16 May 2013  |By The Voice Journal 
တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၏ လက်နက်နှင့် စီးပွားရေး အထောက်အပံ့များ 
ရယူထားသော “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီက “ဝ” ကိုယ်ပိုင် 
အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုမှုသည် လွှတ်တော် နှစ်ရပ်ကသာ အဆုံးအဖြတ် 
ပေးရမည့် ကိစ္စဖြစ်ကြောင်း အစိုးရက ဖွဲ့စည်း ထားသည့် မြန်မာ ငြိမ်းချမ်းရေး 
စင်တာမှ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီနှင့် 
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ 
ဦးသိန်းဇော်တို့ တွေ့ဆုံစဉ် ယင်းပါတီဒုတိယ ဥက္ကဋ္ဌ ဦးကျောက်ညီလိုင်က 
အခြေခံဥပဒေ ပြင်ဆင်ရာတွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု 
ထည့်သွင်း ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ “ဝ” က ပြည်နယ် 
တောင်းတယ် ဆိုတာ "အစိုးရမှာလည်း တောင်းလို့ မရဘူး။ ငြိမ်းချမ်းရေး လုပ်ငန်း
 ကော်မတီမှာလည်း တောင်းလို့မရဘူး၊ လူထုရွေးချယ် ထားတဲ့ လွှတ်တော် 
ကိုယ်စားလှယ်တွေရဲ့ အဆုံးဖြတ်ပေါ် မူတည်တယ်" ဟု အဆိုပါ ငြိမ်းချမ်းရေး 
စင်တာမှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ “ဝ” ပြည်သွေးစည်းညီညွတ် ရေးပါတီ၏ ပြည်နယ် တောင်းခံမှုကို 
လက်မခံကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၏ ဗဟို အလုပ်အမှု 
ဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။ ထိုပြည်နယ် 
တောင်းခံမှု အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ 
ဦးခွန်ထွန်းဦးက "ဒီပြဿနာ ဟာ အတော် ထိလွယ်ရှလွယ်တဲ့ ပြဿနာ၊ တပ်မတော် အစိုးရ 
ရေးတဲ့ အခြေခံဥပဒေ ထဲမှာက သူတို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ 
တိုင်းအဖြစ် သတ်မှတ် ထားတာ။ အခုအခြေခံ ဥပဒေပြင်ရင် ပြည်နယ် ပေး မပေး 
ဆိုတာလည်း ဗိုလ်ချုပ် ဟောင်းတွေပေါ် မူတည်နေတယ်" ဟု သုံးသပ် ပြောကြားသည်။
အခြေခံ ဥပဒေက သတ်မှတ်ထားသော နယ်မြေအကျယ် အဝန်း၊ လူဦးရေအရ 
တောင်းခံပိုင်ခွင့် ရှိပြီး မြန်မာနိုင်ငံတွင်းရှိ လူမျိုးတစ်မျိုး၏ 
နိုင်ငံရေး အခွင့်အရေးအရ လွှတ်တော်တွင် တောင်းခံပိုင်ခွင့် ရှိကြောင်း 
နိုင်ငံရေးဆောင်းပါးများ သုံးသပ်ရေးသားသူ စာရေးဆရာ နေသန်မောင်က ဆိုသည်။ 
"Political Right အရ တောင်းခွင့်ရှိတာ မှန်ပေမယ့် အခြေခံဥပဒေတိုင်းပဲ 
သွားသင့်တယ်၊ အစိုးရဆီမှာ ပြည်နယ် သွားတောင်းလို့မရဘူး" ဟု ၄င်းက ထောက်ပြ 
သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်းကမူ ယင်းကိစ္စကို လူထုဆန္ဒ 
ခံယူပြီးမှ ဆုံးဖြတ်သင့်ကြောင်း အကြံပြုသည်။ အခြေခံဥပဒေ စာမျက်နှာ (၁၈) 
ပုဒ်မ ၅၆ (စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖွဲ့စည်းပုံဆိုင်ရာ 
ပုဒ်မတွင် ရှမ်းပြည်နယ် ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ 
ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း 
မြို့နယ်တို့ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေး 
ထားသည်။ 
No comments:
Post a Comment