Thursday, May 2, 2013
 
 အခု တလော တရုတ်နိုင်ငံက ခြေလှမ်း စိပ်စိပ်နဲ့ မြန်မာ့အရေး ချည်းကပ်လာတာ သတိထားမိပါတယ်။ 
 
 NLD ပါတီက အဖွဲ့ဝင်တွေကို ၂ သုပ်ခွဲပြီး တရုတ်နိုင်ငံကို လေ့လာရေးခရီးသွား ကြမယ်ဆိုပါတယ်။ 
 ယမန်နှစ်နဲ့ ယခုနှစ်တွေမှာလည်း မြန်မာနိုင်ငံက အာဏာရ နိုင်ငံရေးပါတီ အပြင်
 အတိုက်အခံ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ 
တချို့အဖွဲ့အစည်းတွေကိုလည်း တရုတ်နိုင်ငံကို အလည်အပတ်လာဖို့ ဖိတ်ခေါ်တာတွေ 
လုပ်ခဲ့ပါတယ်။ 
 
 အခု နောက်ဆုံး ၈၈ ရုံးခန်းမှာ တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေအပေါ် ၈၈ မျိုး ဆက်
 ကျောင်းသားတွေရဲ့ အမြင်ကို သိချင်လို့ ယနေ့ ကိုယ်စားလှယ်တဖွဲ့က လာဆွေးနွေးခဲ့တာ အပါအ၀င်ဘဲ။ 
 
 ၈၈ မျိုးဆက်တွေနဲ့ လာရောက်ဆွေးနွေးတယ်ဆိုတာကတော့  Instute of American 
Studies , Chinese Academy of Social Sciences က Dr. Zhou Qi (Senior 
Researcher,Director of American Politics) ဖြစ်သူနဲ့ Dr.Li Nan (Associate
 Research Fellow)တို့နှစ်ဦး ပါတဲ့အဖွဲ့ဖြစ်တယ်လို့ ၈၈ မျိုးဆက် 
သတင်းထုတ်ပြန်မှုအရ သိရပါတယ်။
 
 မြန်မာနိုင်ငံက နိုင်ငံရေး 
အခင်းအကျင်းတွေ ပြောင်းလဲလာတာနဲ့အမျှ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ 
ဆက်ဆံရေး အပြောင်းအလဲတွေ ရှိလာတာ အားလုံး သတိထားမိမှာပါ။
 
 
ယမန်နှစ်နဲ့ ဒီနှစ်ထဲမှာဘဲ တရုတ်သံအမတ် အဟောင်းနဲ့ အသစ်တွေဟာ 
ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လာတွေ့ဆုံခဲ့ပါသေးတယ်။ ဒီအပြင် လှူဒါန်းမှု 
တချို့လည်း လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါမျိုး လွန်ခဲ့တဲ့ နှစ်
 ပေါင်း ၂၀ အတွင်းမှာ မရှိခဲ့ပါဘူး။ 
 
 လွန်ခဲ့တဲ့ တချိန်က ပါတီ ချင်းဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေး ဆိုတဲ့ 
Party to Party, Government to Government ဆိုတာတွေ ရှိခဲ့ပါတယ်။ 
နောက်ပိုင်း Army to Army ဆက်ဆံရေးတွေလည်း ရှိခဲ့ကြတာ ပါ။ ဒါတွေက အာဏာ 
ရှိသူတွေကိုသာ အဓိက ဆက်ဆံခဲ့တာပါဘဲ။
 
 ဒါပေမယ့် အခုနောက်ပိုင်းမှာ 
တရုတ်ရဲ့ ဗျူဟာ အရွေ့အပြောင်းက သိသာလာခဲ့ပါတယ်။ အမေရိကန် အပါအ၀င် 
အနောက်အုပ်စုဟာ မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ 
ရုပ်သိမ်း
 ပြီးတဲ့နောက်မှာ မြန်မာ့ ဈေးကွက်မှာ တရုတ်ဟာ တချိန်က ပြိုင်ဘက်ကင်း ဖြစ်ခဲ့တာပါ။ 
 
 အခုတော့ တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ အခုတော့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်လာရတော့မှာပါ။
 
 တဖက်မှာလည်း တရုတ်အစိုးရဟာ မြန်မာလူထုထဲမှာ ရှိနေတဲ့ တရုတ်ဆန့်ကျင်ရေးတွေ ကျယ်ကျယ် 
 ပြန့်ပြန့် ဖြစ်လာခဲ့တာကိုလည်း ရိပ်စားမိလာခဲ့ပါတယ်။ 
 
 သေချာတာတခုကတော့ မြစ်ဆုံဆည်စီမံကိန်းမှာ တရုတ်ဘက်က လူထုဆက်ဆံရေး အလွန်အားနည်း ခဲ့တယ်ဆိုတာ သိသာတဲ့ ပြယုဂ်တခုအဖြစ်  သိသာပါတယ်။ 
 
 ဒါကြောင့်ဘဲ တရုတ်ဘက်က သုတေသန လုပ်နေသူတွေအမည်နဲ့ ရန်ကုန်နဲ့ မန္တလေး 
အပါအ၀င် မြို့ကြီး တချို့မှာ လာပြီး မြန်မာလူထုထဲက တရုတ်ဆန့်ကျင်ရေး 
ရင်ခုန်သံတွေကို နားထောင်ခဲ့ပါသေးတယ်။ 
 
 တချိန်က တရုတ်အနေနဲ့ 
မြန်မာလူထုရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ စီးပွားရေးလုပ်ငန်းတွေမှာ 
သူတို့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့တာတွေအတွက် အခုအချိန်မှာ 
ပြန်လည်ပေးဆပ်နေရတာတွေ လည်း ဖြစ်ပါတယ်။ 
 
 မြန်မာအနေနဲ့တော့ 
အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ ပထ၀ီ နိုင်ငံရေးအရရော၊ နိုင်ငံရေး
 ပထ၀ီ သဘောအရတွေပါ ကမ္ဘာတည်သရွေ့ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံသွားရမှာပါဘဲ။ 
 
 တချိန်က စစ်ဗိုလ်ချုပ်ကြီးများကတော့ တရုတ်နဲ့ ဆက်ဆံရာမှာ တရုတ်ရဲ့ 
ကမ္ဘာ့အလယ်က အရှိန်အ၀ါကို ကိုယ့်အာဏာ တည်မြဲရေးအတွက် မျှော်ကိုး 
ဆက်ဆံခဲ့တာတွေက အများသားဖြစ်နေတာကိုတော့ ဝေဖန် 
 ထောက်ပြသူတွေ နှစ်ပေါင်းများစွာ ပြောနေခဲ့ကြတာပါ။ 
 
 အခုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ 
လုပ်လာမှုနောက်ပိုင်း နိုင်ငံ တကာ နဲ့ ပါ ဆက်ဆံရေး မျက်နှာစာသစ်တွေ 
ဖွင့်လာနိုင်ခဲ့တာမို့  မြန်မာအပေါ် တရုတ်အနေနဲ့ သတိထား ဆက်ဆံလာနေတာလည်း 
ဖြစ်ပါတယ်။ 
 
 တကယ်တမ်း မြန်မာနိုင်ငံနဲ့ နိုင်ငံသူ 
နိုင်ငံသားတွေအပေါ် စေတနာနဲ့ ဆက်ဆံကူညီတဲ့ နိုင်ငံဆိုတာ ကမ္ဘာ မှာ 
ဘယ်နိုင်ငံမှ မရှိပါဘူး။ အားလုံးက ကိုယ်ကျိုးစီးပွားကို အခြေခံ 
ဆက်ဆံကြချည်းပါဘဲ။ 
 
 ကိုယ့်နိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့ ဒီလို 
ဆက်ဆံမှုတွေထဲကမှ ကိုယ့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုး အတွက် 
ဘယ်လောက် အကောင်းတွေ ဖြစ်လာစေမယ်ဆိုတာကို ခေါင်းဆောင်ဆိုသူတွေ က ကြည့်ပြီး 
ချိန်ညှိ ဆက်ဆံသွားနိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။
 
 လင်းသန့် ( ဧရာဝတီ) 
No comments:
Post a Comment