ဘ၀စာမျက်နှာသစ်



(၂၀၁၂)ခုနှစ်မှာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေ စတင်လာခဲ့ပါတယ်။ ဒီလိုစတင်လာချိန်ကစပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးသမားများကလဲ လွှတ်တော်ပြင်ပ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ လွှတ်တော်တွင်းနိုင်ငံရေးသမား၊ နိုင်ငံရေးမီဒီယာ စသဖြင့် ရွေးချယ်မှုများ ပြုလုပ်ပြီး၊ နိုင်ငံရေးခရီးကို ရှေ့ဆက်လှမ်းကြပါတယ်။ အချို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုကို ရပ်ဆိုင်းပြီး လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လုပ်ကြပါတယ်။ အချို့ကတော့ ပြည်ပမှာ အခြေစိုက်ပြီး၊ နိုင်ငံရေးအပြောင်းအလဲကို အွန်လိုင်းကနေ ဆန့်ကျင်ဝေဖန်မှုတွေ ဆက်လက် ပြုလုပ်ကြပါတယ်။

ဒီလိုအခြေအနေမှာ ကျွန်မအတွက်လဲ ဘယ်လမ်းကို ဆက်လျှောက်မလဲဆိုတဲ့ မေးခွန်းတခုကို ကိုယ့်ဘာသာကိုယ် စတင်မေးမြန်းလာခဲ့ပါတယ်။ (၁၉၉၇) ခုနှစ်ကစပြီး၊ ဆယ့်ငါးနှစ်တာ ကာလအတွင်း နိုင်ငံရေးပါဝင်ပတ်သက်မှု ရှိခဲ့ရာမှာ စာဖတ်ဝိုင်းလေ့လာသူ၊ စာရွက်များ ဖြန့်ဝေသူကနေ စလို့ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်ရဲ့ မီဒီယာနဲ့ ကင်ပိန်းဒါရိုက်တာ၊ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁)၊ ဘားမားဒိုင်ဂျက်စ် မဂ္ဂဇင်း အယ်ဒီတာ၊ လွတ်မြောက်ရေးဂျာနယ် တာဝန်ခံအယ်ဒီတာ၊ လူထုတိုက်ပွဲလက်စွဲ စာအုပ်များ တာဝန်ခံထုတ်ဝေသူနဲ့ စာရေးသူ၊ အမျိုးသမီးအခွင့်အလမ်းဆိုင်ရာ ရေဒီယိုအသံလွှင့်ဆောင်းပါးများ ရေးသားသူ စတဲ့ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံရေးနဲ့ တော်လှန်ရေး ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို ခြောက်ရာကျော်ကို ရေးသားဖြစ်ခဲ့ပါတယ်။

ဒီလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (political activist) အဖြစ် ဆယ့်ငါးနှစ်တာ ရပ်တည်ခဲ့ရာက ဘယ်လို ဆက်လက်ရပ်တည်မလဲဆိုတာကို ရွေးချယ်ရချိန်မှာတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သုံးသပ်မှုတွေ စတင်ပြုလုပ်လာရပါတယ်။ ဒီလိုသုံးသပ်ရာမှာ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ရလဒ်တွေအပေါ် နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ တော်လှန်ရေးခေါင်းဆောင်များက လက်ခံပြီး၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်မှု၊ အပစ်အခတ်ရပ်စဲမှုများ လုပ်နေခြင်း၊ နိုင်ငံတကာမှ လက်ခံပြီး၊ အားပေးကူညီမှုများ လုပ်ဆောင်နေခြင်း စတာတွေကြောင့် ပြည်ပနိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် ရပ်တည်မှုတွေမှာ မိမိအနေနဲ့ ပါဝင်ဖို့ မလိုအပ်တော့ကြောင်း သုံးသပ်မိလာပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံရေးလှုပ်ရှားမှုမှ အနားယူရန် ဆုံးဖြတ်ပြီး၊ အဖွဲ့အစည်းအသီးသီးမှ နှုတ်ထွက်ခဲ့ပါတယ်။

ဒီအဆင့်အပြီးမှာ ရှေ့ဆက်ရမယ့် ခရီးအတွက် ရွေးချယ်ရမှုတွေ ရှိလာပါပြီ။ နိုင်ငံရေးပါတီတခုခုဝင်ပြီး နိုင်ငံရေးသမား (politician) လုပ်မည်လား၊ နိုင်ငံရေးမီဒီယာ (political media) တခုခုမှာ အလုပ်လုပ်မည်လား၊ တက္ကသိုလ်နှင့် သုတေသနအင်စတီကျူများ အခြေပြု political academic အဖြစ် နိုင်ငံရေးအကြံပေးမှု (political consultancy)၊ နိုင်ငံရေးသုတေသန (political research) နဲ့ နိုင်ငံရေးပညာပေးမှု (political education) လုပ်ငန်းများကို လုပ်ဆောင်မည်လား၊ ပြည်တွင်းနိုင်ငံရေး တက်ကြွလှုပ်ရှားမှုများမှာ ပါဝင်ပြီး political activist အဖြစ် ဆက်လက် ရပ်တည်မည်လား စတဲ့ role သုံးမျိုးကို စဉ်းစားလာရပါတယ်။ လူတယောက်တည်းကနေ ဘက်ပေါင်းစုံမှာ ပါဝင်နိုင်ဖို့ဆိုတာ ခဲယဉ်းတာကြောင့် တခုကို ရွေးချယ်ရာမှာ မြန်မာပြည်နဲ့ ဆယ်နှစ်တာ ဝေးကွာခဲ့သူ၊ ပြည်သူလူထုနဲ့ ဆယ်နှစ်ခန့် ဝေးနေခဲ့သူတယောက် ဖြစ်တဲ့အတွက် နိုင်ငံရေးသမား (politician) အဖြစ် ပါဝင်ပတ်သက်ရန် အချိန်တခုယူရန် လိုအပ်ကြောင်း မိမိကိုယ်ကို သုံးသပ်မိပါတယ်။

ဒါကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (political activist)၊ နိုင်ငံရေးသမား (politician) အဖြစ် ရပ်တည်ခြင်း မပြုတော့ပဲ၊ တက္ကသိုလ်နှင့် သုတေသနအင်စတီကျူများ အခြေပြု political academic အဖြစ် နိုင်ငံရေးအကြံပေးမှု (political consultancy)၊ နိုင်ငံရေးသုတေသန (political research) နဲ့ နိုင်ငံရေးပညာပေးမှု (political education) လုပ်ငန်းများကို (၂၀၁၃) ခုနှစ်မှ စပြီး၊ ဆယ်နှစ်ခန့် တစိုက်မတ်မတ် လုပ်ဆောင်သွားရန် ရွေးချယ်လိုက်ပါတယ်။

ဒီလိုနဲ့ ဘ၀စာမျက်သစ်ကို စတင်ခဲ့ရာမှာ သုတေသနစာတမ်းများကို Oxford, Cambridge, LSE, Princeton, Yale, Harvard, George Washington, East-West Centre, ANU, SIPRI, NIDS (Japan), IDSA (India) စတဲ့ တက္ကသိုလ်များနဲ့ သုတေသနအင်စတီကျူများရဲ့ ကွန်ဖရင့်များ၊ ISA, BISA, IPSA အစရှိတဲ့ ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းများရဲ့ ကွန်ဖရင့်များမှာ တင်သွင်းဖတ်ကြားနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် Myanmar Institute of Peace and Security Studies (MIPSS) ကို စတင်တည်ထောင်ခဲ့ပြီး၊ လေ့လာရေးစာစဉ် သုံးဆယ်ခန့်ကိုလဲ ထုတ်ဝေထားပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံတွင်းမှာ သုတေသန အင်စတီကျူ တရပ်အဖြစ် MIPSS ကို အခြေစိုက်ရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးပညာရပ်များထွန်းကားရေး၊ မြန်မာ့နိုင်ငံရေး သုတေသီများ ပေါ်ထွက်လာရေး၊ မြန်မာနိုင်ငံအခြေစိုက် အရှေ့တောင်အာရှလုံခြုံရေး သုတေသနစင်တာ တည်ထောင်နိုင်ရေး စတာတွေအတွက် အစိုးရတာဝန်ရှိသူများ၊ တက္ကသိုလ်များ၊နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ယနေ့မှာတော့ ဘ၀စာမျက်နှာသစ် စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Stockholm International Peace Research Institute (SIPRI) က ကျင်းပတဲ့ International Conference on Economics and Security မှာ စာတမ်းတင်သွင်းဖို့ ရောက်ရှိနေပါတယ်။ ဝေဖန်မှုတွေ၊ အတားအဆီးတွေ၊ အခက်အခဲတွေ ရှေ့ခရီးမှာ အများအပြား ကြုံလာရမှာ ဖြစ်ပေမယ့်၊ စေတနာအရင်းခံနဲ့ မျိုးစေ့မှန်ကို စိုက်ရင် တနေ့မှာ အသီးပွင့်လာမယ်ဆိုတာ ယုံကြည်ရင်း.............။
ခင်မမမျိုး (၁၄၊ ၆၊ ၂၀၁၃)

No comments: