ပင်လယ်ကွေ့ဒေသရဲ့ လုံခြုံရေး






Myanmar Institute of Peace and Security Studies (MIPSS)
လုံခြုံရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စာစဉ် အမှတ် (၆)
ဖေဖော်ဝါရီလ၊ ၂၀၁၃ ခုနှစ်


နိဒါန်း
ပင်လယ်ကွေ့ဒေသရဲ့ လုံခြုံရေး အခြေအနေတွေဟာ ရှုပ်ထွေးကျယ်ပြန့်ပြီး အစဉ်အမြဲလိုလို ပြောင်းလဲမှု တွေ ဖြစ်ပွားနေတတ်ပါတယ်။ ဒီလို ရှုပ်ထွေးမှုတွေဟာ ဒေသရဲ့ သမိုင်းကြောင်းတွေ၊ ဘာသာရေး အကြောင်းတရားတွေ၊ လူမျိုးရေး ပဋ္ဋိပက္ခတွေ၊ ဒေသတွင်းနိုင်ငံများရဲ့ နိုင်ငံရေး သဘောသဘာဝတွေ၊ ဒေသရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေ၊ ပြည်ပအင်အားကြီး နိုင်ငံများရဲ့ စွက်ဖက်ပါဝင်မှုတွေနဲ့ ပြည့်နှက်ပတ်သက်နေပါတယ်။ (၁၉၇၉) ခု အီရန်တော်လှန်ရေးက အစပြုလို့ ဒီဒေသအတွင်းမှာ နည်းမျိုးစုံနဲ့ ပြောင်းလဲမှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။
အရေးကြီးတဲ့ ဒေသတွင်း ပြောင်းလဲမှုတရပ်ကတော့ (၂၀၀၃) ခုနှစ် အီရတ်စစ်ပွဲပါပဲ။ အီရတ်နိုင်ငံရဲ့ အာဏာရှင်ကို အမေရိကန်တပ်များ ဦးဆောင်တဲ့ နိုင်ငံတကာက ၀င်ရောက်တိုက်ခိုက်ဖြုတ်ချပြီး၊ ဒီမိုကရေစီစနစ် ကနဦးအစပျိုးပေးခဲ့တဲ့ ဒီစစ်ပွဲဟာ ကမ္ဘာတ၀ှမ်းက ပြည်သူအများကို မျှော်လင့်ချက်တွေ ချန်ထားရစ်ခဲ့ပါတယ်။ အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရတဲ့ တခြားနိုင်ငံတွေက ပြည်သူတွေကလဲ တနေ့နေ့တော့ သူတို့နိုင်ငံကို အမေရိကန်တပ်တွေ ၀င်လာပေးတော့မှာပဲ ဆိုပြီး ကယ်တင်ရှင် မျှော်လာခဲ့ကြပါတယ်။
ဒါပေမယ့်လဲ ကမ္ဘာပေါ်မှာ အာဏာရှင်စနစ်ဆိုးဒဏ်ကို ခံစားနေကြရတဲ့ နိုင်ငံတွေ အများအပြား ရှိနေဆဲပါပဲ။ နယူးကလီးယားလက်နက်နဲ့ weapons of mass destruction (WMDs) တွေ ထုတ်လုပ်နေတယ်လို့ သက်သေအထောက်အထားတွေ ရှိနေတဲ့ နိုင်ငံတွေကလဲ အများကြီးပါပဲ။ ဒီနိုင်ငံတွေရဲ့ ကံကြမ္မာတွေကကော ဘာကြောင့် အီရတ်လို မဖြစ်ခဲ့သလဲ။ မဖြစ်လာသလဲ။ ဒီမေးခွန်းတွေကို ဖြေဆိုနိုင်ဖို့အတွက် ပင်လယ်ကွေ့ဒေသနဲ့ ကမ္ဘာ့ရေးရာ ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ဖို့ လိုအပ်လာပါတယ်။
 
ပင်လယ်ကွေ့ဒေသ
နိုင်ငံရေးပညာရှင် Kemp နဲ့ Harvey တို့က Gulf-Caspian Energy Ellipse ဟာ ယနေ့ခေတ်ကမ္ဘာရဲ့ အရေးအကြီးဆုံး ဒေသတခုလို့ ညွှန်းဆိုခဲ့ကြပါတယ်။ ဒီ energy ellipse အတွင်းမှာမှ ပင်လယ်ကွေ့နိုင်ငံများက ပိုပြီး အရေးကြီးပါတယ်။ တကမ္ဘာလုံးရဲ့ ရေနံထုတ်လုပ်မှု (၂၄) ရာခိုင်နှုန်းကျော်ဟာ ပင်လယ်ကွေ့ဒေသကဖြစ်သလို ကမ္ဘာ့ oil reserves ရဲ့ (၆၅) ရာခိုင်နှုန်းကျော်ဟာလဲ ဒီဒေသမှာ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့မှာ ဆိုရင်လဲ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ငါးရာခိုင်နှုန်းနဲ့ ကမ္ဘာ့ oil reserves အားလုံးရဲ့ ၃၁ ရာခိုင်နှုန်းကျော်ဟာ ပင်လယ်ကွေ့ဒေသက ဖြစ်ပါတယ်။ ကမ္ဘာ့ရေနံဈေးကွက်မှာ ပင်လယ်ကွေ့ဒေသက ရေနံတွေ ပုံမှန်စီးဆင်းဝင်ရောက်ဖို့ လိုသလို၊ သင့်လျော်တဲ့ ဈေးနှုန်း ဖြစ်ဖို့ကလဲ အရေးကြီးပါတယ်။ ဒီလိုဖြစ်ဖို့အတွက်က ပင်လယ်ကွေ့နိုင်ငံများကို ပြင်ပကမ္ဘာက စောင့်ကြပ်ကြည့်ရှုမှု လိုအပ်တယ်လို့ နိုင်ငံပေါင်းစုံက မဟာဗျူဟာ ပညာရှင်များက သုံးသပ်ခဲ့ကြပါတယ်။ ဒီလို သုံးသပ်မှုတွေ အပေါ်မှာလဲ သက်ဆိုင်ရာ အစိုးရများက လိုက်နာ ဆောင်ရွက်ခဲ့ကြပါတယ်။
ဒီအထဲမှာ အထင်ရှားဆုံးနဲ့ အရေးပါဆုံးနိုင်ငံကတော့ အမေရိကန် ပြည်ထောင်စုပါပဲ။ စစ်အေးတိုက်ပွဲလွန် ကာလများတလျှောက်မှာ ပင်လယ်ကွေ့ဒေသဟာ အမေရိကန်တပ်တွေရဲ့ စစ်အင်အား အကြီးမားဆုံး တပ်ချခံရတဲ့ ဒေသပဲ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေရဲ့ central command ကို institutionalization လုပ်ခဲ့တဲ့ ဒေသတခုဖြစ်သလို၊ ပါရှန်းပင်လယ်ကွေ့တလျှောက်မှာ လှည့်လည်ပြီး ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ အမေရိကန်ရေတပ်ရဲ့ 5th fleet လဲ ပေါ်ပေါက်လာခဲ့ပါတယ်။ (၁၉၉၀) ပြည့်လွန်ကာလများတွေမှာ ဒီဒေသနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မူဝါဒကတော့ ဒီဒေသတွင်းက နိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ အီရတ်ကို balance of power ညှိထားဖို့ဖြစ်ပါတယ်။ ဒီလိုတဘက်က ညှိထားရင်း dual containment policy ကို အကောင်အထည်ဖော်ထားခဲ့ပါတယ်။ တပြိုင်နက်တည်းမှာလဲ ဒီအင်အားကြီးနိုင်ငံနှစ်ခုရဲ့ ပါဝါကို ထိန်းညှိနိုင်ဖို့အတွက် ဒေသတွင်းတခြားနိုင်ငံများက အမေရိကန် ရေတပ်ကို အားကိုးထားပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒေသတွင်းမှာ နိုင်ငံကြီးတနိုင်ငံတည်းကပဲ အင်အားကြီးလာတာ မဖြစ်နိုင်တော့ ပါဘူး။ ဒီအခါမှာ ဒေသတွင်းလုံခြုံရေးဟာ တည်ငြိမ်မှုရှိလာပါတယ်။ ဒီလို ဒေသတွင်းတည်ငြိမ်မှ ကမ္ဘာ့ရေနံဈေးကွက်ကို စီးဆင်းနေတဲ့ ရေနံတွေဟာ သင့်လျော်တဲ့ ဈေးနှုန်းတွေနဲ့ ဆက်လက်စီးဆင်းနေမှာဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ တပ်များက အီရတ်စစ်ပွဲကို ဆင်နွှဲတာနဲ့ပတ်သက်ပြီး၊ အီရတ်ရဲ့ ရေနံတွေကို ခိုးယူဖို့၊ အမေရိကန်အကျိုးစီးပွားအတွက် စသဖြင့် ပြောဆိုဝေဖန်ကြတာတွေလဲ ရှိခဲ့ပါတယ်။ မဟာဗျူဟာရှုထောင့်က ကြည့်ရင်တော့ အီရတ်နိုင်ငံဟာ ကမ္ဘာ့ရေနံဈေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးစား ခဲ့တာကို တွေ့ရှိရပါတယ်။ ပထမအကြိမ်ပင်လယ်ကွေ့စစ်ပွဲသာ မဖြစ်ခဲ့ဘူးဆိုရင်၊ ဒီအချိန်တုန်းက နိုင်ငံတကာကသာ ၀င်ရောက်တိုက်ခိုက်မှု မပြုခဲ့ဘူးဆိုရင် ပင်လယ်ကွေ့ဒေသ oil reserves တွေကို ထိန်းချုပ်နိုင်ခွင့် ပါဝါဟာ ဆာဒန်ဟူစိန် လက်ထဲကို ကျရောက်ခဲ့ပြီးသား ဖြစ်ခဲ့ပါလိမ့်မယ်။ ဒီလိုနဲ့ ပင်လယ်ကွေ့စစ်ပွဲပြီးသွားတဲ့ကာလနောက်ပိုင်း ရောက်လာတဲ့အခါမှာလဲ အီရတ်ဟာ ကမ္ဘာ့ရေနံ ဈေးကွက်အတွက် ခြိမ်းချောက်နေဆဲပဲ ဖြစ်ခဲ့ပါတယ်။
အီရတ်လက်ထဲကို weapons of mass destruction ရောက်သွားခဲ့ရင် အီရတ်ဟာ ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသကို လွှမ်းမိုးချုပ်ကိုင်လာနိုင်မယ်။ ရေနံဈေးကွက်ကို ကစားနိုင်လာပါမယ်။ ဒီအခါမှာ ဒီဒေသရဲ့ ရေနံကို မှီခိုနေရတဲ့ အာရှပစိဖိတ်ဒေသနဲ့ ဥရောပတိုက်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ထိခိုက်လာနိုင်ပါတယ်။ အာရှ-ပစိဖိတ်ဒေသထဲကို တင်သွင်းနေတဲ့ ရေနံပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အရှေ့အလယ်ပိုင်းဒေသက ဖြစ်ပါတယ်။ ပင်လယ်ကွေ့ဒေသက ထုတ်လုပ်တဲ့ ရေနံပမာဏ စုစုပေါင်းရဲ့ ၂၅ % ကို ဥရောပကသုံးစွဲနေပါတယ်။
တကယ်တော့ ကမ္ဘာ့ရေနံဈေးကွက်က ရေနံဈေးနှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံများရဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေနံဈေးတွေ ကမ္ဘာ့ဈေးကွက်မှာ မြင့်တက်လာတဲ့အခါ ဖွံ့ဖြိုးဆဲ နိုင်ငံအစိုးရများက subsidies လုပ်ပေးရပါတယ်။ အဲဒီအခါမှာ တခြားပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးပြုနိုင်တဲ့ ပမာဏ လျော့ကျသွားပါတယ်။ နိုင်ငံတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်မယ်။ ဒါကြောင့်လဲ ပင်လယ်ကွေ့ဒေသဟာ အမေရိကန်တင်မက ကမ္ဘာတ၀ှမ်းလုံးအတွက် အရေးကြီးတဲ့ ဒေသတခု ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
9/ 11 အပြီးမှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို pre-emption policy က လွှမ်းမိုးလာခဲ့ပါတယ်။ dual containment မူဝါဒကို ထောက်ခံမှုတွေက အားနည်းလာခဲ့တယ်။ စီးပွားရေးပိတ်ဆို့မှု မူဝါဒတွေက မထိရောက်ခဲ့ဘူး။ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးမှာ terrorism ရဲ့ ခြိမ်းချောက်မှုတွေက အားကြီးလာတယ်။ ဒီလိုအခြေအနေမှာ မဟာဗျူဟာ ရှုထောင့်ကကြည့်ရင် preemption နဲ့ nation- building ပေါ်လစီတွေကသာ အမေရိကန်အတွက် ရွေးချယ်သင့်တဲ့ ပေါ်လစီတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Statism, survival, self-help ဆိုတာတွေအပေါ်မှာ အခြေခံတဲ့ realism ၀ါဒရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဝေဖန်စရာတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ သို့ပေမယ့် သေချာတာတခုကတော့ အီရတ်ပြည်သူတွေ အာဏာရှင်လက်အောက်မှာ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အချက်တခုတည်းဟာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အီရတ်နိုင်ငံထဲဝင်ပြီး အာဏာရှင်ဖြုတ်ချပေးစေခဲ့တဲ့ တွန်းအား မဟုတ်ခဲ့ဘူး ဆိုတာပါပဲ။ ဒေသရဲ့ မဟာဗျူဟာ အချက်အချာကျမှုနဲ့ စစ်ရေး၊ စီးပွားရေး အခြေအနေများစွာဟာ အီရတ်စစ်ပွဲရဲ့ တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကို အမှန်အတိုင်း သိမြင်သုံးသပ်နိုင်မှလဲ အာဏာရှင်နိုင်ငံတွေက ပြည်သူလူထုရဲ့ အမေရိကန် ကယ်တင်ရှင်မျှော်တဲ့ မျှော်လင့်ချက်မှားတွေ မထွက်လာမှာ ဖြစ်ပါတယ်။
အခုဆက်လက်ပြီး (၂၀၀၃) အီရတ်စစ်ပွဲအပြီးကာလ အရှေ့အလယ်ပိုင်းဒေသ အခြေအနေတွေကို အီရတ်၊ အီရန်နဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနိုင်ငံများ ဆိုပြီး သုံးပိုင်းခွဲ တင်ပြပါမယ်။
အီရတ်နိုင်ငံ
(၁၉၉၈) ခုတုန်းက အမေရိကန် သမ္မတ ကလင်တန်က (၂၁) ရာစုကမ္ဘာဟာ အီရတ်ရဲ့ ခြိမ်းချောက်မှုကို ရင်ဆိုင်ရမယ်လို့ ဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် (၂၀၀၃) အီရတ်စစ်ပွဲကတော့ ဒီခြိမ်းချောက်နိုင်မှု အန္တရာယ်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ အီရတ်နိုင်ငံရဲ့ အခန်းကဏ္ဍ ကတော့ အခုအချိန်ထိ မသေချာ မရေရာသေးပါဘူး။ သူ့ရဲ့ အခန်းကဏ္ဍက မသေချာသေးပေမယ့် အီရတ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ရဲ့ အောင်မြင်မှု၊ မအောင်မြင်မှုဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ နိုင်ငံရေးအပြောင်းအလဲအပေါ် ရိုက်ခတ်မှုရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ (၂၀၀၇) ခုနှစ် မတိုင်ခင်ကာလအထိတုန်းကတော့ အီရတ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်မှု ရှိမှာ မဟုတ်ဘူးလို့လဲ ပြောဆိုဝေဖန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် (၂၀၀၇) ဖေဖော်ဝါရီလမှာ အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေရဲ့ command ကို General Petraeus က တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့ ပုန်ကန်မှုချေမှုန်းရေး အပေါ် ရှုထောင့်သစ်နဲ့ ချဉ်းကပ်မှုဟာ တစတစနဲ့ အောင်မြင်လာခဲ့ပါတယ်။ တချိန်က ပြည်တွင်းစစ်တွေနဲ့ပဲ အီရတ်ဟာ နိဂုံးချုပ်သွားမှာပဲလို့ ယူဆခဲ့သူအများစုဟာ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်တချို့ကို တွေ့မြင်လာပြီး၊ အကောင်းမြင်လာကြပါတယ်။ ဒီနေရာမှာ အီရတ်နိုင်ငံရဲ့ အခုလို အကောင်းဘက်ကို ဦးတည်လာတဲ့ ပြောင်းလဲမှုတွေဟာ တခြား အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများကို ဘယ်လို ရိုက်ခတ်မှုရှိလာသလဲဆိုတာနဲ့ အီရတ်နဲ့ ဒေသတွင်း နိုင်ငံများရဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေကို ဆက်လက်ဆန်းစစ်ဖို့ လိုလာပါတယ်။
အီရန် နိုင်ငံအတွက်ကတော့ (၂၀၀၃) ခုနှစ်၊ အီရတ်စစ်ပွဲဟာ မဟာဗျူဟာ အရ အရေးပါတဲ့ စစ်ပွဲတခုပါ။ အီရန်နိုင်ငံအတွက်လဲ အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆာဒန်ဟူစိန် အာဏာရှင် အုပ်စုက suuni လူမျိုးစုက ဖြစ်ပါတယ်။ အီရန် မှာ အုပ်ချုပ်နေတာက shia'a လူမျိုးစုက ဖြစ်ပါတယ်။ ဒါကြောင့် suuni regime ကို ဖယ်ရှားပေးတဲ့ စစ်ပွဲဖြစ်တဲ့အတွက် Shai'a လူမျိုးတွေအတွက် အကျိုးအမြတ်ဖြစ်စေပါတယ်။ ဒါပေမယ့်လဲ အီရတ်က shai'a တွေအပေါ် အီရန်ရဲ့ လွှမ်းမိုးနိုင်မှုနဲ့ ပတ်သက်ပြီး၊ စိုးရိမ်မကင်း ဖြစ်လာကြရပြန်ပါတယ်။ အီရန်ဘက်က ကြည့်မယ်ဆိုရင်တော့ အီရတ်ရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အောင်မြင်လာမှုဟာ အီရန်ရဲ့ အာဏာရှင်အစိုးရကို ခြိမ်းချောက်နေပြန်ပါတယ်။
အီရန်အပြင် တခြားအကျိုးဆက်ရှိလာမယ့် နိုင်ငံများကတော့ ဂျီစီစီနိုင်ငံများလို့ ခေါ်ဆိုကြတဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာက ဒီမိုကရေစီ အသွင် ကူးပြောင်းမှု လက္ခဏာတွေက စတင်ပြီးဖြစ်နေတာကြောင့် အီရတ်ရဲ့ လစ်ဘရယ်ဒီမိုကရေစီ အောင်မြင်မှုဟာ ဒီနိုင်ငံတွေမှာလဲ ပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။
ဒီအခါမှာ မေးခွန်းတခုက ထပ်မံပေါ်ထွက်လာပြန်ပါတယ်။ အီရတ်ရဲ့ ဒီမိုကရေစီအသွင် ပြောင်းလဲမှုဖြစ်စဉ်ဟာ ရေရှည်မှာ အောင်မြင်နိုင်ပါ့မလား။ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်နိုင်ချေ အရှိဆုံးလို့ နိုင်ငံရေးသိပ္ပံပညာရှင်များ ဆိုထားကြတဲ့ လူဦးရေနည်းမှု၊ လူမျိုး-ဘာသာကွဲပြားခြားနားတဲ့ political segments နည်းပါးမှု၊ elite control နှုန်း မြင့်မားမှု စတဲ့အချက်တွေ ကိုတော့ အီရတ်ရဲ့ နိုင်ငံရေး လူ့အဖွဲ့အစည်း တည်ဆောက်မှုသဏ္ဍာန်မှာ တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် အောင်မြင်နိုင်ချေ များပြားတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့်လဲ အီရတ်ရဲ့ ပင်လယ်ကွေ့ဒေသ အခန်းကဏ္ဍကတော့ မသေချာ၊ မရေရာ ဖြစ်နေတုန်းပါပဲ။
အီရတ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ အီရတ်နိုင်ငံသားများက ဦးဆောင် ပြောင်းလဲမှုမဟုတ်ပဲ နိုင်ငံတကာက ဦးဆောင်ပါဝင် ကူးပြောင်းမှုဖြစ်နေတာကြောင့်၊ ဒါရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ သံတမန်ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံများနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေး မူဝါဒ စတာတွေမှာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ နိုင်ငံအုပ်ချုပ်တဲ့ အစိုးရရဲ့ သဘောထားနဲ့ နိုင်ငံတကာ တပ်များရဲ့ မူဝါဒရေးရာတွေနဲ့ ရောနှောနေပါတယ်။ အီရန်နဲ့ ဂျီစီစီနိုင်ငံများရဲ့ အီရတ်အပေါ်ထားရှိတဲ့ သံတမန်ရေး၊ နိုင်ငံခြားရေးမူဝါဒတွေကလဲ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ လုံခြုံရေးရှုထောင့်က ကြည့်ရင် full-fledged civil war တခုတည်းနဲ့တင် အီရတ်ရဲ့ democratization process ဟာ democratic consolidation stage ကို မရောက်လာပဲ အာဏာရှင်စနစ်ကို ပြန်ဦးတည်သွားနိုင်တာတွေလဲ ဖြစ်လာနိုင်တာကြောင့် ဒီမိုကရေစီကို အခြေခံတဲ့ advanced polity ကို မြှင့်တင်ပေးနိုင်မယ့် လူထုလူတန်းစားအဖွဲ့အစည်း (Civil Society) အားကောင်းလာမှုကို တိုးမြှင့် ဆောင်ရွက်သင့်တယ်လို့ ပညာရှင်များက ထောက်ပြ ပြောဆိုထားကြပါတယ်။
အီရန်နိုင်ငံ
ပင်လယ်ကွေ့ဒေသ လုံခြုံရေးနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်တဲ့အခါတိုင်းမှာ အီရန်ရဲ့ ဒေသတွင်း အခန်းကဏ္ဍကို အဓိကထားပြီး လေ့လာကြရပါတယ်။ အခုအချိန်ကာလအထိ အီရန်ဟာ ပင်လယ်ကွေ့ဒေသ နိုင်ငံများအတွင်းမှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ အီရန်ရဲ့ တင့်ကားတပ်ရင်းများနဲ့ တိုက်လေယာဉ်ပိုင်ဆိုင်မှုဟာ ဒေသတွင်း တခြားနိုင်ငံတွေထက် ပိုပြီးများပါတယ်။ နယူးကလီးယား လက်နက်စွမ်းရည်ကို ရယူဖို့ ကြိုးစားတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကိုလဲ တွေ့ကြရပါတယ်။ နောက်တချက်ကတော့ proxy empire ထူထောင်နေတဲ့ အသွင်သဏ္ဍန်ဖြစ်ပါတယ်။
လက်ရှိနိုင်ငံတကာရေးရာ အခြေအနေမှာ အီရန်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ အီရန်ဟာ စစ်ရေး၊ နိုင်ငံရေးအရ အလွန်အရေးကြီးတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ သုံးသပ်ထားကြပါတယ်။ စစ်ရေးပထ၀ီဝင်အနေနဲ့ ကြည့်မယ်ဆိုရင်လဲ အီရတ်နဲ့ အာဖရိကန်မှာ အမေရိကန်နဲ့ နိုင်ငံတကာ တပ်တွေ တပ်စွဲမှုဟာ တဘက်ကနေ အီရန်ကို ၀န်းရံထားသလိုလဲ ဖြစ်နေပါတယ်။ အီရန်ရဲ့ တောင်ပိုင်း ကမ်းရိုးတန်းဘက်မှာကလဲ အမေရိကန် ရေတပ်ရဲ့ ပင်လယ်ကွေ့ လည့်လည်စောင့်ကြပ်ကြည့်ရှုရေး လုံခြုံရေး စစ်သင်္ဘောတွေ ရှိပါတယ်။ နောက်တချက်က ဒေသတွင်းမှာလဲ တခုတည်းဖြစ်နေတဲ့ Shia'a state ပါ။ ဒီဒေသရဲ့ အုပ်ချုပ်ရေးအာဏာကို အများဆုံးရယူထားကြတဲ့အစိုးရတွေက Sunni monarchies တွေပါ။ ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးမှာ အဓိက လွှမ်းမိုးနေရာယူထားခဲ့တာက အမေရိကန်ပြည်ထောင်စု ဖြစ်ပေမယ့် အီရန်ကလဲ သူ့ဟာသူ natural hegemon လို့ မြင်ပါတယ်။ ဒါကြောင့်လဲ ဒေသတွင်းမှာ သူ့အင်အားကို ကြီးမားလာအောင် တိုးချဲ့တည်ဆောက်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အီရတ်နဲ့ကတော့ ပုံသဏ္ဍာန်ကွာခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ အီရန်ရဲ့ မူဝါဒတွေတည်းမှာ အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်သိမ်းပိုင်းရေး မပါဝင်ပါဘူး။ ဆာဒန်ဟူစိန် လက်ထက် အီရတ်နိုင်ငံရဲ့ ဒေသတွင်း ပေါ်လစီက territorial status quo ကို ထိန်းထားဖို့ဖြစ်ပါတယ်။ အီရန်ရဲ့ အင်အားကြီးနိုင်ငံ တည်ဆောက်ရေး မူဝါဒကတော့ ဒီလို မဟုတ်ပါဘူး။ အတွေးအခေါ် စစ်ပွဲတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အင်အားကြီးမားနိုင်မှုစွမ်းရည်ကို ကန့်သတ်ရေးပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ဒေသတွင်းလုံခြုံရေးကို တာဝန်ယူထားပြီး၊ ဒေသတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဦးစားပေးဆောင်ရွက်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပဋ္ဋိက္ခဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့ နှစ်နှစ်နိုင်ငံအကြားမှာ ရည်ရွယ်ချက်တွေကတော့ မတူညီပါဘူး။ အီရန်က ပင်လယ်ကွေ့ဒေသ အပေါ် အမေရိကန်ရဲ့ လွှမ်းမိုးမှုကို confrontation လုပ်ချင်ပြီး၊ အမေရိကန်ကတော့ containment policy ကိုပဲ ကျင့်သုံးထားပါတယ်။ ဒါပေမယ့် အီရန်ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကိုတော့ ထောက်ခံပါတယ်။
ဒီနေရာမှာ ထောက်ခံမှုဆိုတဲ့ စကားအပြင် ဒီနိုင်ငံနှစ်နိုင်ငံကြားက နိုင်ငံခြားရေး မူဝါဒတွေကို ထည့်တွက်မှလဲ မှန်ကန်တဲ့ အဖြေကို ရရှိမှာဖြစ်ပါတယ်။ containment policy မူဝါဒအဆင့်မှာပဲဆိုရင် ၀င်ရောက်ကူညီပေးမှု မပြုလုပ်ပါဘူး။ တော်ရုံတန်ရုံ အကြောင်းပြချက်တွေလောက်နဲ့လဲ confrontation အဆင့်တွေကို အမေရိကန်အပါအ၀င် နိုင်ငံကြီးတွေက မတက်လှမ်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို humanitarian intervention, military intervention တွေ ပြီးရင် အာဏာရှင်အစိုးရတွေကို ဖြုတ်ချလိုက်ရုံနဲ့ ပြီးတာမဟုတ်ပဲ state-building ကိုပါ ဆက်လက်တာဝန်ယူပေးရလို့ ဖြစ်ပါတယ်။ ဒီလိုတာဝန်ယူပေးရတဲ့အခါမှာ အာဏာရှင်နောက်လိုက်ဟောင်းတွေက ပုန်ကန်ခြားနားမှုတွေကို အစိုးရသစ် ကိုယ်စား ချေမှုန်းပြီး၊ law and order restoration လုပ်ရတာတွေကလဲ ရှိပါတယ်။ ဒီလိုတွေ လုပ်ရတဲ့အခါမှာ နိုင်ငံတကာတပ်တွေအတွက် အထိအခိုက် အကျအဆုံးတွေရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံက ပြည်သူတွေက ကျေနပ်မှုမရှိတဲ့အခါမှာ ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ အစိုးရအဖွဲ့ဝင်တွေ နောင်ရွေးကောက်ပွဲ မဲရနိုင်ချေကို ထိခိုက်လာပါတယ်။ နောက်ထပ်အရေးကြီးတဲ့ ကိစ္စကတော့ ဘဏ္ဍာရေး ကိစ္စပါ။ တခြား နိုင်ငံငယ်အရေးတွေမှာ မဆိုထားနဲ့။ ဥရောပထဲမှာ ဖြစ်နေတဲ့ ဘော့စနီးယား အရေး စတာတွေမှာတောင် post-conflict reconstruction နဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စရိတ်စကတွေက လိုအပ်ချက်တွေတိုင်းကို မပြည့်မှီပါဘူး။ ဒါကြောင့် နိုင်ငံကြီးတွေက သူတို့ဝင်ရောက် ကူညီရတာတွေ၊ humanitarian intervention လုပ်ရတာတွေထက်စာရင် သူ့ဘာသာသူ ပြောင်းလဲသွားမှုတွေကိုပဲ ပိုလိုလားပါတယ်။ ဒီလိုဆိုလို့ ဒီမိုကရေစီအရေးကို မထောက်ခံတာမဟုတ်ပါဘူး။ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာတွေမှာ အတိုင်းအတာ တရပ်အထိ ထောက်ခံအားပေးတာပဲ ပြုလုပ်ကြပြီး၊ အာဏာရှင်နဲ့ လှုပ်ရှားသူတွေအကြားမှာ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ် တက်နိုင်အောင် ပြုလုပ်တာကို ပိုမိုအားပေးလေ့ရှိကြပါတယ်။
ဒါပေမယ့် ဒီမိုကရေစီလှုပ်ရှားတဲ့ နိုင်ငံတွေက နိုင်ငံတကာကင်ပိန်းပြုလုပ်သူတွေရော၊ ပြည်တွင်း လှုပ်ရှားမှု ပြုလုပ်သူတွေကပါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားမှု မလုပ်ကြပဲ နိုင်ငံတကာ ထောက်ခံမှုဆိုတာကို ၀င်ရောက်ကူညီပေးမှုလို့ မျှော်လင့်တွက်ချက်ပါတယ်။ သို့ပေမယ့် ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံတယ် ဆိုတာက လိုအပ်ရင် စစ်ရေးအရ အရေးယူပေးပါ့မယ်လို့ ကတိစကား ပြောကြားမှု မဟုတ်တဲ့အတွက် ဒါကို မှားယွင်းပြီး အဓိပ္ပာယ်ကောက်မိတဲ့အခါ အခက်အခဲတွေ၊ မဖြစ်သင့်တာတွေ ဖြစ်လာစေပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပင်လယ်ကွေ့စစ်ပွဲအပြီးကာလတုန်းက ဖြစ်ရပ်လေးတခုကို တင်ပြလိုပါတယ်။ ဒီတုန်းက နိုင်ငံတကာတပ်တွေနဲ့ အီရတ်တပ်တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီပြီးစ ကာလမှာပါ။ အမေရိကန်တပ်တွေလဲ အီရတ်မှာ နေရာချထားဆဲပါ။ အီရတ်ရဲ့ တပ်တွေရဲ့ အခြေအနေက ရှုံးနိမ့်ပြီး အလွန်ကို ဆိုးဆိုးရွားရွား အနေအထားမှာပါ။ တိုင်းပြည်က လူထုကလဲ ဆာဒန်ဟူစိန်ရဲ့ ကူဝိတ်ကျူးကျော်မှု၊ ရလာဒ်အဖြစ် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေနဲ့ စစ်ဖြစ်ရမှု၊ အီရတ်တပ်သား အများအပြား သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆာဒန်ကို မလိုလားကြတဲ့ ကာလပါ။ အဲဒီအချိန်မှာပဲ အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မြို့အချို့ကို သိမ်းပိုက်တပ်စွဲခဲ့ကြပါတယ်။ နိုင်ငံတကာကလဲ ဒီလှုပ်ရှားမှုကို ထောက်ခံတယ်လို့ ကြေညာခဲ့ကြတယ်။ ဒီအချိန်မှာပဲ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ၊ ရေနံကိစ္စတွေနဲ့ ဆွေးနွေးနေကြတဲ့ အီရတ်ထိပ်တန်း အရာရှိတွေက အမေရိကန်အပါအ၀င် နိုင်ငံတကာနဲ့ အပေးအယူလုပ်ခဲ့ကြပါတယ်။ အီရတ်ရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေမှာ ၀င်မပါဖို့ပါ။ နိုင်ငံတကာကလဲ သဘောတူခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်မှာ အမေရိကန်က ဒီဒေသအပေါ်ထားတဲ့ပေါ်လစီက double containment ပါ။ ပင်လယ်ကွေ့စစ်ပွဲဆင်နွှဲရတာကလဲ အီရတ်အာဏာရှင်ရဲ့ aggression ကို ရပ်တန့်ဖို့ပါ။ oil reserves ကို ကာကွယ်ဖို့ပါ။ တော်လှန်ရေးလှုပ်ရှားမှုကို ထောက်ခံတယ်ဆိုတာကလဲ အာဏာရှင်ကို ၀င်ရောက်ဖြုတ်ချပေးဖို့အထိ ရည်ရွယ်တာ မဟုတ်ပါဘူး။ state-building အထိလဲ ပေါ်လစီက မချမှတ်ထားရသေးပါဘူး။ ဒါကြောင့်သဘောတူခဲ့ကြတာပါ။
ဒီလိုသဘောတူပြီး မကြာခင်မှာပဲ ဆာဒန်ဟူစိန်တပ်တွေက တော်လှန်ရေးသမားတွေကို ရက်ရက်စက်စက် ဖြိုခွဲနှိမ်နင်းပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး documentaries တွေမှာ အမေရိကန် ထိပ်တန်းအရာရှိတွေက ပြန်ပြောင်း ပြောဆိုထားကြတာတွေရှိပါတယ်။ အာဏာရှင်စစ်တပ်တွေ တော်လှန်ရေးသမားတွေကို ချေမှုန်းနေတဲ့ မြို့တွေနဲ့ မလှမ်းမဝေးမှာ အမေရိကန်တပ်တွေ ရှိနေပေမယ့်၊ တော်လှန်ရေးသမားတွေကို ၀င်ရောက်ကူညီပေးဖို့က အထက်အမိန့်မရတာကြောင့် ဘာမှ မလုပ်နိုင်ခဲ့ဘူးဆိုတဲ့အချက်ပါ။ အာဏာရှင်တပ်တွေက ချေမှုန်းသတ်ဖြတ်နေစဉ်မှာပဲ တော်လှန်ရေး သမားတွေကို နိုင်ငံတကာက ထောက်ခံတယ် ဆိုတဲ့အကြောင်း သတင်းကြေညာချက်တွေ ထွက်ပေါ်နေဆဲပါပဲ။ ဒါနဲ့ ပတ်သက်ပြီး အီရတ်ကျောင်းသားတချို့က နိုင်ငံတကာကို အပြစ်ဆိုခဲ့ကြဖူးပါတယ်။
ဒါပေမယ့် နိုင်ငံတကာ အနေနဲ့ကျတော့လဲ ထောက်ခံတယ်ဆိုတာက စစ်ပွဲပြန်စပြီး အာဏာရှင်ကို ဖြုတ်ချပေးမယ်လို့ ဆိုခဲ့တာမဟုတ်ပါဘူး။ နိုင်ငံတကာက ၀င်ကူညီပေးမှာပဲ၊ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ မျှော်မှန်းပြီး၊ မိမိတို့ စွမ်းဆောင်ရည်ကို သေချာမတွက်ချက်ပဲ မျှော်လင့်ချက်နဲ့ တော်လှန်ရေးလုပ်ခဲ့တာဆိုရင်တော့ ဒါဟာ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ strategic calculation အမှားပဲ ဖြစ်ပါတယ်။ ဒီလို strategic calculation အမှားတခုရဲ့ နောက်ကွယ်မှာ အီရတ် တော်လှန်ရေးသမားများစွာရဲ့ အသက်တွေ ပေးဆပ်ခဲ့ရတာမို့၊ တော်လှန်ရေးမျိုးဆက် အားနည်းသွားပြီး၊ အီရတ်စစ်ပွဲ ထပ်မဖြစ်လာခင်အထိ နောက်ထပ် ဆယ်စုနှစ်ကျော်ကာလတလျှောက် အီရတ်ပြည်သူတွေဟာ အာဏာရှင်စနစ်ဆိုးရဲ့ဒဏ်ကို ခံခဲ့ကြရပါတော့တယ်။ (၂၀၀၀) ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေကသာ အမေရိကန်ရဲ့ containment policy ကို preemption မူဝါဒဆီကို မပြောင်းလဲနိုင်စေခဲ့ရင် အီရတ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်လာဖို့ အလွန်ပဲ ခဲယဉ်းသွားခဲ့မှာ ဖြစ်ပါတယ်။
အီရန် အခြေအနေမှာကျတော့ အီရတ်နဲ့ ကွာခြားပါတယ်။ အီရန်က ဒီမိုကရေစီ လူထုလှုပ်ရှားမှုတွေကို အင်အားကြီးနိုင်ငံတွေက ထောက်ခံတယ်ဆိုတဲ့ အဆင့်မှာပဲ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အီရန်ကို virtually surrounded အနေအထားမှာ ရှိနေတဲ့ အမေရိကန်က ၀င်ရောက် ကူညီတိုက်ခိုက်ပေးခြင်း မရှိတာကို ဝေဖန်ကြပေမယ့် အီရန်နဲ့ ပတ်သက်ပြီး အမေရိကန်ပေါ်လစီက containment မူဝါဒ ကနေ ၊ preemption မူဝါဒ ကို မပြောင်းသေးသရွေ့ အီရတ်ရဲ့ ကံကြမ္မာမျိုး ထပ်မံဖြစ်ပွားလာမှာ မဟုတ်ပါဘူး။ ဒီလို ပြောင်းလဲဖို့ကလဲ မူဝါဒရေးရာ ပြဿနာတွေ အများအပြားရှိပါတယ်။ ပင်လယ်ကွေ့ဒေသမှာ အီရတ်ရဲ့ ဒီမိုကရေစီ အသွင်ပြောင်းလဲမှုကနေ ဒေသတွင်းနိုင်ငံများမှာ ပျံ့နှံ့ဖို့လောက်အထိကိုပဲ အမေရိကန် မဟာဗျူဟာပညာရှင်များက သုံးသပ်အကြံပြုထားကြတာ ဖြစ်ပါတယ်။ အီရန်ကို စစ်ရေးအရ ၀င်ရောက်ရေးနဲ့ ပတ်သက်လို့ကတော့ အကြမ်းဖက်မှုတွေက ခြိမ်းချောက်နေတဲ့ ကမ္ဘာ့စီးပွားပျက်ကပ် ကာလကြီးမှာ အီရန်အာဏာရှင်ကို ဖြုတ်ချနိုင်တယ်ပဲထား၊ state-building အတွက် ဘတ်ဂျက်၊ အီရန်က proxy empire အဖြစ် ကူညီပံ့ပိုးပေးနေတဲ့ အစွန်းရောက်နိုင်ငံရေး၊ ဘာသာရေးအဖွဲ့တွေကနေ ခြိမ်းချောက်လာနိုင်မယ့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဂယက်၊ အစိုးရတွေရဲ့ သက်ဆိုင်ရာ နိုင်ငံ မဲပေးသူတွေအကြားက public Relations စတာတွေကိုလဲ အမေရိကန်အပါအ၀င် နိုင်ငံတကာအနေနဲ့က ထည့်သွင်းစဉ်းစားရမယ့် ပြဿနာတွေဖြစ်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အီရန်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေကတော့ ရှိနေဆဲပါ။ နောက်ထပ် စိုးရိမ်မကင်းဖြစ်စရာ ကိစ္စတရပ်ကတော့ proxy empire တည်ဆောက်မှုပဲ ဖြစ်ပါတယ်။ တိတိကျကျ ဆိုရရင် ပုန်ကန်ခြားနားတဲ့ အုပ်စုတွေကို နောက်ကွယ်ကနေ ပံ့ပိုး ထိန်းချုပ်မှုတွေပါ။ ဒါက ပင်လယ်ကွေ့ဒေသတွင်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လဲ ပင်လယ်ကွေ့ဒေသထဲမှာ အီရန်ရဲ့ အင်အားကြီးမားလာမှုကိုတော့ တနည်းတဖုံနဲ့ အထောက်အကူ ပြုပါတယ်။ လက်ဘနွန်နဲ့ ဂါဇာ ကမ်းမြောင်ဒေသက ပုန်ကန်ခြားနားသူတွေကို အီရန်က ပံ့ပိုးပေးပါတယ်။ (၂၀၀၆) ခုနှစ် လက်ဘနွန်စစ်ပွဲ၊ အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ ဟက်စ်ဘိုလာနဲ့ ဟားမားစ် အဖွဲ့တွေကိုအီရန်က ပံ့ပိုးနေတဲ့အကြောင်း နိုင်ငံတကာ ဖော်ထုတ်သိရှိပြီးတဲ့နောက်မှာ ဒီလို အီရန်ရဲ့ proxy warfares တွေနဲ့ proxy empire တည်ဆောက်မှုဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် ထင်ရှားတဲ့ ခြိမ်းချောက်မှု ဖြစ်လာပါတယ်။ နိုင်ငံရေးပညာရှင် အချို့ကတော့ အီရန်ရဲ့ မဟာဗျူဟာရည်မှန်းချက်တွေက proxy စစ်ပွဲတွေနဲ့ သူ့ရဲ့ ပါဝါကို ချဲ့ထွင်နိုင်ဖို့နဲ့ ပင်လယ်ကွေ့ဒေသ ရေနံကို ထိန်းချုပ်နိုင်ဖို့လို့ သုံးသပ်ပြောဆိုကြပါတယ်။ ဒီမဟာဗျူဟာ ရည်မှန်းချက်တွေ ပြည့်မှီနိုင်လား၊ မမှီနိုင်လား ဆိုတာကတော့ နယူးကလီးယား လက်နက် ထုတ်လုပ်မှု စွမ်းရည်နဲ့ နိုင်ငံတကာ အခင်းအကျင်းတွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အလားအလာတွေအပေါ်မှာပဲ မူတည်ပါတယ်။ အခုဆက်လက်ပြီး ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီဝင် နိုင်ငံများနဲ့ ပတ်သက်တာတွေကို ဆက်လက်တင်ပြပါမယ်။
ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ
ဆော်ဒီအာရေးဗီးယား၊ ယူအေအီး စတဲ့ နိုင်ငံတွေ ပါဝင်တဲ့ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဆိုတာ ဒေသတွင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအဖွဲ့ ပေါ်ပေါက်လာတာကတော့ အီရန်တော်လှန်ရေးနဲ့ အနည်းငယ် ပတ်သက်စပ်ဆိုင်ခဲ့ပါတယ်။ ဒီနိုင်ငံတွေဟာ ဒေသတွင်း နိုင်ငံရေးကို လွှမ်းမိုးချုပ်ချယ်နိုင်စွမ်း မရှိပဲ အီရတ်၊ အီရန် နိုင်ငံကြီး နှစ်ခုပေါ်မူတည်ပြီး သူတို့ရဲ့ မူဝါဒတွေက ပြောင်းလဲ နေပါတယ်။ ဒါမေယ့် သူတို့ နိုင်ငံတွေထဲမှာ ရှိနေကြတဲ့ internal tensions တွေကလဲ ပင်လယ်ကွေ့ဒေသက ရေနံတွေ ကမ္ဘာ့ဈေးကွက်ကို သင့်လျော်တဲ့ ဈေးနဲ့ စီးဆင်းနှုန်း ကို ထိခိုက်စေနိုင်ပါတယ်။
(၂၀၀၃) အီရတ်စစ်ပွဲမတိုင်ခင်ကာလက ဂျီစီစီနိုင်ငံများကို အမေရိကန်ရဲ့ လုံခြုံရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒနဲ့ ပတ်သက်ပြီး မဟာဗျူဟာလေ့လာရေးပညာရှင်တယောက်က အီရန်နဲ့ အီရတ်တို့အကြားက အင်အားယှဉ်ပြိုင်မှုဟာ ပင်လယ်ကွေ့ဒေသ က တခြားနိုင်ငံများကို ခြိမ်းချောက်သလို ဖြစ်လာစေခဲ့ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။ အီရတ်စစ်ပွဲနောက်ပိုင်းကာလမှာ ဒီအသွင်သဏ္ဍာန်ဟာ ပြောင်းလဲ လာခဲ့ပေမယ့် အီရန်ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ proxy warfare နဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေ၊ နယူးကလီးယားလက်နက် ထုတ်လုပ်ရေး စတာတွေဟာ ဂျီစီစီအဖွဲ့ဝင် နိုင်ငံများရဲ့ လုံခြုံရေးကို ခြိမ်းချောက်သလို ဖြစ်လာခဲ့တယ်။ ဒါကြောင့်လဲ ဂျီစီစီနိုင်ငံများရဲ့ စစ်အသုံးစရိတ်ဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်။ (၂၀၀၇) ခုနှစ်က ယူအေအီးမှာ လုပ်ခဲ့တဲ့ လက်နက်ပြပွဲမှာ ဆော်ဒီနိုင်ငံဟာ တိုက်လေယာဉ်၊ ဒုံးကျည်၊ ချေမှုန်းရေးရဟတ်ယာဉ်နဲ့ တင့်ကား သုံးရာကျော်ကို ဒေါ်လာ ၅၀ ဘီလီယံ အကုန်အကျခံပြီး ၀ယ်ယူခဲ့တယ်။ ယူအေအီးနိုင်ငံကတော့ ပင်လယ်ကွေ့ဒေသရဲ့ လုံခြုံရေးဟာ လမ်းဆုံတခုကို ရောက်နေသလို ဖြစ်နေတယ်လို့ ထင်မြင်တာကြောင့် စစ်လက်နက်အင်အား တိုးချဲ့မှုကို ပြုလုပ်လာခဲ့တယ်။
ဒါပေမယ့် ဂျီစီစီနိုင်ငံများရဲ့ စစ်လက်နက်အင်အားချဲ့မှုဟာ အီရန်လို ဒေသတွင်းလွှမ်းမိုးရေး ရည်ရွယ်ချက်တွေနဲ့တော့ မဟုတ်ဘူး။ သူတို့ရဲ့ energy reserves ကို ကာကွယ်ပေးဖို့နဲ့ ပင်လယ်ကွေ့ဒေသကို အမေရိကန်ရဲ့ လုံခြုံရေး အကာအကွယ်ပေးနေမှုကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်နှစ်ခုကလွဲရင် ဂျီစီစီ တိုင်းပြည်တွေက ပင်လယ်ကွေ့ဒေသရဲ့ လုံခြုံရေး အခြေအနေကို ပြောင်းလဲလိုစိတ်မရှိကြပါဘူး။ ဒါပေမယ့်လဲ သူတို့ရဲ့ ပြည်တွင်းရေးမှာ ပြောင်းလဲနိုင်တဲ့ အလားအလာတွေဟာ ဒေသတွင်း အခြေအနေတွေကိုပါ ထိခတ်မှုရှိလာနိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယား နိုင်ငံကို ဥပမာ ပေးလိုပါတယ်။ ဆော်ဒီဟာ ကမ္ဘာ့ oil reserves ရဲ့ ၂၁.၉ % ကို ပိုင်ဆိုင်ထားပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဆော်ဒီနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ tensions တွေဟာ နိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်လာနိုင်စေတယ်လို့ သုံးသပ်ကြပါတယ်။ လစ်ဘရယ် ပြုပြင်ပြောင်းလဲသူတွေနဲ့ အမေရိကန်ဆန့်ကျင်ရေး ဘာသာရေးခေါင်းဆောင် clerics တွေဘက်က ရပ်တည်သူတွေအကြားမှာ တင်းမာမှုတွေ ရှိပါတယ်။ ဆော်ဒီမှာ ဖြစ်လာနိုင်မယ့် ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး scenario နှစ်ခုရှိနေပါတယ်။ ပထမတမျိုးကတော့ စီးပွားရေးကျဆင်းမှုတွေနဲ့ house of saud ရဲ့ အာဏာတည်မှုကို ခြိမ်းချောက်နေမှုတွေကြောင့် အမေရိကန်နဲ့ အနောက်ဆန့်ကျင်ရေး သမားတွေဘက်ကို အနိုင်ရသွားစေနိုင်မှုဖြစ်ပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင်တော့ oil flow ကို ထိခိုက်စေနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေတခုကတော့ တင်းမာမှုတွေ ဆက်ဖြစ်နေပေမယ့် အုပ်ချုပ်ရေးကိုတော့ မထိခိုက်နိုင်တဲ့ အခြေအနေပါ။ ဒီ scenario နှစ်ခုထက် ပိုပြီး ခြိမ်းချောက်နေတဲ့ အချက်ကတော့ oil facilities တွေကို ဖျက်ဆီးဖို့ ကြိုးစားမယ့် အကြမ်းဖက်လုပ်ရပ်တွေပါပဲ။ ဒါကို ကာကွယ်ဖို့ ပိုအရေးကြီးတယ်လို့လဲ တချို့ အကြမ်းဖက် လေ့လာရေး ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ပင်လယ်ကွေ့ဒေသဆိုတာ ကမ္ဘာတ၀ှမ်းလုံးရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေကို ဖြည့်ဆည်းပေးနေတဲ့ ဒေသဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ပြောင်းလဲမှုတွေဟာ ကမ္ဘာ့ရေနံဈေးကွက်နဲ့ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအပေါ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး (energy security) ကလဲ ပင်လယ်ကွေ့ဒေ လုံခြုံရေးအပေါ် တည်မှီနေတာကြောင့် မြန်မာနိုင်ငံအပါအ၀င် အာရှ-ပစိဖိတ်ဒေသရဲ့ နိုင်ငံရေး အခြေအနေတွေ အပေါ်မှာလဲ ပင်လယ်ကွေ့ဒေသ လုံခြုံရေးဟာ သက်ရောက်မှု ရှိနေကြောင်း ရေးသားတင်ပြအပ်ပါတယ်။ 

ခင်မမမျိုး (၂၈၊ ၆၊ ၂၀၀၉)

Baer, R, ‘Iranian Resurrection’ in The National Interest online, (October 2008)

Bahgat, G, ‘The New Geopolitics of Oil: The United States, Saudi Arabia, and Russia’ in Orbis, (Summer 2003)

Baker, G, ‘The man who exploded the myth of U.S. military invincibility’, The Times, 15 January 2009, p. 7.

BP Statistical Review of World Energy 2007

Chamberlain, G, ‘Gulf States Load up’ in The Sunday Telegraph, (February 2007)

Clinton, B, quoted in Kagan, R. and Kristol, W, The Right War For the Right Reasons in The Right War? The Conservative Debate on Iraq, (New York: Cambridge University Press, 2005)

Coady, T & O’Keefe, M, ‘Righteous Violence – The ethics and politics of military intervention’, Melbourne University Press, Victoria, 2005.

Cordesman, AH, Saudi Arabia Enters the Twenty-first Century – the Political, Foreign Policy, Economic and Energy Dimensions, Praeger Publishers, Westport, 2003.

Dawisha, A & Dawisha, K, ‘How to build a democratic Iraq’, ‘Foreign Affairs’, May/Jun 2003, vol. 82, no. 3, p. 36.

Doran, MS, ‘The Saudi Paradox’, Foreign Affairs, Jan/Feb 2004, vol 83, Iss 1, p 35.

Doran, M. S, ‘The Saudi Paradox’ in Foreign Affairs, (83:1, Jan/Feb 2004)

Evans, M, ‘Iranian builders win contracts in city that Shias helped to wreck’, The Times, 20 February 2009, p. 45.

Fitzpatrick, M, ‘The Iranian Nuclear Crisis’, Adelphi Paper, 398, May 2008, pp. 27-86, reviewed 26 February 2009.

Foroohar, R, ‘The Decline of the Petro-Czar’, Newsweek, 23 February 2009, pp. 12-15.

Freedman, L, ‘A Choice of Enemies – America Confronts the Middle East’, Orion Publishing Group Ltd, London, 2008.

Fitzpatrick, M, ‘The Iranian Nuclear Crisis’ in Adelphi Paper, (398, 2008)

Fuller, G.E and Lesser, I.O, ‘Persian Gulf Myths’ in Foreign Affairs, (76:3, 1997)

Garfinkle A, ‘The U.S. Imperial Postulate in the Mideast’ in Orbis, (41:1, 1997)

Gause, F.G, ‘The Illogic of Dual Containment’ in Foreign Affairs, (73: 2, 1994)

Gearon, E, ‘What cost the defence of the Gulf?’ in The Middle East, June 2007

Indyk, M, ‘U.S. Policies in the Gulf: Challenges and Choices’, in The Emirates Centre for Strategic Studies and Research (ed.), ‘International Interests in the Gulf Region’, Abu Dhabi, 2004, p. 105.

Kagan, R. and Kristol, W, The Right War For the Right Reasons in The Right War? The Conservative Debate on Iraq, (New York: Cambridge University Press, 2005)

Kemp, G and Harkavy, Strategic Geography and the Changing Middle East, (Washington DC: Brookings Institute Press, 1997)

Kemp, G, ‘The Persian Gulf Remains the Strategic Prize’ in Survival, (40:4, 1998-99)

Krauthammer, C, ‘The Iranian Charade II’ in The Washington Post, (January 2006)

Lewis, B, ‘Freedom and Justice in the Modern Middle East’, Foreign Affairs, May/June 2005

Luttwak, E, ‘The Middle of Nowhere’, Prospect, May 2007.

Pollack, KM, ‘Securing the Gulf’, Foreign Affairs, Jul/Aug 2003, vol 82, Iss 4, p 2.

Talmadge, C, ‘Closing Time: Assessing the Iranian Threat to the Strait of Hormuz’, International Security,

vol. 33, no. 1, Summer 2008, pp. 82-117.

‘The Military Balance 2009’, International Institute for Strategic Studies.

Sariolghalam, M, ‘Understanding Iran: Getting Past Stereotypes and Mythology’ in Washington Quarterly, (26:4, 2003)

The Oil Daily, April 1994

Wimmer, A, ‘Democracy and Ethno-religious Conflict in Iraq’ in Survival, (45:4, 2003-04)

Zakaria, F, ‘The Rise of Illiberal Democracy’ in Foreign Affairs, (November 1997)

No comments: