မြန်မာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဗြိတိန် ကာချုပ် ဆွေးနွေးခဲ့


မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၃၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်ရှိလာသော ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချဒ် (Sir David Richards)သည် ခရီးစဉ်အတွင်း မြန်မာ စစ်ခေါင်းဆောင်
နှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အရေးပါပုံကို အလေးထား ဆွေးနွေးခဲ့သည်ဟု ဆိုသည်။


“လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အရေးပါပုံနဲ့ ဒီမိုကရေစီ စနစ်မှာ လက်နက်ကိုင်တပ်များရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ကျနော်နဲ့ အဆင့်တူ (မြန်မာ)စစ်ဖက်ဆိုင်ရာတွေနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ရစ်ချတ် အား ကိုးကား၍ ဗြိတိသျှ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးမှ ကြေညာချက် ထုတ်ပြန်သည်။

ဇွန်လ ၂ ရက်နေ့က ရောက်ရှိလာသော ဗြိတိသျှ ကာ/ချုပ်သည် မြန်မာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်ကြသော ဦးခင်အောင်မြင့်နှင့် သူရဦးရွှေမန်း၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင် တို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းက ဒီနိုင်ငံမှာ ဆောင်ရွက်ပြီးခဲ့တဲ့ အံ့သြဖွယ် တိုးတက်မှုတွေကို ကြိုဆိုဖို့နဲ့ ရှေ့ဆက် ရှိနေသေးတဲ့ စိန်ခေါ်မှု အများအပြားကို ကျော်လွှားနိုင်ဖို့ ဗြိတိန်အနေနဲ့ ဘက်အားလုံးမှာ ဘာတွေ ကူညီနိုင်မလဲ ဆိုတာ ဆွေးနွေးဖို့ ကျနော် ရောက်လာတာပါ” ဟု ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။

ယခုနှစ် ဆောင်းဦးပေါက်တွင် မြန်မာနိုင်ငံ၌ အမြဲတမ်း စစ်သံမှူး ထားရှိရန်လည်း အတည်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးလည်း ဆွေးနွေးခဲ့သည်။

ဦးခွန်ထွန်း အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် အင်္ဂါနေ့တွင် ရန်ကိုမြို့၌ တွေ့ဆုံခဲ့သေးသည်။

“ကျနော် တွေ့ဆုံခဲ့သူတွေ ထုတ်ဖော်ပြောပြကြတဲ့ ငြိမ်းချမ်း၊ တည်ငြိမ်ပြီး ထွန်းပြောင်တဲ့ အနာဂတ်အတွက် အတူတကွ အလုပ်လုပ်ကြဖို့ သန္နိဋ္ဌာန်ကြောင့် နှစ်ခြိုက် အားတက်စေပါတယ်” ဟု ဗိုလ်ချုပ်ကြီး ရစ်ချတ် က ၎င်း၏ ခရီးစဉ်အဆုံးတွင် မှတ်ချက်ပြုသွားသည်။

ဗြိတိသျှ လက်နက်ကိုင်တပ်များ၏ အဆင့်အမြင့်ဆုံး အရာရှိသည် အာဇာနည်ဗိမာန်နှင့် ထောက်ကြံ့ရှိ ဓနသဟာယ စစ်သင်္ချိုင်းသို့လည်း သွားရောက်ခဲ့သည်။

ယခုခရီးစဉ်မှာ ဗိုလ်ချုပ်ကြီး၏ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ဖြစ်သော်လည်း ဖခင်ဖြစ်သူမှာ ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာပြည်စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့ဖူးသည်။

ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်နှင့် တဆက်တည်း ဗြိတိန်၏ စစ်ဘက်-အရပ်ဘက် ပူးတွဲအဖွဲ့တခုလည်း ဇွန်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု၊ ပေါ်လစီပြုခြင်း ပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်သူများ လိုက်ပါလာကြသည့် ထိုအဖွဲ့သည် မြန်မာနိုင်ငံတွင်း သီတင်း နှစ်ပတ်ကြာ နေထိုင်ကာ ဒီမိုကရေစီ ပြုပြင်
ပြောင်းလဲရေးအတွက် ဗြိတိန်မှ ဆက်လက်ကူညီနိုင်မည်တို့ကို သိရှိနိုင်ရန် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားများ
နှင့် လူမှုအဖွဲ့များအား တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

No comments: