Myanmar
Institute of Peace and Security Studies (MIPSS)
ဇန်န၀ါရီလ၊
၂၀၁၃ ခုနှစ်
နိဒါန်း
နိုင်ငံရေးပညာရှင် Collier ဆိုသူက
ပြည်တွင်းစစ်ဖြစ်ပွားရခြင်း အကြောင်းရင်းများနဲ့ ပတ်သက်ပြီး လူအများရဲ့
ရှုမြင်သုံးသပ်ချက်တွေကို လေ့လာခဲ့ရာမှာ နိုင်ငံရေးအယူအဆ လက်ယာယိမ်းသူများက
ပြည်တွင်းစစ်ဖြစ်ပွားရခြင်းဟာ ရေရှည်ကြာမြင့်စွာ အမြစ်တွယ်နေတဲ့ လူမျိုးရေး၊
ဘာသာရေး ကွဲပြားမှု ဆိုင်ရာ အယူအဆများကြောင့်လို့ ယူဆတတ်ကြောင်း၊ နိုင်ငံရေးအယူအဆ
လက်ဝဲယိမ်းသူများကတော့ စီးပွားရေးရာ မတူညီကွဲပြားမှုတွေနဲ့ အမြစ်တွယ်နေတဲ့
ကိုလိုနီစနစ် အမွေဆိုးများကြောင့်လို့ ယူဆ တတ်ကြောင်းနဲ့ နိုင်ငံရေးအယူအဆ
အလယ်အလတ်မှာ ရှိနေသူတွေကတော့ ဒီမိုကရေစီစနစ် ကျင့်သုံးမှု အားနည်းချက်များနဲ့
နိုင်ငံရေးအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် အခွင့်အလမ်း များ
နည်းပါးခြင်းကြောင့် လို့ ယူဆတတ်ကြကြောင်း လေ့လာတွေ့ရှိ ခဲ့ပါတယ်။
ပြည်တွင်းစစ်နဲ့ပတ်သက်ရင် ဘယ်အရာတွေကို ထည့်သွင်းပြီး
အဓိပ္ပာယ်ဖွင့်ဆိုသင့်သလဲဆိုတာ ပညာရှင်တွေအကြားမှာ ကွဲလွဲနေဆဲပဲ ရှိနေပါသေးတယ်။
အချို့ပညာရှင်များကတော့ ပြည်တွင်းစစ် ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ နိုင်ငံတော်အစိုးရရဲ့
စစ်တပ်များပါဝင်တယ်လို့ ယူဆကြပေမယ့် အချို့ကတော့ အစိုးရစစ်တပ်မဟုတ်သော
တပ်များအကြားက တိုက်ခိုက်မှုတွေကိုလဲ ပြည်တွင်းစစ် အဖြစ် ပုံဖော်လေ့ရှိပါတယ်။
အချို့ကတော့ တိုက်ပွဲနဲ့ ပတ်သက်တဲ့ သေဆုံးမှုများကိုပဲ အဓိပ္ပာယ်
ထည့်သွင်းဖွင့်ဆိုလေ့ရှိကြပေမယ့် ပြည်တွင်းစစ်ကြောင့် အရပ်သားပြည်သူများလဲ
သေဆုံးနိုင်ကြောင်းကို ထောက်ပြထားကြသူများလဲ ရှိပါတယ်။
ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး အရိုးရှင်းဆုံး
အဓိပ္ပာယ်ဖွင့်ဆိုချက်တရပ်ကိုတော့ နိုင်ငံရေးပညာရှင် Hanlon ဆိုသူက
ရေးသားဖော်ပြခဲ့ပါတယ်။ သူမရဲ့အဆိုအရ ပြည်တွင်းစစ်ဆိုတာ နိုင်ငံတခုအတွင်းမှာ
ရည်မှန်းချက်တခုအတွက် လူအစုအဖွဲ့များအချင်းချင်း သတ်ဖြတ်ကြခြင်းဖြစ်ပြီး၊
ဒီသတ်ဖြတ်မှုထဲမှာအဓိကပါဝင်သူတွေကလဲ အဲဒီနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။
ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ နိုင်ငံရေးပညာရှင် Kalyvas ဆိုသူ ဖော်ပြခဲ့တဲ့ လူများစု
နိုင်ငံရေးအကြမ်းဖက်မှုဆိုင်ရာ သဘောတရားတွေနဲ့ ဆက်နွယ် နေပါတယ်။ Kalyvas က
ပြည်တွင်းစစ်ရဲ့ အဆုံးစွန်ရည်မှန်းချက်ဟာ တရားဝင်အင်အား အသုံးပြုမှု အတွက်
တဖွဲ့တည်း လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်တည်ဆောက်ခြင်း (သို့မဟုတ်)
အစားထိုးခြင်းလို့ လေ့လာဖော်ထုတ်ခဲ့ပါတယ်။
ပြည်တွင်းစစ်ရဲ့ ရှုထောင့်များကို ပညာရှင်များက
ပြဿနာအဖြေများ၊ ရလဒ်များ၊ နိုင်ငံရေးနှင့် လူမှုရေး နောက်ဆက်တွဲများ၊
အသွင်ကူးပြောင်းရေးကာလ တရားဝင်မှုနှင့် ပြန်လည်သင့်မြတ်ရေး ဆိုပြီး၊ အမျိုးအစား
များစွာ ဖော်ထုတ်ထားပေမယ့်၊ အဓိကရှုထောင့်ကတော့ လက်နက်ကိုင်ပဋိပက္ခ (armed
conflict) များရဲ့ ပြည်တွင်းရေး သဘောသဘာဝသာ ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခများ
လက်နက်ကိုင်
ပဋိပက္ခဆိုတာ အစုအဖွဲ့နှစ်ခုအကြားမှာ လက်နက်ကိုင်တပ်ဖွဲ့များ အသုံးပြုပြီး၊
တိုက်ပွဲကျဆုံးသူဦးရေ အနည်းဆုံး (၂၅) ဦး ရှိခဲ့စေတဲ့ ပဋိပက္ခဖြစ်ပါတယ်။ ပုံ (၁)
မှာ ဖော်ပြထားတဲ့ အတိုင်း လက်နက်ကိုင် ပဋိပက္ခတွေဟာ ကမ္ဘာအနှံ့မှာ
ဖြစ်ပွားလျက်ရှိပါတယ်။ ဒီပဋိပက္ခတွေမှာ နိုင်ငံတော်အစိုးရတွေနဲ့ အစိုးရမဟုတ်သော
လက်နက်ကိုင်အဖွဲ့အစည်းများအကြား၊ ပြည်ပနိုင်ငံတွေမှာ ဖြစ်ပွားတဲ့ extra-state
armed conflicts ၊ အစိုးရနှစ်ခုနဲ့ နှစ်ခုထက်ပိုသော အစိုးရများအကြားမှာ
ဖြစ်ပွားတဲ့ နိုင်ငံများအကြားမှ လက်နက်ကိုင်ပဋိပက္ခများ (inter-state armed
conflicts) ၊ အစိုးရများနဲ့ အစိုးရမဟုတ်သော လက်နက်ကိုင် အစုအဖွဲ့များအကြားမှာ
ဖြစ်ပွားတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ (intrastate armed conflicts)
ဆိုပြီး အမျိုးအစားများစွာ ရှိပါတယ်။ သို့ပေမယ့် (၁၉၄၆) ခုနှစ်၊
နောက်ပိုင်းကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ အများစုကတော့ ပုံ (၂) မှာ
ဖော်ပြထားတဲ့အတိုင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသာ ဖြစ်ပါတယ်။
ဒီလို အများအပြား ဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်
ပဋိပက္ခများနဲ့ ပြည်တွင်းစစ်များရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလဲ ကြီးမားလှပါတယ်။
နိုင်ငံရေးပညာရှင် Licklider ဆိုသူက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပြဿနာဖြစ်တဲ့
ပြည်တွင်းစစ်ဒဏ်ခံရတဲ့ တိုင်းပြည်တခုရဲ့ ပုံရိပ်တွေကို ဖော်ပြ ထားရာမှာ
စီးပွားရေးအဆောက်အအုံပြိုလဲခြင်း၊ ကုန်သွယ်မှုများရပ်ဆိုင်းခြင်း၊ ငွေကြေးဖောင်းပွမှု
ဖြစ်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ပျက်စီးခြင်း၊ အလုပ်လက်မဲ့ပြဿနာ ကြီးထွားခြင်း၊
ပြည်ပရင်းနှီးမြှုပ်နှံမှုများ နည်းပါးခြင်း၊ ပြည်ပပို့ကုန်တန်ဖိုးလျော့ခြင်း၊
တိုင်းပြည်ရဲ့ လူ့အဖွဲ့အစည်းအတွင်းတွင် ကွဲပြားသော အဖွဲ့အစည်းများအပေါ်
ဘက်လိုက်ပြီး ကွဲပြားမှုများရှိနေခြင်း၊ လက်နက်များ ပျံ့နှံ့ခြင်း၊ အစိုးရ
အပေါ်တွင် လူထုက အကြည်ညိုပျက်ခြင်း၊ လူငယ်များမှာ တိုက်ခိုက်ရေး၊ သတ်ဖြတ်ရေး၊
စစ်ရေး စွမ်းရည်များမှလွဲ၍ အခြားလူ့စွမ်းအားများ ကင်းမဲ့နေခြင်း စတဲ့အချက်တွေကို
မီးမောင်းထိုးပြထားပါ တယ်။
ဒါတင်မကပဲ နိုင်ငံရေးဖြစ်စဉ်များကို အများပြည်သုက
ယုံကြည်မှုလျော့နည်းခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့ များ တခုထက်ပို၍ရှိနေခြင်း၊
မိမိတို့အစုအဖွဲ့အပေါ် အတိုက်အခံပြုမှုများကို သည်းမခံနိုင်ဖြစ်ခြင်း၊ ဒီမို
ကရေစီနည်းကျကျ ဆွေးနွေးပြောဆိုတတ်မှု မရှိခြင်း၊ ရဲတပ်ဖွဲ့နှင့်
တရားစီရင်ရေးအဖွဲ့များကို တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်သော
အဓိကအဖွဲ့အစည်းများ အနေနဲ. မမြင်ပဲ ပြဿနာထဲက အစိတ် အပိုင်းအဖြစ်
အချို့ကမြင်နေခြင်း စတဲ့ ပြဿနာများစွာလဲ ရှိလာနိုင်ပါသေးတယ်။
ဒါတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေရဲ့
တိုင်းပြည်အပေါ် သက်ရောက်လာတဲ့ ဆိုးကျိုးတွေ ဖြစ်ပြီး၊ ပြည်တွင်းစစ်
ပြီးဆုံးသွားချိန်မှာတောင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအားလုံး ဘက်စုံ
ဖွံ့ဖြိုးတိုးတက်လာအောင် ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် နှစ်ပေါင်းများစွာ
အချိန်ပြန်ယူ ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုဆိုးရွားစွာ သက်ရောက်မှုတွေ ဖြစ်စေတဲ့
ပြည်တွင်းစစ်များ ဖြစ်ပွားရခြင်းရဲ့ အခြေခံ အကြောင်းရင်းတွေကို ပညာရှင်များက
လေ့လာခဲ့ရမှာ နိုင်ငံရေးဆိုင်ရာအကြောင်းတရားများ၊ လူမျိုးစုရေးရာ
အကြောင်းတရားများနဲ့ နိုင်ငံတကာရေးရာ အကြောင်းတရားများ စတာတွေအပေါ်မှာ
အခြေတည်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
နိုင်ငံရေးရာ အကြောင်းတရားများ
လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်ပွဲတွေကို လေ့လာခဲ့တဲ့
နိုင်ငံရေးပညာရှင် Kalevi Holsti ဆိုသူက ပြည်တွင်းစစ်တွေဟာ အချိန်မရွေး၊
နေရာမရွေးဖြစ်ပွားလေ့ရှိတာ မဟုတ်ကြောင်းနဲ့ ပြည်တွင်းစစ် ဖြစ်ပွားရာ
နိုင်ငံအများစုဟာ နိုင်ငံသစ်တွေနဲ့ အားနည်းတဲ့ နိုင်ငံတွေဖြစ်ကြောင်း ရေးသားဖော်ပြ
ခဲ့ပါတယ်။ လွတ်လပ်ရေးရစ နိုင်ငံတွေနဲ့ အားနည်းတဲ့နိုင်ငံတွေမှာ
အစိုးရတွေကိုယ်တိုင်က ပဋိပက္ခတွေ ကို စတင်ခြင်း (ဥပမာ- ၁၉၉၄ ခုနှစ်၊ ရ၀မ်ဒါ)၊
ပုန်ကန်မှုအသေးစားလေးများကို အင်အားကြီးမားစွာဖြင့် ပြန်လှန် ချေမှုန်းခြင်း
(ဥပမာ- ကိုဆိုဗို) စတာတွေကြောင့် ပြည်တွင်းစစ်မီးတွေ တောက်လောက်လာ တာတွေ
ရှိတတ်သလို၊ ခွဲထွက်ရေးလှုပ်ရှားမှုများ (ဥပမာ- နိုင်ဂျီးရီးယား၊ သီရိလင်္ကာ၊
ဘော့စနီးယား၊ ခရိုအေးရှား) စတာတွေကို အစိုးရက နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းပဲ
လက်နက်ကိုင်အင်အားသုံး ချေမှုန်းမှုကြောင့်လဲ ပြည်တွင်းစစ်တွေ ဖြစ်ပွားလာတတ်ပါတယ်။
နိုင်ငံရေးပညာရှင်အများစုကတော့ လွတ်လပ်ရေးရပြီးစ တိုင်းပြည်များမှာ
ပြည်တွင်းစစ်များဖြစ်ပွားရခြင်းဟာ သက်ဆိုင်ရာနိုင်ငံ အစိုးရများမှာ
တိုင်းပြည်အုပ်ချုပ်နိုင်စွမ်း အားနည်းချက်များ၊ တရားဝင်အသိအမှတ်ပြုခံရမှုဆိုင်ရာ
အားနည်းချက်များ ရှိနေပြီး၊ အစိုးရရဲ့ နိုင်ငံရေးက လုံခြုံရေးမရှိလို့ ဖြစ်ကြောင်း
လက်ခံယူဆထားကြပါတယ်။
တိုင်းပြည်တွေမှာ ဒီလိုအစိုးရ လုံခြုံရေးမရှိတဲ့
အခြေအနေဟာ အစဉ်အလာသမိုင်းကြောင်းတွေကြောင့် ဖြစ်နိုင်သလို၊
အုပ်ချုပ်ရေးအားနည်းချက်တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ၂၀ ရာစုရဲ့ (၁၉၄၀)၊ (၁၉၅၀)
ကာလတွေမှာ အာရှနဲ့ အာဖရိကနိုင်ငံများမှာ ကိုလိုနီစနစ်အုပ်ချုပ်ရေးချုပ်ငြိမ်းပြီး၊
လွတ်လပ်ရေးတွေ ရခဲ့ကြပါတယ်။ ဒီတိုင်းပြည်တွေမှာ ပေါ်ထွက်လာတဲ့ အစိုးရတွေရဲ့
ခေါင်းဆောင်တွေဟာ ကိုလိုနီစနစ်တိုက်ဖျက်ရေးကို အာရုံထားလုပ်ခဲ့ရပြီး၊
တိုင်းပြည်အုပ်ချုပ်ရေး စွမ်းရည်တွေ စနစ်တကျ လေ့လာထားနိုင်ခြင်း မရှိခဲ့တဲ့
ကိုလိုနီဆန့်ကျင်ရေး ခေါင်းဆောင်များ ဖြစ်လာပါတယ်။ ဒါကြောင့် နိုင်ငံကြီးများမှ
အစိုးရအရာရှိများနဲ့ နိုင်ငံရေးသမားတွေက လွတ်လပ်ရေးရပြီးစ တိုင်းပြည်တွေကို
အုပ်ချုပ်မယ့် အစိုးရတွေဟာ တိုင်းပြည်အုပ်ချုပ်ရေးအတွက် အဆင်သင့်
မဖြစ်ကြသေးကြောင်းနဲ့ လွတ်လပ်ရေးရပြီးတဲ့အခါ အုပ်ချုပ်ရေး အားနည်းချက်ကြောင့်
ဖြစ်လာတဲ့ ပြဿနာအကျိုးဆက်တွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း သုံးသပ်ရေးသားခဲ့ကြပါတယ်။
ဒါတင်မကပဲ ကိုလိုနီစနစ်နဲ့အုပ်ချုပ်ခဲ့တဲ့
နိုင်ငံကြီးတွေက အုပ်ချုပ်ခံနိုင်ငံငယ်ထဲမှာ နေထိုင်တဲ့ လူမျိုးစု တခုခုကိုဖြစ်စေ၊
လူမျိုးစုအချို့ကိုဖြစ်စေ၊ အခြားလူမျိုးစုများထက်ပိုပြီး နေရာပေးဆက်ဆံမှုများ
ရှိထား ခဲ့ရင် လူ့အဖွဲ့အစည်းဟာ အလိုအလျောက် သွေးခွဲခံထားရသလိုဖြစ်ပြီး၊
လွတ်လပ်ရေးရချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်စေနိုင်ပါတယ်။ အတင်းအကြပ် နယ်မြေဒေသ
ခွဲဝေပိုင်းခြားမှုတွေကလဲ ဘယ်တိုင်းပြည်မှာ ဘယ်သူတွေက နိုင်ငံသားဖြစ်သလဲဆိုတဲ့
ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလို အုပ်ချုပ်ရေးစွမ်းရည်အားနည်းမှုတွေ၊
လူမျိုးစုရေးရာ သွေးခွဲခံထားရမှုတွေနဲ့ အတင်းအကြပ် နယ်မြေဒေသ
ခွဲဝေပိုင်းခြားမှုတွေဟာ အစိုးရသစ်တွေရဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို
ခဲယဉ်းစေခဲ့ပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားရခြင်းဟာ
ကိုလိုနီအမွေဆိုးတွေကြောင့်ပဲလို့တော့ မဆိုနိုင်ကြောင်း ပညာရှင်များက
ဆိုထားကြပါတယ်။ နိုင်ငံသစ်အဖြစ် ပေါ်ထွက်လာတဲ့ တိုင်းပြည်တွေနဲ့
နိုင်ငံရေးအသွင်ကူးပြောင်းတဲ့ တိုင်းပြည်တွေမှာ ပထမဦးဆုံးအနေနဲ့ ပေါ်ထွက်လာတတ်တာကတော့
ပဋိပက္ခပဲ ဖြစ်ပါတယ်။ ဆိုဗီယက်ယူနီယံနဲ့ ယူဂိုးဆလားဗီးယား ပြိုကွဲပြီး
နောက်ဆက်တွဲအနေနဲ့ ပေါ်ထွက်လာခဲ့တာက စစ်ပွဲတွေပဲ ဖြစ်ပါတယ်။
Holsti က အစိုးရတွေရဲ့ အုပ်ချုပ်ရေးစွမ်းရည် ရှိမရှိကို
အဓိကအချက် (၅)ချက်က ဆုံးဖြတ်ပေး နိုင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ဒီအချက်ငါးချက်ကတော့ ပြည်သူလူထုထံမှ အခွန်ကောက်ယူနိုင်သော စွမ်းရည်ရှိခြင်း၊
ကောက်ယူထားသော အခွန်များဖြင့် အစိုးရရေးရာ ၀န်ဆောင်မှုများ ပေးအပ်နိုင်ခြင်း၊
social control ကို ဒီဂရီအတိုင်းအတာတခုအထိ ကျင့်သုံးနိုင်ခြင်း၊ ပြည်သူလူထုထံတွင်
အစိုးရကိုဆန့်ကျင်ရန် လက်နက်များကိုင်ဆောင်ထားမှုမရှိခြင်းနဲ့
တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အစိုးရတခုရဲ့ အားသာချက်ကတော့
တရားဝင်မှု (legitimacy) ပဲ ဖြစ်ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေက အုပ်ချုပ်နေတဲ့
အစိုးရရဲ့ အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ထားခြင်း ရှိမရှိ ဆိုတာနဲ့ တရားဝင်မှုကို
တိုင်းတာနိုင်ပါတယ်။ တိုင်းပြည်အားလုံးဟာ အစကနဦးမှာတော့ အားနည်းတဲ့ နိုင်ငံတွေပဲ
ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာတင် ဖြစ်ပွားခဲ့တာ
မဟုတ်ပါဘူး။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ နှစ်ပေါင်းများစွာ
ဖြစ်ပွားခဲ့ပါတယ်။ ဥရောပတိုက်မှာ ရာနဲ့ချီတဲ့ နှစ်ပေါင်းများစွာ
တိုင်းပြည်တည်ထောင်မှုစစ်ပွဲတွေ ဖြစ်ခဲ့ပြီးမှ၊ ယနေ့ ဥရောပဆိုတာ ဖြစ်လာခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုဟာလဲ ပြည်တွင်းစစ်နဲ့ တိုင်းပြည်ပေါင်းစည်းတည်ထောင်မှု
လုပ်ထားခဲ့တဲ့ တိုင်းပြည်ပါ။ ဒီလိုဆိုလို့ ပြည်တွင်းစစ်ဟာ လက်ခံဖွယ်ရာရှိတယ်လို့
ဆိုလိုတာ မဟုတ် ပါဘူး။ ပြည်တွင်းစစ်ဟာ တိုင်းပြည်တည်ထောင်ခြင်းရဲ့ အစိတ်အပိုင်းတခု
ဖြစ်ခဲ့ကြောင်း ဖော်ပြတာ ဖြစ်ပါတယ်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေမှာ စစ်ပွဲတွေ
ဖြစ်တတ်တယ်ဆိုတာ သိရှိမှသာ၊ စစ်ပွဲတွေ မဖြစ်အောင် ဘယ်လိုကြိုတင်ပြင်ဆင်
ထားသင့်တယ်ဆိုတာကို စဉ်းစားတွေးခေါ်ထားနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေမှာ စစ်ပွဲတွေမဖြစ်အောင်
အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူတွေအကြားမှာ လူမှုရေးပဋိညာဉ် (social contract) ကို
တည်ဆောက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးပညာရှင် Addison နဲ့ Murshed ဆိုသူတို့က
လူမှုပဋိညာဉ် ဆိုတာကို နိုင်ငံသားများ၊ လုပ်ငန်းရှင်များနဲ့ အစိုးရများရဲ့
ပြုမူဆောင်ရွက်ချက်များကို လမ်းညွှန်ပြသပြီး၊ ပဋိပက္ခများကို အကြမ်းမဖက်ပဲ
ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းကို အထောက်အကူပြုသော စည်းမျဉ်းများလို့
အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့ပါတယ်။ ဒီလို စည်းမျဉ်းတွေဟာ စာနဲ့ ရေးသားထားတာတွေလဲ
ဖြစ်နိုင်သလို၊ စာနဲ့ မရေးသားထားတာတွေလဲ ရှိနိုင်ပါတယ်။ ဒီစည်းမျဉ်း တွေကို
နိုင်ငံရေးအဆောက်အအုံများ (ဥပမာ- ပါလီမန်များ၊ ညီလာခံများ)၊
ယုံကြည်ကိုးကွယ်မှုဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ moral code များ၊ စီးပွားရေးဖြစ်စဉ်များစတဲ့
အင်စတီကျူးရှင်း အများအပြားမှာ ဖော်ပြထားကြပါတယ်။
လူမှုရေးပဋိညာဉ်ပျက်စီးခြင်းရဲ့ ဥပမာတခုကို
ဗြိတိသျှသတင်းစာ တခုက အီရတ်အမျိုးသား တယောက်ကို ကျူးကျော်ဝင်ရောက်စွက်ဖက်ပြီး
တနှစ်အလိုမှာ တွေ့ဆုံ မေးမြန်းခဲ့တဲ့ အင်တာဗျူးတခုမှာ တွေ့နိုင်ပါတယ်။ သူဆိုခဲ့တာက
(၂၀၀၃) ခုနှစ် မတိုင်မီက သူဟာ ကော်ဖီဆိုင်တခုကို သူ့အသက်ဆုံးရှုံးမှာ မကြောက်ပဲ
ဝင်ရောက်သွားနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် စစ်ပွဲကြောင့်
တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားတဲ့အတွက် ကော်ဖီထွက်ဝယ်ခြင်းဟာလဲ
ဘ၀အဆုံးသတ်သွားမလား လို့ ကြိုတင်ခန့်မှန်းလို့ မရတဲ့ ကြောက်စိတ်တွေကို
ဝင်လာစေပါတယ်။
ဒီအခြေအနေမှာ ပျက်စီးသွားတဲ့ လူမှုရေးပဋိညာဉ်က အစိုးရက
လူထုကို ကာကွယ်စောင့်ရှောက်တဲ့ ပဋိညာဉ် မဟုတ်ပါဘူး။ နိုင်ငံသူနိုင်ငံသားများထဲမှာ
လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်တဲ့ အကြမ်းဖက်သမားများ ပေါ်ပေါက်လာတဲ့အတွက်
နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းအကြားမှာ
ဖြစ်တည်တဲ့ လူမှုရေးပဋိညာဉ်
ပျက်စီးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးပဋိညာဉ်တွေဟာ အစိုးရနဲ့ ပြည်သူ
အကြားမှာတင် တည်ဆောက်ရမှာ မဟုတ်ပဲ၊ ပြည်သူများအချင်းချင်း အကြားမှာလဲ တည်ဆောက်ဖို့
လိုအပ်ပါတယ်။ လူမှုရေးပဋိညာဉ်ရှိတဲ့အခါ လူ့အဖွဲ့အစည်းအတွင်းမှာ ယုံကြည်မှုတွေ
မြင့်မား လာစေပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းကို စီးပွားရေးအခြေအနေနဲ့
နိုင်ငံရေးအခြေအနေတွေက ခြိမ်းခြောက်လာတဲ့အခါ၊ လူထုဟာ တရားဥပဒေကို လေးစားလိုက်နာမှု
လျော့နည်းလာပြီး၊ လူမှုရေးပဋိညာဉ် ပျက်စီးသွားနိုင်ပါတယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်လာခဲ့တဲ့
နိုင်ငံတွေရဲ့ ဥပမာကို ကြည့်မယ်ဆိုရင်၊ အစိုးရ အများစုဟာ ကွဲပြားခြားနားတဲ့
လူ့အဖွဲ့အစည်းတွေကို စုပေါင်းပြီး အုပ်ချုပ်ကိုင်တွယ်ရတဲ့ တာဝန်ဟာ
ကြီးမားကြောင်းကို လွတ်လပ်ရေးရပြီးမှ နားလည်လာခဲ့ကြပါတယ်။
အစိုးရအများစုက ပြည်သူ့ဝန်ဆောင်မှုတွေကို ပေးအပ်ပြီး၊
အစိုးရနဲ့ပြည်သူအကြားက လူမှုရေး ပဋိညာဉ်တွေကို တည်ဆောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။
သို့ပေမယ့် (၁၉၈၀) ကာလတွေမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ်တွေရဲ့
ဆိုးကျိုးတွေကြောင့် အစိုးရ၀င်ငွေတွေ ကျဆင်းပြီး၊ ပြည်သူ့ ၀န်ဆောင်မှုတွေ
ပြိုလဲခဲ့ပါတယ်။ အစိုးရ ၀န်ထမ်းတွေက လစာလုံလောက်စွာ မရတဲ့အတွက် လာဘ်စားမှုတွေ
ကြီးမားလာပြန်ပါတယ်။ ဆင်းရဲနွမ်းပါးမှုပြဿနာ ကြီးထွားလာပြီး၊ ရာဇ၀တ်မှုလဲ
ထူပြောလာပါတယ်။ လူမှုရေးပဋိညာဉ်တွေပျက်ပြီး၊ အဆုံးမှာ အကြမ်းဖက်မှု ပဋိပက္ခတွေ
ပေါ်ထွက် လာပါတယ်။
ပြည်တွင်းစစ် ဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး လေ့လာကြတဲ့
နိုင်ငံရေးသုတေသီတွေက ဒီမိုကရေစီ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့
ပြည်တွင်းစစ်များအကြောင်းကိုလဲ သုတေသနပြုခဲ့ကြပါတယ်။ နိုင်ငံရေးပညာရှင် Hegre နဲ့
ပညာရှင်များက (၁၈၁၆-၁၉၉၂) ခုနှစ်များအတွင်းက နိုင်ငံပေါင်း (၁၅၂) နိုင်ငံရဲ့
ဒီမိုကရေစီ၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ပြည်တွင်းစစ်တို့အကြား ဆက်နွယ်မှုတွေကို
လေ့လာ ခဲ့ပါတယ်။ သုတေသနပြုချက်အရ နိုင်ငံရေးတည်ငြိမ်မှုဟာ ဒီမိုကရေစီစနစ်
ထွန်းကားမှုနဲ့ ဆက်နွယ် နေကြောင်း အဖြေထွက်လာပါတယ်။ ဒီမိုကရေစီနဲ့
ပဋိပက္ခတို့အကြားက ဆက်နွယ်မှုဟာ " ဂ " ပုံသဏ္ဍာန်နဲ့ တူပါတယ်။ ဒီမိုကရေစီစနစ်
စတင်ချိန်မှာ လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်မှုတွေ ပေါ်ထွက်နိုင်ပြီး၊ တစထက်တစ
ဒီမိုကရေစီ စနစ် ရင့်ကျက်လာတာနဲ့အမျှ၊ ဒီလို အကြမ်းဖက်မှုတွေဟာ
လျော့ကျသွားစေနိုင်ပါတယ်။
အစိတ်အပိုင်းတချို့မှာ လမ်းဖွင့်ပေးပြီး၊
တစုံတရာဖိနှိပ်မှုတွေ ရှိနေတဲ့ တပိုင်းတစ ဒီမိုကရေစီစနစ် (Semi-democratic
systems) တွေဟာ ပုန်ကန်ခြားနားမှုတွေကို ဖိတ်ခေါ်တာနဲ့ အတူတူပဲဖြစ်ပါတယ်။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခြင်း (သို့မဟုတ်)
ဒီမိုကရေစီစနစ်ကို အာဏာသိမ်းခြင်းပြုလုပ်တဲ့
နိုင်ငံရေးအသွင်ကူးပြောင်းချိန်တွေတိုင်းမှာ အခြေအနေကို မကျေနပ်တဲ့ အုပ်စုများရဲ့
ပုန်ကန်မှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။ ရုတ်ခြည်း ဒီမိုကရေစီစနစ်
ကျင့်သုံးမှုများဟာလဲ ပြောင်းလဲမှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ရွေးကောက်ပွဲများဟာ
လူမှုရေးရင်ကြားစေ့မှုကို ဆောင်ရွက်ပေး နိုင်သလို၊ တခါတရံမှာ
အကြမ်းဖက်မှုများကိုလဲ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
နိုင်ငံရေးပြောင်းလဲမှုတွေဟာ ပြည်တွင်းစစ်တွေကို
ဖြစ်ပွားစေနိုင်ပါတယ်။ အဓိကဖြစ်စေတာတွေကတော့ အစိုးရအုပ်ချုပ်ရေးစွမ်းရည်
အားနည်းချက်ရှိခြင်း၊ ဒီမိုကရေစီကျင့်စဉ်များကို ကျင့်သုံးမှုအားနည်းခြင်းနဲ့
ယုံကြည်မှုပျက်ပြားခြင်း၊ လူမှုရေးပဋိညာဉ် ပျက်စီးသွားခြင်း စတာတွေ ဖြစ်ပါတယ်။
သို့ပေမယ့် နိုင်ငံရေးရာ အကြောင်းတရားတွေကပဲ စစ်ပွဲတွေကို ဖြစ်ပေါ်လာစေတာ
မဟုတ်ပါဘူး။ အခြား လူမျိုးစုရေးရာ အကြောင်းတရားများနဲ့ နိုင်ငံတကာရေးရာ
အကြောင်းတရားများလဲ ရှိပါသေးတယ်။
နိုင်ငံတကာရေးရာ အကြောင်းတရားများ
ကိုလိုနီခေတ်နယ်မြေဒေသ
ခွဲဝေသတ်မှတ်မှုတွေကို ဒေသခံပြည်သူတွေရဲ့ သဘောတူညီချက်မရှိပဲ နယ်ချဲ့နိုင်ငံတွေက
အတင်းအကြပ် သတ်မှတ်ခဲ့မှုတွေကလဲ ပြည်တွင်းစစ်ဖြစ်ပွားစေခဲ့တဲ့ အကြောင်း
တရားတွေထဲမှာ ပါဝင်ပါတယ်။ (၁၉၄၀) ကနေ (၁၉၆၀) ကာလတွေမှာ ကိုလိုနီစနစ်မှ
လွတ်လပ်လာတဲ့ နိုင်ငံတွေမှာ ကိုလိုနီစနစ်က အမွေဆိုးအဖြစ် ခွဲဝေသတ်မှတ်ပေးထားခဲ့တဲ့
နေရာဒေသတွေပေါ်မှာ အခြေတည်ပြီး၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒါတင်မကပဲ နယ်ချဲ့အုပ်ချုပ်သူတွေက
အချို့လူမျိုးစုများကို လူမှုရေးနဲ့ စီးပွားရေးအဆင့်အတန်းမှာ မျက်နှာသာပေးသွေးခွဲ
အုပ်ချုပ်ခဲ့မှုတွေကလဲ နောင်တချိန်မှာ ပြဿနာတွေ တက်လာစေခဲ့ပါတယ်။ နာမည်ကြီးတဲ့
ဖြစ်ရပ်ကတော့ ရ၀မ်ဒါမှာ ဘယ်ဂျီယံနယ်ချဲ့တွေက Tutsi လူမျိုးစုတွေကို
မျက်နှာသာပေးခဲ့ပြီး၊ သီရိလင်္ကာမှာ တမီးလ်လူမျိုးစုတွေကို မျက်နှာသာပေးခဲ့ပါတယ်။
ဒါတွေဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွေမှာ ပြဿနာမီးပွားတွေ ဖြစ်လာခဲ့ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်းတက်လာတဲ့ အစိုးရတွေက
နယ်ချဲ့ဆန့်ကျင်ရေး လုပ်ခဲ့သူများက ဦးဆောင်တာဖြစ်တဲ့အတွက် နယ်ချဲ့မျက်နှာသာပေးခံ
ဖြစ်ခဲ့တဲ့ လူမျိုးစုတွေကို ပြန်လည်ဖိနှိပ်မှုတွေ ရှိလာခဲ့လို့ပါ။
ကိုလိုနီအုပ်ချုပ်ရေးစနစ်ဟာ
အပေါ်ကနေ လာတဲ့ နိုင်ငံရေးကို အခြေခံထားပါတယ်။ ဒီစနစ်ဟာ အစိုးရနဲ့ ပြည်သူအကြားမှာ
လူမှုရေးပဋိညာဉ်များ ပေါ်ထွက်လာရေးနဲ့ တက်ကြွတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း
ပေါ်ထွက်လာရေးကို အလေးဂရုမပြုတဲ့ စနစ်ဖြစ်တာကြောင့်၊ ဒီစနစ်အမြစ်တွယ်ခဲ့တဲ့
တိုင်းပြည်တွေမှာ အာဏာရှင်စနစ် ဆက်လက်ထွန်းကားလာတတ်တာတွေ ရှိပါတယ်။ ဒါတင်မကပဲ
နယ်ချဲ့နိုင်ငံတွေဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်စဉ်ကာလတလျှောက်မှာ တိုင်းပြည်ရဲ့
အဖိုးတန်သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲခဲ့ကြပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစနစ်မှာကလဲ
နိုင်ငံကြီးများက ထိန်းချုပ်ထားတဲ့ တန်းတူညီမျှမှု မရှိသော ကုန်သွယ်ရေးစနစ်ကို
ဆက်လက်ကျင့်သုံးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအနေနဲ့
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများအပေါ်မှာ မမှီခိုပဲ
လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်တွေကို ကန့်သတ်ထားပါတယ်။ လက်ရှိအခြေအနေအထိ
ကိုလိုနီလက်အောက်ခံနိုင်ငံဖြစ်ခဲ့တဲ့ တိုင်းပြည်အများစုရဲ့ နိုင်ငံတော်ဝင်ငွေဟာ
အခြေခံစားသောက်ကုန်များဖြစ်တဲ့ (ဆန်၊ ကော်ဖီ၊ လက်ဖက်ခြောက်) ဆိုတာတွေအပေါ်မှာ
မူတည်နေရဆဲပဲဖြစ်ပြီး၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ မညီမျှမှုကြောင့်
ဆင်းရဲနွမ်းပါးမှုထောင်ချောက်ထဲကနေ ရုန်းမထွက်နိုင်ပဲ ရှိပါသေးတယ်။
ဆင်းရဲနွမ်းပါးမှုထောင်ချောက် (poverty trap) ဟာလဲ ပဋိပက္ခနဲ့ စစ်ပွဲတွေကို
ဦးတည်စေတတ်ပါတယ်။
စိုက်ပျိုးရေးကို အခြေမခံပဲ၊ သဘာဝသယံဇာတကို အခြေခံတဲ့
စီးပွားရေးအဆောက်အုံရှိတဲ့ တိုင်းပြည် တွေမှာ ကျတော့လဲ
ဒီလိုစီးပွားရေးအဆောက်အအုံနဲ့ လိုက်လျောညီထွေမရှိတဲ့ နိုင်ငံရေး စနစ်တွေ
ကျင့်သုံးလာတာကြောင့် ပဋိပက္ခ စွန့်ဦးတီထွင်သူများ (conflict entrepreneurs) များရဲ့
အာရုံစိုက်မှုခံရပြီး သဘာဝသယံဇာတကြောင့် ဖြစ်တဲ့ စစ်ပွဲတွေနဲ့
ပြည့်နှက်လာပြန်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးကာလ၊ တနည်းဆိုရင် တိုင်းပြည်ငယ်လေးများ
လွတ်လပ်ရေးရပြီးပေါ်ထွက်လာသော ကာလကနေ အစပြုပြီး၊ ၁၉၉၀ ကာလများကျမှ အဆုံးသတ်သွားတဲ့ စစ်အေးတိုက်ပွဲကလဲ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲများနဲ့ ဆက်နွယ်ပတ်သက်နေပါတယ်။ အင်အားကြီးနိုင်ငံများ အကြားမှာ ထိပ်တိုက်တွေ့ခဲ့တဲ့ ဒီစစ်ပွဲဟာ စစ်အေးတိုက်ပွဲသာဖြစ်တဲ့အတွက် စစ်ပွဲကြောင့် ထိခိုက်သေဆုံးရသူများ မရှိဘူးလို့ အချို့က ထင်ချင်ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် နှစ်ဘက်အင်အားကြီး နိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ပြည်တွင်းရေးတွေမှာ proxy wars များ ဆင်နွှဲပြီး၊ အစိုးရစစ်တပ်တွေ ဘက်ကရော၊ လက်နက်ကိုင်တော်လှန်ရေးသမားတွေ ဘက်ကရော ၀င်တိုက်ခဲ့ကြပါတယ်။
လွတ်လပ်ရေးရပြီးပေါ်ထွက်လာသော ကာလကနေ အစပြုပြီး၊ ၁၉၉၀ ကာလများကျမှ အဆုံးသတ်သွားတဲ့ စစ်အေးတိုက်ပွဲကလဲ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲများနဲ့ ဆက်နွယ်ပတ်သက်နေပါတယ်။ အင်အားကြီးနိုင်ငံများ အကြားမှာ ထိပ်တိုက်တွေ့ခဲ့တဲ့ ဒီစစ်ပွဲဟာ စစ်အေးတိုက်ပွဲသာဖြစ်တဲ့အတွက် စစ်ပွဲကြောင့် ထိခိုက်သေဆုံးရသူများ မရှိဘူးလို့ အချို့က ထင်ချင်ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် နှစ်ဘက်အင်အားကြီး နိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ပြည်တွင်းရေးတွေမှာ proxy wars များ ဆင်နွှဲပြီး၊ အစိုးရစစ်တပ်တွေ ဘက်ကရော၊ လက်နက်ကိုင်တော်လှန်ရေးသမားတွေ ဘက်ကရော ၀င်တိုက်ခဲ့ကြပါတယ်။
အနောက်နိုင်ငံတွေက တော်လှန်ရေးသမားတွေ၊
ဒီမိုကရေစီဘက်တော်သားတွေဘက်ကပဲ ရပ်တည် တယ်၊ ဆိုဗီယက်က အာဏာရှင်တွေဘက်ကပဲ
ရပ်တည်တယ်လို့ အချို့က ဆိုတတ်ကြပါတယ်။ ဒီအဆိုဟာ မှားပါတယ်။ အလျဉ်းသင့်သလို
ဘက်လိုက်ခဲ့ကြတာပါ။ နှစ်ဘက်စလုံးက သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားပေါ်မှာ
မူတည်တွက်ချက်ပြီး အလျဉ်းသင့်တဲ့ဘက်က ၀င်ရောက်ရပ်တည် ခဲ့ကြတာပါ။ လူ့အခွင့်အရေး၊
တရားမျှတမှု ဆိုတာနဲ့ပတ်သက်တဲ့ စဉ်းစားချက်တွေ နှစ်ဘက်စလုံးမှာ
စစ်အေးတိုက်ပွဲကာလတုန်းက မရှိခဲ့ပါဘူး။ စစ်အေးတိုက်ပွဲပြီးမှ ဒါတွေက
ပေါ်ထွက်လာတာပါ။
အချို့ပညာရှင်များကတော့
ဂလိုဘယ်လိုင်ဇေးရှင်းကိုလဲ ပဋိပက္ခတွေဖြစ်ပွားစေတဲ့ အကြောင်းရင်းတရပ် အနေနဲ့
သတ်မှတ်ကြပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းကြောင့် တန်းတူညီမျှမှု မရှိတာတွေ၊
လူမှုပြောင်းရွှေ့နေရာချထားမှုတွေ ဖြစ်လာပါတယ်။
ကမ္ဘာ့လုပ်ငန်းကြီးများက ကုန်ကျစရိတ် နည်းပါးတဲ့
တိုင်းပြည်တွေကို ရွှေ့ပြောင်းနေရာချထားကြပါတယ်။ တိုင်းပြည်ငယ်လေးတွေက
နိုင်ငံကြီးများက လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့
နိုင်ငံခြားရင်းနှီး မြှုပ်နှံရန် သင့်တော်သော အခြေအနေ ကောင်းများ (ဥပမာ-
အခွန်နှုန်းထားပြိုင်ဆိုင်မှုများ၊ လုပ်ခ နည်းပါးမှုများ၊ အိမ်ခြံမြေဈေးနှုန်း
လျှော့ချမှုများ) ဖန်တီးပေးရပါတယ်။ ဒီအခါမှာ ပြည်သူ့ ၀န်ဆောင်မှုများ
လျော့ကျသွားတာတွေရှိပြီး၊ အစိုးရနဲ့ ပြည်သူအကြားက လူမှုရေးပဋိညာဉ်ကို
ခြိမ်းချောက်လာတာတွေ ရှိပါတယ်။
နိုင်ငံရေးပညာရှင် FitzGerald ဆိုသူက
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ
လိုအပ်ကြောင်းနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေကို
ရင်းနှီးမြှုပ်နှံလိုတဲ့ လုပ်ငန်းကြီးတွေက ရှောင်ရှားလေ့ရှိကြကြောင်း ဆိုထားပါတယ်။
သို့ပေမယ့် သဘာဝသယံဇာတ (ရေနံ၊ ကျောက်မျက် ရတနာ စသည်များ) နဲ့ ပတ်သက်တဲ့
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကတော့ သူတို့ လုပ်ငန်းလုပ်လို့
အဆင်ပြေနိုင်တယ်ဆိုရင် ဒီလိုနိုင်ငံမျိုးတွေက ရနိုင်မယ့် အခွင့်အလမ်းတွေ ပိုများကြောင်း
သိနားလည်ပြီး risks ယူလေ့ရှိကြပါတယ်။
ဒီအခြေအနေကိုလဲ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့
လက်နက်ကိုင်အင်အားစု ခေါင်းဆောင်များရော၊ အစိုးရများကပါ အမြတ်ထုတ်လေ့ရှိကြပါတယ်။
ဥပမာအားဖြင့် အင်ဂိုလာ လက်နက်ကိုင်အင်အားစု UNITA ကို အမေရိကန်ပြည်ထောင်စုနဲ့
တောင်အာဖရိကနိုင်ငံတို့က တိုက်ရိုက်ထောက်ပံ့မှု ရပ်စဲလိုက်ချိန်မှာ၊ နိုင်ငံတကာ
စိန်ရောင်းဝယ်မှုများနဲ့ အဖွဲ့ကို ဆက်လက် အသက်သွင်းခဲ့ပါတယ်။ အခြားတဘက်က
အင်ဂိုလာအစိုးရကတော့ ရေနံထုတ်လုပ်ရေး လိုင်စင်များကို
နိုင်ငံတကာလုပ်ငန်းကြီးများကို ရောင်ချပြီး၊ ရေနံတူးဖော်ရေးဆိုင်ရာ drilling blocs
များကို equity stakes များအဖြစ် လက်နက်ခဲယမ်း လုပ်ငန်းရှင်များကို ပေးအပ်ပြီး၊
စစ်ပွဲဆက်တိုက်ရန် လက်နက်များရယူခဲ့ပါတယ်။ တိုင်းပြည်တခုထဲမှာ
နိုင်ငံသားအချင်းချင်း လက်နက်စွဲကိုင်တိုက်လိုက်ကြတဲ့ ရလဒ်ကတော့ တိုင်းပြည်ရဲ့
သယံဇာတများဖြစ်တဲ့ စိန်နဲ့ ရေနံတွေကို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများက
အောက်ဈေးနဲ့ ခပ်ပေါပေါ ရသွားကြခြင်းပါပဲ။ နိုင်ငံခြား လုပ်ငန်းရှင်တွေက
တရားမ၀င်လမ်းကြောင်းများ အသုံးပြုပြီး၊ လက်နက်ကိုင် သူပုန်တွေဘက်ကရော၊
အစိုးရဘက်ကပါ အမြတ်ထုတ်သွားနိုင်ကြပါတယ်။ ပြည်တွင်းက ပြည်သူတွေက ဘက်နှစ်ဘက်မှာ
ဝင်ပါပြီး၊ တိုက်ခိုက်ရေး အာရုံစိုက်နေကြချိန်မှာ ကျောက်မျက်ရတနာတူးဖော်ရေး၊
သစ်တော ထုတ်လုပ်ရေး ကဏ္ဍတွေမှာ နိုင်ငံခြားလုပ်ငန်းများက
ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီး၊ ဈေးချိုချိုနဲ့ အချောင် ရယူလေ့ရှိတတ်ကြပါတယ်။
စစ်ပွဲများဖြစ်ပြီး၊ တရားဥပဒေစိုးမိုးမှု အားနည်းနေချိန်တွေမှာ
မူးယစ်ဆေးဝါးကုန်ကူးအဖွဲ့များ၊ လူကုန်ကူးအဖွဲ့များနဲ့
အခြားရာဇ၀တ်အဖွဲ့အစည်းများစွာလဲ ပေါ်ထွက်တတ်ပါတယ်။ ဒီအဖွဲ့တွေဟာ
နိုင်ငံရေးရာအယောင်ပြပြီး လှုပ်ရှားတာတွေလဲရှိသလို၊ သီးခြားရာဇ၀တ်အဖွဲ့အနေနဲ့ပဲ
လှုပ်ရှားတာတွေ လဲ ရှိပါတယ်။ အချို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက
ဒီအဖွဲ့တွေကို လက်နက်ခဲယမ်း ထောက်ပံ့ပေးပြီး၊ ပြည်ပဈေးကွက်ရှာဖွေပေးတာတွေလဲ
ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ဆက်နွယ်မှုတွေကလဲ ပြည်တွင်းစစ်
ရေရှည်ဖြစ်ပွားစေရေးကို ထောက်ကူပြုပေးနေတတ်တဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
ဒါတင်မကပဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
နိုင်ငံခြားကူညီထောက်ပံ့မှုကလဲ အခန့်မသင့်ရင် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားစေတတ်တဲ့
အကြောင်းရင်း ဖြစ်နေတတ်ပါသေးတယ်။ နိုင်ငံရေးပညာရှင် Anderson ဆိုသူက
နိုင်ငံခြားကူညီထောက်ပံ့မှုကြောင့် စစ်ပွဲပေါ်မှာ သက်ရောက်နိုင်တဲ့ အကျိုးဆက် (၅)
ခုကို ဖော်ပြခဲ့ပါတယ်။ ဒီအကျိုးဆက် (၅) ခုကတော့ ကူညီထောက်ပံ့မှုများအား
နှစ်ဘက်စစ်ပွဲပါဝင်သူများက ခိုးယူအလွဲသုံးစားလုပ်ပြီး လက်နက်များ ၀ယ်ယူခြင်း၊
စစ်ပွဲ စီးပွားရေး (သို့မဟုတ်) ငြိမ်းချမ်းရေး စီးပွားရေးဈေးကွက်ကို
ပံ့ပိုးပေးခြင်း၊ အဖွဲ့အစည်းများအကြား တင်းမာမှုများ (သို့မဟုတ်) ပေါင်းစည်းမှုများ
ဖြစ်စေခြင်း၊ စစ်ပွဲကို ထောက်ခံသော အရပ်သားပြည်သူများက စစ်ပွဲကြောင့်ဖြစ်ပွားသော
ကျန်းမာရေး၊ လူမှုရေး ဆိုးကျိုးများကို မမြင်တော့ပဲ စစ်ပွဲများကို ဆက်လက်ထောက်ခံ
အားပေးလာနိုင်ခြင်း၊ နှစ်ဘက် လက်နက်ကိုင်ဆောင်ထားသူများရဲ့ တရားဝင်မှုကို
ပေးအပ်ခြင်း စတာတွေ ဖြစ်ပါတယ်။
တခါတရံမှာ နိုင်ငံရေးခိုလှုံခွင့် စခန်းများကလဲ
လက်နက်ကိုင် အဖွဲ့အစည်းများ အတွက် အခြေစိုက်ရာ၊ သင်တန်းပေးရာ၊ လူသစ်ရွေးချယ်ရာ
နေရာများ ဖြစ်နေတတ်ကြောင်း ရ၀မ်ဒါနဲ့ အခြားပဋိပက္ခများရဲ့ နိုင်ငံရေးခိုလှုံခွင့်
စခန်းတွေက သက်သေပြခဲ့ပါတယ်။ နိုင်ငံတကာဟာ စစ်ပွဲကို ထောက်ခံအားပေးခြင်း
မပြုဘူးလို့ လူအများက ထင်တတ်ကြပါတယ်။ ဒါပေမယ့် စစ်ပွဲကို ရပ်တန့်စေနိုင်တဲ့
နိုင်ငံတကာရေးရာ အကြောင်းရင်းများလဲ ရှိသလို၊ စစ်ပွဲကို ဖြစ်ပွားစေနိုင်တဲ့
နိုင်ငံတကာ အကြောင်းရင်းများလဲ ရှိကြောင်း အထက်မှာဖော်ပြထားတဲ့ အချက်တွေက
မီးမောင်းထိုးပြထားပါတယ်။
လူမျိုးစုရေးရာ အကြောင်းတရားများ
ပြည်တွင်းစစ်ဖြစ်ပွားစေတဲ့
လူမျိုးစုရေးရာ အကြောင်းတရားတွေထဲမှာ နိုင်ငံတော် တည်ထောင်မှု (state - formation)
ဆိုင်ရာ နိုင်ငံရေး အစီအမံများ (political arrangements) တွေရဲ့ အားနည်းချက်တွေလဲ
ပါဝင်ပါတယ်။ လူမျိုးစုများစုပေါင်းနေထိုင်တဲ့ တိုင်းပြည်တွေမှာ များသောအားဖြင့်
ပြည်ထောင်စုအသွင် သဏ္ဍာန်နဲ့ နိုင်ငံတော်တည်ထောင်မှု ပြုလုပ်လေ့ရှိကြပါတယ်။
နိုင်ငံတော်တည်ထောင်မှုမှာ
ပြည်ထောင်စုအသွင်သဏ္ဍာန်နဲ့ တည်ထောင်မှု ဆိုရင်
နိုင်ငံရေးအရ တန်းတူညီမျှမှု (political equality) နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်
(self- determination) တွေရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒါတွေ မရှိရင်
နိုင်ငံတော်တည်ထောင်မှု ဆိုင်ရာ ပဋိပက္ခ (state – formation conflicts) ဖြစ်ပြီး
ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။
နိုင်ငံတော်တည်ထောင်မှုမှာ တပြည်ထောင်စနစ် (unitary
state system)၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ် (federal state system)၊ သီးခြားခွဲထွက်၍
တိုင်းပြည်တည်ထောင်ရေးစနစ် (separate state system) စသည်ဖြင့် ကွဲပြားပါတယ်။
အခြားသဏ္ဍာန်မူကွဲတွေလဲ ရှိပါသေးတယ်။ တပြည်ထောင်စနစ် (unitary state system) မှာ
နိုင်ငံရေး အစီအမံတွေအားလုံးဟာ ဗဟိုမှာပဲ ချုပ်ကိုင်ထားပါတယ်။
အာဏာပိုင်းခြားသုံးစွဲခြင်း (separation of powers) က အလျားလိုက် သဏ္ဍာန် အနေနဲ့
ရှိပြီး၊ ဒေါင်လိုက် သဏ္ဍာန် မရှိပါဘူး။ အစိုးရတရပ်ပဲ ရှိပါတယ်။ လွှတ်တော် တရပ်ပဲ
ရှိပြီး၊ တရားစီရင်ရေး စနစ် ကွဲပြားမှုတွေ မရှိပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံ
တည်ထောင်ထားမှု စနစ်က unitary state system ဖြစ်ပါတယ်။
ဖက်ဒရယ်နိုင်ငံတော်စနစ် (federal state system) မှာ
နိုင်ငံရေး အစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ separation of
powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ရော၊ ဒေါင်လိုက် သဏ္ဍာန်ပါ ရှိပါတယ်။ ဖယ်ဒရယ်
အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့
လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေး စနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိန္ဒိယနိုင်ငံကဲ့သို့ quasi-
federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော unitarian federal arrangements
စတာတွေကနေ အမေရိကန် ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ
သဏ္ဍာန် အမျိုးမျိုး၊ အာဏာ ခွဲဝေမှု (division of powers) အမျိုးမျိုး
ကွဲပြားကြပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖက်ဒရယ်
အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ
ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေ စက္ကူ ထုတ်လုပ်မှု စစ်ကြေငြာမှု၊
လက်နက်ကိုင်တပ်များ ထားရှိမှု၊ စာပို့စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊
ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers(ပြည်တွင်းကုန်သွယ်ရေးကို
regulate လုပ်ရေး၊ ကျောင်းများ တည်ထောင်ရေး၊ သက်ဆိုင်ရာ ပြည်နယ် အလိုက် ဥပဒေများ
ပြဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရ များက
ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ
တည်ထောင်ရေးနဲ့ ချေးငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။
သီးခြားခွဲထွက်သော နိုင်ငံတော်စနစ် (separate state
system) ဆိုတာကတော့ လူမျိုးရေး၊ ၀ါဒရေး၊ ဘာသာရေး စတာတွေပေါ်မှာ အခြေခံပြီး
သီးခြားနိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယ နိုင်ငံမှ
လွတ်လပ်သော သီးခြား နိုင်ငံအဖြစ် ပါကစ္စတန်နိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း
စတာမျိုး ဖြစ်ပါတယ်။ ဒီလို ကွဲပြားသွားတဲ့ နိုင်ငံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့
အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ခွဲထွက်ပြီး နိုင်ငံတည်ထောင်မှု သဏ္ဍာန် ဖြစ်ပါတယ်။
တိုင်းပြည်တပြည်ရဲ့ အသွင်ကူးပြောင်းရေး ကာလတွေ ဖြစ်တဲ့ တိုင်းတပါး လက်အောက်ခံကနေ
လွတ်လပ်ရေးရစ ကာလ (ဥပမာ- ကိုလိုနီ နိုင်ငံများ) တွေနဲ့ အင်အားကြီး
အာဏာထိန်းချုပ်မှု တစုံတရာ ပျောက်ကွယ်သွားသော ကာလ (ဥပမာ- ဆိုဗီယက်ယူနီယံ၊
ယူဂိုစလားဗီးလား) စတာတွေမှာ ဒီလို separate state ဆိုင်ရာ အရေးတွေ
ပေါ်ထွက်တတ်ပါတယ်။
သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊
ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ
အသွင်ကူးပြောင်းရေးကာလဆိုတာ နိုင်ငံတော် တည်ထောင်မှု (state- formation) လို့
သတ်မှတ်လေ့ရှိကြပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ တန်းတူ ညီမျှမှု ဆိုင်ရာ၊
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အရေးတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး
အဖြေရှာနိုင် ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှု၊
ကတိတည်မှု၊ အပြန်အလှန် လေးစားမှု၊ ပဋိပက္ခရေးရာ ကျွမ်းကျင်သူများရှိမှု၊ ယုံကြည်မှုတည်ဆောက်ရေး
နည်းလမ်းများ(confidence-building measures) ဖော်ဆောင်ထားမှု စတာတွေကို
ကြိုတင်ပြင်ဆင် တည်ဆောက် ထားနိုင်ဖို့ လိုအပ်ပါတယ်။
ဒီလိုမဟုတ်ပဲ နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို တဦး၊
တဖွဲ့၊ တပါတီ တည်းပေါ်မှာ အလုံးစုံ ပုံအပ်ပြီး၊ အသွင်ကူးပြောင်းရေး ကာလအတွက် ကြိုတင်ပြင်ဆင်
တည်ဆောက်ထားမှုတွေ အားနည်းထားခဲ့မယ် ဆိုရင်တော့ အာဏာရ အစိုးရဘက်က
တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို မလေးစားပဲ
အာဏာအလွဲသုံးစားလုပ်ပြီး ဖိအားပေးမှုတွေ ဖြစ်ပွားလာတာနဲ့ ပြည်တွင်းစစ် သေချာပေါက်
ဖြစ်ပါတော့တယ်။
နောက်ထပ်ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့
လူမျိုးစုများအကြားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲတာနဲ့ ဆက်နွယ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေ စုဝေးနေထိုင်တဲ့ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှု
ရှိရေးက အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး လေ့လာသူတွေက တိုင်းရင်းသား
လူမျိုးစုများအရေးနဲ့ ပတ်သက်ပြီး ကဏ္ဍနှစ်ခု ခွဲခြားလေ့လာကြပါတယ်။ ပထမကဏ္ဍကတော့
တိုင်းရင်းသား လူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများနဲ့
ပဋိပက္ခဖြေရှင်းနည်းများကို လေ့လာခြင်း ဖြစ်ပြီး၊ ဒုတိယကဏ္ဍကတော့
တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတွေမှာ တရားမျှတတဲ့ နိုင်ငံရေးစနစ်တွေကို
ဖော်ဆောင်မှုတွေကို လေ့လာဖြင်းဖြစ်ပါတယ်။ ပထမကဏ္ဍဟာ နိုင်ငံရေးအဆောက်အုံ (political
institutions) ဆိုင်ရာ နိုင်ငံရေးသိပ္ပံပညာက မြစ်ဖျားခံလာပြီး၊ ဒုတိယကဏ္ဍကတော့
လူမျိုးစု၊ တရားမျှတမှုနှင့် ဒီမိုကရေစီ ရေးရာ နိုင်ငံရေး သီအိုရီများ၊
နိုင်ငံရေးဒဿနိက အတွေးအခေါ်များကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့
အကြောင်းရင်းများမှာ ရှေးပဝေသဏီ အစဉ်အဆက် ကနေ အမြစ်တွယ် နေခဲ့တဲ့ ဘိုးစဉ်ဘောင်ဆက်
အမုန်းတရားတွေ ပါဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီ
ကိုလိုနီနယ်ချဲ့ ၀ါဒတွေ မကြီးစိုးခဲ့စဉ်က အင်အားကြီး
စစ်ဘုရင်များရဲ့စစ်အင်အားသုံးပြီး နယ်မြေဒေသ သိမ်းသွင်းမှုတွေ၊ တိုင်းနိုင်ငံ
တည်ထောင်ရန် ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ နယ်မြေဒေသ နီးစပ်ရာမှာ
အခြေချနေထိုင်ကြတဲ့ လူမျိုးစုတွေအကြား စစ်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီစစ်ပွဲတွေကနေ
အမုန်းတရားတွေ၊ မယုံကြည်မှုတွေနဲ့ အာဃာတ တရားတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဒီလို ဘိုးစဉ်ဘောင်ဆက် အမုန်းတရားတွေဟာ ဖိနှိပ်မှု
တစုံတရာအောက်မှာ ခေတ္တပျောက်ကွယ်နေပြီး၊ ဖိနှိပ်မှုကနေ လွတ်လပ်လာစဉ်မှာ
အသွင်တမျိုးနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပါတယ်။ ဒါတွေကို အသွင်ကူးပြောင်းကာလတွေမှာ
တာဝန်ယူရတဲ့ အစိုးရတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပဋိပက္ခရေးရာ လေ့လာသူတွေက
သေချာ နားလည်သိရှိထားဖို့ လိုပါတယ်။ ဒီလိုနားလည်သိရှိမှလဲ ငြိမ်းချမ်းစွာ
တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို အင်အားသုံးဖြေရှင်းမှု
နည်းလမ်းတွေထက် ပိုပြီး အလေးထားစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးစုများအကြား သွေးစည်းမှုမှာ
သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအား အရင်းအမြစ်များနဲ့ ပတ်သက်ပြီး
ရိုးသားပွင့်လင်းစွာ သတင်းအချက်အလက် ဖလှယ်မှု၊ စီးပွားရေး ပြိုင်ဆိုင်မှုများ
အကြားမှာ တရားမျှတစွာ ပြိုင်ဆိုင်မှု စတာတွေကလဲ အရေးကြီးပါတယ်။ လူမျိုးစု
ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ လူမျိုးစုတွေအကြား ဆက်ဆံရေး
အားနည်းမှုနဲ့ စီးပွားရေး ပြိုင်ဆိုင်မှုတွေလဲ ပါဝင်ပါတယ်။ စီးပွားရေးအရ
အင်အားကြီးပြီး၊ သယံဇာတ အမြောက်အမြား ကို နယ်မြေထဲမှာ ပိုင်ဆိုင်ထားတဲ့
တိုင်းရင်းသားလူမျိုးစုတွေက စီးပွားရေးအရ အင်အားနည်းပြီး၊ သယံဇာတ
ပိုင်ဆိုင်မှုနည်းတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အတူတကွ
ယှဉ်တွဲနေထိုင်ခြင်းဖြင့် ဘဏ္ဍာရေးအရ ခွဲဝေသုံးစွဲရတာကြောင့် နစ်နာတယ်လို့ ယူဆတာတွေ
ရှိတတ် ပါတယ်။ စီးပွားရေးအရ ဈေးကွက်ကို အပြိုင်အဆိုင်လုကြရင်း၊ သယံဇာတတွေ ရှိတဲ့
နယ်မြေတွေကို လုကြရင်း ဖြစ်လာတဲ့ ပဋိပက္ခတွေလဲ ရှိပါတယ်။ဒီလို
စီးပွားရေးအကြောင်းအရာတွေအပြင် လုံခြုံရေးအကြောင်းအရာတွေလဲ ရှိပါတယ်။ နိုင်ငံကို
အုပ်ချုပ်နေတဲ့ အစိုးရဟာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ လုံခြုံရေးကို
ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတဲ့အခါ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်အချို့က
သူတို့ရဲ့ဒေသ လုံခြုံရေးအတွက် လက်နက်ကိုင် ထားဖို့ လိုအပ်တယ်လို့ ယူဆလာပြီး
လက်ကိုင်ကိုင်အင်အားစုတွေ ဖွဲ့စည်းလာ ကြပါတယ်။ ဒီအခါမှာ လက်နက်ကိုင်အင်အားစု
မရှိတဲ့ တခြားလူမျိုးစုတွေကလဲ လက်နက်ကိုင် အင်အားစုတွေ ထပ်မံ ဖွဲ့စည်းလာကြပါတယ်။
နိုင်ငံအစိုးရကလဲ ဒီလို လက်နက်ကိုင်အင်အားစုတွေ စုဖွဲ့လာမှုအပေါ်တွေမှာ
ပုန်ကန်ထကြွဖို့ ပြင်ဆင်တယ်လို့ ယူဆပြီး စစ်အင်အားသုံး နှိမ်နင်းဖို့
ကြိုးပမ်းပြန်ပါတယ်။
ဒီလိုအခြေအနေကို နိုင်ငံရေးလေ့လာသူတွေကတော့
တိုင်းပြည်ရဲ့ security dilemma လို့ သတ်မှတ်ပါတယ်။ တခါတရံမှာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့
အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ တပ်မတော်ကိုယ်တိုင်က လူတစုရဲ့
ခြယ်လှယ်မှုကို ခံနေရပြီး တိုင်းရင်းသား လူမျိုးစုများရဲ့ အသက်၊ အိုးအိမ်၊
စည်းစိမ် လုံခြုံရေးကို ခြိမ်းခြောက်နေသလို ပြန်ဖြစ်နေတာတွေလဲ ရှိပါတယ်။
ဒီလိုတိုင်းပြည်တွေဟာ ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာနဲ့ နိုင်ငံရေး
မတည်ငြိမ်မှု ပြဿနာတွေအကြားမှာ နွံနစ်နေတတ်ပါတယ်။
နောက်ထပ်အကြောင်းရင်းတခုကတော့
multi-ethnic societies တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘိုးဘွားအမွေ
နယ်မြေပိုင်ဆိုင်မှု ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေမှာ သူတို့ရဲ့
ethno-symbolism ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ရှေးအစဉ်အဆက်ကနေ သူတို့ရဲ့
နယ်မြေလို့ သတ်မှတ်ထားတဲ့ နယ်မြေဒေသတွေ ရှိပါတယ်။ ဒါတွေကို ဘိုးဘွားအမွေ
နယ်မြေတွေလို့ သတ်မှတ်ယူဆကြပါတယ်။ ဒီနယ်မြေတွေဟာ တခါတရံမှာ အခြားလူမျိုးစုတွေက
ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားကြတဲ့ နယ်မြေတွေလဲ ဖြစ်နေတတ်ပြန်ပါတယ်။ ဒီလို
နယ်မြေတွေ သီးခြားသတ်မှတ် ထားနိုင်ခြင်း မရှိတဲ့အခါ နယ်မြေလုရာကနေ
ဖြစ်ပွားလာတတ်တဲ့ လူမျိုးစုပဋိပက္ခတွေလဲ ရှိတတ်ပါတယ်။
အချို့သော နိုင်ငံရေးပညာရှင်တွေကတော့ လူမျိုးစုပဋိပက္ခတွေ
ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်၊ အယူအဆတွေကလဲ
အကြောင်းရင်းတရပ်အနေနဲ. ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။ သူတို့ရဲ့အယူအဆ အရ ethnic
identity တွေဟာ သူ့ဘာသာသူ ရှိနေပြီးသား ဖြစ်နေတဲ့ အပေါ်မှာ
နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သမိုင်းဆရာတွေက အမျိုးသားရေးအမြင်တွေနဲ့
ထပ်လောင်းပုံဖော်ပြီး မျက်ကန်းမျိုးချစ်စိတ်တွေ၊ လူမျိုးကြီးဝါဒတွေ၊ လူနည်းစု
သိမ်ငယ်စိတ် တွေကို ရိုက်သွင်းရာကနေ လူမျိုးစုပဋိပက္ခတွေ ပေါ်ထွက်လာတာလို့
ရှုမြင်ကြပါတယ်။
ethnic identity တွေကို လိုသလို
ဖြည့်ဆည်းထည့်သွင်းသတ်မှတ်လို့တော့ မရနိုင်ပါဘူး။ နိုင်ငံသား (citizenship) နဲ့ လူမျိုးဆိုတာ
ကွဲပြားခြားနားပါတယ်။ သို့ပေမယ့် ရှိပြီးသား ethnic identity ကို
ထပ်လောင်းပုံဖော်ပြီး နိုင်ငံရေးအရ manipulate လုပ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ-
အသွင် ကူးပြောင်းရေးကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရခေါင်းဆောင်တွေက သူတို့ရဲ့ အာဏာ
တည်မြဲရေး အတွက် လူမျိုးစုတခုရဲ့ အတိတ်သမိုင်းတွေကို အသုံးချပြီး
လူမျိုးကြီးဝါဒကို ရိုက်သွင်းလာတဲ့အခါ၊ အခြားလူမျိုးစုတွေကို အနှိမ်ခံရတယ်ဆိုတဲ့
သိမ်ငယ်စိတ်တွေ ၀င်လာအောင် ပြုလုပ်လိုက်သလို ဖြစ်နိုင်ပါတယ်။
လူမျိုးရေးမှာမှ ဘာသာရေးအရပါ ကွဲပြားမှုတွေ ဖြစ်နေရင်
အခြေအနေတွေက ပိုပြီး ဆိုးဝါးသွား တတ်ပါတယ်။ မျိုးချစ်စိတ်ဟာ ကောင်းမွန်ပါတယ်။
ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တာ ကလဲ ကောင်းမွန်ပါတယ်။ သို့ပေမယ့်
လွန်ကဲသွားပြီး မျိုးချစ်စိတ်ကနေ မျက်ကန်းမျိုးချစ်ဝါဒကို ကိုင်စွဲလာတဲ့ အခါ၊ ဒါမှ
မဟုတ် ကိုးကွယ်ရာဘာသာ၊ သာသနာကိုပဲ ဦးထိပ်တင်ပြီး အခြား ဘာသာ၊ သာသနာကို ခွဲခြားမှု
ရှိလာတဲ့အခါ တိုင်းရင်းသားလူမျိုးစု အများအပြား နေထိုင်ရာ
တိုင်းပြည်တခုမှာပဋိပက္ခနဲ့ စစ်ပွဲတွေကို ဦးတည်သွားစေတော့တာပါပဲ။ ဒီအချက်ဟာ
အသွင်ကူးပြောင်းရေးကာလတွေမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာရယူထားသူများရဲ့
အမြော်အမြင်နဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ မူတည်တတ်ပါတယ်။
ဒီလို အကြောင်းရင်းတွေကြောင့် လူမျိုးစု ပဋိပက္ခတွေ
ဖြစ်လာတဲ့အခါ ကိုင်တွယ် ဖြေရှင်းပုံတွေပေါ် မူတည်ပြီး ပြည်တွင်းစစ်မီးတောက်တွေ
ကြီးထွားလာခြင်း၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခြင်းဆိုတဲ့ ရလဒ်တွေ
ထွက်ပေါ်လာနိုင်ပါတယ်။ တိုင်းရင်းသား လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ Hegemonic
Control နည်းလမ်းကို သုံးပြီး၊လူမျိုးစုများ နေထိုင်ရာ ဒေသတွေကို အစိုးရက
ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာမှုကင်းသော လုပ်ရပ်များဖြင့်
ခြိမ်းခြောက်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊နယ်မြေသိမ်းပိုက်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း၊
ကျေးရွာများနဲ့ မြို့များကို ပြောင်းရွှေ့ နေရာချထားခြင်း၊ အတင်းအဓမ္မ
လက်နက်ချခိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း စတာတွေကို အချို့အစိုးရတွေက
ကျင့်သုံးလေ့ရှိကြပါတယ်။ ဒီနည်းလမ်းဟာ လူမျိုးစု ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပဲ
လူမျိုးစုများအကြား အာဃာတ တရားတွေ၊ အမုန်းတရားတွေ ကိုသာ ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် လူမျိုးကြီးဝါဒကို ကျင့်သုံးသူများက စစ်တပ်ကို
ကြိုးကိုင်ခြယ်လှယ်ထားခဲ့ရင် စစ်တပ်ထဲမှာ ပါဝင်တာကလဲ လူမျိုးစုမျိုးစုံ ဖြစ်ပေမယ့်
လူမျိုးကြီး တခုရဲ့ လုပ်ရပ်လို့ပဲ ထင်သွားတတ်ပြီး လူမျိုးစုများအကြား စည်းလုံးမှုတွေ
ပြိုကွဲတတ်ပါတယ်။
အင်အားသုံး ဖြေရှင်းမှုနဲ့ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကို မည်သည့်အခါမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
ညီအစ်ကိုချင်းမှာတောင် အင်အားသုံးပြီး ပြဿနာဖြေရှင်းမှုတွေ ရှိလာတဲ့အခါ
သွေးကွဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ တဘက်ကို ခေါင်းမထောင်နိုင်အောင်
ဖိနှိပ်ထားမှုကြောင့် ပြဿနာ ဖြေရှင်းနိုင်မယ်လို့ ယူဆမှုတွေဟာ မှားယွင်းတဲ့
အယူအဆတွေပါပဲ။ ဖိနှိပ်လေ၊ ပြဿနာ ပိုပြီး ကြီးထွားလေ ဖြစ်လာတတ်ပါတယ်။ (၁၉၉၄)
ခုနှစ်တုန်းက ကမ္ဘာတ၀ှမ်းလုံးကို တုန်လှုပ်ချောက်ချား စေခဲ့တဲ့ ရ၀မ်ဒါ လူမျိုးတုန်း
သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။လူသန်းပေါင်းများစွာ အချိန်အနည်းငယ်အတွင်းမှာ
တဦးနဲ့ တဦးသတ်ဖြတ်မှုတွေ ဖြစ်ပွားစေအောင် ဘာတွေက လှုံ့ဆော်ပေးခဲ့ပါသလဲ။
အဓိကကတော့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုပဲ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းအတွင်းမှာ Tutsi ဆိုရင် ပါဝါပိုရှိပြီး၊ Hutu ဆိုရင် ဖိနှိပ်ခံ လို့
သတ်မှတ်ရာကနေ အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုဟာ ကြောက်မက်ဖွယ်ရာ လူသတ်ပွဲကြီးကို
ဖြစ်ပွားစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ပြန်ပြောင်းပြောမိကြတဲ့အခါတိုင်း
အချို့ပညာရှင်တွေက When Victims become Killers လို့ စိတ်မကောင်းစွာ
မှတ်ချက်ပြုကြပါတယ်။ အင်အားသုံးမှု၊ အကြောက်တရားနဲ့ ဖိနှိပ်မှုတွေဟာ ပဋိပက္ခတွေကို
မဖြေရှင်းနိုင်ပါဘူး။ ပဋိပက္ခတွေကိုသာ ပိုပြီး ကြီးထွားစေတတ်ပါတယ်။ Hegemonic
Control ဟာ ရေရှည်နိုင်ငံရေးတည်ငြိမ်မှုကို ဘယ်လိုမှ ဆောင်ကျဉ်းပေးနိုင်မှာ
မဟုတ်ပါဘူး။
နောက်ထပ်
အင်အားသုံး ဖြေရှင်းမှုတခုကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ တိုင်းပြည်ရဲ့
နယ်နိမိတ်အတွင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်တွေကို ပိတ်ပင်တားဆီးတာပဲ
ဖြစ်ပါတယ်။ လူမျိုးစုတွေကို သူတို့ရဲ့ သက်ဆိုင်ရာ နယ်မြေဒေသတွေမှာ နေထိုင်ဖို့
အတင်းအကြပ် ရွှေ့ပြောင်း ခိုင်းတာတွေ၊ အခြားဒေသမှာ ရောက်ရှိနေထိုင်သူတွေကို သက်ဆိုင်ရာ
ဒေသတွေကို အတင်းအကြပ် ပြန်ခိုင်းတာတွေ၊ သက်ဆိုင်ရာ ဒေသမဟုတ်ပဲ ရောက်နေတဲ့
လူမျိုးတွေ အချင်းအချင်း အလဲအလှယ်ပြုပြီး ရွှေ့ပြောင်းနေရာချထားတာတွေဟာ
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲ စေတဲ့ အင်အားသုံးမှုတွေပဲ ဖြစ်ပါတယ်။
လူမျိုးရေး ပဋိပက္ခတွေကို transcendent identity တခုကို သတ်မှတ်ပြီး
ဖြေရှင်းကြတာတွေလဲ ရှိပါတယ်။ ဒီလို သတ်မှတ်ရာမှာ သက်ဆိုင်ရာ နိုင်ငံတွင်းမှာ
ရှိတဲ့ လူမျိုးစုများ တွေ့ဆုံဆွေးနွေးပြီး၊ အားလုံးရဲ့ ethnic identity ကို
ရှေ့တန်းမတင်တော့ပဲ နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူ တရပ်လုံးဟာ လူမျိုး
တခုတည်းအဖြစ် လက်ခံ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရာမှာ လူမျိုးစုများ
အားလုံးက တွေ့ဆုံဆွေးနွေးပြီးမှ ညီညီညွတ်ညွတ် စုပေါင်းသတ်မှတ်ကြဖို့ လိုအပ်ပါတယ်။
အစိုးရတရပ်တည်းကပဲ အတင်းအကြပ် အမည်နာမပေး သတ်မှတ်လို့ မရနိုင်ပါဘူး။
ဒီနည်းလမ်းဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ဆင်တူတဲ့
လူမျိုးစုများ ရှိနေတဲ့ နိုင်ငံ (သို့မဟုတ်) နေရာဒေသတခုမှာ နိုင်ငံပေါင်းစုံက
လူများ အခြေချနေထိုင်လာကြပြီး နိုင်ငံတည်ထောင်မှု ပြုလုပ်တဲ့ အခြေအနေမျိုးတွေ
အတွက်သာ ပိုမိုသင့်လျော်ပြီး စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာ ကွဲပြားတဲ့
လူမျိုးစုများ ရှိနေတဲ့ နိုင်ငံတွေမှာတော့ အလွန်သတိထားပြီး စဉ်းစားပြုလုပ်ကြရမယ့်
နည်းလမ်းတခု ဖြစ်ပါတယ်။ အတင်းအကြပ်ပြုလုပ်မှုတွေ ရှိလာခဲ့ရင် ပဋိပက္ခကို
ပိုမိုကြီးသွားစေတတ်ပါတယ်။
လူမျိုးစု ပဋိပက္ခတွေကို နိုင်ငံတကာအဖွဲ့အစည်းများ
(သို့မဟုတ်) အင်အားကြီးနိုင်ငံများက ၀င်ရောက်ပြီး ထိန်းချုပ်ဖြေရှင်းရန်
ကြိုးပမ်းမှုတွေလဲ ရှိပါတယ်။ ဒီလို ထိန်းချုပ်ဖြေရှင်းရန် ကြိုးပမ်းမှု တွေမှာ
third party ဖြစ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း (သို့မဟုတ်)
ဒေသတွင်းအင်အားကြီးနိုင်ငံများဟာ လူမျိုးစုအားလုံးက ယုံကြည်လက်ခံပေးနိုင်တဲ့
အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ ဖြစ်ဖို့ အရေးကြီးသလို သက်ဆိုင်ရာ အဖွဲ့အစည်း
(သို့မဟုတ်) နိုင်ငံကလဲ လူမျိုးစုတွေအကြားမှာ neutral ဖြစ်ဖို့ လိုပါတယ်။
ဒီလိုမဟုတ်ပဲ အကျိုးစီးပွားတွေပါ ပါဝင်လာပြီး ပါဝါဂိမ်းတွေ ကစားလာခဲ့ရင်
လူမျိုးစုပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံအတွက် ပိုပြီး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
လူမျိုးစုပဋိပက္ခနဲ့
ပတ်သက်ပြီး နောက်ထပ်ဖြေရှင်းနည်းတခုကတော့ federal arrangements ပဲ ဖြစ်ပါတယ်။
federal arrangements ဆိုရာမှာ quasi-federal arrangements, constitutional
federal arrangements စတာတွေအပြင် autonomy နဲ့ cantonisation စတာတွေပါ
ပါဝင်ပါတယ်။ cantonisation ဆိုတာကတော့ အာဏာခွဲဝေမှုကို လူမျိုးစု၊ လူမျိုးစုကနေ
မျိုးနွယ်စုလေးတွေအထိ အဆင့်ဆင့် ခွဲခြားပြီး homogeneous units လေးတွေအထိ
ခွဲခြမ်းစိတ်ဖြာပြီးမှ အာဏာခွဲဝေတာ ဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ ဒါဟာ
လက်တွေ့မှာ ဖြစ်နိုင်ချေနည်းပါးတဲ့ နိုင်ငံရေး အစီအမံလို့ သတ်မှတ်ထားကြပါတယ်။
constitutional federal arrangements မှာ ဖယ်ဒရယ်
ယူနစ်တွေ အားလုံးဆီမှာ တူညီတဲ့ အာဏာတွေ ရှိပြီး၊ ဖယ်ဒရယ်အစိုးရနဲ့
ပြည်နယ်အစိုးရကြားမှာ အာဏာခွဲဝေမှုသဏ္ဍန်တွေ စနစ်တကျ ရှိပါတယ်။ အာဏာကို အလွဲသုံးစား
ပြုလို့ မရပါဘူး။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေမှာ
ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) နဲ့ တန်းတူညီမျှခွင့် ရှိတဲ့အတွက်
ရေရှည်နိုင်ငံရေး တည်ငြိမ်မှုအတွက် သင့်လျော်တဲ့ နိုင်ငံရေးအစီအမံ တခုအဖြစ်
ပညာရှင်များက သတ်မှတ်ကြပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) ဆိုတာမှာကျတော့
ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (territorial autonomy)နဲ့ ယဉ်ကျေးမှုဆိုင်ရာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့် (cultural autonomy) ဆိုပြီး ရှိပါတယ်။ ဒေသဆိုင်ရာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ တိုင်းရင်းသားလူမျိုးတွေကို သူ့သက်ဆိုင်ရာ
ဒေသအလိုက် နယ်မြေခွဲဝေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ခြင်း ဖြစ်ပြီး၊
ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကတော့ သက်ဆိုင်ရာ ဒေသအလိုက်
cultural institutions များကို ကိုယ်ပိုင်ဖန်တီး စီမံခွင့်ပေးအပ်ခြင်းပဲ
ဖြစ်ပါတယ်။ ဒီနေရာမှာ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လူနည်းစု
အခွင့်အရေးပေးတာနဲ့ မတူပါဘူး။ ယဉ်ကျေးမှုဆိုင်ရာ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများက
သူတို့ဘာသာ cultural institutions များကို တည်ဆောက်ယူခြင်းဖြစ်ပြီး၊
လူနည်းစုအခွင့်အရေး (minority rights) ကို ပေးတာမှာကျတော့ နိုင်ငံတော်က cultural
institutions များကို တည်ဆောက်ပေးတာ ဖြစ်ပါတယ်။
လူမျိုးစု ပဋိပက္ခများကို ဖြေရှင်းတဲ့ နောက်ထပ်
နည်းလမ်းတခုကတော့ consociationalism ဖြစ်ပါတယ်။ consociationalism ဆိုတာကို
ပါဝါရှယ်ယာပြုလုပ်ခြင်းလို့ ဆိုကြပါတယ်။ consociationalism နည်းလမ်းကို
အသုံးပြုပြီး ပဋိပက္ခတွေကို ဖြေရှင်းခြင်းမှာ တိုင်းရင်းသား လူမျိုးစု
ခေါင်းဆောင်များအားလုံး ပူးပေါင်းပြီး အာဏာခွဲဝေခြင်း ဖြစ်ပါတယ်။federalism မှာ
အာဏာခွဲဝေမှုက (vertical division between different levels) ဖြစ်ပြီး၊
consociationalism မှာ အာဏာခွဲဝေမှုက (horizontal division between different
pillars) ဖြစ်ပါတယ်။ consociationalism နိုင်ငံရေး အစီအမံမှာ ထင်ရှားတဲ့
နိုင်ငံရေး သွင်ပြင်လက္ခဏာ လေးမျိုး ရှိပါတယ်။ ပထမသွင်ပြင်လက္ခဏာကတော့ တိုင်းရင်းသား
လူမျိုးစုများရဲ့ ခေါင်းဆောင်များ အားလုံးဟာ အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။
အစိုးရအဖွဲ့ဟာ ညွန့်ပေါင်းအစိုးရဖြစ်ပြီး၊ လူမျိုးစု ခေါင်းဆောင်များ (သို့မဟုတ်)
ကိုယ်စားလှယ်များအားလုံးက အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။ ဒုတိယ သွင်ပြင်လက္ခဏာ ကတော့
လူမျိုးစုအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိခြင်းဖြစ်ပါတယ်။ တတိယ
သွင်ပြင်လက္ခဏာကတော့ နိုင်ငံရေးကိုယ်စားပြုမှုဟာ proportionality ပေါ်မှာ
မူတည်ပါတယ်။ စတုတ္ထ သွင်ပြင်လက္ခဏာကတော့ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့
အခြေခံ အကျိုးစီးပွားတွေကို ထိခိုက်လာခဲ့ရင် ဗီတို အာဏာ အသုံးပြုခွင့် ရှိပါတယ်။
ဒီ ည်းလမ်းဟာ လူမျိုးစုအရေအတွက် နည်းပါးတဲ့ နိုင်ငံတွေအတွက် ပိုပြီး
သင့်လျော်ပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာမှာ
လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး၊
ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီလို ရှာဖွေရာမှာလဲ
ပိုမိုဆိုးဝါးသွားစေနိုင်တဲ့ Hegemonic Control လို နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့
လိုအပ်ပြီး၊ transcendent identity, federal arrangements (including autonomy),
consociationalism နည်းလမ်းတွေထဲက အသင့်လျော်ဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကို
ငြင်းခုန်မှု၊ အပြန်အလှန် စွပ်စွဲမှု မဟုတ်သော အဖြေရှာခြင်း အသွင်နဲ့
ငြိမ်းချမ်းစွာ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့
လိုအပ်ပါတယ်။
ဒါမှလဲ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ
ဖြစ်ပါတယ်။ လူမျိုးစု ပဋိပက္ခများ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ နိုင်ငံတွေမှာ
အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ဆိုတာ
မလွဲမသွေ အကောင်အထည် ဖော်ကြရမယ့် ဖြစ်စဉ်တခုပါ။
ဒီလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရာမှာ
တရားမျှတမှု ရှိရေးဟာ စံထားကြရမယ့် တန်ဖိုးတခု ဖြစ်ပါတယ်။ ၁၉၉၀
နောက်ပိုင်းကာလတွေမှာ ကမ္ဘာတ၀ှမ်းမှာ ကြီးထွားလာခဲ့တဲ့ လူမျိုးရေး အခြေခံ
ပဋိပက္ခတွေကြောင့် ethno-cultural justice ဆိုတဲ့ သဘောတရား ပေါ်ထွက်လာခဲ့ပါတယ်။
ဒီသဘောတရားကို ဖော်ထုတ်ခဲ့တဲ့ Kymlicka ဆိုသူက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဟာ
လူမျိုးနဲ့ ယဉ်ကျေးမှုရေးရာ ကွဲပြားမှုတွေကို မျက်ကွယ်ပြုထားလို့ မရနိုင်ကြောင်း၊
ယဉ်ကျေးမှုဆိုတာ လူတဦးချင်းစီ ရှင်သန်နေထိုင်တဲ့ လူမှုဘ၀ (social life) တွေပေါ်မှာ
သက်ရောက်မှုရှိတဲ့ framework တခု ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး
civic republicanism နဲ့ liberal multi-culturalism ကို လက်ခံသူ တို့အကြားမှာ
အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ civic republicanism ကို လက်ခံသူများက
နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လူ့အဖွဲ့အစည်းရေးရာ အကန့်အသတ်တွေကို
အဆုံးအဖြတ်ပေးနိုင်တယ်လို့ ဆိုကြပြီး၊ liberal multi-culturalism ကို
လက်ခံသူများကတော့ နိုင်ငံရေး ပါဝင်ပတ်သက်မှုဟာ ရှိနေပြီးသား လူ့အဖွဲ့အစည်း အပေါ်မှာ
အခြေခံတယ်လို့ ဆိုခဲ့ကြပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးမှာ
ဘာသာစကားဆိုင်ရာ အခွင့်အရေးများ (language rights) ကိုလဲ ထည့်သွင်းစဉ်းစားဖို့
လိုအပ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုတွေကို ပြည်သူတွေက အပြည့်အ၀ အသုံးပြုနိုင်ရေးအတွက်
သင့်လျော်တဲ့ ဘာသာစကားဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။
ဘာသာစကားဆိုင်ရာ မူဝါဒတွေမှာ linguistic affairs နဲ့ ပတ်သက်ပြီး နိုင်ငံတော်က
လုံးဝ ၀င်ရောက်စွက်ဖက်ခြင်း မရှိတဲ့ benign- neglect policy၊ လူအများသုံးတဲ့
ဘာသာစကားကို official language အဖြစ်သတ်မှတ်တဲ့ nation-building policy စသည်ဖြင့်
မူဝါဒများစွာ ရှိပြီး၊ ဒီအရေးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးပွဲများမှာ ထည့်သွင်းဆွေးနွေးဖို့ လိုအပ်တဲ့ အရေးတခု ဖြစ်ပါတယ်။
multi-bilingualism ကို အသုံးပြုခြင်းဖြင့်မည်သည့်အချိန်၊ မည်သည့်နေရာမှာ မည်သို့
အသုံးပြုမည်နည်း စတဲ့ procedures တွေဟာ ညီညွတ်မှု တည်ဆောက်ရေးအတွက် အရေးကြီးပါတယ်။
နိဂုံး
ဘယ်ဖြစ်ရပ်မှာမဆို ဖြစ်ပွားရခြင်းအကြောင်းရင်းတွေကို
မှန်ကန်စွာဖော်ထုတ်ရေးဟာ အဖြစ်အပျက်တွေ ထပ်မံဖြစ်ပွားလာမှုကို ကာကွယ်နိုင်ရေးအတွက်
အရေးပါတဲ့ သော့ချက်ဖြစ်ပါတယ်။ အတွေးအခေါ် ပညာရှင် အရစ္စတယ်တို ဆိုခဲ့သလိုပါပဲ။ ဥာဏ်ပညာဆိုတာ
အခြေခံအကြောင်းတရားတွေနဲ့ ဆက်နွယ် နေပါတယ်။ ပြည်တွင်းစစ်တွေကြောင့်
သန်းပေါင်းများစွာသော ကမ္ဘာ့လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ
ပျက်စီးခဲ့ရပါတယ်။ နိုင်ငံပေါင်းများစွာရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ
နှောင့်နှေးခဲ့ရပါတယ်။ ဒီလိုဆိုးကျိုးတွေဖြစ်ပွားစေတဲ့ ပြည်တွင်းစစ်ကို
အဆုံးသတ်သွားအောင် ပြုလုပ်ရေးဟာ ဖြစ်ပွားရတဲ့ အကြောင်းတရားတွေကို
မှန်ကန်စွာဖော်ထုတ်ရေး ငြိမ်းချမ်းစွာ အဖြေရှာရေးနဲ့ စစ်ပွဲများ
ထပ်မံဖြစ်ပွားလာမှုကို ရှောင်ရှားနိုင်အောင် ကြိုးပမ်းရေး စတာတွေ အပေါ်မှာသာ
မူတည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး
(၂၀၊ ၁၊ ၂၀၁၃)
ရည်ညွှန်းကိုးကား
Collier, P. and Sambanis, N. (eds.) (2003)
Understanding Civil War: Evidence and Analysis, Volume 1., Washington, DC:
World Bank Publications
Cramer, C. (2005) “ Inequality and Conflict”, A Review
of an Age-Old Concern" Identities, Conflict and Cohesion, United Nations
Research Institute for Social Development, Programme Paper Number 11
Doyle, M. (2002) “Strategy and Transitional
Authority”, in Stedman, S., Rothchild, D. and Cousens, E. (eds.) Ending Civil
Wars: The Implementation of Peace Agreements, London: Lynne Rienner Publishers
Evera, S. (1999) Causes of War: Power and the roots of
conflict, Itaca and London:
Cornell University Press
Fearon, J. (2004) “Why do some civil wars last so much
longer than others”, Journal of Peace Research, 41 (3): 275-302
Fearon,
J. (1995) “Rationalist Explanations of War”, International Organization, 49
(3), 379-414.
Fortna, V. (2003) "Scraps of Paper: Agreements
and the Durability of Peace." International Organization 57:337-72.
Gent,
S. (2007) “Rebel strength, commitment problems, civil wars and peace
agreements”, Paper presented at the Annual Conference of the Midwest Political
Science Association. Chicago,
IL, 12–15 April.
Gurr, T. (2010 [1970]) Why Men Rebel, 40th anniversary
edition, Paradigm Publishing
Gurr, Ted Robert (1993). “Why Minorities Rebel: A
Global Analysis of Communal Mobilization and Conflict since 1945.”
International Political Science Review, Vol. 14, pp. 161-201.
Hartzell, C., and Hoddie, M. (2007) Crafting Peace:
Power-Sharing Institutions and the Negotiated Settlement of Civil Wars, University Park: Pennsylvania State
University Press.
Kalyvas, S. (2006) The Logic of Violence in Civil War,
New York: Cambridge University
Press
Kreutz, J. (2010) “How and When Armed Conflicts End:
Introducing the UCDP Conflict Termination Dataset”, Journal of Peace Research,
47(2): 243-250.
Leites, N. & Wolf, C. (1970) Rebellion and
Authority: An analytical essay on insurgent conflicts, Chicago:
Markham
Luttwak,
E. (1999) “Give War A Chance,” Foreign Affairs 78 (July/August): 36-44
Mason, D. and Patrick F. (1996) “How Civil Wars End: A
Rational Choice Approach.” Journal of Conflict Resolution, 40: 546-568.
Mason, D. ; Joseph W.; and Patrick F. (1999) “Win,
Lose, or Draw: Predicting the Outcome of Civil Wars.” Political Research
Quarterly, 52 (2): 239-268.
Mattes, M. and Savun, B. (2009) “Fostering peace after
civil war: Commitment problems and agreement design”, International Studies
Quarterly, 53 (3), pp. 737–759
Pelc, K. (2009) “Seeking Escape: The Use of Escape
Clauses in International Trade Agreements." International Studies
Quarterly 53(2): 349-368.
Rosendorff, P. (2005) Stability and Rigidity: Politics
and Design of the WTO's Dispute Settlement Procedure." American Political
Science Review 99(3): 389-400.
Sambanis, N. (2000) “Partition as a solution to Ethnic
War: An empirical critique of the Theoretical Literature”, World Politics, 52
(4), pp. 437-83
Skocpol, (1979) States and Social Revolutions: A
Comparative Analysis of France,
Russia, and China, Cambridge:
Cambridge University Press
Tilly,
C. (2003) The Politics of Collective Violence, Cambridge:
Cambridge University Press
Wallensteen, Peter & Margareta Sollenberg, 2001.
’Armed Conflict 1989–2000’, Journal of Peace Research, 38(5): 629–644
Walter, B. (1997) “The critical barriers to civil war
settlement”, International Organization, 51 (3), pp.331-60
Walter, B. (1999) “ Designing Transitions from Civil
War: Demobilization, Democratization, and Commitments to Peace." ,
International Security 24(1): 127-155.
Walter, B. (2002) Committing to peace: The successful
settlement of civil wars, Princeton, Princeton
University Press.
Wimmer, A., Cederman, L. and Min, B. (2009) “Ethnic
Politics and Armed Congurational Analysis of a New Global Dataset."
American Sociological Review, 74 (2): 316-337.
Zartman, I. (1995) Elusive Peace: Negotiating an End
to Civil Wars, Washington D.C.: Brookings Institution
Zartman,
I. (2000) “Ripeness: The hurting stalemate and
beyond.", International conflict resolution after the Cold War, pp.
225-250.
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment