ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေသူများအတွက် အမှတ်တရ ( ခံစားမှု- ကဗျာ )


ဟောဟိုမှာ....သူတို့တတွေ
ကိုယ်ကျိုးမပါ အတ္တဗလာနဲ့
မြန်မာပြည် ငြိမ်းချမ်းဖို့အရေး
မိုးရွာရွာ နေပူပူ ဆောင်းချမ်းချမ်း
မိုင်ပေါင်းများစွာဆီသို့ ငြိမ်းချမ်းစွာနဲ့
သူတို့တတွေရဲ့ ဆန္ဒတွေကို
ခရီးရှည်လမ်းလျှောက်ချီတက်ကာ
ဆန္ဒကိုယ်ဆီ ထုတ်ဖော်ပြသနေကြလေရဲ့..။
တစ်မြို့ဝင် တစ်မြို့ထွက်
အာဏာပိုင်တွေဘက်က
ဘယ်လိုလက်မှတ်ရေးထိုးခိုင်းထိုးခိုင်း
ဘယ်လိုပင်နှောက်ယှက်တားဆီးစေကာမှု
ထိပ့်တိုက်ရင်ဆိုင်မှုနဲ့ ဖြေမရှင်းပဲ
နှလုံးရည်သုံးပြီး
ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းကာ
ငြိမ်းချမ်းရေးသရုပ်မှန်ကိုပြသခဲ့ကြတယ်..။
ဒါဟာ....သူတို့လေးတွေရဲ့
မြင့်မြတ်တဲ့စိတ်ထားကိုဖော်ကြူး
ရည်ရွယ်ရာခရီးကို ချစ်မြတ်နိုးလို့ပဲ..။
တို့ချစ်တဲ့နိုင်ငံ တို့ချစ်တဲ့ခလေးတွေ
တို့ချစ်တဲ့ တိုင်းရင်းသားညီအကိုမောင်နှတွေ
တို့ချစ်တဲ့ အဖိုးဖွား တို့ချစ်တဲ့မိဘပြည်သူတွေ
စစ်ဘေးဒုက္ခတောက အမှန်တကယ်ကင်းဝေးစေဖို့အရေး
ဒို့သွေးတွေ ဒို့သားတွေ စတေးကြမယ်ဆိုတဲ့အသိ
မင်း- ငါဆီမှာရှိဖို့တော့ လိုနေပြီ..။
ကြည့်လိုက်ကြစမ်း
ဟောဟိုရှေ့ဆီမှာ သံလွင်ခက်ကိုချီလာတဲ့
ငြိမ်းချမ်းရေးဂျိုးဌက်ငယ်တွေ
အတောင်ပံခတ်ကာ ပျံသန်းလာနေပြီ၊
ကဲ- ကဲ ထလော့လော့ တိုင်းရင်းသားတို့
အရှေ့ဆီက ရောင်နီမထွန်းခင်
ဒို့တိုင်း ဒို့ပြည် ငြိမ်းချမ်းရေးအတွက် 
ကျောချင်းကပ် ရင်ချင်းယှက်ပြီး
လက်ချင်းခိုင်ခိုင်ဆက်ကာ
ခရီးဆုံးပန်းတိုင်ဆီသို့ လျှောက်လှမ်းကြပါ....စို့။

( ကိုဗလိုင် )
(( ငြိမ်းချမ်းရေးအတွက် လိုင်ဇာဆီသို့ ခရီးရှည်ချီတက်လမ်းလျှောက်နေကြတဲ့
ညီအကိုမောင်နှမများအား  ဤကဗျာဖြင့်   အလေးနက်ထား၍ဂုဏ်ပြုအပ်ပါသည် ))





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: