ပြန်မလာပါစေနဲ့  (ကဗျာ)

သေသေချာချာ ဆင်ထားတဲ့ ထောင်ချောက်ထဲကို
နိုင်ငံတော်သီချင်းဆိုလို့ ဝင်တယ်
အင်တာနက် တက်ပြီးဝင်တယ်
ဖေစ်ဘုက်ကနေ ဝင်တယ်
ကခုံလို့ ဝင်တယ်
လမ်းလျှေက်လို့ ဝင်တယ်
ဂျွန်းထိုး လို့ ဝင်တယ်
အားမန်အပြည့်နဲ့ ဝင်တယ်
ဒေါသတကြီးနဲ့ ဝင်တယ်
မိဖကိုယ်တောင် ပြစ်တင်ပြီးဝင်တယ်
လက်တွဲဖေါ် ရဲဘော်ချင်း လမ်းခွဲပြီးဝင်တယ်
ကြေးနီတောင်ကြီးကို ကျောခိုင်းပြီးဝင်တယ်
လယ်သိမ်းခံ လယ်သမားတွေကို မေ့ထားပြီးဝင်တယ်
ဆယ်နှစ်အရွယ် စားပွဲထိုးလေးကို အောင်ဟစ်ငေါက်ငန်းပြီး ဝင်တယ်
၂၀၀၈ ၂၀၁၀ ၂၀၁၅ တွေကို ခေါင်းထဲ မထည့်ပဲဝင်တယ်
ဝိဘစ္စဝါဒအကြောင်း မလေ့လာပဲဝင်တယ်
ယမကာလေးသောက်ပြီးဝင်တယ်
မနက်ဖြန်မှာ ညီအစ်ကိုချင်း ဒါး ချင်းခုတ်ဖို့ ဝင်တယ်
မနက်ဖြန်မှာ အဇာတသက်လက်သစ်လုပ်ဖို့ ဝင်တယ်
မနက်ဖြန်မှာ သူတပါး တံတွေးခွက်ထဲမှာ ရေကူးသင်ဖို့ ဝင်တယ်
မနက်ဖြန်မှာ အာဏာရှင်တွေ သွေးစိမ်းရှင်ရှင်တွေသောက်
လက်ရုံးတွေ မီးတောက်သွားနိုင်ဖို့  ဝင်တယ်
ဝင်တယ်
ဝင်တယ်
ဝင်တယ်
သူတို့ ကိုယ်သူတို့  မျိုးချစ်ကြီးတွေလို့ အော်ပြီးဝင်တယ်

သွားပစေလေ
လမ်းဖယ်ပေးလိုက်ကြပါ
အနံဆိုးလွန်းလို့ 
ပြန်တော့ မလာစေနဲ့  ။           

မင်းညိုအောင်

No comments: