ကြေးနီစီမံကိန်းရပ်ဆိုင်းရေး အရှိန်မြှင့်လုပ်ဆောင်သွားမည်


2013-01-06
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်ရေး သပိတ်တိုက်ပွဲကို အရှိန်မြှင့်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကြေးနီတောင်စီမံကိန်းတ၀ိုက်မှာ သပိတ်စခန်း ဖွင့်လှစ်ထားဆဲဖြစ်တဲ့ ဆန္ဒပြနေသူတွေက ဒီကနေ့ ဇန်န၀ါရီလ ၆ ရက်နေ့မှာ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်လိုက်ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆိုဆန္ဒပြနေကြစဉ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ရှိတဲ့ ကြေးနီတောင်စီမံကိန်းတ၀ိုက်က ညောင်ကန်ကြီး၊  ၀က်မှေး၊ ဆည်တဲ စတဲ့ ကျေးရွာပေါင်း ၂၆ရွာက ဒေသခံ တောင်သူလယ်သမားတွေဟာ စီမံကိန်း ရပ်ပေးဖို့ ဆက်လက် ဆန္ဒပြနေကြပြီး၊ ဒီကနေ့ ကျင်းပတဲ့အစည်းအဝေးမှာတော့ သူတို့ အနေနဲ့ ဆန္ဒပြတာကို အရှိန်မြှင့်သွားမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကိုလည်း စောင့်ကြည့်လေ့လာသွားမယ်လို့ ဆည်တဲရွာသူတစ်ဦးဖြစ်တဲ့ မသန်းနုက အာအက်ဖ်အေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်တဲ့ ကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် က ပထမဆုံး အစီရင်ခံစာကို လာမယ့် ဇန်န၀ါရီလ ၃၁ရက်နေ့ မှာ နောက်ဆုံးထားထုတ်ပြန်ဖို့ ရှိတဲ့ အပြင်၊အဲဒီက ရရှိလာမယ့် အစီရင်ခံစာမှာ ကြေးနီတောင် စီမံကိန်းဆက်လက်ဆောင်ရွက်ဘို့ ထောက်ခံချက်ပေးမယ်ဆိုရင်တောင် သပိတ်တိုက်ပွဲကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
ကော်မရှင်က လက်ရှိ စုံစမ်းစစ်ဆေးမူတွေ ပြုလုပ်နေစဉ်မှာ ကြေးနီတောင်တ၀ိုက်မှာ စီမံကိန်းတွေကို ရပ်တန့်ခြင်းမရှိဘဲ ကုမ္ပဏီက လုပ်ငန်းတွေကို လုပ်ဆောင်နေတာကိုလည်း သပိတ်တိုက်ပွဲဝင် သူတွေက ကျေနပ်ခြင်းမရှိဘူးလို့ ဒီကနေ့ အစည်းအဝေး တက်ရောက်သူတွေက အာအက်ဖ်အေ ကိုပြောပါတယ်။
တစ်ချိန်တည်းမှာလည်း ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက အဲဒီနေရာတွေမှာ ပုဒ်မ၁၄၄အမိန့်ကို ရုတ်သိမ်းခြင်းမရှိသေးပဲ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့က အမိန့်ကို ဖေဖော်ဝါရီလကုန်အထိ တိုးပြီး သတ်မှတ်လိုက်ပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: