကွယ်မည့် အလားလာများ တွေ့ကြုံနေရသည်။


“ကိုယ့်ကိုကိုယ် ရှမ်းနီလူမျိုးဆိုတာ အရင်က မသိခဲ့ဘူး။ အခုနောက်ပိုင်း လူကြီးမိဘတွေ ပြောစကားအရ သိရတာ။ ရှမ်းနီစာလည်း သင်ကြားခွင့်အပိတ်ခံထားရတော့ စာရော၊ စကားပါ မတတ်ပါဘူး။ ကျနော်မိဘတွေလည်း မတတ်ပါဘူး။ အဘိုးအဘွားတွေလောက်ပဲ တတ်တာ” ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ နန်းမား ဒေသခံ ရှမ်းနီလူငယ် စိုင်းထွန်းက နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။  

အလားတူ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်ဒေသတလျှောက်တွင်နေထိုင်ကြသော ရှမ်းနီလူမျိုးများသည် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သော်လည်း စာပေအရေးအသားတွင် သိကျွမ်းသူများ ယခုအခါတွင် အလွန်ရှားပါးနေပြီဖြစ်ကြောင်း မိုင်းနားရွာက ကိုစိန်မောင်က ယခုလိုပြောသည်။  

“ကျနော်အပါအဝင် လူငယ်အတော်များများက စကားကို ကောင်းကောင်းမွန်မွန် ပြောတတ်ပါတယ်။ ရှမ်းစာပေကြတော့ လုံးဝ သင်ကြားခွင့်မရဘူးဆိုတော့ ရွာမှာရှိတဲ့သူတွေအားလုံးလိုပဲ မရေးတတ်၊ မဖတ်တတ်ကြဘူး။ ရေးတတ် ဖတ်တတ်တဲ့လူကြီးတွေ လည်း သေဆုံးကုန်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

ဘိုးဘွားအစဉ်အဆက် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးစုများသည် ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၆ အရ ပြည်နယ်သတ်မှတ်ခြင်း မခံခဲ့ရသဖြင့် နောက်ပိုင်းတွင် ၎င်းတို့စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာနေသည်ဟု ၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံတွင် တင်သွင်းခဲ့သည့် ရှမ်းနီလူမျိုး အစီရင်ခံစာတခုက ဖော်ပြသည်။  

မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်သော  ဒေသခံရှမ်းအမျိုးအနွယ်များမှာ တိုင်းလိုင်(ရှမ်းနီ) တိုင်းခန္တီး (ခန္တီးရှမ်း)၊ တိုင်းနေ (ရှမ်းတရုတ်)၊ တိုင်းလုံ (ရှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာရှမ်း တို့ဖြစ်သည်။  

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် ရှမ်းနီလူမျိုးနွယ်စုများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွင် လူမျိုးအမည်ဖော်ပြရာ၌ ‘ရှမ်း - ဗမာ’ ဟုသာ ထည့်သွင်းရေးသားစေခဲ့ပြီး၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်မူ ‘ဗမာ’ ဟုသာ ယနေ့အထိ ထည့်သွင်း သုံးနှုန်းစေခဲ့သည်။  

ယခုလို အမည်ပြောင်း သတ်မှတ်ခံရခြင်းဖြင့် ရှမ်းနီလူမျိုးစုမှာ ပျောက်ကွယ်တော့မည့်အလားအလာရှိနေကြောင်း ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စိုင်းခမ်းတီ ပြောသည်။

“အခုမှတ်ပုံတင်လုပ်တဲ့အခါ မင်းတို့က ရှမ်းစကားလည်းမတတ်ဘဲနဲ့ ဘာလို့ ရှမ်း -ဗမာဆိုပြီးထည့်ရမှာလဲ၊ ရှမ်းဗမာဆိုတာမရှိဘူး။ ရှမ်းဆိုရင်ရှမ်းပေါ့၊ ဗမာဆိုရင် ဗမာပေါ့ဆိုပြီး၊ အခုတော့ ရှမ်းနီစကားမတတ်တဲ့ရှမ်းတွေအားလုံး  ဗမာလို့ပဲထည့်ရတယ်” ဟု ပြောသည်။

သူက “ရှမ်းနီလူမျိုး တွေအနေနဲ့ ဗမာလို့ မထည့်ချင်ပေမဲ့ သူတို့ရဲ့ အာဏာကိုမဖီဆန်နိုင်တော့ ထည့်ရတာပေါ့။ လူငယ်တွေကလည်း ဗမာလိုပဲတတ်ကြတဲ့အတွက်  တဖြည်းဖြည်း ကွယ်ပျောက်တော့မယ့် အန္တာရယ်နဲ့ ကြုံတွေ့နေရပါတယ်” ဟု ဆိုသည်။  

မြန်မာပြည်တွင် နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားနှင့် စာပေများကို ယနေ့ထိတိုင် တရားဝင်သင်ကြားခွင့်မရရှိခြင်းသည် လူမျိုးနွယ်စုများ အမြတ်တနိုးထားသည့် စာပေ၊ ဓလေ့ထုံးတမ်းစဉ်လာများ ပျောက်ကွယ်မည့် လမ်းစပင်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက မှတ်ချက်ပေးသည်။  

အလားတူ ရှမ်းနီလူမျိုးစုများ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကို အာဏာပိုင်များက လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်ကာ တရားဝင်ကျင်းပခွင့် ပိတ်ပင်ခြင်းခဲ့သည့်အတွက် လူငယ်များအကြား ရိုးရာပွဲတော်များအကြောင်း သိသူရှားပါးလာနေကြောင်း ရှမ်းနီလူငယ်များက ဆိုသည်။  

“ကျနော်တို့ဆီမှာ ရိုးရာပွဲတော်ဆိုလို့ ဘာပွဲမှ မကျင်းပဖြစ်တာ အတော်ကို ကြာနေပါပြီ။ နှစ်သစ်ကူးပွဲတော်တွေတောင်  မကျင်းပဖြစ်တာတောင်ကြာပါပြီ။ ရိုးရာပွဲလမ်းသဘင်ဆိုလို့ ဘာမှမရှိပါဘူး” ဟု စိုင်းခမ်းတီ ကဆိုသည်။

သူက “ဥပုဒ်နေ့တွေမှာ ၆ အိမ်၊ ၇ အိမ်စုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာ၊ လာတဲ့ပရိသတ်တွေကို ဧည့်ခံကျွေးမွေးတာမျိုးလောက်ပဲရှိတော့တာပါ” ဟု အင်းတော်ကြီးဒေသက အခြေအနေကို ပြောပြသည်။    

ရှမ်းနီတိုင်းရင်းသား အများစုသည် ယခင်က တနိုင်တပိုင် ရွှေကျင်သည့်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ခြင်း၊ လယ်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ထို့ကြောင့်  အထက်တန်းပညာရေးအဆင့် ကျော်လွန်ကာ၊ တက္ကသိုလ်ဘွဲ့ရ သူများ နည်းပါးနေသေးကြောင်း ကချင်ပြည်နယ်၊ မိုင်းနားရှမ်းရွာနေထိုင်သူ ကိုစိန်မောင်က ယခုလိုပြောသည်။  

“ကျနော်တို့ လူမျိုးတွေက ပညာလည်းမတတ်တော့ မိဘတွေလုပ်ကိုင်တဲ့ အရက်ချက်တာတို့၊ ဝက်မွေးတာတို့၊ အခင်းစိုက် ပျိုးတာတို့၊ လယ်ယာလုပ်ကိုင်တာတို့ပဲ လုပ်တတ်တယ်။ လက်လုပ်လက်စားတွေပဲများတယ်။ လေးတန်းအောင်ရင်ပြီးတာပဲ။ ဘာမှမလိုဘူး၊ အလုပ်လုပ်စားလို့ရရင်ပြီးတာပဲလို့ ထင်တယ်လေ” ဟု ပြောသည်။  

ရိုးရာစာပေ၊ ယဉ်ကျေးမှု၊ ပွဲတော်၊ ဘာသာစကားအပြင် ရိုးရာအ၀တ်အစားများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက်လာသည့်အတွက် ဓလေ့ထုံးတမ်းအစဉ်လာများကို ထိမ်းသိမ်းလိုသည့် ရှမ်းနီခေါင်းဆောင်တချို့က အာဏာပိုင်များပိတ်ပင်သော်လည်း နွေရာသီအားလပ်ရက်တွင် လူငယ်များကို တတ်နိုင်သရွှေ့ လက်ဆင့်ကမ်း သင်ကြားပေးရန် စီစဉ်ထားသည်။  

“အာဏာပိုင်တွေက ရှမ်းနီစာဆိုတာ မရှိဘူးဆိုပြီး၊ ပိတ်ပင်ခံရတယ်။ ဒါပေမယ့် ရှမ်းနီစာပေသင်ကြားရေးတွေကို မြို့နယ်တချို့နဲ့ ကျေးရွာတွေကို ဆင်းပြီး၊ အသက် အရွယ်မရွေး သင်ကြားပေးနေပါတယ်” ဟု ရှမ်းနီစာသင်ကြားရေးတွင် ကူညီဆောင်ရွက်ပေးနေသူ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသနေထိုင်သူ နန်းရှန်ဟွမ်က ပြောသည်။  

လတ်တလောတွင် ရှမ်းနီစာပေသင်ကြားရေးကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ရွှေကူဒေသတို့တွင် လုပ်ဆောင်ပေးနေကြောင်း နန်းရှန်ဟွမ် က ဆိုသည်။  

၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်နှစ်ပင်အမျိုးသားညီလာခံတွင် ရှမ်းနီအမျိုးသားလက္ခဏာဖော်ဆောင်ခွင့်ပေးရန် ရှမ်းနီခေါင်းဆောင် တဦးဖြစ်သူ ဦးစိုင်းထိန်လင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။  

စစ်အစိုးရရေးဆွဲထားသည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေတွင်မူ တိုင်းရင်းသားလူနည်းစုတချို့ဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ၀’ တို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသများအဖြစ် သတ်မှတ်ပေးထားသည်။http://burmese.bnionline.net
မြန်မာပြည် အထက်ပိုင်းဒေသ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တလျှောက် နေထိုင်ကြသည့် ရှမ်းနီတိုင်းရင်းသား လူငယ်အများစုသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ

ကချင်တိုင်းရင်းသားတွေ ဘေးဘရာဝေးကွာ လို့  ငြိမ်းချမ်းကြပါစေ KIA မြန်မြန်ကျဆုံးပါစေ

KIA နဲ့ ပူးပေါင်းထားတဲ့ ABFDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ
=============================================


လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABFDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ  စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့  ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။

ဖားကန့်ဒေသရှိ  KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က  ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့်

လက်နက်အမျိုးအစားတွေ ကို ကြိုသိထားသလိုပဲဗျာ၊ သူတို့ ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ စစ်ဗျူဟာ ကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ လူတွေ မရှိတဲ့ ဘက်ကနေ ၀င် ၀င် တိုက်တာ တွေ့ရတယ်၊ အဲဒီ စခန်းတွေကို ABFDF က ကောင်တွေ ၀င်လိုက် ထွက်လိုက် လုပ်နေတာလေ" ဟု ကချင် ဘာသာ စကားဖြင့် ရှင်းပြသည်။

 '"ကျွန်တော် ကတော့သတင်းထောက်တိုင်းကို မယုံဘူးဗျ၊  အစိုးရ သတင်းပေးတွေ ဖြစ်နိုငတယ်လေ။ သူတို့က ရန်ကုန်မှာေ နလာကြတာလေ။ကျွန်တော် တို့ ခေါင်းဆောင်တွေ ကတော့ ဘယ်လို စိတ်ကူးနေလဲ မသိပါဘူ" ဟု    တရုတ်ခေါက်ဆွဲခြောက်စားရင်း  ထပ်မံ ရှင်းပြသည်။

 ပြည်ထောင်စု စစ်တပ် နှင့် KIA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဖြစ်ပွားခါစ  ယခင်တုန်းက  KIA တပ်ဖွဲ့ဝင်များက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကြိုပြီး သိနေလို့   အောင်မြင်မှု့ များ ရှိခဲ့ကြောင်းနှင့် ယခု အခါ KIA ရဲ့ လှုပ်ရှားမှုတွေ နဲ့  ရည်မှန်းချက်တွေကို ABFDF နဲ့ မီဒီယာ သတင်းထောက် အယောင်ဆောင် သတင်းပေးတွေ အကူအညီ နဲ့  စစ်တပ်ကကြိုသိနေတယ်လို့  ယူဆနေပါတယ်

 သူလျှို တစ်ယောက်ဟာ စစ်သည်ပေါင်း တစ်ထောင် အင်အားနဲ့ ညီမျှတယ်လို့   ဘီစီ ၅ ရာစုခန့်က စစ်ပညာရှင် ဆွန်ဇုက ပြောဖူးပါတယ်။

မြန်မာ့သားကောင်း
KIA နဲ့ ပူးပေါင်းထားတဲ့ ABFDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ

သခင်ကိုယ်တော်မှိုင်းနဲ့ တိုင်းရင်းသားအရေး

သခင်ကိုယ်တော်မှိုင်းကို မြန်မာနိုင်ငံထဲမှာ စာပေယဉ်ကျေးမှုနယ်ပယ်က တပ်မှူးကြီး၊ သတင်းစာဘိုးအေကြီးအ ဖြစ်တင်မက အမျိုးသ...ားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းထက်မြင့်တဲ့ လွတ်လပ်ရေး ဘိုးအေကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီးအဖြစ် အာဏာရအုပ်စိုးသူအဆက်ဆက်၊ အထူးသဖြင့် စစ်အာဏာရှင်တွေ ကလွဲလို့ အားလုံးက သတ်မှတ်လက်ခံထားကြပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသ အပါအ၀င် တချို့တိုင်းရင်း သားတွေကြားမှာတော့ သခင်ကိုယ်တော်မှိုင်းကို မဟာလူမျိုးကြီးဝါဒီတယောက်၊ လူမျိုးခွဲခြားရေးသမားတ ယောက်အဖြစ် မြင်နေကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကိုယ်၌က အဲသလိုမြင်နေကြတာဖြစ်ပါ တယ်။

ဒီကိစ္စရဲ့အကြောင်းရင်းကတော့ ဒီနယ်စပ်ဒေသဘက်မှာ တချိန်က ပျံ့နှံ့ခဲ့ဖူးတဲ့ “သခင်ကိုယ်တော်မှိုင်းရဲ့ သေ တမ်းစာ” ဆိုတဲ့ စာတမ်းတခုကြောင့် ဖြစ်ပါတယ်။ ဒီ “သေတမ်းစာ” ဆိုတာထဲမှာ ရခိုင်နဲ့ပတ်သက်လို့ “သမိုင်း ကြွေးမဆပ်နိုင်အောင်၊ နလံမထူနိုင်အောင် မင်းတို့တတွေ စွမ်းဆောင်တတ်ရမယ်။ ... ရှမ်းဆိုတဲ့လူတွေလည်း တောင်ပေါ်သားအသိထက် မကျော်လွှားမိစေဖို့ ကြပ်ကြပ်သတိထားရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကြီးထွားလာခဲ့ ရင်၊ ဒါဟာ ဗမာ့ရန်သူပဲ၊ ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။ ... ကရင်ဆိုတာလည်း ရန်သူတမျိုးပဲ။ ဘ၀ကို မြေတောင်မြှောက်မပေးနှင့်။ လက်မြန်ခြေမြန်ဝါဒရှိတယ်။ သတိလစ်ရင်လစ်သလို ဗမာတွေ အသက်ရှူကျပ် လိမ့်မယ်။” ကချင်လူမျိုးများနဲ့ ပတ်သက်လို့ “ဘယ်လိုပဲဆိုဆို ငါတို့တတွေဟာ လက်ဦးထားဖို့က အရေးကြီး တယ်။ မညှာနဲ့၊ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။” ... မွန်တိုင်းရင်းသားအပေါ် သဘောထားအဖြစ် လည်း “အတိတ်က သူပိုင်တယ်၊ ငါပိုင်တယ်ဆိုတာ ဗမာတွေ နားမလည်ဘူး။ လက်ရှိမှာ ဘယ်လိုရှိနေသလဲ၊ ရှိနေသလိုပဲ ထိန်းထားတတ်ရမယ်” စသဖြင့် မြန်မာပြည်ရဲ့ အဓိက တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ်ချိုး နှိမ်ရေးတရားတွေ ဟောထားပါတယ်။ “ဗမာဟာ မဟာဗမာဖြစ်ဖို့ အဓိကပဲ”လို့ အဲဒီ “သေတမ်းစာ” ဆိုတာထဲ မှာ နောက်ဆုံး နိဂုံးချုပ်မှာကြားထားပါတယ်။

ဒီ “သေတမ်းစာ” ပါ သဘောထားအမြင်တွေဟာ အင်မတန်မှ ဆိုးဝါးလှပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ တသက်တာပတ်လုံး ရပ်တည်လှုပ်ရှားချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဒါကြောင့် ဒီသေတမ်းစာဟာ တကယ်အ မှန်အကန် ဟုတ်မဟုတ် စိစစ်ဖို့ လိုလာပါတယ်။

သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက်အမှန်ကိုသိရအောင် သူ့ဘ၀တသက်တာထဲက ဖြစ်ရပ်တွေ ကို လေ့လာကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။

ဆရာကြီးဟာ အင်္ဂလိပ်ကိုလိုနီဘ၀မှာ နိုင်ငံလွတ်လပ်ရေးအတွက် စည်းရုံးရေးအနေနဲ့ ဇာတိမာန် မျိုးချစ်စိတ် တက်ကြွစေဖို့ အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ အလောင်းဘုရား စတဲ့ နာမည်ကျော် ဗမာဘုရင်တွေ ကို အမွှမ်းတင် ချီးမြှောက်တာ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီခေတ်ဟောင်းဘုရင်တွေလို စတုတ္ထမြန်မာနိုင်ငံ ထူထောင်ရေး၊ မဟာဗမာအင်ပါယာထူထောင်ရေး စိတ်ဓာတ်တွေကိုတော့ အမွေမဆက်ခံခဲ့ပါဘူး။

ရှေးရိုးစွဲ ခေတ်ဟောင်းအတွေးအခေါ် မရှိတဲ့အကြောင်းကို ၁၉၂၇ ခုနှစ်ဆန်းက ဖြစ်ခဲ့တဲ့ “ဆယ်ကုဋေကျော် အရေးတော်ပုံ” ဆိုတဲ့ ဖြစ်ရပ်မှာ စတွေ့နိုင်ပါတယ်။ ၁၉၂၆ နှစ်ကုန်ပိုင်းက သူရိယသတင်းစာထဲပါတဲ့ ဦးဘဖေ ရဲ့ ဆောင်းပါးတပုဒ်မှာ ဗမာပြည်ဟာ ဘုန်းကြီးပျံတွေ၊ ဘုရားပွဲတွေကြောင့် တနှစ်ကို ကျပ်ငွေ ဆယ်ကုဋေ ကျော် (ကျပ်သန်း ၁၀၀ ကျော်) ကုန်ကျနေတဲ့အကြောင်း၊ တိုင်းသူပြည်သားတွေ ဆင်းရဲလှတဲ့နိုင်ငံမှာ ဒီလိုမျိုး ငွေဖြုန်းတီးမယ့်အစား ဆင်းရဲသားလူထုအကျိုးရှိမယ့် တခြားလုပ်ငန်းတွေမှာ သုံးသင့်ကြောင်း ရေးထားလို့ သံ ဃာတွေအပါအ၀င် ဘာသာရေးသမားတွေကြားမှာ ဆူပွက်သွားခဲ့ပါတယ်။ ဒီဆောင်းပါးကို ဆန့်ကျင်တဲ့ဘက်နဲ့ ထောက်ခံတဲ့ဘက် အပြန်အလှန် အပြင်းအထန် ရေးကြဟောပြောကြလို့ ဆယ်ကုဋေကျော်အရေးတော်ပုံ သို့မ ဟုတ် ဆယ်ကုဋေကျော်တိုက်ပွဲဆိုပြီး နာမည်ကျော်သွားပါတယ်။ အဲဒီတိုက်ပွဲမှာ ဆရာကြီးသခင်ကိုယ်တော် မှိုင်းဟာ ဦးဘဖေကိုထောက်ခံပြီး မလိုအပ်တဲ့ဖြုန်းတီးမှုဆန့်ကျင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ သံဃာတော် တွေက အကြီးအကျယ် ရှုတ်ချတိုက်ခိုက်တာ ခံခဲ့ရပေမယ့်လည်း မိမိအယူအဆကိုပဲ ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့ပါ တယ်။ ဒါကိုကြည့်ရင် ဆရာကြီးမှိုင်းဟာ ခေတ်ဟောင်းပဒေသရာဇ်ဝါဒစွဲ၊ ဘာသာရေးစွဲ၊ လူမျိုးရေးစွဲမရှိတာ သိ သာပါတယ်။

၁၉၃၃ ခုမှာ ခွဲရေး-တွဲရေးကိစ္စ ပေါ်လာတဲ့အခါမှာလည်း ဗမာပြည်ကို အိန္ဒိယပြည်နဲ့ခွဲရေးကို ဆရာကြီးက ဆန့် ကျင်ခဲ့ပါတယ်။ အင်္ဂလိပ်ကျွန် ဖြစ်ရတာချင်းအတူတူ လူမျိုးရေးအရ ခွဲတာကို မလိုလားဘဲ အဖိနှိပ်ခံချင်း ရိုင်း ပင်းလက်တွဲ တိုက်ပွဲဝင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ ဒီထက်ပိုထင်ရှားတဲ့အဖြစ်ကတော့ ၁၉၃၈ ခု ကုလား-ဗမာအဓိကရုဏ်းမှာ ကုလားဆန့်ကျင်ရေး မဟာဗမာလူမျိုးရေးကို အတိအလင်း ဆန့်ကျင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက သခင်ကိုယ်တော်မှိုင်းရဲ့ “ကုလားအရေးလောက်ကိုဖြင့်၊ ဓားသွေးလောက်တယ် ဆရာမထင်လို့မို့ ...” ဆိုတဲ့ လေးချိုးကဗျာစာသားဟာ ထင်ရှားကျော်ကြားပြီး ထိမိခဲ့လှပါတယ်။

၁၉၃၇ ခုမှာ သခင်ကိုယ်တော်မှိုင်းဟာ တိုးတက်ရေးမဂ္ဂဇင်းထဲမှာ ဆရာစံသူပုန်ကိုထောက်ခံတဲ့ “ပုန်ကန်ခြင်း” ဆောင်းပါးကို ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ရာဇ၀င်ထဲက “အပြစ်လွတ်သောပုန်ကန်ခြင်း” ဥပမာတွေကို ထောက်ပြရာမှာ မွန်အမတ် ငရန်မန်ကန်းက ဗမာဘုရင်စောလူးမင်းကို ပုန်ကန်တာကို အပြစ်လွတ်တဲ့ ပုန်ကန် ခြင်း၊ အခုခေတ်စကားနဲ့ပြောရရင် တရားတဲ့တော်လှန်စစ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဗမာပြည်မှာ ဟိုးအရင် ပဒေ သရာဇ်ခေတ်၊ အင်္ဂလိပ်ခေတ်ကရော၊ အခု နအဖခေတ်အထိပါ အများသိထားတာက ငရန်မန်ကန်းဟာ ပထမ မြန်မာနိုင်ငံတော်ကို ဖျက်ဆီးဖို့ကြံတဲ့ ဆူပူသောင်းကျန်းသူ ဗီလိန်အဖြစ် သိထားကြ၊ ၀ါဒဖြန့်နေကြတာဖြစ်ပါ တယ်။ အဲဒီအယူအဆကနေ ခွဲထွက်ပြီး ငရမန်ကန်းကို မှန်ကန်တိုးတက်တဲ့ တော်လှန်ရေးသမားအဖြစ် သတ် မှတ်တာဟာ ကျနော်သိသလောက် သခင်ကိုယ်တော်မှိုင်းက ပထမဆုံးဖြစ်ပါတယ်။ ငရန်မန်ကန်းပုန်ကန်မှုကို ပထမဆုံး မွန်အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့တဲ့ ဒုတိယမြောက် ဗမာနိုင် ငံရေးသမား၊ စာပေသမားကတော့ ဆရာဗန်းမော်တင်အောင်ဖြစ်ပြီး “မြန်မာနိုင်ငံတော်သမိုင်း” စာအုပ်မှာ သုံး သပ်ခဲ့တာဖြစ်ပါတယ်။

၁၉၄၈ ခုလွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ တော်လှန်သောဗမာ့တပ်မတော် တို့ ပုန်ကန်တော်လှန်ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ၁၉၄၉ ခုနှစ်ဆန်းမှာ တော် လှန်ရေးစတဲ့အတွက် ရွက်စုံတက်စုံပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါ ဒီလိုမဖြစ်ရအောင် စောစောကတည်းက နိုင်ငံရေးအရ ဒီမိုကရေစီနည်းကျကျ ဖြေရှင်းဖို့ သခင်ကိုယ်တော်မှိုင်း ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့တဲ့အ ကြောင်းကို “လောကတခွင်မှာနော်ကွယ်၊ ဟောမရ ပြောမရတာတွေကြောင့်၊ သောကပူပင် ...” စသဖြင့် ဖဆ ပလခေါင်းဆောင်တွေကို ရှုတ်ချတဲ့ ကဗျာစပ် ရင်ဖွင့်ခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်းဟာ လက်ဝဲသူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ်၊ တိုင်းရင်းသားသူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ် ပြည်တွင်းစစ်အားလုံးကို ဆန့်ကျင်ခဲ့တဲ့ ငြိမ်းချမ်းရေးသမားစစ်စစ်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စိုးသူတွေက ဘယ်လောက် မတရားလုပ်လုပ် ငုံ့ခံရေးအယူအဆရှိတဲ့ ရွှေပြည်အေးငြိမ်းချမ်းရေးသမား Pacifist တော့ မ ဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီး အာဃာတမထားရေး၊ သူမနာ-ကိုယ်မနာ ငြိမ်းချမ်းရေးရဖို့ ရပ် တည်သူဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောနေတဲ့ သင်ပုန်းချေရေး၊ စေ့စပ်ဆွေးနွေးရေးဆိုတာတွေကို ဗမာပြည်မှာ ပထမဆုံးစပြောခဲ့သူဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် သခင်ကိုယ်တော်မှိုင်းဟာ ဗမာပြည်အနှံ့ ခရီးထွက်စည်းရုံးခဲ့ရာမှာ ၁၉၅၄၊ ၅၆- ၅၇၊ ၆၁ ခုမှာ မြစ်ဝကျွန်းပေါ်ဒေသ၊ ၁၉၅၆ ခုမှာ ကချင်ပြည်၊ ၁၉၅၇ ခုမှာ ရခိုင်ပြည်တို့ကို သွားခဲ့ပါတယ်။ ဗမာ တွေတင်မက ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားလူထုတွေက အကြီးအကျယ် အုတ်အော်သောင်းနင်း ကြိုဆိုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လာတုန်းက မကြိုဆိုခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေဟာ သခင်ကိုယ် တော်မှိုင်းကိုတော့ အကြီးအကျယ် ကြိုခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အကြီးအကျယ် ကြိုဆိုထောက်ခံ တဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ပဲရှိမယ်ထင်ပါတယ်။ ဗမာအမျိုးသမီးတွေတင်မက တိုင်းရင်းသူအမျိုးသမီးတွေကပါ သခင်ကိုယ်တော်မှိုင်းသွားရာလမ်းမှာ ဆံပင်ဖြန့် ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းက တိုင်းရင်းသားတွေနဲ့ သခင်ကိုယ် တော်မှိုင်း ဆက်ဆံရေးအနေအထားကို အလွယ်တကူ သိနိုင်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်စည်းရုံးရာမှာ ကရင်အမျိုးသား နိုင်ငံရေးသမားတွေဖြစ်တဲ့ မန်းထွန်းရင်၊ မန်းကျော်အုံး၊ စောကျော်စိုး (အင်းစိန်)၊ စောကျော်စိန်၊ ဒေါက်တာ ဆင်ဖိုးတို့နဲ့ တွဲခဲ့ပါတယ်။ ဒေါက်တာဆင်ဖိုးဟာ ဆရာကြီးရဲ့ကျန်းမာရေးကို တောက်လျှောက်အနီးကပ်တာဝန် ယူခဲ့သူဖြစ်ပါတယ်။ ဆရာကြီးဟာ ကရင်ခေါင်းဆောင် မန်းဒါဝိတ်နဲ့အထူးရင်းနှီးလှပြီး ဆရာတပည့်လို၊ သားအ ဖလို နေထိုင်လက်တွဲခဲ့ပါတယ်။ မန်းဒါဝိတ်ဟာ မြေပေါ်ကရင်အမျိုးသားခေါင်းဆောင်တယောက် ဖြစ်ရုံမက ကေအဲန်ယူရဲ့ ယူဂျီခေါင်းဆောင်တယောက်ဖြစ်ပြီး မဆလခေတ်မှာ နှစ်ကြိမ်၊ န၀တခေတ်မှာ တကြိမ် ထောင် ကျခဲ့ပါတယ်။ ၁၉၉၂ ခုမှာ အင်းစိန်ထောင်မှာပဲ ကျဆုံးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကော်မတီမှာ သခင်ကိုယ်တော်မှိုင်းနဲ့ လက်တွဲလှုပ်ရှားခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောက ဆရာကြီးရဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် သဘောထားကို ၂၀၀၇ ခုနှစ်တုန်းက ဒီလိုပြောပြခဲ့ဖူးပါတယ်။ “သခင်ကိုယ်တော်မှိုင်းဟာ ကေအဲန်ယူနဲ့ ပြည်တွင်းစစ်ကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းရေးရဖို့ ရပ်ခံခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်ရာမှာ မြစ်ဝကျွန်းပေါ်ကရင်များက အထူးကြည်ညိုလေးစားကြတယ်။ ကရင်ရွာများကို သွားရောက်ဟောပြောခဲ့တယ်။ သူ့မှာ တိုင်းရင်းသားလူမျိုး စုတွေအပေါ် အထင်သေးနှိမ်ချတဲ့စိတ်၊ ခွဲခြားဖိနှိပ်ချင်တဲ့စိတ် လုံးဝမရှိဘူး။ စိတ်သဘောထား အင်မတန်နူးညံ့ သူဖြစ်တယ်။ ... ဆရာကြီးကွယ်လွန်ချိန်အထိ ကျနော်တောက်လျှောက် အနီးကပ်နေခဲ့တာ၊ ကျနော့်လက်ပေါ် မှာပဲ ဆုံးသွားတာဖြစ်တဲ့အတွက် ဒီလိုသေတမ်းစာဆိုတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ကျနော်သေချာပြောရဲတယ်။ ဒါ့ အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံမှာ၊ ဗုဒ္ဓဘာသာထုံးစံမှာ သေတမ်းစာ ဆိုတာလည်း မရှိပါဘူး” လို့ ဗိုလ်ကျော်ဇောက ခိုင်ခိုင်မာမာ ပြောပြပါတယ်။

၁၉၆၁ ခု ဇွန်လမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တောင်ကြီးညီလာခံကျင်းပပြီး ၁၉၄၇ အခြေခံဥပဒေပြင် ဆင်ရေးအတွက် ဖက်ဒရယ်မူ (ခေါ်) ရှမ်းမူကို ဖော်ထုတ်ခဲ့တဲ့အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါင်း ဆောင် တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်းအစ်ကို)၊ ဦးသိန်းဖေမြင့်တို့က ထောက်ခံခဲ့ကြပါတယ်။ သူတို့နောက်ကွယ်မှာ သခင်ကိုယ် တော်မှိုင်းရှိနေတာ ယုံမှားစရာမရှိပါဘူး။

အကယ်၍သာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ မဟာဗမာဝါဒီတယောက်၊ တိုင်းရင်းသားဖိနှိပ်ရေးသမားတ ယောက်ဖြစ်ခဲ့ရင် ဗြောင်အတိအလင်း ဖက်ဒရယ်ဆန့်ကျင်ရေး စတုတ္ထမဟာဗမာအင်ပါယာထူထောင်ရေး ဗမာ အမျိုးသားရေးသက်သက်ဝါဒသမားတွေဖြစ်တဲ့ သခင်ဗစိန်၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးကျော်ငြိမ်းတို့နဲ့ တသား တည်းတွဲမိခဲ့မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒီလူတွေဟာ ဆရာကြီးအပေါ် အခါးသီးဆုံး ရန်ဘက်တွေ လိုပဲ သဘောထားခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ့်အာဏာအတွက် တိုင်းရင်းသားတွေကို လိုရင်လိုသလို အသုံးချ သွားတဲ့ ပါလီမန်ဒီမိုကရေစီဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဖက်ဒရယ်ဆန့်ကျင်ရေး စစ်အာဏာရှင် ဗိုလ်နေ၀င်းတို့နဲ့ လည်း ဘယ်လိုမှ အစေးမကပ်ခဲ့ပါဘူး။ ဒါကြောင့် န၀တ-နအဖ တို့ကလည်း သခင်ကိုယ်တော်မှိုင်းအခန်းကဏ္ဍ ကို ဘယ်လိုမှ နေရာမပေး အသိအမှတ်မပြုကြတာ ဖြစ်ပါတယ်။

ဒါကြောင့် “သခင်ကိုယ်တော်မှိုင်းသေတမ်းစာ”ဆိုတဲ့ စာတမ်းဟာ တန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ လက် နက်ကိုင်တိုင်းရင်းသားလူမျိုးတွေနဲ့ ရိုးသန့်စင်ကြယ်တဲ့ ဗမာလူမျိုးဒီမိုကရေစီသမားတွေ ပေါင်းစည်းညီညွတ်မိ သွားမှာကို စိုးရိမ်တဲ့ အာဏာရှင်ဘက်တော်သားတွေရဲ့ လုပ်ကြံလီဆယ်မှုသက်သက်ပဲ ဖြစ်ပါတယ်။

ဂါမဏိ