တရုတ်နိုင်ငံအနေနဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းကို ပြန်လည်အကောင် အထည်ဖော်ဖို့ ဆန္ဒရှိနေကြောင်း



တရုတ်နိုင်ငံအနေနဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းကို ပြန်လည်အကောင် အထည်ဖော်ဖို့ ဆန္ဒရှိနေကြောင်း တရုတ်အာဏာ ပိုင်တွေဘက်က ထုတ်ဖော်ပြောဆိုတယ်လို့ ဒီကနေ့ တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က RFA ကို ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ကို ၁၀ ရက်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း တရုတ် ကွန်မြူနစ် ပါတီခေါင်းဆောင်တွေက ခုလိုပြောကြားခဲ့ တာဖြစ်တယ်လို့ NLD ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးညီပုက ပြောပါတယ်။
"ကျနော်တို့ ကူမင်းကို ရောက်တဲ့အခါမှာ ကူမင်း အုပ်ချုပ်ရေးမှူး နောက် ပေကျင်းရောက်တဲ့အခါ မှာလည်း နိုင်ငံခြားရေးရာ ညွှန်ချုပ်တို့ ဘာတို့ အပါအဝင်ပေါ့ နောက်ဆုံး ဒုဝန်ကြီးတွေနဲ့ တွေ့ ခဲ့ရတယ်၊ သူတို့ကတော့ မြစ်ဆုံကိစ္စပြောပါ တယ်၊ မြစ်ဆုံကိစ္စကိုပြန်ပြီးတော့ အကောင်အထည်ဖော်ချင်တဲ့ကိစ္စတွေပြောတယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တဲ့အကြောင်းတွေပြောပါတယ်"
NLD ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း တရုတ်အာဏာပိုင်တွေအနေနဲ့ မြစ်ဆုံစီမံကိန်းအပြင် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်ပြည်က စီးပွားရေးလုပ်ငန်းတွေအကြောင်း အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်လိုကြောင်း၊ လက်ပံတောင်းတောင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀င်ရောက်ကူညီဆောင်ရွက်ပေးမှုကိုလည်း အင်မတန်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ NLD ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးညီပုကို RFA သတင်းထောက် မသူဇာက ဆက်သွယ်မေးမြန်းထားပါတယ်။

No comments: