လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အစိုးရ သတင်းစာမှတစ်ဆင့် ရှင်းလင်းချက်နှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ ရှင်းလင်းချက်




ဇွန် ၁၃ ရက်ထုတ် The Daily Eleven သတင်းစာပါ ''၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အစိုးရမှ ပြင်ဆင်ရေးဆွဲကာ လွှတ်တော်သို့တင်ရန် စီစဉ်နေပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အများစု ကန့်ကွက်မည်'' ဖြစ်ကြောင်း သတင်းဖော်ပြချက်သည် မှားယွင်းသော သတင်းဖော်ပြချက် ဖြစ်ကြောင်း ဇွန် ၁၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ နှစ်စောင်စလုံးတွင် ထည့်သွင်းဖော်ပြ ထားပါသည်။ ယင်းဖော်ပြချက်များနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်များနှင့် The Daily Eleven သတင်းစာ၏ သဘောထားကို ဇွန် ၁၉ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
သို့သော် ဇွန် ၂၁ ရက်ထုတ် အစိုးရ သတင်းစာများမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ ရှင်းလင်းချက် တစ်ရပ်ကို ဖော်ပြခဲ့ရာ ယင်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ အနေဖြင့် အောက်ပါအတိုင်း အသိပေး ရှင်းလင်းအပ်ပါသည်။
(၁)
The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော သတင်းနှင့်ပတ်သက်၍ မည်သည့် သတင်းအရင်းမြစ်မှ ရယူရေးသား ခဲ့သည်ကို အတိအကျ ရှင်းလင်းပြီး ဖြစ်ပါသည်။
(၂)
အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သော ရှင်းလင်းခြင်းတွင် ပါဝင်သည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ စာသားအချို့နှင့် ဒဏ်ကြေး၊ ငွေကြေး သတ်မှတ်မှုများမှာ ခေတ်စနစ်နှင့် မကိုက်ညီတော့သဖြင့် ပြင်ဆင်နိုင်ရန် အတွက် စီစဉ်လျက် ရှိပါကြောင်း ပြောကြားချက် မူရင်းအတိုင်းကိုလည်း The Daily Eleven သတင်းစာ၏ ကြေညာချက်တွင် ထည့်သွင်းခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအချက်အလက်အရ လွှတ်တော်အစည်းအဝေးတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရန် စီစဉ်နေကြောင်း ရှင်းလင်းထားရာ ထပ်မံမေးမြန်းရန် မလိုအပ်သည်ကို ဂျာနယ်လစ်ဇင် နားလည်သူတိုင်း သိရှိပါသည်။
(၃)
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ ရှင်းလင်းချက်တွင် The Daily Eleven သတင်းစာမှ မည်သည့် သတင်းထောက်ကမျှ စုံစမ်းမေးမြန်း အတည်ပြုချက် ရယူခဲ့ခြင်း မရှိကြောင်း ဖော်ပြထားပါသည်။ The Daily Eleven သတင်းစာ အနေဖြင့် စတင်ရေးသားသည့် သတင်းသည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး၏ ပြောကြားချက်အပေါ် အခြေခံ ရေးသားထားခြင်းသာ ဖြစ်ကြောင်းလည်း မိမိတို့၏ ကြေညာချက်တွင် ထည့်သွင်း ရှင်းလင်းပြီး ဖြစ်ပါသည်။ သတင်းများကို ရယူရေးသားရာ၌ သတင်းတိုင်းကို နေရာစုံမှ သတင်းရင်းမြစ်များ ရယူထည့်သွင်းရန် ကြိုးစားရေးသားလျက် ရှိပါသည်။ သို့သော် အစိုးရ ၀န်ကြီးဌာနအချို့ အပါအ၀င် အစိုးရနှင့် ပတ်သက်သော သတင်းရင်းမြစ်များမှ မေးမြန်းရေးသားမှုအတွက် အခက်အခဲတချို့ ရှိတတ်သည်ကို အားလုံးသိပြီး ဖြစ်ပါသည်။ ယခုကဲ့သို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တရားဝင် မေးမြန်းနိုင်ရန် လမ်းဖွင့်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါသည်။
ဇွန် ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ မေးမြန်းခြင်း မရှိကြောင်း ပြောကြားခဲ့သည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လွှတ်တော်တွင် ပြောကြားချက်ကို ထပ်မံအတည်ပြုနိုင်ရန် ဇွန် ၁၉ ရက်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိ အဆင့်မြင့် အရာရှိ တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပြီး ဖြစ်ပါသည်။ The Daily Eleven သတင်းစာမှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် ပတ်သက်၍ ပြောကြားထားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက ''အဲဒီဥစ္စာ သတင်းစာထဲမှာပါတဲ့ ဥစ္စာက အကုန်ဖြေထားတဲ့ ဟာပဲလေ၊ အဲဒီမှာ ပြောထား ရေးထားတာပဲလေ။ အဲဒါကို ထပ်ထည့်မနေပါနဲ့တော့။ ထပ်ထည့်နေရင် ထပ်ရှုပ်နေဦးမယ်'' ဟု ဖြေကြားခဲ့ပြီး၊ သတင်းရေးသားခြင်း မပြုရန်လည်း ပြောကြားခဲ့ပါသည်။ အဆိုပါ ပြောကြားချက် အသံဖိုင် မိမိတို့ထံတွင် ရှိပြီးဖြစ်ပါသည်။ သို့သော် မိမိတို့ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်အရ သက်ဆိုင်ရာ သတင်းရင်းမြစ်၏ ဆန္ဒအတိုင်း သတင်းရေးသားခြင်း မပြုခဲ့ပါ။
(၄)
ထို့အပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ စာနယ်ဇင်း ကျင့်ဝတ်အပိုဒ်(၁) ပါ အချက်များနှင့်အညီ ဖော်ပြပါသတင်းနှင့် အဓိက သက်ဆိုင်သည့် ၀န်ကြီးဌာန/ အဖွဲ့အစည်းထံမှ အတည်ပြုချက် ရယူပြီးမှသာ ရေးသားဖော်ပြသင့်ကြောင်း အချက်လည်း ရှင်းလင်းချက်တွင် ထည့်သွင်းထားပါသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေး ဆွဲထုတ်ပြန်ထားသည့် စာနယ်ဇင်းကျင့်ဝတ် အပိုဒ်(၁)တွင် ''သက်ဆိုင်သည့် ၀န်ကြီးဌာန/ အဖွဲ့အစည်းထံမှ အတည်ပြုချက် ရယူရေးသားရန်'' ဟု သတ်မှတ်ထားခြင်း မရှိပါ။ သတင်းမီဒီယာ တစ်ခုက ဖော်ပြသော သတင်းတိုင်း အချက်အလက် တိကျမှန်ကန်ရန်နှင့် တတ်နိုင်သမျှ ပြည့်စုံရန် စိစစ်ရမည်။ ထို့အတူ သတင်း၏ လျင်မြန်မှုအရ ကမ္ဘာပေါ်တွင် မည်သည့်မီဒီယာမှ အစွမ်းကုန် စိစစ်နိုင်ခြင်း မရှိနိုင်ပါ။ ''၁။ သတင်းမီဒီယာ တစ်ခုက ဖော်ပြသော သတင်းတိုင်း အချက်အလက် တိကျ မှန်ကန်ရန်နှင့် တတ်နိုင်သမျှ ပြည့်စုံရန် စိစစ်ရမည်'' ဟုသာ ဖော်ပြထားပါသည်။ ထို့ကြောင့် မှန်မမှန် စိစစ်ရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ ဇွန် ၁၉ ရက်က ထပ်မံမေးမြန်းပြီးဖြစ်ရာ ၎င်းတို့၏ စွပ်စွဲချက်မှာ မှားယွင်းကြောင်း ရှင်းလင်းအပ်ပါသည်။
(၅)
The Daily Eleven သတင်းစာ အနေဖြင့် နောက်နောင်တွင် အစိုးရအဖွဲ့၊ အစိုးရ၀န်ကြီး ဌာနများနှင့် ပတ်သက်သော ကောလာဟလ သတင်းများအဖြစ် ပြည်သူများကြား ဝေဖန် ပြောဆိုမှုများရှိသည့် လာဘ်ပေးလာဘ်ယူ ကိစ္စများ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှုများ၊ ၎င်းတို့ သားသမီးများ၏ မမှန်မကန် လုပ်ဆောင်မှုများ၊ အာဏာ၊ အခွင့်အရေး အလွဲသုံးစား လုပ်မှုများ အစရှိသဖြင့် ထင်ယောင်ထင်မှား ဝေဖန်ပြောဆို နေမှုများ အပါအ၀င် အများပြည်သူ သိသင့်သိထိုက်သည့် ကိစ္စမှန်သမျှကို တရားဝင် မေးမြန်းသွားမည် ဖြစ်ပါသည်။ ပြန်လည် ဖြေကြားခြင်း မရှိပါကလည်း မိမိတို့ အနေဖြင့် မည်သည့် မေးခွန်းများကို မေးမြန်းထားကြောင်း The Daily Eleven သတင်းစာမှ ဖော်ပြပေးသွားပါမည်။ ထို့အပြင် အစိုးရ၏ ပွင့်လင်းမြင်သာသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုနှင့် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကို ကူညီသည့် အနေဖြင့် အများပြည် သူသိသင့်သည့် သိချင်သည့် မေးခွန်းများကို The Daily Eleven သတင်းစာတွင် ဖော်ပြ၍ အစိုးရ၊ အစိုးရ၀န်ကြီး ဌာနနှင့် အဖွဲ့အစည်းများအား တိုက်ရိုက် မေးမြန်းသွားမည် ဖြစ်ပါသည်။
ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအား ပူးတွဲပါ မေးခွန်းများအတိုင်း စတင်မေးမြန်းသွားမည် ဖြစ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအား The Daily Eleven သတင်းစာမှ မေးမြန်းလိုသည့် မေးခွန်းများ
၁။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ၂၀၁၀ ပြည့်နှစ်က ဘင်္ဂါလီများအား ထုတ်ပေးခဲ့သော ယာယီ သက်သေခံ လက်မှတ် (White Card) ငါးသိန်းကျော်ကို မည်သည့် စံနှုန်းများဖြင့် စိစစ်ထုတ်ပေးခဲ့ပါသလဲ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ သတ်မှတ်ချက် စံနှုန်းများဖြင့် စိစစ်ခဲ့ခြင်း ရှိမရှိ။

၂။ ၂၀၁၀ ပြည့်နှစ် မတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆ တွင် ''ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဖြစ်ကြောင်း'' ပြဋ္ဌာန်းထားရာ ယာယီ သက်သေခံ လက်မှတ် (White Card) ထုတ်ပေးခြင်းသည် ရွေးကောက်ပွဲ မဲပေးနိုင်သည့် အတွက် ယာယီသက်သေခံ လက်မှတ် ထုတ်ပေးခြင်းကို မည်သည့်အမိန့် မည်သည့် သတ်မှတ်ချက်များဖြင့် မည်သို့ ထုတ်ပေးသည်ကို သိရှိလိုပါသည်။
၎င်းဥပဒေအရ နိုင်ငံသားတစ်ဦး၏ မဲပေးပိုင်ခွင့်ဟူသော တန်ဖိုးအရှိဆုံး အခွင့်အရေးမှာ ဧည့်နိုင်ငံသားများ၊ ယာယီသက်သေခံခွင့် လက်မှတ်ကိုင်ခွင့် ရသူများနှင့် တန်းတူဖြစ်ပွားခဲ့ရာ မဲပေးခွင့်ရှိသူ ပြည်သူ သန်းပေါင်းများစွာ အခွင့်အရေး နစ်နာဆုံးရှုံး ခဲ့ရပါသည်။ အကယ်၍ ၂၀၁၅ တွင် ၎င်းဥပဒေ ဆက်ရှိပါက ၁၉၈၂ နိုင်ငံသား ဥပဒေမှာ စက္ကူစုတ်သာသာ ရှိသွားမည် ဖြစ်သည်။ ယခု ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ပြဿနာသည် နိုင်ငံအတွက် နစ်နာစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ရာ ပြဿနာ၏ အစမှာ ၎င်း (White Card) ငါးသိန်းဖြစ်ရာ တာဝန်အရှိဆုံး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် မည်ကဲ့သို့ ဖြေရှင်းရန် စီစဉ်ထားသည်ကို သိလိုပါသည်။ ယင်းပြဿနာ အတွက် ယခင်အစိုးရ လက်ထက်တွင် ဒုတိယ တာဝန်အရှိဆုံး ပြည်ထဲရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တစ်ဦးဖြစ်သော ယခုဝန်ကြီး ဦးခင်ရီ အနေဖြင့် (White Card) များအား တရားဝင် အသိအမှတ်ပြုရန် (သို့) ဘင်္ဂါလီ လူမျိုးများအား မဲပေးခွင့် တစ်နည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် အစီအစဉ် ရှိမရှိ မေးမြန်းလိုပါသည်။ ၎င်းမေးခွန်းမှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ပြုပြင်ခြင်း မပြုပြင်ခြင်းထက် များစွာ အရေးပါကြောင်း သိသာအပ်ပါသည်။

၃။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ (White Card) ထုတ်ပေးရာတွင် လာဘ်ပေးလာဘ်ယူမှု ရှိမရှိ သိရှိလိုပါသည်။
Eleven Media

No comments: