အရိုးတွတ်သံတွေ ညံညံစီ

 

လူဆိုတာ ဘုရားလောင်း ဖြစ်ရင်ဖြစ်၊ ဒေဝဒတ်လောင်းဖြစ်ရင်ဖြစ်၊ တစ်ဖြစ်ဖြစ်တော့ ဖြစ်ရတော့တာပဲတဲ့။ အသက်ကြီးလေ အဲဒီစရိုက် ပေါ်လာလေတဲ့ဗျာ။ ရှေးလူကြီးသူမတွေ ပြောခဲ့တဲ့စကားပါ။ ဟုတ်လောက်ပါတယ်ဗျာ။ ကိုယ်တွေ့ဗျ။

မနေ့တနေ့ ကျုပ်အသက် ၈၃ နှစ်ပြည့်တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ လူငယ်မျိုးဆက်သစ်တွေ မနည်းမနောပဲဗျာ။ ကျုပ်တစ်ယောက် သေခရီးမှာ တစ်မိုင်တိုင် ပိုနီးလာတာကို ဝမ်းသာကြ၊ ချီးကျူးကြပေါ့။ ဘာရယ်မဟုတ်ပါဘူး။ ကျုပ်လည်း ဝမ်းသာအယ်လဲ ဖြစ်ရတာပေါ့။ သူတို့က ကျုပ်ကို ဘုရားလောင်းလိုလို၊ သူတော်ကောင်းယောင်ယောင် မွေးနေ့ထုံးစံ လောကွတ်စကားပြောကြတယ်ဗျ။

ကျုပ်ကတော့ ပြုံးမိပါတယ်။ လူဆိုတာ အသက်ကြီးလေ၊ အချိန်မစီးချင်လေ ဖြစ်တတ်တာမျိုးဗျ။ ကျုပ်က ဖြစ်စားရှိ ဒေဝဒတ်လောင်းပဲဖြစ်မှာ ထင်ရဲ့ဗျာ။ ကျုပ်က ဒေါသမူစိတ်ကလေးနဲ့ အသက်ရှည်နေတာကိုး။ ဟိုအချုပ်မှူးကြီးတွေ မောဟဇောနဲ့ မိုက်ခဲ့ကြသလို ကျုပ်ကလည်း ဒေါသရောင်တော်ပြန် လွှတ်နေမိသဗျာ။ ဒီလိုနဲ့ သေခါနီးလေ၊ ဒေဝဒတ်ရေစုန် လိုက်မိလေဖြစ်နေရတယ်။

ဒီလိုဗျ။ ဒီနေ့ကမ္ဘာမှာ လူတွေကို လူလို မှတ်လာနေကြပြီဗျာ။ လူအခွင့်အရေးဆိုတာကြီးက ဟည်းတိုက်ပြီး လူ့လောကကို ရိုက်ခတ်လွှမ်းမိုးလာတာကိုး။ ဒီလိုနဲ့ လူတွေကို လူလိုမှတ်ကြ၊ လူတွေကို လူလိုမြင်ကြဆိုတဲ့ လူသားစိတ်တွေ ပြန့်ပွားလာတယ်။ လူသားစိတ်တွေ မွေးမြူလာတယ်။ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ရင် ငါလည်းလူ၊ သူလဲလူပါပဲကလားဆိုတဲ့ လူသားချင်းစာနာစိတ်တွေ ပွားတိုးလာတယ်။

ဒါကြောင့်ပဲ ထင်ရဲ့။ ကမ္ဘာ့နိုင်ငံအများမှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို အသိမှတ်ပြုလာတယ်။ ကူညီကယ်ဆယ်လာတယ်။ ဘဝပြန်လည်ထူထောင်လာတယ်။ ကျုပ်တို့ ရွှေဗမာအစိုးရတွေတောင် လူစကား ပြောလာတယ်။ လူပုံဖမ်းလာတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးကို နားခါးခါးနဲ့ ကြားယောင်ယောင် လုပ်လာတယ်။ ကျုပ်ကတော့ ဝမ်းသားတာပေါ့။ ဒါတောင် လူအတော်များများဟာ လူ့အခွင့်ရေးဆိုတဲ့ စကားလုံးကို အာဘောင်ပဲ့အောင် ရဲရဲမပြောဝံ့ကြသေးဘူး။ လူ့အခွင့်အရေး တိုက်ပွဲဝင်လုပ်ငန်းတွေလုပ်တိုင်း ဘာအာဃာတမှ မရှိပါဘူး ခင်ဗျားဆိုတဲ့ စကားပလ္လင် ခံနေကြရှာသေးတယ်။

တစ်လောက ကမ္ဘာကျော်လူ့အခွင့်အရေးတိုက်ပွဲဝင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ကျုပ်အိမ်ရောက်လာတယ်။ စကားလက်ဆုံပြောမကုန်ပေါ့။ သူ့နိုင်ငံ တောင်အာဖရိကမှာ လူဖြူ-လူမည်း လူ့အခွင့်အရေးတိုက်ပွဲအမွေဆိုး စာရင်းပိတ်ပုံတွေကို ပြောတယ်။ အမှတ်တရားဖော်ထုတ်ရေး ကော်မရှင်တွေဖွဲ့ပြီး လုပ်မှား-ကိုင်မှားတွေ စာရင်းရှင်းပုံတွေ ပြောပြတယ်။ အမျိုးသားပြန်လည်သင့်မြတ်ပေါင်းစည်းရေး၊ လမ်းသစ်ဖွင့်ပုံတွေပြောပြတယ်။ လူထုပြဿနာကို လူထုနည်းနဲ့ ရှင်းပုံရှင်းနည်းတွေပြောပြတယ်။

ကျုပ်တို့နိုင်ငံမှာ ‘ချေနှစ်ချေ’ ကို နိုင်ငံရေးခေါင်းဆောင်ကြီးတွေက တဖွဖွပြောကြတယ်။ လက်စားမချေဘူး၊ သင်ပုန်းချေမယ်ပေါ့။ စကားလုံးသက်သက်ပဲ။ အလုံးပုံစံမပါဘူး။ ကိုရွှေဗမာ မှူးကြီးချုပ်ကြီး၊ ချုပ်မှူးကြီးတွေကတော့ လူ့အခွင့်အရေးဆိုတဲ့ စကားသံကြားလိုက်ရရင် မျက်ထောင့်နီတုန်း၊ နှာကောက်တုန်း။ ဟုတ်မှာပေါ့လေ။ သူတို့က ဒေါင်ဒေါင်မြည် စစ်အာဏာရှင်တွေ ဖြစ်ခဲ့ပေသကိုး။ လူ့စကား (လူ့အခွင့်အရေးစကား)၊ ဒီစကား (ဒီမိုကရေစီစကား) ဘယ်ကြားချင်ကြလိမ့်မတုံး။ နားခါးကြတာပေါ့။ အဲ့ဒီစကားမျိုး ပြောသူတွေကိုဆရာမြို့မငြိမ်းရဲ့ ဘင်ဂျိုသီချင်းထဲကလို ဘင်ဂျိုခေါက်သံပေးတဲ့လူတွေ ဘုရင်ကဖမ်းခိုင်းပြီး ကိုယ်လုပ်တော်တွေနဲ့ ဝိုင်းကလိုးထိ-ကလိထိုးသလို လုပ်ချင်ကြတာကိုး။ သူတို့ ကလိထိုးပုံက လက်ပံတောင်းတောင်မှာ လုံခြုံရေးရဲတွေက ရဟန်းသံဃာတွေကို အရုဏ်ဆွမ်းကပ်သွားတဲ့ မီးလောင်ဗုံးနဲ့ ထိုးဆွတာ ဖြစ်နေလေတော့ လူတိုင်း ကြောက်တုန်း-လန့်တုန်း ဖြစ်ကြရတာပေါ့ဗျာ။

ကျုပ်လည်း အဲ့ဒီအဖြစ်မျိုးတွေကိုကြားကြားနေရတာကိုး။ ဒီတော့ ဒေါသမူစိတ်ဆိုးက ရင်ဝဆောင့်ဆောင့်တိုးနေတော့တာပေါ့။ ဒီလိုနဲ့ ကျုပ်လည်း ဒေဝဒတ်လောင်းလျာ ဖြစ်နေရရှာတာပေါ့။

တကယ်တော့ဗျာ၊ ကျုပ်တို့နိုင်ငံမှာ လူ့အခွင့်အရေးတရားခံတွေဟာ သူတို့ပြစ်မှုကို ဝန်ချရင်ချ။ ဒါမှမဟုတ် သူတို့ရဲ့မဟာဘဏ္ဍာသိုက်ထဲက စိုက်ထုတ်ပေးလျော်ချင်ပေးလျော်။

ဒါမှမဟုတ် ယူဂိုဆလင်တို့၊ ဆူဒန်တို့ဆိုတဲ့ နိုင်ငံတွေက လူသားဆန့်ကျင်ပြစ်မှုကျူးလွန်သူတွေကို ကမ္ဘာ့တရားရုံးတွေမှာ တရားစွဲခံချင်ခံ။

ဒါမှမဟုတ် တောင်အာဖရိကနိုင်ငံမှာလို အမှန်တရားဖော်ထုတ်ရေးကော်မရှင် ဖွဲ့ချင်ဖွဲ့။

တကယ်တမ်းပြောရရင်တော့ - ဒီနေ့တိုင်းပြည်မှာ လူအခွင့်အရေးပြဿနာတွေက သမိုင်းစာအုပ်တွေထဲက ဝေါဟာရစကားလုံးကို ‘ချေသော်မကျေ’ ရှိနေဆဲပဲဖြစ်တယ်ဗျာ။

မကြာခင်က ကျင်းပသွားတဲ့ ၂၅ နှစ်မြောက် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အခမ်းအနားတွေလို အရိုးတွန်သံတွေကတော့ ပြည်သူလူထုကြားမှာ ညံနေပေဦးမှာပဲဗျို့။ ကြာရင် အဲဒီအရိုးတွေဟာ တွန်ရုံတွန်တာထက် နတ်ပွဲဇတ်လမ်းတွေဖြစ်၊ တခြိမ်းခြိမ်း၊ ကခုန်ကျိန်ဆဲဖြစ်လာနိုင်သလောက်ဗျာတို့။

ကျုပ်တစ်ယောက်လည်းဒေဝဒတ်လောင်းလျာဘဝက လွတ်ကျွတ်ချင်လှပါပြီဗျာ......။

ဟံသာဝတီ ဦးဝင်းတင်

ဒီလှိုင်း ဂျာနယ်။။ အတွဲ(၂)၊ အမှတ်(၁၁)





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: