တင်ဇာအောင်  
      | 
   
   တနင်္လာနေ့၊ မေလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၄၈ မိနစ် 
ရန်ကုန် (မဇ္ဈိမ)။   ။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော
 မဟာဆန် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်လာပါက ရခိုင်ကမ်းရိုးတန်းနှင့် 
မြစ်ဝကျွန်းပေါ်ဒေသ တလျှောက်တွင် မုန်တိုင်း ဒီရေ လှိုင်းဒဏ်များ လွှမ်းမိုးမှု
 ဖြစ်ပေါ်နိုင်သောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အမျိုးသား 
သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း 
ဦးစီးဆောင်ရွက် သွားမည်ဟု အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က တနင်္လာနေ့ 
ညပိုင်းတွင် ကြေညာလိုက်သည်။
ယင်းသို့ ကာကွယ်စောင့်ရှောက်ရေး 
လုပ်ငန်းများ ဆောင်ရွက်သွားရန် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် စီမံခန့်ခွဲမှု
 လုပ်ငန်း ကော်မတီတို့မှ တာဝန်ရှိသူများ ပါဝင်သည့် စီမံကွပ်ကဲမှု အဖွဲ့သည် 
မေလ ၁၄ ရက်နေ့မှ စ၍ ရခိုင်ပြည်နယ် အမ်းမြို့တွင် အနီးကပ် 
ကွပ်ကဲသွားမည်ဖြစ်သည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။
ယင်းအပြင်
 မုန်တိုင်းဒဏ်ကျရောက်နိုင်သော ကမ်းရိုးတန်း ဒေသများရှိ တပ်မတော် အနေဖြင့် 
ကြိုတင် စီစဉ်ထားမှုများ ရှိနေပြီး တိုင်းစစ်ဌာနချုပ်များတွင် လေယာဉ်၊ 
ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ် များအား လိုအပ်လျှင် ချက်ချင်းအကူအညီ 
ပေးနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။ ယင်းအပြင်
ဆေးကုသရေး 
လုပ်ငန်းများ ဆောင်ရွက်ရန်လည်း ပြင်ဆင်ထားရှိထားရှိပြီး အခြား အထောက်အကူပြု
 အဖွဲ့အစည်းများကိုလည်း ပြင်ဆင်ထားရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းသို့
 အစိုးရပိုင်း အနေဖြင့် ပြင်ဆင်ထားမှုများ ရှိသကဲ့သို့ ပြည်တွင်း 
အန်န်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ် သည့် ထူးဖောင်ဒေးရှင်းကလည်း 
မုန်တိုင်းတိုက်ခတ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် လေယာဉ် များ 
ပြင်ဆင်ထားသည်ဟုလည်း ထူးဖောင်ဒေးရှင်းက သိရသည်။
မုန်တိုင်းကြောင့် 
ရခိုင်ပြည်နယ် အတွင်း ဒီရေ တက်လာနိုင်သည့် နေရာများ၊ ကမ်းခြေ တစ်လျှောက် 
တဲများ၊ ယာယီတဲများဖြင့် နေထိုင်ကြသူများကိုလည်း မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့
 အပြီး လုံခြုံစိတ်ချရသည့်
နေရာများသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟုလည်း သိရသည်။
မုန်တိုင်း အန္တရာယ်ကို ကြုံတွေ့ရချိန်တွင် သတိပြုရမည့် အချက်များကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ရေဒီယို တို့မှ တဆင့် ထုတ်ပြန်နေသည်။
မိုးလေ၀သ
 ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ မေလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် 
တစ်နာရီ အချိန် ထုတ်ပြန်ချက်အရ ဆိုင်ကလုန်း မုန်တိုင်း မဟာဆင်သည် 
မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက်ဘက် မိုင် ၄၁၀၊ ပုသိမ်မြို့၏ 
အနောက်တောင်ဘက် မိုင် ၅၄၀၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၅၉၀၊ 
အိန္ဒိယ နိုင်ငံ ချုင်းနိုင် မြို့၏ အရှေ့တောင်ဘက် မိုင် ၃၈၀ ခန့် အကွာတင် 
ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ ယင်းမုန်တိုင်းမှာ မြောက်ဘက်သို့ 
ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်း ဗဟိုချက် အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်သည်။
No comments:
Post a Comment