စစ်အစိုးရ၏ စိတ်နေသဘောထား

 Monday, 09 March 2009 12:38 သူ့အတွေး သူ့အမြင်
 ဂရစ်ဖစ်တက္ကသိုလ် ဂရစ်ဖစ် အာရှ အင်စတီကျု (Griffith Asia Institute) မှ အင်ဒရူးဆဲလ်သ် -Andrew Selth က ဖေဖော်ဝါရီလ ဆန်းပိုင်း နယူးဒေလီတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အင်စတီကျု (Institute of Peace and Conflict Studies) ၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သြဇာ၏ အကန့်အသတ်များ (Burma and the limits of International Influence) ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးရာ၌ စစ်အစိုးရနှင့် ဆက်ဆံရာတွင် စစ်အစိုးရ၏ စိတ်သဘောထားကို နိုင်ငံတကာ အသိုင်းအဝန်း က နားလည်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည် ကို မဇ္ဈိမသတင်းစာမျက်နှာတွင်ဖတ်ရပါသည်။

ဤတွင် စစ်အစိုးရ၏စိတ်သဘောထားမှာ ဘာလဲဟူသောမေးခွန်းပေါ်လာပါသည်။ ကျနော်တို့အားလုံးသိထားကြသည့် သတင်းမှောင်ချခြင်း၊ ပြောင်ငြင်းကွယ်ခြင်း၊ တရားမဲ့ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ယုံကြည်မှုအတွက် သာမန်လူများ၊ ကျောင်းသားငယ်များသာမက သံဃာများကို ပါညှဉ်းဆဲသတ်ဖြတ်ခြင်းတို့ကို မာခီးယားဗယ်လီ၏အယူအဆအတိုင်း (ကြားနေအဖွဲ့ဆိုသည့် ကျောင်းတော်သား နိုင်ငံရေးပါတီမှပြောသလို) ရပ်တည်ချက်ထိပါးလာ၍ ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်း ဟုသာထားမည်ဆိုလျှင်၊ မတရားစီးပွားအခွင့်အရေးယူခြင်းများကို သူလည်းလေလောကီသားပေမို့ဟု နားလည်မှု ပေးကြမည်ဆိုလျှင်၊ စစ်အစိုးရ၏ ပင်မရပ်တည်ချက်မှာ (အစဉ်အာဏာတည်မြဲရေးသာ ဟု လည်း မပြောလိုဘူးဆိုလျှင်) ဘာလဲဟု စဉ်းစားကြရန်ရှိပါသည်။ ယခုဆောင်းပါးတွင် ကျနော်သိနားလည်သလောက် သူတို့ သဘောထားမှန်ကို ရှင်းပြလိုပါသည်။ ကျနော်သည် စစ်သား သားသမီးတဦးဖြစ်ပြီး ၈၈ ခေတ် ကျောင်းသားလှုပ်ရှားသူ တဦးလည်းဖြစ်ပါ၍ ကျနော်တို့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တိုင်း မသိရှိသေးသည့် အချက်များကို သိရှိသည်ဟု ထင်ပါသည်။ မည်သို့ပင်ဆိုစေ ဆွေးနွေးစရာ အချက်များတော့ရနိုင်ပါလိမ့်မည်။
ယနေ့တပ်မတော်၏ ယုံကြည်ရပ်တည်ချက်က ဘာပါလဲ။ ၈၈ ခေတ်အထိတော့ ရှင်းလင်းစွာပင် ဦးနေ၀င်း၏ ရပ်တည်ချက်အတိုင်း ဖြစ် ပါသည်။ ကွန်မြူနစ်နှင့် ဓနရှင်ပါလီမာန်ဒီမိုကရေစီကို မယုံကြည်။ ယင်းတို့ နှစ်မျိုးကြား အလယ်အလတ် သွားနိုင်မည့် လမ်းစဉ် တရပ်ကို တချိန်က ထူးချွန်သော နိုင်ငံရေးသဘောတရားဆရာများအား ရေးဆွဲစေကာ စမ်းသပ်ကျင့်သုံးကြည့်ခဲ့သည်။ ၁၉၇၇တွင်အရေးပေါ်ပါတီညီလာခံခေါ်ရသည်အထိဖြစ်သွားကာ ယင်းလမ်းကြောင်းမှ သိသိသာသာခွဲကာ မိမိသဘောကျစနစ်ကို ကျင့်သုံးခဲ့တော့သည်။ နောက်ဆုံး ၁၉၈၅ တွင် စီးပွားရေးကျဆုံးမှုကြောင့် ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ကို အားကျကာ ပြုပြင်ပြောင်းလဲရန် စ စဉ်းစားသည်။
သို့သော် ကိုယ်တိုင်ဖျက်ဆီးခဲ့ပြီးသော ဗြူရိုကရေစီယန္တရားကို မထိန်းနိုင်ဖြစ်ကာ ၈၈ တွင် ပြိုကျခဲ့ရသည်။ ၈၈ ခုနှစ်က ကျနော်တို့၏လှုပ်ရှားမှုသည် အင်အားပြင်းထန်တာမှန်သော်လည်း အဆိုပါ ပျက်စီးပြီး ဗြူရိုကရေစီ အဖွဲ့အစည်းကြီး လွယ်လွယ်နှင့် ပြိုမကျလျင် ထိုမျှ ခရီးမရောက်နိုင်သည်မှာ သေချာပါသည်။ ထိုအခါ ဦးနေ၀င်းက သူ့သဘော အတိုင်း နောက်ဖဲတမျိုးချိုးပြီး စစ်တပ်ကို အာဏာပြန်သိမ်းစေခဲ့သည်။ ထိုအချိန်က တပ်တွင်း အရာရှိများဖြစ်နေသော၊ ကျနော်တို့နှင့်ကျောင်းနေဖက်မှ စစ်ထဲရောက်သွားကြသော သူတို့ကို မည်သို့လမ်းညွှန်ခဲ့သနည်း။ ထိုစဉ်က ဗိုလ်ချုပ်ခင်ညွန့်တို့ ရှင်းလင်းပွဲတွေမှာ ပေါ်လွင်ပါသည်။ စစ်တပ်၏ရန်သူဖြစ်သော ကွန်မြူနစ်များကြိုးကိုင်မှု နှင့် ကိုလိုနီလက်သစ်လုပ်လိုသော (မှတ်ချက်။ အဆိုပါစကားမှာ ကွန်မြူနစ်စကားဖြစ်ပါသည်) နယ်ချဲ့နိုင်ငံကြီးများ၏ ကြိုးကိုင်မှုဖြစ်သည်ဟု သူတို့ရဲဘော်တွေကို သင်ပြခဲ့ပါသည်။ ယနေ့အထိလည်း သည်အတိုင်း သင်ကြားပို့ချဆဲဖြစ်ပါသည်။
နောက်ပိုင်း ဦးနေ၀င်းကို သူတို့ရှင်းထုတ်ပစ်နိုင်ခဲ့သော်လည်း ယနေ့ခေါင်းဆောင်များသည် ဦးနေ၀င်းကဲ့သို့ လွတ်လပ်ရေးတိုက်ပွဲ နှင့် စစ်အေးကာလ ကမ္ဘာ့နိုင်ငံရေး အတွေ့အကြုံရှိသူများ မဟုတ်ပါ။ စစ်အေးကာလအတွင်း ဦးနေ၀င်းကဲ့သို့ အမျိုးသားရေးနှင့် ဘက်မလိုက်ရေးဝါဒများဖြင့် ရပ်တည်နိုင်အောင် မစွမ်းနိုင်ကြပါ။ နိုင်ငံရေးကစားသည့် သီအိုရီလည်း မကျွမ်းကျင်ကြပါ။ သို့သော် သူတို့အတွက် နည်းလမ်းရှိလာခဲ့ပြီး ယနေ့ကာလ အချို့ ကမ္ဘာ့ပညာရှင်ဆိုသူများ၊ သတင်းစာဆရာကြီးဆိုသူများပင် ချီးမွမ်းရလောက်အောင် နိုင်ငံရေးကို ပိုင်နိုင်သည်၊ အာဏာနိုင်ငံရေးကို ကျွမ်းကျင်သည် ဟု သုံးသပ်လာရသည့် အခြေအနေသို့ စွမ်းဆောင်ခဲ့သည်မှာ အဓိက အကြောင်းတရား  ၂ မျိုးဖြစ်ပါသည်။ ပထမအကြောင်းတရားသည် သူတို့အား တွန်းပို့ပေးနိုင်သည့် တွန်းအားဖြစ်ပြီး ဒုတိယ အကြောင်းတရားသည် နည်းပရိယာယ်ဖြစ်ပါသည်။

ပထမအကြောင်းတရား (သို့မဟုတ်) စစ်တပ်ဝါဒ

စစ်တပ်ဝါဒ ဟု အမည်တတ်သဖြင့် ကြမ်းတမ်းစွာသုံးနှုန်းလိုခြင်း မဟုတ်ပါ။ ယနေ့ ရွေးကောက်ပွဲအထိမှန်းလာသည့် အယူအဆကို ဖြစ်စေသည့် ၀ါဒတရားဖြစ်ပါသည်။ (မှတ်ချက်၊ ဦးနေ၀င်း သည် ၁၁ နှစ်အကြာတွင် ရွေးကောက်ပွဲလုပ်ခဲ့ပြီး ယခု ဦးသန်းရွှေက ၂၂ နှစ်ကြာမှ လုပ်နိုင်ခြင်းဖြစ်ပါသည်။) ဦးနေ၀င်း၏ စစ်သည်တော်ကျင့်ဝတ်တွင် စတင်ခဲ့သော ၀ါဒဖြစ်ပါသည်။ စစ်တပ်အတွင်း မည်သည့်ပုံစံဖြင့် ၀င်လာသည်ဖြစ်စေ စည်းကမ်း (ဤတွင် အမိန့်နာခံမှုကို ၄င်းတို့က စည်းကမ်းဟုခေါ်ပါသည်) ကျနအောင် ပုံသွင်းပေးလိုက် ပါသည်။ ငယ်စဉ်က လမ်းစဉ်လူငယ် စစ်ရေးပြ သင်တန်းဆင်း ကျနော့်ကို အစ်ကိုဝမ်းကွဲ စစ်ဗိုလ်က မေးဖူးပါသည်။ “ညီလေး စစ်ရေးပြဆိုတာ ဘာလုပ်တာလဲ မင်းသိလား” ကျနော်က စည်းကမ်းကျအောင်သင်ပေးတာ ထင်ကြောင်း ပြောသောအခါ “မဟုတ်ဘူးကွ၊ အဲဒါ အမိန့်ကို မစဉ်းစားဘဲနာခံတတ်အောင် ပုံသွင်းပေးတာ။ သတိ သက်သာ အေးစေ ပြောတဲ့အခါ မင်းက မစဉ်းစားဘဲ ချက်ခြင်း လုပ်လိုက်တယ်မဟုတ်လား။ ဒီ လို ဘာမှမဟုတ်တဲ့ အပြုအမူလေးကစပြီး မစဉ်းစားတဲ့အကျင့် သွင်းပေးတဲ့အခါ ရှေ့တန်းမှာ “တက်” လို့ အမိန့်ပေးတဲ့အခါ မစဉ်းစားဘဲ တက်တဲ့အကျင့်ရသွားတာပေါ့” စာဖတ်နာသော ကျနော့် အစ်ကိုသည် စစ်တပ်ထဲမှာ ရာထူးသိပ်ကြီးကြီးမရပါ။ ရှင်းပါသည်။ သို့သော် ထိုစဉ်က ၁၈ နှစ်သား ကျောင်းသားခေါင်းဆောင် ဖြစ်လာသည့် ကျနော့်အတွက် ပညာရပါသည်။

စစ်ရေးပြဖြင့် ပုံသွင်းပြီးနောက်ပိုင်း ပင်ပန်းမှု၊ အနားမနေရမှုတို့ကို ဆက်လက်ပို့ချပါသည်။ fatigue ခေါ် အားလပ်ချိန်မရအောင် ထားသော အလုပ်များကို ဆက်တိုက်ခိုင်းပါသည်။ ကျနော့် မိခင်ဖြစ်သူသည် အိမ်ဖော် အပျိုရွယ်လေးများ ထားသည့်အခါ တမျိုးပြီး တမျိုးခိုင်းသောကြောင့် ကျနော်က မေးဖူးပါသည်။ အမေက “ဒီအရွယ် အားနေရင် တောင်စိတ် မြောက်စိတ်တွေ ၀င်တတ်တယ် သားရဲ့ ဒါကြောင့် မအားအောင် တမင်ရှာခိုင်းရတာ” ဟုပြောပြပါသည်။ တနည်းအားဖြင့် စိတ်ရောလူပါ မလွတ်လပ် အောင် ထားခြင်းဖြစ်ပါသည်။ သည်နောက်မှာတော့ ရှေ့တန်းထွက်ခြင်း၊ (မည်သည့်အကြောင်းကြောင့်မသိဘဲ) စစ်ပွဲဆင်နွှဲခြင်း၊ တို့တွင် မိမိရဲဘော်များ မိုင်းထိ၍ ခြေပြတ်လက်ပြတ်ဖြစ်ရခြင်း၊ သေဆုံးရခြင်း၊ ရန်သူက သတ်ဖြတ်ခြင်း တို့ဖြင့် ဆက်လက် သင်ကြားပို့ချပေးပြန်ပါသည်။ နောက်ဆုံးအဖြေတခုသို့တွန်းပို့ပါသည်။ ယင်းသည် ဆိုခဲ့သော “စစ်တပ်ဝါဒ” ဖြစ်ပါသည်။ ရှင်းအောင်ဆိုရလျှင် -

မိမိတို့သည် (တိုင်းပြည်အတွက်) သူများထက် အပင်ပန်းခံအလုပ်လုပ်ရသည်။
မိမိတို့သည် (တိုင်းပြည်အတွက်) သက်စွန့်ဆံဖျား အလုပ်လုပ်ရသည်။
(ဘာကြောင့်မှန်းမသိဘဲ ဖြစ်သွားသော) ရန်သူကြောင့် မိမိတို့ ရဲဘော်ရဲဘက်တွေ ထိခိုက်သေဆုံးရသည်။
မိမိတို့ကို နှိပ်စက်ခဲ့သော ယင်း ရန်သူကို ပြည်သူတချို့ ထောက်ခံနေသည်။
မိမိတို့သည် အမိန့်နာခံရသည်။ စစ်စည်းကမ်းဖြင့် အချိန်ပြည့် နေရသည်။ ညအိပ်နေစဉ် လာနှိုးလျင် သက်စွန့်ဆံဖျား ခရီး စတင်ရသည်အထိ ၂၄ နာရီထမ်းဆောင်ရသူများဖြစ်သည်။

ထိုအချိန်တွင် သာမန်ပြည်သူများ၊ ၀န်ထမ်းများ (ယင်းတို့စကားအရ “အရပ်သားများ”) သည် သက်သက်သာသာ နေရသည်။ အသက်စွန့်ရန်မလို၊ စည်းကမ်းမရှိ၊ အားလပ်ချိန်တွေ အပြည့်ရှိနေသည် ။ စီးပွားရေးလုပ်ပြီး ချမ်းသာနေသည် … ဟူသော အတွေးကို ဆက်တိုက် ပို့ချပေးပါသည်။ ထိုသို့သော အနစ်နာခံမှုများကြောင့် သူတို့တွင် “နိုင်ငံတော်အာဏာ” ကို သုံးပိုင်ခွင့်ရှိသည် ဟု အဖြေထုတ်ပေးပါသည်။

ပြည်သူလူထုနှင့် စစ်တပ်အတွင်းအကြီးမားဆုံး အတားအဆီးသည် အဆိုပါအတွေးအမြင်ဖြစ်ပါသည်။

ကျနော် ပညာရှင်ဘ၀ စစ်တပ်နှင့် တွဲ၍ တောထဲတောင်ထဲသွားရသည့်အခါ စစ်ဗိုလ်တွေ အင်မတန်အံ့သြကြပါသည်။ သူတို့မှလွဲ၍ မြို့ပေါ်တွင် တိုက်ပုံ ၀တ်နေသော လူပျော့များ ဤသို့ အပင်ပန်းခံနိုင်မည်၊ အပင်ပန်းခံအလုပ်လုပ်လိမ့်မည်ဟု မထင်ခဲ့ကြပါ။ အင်္ဂလန်မှ ဘွဲ့ထူးတွေ ရလာသည့် ဆရာဝန်ကြီးသည်လည်း ညလာနှိုးလျှင် ထလိုက်ရမှန်း ဂျူတီယူရမှန်းသူတို့မသိကြပါ။ (အစပိုင်းတွင် မသိကြပါ၊ နောက်ပိုင်းရာထူးရလာတော့လည်း မသိချင်ကြတော့ပါ)။ တနှစ်က တက္ကသိုလ်ဆရာမလေးတဦး ကျောင်းသားများနှင့် ကွင်းဆင်း ခရီးထွက်လာစဉ် လက်နက်ကိုင်လက်ချက်နှင့် ကွယ်လွန်ပါသည်။ ၀န်ထမ်းတိုင်း၊ ပြည်သူတိုင်း မှာ လက်နက်မဲ့ သက်စွန့်ဆံဖျား မှုတွေ ပြည့်နေကြောင်း သတိမထားမိကြပါ။

နောင်တချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများအားနှိမ်နင်းသည့်အခါ နိုင်ငံတကာက ယုံကြည်ချက်ကြောင့်အကျဉ်းချခံရခြင်း ဟုမြင်သော်လည်း သူတို့လို ပင်ပန်းစွာအလုပ်မလုပ်ရဘဲ အခွင့်အရေးတောင်းသူများဟု ဆက်လက်မြင်လာပါတော့သည်။

သည်ထက် ပိုကြီးသည့် စစ်တပ်ဝါဒတစ်ရပ်မှာ နိုင်ငံခြားသားကို အထင်ကြီးခြင်းဖြစ်ပါသည်။ နိုင်ငံခြားသားမုန်းတီးခြင်း (xenophoebia) သည် အထင်ကြီးရာမှ ကြောက်လန့်မုန်းတီးခြင်းဖြစ်ပါသည်။ ယင်းသည် မိမိတို့ ကြိုးစားသော်လည်း တိုးတက်မှု မရလာသည့်အခါ ကြီးသောအကြောင်းပြချက်ဖြစ်လာပါသည်။ နိုင်ငံခြားသားကို ပိုမို အလုပ်လုပ်သူ၊ ပိုမို ဥာဏ်ကြီးသူ ဟုမြင်ပါသည်။ ပြည်ပတွင် တိုးတက်ခြင်းသည် ယင်းလူမျိုးများ အလုပ်လုပ်၊ ဥာဏ်မြင့်သောကြောင့်ဖြစ်ပြီး မြန်မာပြည် မတိုးတက်ခြင်း မှာ စစ်တပ်တတပ်လုံး အလုပ်လုပ်သော်လည်း ပြည်သူတွေ၊ ၀န်ထမ်းတွေ အလုပ်မလုပ်သောကြောင့် မတိုးတက်ခြင်းဟုမြင်လာပါသည်။ သည်အတိုင်းလည်း သင်ကြားပေးပါသည်။ သာမန်ပြည်သူတွေမှာတော့ နိုင်ငံခြားသွားအလုပ် လုပ်ကြသည့်အခါ နိုင်ငံခြားသားကို သူလိုကိုယ်လို ဟုသာမြင်ပါသည်။ အလုပ်လုပ်သလောက်အခွင့်အရေးရသဖြင့် အလုပ်လုပ်ကြ သည်။ စည်းကမ်းရှိသလောက် စည်းကမ်း၏အကျိုးကို ခံစားရသဖြင့် စည်းကမ်းနှင့်နေကြသည်။ သူတို့လို ကိုယ်လည်း အခွင့်အရေး ရရင် ကိုယ့်တိုင်းပြည်လည်း ဖြစ်နိုင်ကြောင်းနားလည်ကြသည်။ ကြီးမားသော အတွေးအခေါ်ကွာဟမှုကြီးဖြစ်ပါသည်။

ထိုမှတဆင့်တိုးသောအခါ စစ်တပ်က ပိုအလုပ်လုပ် အနစ်နာခံရတဲ့အတွက်အခွင့်အရေးယူထိုက်သည်ဟု မြင်လာ
ပါတော့သည်။ နိုင်ငံရေးသမားများအား နိုင်ငံတော်အာဏာ
ကို ဖြတ်လမ်းနည်းဖြင့် ရယူလိုသည်ဟု စွပ်စွဲပေးလိုက်ပါသည်။ တပ်ထဲတွင် နေခဲ့သော ငယ်စဉ်က ကျနော်ကိုယ်တိုင်သည် အမိန့်နှင့် အာဏာကို ယုံကြည်ပါသည်။ နောင် ၈၈ ခေတ်ကိုကျော်မှ စည်းရုံးရေးကို ယုံကြည် လာပါသည်။ ပတ်ဝန်းကျင်က ပုံသွင်းပေးခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးကို ယုံကြည်ပြီး ဗိုလ်ချုပ်နေ၀င်း သည် အမိန့်နှင့် အာဏာကို ယုံကြည်ခဲ့ခြင်း၏ နောက်ဆက်တွဲ အမွေဖြစ်ပါသည်။

အထက်ပါ စစ်တပ်ဝါဒ သည် နိုင်ငံတကာ၊ ဘာသာတရားနှင့်၊ နိုင်ငံရေးသဘောတရားများ သိရှိနားလည်လာသည့် အရာရှိကြီး များဖြစ်လာသည့်အခါ မိမိတို့၏ အထက်ပါ ကျင့်ထုံးများနှင့် ဆန့်ကျင်ဆုံးဖြတ်မှုတိုင်း၊ အဖြေတိုင်းအတွက် စိတ်ဖြေစရာ ဆေးကောင်း ကြီး တခွက်ဖြစ်လာပါတော့သည်။ ယနေ့ ဗိုလ်ချုပ်ကြီးများအားလုံး ဤအတိုင်း ယုံကြည်ကြသည်မှာ မှားယွင်းဖွယ် မရှိပါ။

ဒုတိယအကြောင်းတရား (သို့မဟုတ်) ပုံတူကူးခြင်း

ဦးနေ၀င်းအားဖယ်ရှားပြီးသည့်အခါ စစ်ဗိုလ်ချုပ်ကြီးများအတွက် လမ်းကြောင်းချပေးမည့်သူမရှိတော့သလောက်ဖြစ်ပါသည်။ (ထိုမတိုင်ခင် အာဏာသိမ်းပြီးကာလက ဒေါက်တာမောင်မောင်နှင့်တကွ ပါတီခေတ်ခေါင်းဆောင်များ Policy နှင့် လမ်းညွှန်မှုများ ချပေးခဲ့ပါသည်။) သို့ရာတွင် အတန်အသင့် အမြင်ကျယ်သူ ဗိုလ်ချုပ်ခင်ညွန့်သည် မဟာဗျူဟာလေ့လာရေးဌာနကို (အမေရိကန်ပုံစံအတိုင်း) ထူထောင်ကာ ပညာတော်သော စစ်ဗိုလ်ငယ်များမှအစ ခေါင်းခေါက်ရွေးယူ၍ ထောက်လှမ်းရေးဌာနချုပ် တွင် ကမ္ဘာ့နိုင်ငံရေးအလိုက် အထူးပြုတာဝန်အမျိုးမျိုးဖြင့် လေ့လာ လေ့ကျင့်စေခဲ့သည်။ အမေရိကန်နှင့် အီးယူ၊ ဂျပန် တို့သို့ နိုင်ငံရေးအောက်လမ်းနည်းများဖြင့် ချဉ်းကပ်ခဲ့သည်။ စစ်အစိုးရ၏ လမ်းပြမြေပုံ နှင့် နေပြည်တော်စီမံကိန်း၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ခေါ် ပေါ်လစီ စီမံကိန်းများကို သူ၏ ဦးခေါင်းများဖြင့် ဆွဲယူခဲ့သည်။

နောင်တချိန် ဗိုလ်ချုပ်ခင်ညွန့်မရှိသောအခါ စစ်တပ်ခေါင်းဆောင်များအတွက် နမူနာပေါင်းများစွာ၊ စကားလုံးပေါင်းများစွာ (ယနေ့နောက်ဆုံးပေါ် - ရိုဟင်ဂျာမဟုတ်၊ ဘင်္ဂါလီ ဆိုသည့် စကားလုံးမျိုးအထိ) အရန်သင့်ရှိထားပြီဖြစ်သည်။ ကာကွယ်ရေးတက္ကသိုလ်တွင် အရည်အချင်းရှိသော ပညာတတ်ဗိုလ်မှူးကြီးများ၏ သုတေသနကျမ်းများ ရှိနေသည်။ ဒီပဲယင်း အရေးအခင်းကို “ဒေါ်အောင်ဆန်းစုကြည်အန္တရာယ်ကာကွယ်ရေး” ဟူသော သုတေသနစာတမ်းအတိုင်း ဖန်တီးခဲ့သည်။ UN ကိုယ်စားလှယ် ဂန်ဘာရီမလာမီ ပြည်တွင်းတာဝန်ခံကို မောင်းထုတ်ပြခြင်း၊ ယင်းမှတဆင့်ချင်းရှေ့တိုးလာပြခြင်း၊ အမေရိကန် စစ်ရေယာဉ်မ၀င်နိုင်မီ အာဆီယံ၊ UN တို့နှင့် အစည်းအဝေးလုပ်ပြခြင်း စသည်ဖြင့် နည်းဗျူဟာမျိုးစုံကို အသစ်ဖန်တီးယူခြင်း ထက် ဦးနေ၀င်းလုပ်ခဲ့သည့် ခြေလှမ်းများကို အနီးစပ်ဆုံး ပုံတူကူးချခြင်းများဖြစ်သည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့ကို မယုံကြည် သော်လည်း ထို ၀ါဒကျင့်သုံးသူ တို့၏ နည်းပရိယာယ် လုပ်နည်းလုပ်ဟန်များကို လေ့လာကြသည်။ ဤသည်မှာလည်းမဆန်း၊ မဆလခေတ်တွင်သူတို့ ကြီးပြင်းလာကြပေရာ (တနည်းအားဖြင့် လူရာဝင်လာရပေရာ) ထိုခေတ်က သင်ကြားခဲ့သော နိုင်ငံရေးသမား မုန်းတီးရေးတရားများ၊ ဦးနု မကောင်းကြောင်းများ၊ ပါတီစုံနှင့် ဖက်ဒရယ်မူ မကောင်းကြောင်းများ သည် အသည်းတွင် စွဲထင်နေပေပြီ။ ထိုခေတ်တလျှောက်လုံး ဖတ်စရာနိုင်ငံရေးစာအုပ်ဆို၍ လက်ဝဲစာပေသာရှိရာ ထို စာပေတို့မှ လက်ဝဲ၀ါဒ တော်လှန်ရေးသမားတို့၏ ကောင်းကွက်များ အယူအဆကောင်းများကို အရမယူနိုင်သောအခါ မကောင်းသော လုပ်နည်းလုပ်ဟန်များကိုသာ ကူးယူရပေတော့သည်။ “ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ” ဆိုသည့် လက်မောင်းတန်းအော်ဟစ်မှု များကို သူတို့ရိုက်သောရုပ်ရှင်ထဲမှ အလံနီတို့ထံမှအရယူသည်။ ကျနော့်နားထဲတွင် “သတ်ပစ်၊ သတ်ပစ်” ဆိုသည့်အသံများ ကြားယောင် မိရသည်။

အရေးအခင်းပြီးခါစက အားလုံးသပိတ်မှောက်ပြီး ဖြစ်နေသည့် ၀န်ထမ်းများဖြင့် မည်သို့ဆက်လက်အုပ်ချုပ်မည်နည်းဟု ကျနော်တို့တွေးခဲ့ဖူးသည်။ တပြည်လုံးသပိတ်မှောက်လျင် တိုင်းပြည်ကို အုတ်တံတိုင်းခတ်ရုံပေါ့ဟု ပြောခဲ့ကြသည်။ သို့သော် အာဏာမသိမ်းမီတွင် မော်စီတုန်း၏ နည်းလမ်းတခုကို ကျနော်ဖတ်မိသည်။ ယင်းမှာ “အစွန်းရောက်လူနည်းစု ကို တိုက်ရိုက်နှိမ်နင်းခြင်း၊ အလတ်တန်းစားလူများကို တွေဝေယိမ်းယိုင်စေခြင်း နှင့် နောက်
တန်းက လူုထုကြီးကို မိမိ လူဟု အမည်တပ်ခြင်းဖြင့် တဖြည်းဖြည်းပြောင်းလဲယူခြင်း” လုပ်ငန်းစဉ်ဖြစ်ပါသည်။ ကူးယူတတ်သော စစ်အုပ်စုသည် ထိုအတိုင်း တသဝေမတိမ်းကျင့်သုံး ပါသည်။ ယနေ့တိုင်လည်း ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိပါ တိုးချဲ့ယူလာရာ အာဆီယံသည် ထိုလမ်းစဉ်မှ အလယ်အလတ်တန်း စားအုပ်စုဖြစ်လာပါသည်။ အတိုက်အခံထဲမှလည်း အဆိုပါ အလယ်အလတ်တန်းအုပ်စုကို ဆွဲယူနေပါပြီ။ တွေဝေသော (ကွန်မြူနစ်စကားဖြင့် ဆက်ပြောလျှင် ပညာတတ်များ) လူတချို့သည် ပါတီဖွဲ့အရွေးခံရန်၊ ရွေးကောက်ပွဲကို ထောက်ခံရန် လမ်းစဉ်ကို ရွေးနေကြလေပြီ။ စစ်တပ်သည် သာမန်အားဖြင့် ကျောင်းသားများကို မထလာအောင် နှိပ်ကွက် ထားလိုသည်မှအပ နိုင်ငံရေးသမားများ လောက် အမြင်မကြည်မှုမရှိသည်ဖြစ်ရာ (သူတို့သင်ခဲ့သော ဦးနေ၀င်းခေတ် သမိုင်းစာအုပ်များတွင်လည်း ကျောင်းသားများ အမြင်မှား၍သာ နိုင်ငံရေးလုပ်ကြကြောင်း သင်ခဲ့ရရာ) ကျနော်တို့ ၈၈ ကျောင်းသားများကိုလည်း အလယ်အလတ် လူစုတွင်ပါဝင်မည်လားဟု ထင်ကာ လွှတ်ပေးထားခဲ့သည်။ ၂၀၀၇ တွင်မှ အစွန်းရောက်စာရင်း သို့ ထည့်သွင်းခဲ့ ခြင်းဖြစ်ပါသည်။

ခြုံငုံ၍ဆိုရလျှင် စစ်တပ်၏ မကောင်းမှုများကို နားလည်မှုပေးသည့်တိုင် ယင်းတို့၏ ရပ်တည်ချက် သဘောထားသည် မှားယွင်းစွာ သင်ကြားလာသော အခြေခံအပေါ်မှ ဖြစ်ပေါ်လာခြင်းသာဖြစ်ပါသည်။ တိုင်းသူပြည်သားများ အမှန်တကယ်ခံစားမှု၊ အမှန်တကယ် အလုပ်လုပ်ကိုင်နေကြပြီး အကျိုးမရကြမှု၊ ယင်းတို့ အထင်ကြီးသော ပြည်ပနိုင်ငံသားများကဲ့သို့ အရည်အချင်းရှိသူများစွာ ရှိနေမှု၊ ယင်းတို့ကဲ့သို့ ပင်ပန်းနွမ်းနယ်စွာ၊ သက်စွန့်ဆံဖျား တိုင်းပြည်အတွက် အလုပ်လုပ်နေသူများရှိနေမှုတို့ကို ယနေ့တိုင် သိမြင်လာကြခြင်း မရှိသေးပါ။ ပြည်သူလူထုနှင့် အမှန်တကယ် နီးနီးစပ်စပ် နေထိုင်လိုစိတ်၊ နားလည်အောင်လုပ်လိုစိတ် နည်းပါးအောင် ကြိုတင် လေ့ကျင့်ပေးထားခြင်းဖြင့် အရပ်ဘက်တာဝန်ယူရသည့်တိုင်အစဉ်ကင်းကွာ နေလေ့ရှိသည် နားလည်သွားသော အရာရှိများသည်လည်း ဘေးဖယ်ခြင်း ခံသွားကြရသည်။ ထို့ကြောင့်လည်းယနေ့ခေတ်ပင်စင်ယူသွားသောစစ်ခေါင်း
ဆာင်အားလုံးသည် လက်ရှိစစ်တပ်၏ ဘေးဖယ်ခြင်းကို ခံကြရသည်ဖြစ်ရာ လက်ရှိခေါင်းဆောင်ကြီး များ တသက်တာ မည်သည့်အခါမျှအငြိမ်းစားမယူရဲတော့သည့်အဖြစ်သို့ရောက်ရှိ
ကုန်ကြခြင်းဖြစ်ပေသည်။

စာရေးသူသည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် စစ်ဖက်ရေးရာ လေ့လာသုံးသပ်သူ တဦးဖြစ်သည်။
စိုးသူရထွန်း ဖေစ်ဘုက်မှ တဆင့်ဧရာဝတီမှ ကူးယူသည်။



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: